ရီဖူရှင်းက ဧကရာဇ်ရီချင်အား နားမလည်သလို ကြည့်လိုက်သည်။ သူ၏ မွေးစားအဖေကလည်း ထို့အတူ ပြောခဲ့သည်။ သူတို့က အဘယ်ကြောင့် သူ့အား ထိုမျှ မျှော်လင့်ထားကြသည်ကို သူသိလိုလှသည်။
သူ၏အဖေက သူ၏မူလဝိညာဉ်မှာ သူ၏ဘိုးဘေးထံမှ အမွေဆက်ခံရရှိခဲ့ခြင်းဟု ပြောခဲ့သည်။ သို့သော်လည်း ဧကရာဇ်ရီချင်နှင့် လူဝံကြီးတို့က သူ၏မူလဝိညာဉ်အား မှတ်မိသည်မှာ သိသာထင်ရှားသည်။
“ကျွန်တော်က ဧကရာဇ်ဖြစ်လာဖို့ မတွေးရဲပါဘူး… ကျွန်တော် ဘယ်သူလဲဆိုတာပဲ ပြောပြလို့ရမလား…” ရီဖူရှင်းက မေးလိုက်သည်။
“ကလေး… မင်းက ကိုယ့်ကိုယ်ကိုယ်… ယုံဖို့ လိုတယ်… မင်းရဲ့ မူလဝိညာဉ်ကြောင့် မင်းဟာ ဧကရာဇ်ဖြစ်ဖို့ ကံပါလာတယ်…” ဧကရာဇ်ရီချင်က တစ်ဝက်တစ်ပျက် ပြောလိုက်သည်။ ရီဖူရှင်းကား ရှင်းလင်းခြင်းမရှိသော အဖြေအတွက် စိတ်ပျက်သွားသည်။ “စီနီယာက ကျွန်တော့်ကို စောင့်နေတာ မဟုတ်ဘူးဆိုရင် ကျွန်တော် သွားတော့မယ်…”
“မင်းမှားနေပြီ…” ဧကရာဇ်ရီချင်၏ အကြည့်တွင်ကား ကြင်နာမှုများ အပြည့်ပါဝင်သည်… “ဒီလို အခြေအနေမျိုးမှာ ဆုံတွေ့ရတာကိုပဲ ဝမ်းနည်းမိတာ… ဒါပေမဲ့ မင်းကလွဲရင် ငါ့ရဲ့စွမ်းရည်တွေကို ဆက်ခံဖို့ ဒီထက် သင့်တော်မည့်လူ မရှိတော့ဘူး…”
“ခင်ဗျားရဲ့ ရတနာတွေလား… ကျွန်တော့်ကို အကုန်ပေးမှာလား…” ရီဖူရှင်းကား အံ့အားသင့်သွားသည်။
“အင်း… ငါ့ရဲ့ မူလဝိညာဉ်… ငါ့ရဲ့ ကိုယ်ပိုင်သိုင်းကွက်တွေ… တခြားအရာတွေ…” ဧကရာဇ်ရီချင်က ခေါင်းညိတ်လိုက်သည်။
“ကျွန်တော့်သူငယ်ချင်းကို သိုင်းပညာတွေ သင်ပေးလို့ရမလား… သူက တိုက်ခိုက်ရေးမှာ အရမ်းထူးချွန်တယ်…” ရီဖူရှင်းကား ယူချင်းအတွက် တွေးနေသည်။ ယူချင်းက သည်ပညာများနှင့် သင့်တော်သည်ဟု သူယူဆသည်။
“သူ့မျိုးရိုးနာမည်က… ယူ… လား…” ဧကရာဇ်ရီချင်က မေးလိုက်သည်။
“ခင်ဗျား ဘယ်လိုသိလဲ…” ရီဖူရှင်း အံ့အားသင့်သွားသည်။
“တကယ်လို့ မင်းသာ ဒီကမ္ဘာမှာ မမွေးဖွားလာခဲ့ဘူးဆိုရင် သူက ငါ့ရဲ့ ပညာအမွေတွေကို ဆက်ခံဖြစ်လိမ့်မယ်… ဒါပေမဲ့ မင်းရှိနေမှတော့ မင်းက အရာအားလုံးကို ပိုင်ဆိုင်သင့်တယ်… သူက မင်းကို ကူညီဖို့အတွက်ပဲ မွေးဖွားလာတာ…” ဧကရာဇ် ရီချင်က သူ၏အကြံပေးမှုကို ငြင်းလိုက်သည်။ ရီဖူရှင်း ဝမ်းနည်းသွားသည်။ ယူချင်းအတွက် မမျှတသလို ခံစားရသည်။
“ကလေး… ငါ့အတွက် အချိန်သိပ်မရှိတော့ဘူး… ငါက မင်းကြီးပြင်းလာတာကို မြင်ချင်တယ် ဆိုရင်တောင်မှ…” ဧကရာဇ် ရီချင်ကား ဝမ်းနည်း၍ ထင်သည်… အသံက တိုး၍ တိမ်ဝင်သွားသည်။
ရီဖူရှင်းက သူ့အားကြည့်၍ မေးလိုက်သည်… “ကျွန်တော်နဲ့ ခင်ဗျားနဲ့ ဘယ်လိုတော်စပ်လဲ … ပြောပြပေးလို့ရမလား…”
ဧကရာဇ် ရီချင်က ခေါင်းခါလိုက်သည်။ သူက ရီဖူရှင်းအား ဝမ်းနည်းမှု အငွေ့အသက်များ လွှမ်းနေသော အကြည့်ဖြင့် နူးညံ့စွာ ကြည့်လိုက်သည်။ မကြာခင် ထို ဧကရာဇ်ရီချင်၏ပုံရိပ်က အလွန်တောက်ပလာကာ ရီဖူရှင်၏နဖူးသို့ တိုးဝင်သွားသည်။ ထိုအခိုက် ရီဖူရှင်းကား အပ်အစင်းပေါင်း မြောက်မြားစွာက သူ၏ဦးနှောက်အား ထိုးစိုက်နေသလို ခံစားလိုက်ရကာ ထိုနာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်ကား တဆတ်ဆတ် တုန်ယင်နေသည်။
“ဒါက တတိယ အကြိမ်ပဲ…” ရီဖူရှင်း စိတ်ပျက်သွားသည်။ ထို့နောက် သူ၏အသိစိတ် ပျောက်ဆုံးသွားကာ လောကကြီးတစ်ခုလုံး မှောင်မိုက် သွားလေတော့သည်။
သူ ပြန်နိုးလာသောအခါ… ယူချင်းနှင့် ဟွာဖန်းလူတို့က သူ၏ဘေးတွင် ထိုင်နေကြသည်ကို တွေ့ရသည်။ သူတို့နှစ်ယောက်လုံး ရုပ်တုကြီးအထဲသို့ ရောက်နေကြပြီဖြစ်သည်။ လူဝံကြီးနှင့် သားရဲများက အပြင်မှ စောင့်ကြပ်နေကြသည်။
“မင်း အရမ်း ကံကောင်းတယ်…” ဟွာဖန်းလူက ရီဖူရှင်းအား ကြည့်လိုက်သည်။ ရှာဖန်ကား ဧကရာဇ်ရီချင်၏ ရတနာများအား ရယူရန် အလွန် အစွမ်းထက်သော အကာနာအဆင့်ရှိ ဓားသမားအား ဖိတ်ခေါ်ခဲ့သည်။ သူတို့က ချင်းကျူမြို့ကို တိုက်ခိုက်ရန် သားရဲအုပ်များကိုပင် မောင်းသွင်းခဲ့ကြသည်။ သို့သော်လည်း သူတို့လုပ်သမျှ အားလုံးက ရီဖူရှင်းကို ကူညီသလို ဖြစ်နေသည်။
ရီဖူရှင်းက မချိပြုံး ပြုံးလိုက်သည်။ သူကား ဖြစ်ပျက်ခဲ့သမျှ အားလုံးကို စိတ်ရှုပ်ထွေးကာ နားလည်ရ ခက်နေဆဲဖြစ်သည်။
သူက မျက်လုံးများအား မှိတ်လိုက်ကာ သက်စောင့်ဟော်နန်းထဲသို့ ဝင်လိုက်သည်။ သူ၏သက်စောင့် ဟော်နန်းတွင်ကား အခြား သက်စောင့်ဝိညာဉ်တစ်ခု ပေါ်ပေါက်နေပြီဖြစ်သည်… ထိုအရာကား မျက်လုံးအစုံဖြစ်သည်။ တိတိကျကျပြောရလျှင် မုန်တိုင်း မျက်လုံးများဖြစ်သည်။ ထိုမျက်လုံးများကား လုံးဝအနက်ရောင်ဖြစ်ပြီး သေချာကြည့်လျင် မဆုံးနိုင်သော အနက်ရောင် တွင်းကြီးနှင့် တူလှသည်။ ထိုသက်စောင့်ဝိညာဉ်၏ အထဲတွင် ကြောက်မက်ဖွယ် စိတ်ဝိညာဉ်များ ထုထည်ကြီးမားစွာ တည်ရှိနေသည်။ ထိုသက်စောင့်ဝိညာဉ် အစစ်ကား တန်ခိုးကျင့်ခြင်းထက် အမွေလက်ခံရရှိခြင်းဟု ပြောနိုင်သည်။ သူ ကံကောင်းသည်ကို ရီဖူရှင်း လက်ခံရမည်ဖြစ်သည်။
မကြာမီ သူ၏မျက်လုံးများအား ဖွင့်လိုက်သည်။ ထိုအခိုက်တွင် သူ၏မျက်လုံးများက မုန်တိုင်းမျက်လုံးများအဖြစ် ပြောင်းလဲသွားသည်။ နက်ရှိုင်းသော စိတ်စွမ်းအင်များက သူ၏မျက်လုံးတွင် ပြည့်နှက်နေသည်။ ဟွာဖန်းလူကား ရီဖူရှင်း၏ စွမ်းရည်အသစ်အား ကြည့်ကာ အံ့အားသင့်သွားသည်။ သူက ဧကရာဇ်၏ အငွေ့အသက်များအား ထိုမျက်လုံးများမှ ခံစားနေရသည်။
သူ၏မျက်လုံးများက ပုံမှန်သို့ ပြန်ပြောင်းသွားသည်။ ဟွာဖန်းလူက မေးလိုက်သည်… “စိတ်စွမ်းအင်လား…”
“အင်း… ဒါက တောကောင် ထိန်းချုပ်ပညာပဲ…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ မှော်ဓာတ်စွမ်းအင် ခုနစ်မျိုးအပြင် အခြားအထူးပြု မှော်ထိန်းချုပ်သူများ ရှိသည်။ ဥပမာ ဟွာဖန်းလူမှာ ဂီတပညာကို အထူးပြုသည်။ ထို့အပြင် တောကောင် ထိန်းချုပ်သူများလည်း ရှိသည်။ အမှန်တကယ်ကား ထိုထူးခြားသော မှော်ထိန်းချုပ်သူများမှာ အများအားဖြင့် စိတ်စွမ်းအား ပညာရှင်များ ဖြစ်ကြပြီး သူ၏ရန်သူများအား စိတ်စွမ်းအင် ဓာတ်သဘာဝများဖြင့် တိုက်ခိုက်ကြလေ့ ရှိသည်။
“ဒါဆို ဧကရာဇ် ရီချင်က တောကောင် ထိန်းချုပ်သူပေါ့…” ဟွာဖန်းလူက ရေရွတ်လိုက်သည်။
“ပြီးတော့ သူက ထူးချွန်တဲ့ သိုင်းပညာရှင်ပဲ…” ရီဖူရှင်းက အမှတ်ရလာကာ ထပ်ပြောလိုက်သည်။
“စိတ်စွမ်းအင် အထူးပြု မှော်ထိန်းချုပ်သူတွေက တိုက်ခိုက်တဲ့အပိုင်းမှာ အားကောင်းကြပေမဲ့ ခုခံရာမှာ အားနည်းကြတယ်… ဒီအတွက်ကြောင့်ပဲ သူ့ရဲ့ ပညာတွေကို သိုင်းပညာနဲ့ အားကောင်းအောင် မွမ်းမံတာပဲ… ဒါက သူ့ကို ပြည့်စုံစေတယ်…” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။ ဧကရာဇ်ရီချင်ကား ကောင်းကင်ဒေသ တစ်ခုလုံးအား စုစည်းနိုင်ခဲ့သော သမိုင်းဝင် ပုဂ္ဂိုလ်ကြီးဖြစ်ကာ သူ၏စွမ်းရည်များကား နှိုင်းယှဉ်မရအောင် သာလွန် ထက်မြက်နေမည်မှာ သေချာလှသည်။
“မင်းလက်ခံရရှိတဲ့ စွမ်းရည်တွေကို လေ့လာဖို့ အချိန်ယူလိုက်ဦး…” ဟွာဖန်းလူကား ရီဖူရှင်း၏အခြေအနေနှင့် ပတ်သက်၍ ပျော်ရွှင်ရသည်။
“ကောင်းပြီ…” ရီဖူရှင်းက မျက်လုံးများအား မှိတ်လိုက်သည်။ ထိုမှတ်ညဏ် အပိုင်းအစများကား သူ၏စိတ်နယ်ပယ်ထဲတွင် လူးလွန့် လှုပ်ရှားနေကြသည်။ သူက နဂါးကြီးတစ်ကောင် တိမ်တိုက်ထဲတွင် ပျံသန်းနေသည်ကို မြင်သည်။ ကောင်းကင်တွင် ငှက်တစ်ကောင် ပျံသန်းနေသည်။ ထို့အပြင် လူဝံကြီးက မြေကြီးအား ဆောင့်ကန်နေသည်။ ထိုအရာများကား အမှန်တကယ် ဖြစ်ပျက်နေသည်နှင့် တူလှကာ သူက ကိုယ်တိုင် ထိတွေ့၍ ရသည်ဟုပင် ထင်မြင်မိသည်။
“နဂါးက ငါ့ကို ကြံ့ခိုင်မှုကို ပေးတယ်… လူဝံက ငါ့ကို အားအင်တွေပေးတယ်… ငှက်က ငါ့ကို လျင်မြန်မှုကိုပေးတယ်… ငါက သူတို့တွေကို သုံးပြီး ငါ့ခန္ဓာကိုယ်ကို ပြည့်စုံအောင် ဖန်တီးတယ်…”
ရီဖူရှင်းအား အလွန်အံ့အားသင့် ထိတ်လန့်သွားသည်။ သူကား နဂါးကြီး၏ဝိညာဉ်အား ပိုင်ဆိုင်ပြီးဖြစ်သည်။ ယခုသူက လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးပြီး လူဝံကြီးနှင့် ငှက်ကြီးထံမှ ဝိညာဉ်ကို ဖော်ထုတ်နေပြီ ဖြစ်သည်။ တဖြည်းဖြည်းဖြင့် လေ၊ မြေနှင့် စိတ် စွမ်းအင်များက သူ၏ကိုယ်ခန္ဓာတွင် လှည့်ပတ်လာနေကြကာ သူ၏သက်စောင့်ဟော်နန်းတွင် သက်စောင့်ဝိညာဉ် အသစ်များ ဖြစ်ပေါ်လာနေကြသည်။
ရီဖူရှင်းက ဧကရာဇ်ရီချင်က အဘယ်ကြောင့် သူ၏ပညာအမွေများအား ယူချင်းထက် သူ့ကို ဆက်ခံစေခြင်းကို နောက်ဆုံးတွင် နားလည်လိုက်သည်။ ရီဖူရှင်းကား သူ၏သက်စောင့်ဝိညာဉ်ကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်း ရှိပေသည်။
မကြာမီ သူ၏သက်စောင့်ဟော်နန်းတွင် သက်စောင့်ဝိညာဉ် အသစ်နှစ်ခု ဖြစ်ပေါ်လာသည်။
သူ၏သက်စောင့်ဟော်နန်းတွင် သက်စောင့်ဝိညာဉ် အများအပြားရှိနေပြီး ဖြစ်ကာ သူတို့မှာ မူလဝိညာဉ် ကမ္ဘာသစ်ပင်၊ နေ၊ မိုးကြိုးနဂါး၊ ကု့ချင်း၊ မုန်တိုင်းမျက်လုံး၊ ငှက်နှင့် လူဝံတို့ဖြစ်ကြသည်။ ပို၍ထူးခြားသည်ကား ငှက်တွင် ဓာတ်စွမ်းအင်နှစ်မျိုး ပါဝင်ပြီး ၎င်းတို့မှာ လေဓာတ်နှင့် သတ္တုဓာတ်တို့ ဖြစ်သည်။
သူက မျက်လုံးများအား ဖွင့်လိုက်ပြီး ဟွာဖန်းလူနှင့် ယူချင်းအား နားမလည်သလို ကြည့်လိုက်သည်။
“မင်း ဘာကိုကြည့်နေတာလဲ…” ဟွာဖန်းလူက မေးလိုက်သည်။ သူက ရီဖူရှင်း၏မျက်နှာပေါ်မှ ထူးဆန်းသော အပြုံးအား သတိထားမိသည်။
“ဆရာ… ကျွန်တော့်ရဲ့ သက်စောင့်ဟော်နန်းမှာ သက်စောင့်ဝိညာဉ်တွေ များပြားလွန်းတယ်… ဧကရာဇ်ရီချင်ဆီက ရတဲ့ စွမ်းရည်တွေကလည်း အဆင့်မြင့်လွန်းတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။
ဟွာဖန်းလူ အနည်းငယ် ရှက်သွားသည်။ သူ့တွင် မူလဝိညာဉ် တစ်ခုတည်းသာရှိပြီး ထိုအရာကား ဖျက်ဆီးခံခဲ့ရပြီးဖြစ်သည်။ သူက ဒေါသထွက်ဟန်ဆောင်ကာ အော်လိုက်သည်… “ဒီနေရာက ထွက်သွား…”
ရီဖူရှင်းက ရယ်မောလိုက်သည်။ သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ ပြောလိုက်သည်… “ဆရာ… ဆရာက အရမ်း ကံကောင်းတာပဲ… ဒီလို ကံကောင်းတဲ့ သမက်တစ်ယောက် ရတာ…”
ထိုအခိုက်တွင်ပင် ယူချင်းက ရီဖူရှင်းမှာ မည်မျှ မျက်နှာပြောင်သည်ကို နားလည်လိုက်သည်။
ဟွာဖန်းလူအတွက်ကား သူကား ရီဖူရှင်း၏ -င် အား ကန်ကျောက်လုနီးပါးပင်။
***
နောက်တစ်လအတွင်းပင် ရီဖူရှင်းကား တီအန်ယွာတောင်ပေါ်တွင် တန်ခိုးကျင့်နေသည်။ လူဝံကြီး ဦးဆောင်သော သားရဲကောင်ကြီးများက ထိုနေရာအား မည်သူမျှ ချဉ်းကပ်မလာနိုင်အောင် စောင့်ကြည့်နေကြသည်။
ရီဖူရှင်းကား သားရဲကောင်ကြီးများနှင့် သူ၏ပညာရပ်များအား လေ့ကျင့်နေသည်။
နွားသိုးကြီးက ရီဖူရှင်းထံ ကန်ကျောက်လိုက်သည်။ သို့သော်လည်း ရီဖူရှင်းကား ရှောင်လွှဲရန်ပင် မကြိုးစားတော့ပေ။ သူက နွားသိုးကြီးအား ပြန်လည်တိုက်ခိုက်ရန် တိုက်ရိုက်ပင် ခုန်ဝင်သွားသည်။ သူက ရှေ့သို့ ခုန်ဝင်လိုက်လျှင် သူ၏ကိုယ်မှ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ သူက နွားသိုးကြီးထံ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးကား လူဝံကြီးထံမှ ထွက်ပေါ်လာသကဲ့သို့ အားပြင်းလှသည်။
ကျယ်လောင်သော အသံတစ်ချက် ထွက်လာပြီး နွားသိုးကြီးမှာ ထိုလက်ဝါးချက်ကြောင့် အဝေးသို့ လွင့်စဉ်သွားသည်။
ရီဖူရှင်းက နွားသိုးကြီးအား အလွယ်တကူ မလွှတ်ပေးနိုင်ပေ။ သူက လျင်မြန်စွာ ခုန်ဝင်သွားပြီး လည်မျိုမှကိုင်ကာ ကိုင်ပေါက်လိုက်သည်။
သူ၏တိုက်ခိုက်မှုက နောက်ပုံစံတစ်မျိုးသို့ ပြောင်းသွားသည်။ ရီဖူရှင်းကား သူ့တွင် အတောင်ပံများပါသကဲ့သို့ပင် ငှက်တစ်ကောင်ကဲ့သို့ ပျံသန်းသွားသည်။
သစ်နက်ကြီးကလည်း စတင် တိုက်ခိုက်လိုက်သည်။ သို့သော် ရီဖူရှင်းကား လျင်မြန်လွန်းရကား သူ၏တိုက်ခိုက်မှုက လွဲသွားသည်။ သူက ရီဖူရှင်းထံမှ တန်ပြန်တိုက်ခိုက်မှု လာနေသည်ကို မြင်၏။ သို့သော် သူကား အလွန် နောက်ကျသွားလေပြီ။ ရီဖူရှင်း၏လက်များက ငှက်တစ်ကောင်၏ တောင်ပံများလိုပင်…။ ထိုလျှပ်စီးကဲ့သို့မြန်သော တိုက်ခိုက်မှုက သစ်နက်ကြီးအား ဒဏ်ရာရစေကာ လွင့်စဉ်သွားပြန်သည်။
အခြားသော သားရဲများကလည်း ဝန်းရံလာကြသည်။ သူတို့ကား ရီဖူရှင်းနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီး ဖြစ်သည်။
“အခု မင်းရဲ့ကိုယ်က နဂါးတစ်ကောင်လို လှုပ်ရှားနိုင်ပြီး လူဝံကြီးလို သန်မာနေပြီ။ ပြီးတော့ မင်းက ငှက်တစ်ကောင်လို လျင်မြန်တယ်… ဒီတစ်လအတွင်း မင်းက အတော် တိုးတက်လာတယ်..”
“ဒီ နတ်သတ္တဝါ အစစ်အမှန်တွေရဲ့ စွမ်းရည်တွေကို လိုက်မီဖို့ကတော့ အဝေးကြီး လိုပါသေးတယ်…” ရီဖူရှင်းက သူ၏စိတ်နယ်ပယ်ထဲမှ ပုံရိပ်များအား မှတ်မိနေသည်။
ဟွာဖန်းလူက သည်အရာကို နားလည်သည်။ သူကပြောလိုက်သည်… “မင်းရဲ့ကိုယ်ထဲက စွမ်းရည်အစစ်အမှန်ကို ထုတ်ပြဖို့ မင်းရဲ့ တန်ခိုးအဆင့်က အရမ်းနိမ့်နေတယ်… မင်းက အခုမှ ကောင်းကင် ကြယ်နှစ်ပွင့် အဆင့်ပဲရှိသေးတယ်… မင်းက ဒီလို နတ်သတ္တဝါတွေနဲ့ ယှဉ်လို့ ဘယ်ရပါ့မလဲ…”
ရီဖူရှင်းက ထိုအချက်အား နားလည်သည်။ သူက လူဝံကြီးအား ကြည့်ကာ ပြောလိုက်သည်… “ကျွန်တော် သွားရတော့မယ်…”
“ကောင်းပြီ… ဘယ်တောကောင်ကို မင်းနဲ့အတူ ခေါ်သွားမယ် စိတ်ကူးထားလဲ… မင်းရဲ့ စိတ်စွမ်းအင်က အဆင့်မြင့် သတ္တဝါကြီးတွေကို မထိန်းနိုင်သေးပေမဲ့ ဓမ္မအဆင့် တောကောင်တွေကို တော့ ထိန်းချုပ်နိုင်တယ်…” လူဝံကြီးက ပြောလိုက်သည်။
“ခင်ဗျားက ကျွန်တော်နဲ့ မလိုက်ဘူးလား…” ရီဖူရှင်းက ခေါ်လိုက်သည်။ အကယ်၍ လူဝံကြီးသာ သူနှင့် လိုက်မည်ဆိုပါက သူကား အရှေ့ပင်လယ်ဒေသတွင် စွမ်းအား အမြင့်ဆုံး မှော်ဆရာ ဖြစ်ပေမည်။
“မရဘူးကောင်လေး… ငါဒီမှာ နေရမယ်… ငါဒီမှာ ရှိနေသရွေ့ ပညာအမွေတွေက မရှိတော့ဘူးဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး… သတိရပါ… မင်းက ဒီပညာအမွေတွေကို ဆက်ခံခဲ့တယ်ဆိုတာ ဘယ်သူမှ မသိစေနဲ့”
“မဟုတ်ရင် ဒီလောဘကြီးတဲ့ အကောင်တွေ…” လူဝံကြီးက ဆက်မပြောတော့ပေ။ လူတိုင်းက သူ ဘာပြောချင်သည်ကို နားလည်ကြသည်။
ရီဖူရှင်းက သူ၏ပတ်ဝန်းကျင်မှ တောကောင်ကြီးများအား ကြည့်လိုက်သည်။ သူကား စောင့်ကြည့်ခံရနိုင်ခြေရှိကာ အလွန်အားကောင်းပုံရသော တောကောင်များအား မရွေးမိရန် လိုပေသည်။ ထိုမှသာလျှင် သူ့အား သံသယမဝင်ကြမည် ဖြစ်သည်။
“သိမ်းငှက်နက်ကြီးကို ခေါ်ပေးနိုင်မလား…” ရီဖူရှင်းက မေးလိုက်သည်။
“ရတာပေါ့…”လူဝံကြီးက သဘောတူလိုက်သည်။ ထို့နောက် ဓမ္မအဆင့် သိမ်းငှက်နက်ကြီးအား ခေါ်လိုက်သည်။
ရီဖူရှင်းက သိမ်းငှက်နက်ထံသို့ လျှောက်သွားလိုက်သည်။ သူက မုန်တိုင်းမျက်လုံး သက်စောင့်ဝိညာဉ်ကို အသုံးပြု၍ သူ၏မျက်လုံးထံမှ စွမ်းအင်အချို့စတင် ထုတ်လွှတ်လိုက်သည်။
သိမ်းငှက်နက်ကြီးအား မခုခံနိုင်စေရန် လူဝံကြီးက စိုက်ကြည့်လိုက်သည်။ သိမ်းငှက်နက်ကြီးကား လေဓာတ်အသုံးပြု တောကောင်ကြီး ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်စွမ်းအင်မှာလည်း ဓမ္မအဆင့်ဖြစ်သည်။ လူဝံကြီး၏ အကူအညီမပါဘဲ သူကား သိမ်းငှက်နက်ကြီးကို ထိန်းချုပ်ရန် ခက်ခဲလှသည်။
သည်တစ်ကြိမ်ကား တောကောင် ထိန်းချုပ်စွမ်းရည်ကို အသုံးပြုခြင်းမှာ ရီဖူရှင်းအတွက် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ထိုသိမ်းငှက်နက်ကြီး၏ပုံစံက သူ၏မျက်ခုံးတွင် လာရောက် တံဆိပ်ရိုက်ထားသလို ခံစားလိုက်ရသည်။ သူ၏စိတ်စွမ်းအင်များက သိမ်းငှက်၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားကာ သူတို့နှစ်ဦးအကြား ဆက်သွယ်နိုင်သော စိတ်ဝိညာဉ် ကြိုးတစ်ချောင်း ဖြစ်ပေါ်လာသည်။ ထိုအရာကား မျက်လုံးဖြင့် မမြင်နိုင်ပေ။ စိတ်စွမ်းအင်ဖြင့်သာ ခံစားနိုင်သည်။ ထိုဖြစ်စဉ်အတွင်း သိမ်းငှက်နက်ကြီးကိုယ်ကား တဆတ်ဆတ် တုန်ခါနေသည်။
ရုတ်တရက် သိမ်းငှက်နက်ကြီးကား ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ပေ။ သူက နောက်ဆုံးတွင် လက်လျှော့လိုက်ကာ သူတို့၏အကြား စိတ်ဝိညာဉ်ချင်း ဆက်နွှယ်သွားသည်။
“ဟူး…” ရီဖူရှင်းက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သိမ်းငှက်နက်ကြီးကား နောက်ဆုံးတွင် သူ့ကို ဦးညွှတ်လိုက်ပြီ ဖြစ်သည်။
ဟွာဖန်းလူကား ရီဖူရှင်းက သိမ်းငှက်နက်ကြီးအား အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို နားလည်သည်။ ရီဖူရှင်းက ဟွာဂျီယူမှာ ထိုသိမ်းငှက်နက်ကြီးဖြင့် ထွက်ခွာသွားခဲ့သည်ကို အမှတ်ရနေဆဲပင် ဖြစ်သည်။
“နှုတ်ဆက်ပါတယ်… လူဝံကြီး…” ရီဖူရှင်းက လက်ပြလိုက်သည်။ ထို့နောက် ယူချင်းနှင့် ဟွာဖန်းလူတို့နှင့်အတူ သိမ်းငှက်နက်ကြီးပေါ်သို့ တက်လိုက်ကြသည်။ သူတို့က ဧကရာဇ်ရီချင်၏ရုတ်တုကြီးအား လေးစားစွာ ကြည့်လိုက်ကြသည်။
“အခုသွားတော့…” လူဝံကြီးက ခေါင်းညိတ်လိုက်သည်။
သိမ်းငှက်နက်ကြီးက လေထက်သို့ ပျံတက်လိုက်သည်။ ရီဖူရှင်း၏မြင်ကွင်းတွင် လူဝံကြီး။ ရုပ်တုကြီး။ ထိုသားရဲကောင်ကြီးများ တဖြည်းဖြည်း သေးငယ်သွားသည်။
“သွား… သူတို့ကို လိုက်ပို့လိုက်…” လူဝံကြီးက အမိန့်ပေးလိုက်သည်။ သားရဲကောင်ကြီးများက သူ၏အမိန့်ကို နာခံကာ ရီဖူရှင်း၏နောက်သို့ လိုက်သွားကြသည်။ မကြာမီပင် တီအန်ယွာတောင် အနီးတစ်ဝိုက်မှ လူများကား များစွာသော သားရဲကောင်ကြီးများကို တစ်ဖန် မြင်တွေ့ရပြန်သည်။ ထိုသားရဲအုပ်များ တစ်ဖန် ပြန်လာသည်ကို တွေ့ရကာ သူတို့ကား အလွန်အမင်း ထိတ်လန့်သွားကြသည်။
***