Switch Mode

အခန်း (၄၂၃)

မဟာမိတ် ဆက်ဆံရေး

” လီဝမ်အာ ” ထိုရိုက်ချက်ကြီးကြောင့် ချန်းမု၏ ညာဘက်ပါးမှာ ချက်ချင်းဆိုသလိုပင် နီမြန်းကာ ဖူးရောင်သွားရ၏။ ချန်းမုမှာလည်း နှလုံးသားထဲ၌ နာကျည်းသွားရ၏။ ထိုအခိုက်အတန့်တွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် လွှတ်တော်တို့၏ ကြားရှိ ဆက်ဆံရေးမှာ ပျက်ပြားသွားတော့မည့် အရိပ်အယောင်များ စတင်ပေါ်ပေါက်လာတော့သည်။

သို့သော် ရည်မှန်းချက်ကြီးမားပြီး အရည်အချင်း မရှိဟု ဘုရင်ခံက သတ်မှတ်ထားသည့် ချန်းမုမှာ သူ၏မိသားစုမျိုးနွယ်စုနှင့် လွှတ်တော်တို့၏ ကြားရှိ မဟာမိတ်ဆက်ဆံရေးအကြောင်းကို တွေးတောနေခြင်းမရှိဘဲ အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ သူသည် ကလေးဘဝကတည်းက အရှုံးဆိုသည့်အရာကို မသိခဲ့ဘူးပေ။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် မည်သူကမှ အကြောက်အလန့်မရှိဘဲ သူ့အား ပါးမရိုက်ရဲခဲ့ပေ။

ယခုတွင် သူ၏ရှေ့တွင် ရှိနေသော မိန်းမမှာ ဝမ်ပေါင်လဲ့ကြောင့် သူ့အား ပါးရိုက်လိုက်သည် မဟုတ်ပါလော။ ထို့ကြောင့် ချန်းမုမှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများ နီမြန်းသွားရပြီး လီဝမ်အာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်တော့သည်။ အကယ်၍ အကြည့်များကသာ လူသတ်နိုင်စွမ်းရှိပါက သူသည် လီဝမ်အာကို သတ်ဖြတ်ပြီးသား ဖြစ်နေလောက်ပြီဖြစ်သည်။

သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်မှာ လီဝမ်အာလောက် အဆင့်မမြင့်ပေ။ လက်ရှိတွင် လီဝမ်အာ၏ မျက်ဝန်းများမှာ ရေခဲတမျှအေးစက်နေပြီး အန္တရာယ်ပြုလိုသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ ထို့ကြောင့် ချန်းမုပင်လျှင် ထိတ်လန့်တုန်လှုပ်သွားရ၏။

” သူက ငါ့ကို သတ်တော့မှာပဲဟ ” ချန်းမု ရုတ်တရက်ဆိုသလို အသိစိတ်ပြန်ဝင်လာပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် လီဝမ်အာ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များကို အာရုံခံမိနေ၏။ လီဝမ်အာ၏ ခေါင်းထဲတွင်လည်း အမှန်တကယ်ပင် ထိုကဲ့သို့သော အတွေးများ ပေါ်ပေါက်လာပြီဖြစ်သည်။ အကယ်၍ ချန်းမုသာ သေဆုံးသွားမည်ဆိုပါက သူမ၏ဖခင်ဖြစ်သူမှာ သူမအား ချန်းမုနှင့် လက်ထပ်ရန် အတင်းဖိအားပေးနိုင်တော့မည် မဟုတ်ကြောင်း သူမက မှတ်ယူထား၏။

သူ သေဆုံးသွားသည်နှင့် အရာအားလုံး ပြေလည်သွားမည် ဖြစ်သည်။ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ စိတ်ရှုပ်ခံနေစရာ လိုတော့မည်မဟုတ်ပေ။

သူ သေဆုံးသွားသည်နှင့် သူမရင်ဆိုင်နေရသည့် ပြဿနာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမည် ဖြစ်သည်။ ထို့အပြင် သူမသည် မည်သည့်အရာကိုမှ စိတ်ပူနေစရာ လိုတော့မည်မဟုတ်ပေ။

သူမ၏ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာသောကြောင့် သူမ၏ မျက်ဝန်းထဲရှိ အကြည့်မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့သည်။ ထို့ကြောင့် ချန်းမုမှာ အသားများတုန်ရီသွားရပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွား၏။ သူသည် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူရင်း လီဝမ်အာအား မျက်ခြည်မပြတ်စောင့်ကြည့်ကာ သူမ၏ ရုံးခန်းထဲမှ အလျင်အမြန်ထွက်ခွာသွားလိုက်၏။ သူသည် ရုံးခန်းအပြင်ဘက်သို့ ရောက်သောအခါမှ နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ခြေကုန်သုတ်ကာ ထွက်ပြေးသွားတော့သည်။

လီဝမ်အာကမူ သူ၏နောက်သို့ လိုက်သွားခြင်းမရှိပေ။ သူမသည် မလှုပ်မယှက် ရပ်နေပြီး သူရဲဘောကြောင် ချန်းမု ခွေးတစ်ကောင်ကဲ့သို့ အမြီးကုတ်ကာ ထွက်ပြေးသွားသည်ကို အေးစက်စက် လှမ်းကြည့်နေလိုက်၏။ သို့သော် သူမ၏မျက်ဝန်းထဲမှ ရက်စက်ကြမ်းကြုတ်သောအကြည့်များမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပို၍ပင်အားကောင်းလာ၏။ ၎င်းမှာ သူမ၏ အကျင့်စရိုက် အစစ်အမှန်ဖြစ်သည်။ ကျင့်သိုမင် သူမအား အပျော်သဘောဖြင့် စနောက်ခဲ့သည့် အချိန်တုန်းကပင် သူမသည် သူ၏နောက်သို့ ပြေးလိုက်ကာ သူ့အား သင်းကွပ်ပစ်လုနီးပါး ဖြစ်ခဲ့သည်မဟုတ်ပါလော။ ထိုဖြစ်ရပ်ကြီးကိုကြည့်၍ သူမ၏ မာန်ပါသော အကျင့်စရိုက်ကို သိရှိနိုင်ပေသည်။

သူမသည် သူမ၏ ဖခင်ဖြစ်သူ၏ ခက်ထန်တင်းမာသော သတိပေးစကားများကြောင့်သာ ယခင်တုန်းက ချန်းမုအား သည်းခံခဲ့ခြင်းဖြစ်၏။ သူမသည် ရေရှည်ကိုကြည့်ရန် လိုအပ်သောကြောင့် သူမကိုယ်သူမ ထိန်းချုပ်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခုတွင်မူ သူမသည် သည်းမခံနိုင်တော့ပေ။ လီဝမ်အာ၏ အကျင့်စရိုက်မှာ ရိုးရှင်းပါသော်လည်း သူအသည် စဉ်းစားဆင်ခြင်ဉာဏ် မရှိသည့် လူတစ်ယောက်တော့မဟုတ်ပေ။ သူမသည် လူတစ်ယောက်ယောက်အား သတ်ဖြတ်ရသည်မှာ မည်အမျှအထိ လွယ်ကူကြောင်း သိရှိထားပါသော်လည်း ထိုလူသတ်မှုထဲ၌ မငြိစွန်းအောင် လုပ်ရန်မှာ အခက်အခဲကြီးတစ်ခု ဖြစ်နေ၏။

ထို့ကြောင့် သူမသည် ချက်ချင်းမတိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ထို့နောက် သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း နဖူးကိုပွတ်ကာ စဉ်းစားတွေးတောနေလိုက်တော့သည်။ ခဏအကြာတွင် ထိုလူသတ်မှုအား အကောင်အထည်ဖော်နိုင်မည့် အစီအစဉ်တစ်ခုမှာ သူ၏အတွေးထဲ၌ ပေါ်ပေါက်လာတော့သည်။

လီဝမ်အာ၏ ပစ်မှတ်ဖြစ်သော ချန်းမုမှာလည်း ကြောက်လန့်တကြားဖြစ်ကာ ရူးသွပ်လုမတတ် ဒေါသထွက်နေရပြီဖြစ်သည်။ သူသည် သူ၏ မြို့တော်နယ်မြေအသစ်ဆီသို့ ချက်ချင်းပင်ပြန်သွားလိုက်၏။ သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲသို့ ရောက်ရှိသွားသောအခါမှသာ သူသည် ဘေးကင်းလုံခြုံမှု ရှိသွားသလို ခံစားလိုက်ရပြီး အသံအကျယ်ကြီးဖြင့် ကျိန်ဆဲနေလိုက်တော့သည်။

” မိန်းမပျက် လီဝမ်အာ။ နင်ကများ ငါ့ကို သတ်ချင်နေတယ်ပေါ့။ ဝမ်ပေါင်လဲ့က ရွံဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုပေမဲ့ နင်ကလည်း ဒီပုပ်ထဲက ဒီပဲပါပဲ ” ချန်းမုမှာ အသက်ရှူသံများ မြန်ဆန်နေရပြီဖြစ်သည်။ ထို့နောက် သူသည် သူ၏ အသံလွှင့်လက်စွပ်ကိုထုတ်ယူလိုက်ပြီး သူ၏ မိသားစုအား လှမ်း၍ဆက်သွယ်ရန် ပြင်လိုက်၏။ သို့သော် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူပြန်၍ ထိန်းချုပ်ကာ ၎င်းအား အောက်သို့ ပြန်ချလိုက်ရ၏။ သူ၏ မိသားစုမျိုးနွယ်စုမှာ လီဝမ်အာနှင့် ဝမ်ပေါင်လဲ့တို့၏အကြောင်းကို သိရှိသွားလျှင်တောင် သူ၏ဆန္ဒအတိုင်း လုပ်ပေးမည်မဟုတ်ကြောင်း သူက သိထား၏။

သူနှင့် လီဝမ်အာတို့ နှစ်ယောက်စလုံးမှာ သူ၏မိသားစုမျိုးနွယ်စုအတွက် အရေးမပါပေ။ သူတို့အတွက် အရေးပါသည့်အရာမှာ လွှတ်တော်နှင့် သူတို့၏ကြားရှိ မဟာမိတ်ဆက်ဆံရေးသာဖြစ်သည်။ သူ၏ မိသားစုမှာ ဤကိစ္စကြီး၏ အကြောင်းကို သိရှိသွားလျှင်တောင် သူ့အား လျစ်လျူရှုထားရန်သာ ညွှန်ကြားလိုက်မည်ဖြစ်ကြောင်း ချန်းမုက ခန့်မှန်းမိနေ၏။ ထို့အပြင် သူတို့မှာ ခက်ထန်တင်းမာသော သတိပေးစာတစ်ခု ထုတ်ပြန်ပြီး သူ့အား လီဝမ်အာကို ချက်ချင်းတောင်းပန်ရန် အမိန့်ပေးလိုက်မည်သာဖြစ်သည်။

လွှတ်တော်ခေါင်းဆောင်ကြီးမှာလည်း ထိုနည်းတူပင်။ ထိုအဖွဲ့အစည်းနှစ်ခုလုံးမှာ သူတို့၏ လက်ထက်ထိမ်းမြားမှုကို အကြောင်းပြ၍ မဟာမိတ်ဖွဲ့ရန်ဖြစ်သည်။ လက်ရှိတွင် ထိုလက်ထပ်ထိမ်းမြားမှုအား သဘောမတူကြသည့် နိုင်ငံရေးအင်အားစုပေါင်း မြောက်မြားစွာ ရှိနေကြဆဲပင်။ ထို့ကြောင့်လည်း သူတို့မှာ လက်ထက်ထိမ်းမြားခြင်း မရှိသေးဘဲ စေ့စပ်ထားသည့်အဆင့်တွင်သာ ရှိနေရခြင်းဖြစ်သည်။

ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအခြေအနေများမှာ ရှုပ်ထွေးကာ နူးညံ့သိမ်မွေ့လွန်းလှ၏။ ထို့ကြောင့် ကိစ္စတိုင်းကို သေသေချာချာ စဉ်းစားတွေးတောပြီးမှ လုပ်ရမည် ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ပြဿနာများနှင့် ကြိုမမြင်နိုင်သော နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ပေါက်လာနိုင်ပေသည်။ လွှတ်တော်ခေါင်းဆောင်ကြီးနှင့် ချန်းမိသားစုတို့မှ စေ့စပ်ကြောင်းလမ်းမှုအဆင့်၌ တစ်နှစ်ခွဲတိတိ ရပ်နေရန် ကြံရွယ်ထား၏။ ထိုတစ်နှစ်ခွဲအတွင်းတွင် အခြားနိုင်ငံရေးအင်အားစုများမှာ သူတို့၏ စီစဉ်မှုကြီးကို တဖြည်းဖြည်းနှင့် လက်ခံလာကြမည်ဖြစ်သည်။ ထိုအခါမှသာ သူတို့မှာ လက်ထက်ထိမ်းမြားသည့်အဆင့်သို့ တက်ကြမည်ဖြစ်သည်။

အကယ်၍ ထိုတစ်နှစ်ခွဲအတွင်းတွင် မထင်မှတ်ထားသည့် ကိစ္စရပ်တစ်ခုခု ပေါ်ပေါက်လာပါက သူတို့မှာ ဆန္ဒမရှိလျှင်တောင် ထိုလက်ထပ်ထိမ်းမြားမှု အစီအစဉ်ထဲမှ နှုတ်ထွက်ခွင့် ရှိနေမည်လည်း ဖြစ်သည်။ သို့သော် ထိုအဖွဲ့စည်းနှစ်ခုလုံးမှာ ရွေးချယ်စရာ မရှိတော့သည့်အချိန်မှသာ ထိုကဲ့သို့ လုပ်ကြမည် ဖြစ်သည်။

ထိုအခြင်းအရာများအားလုံးကို သိရှိနားလည်ထားသော ချန်းမုမှာ အံကြိတ်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ သို့သော် သူသည် ငြိမ်ခံနေရန်လည်း ဆန္ဒမရှိသောကြောင့် မလှုပ်မယှက် ထိုင်ရင်း မျက်လုံးများမှေးကာ စဉ်းစားတွေးတောနေလိုက်တော့သည်။ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုများ ထင်ဟပ်သွားတော့သည်။ ထို့နောက် သူသည် သူ၏ မိသားစုမျိုးနွယ်စုအား ချက်ချင်းပင် လှမ်း၍ ဆက်သွယ်လိုက်၏။

သူသည် လီဝမ်အာနှင့် ပဋိပက္ခဖြစ်ခဲ့သည့်အကြောင်းကို ထုတ်မပြောဘဲ ဗုံလေး၏ အကြောင်းနှင့် ပတ်သတ်၍ သူတို့ လေ့လာသိရှိထားသမျှ အရာအားလုံးကို မေးမြန်းလိုက်၏။ ထိုဗုံလေးမှာ ယခင်တုန်းက သူ၏ လက်ထောက်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ယခုတွင် သူ၏သခင်အသစ်ကို ကိုယ်စားပြုနေသည့် လူတစ်ယောက်က သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ချန်းမုမှာ ထိုဗုံလေးအား လက်ခံရယူခဲ့စဉ်တုန်းက ၎င်းထဲ၌ ကိန်းအောင်းနေသည့် မိစ္ဆာစွမ်းအားများကို အာရုံခံမိခဲ့၏။ ထို့ကြောင့် သူသည် ၎င်းအား သူ၏မိသားစုမျိုးနွယ်စုဆီသို့ ပေးပို့ကာ လေ့လာခိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် သူကြုံခဲ့ရသည့် ဖြစ်ရပ်ကြီးအကြောင်းကိုလည်း သူ၏မိသားစုမျိုးနွယ်စုဆီသို့ ပြန်လည်တင်ပြခဲ့ပြီးနောက် သူတို့၏ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေခဲ့၏။

သူယခုကဲ့သို့ လှမ်းမေးလိုက်သောအခါ သူ၏ မိသားစုမျိုးနွယ်စုမှာ သူ့အား အဖြေပြန်ပေးလိုက်၏။ ထိုအတောအတွင်းတွင် ချန်းမိသားစုတစ်ခုလုံးမှာ မိသားစုအကြီးအကဲကြီးကိုပင် အကူအညီတောင်းကာ ထိုဗုံလေးအား လေ့လာခဲ့၏။ နောက်ဆုံးတွင် သူတို့မှာ ထိုဗုံလေးအား ချန်းမုဆီသို့ ပေးအပ်ခဲ့သည့် ပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားတော့သည်။ သူသည် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးနှင့် ပတ်သက်နေသော လူတစ်ယောက်ဖြစ်၏။

သူတို့မှာ ထိုကဲ့သို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်လိုက်မည် ဆိုပါက ရရှိနိုင်မည့် အကျိုးအပြစ်များကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။ သို့သော် အရေးအကြီးဆုံးအချက်မှာ ထိုဗုံလေးသည် အမှန်တကယ်ပင် ရုပ်သေးရုပ်တစ်ရုပ်အား ထိန်းချုပ်နိုင်သည့် အဓိက စက်ပစ္စည်းကိရိယာတစ်ခု ဖြစ်နေကြောင်း သူတို့ဘက်မှ အကြိမ်ကြိမ် သက်သေပြပြီးသွားပြီဖြစ်သည်။

သူတို့မှာ ထိုရုပ်သေးရုပ်အကြောင်းကို မသိပါသော်လည်း ၎င်း၏ စွမ်းအားမှာ အမြုတေထိပ်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် ချန်းမိသားစုမှာ စိတ်ဝင်စားသွားရ၏။ ချန်းမိသားစု၏ အကြီးအကဲကြီးမှာလည်း အမြုတေထိပ်ဆုံးအဆင့်၌ ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထို ရုပ်သေးရုပ်နှင့်သာဆိုလျှင် ချန်းမိသားစု၏ အင်အားမှာ နှစ်ဆတိတိ ကြီးထွားသွားမည်သာ ဖြစ်သည်။

ထို့ကြောင့် သူတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးနေကြစဉ် တိုက်ဆိုက်စွာပင် ချန်းမှမှာ သူတို့ဆီသို့ ပြန်၍ဆက်သွယ်လာ၏။ ထို့နောက် ချန်းမု၏ ဖခင်ဖြစ်သူကိုယ်တိုင် ချန်းမုအား အဖြေတစ်ခုပြန်ပေးလိုက်၏။

” မုအာ။ မင်း ဒီပူးပေါင်းမှုကို လက်ခံလိုက်… ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားနော်။ တစ်ခုခုဖြစ်ရင် မင်းနဲ့ပဲ ဆိုင်တယ်။ မိသားစုမျိုးနွယ်စုနဲ့ ဘာမှ မဆိုင်ဘူး ”

” ဒါပေမဲ့ မင်းသာ အဲဒီ အမြုတေထိပ်ဆုံးအဆင့် ရုပ်သေးရုပ်ကြီးကို ပိုင်ဆိုင်နိုင်ပြီးတော့ ဒီကိစ္စကြီးထဲကနေ ဘေးမသီရန်မခ ပြန်ထွက်လာနိုင်ခဲ့မယ်ဆိုရင် မင်းကို ချန်းမိသားစုရဲ့ ခေါင်းဆောင်ရာထူးကို အမွေဆက်ခံခွင့် ပေးမယ်လို့် မဟာအကြီးအကဲကြီးက ပြောထားတယ်။ ပြီးတော့ မျိုးနွယ်စုတစ်ခုလုံးရဲ့ အကြီးအကဲကောင်စီမှာလည်း မင်းအတွက် နေရာတစ်ခု အပိုင်စားပေးဦးမှာ ”

ချန်းမုမှာ သူ၏ဖခင်ဆီမှ ပထမဆုံးစကားတစ်ခွန်းကို ကြားလိုက်ရသောအခါ ရင်ခုန်နှုန်းများ ရပ်တန့်သွားသလိုခံစားလိုက်ရ၏။ သို့သော် ဒုတိယစကားတစ်ခွန်းကို ကြားလိုက်ရသည့်အချိန်တွင်မူ သူ၏ ရင်ခုန်သံများမှာ မြန်ဆန်လာရတော့သည်။ သူ၏ မျက်လုံးများထဲ၌ အနီရောင်သွေးကြောကြီးများ ထောင်မတ်လာပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခု ပေါ်ပေါက်လာ၏။ သူသည် မိသားစုခေါင်းဆောင် ဖြစ်လာပါက ရရှိနိုင်မည့် လုပ်ပိုင်ခွင့်အာဏာများကို ကောင်းကောင်းကြီးသိထားသည်။ ထို့အပြင် မျိုးနွယ်စု၏ အကြီးအကဲကောင်စီထဲရှိ နေရာတစ်ခု၏ တန်ဖိုးကိုလည်း သူက နားလည်ထား၏။ ၎င်းမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲ၌ အမြင့်ဆုံး ရာထူးအဆင့်အတန်းတစ်ခုပင် ဖြစ်သည်။

သူသည် လွှတ်တော်ခေါင်းဆောင်ကြီးအား တန်းတူညီမျှ ပြောဆိုဆက်ဆံခွင့် ရရှိသွားမည်လည်း ဖြစ်သည်။

ထို့ကြောင့် ချန်းမု၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာ၏။ သူသည် သူ၏ဖခင်နှင့် ထပ်၍ ဆွေးနွေးကာ မိသားစုမျိုးနွယ်စုမှာ ဗုံလေး၏ နောက်ကြောင်းရာဇဝင်ကို လေ့လာပြီးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် အသံလွှင့်အကြောင်းကြားစာကို အဆုံးသတ်လိုက်တော့သည်။

ထို့နောက် ချန်းမုမှာ သူ၏ အသံလွှင့်လက်စွပ်ကို အောက်သို့ချလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအခိုက်အတန့်တွင် လီဝမ်အာကြောင့် သူခံစားခဲ့ရသည့် အမျက်ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များမှာ အလုံးအရင်း ထွက်ပေါ်လာတော့သည်။ သူသည် စိတ်ထဲ၌ သံဓိဋ္ဌာန်ချလိုက်ပြီး အံကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

” နတ်ဘုရားလက်နက် လှိုဏ်ခေါင်းထဲက အမည်မသိ လူတစ်ယောက်တဲ့ အလုပ်တွဲလုပ်ရတော့ရော ဘာဖြစ်လဲ ”

” သူက မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်နေရင်တောင် ငါ ဂရုမစိုက်ဘူးကွာ။ ဒီကိစ္စကြီး အောင်မြင်သွားတာနဲ့ ငါ့ရဲ့ အနာဂတ်က တောက်ပသွားပြီ။ အဲ့တာမလို့ အကုန်လုံး ပုံအောလိုက်တော့မယ် ”

ချန်းမု၏ မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဝင်းလက်တောက်ပသွား၏။ သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏ မိသားစုမျိုးနွယ်စုဆီသို့ ဆက်သွယ်ကာ စောင့်ဆိုင်းနေလိုက်တော့သည်။ ရက်အနည်းငယ်ခန့် ကြာပြီးနောက် သူ၏ မိသားစုမျိုးနွယ်စုဆီမှ လူတစ်ယောက်မှာ ထိုဗုံလေးအား သူ့ဆီသို့ ပေးပို့လိုက်၏။ ထိုနေ့ညတွင် ချန်းမုမှာ ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းများဖြင့် ထိုဗုံလေးအား တီးခတ်လိုက်တော့သည်။

ထိုဗုံလေးအား တီးလိုက်သည်နှင့် တစ်ပြိုင်နက် သူရှိနေသည့် လျှို့ဝှက်အခန်းမှာ ရုတ်တရက်ဆိုသလို ရေခဲတမျှ အေးစက်သွား၏။ ထို့နောက် အခန်းထဲ၌ မျက်လုံးဖြင့်မမြင်နိုင်သော လေပြင်းတစ်ချက်မှာ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွား၏။ ထို့ကြောင့် နံရံများပေါ်တွင် ဆီးနှင်းပွင့်များ ပေါ်ပေါက်လာပြီး ထိုဆီးနှင်းပွင့်များမှာ တဖြည်းဖြည်းနှင့် ထူထပ်လာသဖြင့် နောက်ဆုံးတွင် လျှို့ဝှက်အခန်းကြီး တစ်ခန်းလုံးမှာ ရေခဲဂူကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သို့သော် ထိုရေခဲများမှာ အနက်ရောင် ဖြစ်နေပြီး အလွန်အင်မတန်မှ အေးစက်ကာ မှောင်မိုက်နေသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။

” ကျုပ် မဟာမိတ်ဖွဲဖို့ သဘောတူတယ်။ ဒါပေမဲ့… ခဗျားပြောတဲ့ အမြုတေထိပ်ဆုံးအဆင့် ရုပ်သေးရုပ်ကြီးကို ကျနော်က ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတာ ခဗျား ဘယ်လိုလုပ်ပြီးတော့ အာမခံပေးနိုင်မှာလဲ။ ခဗျားဘက်ကနေ အရင်ဆုံး အဲဒီရုပ်သေးရုပ်ကို ကျနော့်ဆီ ပေးထားဖို့ လိုလိမ့်မယ် ” ချန်းမုမှာ အနည်းငယ်ခန့် ချမ်းအေးနေပါသော်လည်း သူ၏ အနာဂတ်ကြီး တောက်ပနိုင်စေရန်အတွက် အံကြိတ်ကာ လေသံတိုးတိုးဖြင့်ဆိုလိုက်၏။

လျှို့ဝှက်အခန်းထဲ၌ သူ၏စကားသံကြီး ထွက်ပေါ်လာသောအခါ နံရံပေါ်ရှိ ရေခဲလွှာများထဲတွင် မှုန်ဝါးဝါး ပုံရိပ်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းမှာ ရေခဲ၏ အတွင်းပိုင်းထဲ၌ ရှိနေသောကြောင့် ထိုရေထဲတွင် သီးခြားကမ္ဘာတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေ၏။ ထိုပုံရိပ်ကြီးမှာ အနက်ရောင်ဝတ်ရုံနှင့် လူကြီးတစ်ယောက် ဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါသော်လည်း သူ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ချန်းမု၏ အသက်ရှူသံများမှာ ရပ်တန့်သွားရ၏။ သူသည် ထိုလူကြီးဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုမှာ သူ့အား လွှမ်းခြုံထားသလို ဖြစ်နေသည်ကို အာရုံခံမိ နေသည်။

သူသည် တစ်ကိုယ်လုံး တုန်ရီနေရပြီး အံ့ဩတုန်လှုပ်မှုများကြောင့် မျက်လုံးများပြူးကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားရ၏။ သို့သော် သူစကားမပြောနိုင်ခင်မှာပင် အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ ရှေးဆန်သော ခပ်ဩဩ စကားသံကြီးမှာ ရေခဲပြင်ထဲမှ ထွက်ပေါ်လာ၏။

” မင်းလိုချင်တဲ့ရုပ်သေးရုပ်ကို မင်းကိုယ်တိုင်ဖန်တီးရမှာ။ ဖန်တီးရမဲ့နည်းလမ်းကိုတော့ ငါ သင်ပေးမယ်။ ထိန်းချုပ်လို့ရ မရဆိုတာကတော့…. မင်းရဲ့ သွေးသားတွေကို အသုံးပြုပြီး ဗုံလေးကို အာဟာရဖြည့်ပေးရမှာ။ အဲ့တာမှ ဗုံလေးက မင်းပိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်သွားပြီးတော့ ရုပ်သေးရုပ်ရဲ့ အမြုတေအဖြစ် ပြောင်းလဲသွားမှာ ”

” ဒါပေမဲ့ မင်းရဲ့မိသားစုမျိုးနွယ်စု သိထားလောက်ပြီးသားဖြစ်တဲ့ အကြောင်းအရင်း တချို့ကြောင့် အဲဒီရုပ်သေးရုပ်ကို ဒီမှာပဲ ဖန်တီးလို့ရမှာ… ငါ မင်းဆီကနေ တစ်ခုပဲပြန်ပြီးတော့ တောင်းဆိုမယ်… အဲဒီ ရုပ်သေးရုပ်ကို လုပ်ပြီးသွားတဲ့အချိန်ကျရင် မင်း ဝမ်ပေါင်လဲ့ကို… သတ်ပေးရမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset