ညနေခင်းချိန်သို့ရောက်လာပြီဖြစ်ကာ ကောင်းကင်ယံတွင် လမင်းကြီး မြင့်တက်လာနေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အပြင်ဘက်တွင် လမင်းကြီးက အဖြူရောင်ဖြစ်သော်လည်း ဂိုဏ်းထဲမှကြည့်လျှင် ကြက်သွေးရောင်ဖြစ်နေသည်။
ဂိုဏ်းတစ်ခုလုံးကို သွေးရောင်အလင်းတန်းများက လွှမ်းခြုံထားသဖြင့် ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
ထိုမြင်ကွင်းကို အခြားဂိုဏ်းသားများမြင်ပါက တုန်လှုပ်နေကြမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရောက်နေ သည်မှာ အတော်ကြာပြီဖြစ်၍ ကျင့်သားရနေပြီဖြစ်သည်။
ယခုတွင်မူသူက လရောင်အောက်ရှိ လမ်းလေးတစ်လမ်းတွင် လမ်းလျှောက်နေသည်။ သူ၏ ဘေးနားရှိ အရာအားလုံးမှာ ပျက်စီးနေပြီဖြစ်သည်။ မြေကြီးနှင့်သစ်ပင်များမှာ ဖျက်စီးခံထားရပြီး အင်မော်တယ်ဂူများမှာလည်း လဲပြိုနေကြသည်။ သို့ေသာ်လည်းပတ်ဝန်းကျင်ကမူ အလွန်အမင်း တိတ်ဆိတ်နေသည်။ နေ့လယ်ခင်းအချိန်တုံးက ပိုင်ရှောင်ချန်း အလယ်တောင်တွင်တိုက်ခိုက်ခဲ့သည့်သတင်းများမှာ တောမီးကဲ့သို့ဂိုဏ်းတစ်ခုလုံး ပျံ့နေပြီဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ကြီးနိုင်ငယ်ညှင်းဝါဒကို ကျင့်သုံးကြပြီး ခွန်အားကြီးမားသောလူများကိုသာ အများက လေးစားကြသည်။
ထိုရင်သပ်ရှုမောဖွယ်တိုက်ပွဲတွင် ပိုင်ရှောင်ချန်းက သူ၏ေကြာက်မက်ဖွယ်အစွမ်းကို ပြသခဲ့ပြီး သူ၏ရူးသွပ်မှုနှင့် သွေးဆာလောင်မှုများမှာ လူတိုင်း၏ စိတ်နှလုံးတွင် ထင်ကျန်ရစ်နေတော့သည်။ သူတစ်ယောက်ထဲနှင့် အခြေခိုင်မာြခင်းအဆင့် ကျင့်ကြံသူများများစွာကို ယှဥ်ချခဲ့သည်ဖြစ်ပြီး ခုနစ်ယောက်ရှစ်ယောက်လောက်ကိုပင် ပြန်သတ်နိုင်လိုက်သေးသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ပင် ထိုသို့သောကိစ္စမျိုးက ရှားပါးသည်ဖြစ်ပြီး လူအများ၏အတွေးတွင် ပိုင်ရှောင်ချန်းမှာ အိပ်မက်ဆိုး ကြီးဖြစ်နေတော့သည်။
သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားမဟုတ်ကြောင်း မည်သူမျှ မစွပ်စွဲရဲကြတော့ဘဲ စွပ်စွဲပါကလည်း မည်သူမှ ယုံကြမည်မဟုတ်ပေ။
” ငါ တကယ်ဒီလို သတ်ရဖြတ်ရ တိုက်ခိုက်ရတာတွေကို မကြိုက်တာကွ။” ပိုင်ရှောင်ချန်းက သက်ပြင်းချရင်း တွေးနေတော့သည်။ သူ၏ အင်မော်တယ်ဂူသို့ပြန်ရောက်သွားသောအခါ ၎င်းမှာလုံးဝပျက်စီးနေပြီဖြစ်ကြောင်း မြင်လိုက်ရ၍ သူက ဘေးနားတွင်ထိုင်လိုက်ပြီး မနက်ရောက်လျှင် အင်မော်တယ်ဂူတစ်လုံး အသစ်သွားရွေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုညသည် ထူးထူးဆန်းဆန်း ဖြစ်ရပ်များ မဖြစ်ပဲကုန်ဆုံးသွားတော့သည်။
သို့ေသာ်လည်း အလယ်တောင်မှကျင့်ကြံသူများကမူ အမှောင်ထဲဝယ် ရင်တဒိန်းဒိန်း ခုန်နေ၏။ နေ့အချိန်က ဖြစ်ပျက်ခဲ့သည့် အရာများမှာ အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ပိုင်ရှောင်ချန်းက လာရောက်အပြစ်ပေးမည်ကို ကြောက်ရွံ့နေကြတော့သည်။ သူတို့၏ အင်မော်တယ်ဂူထဲတွင်ထိုင်ကာ အနားမယူနိုင်ပဲ မန္တန်အစီအရင်များကို ဖွင့်ထားကြတော့သည်။ အလယ်တောင်မှ ထွက်ပြေးသွားသော လူအချို့ပင် ရှိကြသည်။
အလယ်တောင်ပေါ်ရှိ ရူးသွပ်နေမှုများနှင့် ပိုင်ရှောင်ချန်း၏ ရက်စက်ကြမ်းကြုတ်မှုများအကြောင်းသတင်းများမှာ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ နွံအိုင် တောင်၊ အမည်မဲ့တောင်နှင့် ရုပ်အလောင်းတောင်မှ အခြေခိုင်မာခြင်းအဆင့် ကျင့် ကြံသူများမှာ ထိုဖြစ်ရပ်များကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး အချို့ကမူ စကားဖြင့်သာကြားသိရလေသည်။ သူတို့အားလုံးမှာ တုန်လှုပ်နေကြတော့သည်။
“သူက တစ်ယောက်ထဲနဲ့ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်အများကြီးကို ယှဥ်ချခဲ့တာလားဟ။”
” ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့အမိန့်ကိုပါ သူက လွန်ဆန်ခဲ့တာတဲ့လား။”
“သူက လူတစ်ယောက်ကို သတ်ဖြတ်နေတုံး တခြားလူတွေက ဘေးနားကရပ်ကြည့်နေခဲ့တာ ဟုတ်လား။ အသက်ရှင်ကျန်တဲ့လူတွေကလည်း မန္တန်အစီအရင်တစ်ခု တူတူဖန်တီးပြီး ပုန်းနေခဲ့ရတာဆို။ ”
သတင်းများမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်လေးတောင်တွင် ထိန်းမနိုင် သိမ်းမရ ပျံ့နေတော့သည်။
လက်၏နောက်ဖက်ရှိ အတွင်းစည်းဂိုဏ်းသားများပင်လျှင် ပိုင်ရှောင်ချန်း၏လုပ်ရပ်အကြောင်းသိသွားကြတော့သည်။ သူတို့အားလုံးမှာ အံ့အားသင့်ကာ တုန်လှုပ်သွားကြလေသည်။ လူအများစုကသူ့ကို သွေးဆာနေသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ မြင်နေပြီဖြစ်ပြီး အတွင်းစည်းဂိုဏ်းသားများမှာ ဖြစ်ပျက်ခဲ့သည်များကို ပုံဖော်တွေးရင်း ထိတ်လန့်နေကြတော့သည်။
“ညမုဆိုး က အံ့ဖွယ်ပါလား။ သူက လူတွေကို တစ်စစီဆွဲဖြဲ၊ သွေး တွေဖောက်သောက်ပြီး ဘေးနားကလူတွေကိုပါ သတ်ပစ်တာဟ။”
“ငါကြားတာကတော့ သူက ကျင့်ကြံသူတောင် မဟုတ်ဘူးတဲ့။ အစိမ်းရောင် မှင်စာတစ်ကောင်က သူ့ပုံစံ ဟန်ဆောင်ထားတာဆိုလားပဲ။”
ကောလာဟလပေါင်းစုံမှာ ပျံ့နေတော့သည်။ ညမုဆိုး ဆိုသည့် မည်သူမျှစိန်မခေါ်ရဲသော လူတစ်ယောက်အကြောင်းကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ လူများစွာက တစ်ညထဲနှင့် သိသွားကြတော့သည်။
အရုဏ်ချိန်ရောက်သော် ပိုင်ရှောင်ချန်းက မျက်လုံးဖွင့်ကာ လမ်းထွက်လျှောက်လိုက်လေသည်။ ထိုအချိန်တွင် သူ၏အကြောင်းမှာ တစ်ဂိုဏ်းလုံးသို့ ပျံ့နေပြီဖြစ်သည်။ အပြင်စည်းဂိုဏ်းသားများပင်လျှင် ထိုအကြောင်းများကို ကြားပြီးသွားကြပြီဖြစ်သည်။ ဂိုဏ်းသားများက နည်းလမ်းပေါင်းစုံသုံးကာ သတင်းဖြန့်နေကြသဖြင့် ထိုအနီးတဝိုက်ရှိ ကျင့်ကြံသူမျိုးနွယ်စုများမှာ ထိုအကြောင်းကို သိကုန်ကြတော့သည်။
အခြားဂိုဏ်းကြီးများက ညမုဆိုး အကြောင်းကို လျင်မြန်စွာသိကုန်ကြသည်မှာ ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်သည်။ စိတ်စွမ်းအင်နတ်ရေစဥ်ဂိုဏ်းတုံးကထက်ပင် ပို၍ လျင်မြန်စွာ ပျံ့နှံ့နေတော့သည်။ ယခင်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ အလုပ်များတွင်သာ စိတ်နှစ်ထားကြပြီး ပျော်ရွှင်စရာများစွာ မရှိခဲ့ကြသည် မဟုတ်ပါလော။ စွမ်းအားကြီး ကျင့်ကြံသူများကို သူတို့က အားကျကြသည်ဖြစ်ရာ တက်သစ်စလက်ရွေးစင်ကို သူတို့ စိတ်ဝင်စားသည်မှာ သဘာဝကျပေသည်။
ပိုင်ရှောင်ချန်းမှာ ထိုကျော်ကြားမှုကို ချက်ခြင်းပင် ခံစားလိုက်ရသည်။ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများက သူ့ကိုလမ်းတွင်တွေ့လျှင် အမူအရာများ ပြောင်းကုန်ကြတော့သည်။ ထိုနေ့က တိုက်ပွဲတွင် မပါဝင်ခဲ့သူများက ပြုံးဖြီးြဖီးလုပ်ကာ လက်ဆုပ်၍ အရိုအသေပေးလိုက်ကြသည်။
ပိုင်ရှောင်ချန်းကမူ စိတ်နှလုံး လှုပ်ရှားသွားတော့သည်။ သူ၏အစွမ်းကို သက်သေပြပြီးဖြစ်ရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတုံးကကဲ့သို့ ခံစားချက်များ ပြန်ရသွားတော့သည်။ သူက အစတွင် ပြန်ပြုံးပြကာ ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။
သို့ေသာ်လည်း သူထိုသို့ပြုံးပြသည့်အခါ အခြား အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာ မယုံကြည်နိုင်သည့်အလား မျက်လုံးပြူးသွားကြသည်။ အများစုက နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်ကာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ကုန်ကြသည်။
ပထမတွင် ပိုင်ရှောင်ချန်းက အံသြနေတော့သည်။ သို့သော်လည်း သူက အေးစက်စက်ပုံစံ ဖမ်းလိုက်ပြီး ရေခဲမျက်စောင်းများဖြင့်ကြည့်လိုက်သောအခါမှ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့အတွက်မူ ညမုဆိုး က ထိုအမူအရာနှင့်ပိုလိုက်ဖက်လေသည်။
“ငါက တကယ့်ကို လူကောင်းတစ်ယောက်ပါလား။” ပိုင်ရှောင်ချန်းကမူ တစ်ယောက်ထဲ တွေးတောကာ သက်ပြင်းချလိုက်တော့သည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့်သူက အေးစက်စက်နှင့် ဂရုမစိုက်သည့် အမူအရာဖြင့်သာ ဟိုဟိုသည်သည် ခက်ထန်တင်းမာစွာ ကြည့်နေတော့သည်။ ထိုအမူအရာကြောင့် လူများက သူ့ကိုပို၍ လေးစားလာတော့သည်။
သူက ထိုသို့ ခက်ထန်ထန် ကြည့်နေရသဖြင့် မျက်လုံးများပင် ေညာင်းကိုက်လာတော့သည်။ အဆုံးတွင် အင်မော်တယ်ဂူအသစ် ရွေးနိုင်မည့် အဆောင်သို့ သူ ရောက်သွားတော့သည်။ သူ့ကိုယခင်က အေးစက်စက်ဆက်ဆံခဲ့သည့် အဘိုးကြီးမှာ ယခုတွင်မူ ချက်ခြင်းပင် ပြေးလာပြီး နှုတ်ခွန်းဆက်သမှုများပင် ပြုလုပ်နေတော့သည်။
ပိုင်ရှောင်ချန်းက အင်မော်တယ်ဂူအသစ် တစ်လုံးရွေးရန်လာကြောင်း သိလိုက်သောအခါ သူက တုန်လှုပ်သွားသော်လည်း လျင်မြန်စွာပင် အမူအရာ ပြောင်းလဲလိုက်လေသည်။ စိတ်အားထက်သန်နေသည့် မျက်ဝန်းများြဖင့် သူက မြေပုံလိပ်တစ်ခုကိုထုတ်လိုက်ပြီး ပိုင်ရှောင်ချန်းကိုပြရန် ဖွင့်လိုက်လေသည်။
” ဂိုဏ်းတူညီလေး ညမုဆိုး ရေ။ ဒီတစ်ခုဆိုရင်ရော။ ဒီအင်မော်တယ်ဂူရဲ့ပတ်ပတ်လည်က အံ့ဖွယ်တွေချည်းပဲ။ ပြီးတော့ အဲ့မှာဆို သွေးချီတွေလည်း အများကြီးရှိတယ်။”
“ဒါမှ မဟုတ်။ ဒီတစ်ခုဆိုရင်ရော။ ဂိုဏ်းစောင့်အကြီးအကဲကြီးတစ်ယောက်က အရင်ကအဲ့မှာနေခဲ့တာနော။ တော်ရုံလူဆို ငါက ဒီနေရာပြတာမဟုတ်ဘူး။”
“ပြီးတော့ ဒီနေရာလည်းရှိသေးတယ်။ ငါအမှတ်မမှားဘူးဆိုရင် အဲ့နေရာမှာ ရုပ်သေးရုပ်တွေလည်းရှိတယ်ကွ”
အဘိုးကြီးပြသည့် အင်မော်တယ်ဂူများကြောင့် ပိုင်ရှောင်ချန်းက အံ့အားသင့်နေပါသော်လည်း သူ၏မျက်နှာကမူ အေးတိအေးစက်နှင့် ခက်ထန်တင်းမာနေဆဲ။ အဆုံးတွင် သူကမျက်မှောင်ကြုတ်လိုက်တော့သည်။ နေရာလွတ်နေသည့် အင်မော်တယ်ဂူများမှာ သူ၏ ပျက်စီးနေသည့် ဂူအဟောင်းထက် ပိုကောင်းပါသော်လည်း သွေးချီများစွာရှိသည့်ဂူများလောက် မကောင်းသေးပေ။
ပိုင်ရှောင်ချန်းမျက်မှောင်ကြုတ်နေသည်ကိုမြင်၍ အဘိုးကြီးက တစ်စုံတစ်ခုပြောရန်ပြင်လိုက်သော်လည်း ချီတုံချတုံ ဖြစ်သွားလေသည်။ သူကပိုင်ရှောင်ချန်းကို တစ်ချက်ထပ်ကြည့်လိုက်ပြီး မနေ့ကတိုက်ပွဲအကြောင်းကို ပြန်တွေးမိသွားတော့သည်။
အဆုံးတွင် သူကအံကြိတ်ကာ အသံတိုးတိုးနှင့်ပြောလိုက်လေသည်။
” ဂိုဏ်းတူညီလေး ညမုဆိုး ရေ။ အင်မော်တယ်ဂူရွေးဖို့ မင်းဒီထိလာစရာမလိုဘူးကွ။”
” ဘာ.. ” ထိုစကားကြောင့် ပိုင်ရှောင်ချန်းမှာ မျက်တောင်တခတ်ခတ်နှင့် ကြောင်အန်းအန်းဖြစ်သွားသည်။
ရှင်းရှင်းလင်းလင်း အသိပေးမည်ဟု ဆုံးဖြတ်လိုက်ပြီး အဘိုးကြီးက အသံထပ်တိုးကာ ပြောလိုက်ပြန်သည်။
” မှတ်ထား။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ခွန်အားကြီးသန်မာတဲ့လူကိုပဲ လေးစားကြတာကွ။ လူတော်တော်များများက အင်မော်တယ်ဂူတွေကို သမားရိုးကျ ရွေးတာမဟုတ်ဘူး။ ဒီတိုင်း ယူကြတာ။ မင်းကြိုက်တာတွေ့ပြီဆိုရင် ပိုင်ရှင်အဟောင်းကို ရအောင် နှင်ထုတ်။ အဲ့တာဆို အဲ့ဂူက မင်းအပိုင်ပဲ။”
ထိုစကားကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တောက်ပလာတော့သည်။ အမှန်မှာ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အနေကြာခဲ့သည်ဖြစ်၍ အတွင်းစိတ်ထဲတွင် ေသွးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူများနှင့် မတူညီနေခြင်းဖြစ်သည်။ တချို့အချိန်များတွင် သူတို့ကဲ့သို့ ေတွးတောရန်မှာ ခက်လွန်းလှသည်။ ထိုသို့သာ တွေးနိုင်ပါက အဘိုးကြီးက သူ့ကိုသတိပေးရန်ပင်လိုမည် မဟုတ်ချေ။
သူ၏ အေးတိအေးစက်အမူအရာကို ဟန်မပျက်ထိန်းကာ ေချာင်းဟန့်လိုက်ပြီး အဘိုးကြီးကို တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် သူ၏ အင်္ကျီလက်ကို ခါယမ်းကာ ထွက်သွားတော့သည်။ အတွင်းစိတ်ထဲတွင်မူ စည်းကမ်းဖောက်ရတော့မည်ဟူသော အတွေးကြောင့် စိတ်လှုပ်ရှားနေတော့သည်။
အဘိုးကြီးမှာ ပိုင်ရှောင်ချန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ၏အတွေးထဲတွင် ညမုဆိုးက လူသားတာအိုအဆင့်သာရှိနေသည်မှာ နှမြောဖွယ်ကောင်းကြောင်း တွေးနေတော့သည်။ ထိုသို့မဟုတ်ပါက သူ၏အနာဂတ်မှာ ထူးခြားနေလိမ့်မည်။ သို့ေသာ် သူက လူသားတာအိုအဆင့်တွင်သာရှိပါေသာ်လည်း ရန်စ၍မရနိုင်သည့် မိစ္ဆာတစ်ကောင်ပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ လမ်းလျှောက်ရင်းနှင့် ပိုမိုစိတ်လှုပ်ရှားလာပြီး ရင်များတဒိန်းဒိန်းခုန်နေတော့သည်။ သူကဘေးဘီဝဲယာကိုကြည့်ကာ ရေရွတ်လိုက်လေသည်။
” ဘယ်လိုတောင် ကောင်းလိုက်တာလဲ။ ငါလိုချင်တာကို ယူလို့ရတယ်တဲ့လား။ ငါက ခွန်အားကြီးလို့ ကျန်တာတွေက အရေးမပါတော့ပဲ လိုချင်တာယူလို့ရတယ်ပေါ့…”
သူက စိတ်ကူးများယဥ်ကာ စုတ်သပ်လိုက်တော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်မူ ထိုသို့ တစ်သက်လုံးဖြစ်နိုင်မည်မဟုတ်။ ထိုအရာမှာ တားမြစ်ထားသည့်သစ်သီးတစ်လုံးကို စားသုံးခွင့်ရလိုက်သည့် အတိုင်းပင်။ သူက အလယ်တောင်ကို နေ့တစ်ဝက်တိတိ လှည့်လယ်ကြည့်ရှုလိုက်ပြီး နေ့လယ်ခင်းလောက်တွင် သူသဘောကျသည့် အင်မော်တယ်ဂူတစ်လုံးကိုတွေ့လိုက်လေသည်။ ထိုဂူမှာ အတော်အတန်ကြီးမားပြီး ဘေးနားရှိမြေကြီးမှာ သွေးသစ်ပင်များဖြင့် ဖုံးလွှမ်းနေသည်။ ကမ္ဘာကြီးတစ်ခု သီးခြားဖြစ်တည်နေသည်နှင့်ပင် တူလေသည်။
သွေးသစ်ပင်များပေါ်တွင် မျက်နှာများရှိကြပြီး မျက်လုံးများမှာမှိတ်ထားကြသော်လည်း ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် ထိုသစ်ပင်များ၏အနားကပ်လိုက်သည့်လူတိုင်း ကြောက်ရွံ့နေကြမည်သာဖြစ်သည်။
သို့ေသာ်လည်း တံခါးဆီသို့သွားရာ တစ်ခုတည်းသောလမ်းကို ထိုကြောက်မက်ဖွယ် သွေးသစ်ပင်များက ဝန်းရံထားလေသည်။ ခပ်လှမ်းလှမ်းမှပင်လျှင် ထိုနေရာကို ဖုံးလွှမ်းနေသည့် သွေးမြူဖျော့ဖျော့လေးကို မြင်နိုင်မည်ဖြစ်သည်။
ထိုသွေးသစ်ပင်များ၏ ကပ်လျှက်အလွန်တွင် သိပ်သည်းသော သွေးချီများစုဝေးနေသည့် သွေးကန်တစ်ကန်ရှိသည်။ ထိုနေရာကို ထုံးကျောက်ဖြင့် မွမ်းမံထားပြီး ချပ်ဝန်တံဆာဝတ်ထားသော သန့်စင်ထားသည့် ရုပ်အလောင်းအချို့က ကာကွယ်နေသည်။
ထိုသွေးကန်၏ဘေးတွင် အင်မော်တယ်ဂူထဲသိူ့ ဝင်ပေါက်ဖြစ်သည့် ရှုပ်ထွေးလှသော မန္တန်အစီအရင်များ ရေးထိုးထားသည့် အဖြူရောင်တံခါးကြီးရှိသည်။ ထို မန္တန်အစီအရင်များမှာ ယခုတွင် ပွင့်နေပြီး ထိုနေရာကို ကာရံထားကြောင်းဖော်ပြနေသည့် တလက်လက်တောက်နေသော အလင်းရောင်များထွက်နေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ပိုင်ရှောင်ချန်းက စုတ်တစ်ချက်သပ်လိုက်ပြီး မျက်လုံးများတောက်ပလာတော့သည်။
” ကောင်းလိုက်တဲ့နေရာ။” သူက ဤနေရာမှ ယခင်တုံးက သွေးချီများကို တိတ်တဆိတ်စုပ်ယူခဲ့ပြီးဖြစ်ရာ ထိုဂူမှာ နတ်ဆရာ၏ ဂူဖြစ်ကြောင်း ခပ်ရေးရေး မှတ်မိသွားသည်။ လူလိမ် ညမုဆိုးကိုမေးလိုက်သောအခါ နတ်ဆရာမှာ အစောပိုင်းအခြေခိုင်မာခြင်းတွင်ရှိသေးသော်လည်း သူက အာရုံခံခြင်းနှင့် နိမိတ်ဖတ်ရာတွင် အလွန်ကျွမ်းကျင်ကြောင်းသိလိုက်ရသည်။ သူက ဂိုဏ်းအတွက်အလွန်အရေးပါသည်ဟုလည်း သိလိုက်ရသည်။
အထီးကျန်ငရဲနယ်မြေထဲတွင် သူက မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်ခဲ့ပါေသာ်လည်း ဒီရေစီးကြောင်း အနည်းငယ်သာရရှိခဲ့သည်။ သို့ေသာ်လည်း သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် နာမည်ကြီးစပြုလာတော့သည်။
ထို့ကြောင့် သူက ဤကဲ့သို့ အင်မော်တယ်ဂူအကောင်းစားကို ကြာမြင့်စွာ သိမ်းပိုက်ထားသည်မှာ မဆန်းချေ။
ပိုင်ရှောင်ချန်းကမူ တောက်ပနေသည့် မျက်ဝန်းများဖြင့် အင်မော်တယ်ဂူဆီသို့ ပြေးသွားတော့သည်။ သူက သွေးသစ်ပင်များအနီးသို့ ရောက်သွားသောအခါ သွေးသစ်ပင်၏မျက်နှာများမှ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့် ပွင့်လာကြသည်။
သို့ေသာ်လည်း သူတို့က ပိုင်ရှောင်ချန်းကို မြင်လိုက်ေသာအခါ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
” ညမိစ္ဆာ ရောက်နေပြီဟေ့။”
” ညမိစ်ဆာ ပါလားဟ။ ”
“ဘုရားရေ။ ညမိစ္ဆာက လက်တုံ့ပြန်ဖို့ ရောက်လာပြီဟေ့။ ဆရာကြီး… ကယ်ပါအုံးဗျ။”
အင်မော်တယ်ဂူထဲတွင်မူ နတ်ဆရာမှာ အံကြိတ်နေတော့သည်။ သူက ပိုင်ရှောင်ချန်းကို မုန်းလည်းမုန်း ကြောက်လည်းကြောက်နေပြီး မနေ့က စက်ဆုပ်ဖွယ်ဖြစ်ရပ်များကို ပြန်တွေးမိလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ လက်တုံ့ပြန်ရန်သေချာပေါက်လာမည်ဟု တွက်ထားလေသည်။ ထို့နောက် သူက အပြင်က အော်ဟစ်သံများကို ကြားလိုက်ရသောအခါ မျက်လုံးပြူးသွားတော့သည်။
“သေချာတယ်။ သူရောက်နေပြီ။”