Switch Mode

အခန်း (၄၂၄)

ကပ်ပါးကောင်

” ငါက ဝမ်ပေါင်လဲ့ကိုတင် မဟုတ်ဘူး မိန်းမပျက် လီဝမ်အာကိုပါ သတ်မှာ ” ချန်းမု၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား မုန်းတီးနေပါသော်လည်း လီဝမ်အာကိုမူ ပို၍မုန်းတီးနေ၏။

သူကိုယ်တိုင် ထို အိမ်ထောင်ရေးဖောက်ပြန်နေသော အတွဲကို သတ်ဖြတ်နိုင်ပါမှ သူ၏ စိတ်ထဲ၌ ပျော်ရွှင်ကျေနပ်နိုင်မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ နှစ်ယောက်စလုံး သေဆုံးသွားသည်နှင့် သူသည် နတ်ဘုရားလက်နက် မြို့တော်အသစ်၏ မြို့တော်သခင်အသစ် ဖြစ်လာနိုင်ခြေ ရှိသွားမည် ဖြစ်သည်။

အမှန်အတိုင်းဆိုရမည်ဆိုလျှင် မြို့တော်သခင်ဆိုသောရာထူးမှာ သူ့အတွက် သိပ်အရေးမပါတော့ပေ။ သူသာ အမြုတေထိပ်ဆုံးအဆင့် ရုပ်သေးရုပ်တစ်ရုပ်ကို ထိန်းချုပ်နိုင်မည်ဆိုပါက သူ၏ မိသားစုမျိုးနွယ်စု၏ ‌ခေါင်းဆောင်လောင်းတစ်ယောက်အဖြစ်သို့ ရောက်သွားမည်ဖြစ်သည်။ ထို့အပြင် သူသည် အကြီးအကဲကောင်စီ၏ အဖွဲ့ဝင်တယောက်လည်း ဖြစ်လာဦးမည်ဖြစ်ရာ အဘယ့်ကြောင့် မြို့တော်သခင်ဆိုသည့် ရာထူးလေးအား ဂရုစိုက်နေရပါမည်နည်း။

ချန်းမုမှာ ရူးသွပ်နေပါသော်လည်း အသိစိတ်အနည်းခန့် ရှိနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့နှစ်ယောက်၏ သေဆုံးမှုများ၏ နောက်ကွယ်မှ အမှန်တရားကို ဖုံးကွယ်နိုင်ရန်မှာ ခဲယဉ်းနေမည်ဖြစ်ကြောင်း သူက သိထားပြီးသားဖြစ်သည်။ မြို့တော်အသစ်ထဲတွင် စောင့်ကြည့်နေသည့် လူပေါင်းများစွာ ရှိနေကြသည်ဖြစ်ပြီး မြို့တော်သခင် အန္တရာယ်နှင့် ကြုံတွေ့လိုက်ရသည်နှင့် သူ့အား ကူညီပေးကြမည့်လူများ ချက်ချင်းပင် ရောက်ရှိလာကြမည်ဖြစ်သည်။ ထို့ကြောင့် ချန်းမုမှာ အနည်းငယ်ခန့် တွေးတော့လိုက်ပြီးနောက် သူ၏ သတ်ဖြတ်လိုစိတ်များကို ပြန်လည်ထိန်းချုပ်လိုက်ပြီး သူ စိုးရိမ်နေသည့် အချက်များကို ထုတ်ပြောလိုက်၏။

” မင်း ဘာမှစိတ်ပူနေစရာမလိုဘူး။ အဲဒီ ရုပ်သေးရုပ်ကို ထိန်းချုပ်ဖို့အတွက် သူ့နားမှာ ရှိနေစရာမလိုဘူး။ အဝေးကြီးကနေ လှမ်းပြီးတော့ ထိန်းချုပ်လို့ရတယ် ”

” ပြီးတော့ ငါတို့တွေ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ့်နေ့ ရောက်ရင် ငါက ဘုရင်ခံနဲ့ သူ့ရဲ့လူတွေကို အချိန်ဆွဲထားပေးနိုင်ဖို့အတွက် မန္တန်တစ်ခု သုံးပေးထားမှာ။ အဲ့တာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကို အချိန်တစ်ခုအထိ နှောင့်နှေးသွားအောင် လုပ်ပေးနိုင်တယ် ” ရေခဲလွှဲထဲမှ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ခပ်ဩဩအသံကြီးဖြင့် ဆိုလိုက်၏။ ထို့ကြောင့် ချန်းမုမှာ ခေါင်းစားသွားရပြီး ရုတ်တရက်ဆိုသလို ထပ်မေးမိလိုက်၏ ” အစ်ကိုက ဒီလို အစွမ်းအစမျိုးတွေ ပိုင်ဆိုင်ထားတာကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် မလုပ်ရတာလဲ ”

” မင်း အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးနဲ့ မြို့တော်အသစ်ရဲ့ မန္တန်အစီအရင်ကြီးကို ဖျက်ဆီးနိုင်ရင် ငါ မင်းကို ရုပ်သေးရုပ်တစ်ရုပ် ပေးမှာ။ မင်း တခြား ဘာမှ လုပ်စရာမလိုဘူး။ ကျန်တာတွေအကုန်လုံးကို ငါကြည့်ရှင်းလိုက်မယ် ” အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ ထိုအခါ ချန်းမုမှာ မျက်လုံးများအရောင်လက်သွားကာ ထိုအကြောင်း ဆက်ပြောမနေတော့ဘဲ ရုပ်သေးရုပ်အား ပြုလုပ်ရန်လိုအပ်သည့် အသေးစိတ်အချက်အလက်များကို မေးမြန်းလိုက်တော့သည်။

အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ သင်ကြားပြသပေးမှုကြောင့် သိပ်မကြာခင်တွင် ချန်းမုမှာ ထိုရုပ်သေးရုပ်အား ပြုလုပ်ရမည့် နည်းလမ်းကို နားလည်သွားတော့သည်။ ထိုအချိန်တွင် သူ၏ မျက်နှာအမူအရာမှာ ဆက်တိုက်သလို အမျိုးမျိုး ပြောင်းလဲသွားပြီ သူ၏ အသက်ရှူသံများမှာလည်း မတည်မငြိမ်ဖြစ်လာရတော့သည်။ ထိုရုပ်သေးရုပ်အား ပြုလုပ်ရမည့် နည်းလမ်းမှာ ထူးဆန်းလွန်းကာ သွေးထွက်သံယို များလွန်းနေ၏။ ၎င်းမှာ သာမန်သန့်စင်ခြင်းလုပ်ငန်းစဉ်တစ်ခု မဟုတ်တော့ဘဲ ယဇ်ပူဇော်သည့် အဆင့်အထိ ရောက်နေပြီဖြစ်သည်။ မိမိ၏ အသွေးအသားများကို ယဇ်ပူဇော်ရမည် ဖြစ်သည်။

” ဒါ အမှောင်ပညာရပ်တစ်ခုပဲ ဖြစ်ရမယ် ” ချန်းမုမှာ အသက်ပြင်းပြင်း ရှူမိလိုက်၏။ ထို့နောက် သူသည် သူ၏ ပတ်ပတ်လည်ရှိ နံရံများပေါ်ရှိ ရေခဲလွှာများကို ငေးကြည့်နေမိတော့သည်။ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ စကားကုန်အောင်ပြောကာ ထွက်ခွာသွားပြီးနောက် ‌ထိုရေခဲများမှာ တဖြည်းဖြည်းနှင့် အရည်ပျော်ကျသွား၏။ တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး လေထုကြီးမှာလည်း အေးစိမ့်နေခြင်း မရှိတော့ပေ။

” သူက အဲဒီရုပ်သေးရုပ်ကို မြန်မြန်လေး လုပ်ဖို့လိုတယ်ဆိုပြီးတော့လည်း ငါ့ကို ပြောမသွားဘူး ” ချန်းမုမှာ အနည်းငယ်ခန့် တွေဝေတုံ့ဆိုင်းနေရဆဲပင်။ သူ ယဇ်ပူဇော်ရမည့် လူအရေအတွက်မှာ များပြားလွန်းနေ၏။ အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ ပြောစကားအရဆိုလျှင် သူသည် သူ၏ သွေးစိမ်းများကို အသုံးပြုကာ ဗုံလေးအား အချိန်အတိုင်းအတာတခုအထိ အာဟာရဖြည့်ပေးရမည် ဖြစ်သည်။ ထို့နောက် ထိုဗုံလေးမှာ ပန်းပွင့်တစ်ပွင့်ကဲ့သို့ ပွင့်လာပြီး ဒုဓလီပန်းပွင့်ကဲ့သို့သော သတ္တဝါပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာမည်ဖြစ်သည်။

အခြားသူများမှာ ထို သတ္တဝါလေးများကို မြင်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ကျင့်ကြံသူများအား ရှာဖွေကာ သူတို့၏ ခန္ဓာကိုယ်များထဲ၌ ပုန်းကွယ်၍ သူတို့၏ အသက်စွမ်းအင်များကို စုပ်ယူကြမည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ ဗုံလေးဆီသို့ ပြန်လည်ရောက်ရှိလာပြီ ၎င်းနှင့် တစ်သားတည်း ပေါင်းစည်းသွားမည် ဖြစ်သည်။ ထိုသို့ဖြင့် အမြုတေထိပ်ဆုံးအဆင့် ရုပ်သေးရုပ်ကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့် အခြားလိုအပ်ချက်များ ရှိနေသေးပါသော်လည်း ၎င်းတို့မှာ အရန်အဆင့်တွင်သာ ရှိသည်။ ဒုဓလီပန်းကဲ့သို့သော သတ္တဝါလေးများမှာ အဓိကသော့ချက်ဖြစ်၏။

” အနက်ရောင်ဝတ်ရုံနဲ့ လူကြီးက မကောင်းကြံနေတာ။ ငါ သူ့ကို ယုံကြည်ပြီးတော့ သူပြောတဲ့အတိုင်း တဝေမသိမ်း လိုက်လုပ်လို့မဖြစ်ဘူး…. သူက ငါ့ကို အဲဒီ သတ္တဝါလေးတွေကို တစ်မြို့လုံးအထိ ပြန့်သွားအောင် ဖြန့်ခိုင်းနေတာ။ ဒါပေမဲ့ အစောကြီး ဖြန့်မိသွားရင် ပမာဏ အရမ်းကြီး များသွားပြီးတော့ ထိန်းချုပ်လို့မရဘဲ ဖြစ်သွားလောက်တယ်။ အဲ့အခါကျရင် တစ်ခုခု လွဲနေပြီဆိုတာ ဘုရင်ခံက သတိထားမိသွားနိုင်တယ် ”

” ငါ ဒီကိစ္စကြီးကို သေသေသပ်သပ်နဲ့ လျှို့လျှို့ဝှက်ဝှက် လုပ်ဖို့လိုတယ်။ အဲ့လိုမှပဲ အဆင်ပြေမှာ ” ချန်းမုမှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ အခြားကဏ္ဍများတွင် အားနည်းနေပါသော်လည်း အဖွဲ့ဝင် ကျင့်ကြံသူပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားသည်ဖြစ်သည်။ အစေခံအများစုမှာ မိသားစုမျိုးနွယ်စုအပေါ် မှီခိုနေရသည်ဖြစ်ရာ သူတို့၏ သစ္စာစောင့်သိမှုများကို မေးခွန်းထုတ်‌နေစရာပင် မလိုပေ။ သူတို့မှာ ထိုကပ်ပါးကောင်လေးများအတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။

ထို့အပြင် ချန်းမုမှာ ထိုကပ်ပါးကောင်များအား လက်ခံမည့် လူများကိုလည်း သေသေချာချာ ရွေးချယ်ရန် လိုအပ်ကြောင်း မှတ်ယူထား၏။ သို့မှသာ သူသည် ထိုရုပ်သေးရုပ်အား အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း ထိုကပ်ပါးကောင်များအား သူ၏ လက်အောက်ငယ်သားများ၏ ခန္ဓာကိုယ်များထဲသို့ ထည့်သွင်းခြင်းမှာ ဘေးကင်းလုံခြုံမှု အရှိဆုံးဖြစ်ကြောင်း သူက ယုံကြည်ထား၏။

ချန်းမုမှာ သူ၏လက်အောက်ငယ်သားများအား ယဇ်ပူဇော်ရသည်မှာ မှားယွင်းသော လုပ်ရပ်တစ်ခု မဟုတ်ကြောင်း မှတ်ယူထား၏။ သူတို့မှာ မိသားစုမျိုးနွယ်စုအတွက် အသက်ပေးနိုင်လောက်သည့်အထိ သစ္စာရှိနေသည်ဆိုပါက ရုပ်သေးရုပ်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် ကိုယ့်ကိုယ်ကိုယ် စတေးရသည်ကိုလည်း ဂုဏ်ယူသင့်ပေသည်။

ချန်းမုမှာ ထိုသို့တွေးတောလိုက်ပြီး သူ၏တံခါးပိတ်ကျင့်စဉ်ကို စတင်လိုက်တော့သည်။ သူသည် အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ ညွှန်ကြားချက်များအတိုင်း လိုက်နာခဲ့ပြီး သူ၏သွေးကို အသုံးပြုကာ ထိုဗုံလေးအ အာဟာရဓာတ် ဖြည့်ပေးခဲ့၏။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး သိပ်မကြာခင်တွင် တစ်လတိတိ ကုန်ဆုံးသွားတော့သည်။

ထို တစ်လအတွင်းတွင် ချန်းမုမှာ ဆက်တိုက် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး မြို့တော်အသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း ဆက်လက်လည်ပတ်နေခဲ့၏။ အရာအားလုံးမှာ ရုပ်လုံးပေါ်လာပြီဖြစ်သောကြောင့် မြို့တော်အသစ်ထဲမှ လုပ်ငန်းဆောင်တာများမှာလည်း ပို၍ ချောမွေ့လာကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့၏ ကြားရှိ နေ့မုန်းညချစ် ဆက်ဆံရေးကြီးမှာလည်း ပြီးဆုံးသွားခြင်းမရှိသေးပေ…

လီဝမ်အာမှာ သတိကြီးသူတစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်၏ကြားမှ အကြောင်းများကို အခြားမည်သူကမှ မသိကြပေ။ ဝမ်ပေါင်လဲ့မှာလည်း အခြားသူများမသိအောင် ခိုး၍လုပ်ရသည်မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားစရာကောင်းသည်ဟု ခံစားနေရ၏။

နိုင်ငံရေးနှင့် အစိုးရလုပ်ငန်းများအပေါ် ထားရှိသည့် သူတို့၏ သဘောထားများမှာလည်း ကွဲပြားနေဆဲပင်။ အကယ်၍ ထိုကဲ့သို့ သဘောထားကွဲပြားမှု တစ်ခုခု ပေါ်ပေါက်လာပါက ဝမ်ပေါင်လဲ့မှာ ညအချိန်တွင် သူ၏အစွမ်းများကိုထုတ်ပြကာ လီဝမ်အာအား သူ၏ဆန္ဒအတိုင်း သဘောတူသွားအောင် လုပ်လိုက်သည်သာ ဖြစ်သည်….

ဝမ်ပေါင်လဲ့မှာ သူ၏ လေ့ကျင့်မှုများကိုလည်း ရပ်တန့်ခဲ့ခြင်းမရှိပေ။ သူသည် အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ လင်းတျန်ဟောက်သည်လည်း ဓမ္မလက်နက်များ သန့်စင်ရန်လိုအပ်သည့် ရှားပါးပစ္စည်းအများစုနှင့် အဆောင်ဝိညာဉ်များကို စုဆောင်းမိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ဆီသို့ အကြောင်းကြားကာ သိပ်မကြာခင်တွင် လိုအပ်သည့်အရာအားလုံးကို စုစည်းနိုင်တော့မည်ဖြစ်ကြောင်း သတင်းပို့လိုက်၏။

အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည့်ပုံပင်။ ထိုအချိန်တွင် ချန်းမု၏ တံခါးပိတ်ကျင့်စဉ်မှာ ပြီးဆုံးသွား၏။ တစ်လတိတိ သူ၏သွေးများဖြင့် အာဟာရဖြည့်ပေးပြီးသွားသောအခါ ထို ဗုံလေးမှာ နီမြန်းသွားပြီး ၎င်းထဲရှိ မိစ္ဆာအငွေ့အသက်များမှာလည်း ပို၍အားကောင်းလာ၏။ တစ်ရက်တွင် ၎င်းထဲရှိ အစေ့‌တစ်စေ့မှာ အသက်ဝင်လာပြီး ပန်းပွင့်လာသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ဒုဓလီပန်းပွင့်ပေါင်းများစွာ ထွက်ပေါ်လာတော့သည်။

ထို ဒုဓလီပန်းပွင့်များ၏ အရေအတွက်မှာ သိန်းဂဏန်းအထိရှိနေ၏။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ဖွာထွက်သွားရန် ပြင်နေကြပါသော်လည်း ချန်းမုမှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူသည် ၎င်းတို့အား ချက်ချင်းပင်ထိန်းချုပ်လိုက်ပြီး သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲ၌သာ ရှိနေရန် သူတို့၏ လှုပ်ရှားမှုများကို ကန့်သတ်ထားလိုက်၏။ ထို့အပြင် သူသည် ရှေးဟောင်းသိုင်းပညာအဆင့်နှင့် အာနာပါနအဆင့်တွင် ရှိနေကြသော သူ၏လက်အောက်ငယ်သား မြောက်မြားစွာကိုလည်း အပြင်ဘက်၌ နေရာချထားပြီး ထိုဒုဓလီပန်းပွင့်များအား လက်ခံနိုင်ရန် အဆင်သင့်ပြင်ခိုင်းထား၏။

ထိုကပ်ပါးကောင်များထဲမှ အချို့မှာ သူ မရည်ရွယ်ထားသည့် လူများထဲသို့ ရောက်ရှိသွားကြပါသော်လည်း ယခုကဲ့သို့ စီစဉ်ထားသောကြောင့် အများစုမှာ သူ၏ လက်အောက်ငယ်သားများ၏ ခန္ဓာကိုယ်များထဲသို့သာ ဝင်ရောက်သွားကြ၏။ မည်သူမှ မမြင်ရသော ထို ဒုဓလီပန်းပွင့်များမှာ အပြင်ဘက်သို့ ပျံ့ထွက်သွားကြပြီး လေထဲ၌ မျောလွင့်နေကြတော့သည်။ ထို့နောက် ၎င်းတို့မှာ ကျင့်ကြသူများ၏ ခန္ဓာကိုယ်များထဲလို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားကြတော့သည်။

ထို ဒုဓလီပန်းပွင့်များမှာ ကျင့်ကြံသူများ၏ အရေပြားကို ထိသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ချက်ချင်းပင် လူးလွန့်ဝင်ရောက်သွားကြသည်သာ ဖြစ်သည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ နာကျင်မှု လုံးဝမရှိပေ။ ထိုကပ်ပါးကောင်များအား လက်ခံသည့်လူများမှာ သူတို့၏ ဝင်ရောက်လာမှုကို အာရုံခံနိုင်စွမ်း မရှိရုံသာမက မည်သည့်အရာကိုမှ သတိထားမိလိုက်မည့် မဟုတ်‌ချေ။

ထိုအခါမှသာ ချန်းမုမှာ ရုပ်သေးရုပ်ကြီးအား ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပို၍ ယုံကြည်သွားတော့သည်။ သူသည် ထို ဒုဓလီပန်းပွင့်များ၏ နေရာအတိအကျကို ထိန်းချုပ်နိုင်စွမ်း မရှိသလို ၎င်းတို့အား သူ၏စိတ်တိုင်းကျ လူများထဲသို့ ဝင်ရောက်ရန် အမိန့်ပေးနိုင်ခြင်း မရှိပါသော်လည်း ၎င်းတို့ လက်ခံကောင်များ၏ ခန္ဓာကိုယ်များထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူတို့အား အာရုံခံနိုင်စွမ်း ရှိသွားတော့သည်။ ထိုခံစားချက်ကြီးမှာ သူ၏ အသိစိတ်ထဲ၌ အလင်းတန်းတစ်တန်း ပေါ်ပေါက်လာသကဲ့သို့ပင်။ သူသည် အခြားသူများ၏ အငွေ့အသက်များကို အာရုံခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူသည် စိတ်လှုပ်ရှားသွားရ၏။ သူသည် သူ၏ လျှို့ဝှက်အခန်းထဲ၌ မျက်လုံးများမှိတ်ကာ ထိုင်နေရင်း ကပ်ပါးကောင်များအား လက်ခံမိသွားသည့် လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် ပိုများလာသည်ကို အာရုံခံမိနေတော့သည်။ သိပ်မကြာခင်တွင် ချန်းမုမှာ မျက်လုံးများပြန်ပွင့်လာပြီး နောက်သို့လှည့်ကာ အဝေးသို့ လှမ်း၍ ငေးကြည့်လိုက်၏။ သူသည် အဆင့်မြင့်လာသော သူ၏ အာရုံခံနိုင်စွမ်းများကိုအသုံးပြုကာ နံရံများကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသွားသည့်ပုံပင်။ သိပ်မကြာသေးခင်တုန်းက မြည်းလေးတစ်ကောင်မှာ သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေရှိရာသို့ ပြေးလာနေသည်ကို သူက မြင်လိုက်ရသည်။

ထို မြည်းလေးမှာ ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲသို့ အမှန်တကယ် ဝင်ရောက်လာခဲ့သည်ဖြစ်ပြီး ထိုထဲ၌ ရှိနေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေခဲ့ပြီဖြစ်သည်။ ၎င်းမှာ သူ၏အစာ၏ အနံ့ကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်ပါသော်လည်း ၎င်းအား ရှာတွေ့လိုက်သည့်အချိန်တိုင်းတွင် ထိုအနံ့နှင့် သီသီကလေး လွဲချော်သွားခဲ့ရသည်သာ ဖြစ်သည်။ ထို့ကြောင့် မြည်းလေးမှာ ရူးသွပ်လုမတတ် ဖြစ်နေရပါသော်လည်း စိတ်ရှည်ရှည်ထားကာ ဆက်လက်ရှာဖွေနေဆဲပင်။

ထိုမြည်းလေးမှာ ထို‌သို့ နောက်ယောင်ခံလိုက်လာရင်း ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲသို့ ရောက်ရှိလာ၏။ ၎င်းမှာ သူ၏အစာကို ရှာမတွေ့ပါသော်လည်း ဒုဓလီပန်းပွင့်များ အရပ်မျက်နှာအနှံ့သို့ ဖွာထွက်သွားချိန်တွင် ဒုဓလီးပန်းပွင့်တစ်ပွင့်မှာ ၎င်း၏ရှေ့သို့ ကျရောက်သွားခဲ့၏။ သို့သော် ထိုပန်းပွင့်လေးမှာ ၎င်းအား လက်ခံမည့် လူတစ်ယောက်ကို ရှာမတွေ့နိုင်ခင်မှာပင် မြည်းလေးမှာ ၎င်းအား အာရုံခံမိလိုက်ပြီး ချက်ချင်းပင် မျိုချပစ်လိုက်၏…

မြည်းလေးမှာ ၎င်းအား မျိုချလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားရတော့သည်။ ၎င်း၏ အရသာမှာ သူ့အတွက် ထူးကဲကောင်းမွန်နေ၏။ ထို့ကြောင့် ၎င်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲတွင် ဟိုဟိုသည်သည် ပြေးလွှာကာ ဒုဓလီပန်းပွင့်များကို အာရုံခံမိလိုက်သည့် အချိန်တိုင်း ၎င်းတို့အား လိုက်၍ စားသုံးနေတော့သည်။ ထိုသို့ဖြင့် ထိုမြည်းလေးမှာ ပျော်ရွှင်မြူးထူးစွာဖြင့် လိုက်လံစားသုံးနေသောကြောင့် ထိုဒုဓလီပန်းပွင့်များမှာလည်း ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားကြတော့သည်။

” ဝမ်ပေါင်လဲ့ရဲ့ မြည်းလေးပါလား ” ချန်းမုမှာ မျက်လုံးများမှေးသွားပြီး သူ၏မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာ၏။

” ကောင်းပြီလေ။ ဒီမြည်းက ငါ့ရဲ့တံခါးဝအထိ ရောက်လာမှတော့ ငါကလည်း ကျေကျေနပ်နပ်နဲ့ လက်ခံပေးရမှာပေါ့ ” ချန်းမုမှာ ထိုသို့တွေးတောလိုက်ပြီး ဒုဓလီပန်းပွင့်များအား ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်၏။ သူသည် ၎င်းတို့အား အပြည့်အဝ မထိန်းချုပ်နိုင်သည့်တိုင်အောင် ထောင်ပေါင်းများစွာသော ဒုဓလီပန်းပွင့်များကို လမ်းကြောင်းပြောင်းကာ မြည်းလေးရှိရာဆီသို့ စေလွှတ်နိုင်လိုက်၏။

မြည်းလေးမှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီး သွေးရူးသွေးတမ်း စားသုံးနေတော့သည်။ ချန်းမုမှာ သူ၏ လျှို့ဝှက်အခန်းထဲ၌ ရှိနေပြီး မြည်းလေး၏ ခန္ဓာကိုယ်ထဲရှိ တဖြည်းဖြည်းနှင့် ကြီးထွားလာသော အလင်းရောင်ကြီးကို အာရုံခံမိနေသောကြောင့် သူ၏ မျက်နှာပေါ်တွင် အရုပ်ဆိုးသော အပြုံးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို ဒုဓလီပန်းပွင့် ကပ်ပါးကောင်များမှာ အသက်စွမ်းအားများကို စုပ်ယူပစ်မည်ဖြစ်ကြောင်း သူက သိထား၏။ မြည်းလေးမှာ ထိုပန်းပွင့်ပေါင်းမြောက်များစွာကို စားထားသည်ဖြစ်သောကြောင့် ၎င်း၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးကောင်များမှာ မရေမတွက်နိုင်လောက်အောင် များပြားနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ အစီအစဉ် စတင်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ ချက်ချင်းပင် ဝါးမျိုခံလိုက်ရမည်ဖြစ်ကြောင်း သူက စိတ်ကူးထဲ၌ ပုံဖော်မိနေတော့သည်။

” ဒီမြည်းကို အရင်သတ်မယ်။ ပြီးရင် သူ့ရဲ့သခင်ကို သတ်မယ် ” ချန်းမု၏ မျက်နှာပေါ်၌ အေးစက်စက် အပြုံးတစ်ပွင့်ပေါ်ပေါက်လာ၏။ သူ၏မျက်ဝန်းထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset