အခန်း ( ၂၀၈ )

အစ်မတော်စုန့်...ကျုပ်ကိုကယ်ပါဦး

” လူတွေကို ငါသွားဆိုရင်သွား၊ လာဆိုရင်လာဆိုပြီး လုပ်လို့ရမှာပဲ။ ဒါမျိုးကမှ ထူးခြားတဲ့ အစွမ်းကွ။ ” ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကို စဉ်းစားလေလေ ပို၍ အလိုရှိလာလေဖြစ်နေသည်။ သူက သံလိုက်စွမ်းအင်ပညာ၌ အဆင့်လွန်အထိရောက်သွားလျှင် မည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်နေပြီး လက်တစ်ချက်လှုပ်လိုက်ရုံဖြင့် အရာအားလုံးအား ပြာအဖြစ်ပြောင်းလဲသွားနိုင်သွားပေမည်။ လက်တစ်ချက်ဝှေ့ယမ်းကာ ရန်သူအပေါင်းကိုအဝေးသို့တွန်းပို့နိုင်ပြီး တချိန်တည်းမှာပင် မိတ်ဆွေများအား အနီးသို့ ဆွဲခေါ်ကာ ကာကွယ်စောင့်ရှောက်ပေးနိုင်လိမ့်မည်။

ထိုစိတ်ကူးဖြင့်ပင် မှင်သက်နေမိပြီး ပိုင်ရှောင်ချန်းက သူ၏ အကျီလက်ကိုကြည့်လိုက်မိသည်။ ထို့နောက် နောက်ထပ်စမ်းသပ်မှုများပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူက လတစ်ဝက်ကျော်သည်အထိ ကျင့်ကြံခြင်းများကို ကြိုးကြိုးစားစားလုပ်ခဲ့လေသည်။

သူ၏ သံလိုက်စွမ်းအားကို လေ့လာစူးစမ်းနေစဥ် တစ်ညမှာ ဂါဂိုလီမွန်းစတားရှစ်ကောင် ထမ်းထားသော သွေးရောင်အဆင်းရှိ ဝေါယာဥ်မှာ ဆူညံစွာဖြင့် ဂိုဏ်းဆီသို့ ဦးတည်လာနေသည်။

ဝေါယာဥ်၏တစ်ဖက်ခြမ်းတွင် နန်းတွင်းအဝတ်အစားများနှင့် အစေခံမိန်းမပျိုတစ်စုမှာ သွေးရောင်မီးအိမ်များကိုင်ဆောင်ထားသဖြင့် သွေးရောင်အလင်းတန်းများမှာ အရပ်မျက်နှာပေါင်းစုံသို့ ဖြာထွက်နေသည်။

ဝေါယာဥ်၏အတွင်းထဲတွင် မျက်နှာဖုံးတပ်ထားသည့် ရွှယ်မေ့မှာ သူမ၏လက်ထဲရှိ ကျောက်စိမ်းပေလွှာအား တင်းမာခက်ထန်သော အကြည့်နှင့် စိုက်ကြည့်နေလေသည်။

သူမက လွန်ခဲ့သောလအနည်းငယ်တုန်းက တာဝန်ထမ်းဆောင်ရန် ဂိုဏ်းမှထွက်ခွာခဲ့သည်။ ဂိုဏ်း၏မျိုးနွယ်စုတစ်ခုအတွင်းမှ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏သူလျှိုတချို့အား သတ်ပြီးနောက် ယခုတွင် ဂိုဏ်းသို့ပြန်လာနေခြင်းဖြစ်သည်။

” ညမုဆိုး….” သူမက သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဂိုဏ်းအားမျှော်ကြည့်လိုက်လေသည်။ လွန်ခဲ့သောတစ်လခန့်က သူမတာဝန်ထမ်းဆောင်နေဆဲကာလတွင် ဂိုဏ်းသားအချို့၏ ညမုဆိုး အကြောင်းပြောနေသံများကို သူမ ကြားခဲ့ရသည်။ အလယ်တောင်တွင် ပရမ်းပတာဖြစ်သွားသည်များကို သူမ သိရှိခဲ့ရပြီး သူမ၏အင်မော်တယ်ဂူမှာလည်း အဖျက်ဆီးခံခဲ့ရသည်ကိုလည်း သိသွားသည်။

ယခုတွင် သူမ၏မျက်လုံးများထဲတွင် ယခင်ကထက်ပင် သတ်ဖြတ်ချင်စိတ်များ ပြင်းထန်နေသည်။ အရင်တုန်းက သူမမှာ ညမုဆိုး အကြောင်းကို သိပ်ပြီးခေါင်းထဲမထည့်ခဲ့ပေ။ သူမအတွက် ညမုဆိုး မှာ ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။ တစ်ခဏအတွင်းပင် သူ့ကိုသတ်နိုင်သည်ဟု သူမ ယုံကြည်ထားသည်။

အကယ်၍ သူမသာတာဝန်ထမ်းဆောင်ရန် ဂိုဏ်းအပြင်မထွက်ခဲ့ရလျှင် သူ့အားသုတ်သင်ဖယ်ရှားရန် သူမ စီစဉ်ခဲ့လိမ့်မည်။ သူက ရုပ်အလောင်းတောင်ထိပ်တွင် ပုန်းအောင်းနေလျှင်ပင် သူမအတွက်ကိစ္စကြီးမဟုတ်ချေ။ သို့သော် သူမကိုယ်တိုင် သွား၍ သတ်မည်တော့ မဟုတ်ပေ။

သို့ရာတွင် ညမုဆိုး ကသူမ၏ အင်မော်တယ်ဂူအား အတင့်ရဲစွာဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် သူက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအုပ်စုနှင့် တိုက်ခိုက်ခဲ့ပြီး သူ၏ရှေးဟောင်းသွေးဘိုးဘေးနိုးထခြင်းပညာရပ် အတွက် အလယ်တောင်၏သွေးချီများအားလုံးကိုပင် စုပ်ယူခဲ့သည်ဟူသောသတင်းကိုလည်း ကြားခဲ့ရသည်။ ၎င်းမှာ အလွန်ကြီးကျယ်လှသည့် အောင်မြင်မှု တစ်ခုဖြစ်လေသည်။

သို့သော် သူမသာ သူ့အားသတ်လိုပါက သတ်နိုင်ဆဲဖြစ်သည်။

သူမ၏လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။
” အလယ်တောင်ကိုသွား…”

သူမပြောသည့်အတိုင်း အစေခံ မိန်းမပျိုတစ်စုနှင့် ဂါဂိုလီသွေးအေးမွန်းစတား များက လမ်းကြောင်းပြောင်းလိုက်ကြသည်။ ဘိုးဘေးတောင်သို့မသွားတော့ပဲ ညအမှောင်ထုအားဖြတ်လျက် အလယ်တောင်ထိပ်သို့ဦးတည်လိုက်ကြသည်။

သူမ ရောက်ရှိလာြခင်းကြောင့် ထိုတောင်တွင် ဖိအားကြီးတစ်ခု ပေါ်ထွက်လာသဖြင့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ အာရုံခံလိုက်ရာ သူမ၏ သွေးရောင်ဝေါယာဥ်ကြီးကို တွေ့သွားကြသည်။ ပိုင်ရှောင်ချန်းအား တိုက်ခိုက်ရန်စုရုံးခဲ့ကြသောကျင့်ကြံသူများမှာမူ မျက်လုံးများတွင် ဝမ်းမြောက်သည့်အရိပ်အယောင်များတောက်ပလာကြတော့သည်။

နတ်ဆရာမှာ အပျော်ရွှင်ဆုံးဖြစ်လေသည်။ ယခုတွင် သူက အတော်အတန်ရိုးရှင်းကာ မွမ်းမံပြင်ဆင်ခြင်းမရှိသော အင်မော်တယ်ဂူတစ်ခုတွင် နေရသဖြင့် ရွှယ်မေ့၏ဝေါယာဥ်က လေထဲကိုဖြတ်၍လာနေသည်ကိုမြင်သောအခါ သူ အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး တဆတ်ဆတ်တုန်ယင်လာလေသည်။

” မင်းဒီတစ်ကြိမ်ဘယ်လိုများပုန်းနိုင်ဦးမလဲ… ညမုဆိုးရေ….။ လူတိုင်းကတော့ မင်းကိုတိုက်ခိုက်ဖို့ ကြောက်ချင်ကြောက်ကြလိမ့်မယ်။ ခေါင်းဆောင်ကြီး အတုမဲ့ကတောင် မင်းလုပ်သမျှ သဘောတူခွင့်ပြုထားတာပဲ..။ ဒါပေမဲ့ သခင်မလေးရွှယ်မေ့က နဝမမြောက်ဒီရေစီးကြောင်းအထိ ရောက်ပြီးနေပြီ…။ ပြီးတော့သူမကခေါင်းဆောင်ကြီးအတုမဲ့ရဲ့ အချစ်တော် သမီးလေးပဲ..။ တကယ်လို့သူမသာ မင်းကိုသတ်ချင်ရင်… ခေါင်းဆောင်ကြီးကတောင် ဝင်တားမှာမဟုတ်ဘူး။ ညမုဆိုး… မင်းတော့ သေပြီပဲ ”

အလယ်တောင်မှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ဂရုတစိုက်နားထောင်ပါက ကျင့်ကြံသူများ၏ အသက်အောင့်ထားသံများကို ကြားနိုင်သည်။ မုန်တိုင်းမလာမီ ငြိမ်သက်နေခြင်းပင်လော။

မကြာမီ သွေးရောင်ဝေါယာဥ်မှာ ရွှယ်မေ့၏ အင်မော်တယ်ဂူအထက်ရှိ လေထုထဲတွင်ပျံဝဲနေတော့သည်။ သူမက အောက်ရှိ အင်မော်တယ်ဂူ၏အုတ်ကျိုး အပိုင်းအစများကိုမြင်လိုက်သည့်အခါ သူမ၏ အသက်ရှူသံများ ပြင်းလာသည်။ သူမက သွေးရောင်အလင်းတန်းအသွင်ပြောင်းသွားကာ အင်မော်တယ်ဂူဆီသို့ တဟုန်ထိုး ဆင်းသွားသည်။

သူမ၏ လက်တစ်ဖက်ကိုဝေ့ယမ်းလိုက်သောအခါ အုတ်ကျိုးအစအနများက ဘေးသို့ လွင့်စင်သွားပြီး မန္တန်အစီအရင်တစ်ခုနှင့် သူမ၏ ကွဲသွားသောသွေးပုလင်း၏ အစအနများကို မြင်တွေ့လိုက်ရသည်။

သွေးပုလင်းကိုစိုက်ကြည့်နေရင်း သူမ၏ လူသတ်ငွေ့များမှာ ပိုမိုပြင်းထန်လာကာ သူမ၏ခန္ဓာကိုယ်ပတ်လည်မှ စွမ်းအင်များပင် ထွက်ပေါ်လာသည်။ ရေဝဲကိုးခုမှာ အံ့အားသင့်ဖွယ်ကောင်းစွာပင် သူမ၏ဘေးပတ်လည်တွင် ဝန်းရံလာတော့သည်။

ထိုရေဝဲများမှာ သူမ၏ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်မှ ဒီရေစီးကြောင်းကိုးခု၏ အမှတ်အသားဖြစ်သည်။ ထိုစီးကြောင်းများက အလွန်ကြီးမားလှသောလေဆင်နှာမောင်းကြီးကိုးခုကဲ့သို့ လျင်မြန်စွာလည်ပတ်နေကြပြီး ထိုနေရာဝန်းကျင်ရှိ ကျင့်ကြံသူများမှာ အကြီးအကျယ်တုန်လှုပ်သွားတော့သည်။ ခဏအကြာ လူသတ်ငွေ့များ ပြည့်နှက်နေသည့် ရွှယ်မေ့၏အသံမှာ ပဲ့တင်ထပ်၍ ပေါ်လာသည်။

” ညမုဆိုး ဘယ်မှာလဲ ”

နတ်ဆရာမှာ ဖြစ်ပျက်သမျှအား အထူးအာရုံစိုက်နေသည်ဖြစ်ရာ သူမ၏စကားကိုကြားသည်နှင့် အပြင်သို့ပျံသန်း၍ထွက်လာကာ သူမဆီသို့ သွားလိုက်လေသည်။ လက်ကိုဆုပ်၍ လေးစားစွာ ကိုယ်ကိုကိုင်းလျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
“သခင်မလေးရွှယ်မေ့…။ ကျေးဇူးပြုပြီး ဒီနေရာကို တာဝန်ယူပေးပါဦး ။ ညမုဆိုးက ယှဥ်မရလောက်အောင် ရက်စက်ကြမ်းကြုတ်ပြီး ထစ်ခနဲရှိ လူသတ်နေတဲ့ လူရမ်းကားတစ်ယောက်ပါဗျာ..။ သူက သခင်မလေးရဲ့အင်မော်တယ်ဂူကို ဖျက်ဆီးခဲ့ရုံတင်မကပဲ ရောင်းရင်ဂိုဏ်းသားတွေအများကြီးကိုလဲ သတ်ပစ်ခဲ့သေးတယ်…။ ပြီးတော့ ကျုပ် အင်မော်တယ်ဂူကိုလဲ ခိုးထားသေးတယ်…။ အဲ့ဂူမှာ သေချာပေါက်သူ့ကိုရှာတွေ့လိမ့်မယ်..။ သခင်မလေးရွှယ်မေ့..ကျုပ် လမ်းပြပေးမယ်…..”

ရွှယ်မေ့က နတ်ဆရာအားကြည့်လိုက်ရာ သူမ၏အကြည့်ကြောင့် သူ၏ နှလုံးသားများ တဒိန်းဒိန်းခုန်လာသည်။ ထို့နောက် သူက အကြည့်လွှဲကာ ပိုင်ရှောင်ချန်းရှိရာနေရာဆီသို့ မြန်မြန်ပို့ဆောင်လိုက်တော့သည်။

အခြားအခြေခိုင်မာခြင်းအဆင့် ကျင်ကြံသူများက ထိုနေရာတွင်လျှို့ဝှက်စွာစောင့်ကြည့်နေကြပြီး သူတို့၏အနောက်သို့လိုက်လာကြတော့သည်။ သခင်မလေးရွှယ်မေ့က ပိုင်ရှောင်ချန်းကိုသတ်ဖြတ်မည့် မြင်ကွင်းအား သူတို့မျှော်လင့်နေသဖြင့် သူတို့၏မျက်လုံးများတွင်ရက်စက်သောအရိပ်အယောင်များ ပေါ်လာတော့သည်။

” ညမုဆိုး တော့သေပြီပဲ…”

” ဟမ့်.. ဒီတစ်ကြိမ်တော့ မာနထောင်လွှားပြီး ခက်ထန်ကြမ်းကြုတ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့…။ သူကကျုပ်တို့ကိုအနိုင်ကျင့်လို့ရချင်ရမယ်…ဒါပေမဲ့ သခင်မလေးရွှယ်မေ့ရဲ့ အရှေ့မှာတော့ ကြမ်းပိုးတစ်ကောင်လိုမျိုးဖြစ်နေမှာကွ…”

“သခင်မလေးရွှယ်မေ့က ဒီရေစီးကြောင်းကိုးခု အဆင့်ထိရောက်ပြီးခဲ့ပြီးတော့ ကျင့်ကြံခြင်းလောကရဲ့ အရှေ့ဘက်အောက်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်…။ ဟိုဒဏ္ဍာရီလို ကျော်ကြားတဲ့ ပိုင်ရှောင်ချန်းကလွဲပြီး ဘယ်သူကများသူမနဲ့ ယှဥ်နိုင်မှာလဲ”

သူတို့က ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူအသစ်၏အပြင်ဘက်ရောက်သည်အထိ စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါလာကြသည်။

” သခင်မလေးရွှယ်မေ့ခဗျာ… အဲဒီအဖျက်သမားက ဒီနေရာမှာရှိပါတယ်” နတ်ဆရာက အံကိုကြိတ်ကာ ပြောလိုက်လေသည်။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကြောင့် နတ်ဆရာက ပိုင်ရှောင်ချန်းအား ရိုးတွင်းချဥ်ဆီထဲထိအောင်မုန်းတီးနေလေသည်။

ရွှယ်မေ့က အင်မော်တယ်ဂူနှင့် ကြမ်းကြုတ်သည့် မျက်နှာများရှိသော သွေးသစ်ပင်များအား ကြည့်လိုက်လေသည်။ သွေးသစ်ပင်များက သူတို့၏မျက်လုံးများအားဖွင့်ကြည့်လိုက်သောအခါ ချက်ချင်းပင်တုန်ရီသွားကြတော့သည်။ သူတို့အားလုံးအနက် မည်သူမှစကားပင်မပြောရဲကြပေ။ ကြည့်ရသည်မှာ သူတို့က ညမုဆိုးထက်ပင် ရွှယ်မေ့မှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းကြောင်း အာရုံခံမိကြပုံပေါ်သည်။

သူတို့က စကားလုံးတစ်ခွန်းမျှ မပြောကြသည့်အပြင် သူတို့၏ အမြစ်များကိုရုတ်သိမ်းလိုက်ကြပြီး ဘေးသို့ဖယ်ပေးလိုက်ကြသဖြင့် သွေးလှောင်ကန်နှင့် အင်မော်တယ်ဂူတို့ ထွက် ပေါ်လာသည်။

ရွှယ်မေ့၏ လူသတ်ချင်စိတ်များမှာ တဖြည်းဖြည်းသွေးချီများအဖြစ်ပြောင်းလဲသွားကာ သူမရှေ့သို့တလှမ်းတိုးလိုက်သည်နှင့် သူမအနားတွင်ရစ်ဝဲနေသည်။ထို့နောက် သူမက အင်မော်တယ်ဂူ၏အထက်တွင် ပျံဝဲလိုက်ပြီး သူမက သွေးရောင်အလားနီဆွေးနေသော လက်ကိုမြှောက်ကာ ရိုက်ချလိုက်လေသည်။

ထိုအခါ အလယ်တောင်မှာ တုန်ခါသွားလေသည်။ ထို့နောက် လွန်ခဲ့သောရက်အနည်းငယ်က ခေါင်းဆောင်ကြီး လာတားခဲ့စဥ် ပေါ်ပေါက်ခဲ့သောမန္တန်အစီအရင်လည်း ထွက်ပေါ်လာခဲ့သည်။ များပြားလှသောသွေးချီများမှာ ရွှယ်မေ့၏အောက်တွင်လာဆုံကြပြီး ကြီးမားသည့် သွေးရောင်အဆင်းရှိ ဇီးပွင့်သဏ္ဍာန်ဖြစ်သွားကြသည်။

ထို့နောက် ထိုဇီးပွင့်ကြီးမှာ အင်မော်တယ်ဂူတည့်တည့်သို့ကျဆင်းသွားလေသည်။

အင်မော်တယ်ဂူ၏ မန္တန်ဝင်္ကပါမှာသက်ဝင်လှုပ်ရှားလာပြီး ပြန်၍တိုက်ခိုက်ရန်ကြိုးစားလိုက်သော်လည်း သွေးရောင်ဇီးပွင့်ကြီးမှာ ကြောက်မက်ဖွယ် စွမ်းအားကြီးနေလေသည်။ ၎င်းမှာ ထိုနေရာရှိသွေးချီများအားလုံးပေါင်းစပ်ထားသည့်အတွက် မန္တန်အစီအရင်ကို အနိုင်ယူနိုင်မည့်ပုံပင်။ မန္တန်အစီအရင်မှာ အသက်ရှုချိန်အနည်းငယ်သာ ထိန်းထားနိုင်ပြီး နောက် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ရွှယ်မေ့၏တိုက်ခိုက်မှုမှာ အောက်သို့ဆင်းသက်လာသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ အရပ်မျက်နှာ အနှံ့ ပဲ့တင်ထပ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူမှာ အက်ကွဲကာ ကျောက်စ၊ကျောက်နများလွင့်ထွက်လာပြ လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရှူနေကြသည်။

” သခင်မလေးရွှယ်မေ့က တကယ်ကို စွမ်းအားကြီးမားလိုက်တာ…”

“ဟားဟားဟား…ညမုဆိုးမင်းတော့….”
အစပိုင်းတွင် လူများက ဝိုင်းဝန်းသြဘာပေးနေကြသော်လည်း အင်မော်တယ်ဂူမှာဗလာကျင်းနေကြောင်း ချက်ချင်းပင်သိလိုက်ကြသည်။

ရွှယ်မေ့မှာ အေးစက်စက်လှောင်ရယ်လိုက်ကာ သူမ၏လက်ချောင်းဖြင့် သွေးလှောင်ကန်ကိုညွှန်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သွေးချီများပေါက်ထွက်လာပြီး သွေးလှောင်ကန်မှာ ဝုန်းးးဆိုသည့်အသံနှင့်အတူ ပြိုလဲကျလာသည်။ တချိန်တည်းမှာပင် အကျိုးအပျက်များကြားမှ လူတစ်ယောက် ကုံးရုန်းထလာ၏။ ထိုလူကား ပိုင်ရှောင်ချန်းပင် ဖြစ်ချေသည်။

ရုတ်ရုတ်သဲသဲဖြစ်သည့်အသံများကြားရသည့်အချိန်တုန်းက သူသည် သွေးလှောင်ကန်၏အောက်ခြေတွင် ပျော်ပျော်ကြီး ကျင့်ကြံနေခဲ့သည်။ သူက ဖြစ်ပျက်နေသည်များကိုပင် သွားရောက်စစ်ဆေးရန် အချိန်မရလိုက်ဘဲ သွေးလှောင်ကန်၏အပေါ်ပိုင်းမှာ ပျက်စီးသွားတော့သည်။ သူက ထိခိုက်မှုမရှိ သော်လည်း ထိတ်လန့်တုန်လှုပ်သွားလေသည်။ သူမက ဤကဲ့သို့ အလွန်အမင်း အစွမ်းထက်သောဖိအားတစ်ခုကိုဖန်တီးရန် မည်သည့် ထူးဆန်းသောရတနာတစ်ခုကို သုံးခဲ့မှန်း သူမသိချေ။ ထိုကြောင့် အစောပိုင်းတွင်သူက သူမအားရှာမတွေ့ရခြင်းဖြစ်လေသည်။

” နားထောင်ပါဦး…ကျုပ်တို့အားလုံးက လက်ရွေးစင်တွေပဲလေဗျာ။ ဒါကြောင့်မို့ကျေးဇူးပြုပြီး ကျုပ်ပြောတာနားထောင်…..”

ရွှယ်မေ့မှာ သူ့အားတည်တည်ငြိမ်စွာကြည့်နေသည်။ သူမ၏ဘဝတွင် ပိုးမွှားအဖြစ် မမြင်ခဲ့သောလူအနည်းငယ်သာရှိသော်လည်း ထိုလူစာရင်းတွင် ညမုဆိုး မပါဝင်ချေ။

သူမက လက်ချောင်းကိုနောက်တကြိမ် ဝှေ့ယမ်းလိုက်သည့်အခါ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ပူထူသွားလေ၏။ ၎င်းမှာ ရေစီးကြောင်းကိုးခု၏ စွမ်းအားများ ဖြစ်သည်။

သူမက လက်ချောင်းလေးအား ဝှေ့ယမ်းလိုက်ရုံမျှသာဖြစ်သော်လည်း စွမ်းအားများမှာ တစ်လွှာပြီးတစ်လွှာပါဝင်နေပြီး ပိုင်ရှောင်ချန်းအပေါ် သို့ ကျဆင်းနေသည်။

ပိုင်ရှောင်ချန်းမှာ ဒေါသထွက်သွားလေသည်။ သူ၏ထင်မြင်ချက်အရ သူတို့အားလုံးမှာ လက်ရွေးစင်များဖြစ်ကြလေသည်။ ထို့ကြောင့်သူတို့က ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးရန်မဖြစ်နိုင်မည့် အကြောင်းပြချက်မရှိပေ။ အဘယ်အတွက်ကြောင့် သူတို့မှာ အသက်နှင့်ရင်းသည့်တိုက်ပွဲတွေကို အလျင်အမြန်ပြုမူနေလိုကြပါသနည်း။ သို့သော် ယခုအခါ သူ၏သွေးချီများအား ထုတ်သုံးရန်မှလွဲ၍ သူ့ထံတွင် ရွေးချယ်စရာမရှိတော့ပေ။ သူ၏လက်ကို ခေါင်းအပေါ်အထိမြှောက်ကာ ပုံစံပေါ်လာသည့်သွေးဓားအားဆုပ်ကိုင်လိုက်ပြီးနောက် ရှေ့သို့ ခုတ်ချလိုက်လေသည်။

ဝုန်းခနဲ မြည်ဟည်းသံ ပဲ့တင်ထွက်သွားပြီး ထိုနေရာပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တုန်ခါသွားလေသည်။ ထိုတုန်လှုပ်ဖွယ်လှိုင်းကြီးပျံ့နှံ့သွားသည့်အချိန် ပိုင်ရှောင်ချန်း၏ဆံနွယ်များမှာ ပြင်းထန်စွာ လွင့်ပျံနေတော့သည်။ ရွှယ်မေ့၏မျက်လုံးမှာ အလင်းရောင်တစ်ချက်လက်သွားပြီးနောက် သူမက အေးစက်စက်လှောင်ရယ်လိုက်သည်။

” မဆိုးဘူး ” သူမက အေးစက်စက်ပြောလိုက်သည်။
” ဒါပေမဲ့ အပြင်အားက အပြင်အားပါပဲ။ သွေးချီတွေ ပိတ်လှောင်စမ်း…” သူမ၏ညာလက်ဖြင့် မန္တန်လက်ကွက် ဖော်လိုက်ပြီးနောက် လက်ချောင်းဖြင့် ညွှန်လိုက်သောအခါ ခေါင်းဆောင်ပေါ်လာခဲ့စဥ်ကအတိုင်း တူညီသောအရာတစ်ခု ဖြစ်ပွားလာခဲ့သည်။

ပိုင်ရှောင်ချန်း၏ပတ်လည်ရှိ သွေးချီများမှာ တုန်ခါသွားပြီး အရပ်မျက်နှာအသီးသီးသို့ပျံ့နှံ့ကုန်ကြသည်။ ပိုင်ရှောင်ချန်းက လှည့်ပတ်ကြည့်ရှုလိုက်သောအခါ မြေပြင်ပေါ်ရှိ မန္တန်အစီအရင်များ၏လက္ခဏာများကို ချက်ချင်းပင်မြင်သွားတော့သည်။

သူမက ခေါင်းဆောင်ကြီးအတုမဲ့ ကဲ့သို့ အလယ်တောင်တစ်ခုလုံးအား မထိန်းချုပ်နိုင်သော်လည်း သေးငယ်သည့်နေရာအနည်းငယ်ကိုတော့ ထိန်းချုပ်နိုင်လေသည်။

” ဒီအချိန်မှာတော့…” သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
” နင်က ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး ” ထို့နောက်သူမက ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးသွားလေသည်။ ပိုင်ရှောင်ချန်း မျက်နှာပျက်သွားတော့သည်။ ထိုနေရာရှိသွေးချီများမှာ အဖိနှိပ်ခံထားရသော်လည်း အကယ်၍ သူသာဆန္ဒရှိခဲ့လျှင် ယခင်ကအတိုင်း ထိန်းချုပ်မှုမှ လွတ်မြောက်အောင်လုပ်နိုင်လေသည်။ သို့သော် သူသာထိုသို့လုပ်ခဲ့လျှင် အခြားသူများအားမသိစေချင်သော လျှို့ဝှက်ချက်တချို့အားလှစ်ပြလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

သူတို့ တစ်ဦးနှင့်တစ်ဦးထိပ်တိုက်တွေ့ဆုံသွားပြီး ဝုန်းခနဲ မြည်ဟည်းသံကြီးထွက်လာလေသည်။ ပိုင်ရှောင်ချန်းမှာ ဒယိမ်းဒယိုင်ဖြင့်နောက်ဆုတ်လိုက်ပြီး ဒေါသအကြီးအကျယ်ထွက်သွားသည်။ ရွှယ်မေ့မှာမူ မျက်လုံးတွေထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောက်နေသည်။ သူမက နောက်ထပ်လက်ကွက်ဖော်ကာ သွေးအဆင်းရှိဇီးပွင့်များကိုဆင့်ခေါ်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ပစ်လွှတ်လိုက်လေသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးထဲတွင် ခက်ထန်ကြမ်းကြုတ်သော အကြည့်များပေါ်လာသည်။ ရွှယ်မေ့မှာ စုန့်ချွဲထက်ပင်ပို၍ အင်အားကြီးမားပြီး သူ၏ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်သည့်အချိန်မှစ၍ တိုက်ခိုက်ခဲ့ရသူများထဲတွင် အင်အားအကြီးဆုံးရန်သူဖြစ်လေသည်။ သူမအား မည်သို့ရင်ဆိုင်ရမည်ကို သူစဥ်းစားေနစဥ် တခစ်ခစ်ရယ်မောသံတစ်သံရုတ်တရက်ဘလွင့်ပျံလာ၏။

” ဘယ်လို ကိစ္စမျိုးကြောင့် သခင်မလေး ရွှယ်မေ့က ဒီရောက်လာရတာလဲ ။ ဘာပြဿနာများ ရှိလို့လဲ…။ ဂိုဏ်းတူမောင်လေး ညမုဆိုးကို သဘောမကျဘူးလား ” နောက်ထပ် ရယ်မောသံထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏အရှေ့တွင် အလယ်တောင်၏မဟာအကြီးအကဲ စုန့်ကျင်းဝမ်ပေါ်လာလေသည်။

သူမသည် အရင်ကနှင့်မတူ ကွဲပြားသောဝတ်စုံကို ၀တ်ဆင်ထားသည်။ သို့သော် ထိုဝတ်စုံမှာ သူမ၏တခြားဝတ်စုံများကဲ့သို့ ကျစ်လျစ်တောင့်တင်းသော သူမ၏စွဲမက်ဖွယ်ခန္ဓာကိုယ်ကို ဖုံးကွယ်စေခြင်းငှာ မစွမ်းသာချေ။ သူမက ထိုဝတ်စုံကို အသက်အောင့်ကာ ဝတ်ထားရသည့်အလား သူမနှင့် တင်းကြပ်နေပြီး ဝတ်စုံအောက်မှ ရုန်းကြွနေသော ရှိုက်ဖိုကြီးငယ်တွေကို အရှင်းသား မြင်နေရကာ ဖြူဆွတ်နေသော နို့နှစ်ရောင်အသားအရည်နှင့်ပါ ပေါင်းစပ်လိုက်လျှင် သူမမှာ လွန်စွာချစ်ခင်မြတ်နိုးဖွယ် ညှို့ငင်ဖမ်းစားနိုင်သော မိန်းမပျိုတစ်ယောက်ဖြစ်နေတော့သည်။

သူမ၏ စကားများထွက်ပေါ်လာသည့်အခါ သွေးရောင်ဇီးပွင့်များမှာ လေထဲတွင်ရပ်တန့်သွားကြလေသည်။ စုန့်ကျင်းဝမ်၏ဆံနွယ်များမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ကိုယ်သင်းရနံ့လေးသည်လည်း မွှေးကြိုင်နေတော့သည်။ သူမက အခြားအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအားလုံးကို ရမ္မက်ဇောအဟုန်ထကြွစေလျက် သက်ပြင်းမောကို ချစေနိုင်သည့် မက်မွန်သီးမှည့်လေးတစ်လုံးနှင့် တူနေချေသည်။ သူတို့၏ပါးစပ်များ ခြောက်ကပ်လာပြီး နှလုံးခုန်ရင်တုန်ဖွယ် အလှပိုင်ရှင်လေးကို မကြည့်မိစေရန် ခေါင်းကိုသာ ငုံ့ထားလိုက်ကြတော့သည်။

သူမအား ပိုင်ရှောင်ချန်းတစ်ယောက်သာ စူးစူးရဲရဲ စိုက်ကြည့်နေလေ၏။ ထို့နောက် သူက မတရား အနိုင်ကျင့်ခံနေရသည့်လေသံဖြင့် ပြောလိုက်လေသည်။

” အစ်မတော်စုန့်…. တကယ်လို့အစ်မတော်သာ ဒီထက်နည်းနည်းနောက်ကျခဲ့ရင် ကျုပ်ရဲ့ သနားစရာအသက်လေးကို ဆုံးရှုံးရတော့မှာဗျ…”


Comment

Leave a Reply

Options

not work with dark mode
Reset