လီဝမ်အာမှာ ချန်းမု၏ ပြောစကားကို ကြားလိုက်ရသောအခါ အသားများတုန်ရီသွား၏။ သူမ၏ အေးတိအေးစက်နှင့် အသက်မဲ့နေသော မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။ ထို့နောက် သူမသည် ချန်းမုအား စိုက်ကြည့်ရင်း တစ်ခဏမျှ စကားမပြောနိုင်ဘဲဖြစ်နေရ၏။ သူမ၏ မျက်ဝန်းများမှာမူ ရီဝေဝေဖြစ်ပြီ ဖြစ်သည်။
ဤအခြေအနေသို့ ရောက်ရှိလာရသည့်အကြောင်းရင်းကို သူမမှာ နားမလည်နိုင်လောက်အောင်ဖြစ်နေရ၏။ သူမသည် ဝမ်ပေါင်လဲ့အား ကြိုက်နှစ်သက်ခြင်းမရှိဘဲ မမုန်းသည့်အဆင့်တွင်သာ ရှိကြောင်း သူမကိုယ်သူမ သတ်မှတ်ထား၏။ ဂူကြီးထဲ၌ ဝမ်ပေါင်လဲ့နှင့် ရှိနေခဲ့ရသည့် ဖြစ်ရပ်ကြီးမှာ မတော်တဆတစ်ခုသာ ဖြစ်ပြီး သူမသည် ထိုဖြစ်ရပ်ကြီးပြီးနောက် သူနှင့် ခပ်ကင်းကင်းသာနေရန် ဆုံးဖြတ်ခဲ့သည်ဖြစ်သည်။ သို့သော် အသက်ရှည်နည်းပညာရပ်ကြောင့် သူတို့နှစ်ယောက်မှာ ပြန်လည်နီးကပ်သွားရန် အကြောင်းဖန်လာခဲ့တော့သည်။
သို့သော်ငြားလည်း သူမသည် သတိကြီးကြီး ထားခဲ့ပြီး ဝမ်ပေါင်လဲ့နှင့် မှောက်မှားကျူးလွန်ခဲ့ခြင်း မရှိပေ။ ထို့အပြင် သူမသည် အောင့်အည်းသည်းခံကာ ထိုကိစ္စနှင့်ပတ်သက်၍ အတွေးမလွန်မိအောင် သူမကိုယ်သူမ ထိန်းသိမ်းခဲ့သေးသည်။
ယခုတွင်မူ ချန်းမုမှာ လျှို့ဝှက်ချက်အားလုံးကို ထုတ်ဖော်ပြလိုက်ပြီ ဖြစ်သည်။ သူသည် သူမအား ရှင်းပြခွင့် လုံးဝမပေးသောကြောင့် လီဝမ်အာမှာ မျက်နှာများ ပို၍ ဖြူဆုတ်လာရပြီး ထမဆုံးအကြိမ်အဖြစ် လေသံတိုးသွားရတော့သည်။
” ဝမ်ပေါင်လဲ့နဲ့ ငါ့ရဲ့ကြားက ဆက်ဆံရေးက နင်ထင်ထားသလိုမျိုးမဟုတ်ဘူး။ ငါ ရှင်းပြမယ် ”
” ပါးစပ်ပိတ်ထားစမ်း။ မိန်းမပျက် ” လီဝမ်အာတစ်ယောက် ထို စကားကို မပြောလိုက်ပါက ကိစ္စမရှိပါသော်လည်း ယခုတွင်မူ ပြောမိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ချန်းမုမှာ ပို၍ပင်သေချာသွားပြီး ရွံရှာစက်ဆုပ်နေသော မျက်ဝန်းများဖြင့် နှာမှုတ်ကာ ဆိုလိုက်၏။
” နင် မရှက်တတ်ရင်တော့ နင့်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ငါ့ဆီ မလွှဲပေးနဲ့ပေါ့။ ငါ နင့်ကို စဉ်စားဖို့ တစ်ရက်တိတိ အချိန်ပေးမယ် ” ချန်းမုမှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ တံခါးကို ဝုန်းခနဲ ဖွင့်လိုက်၏။ ထို့နောက် သူသည် ထွက်ခွာသွားရန် ပြင်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို ရပ်တန့်သွားကာ နောက်သို့ပြန်လှည့်လာပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော လီဝမ်အာအား ရွံရှာမုန်းတီးသောအကြည့်ဖြင့် ကြည့်လိုက်၏။
” နောက်ထပ်တစ်ခု ပြောဦးမယ်။ နင် နည်းနည်းလေး ကြည့်ကောင်းတဲ့ လူတစ်ယောက်ယောက်ကိုသာ ရွေးခဲ့မယ်ဆိုရင် ငါက ခွင့်လွှတ်ရင်လွှတ်ပေးဦးမှာ။ ဘာကိစ္စနဲ့များ ဝက်လိုကောင် ဝမ်ပေါင်လဲ့ကို ရွေးရတာလဲ။ တချို့လူတွေရဲ့ တက်မက်မှုတွေကိုက ဖောက်လွဲဖောက်ပြန် ဖြစ်နေတာပဲ…. ” ချန်းမုမှာ စကားအကုန် ပြောပြီးသွားသောအခါ ခေါင်းယမ်းလိုက်၏။ သူသည် စိတ်ထဲ၌ ကျေနပ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရုံးခန်းအပြင်ဘက်သို့ ထွက်သွားလိုက်ပြီး တံခါးကို အသံအကျယ်ကြီးမြည်အောင် ဆောင့်ပိတ်လိုက်၏။
ထိုအသံကြီးမှာ ကျယ်လောင်လွန်းလှပါသော်လည်း လီဝမ်အာကမူ မကြားလိုက်သည့်ပုံပင်။ သူမသည် စကားတစ်ခွန်းမှမပြောဘဲ မလှုပ်မယှက်ရပ်နေပြီး သူမ၏ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာပေါ်၌ ဒေါသထွက်နေသည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။ သူမ၏ ရီဝေဝေဖြစ်နေသော မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အကြည့်တစ်ခု ပေါ်ပေါက်လာတော့သည်။
” ဒီလိုဆိုမှတော့လည်း… ရှိစေတော့ ” လီဝမ်အာမှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းထဲရှိ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များမှာလည်း ပို၍အားကောင်းလာတော့သည်။ ထို့အပြင် သူမသည် စိတ်သက်သာရာ ရသွားသည့်ပုံလည်း ပေါက်နေ၏။ ထို့အပြင် သူမ၏ ပခုံးပေါ်ရှိ မျက်လုံးဖြင့် မမြင်နိုင်သော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ရ၏။
သူမနှင့် ချန်းမုတို့၏ ကြားမှ ရန်ပွဲကို မည်သူကမှမသိလိုက်ကြပေ။ ချန်းမုမှာ မရည်ရွယ်ပါပဲ သူ့အား ကူညီပေးသလို ဖြစ်သွားခဲ့သည်ကိုလည်း ဝမ်ပေါင်လဲ့က သတိမထားမိသေးပေ။ သူသည် ရုံးသို့ ရောက်ရှိလာချိန်တွင် ပုံမှန်အတိုင်း တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ရှိနေဆဲပင်။ သူသည် သူ၏ ကုလားထိုင်ပေါ်၌ထိုင်ကာ မုန့်များကို ဝါးစားရင်း နောက်ထပ်တစ်ကြိမ် လူဦးရေအမြောက်အမြား အလုံးအရင်း ပြောင်းရွှေ့လာမည့် ကိစ္စအတွက် တင်ပြထားသော အဆိုပြုချက်များကို လှန်လှောဖတ်ရှုနေ၏။
ထိုအချိန်တွင် လီဝမ်အာ ရောက်ရှိလာသည်။
ပုံမှန်အတိုင်းပင် သူမ၏ မျက်နှာအမူအရာမှာ အသက်မပါဘဲ အေးတိအေးစက် ဖြစ်နေဆဲပင်။ လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ ရုံးခန်းထဲသို့ဝင်ရောက်လာပြီးနောက် ဝမ်ပေါင်လဲ့၏ စားပွဲခုံပေါ်သို့ ကျောက်စိမ်းပေလွှာတစ်ခုကို လှမ်းပစ်ပေးလိုက်၏။
” မြို့တော်သခင်ဝမ်။ ကျမ မြို့တော်ဝန်ဝမ်ဟွေ့ရဲ့ မြို့တော်နယ်မြေထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တိုင်ကြားစာတစ်ခု ရရှိထားတယ်။ လက်ထောက်မြို့တော်ဝန် လျှိုတောက်ပင်းက အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ ရုပ်ထုတွေ တည်ဆောက်နေတာတဲ့။ အဲဒီအကြောင်းတွေက ဘုရင်ခံဆီကိုတောင် ရောက်သွားပြီး။ သူက ကျမတို့ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတာ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရပြီး လီဝမ်အာမှာ မူမမှန်ဖြစ်နေသည်ကို ချက်ချင်းပင်သတိထားမိလိုက်၏။ သူမသည် အမြဲတမ်း အေးတိအေးစက်သာ ပြောဆိုပြုမူနေခဲ့ပါသော်လည်း သူမ၏ ရန်လိုစိတ်များကို အမြဲတမ်း ကြိုးပမ်း၍ ချုပ်တည်းခဲ့သည်သာ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ တစ်ခုခု ပြောင်းလဲသွားခဲ့သည့်ပုံပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုပြောင်းလဲမှုကို အတိအကျ မပြောနိုင်ဘဲ ဖြစ်နေရ၏။
ယနေ့ သူမြင်နေရသည့် လီဝမ်အာမှာ ယခင်တုန်းက မြူခိုးတောင်ကျောင်းသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသည့် လီဝမ်အာနှင့် တစ်ပုံစံတည်းနီးပါး ဖြစ်နေသည်ဟု သူက ခံစားနေရ၏။
” သူ စိတ်ဆိုးနေတာများလား ” ဝမ်ပေါင်လဲ့မှာ တွေးမိလိုက်၏။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွှာကို ကောက်ယူကာ အထဲ၌ပါသော စာများကို ဖတ်ရှုလိုက်၏။ ထိုအခါ လူအချို့မှာ အမှန်တကယ်ပင် လျှိုတောက်ပင်းအား တိုင်ကြားထားသည်ကို သိလိုက်ရသည်။ ထို့အပြင် ဘုရင်ခံဆီမှ အကြောင်းပြန်စာတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ မြို့တော်အသစ်၏ အစိုးရအဖွဲ့ကိုယ်တိုင် ထိုကိစ္စအား စုံစမ်းစစ်ဆေးပြီး ကိုယ်တိုင်ဖြေရှင်းရန် ညွှန်ကြားထားခြင်းဖြစ်သည်။
သူမ၏ အကြောင်းပြန်စာအရဆိုလျှင် ဤကိစ္စကြီးမှာ ကြီးကြီးမားမားမဟုတ်ပေ။ ဘုရင်ခံမှာ ထိုကဲ့သို့သော ကိစ္စမျိုးအတွက် အချိန်မပေးနိုင်သောကြောင့် မြို့တော်အသစ်၏ အစိုးရအဖွဲ့ဆီသို့ ထိုကိစ္စအား လက်လွှဲပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအား ပြဿနာတစ်ခုဟုပင် သတ်မှတ်စရာ မလိုပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
” ငါနားလည်ပြီ။ နင် သွားလို့ရပြီ ”
ဝမ်ပေါင်လဲ့၏ ဂရုမစိုက်သောစကားသံကို ကြားလိုက်ရသောအခါ လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားကာ တည်ကြည်စွာ မေးလိုက်၏ ” မြို့တော်သခင်က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ ”
” နင်ကရော ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်လဲ ” ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ ရန်လိိုနေသော အမူအရာကြောင့် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး အေးစက်စက် မျက်ဝန်းများဖြင့် သူမအား စိုက်ကြည့်နေလိုက်တော့သည်။
” ရုပ်ထုတွေ အကုန်လုံးကို ဖြိုချ၊ လျှိုတောက်ပင်းကို ရာထူးကနေ ထုတ်ပယ်ပြီးတော့ သူ့ကို ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံဖို့ အမိန့်ပေးလိုက်ပါ ” လီဝမ်အာမှာ တင်းမာခက်ထန်သောလေသံဖြင့် သွယ်ဝိုက်မနေဘဲ တည့်တိုးပြောလိုက်၏။
” နင် ဓမ္မတာ လာနေတာလား ” ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးပင့်ကာ နှာမှုတ်လိုက်၏။ သူမမှာ ယခုကဲ့သို့သော အသေးအဖွဲကိစ္စလေးကို ယခုလို ပုံကြီးချဲ့နေသည်ဖြစ်ရာ သူ့အား အခက်တွေ့အောင် တမင်တကာ လုပ်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့် သူသည် အရွဲ့တိုက်ကာ မေးလိုက်ခြင်း ဖြစ်၏။
” မြို့တော်သခင်။ စကားကို ကြည့်ပြောပါ။ ကျမက မြို့တော်သခင်နဲ့ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးနေတာနော် ” လီဝမ်အာ၏ စိတ်အခြေအနေမှာ ပုံမှန်အနေအထားတွင် ရှိမနေခဲ့ပေ။ သူမ၏ နှလုံးသားထဲ၌ အမြဲတစေ ရှိနေခဲ့သည့် ဒေါသစိတ်များမှာ အကြောင်းအရင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့၏ စကားများကြောင့် ပေါက်ကွဲထွက်ပေါ်လာရတော့သည်။ ထို့ကြောင့် သူမသည် ရုတ်တရက်ဆိုသလို စားပွဲခုံအား အသံအကျယ်ကြီးမြည်အောင် ရိုက်မိသွား၏။
” လီဝမ်အာ ” ဝမ်ပေါင်လဲ့မှာလည်း အမျက်ချောင်းချောင်း ထွက်သွားရပြီဖြစ်သောကြောင့် သူမနည်းတူ ထိုစားပွဲခုံကြီးအား အားပါပါ ရိုက်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး အော်ပြောလိုက်တာ့သည်။
” ဒီကိစ္စကြီးက အရေးကြီးတယ်လို့ နင်က ထင်နေတာလား။ ရုပ်ထုလေး တစ်ခုနှစ်ခုအတွက်နဲ့ နင်က အဲဒီရုပ်ထုတွေအကုန်လုံးကို ဖြိုချပစ်ဖို့ ပြောနေတဲ့အပြင် လျှိုတောက်ပင်းကိုပါ ရာထူးကနေထုတ်ပစ်ဖို့ ပြောနေတာလား။ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို နင် မသိဘူးလား။ သူ့ရဲ့ အကျိုးပြုနိုင်စွမ်းတွေကို နင် နားမလည်ဘူးလား။ သူ တာဝန်ယူထားတဲ့ နယ်မြေထဲမှာ အမှောင်ပညာရပ် ကျင့်ကြံတဲ့သူ တစ်ယောက်မှ ပေါ်မလာခဲ့တာကိုရော နင် မသိတာလား ”
” နင်ရော ဘာထူးလို့လဲ။ ဒီကိစ္စကို မလွှတ်တမ်း ကိုက်ထားတာ ခွေးရူးတစ်ကောင်လိုပဲ။ သူက မှားရင် မှားခဲ့နိုင်ပေမဲ့ အကျိုးရှိတဲ့အလုပ်တွေလည်း အများကြီးလုပ်ပေးခဲ့တာလေ။ နှုတ်နဲ့ ဆူပူကြိမ်းမောင်းရုံလောက်ဆိုရင် တော်ပြီပေါ့။ သူ့ကို ရာထူးကနေ ထုတ်ပယ်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အထိ လိုလို့လား ”
” ပြီးတော့ အခုငါတို့ရောက်နေတာ မြို့တော်အသစ်နော်။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာန မဟုတ်ဘူး။ ပြီးတော့ သေချာလည်း မှတ်ထားဘူး။ ဒီမြို့တော်အသစ်ထဲမှာ ငါက မြို့တော်သခင်ပဲ ” ဝမ်ပေါင်လဲ့မှာလည်း ဒေါသထွက်နေရပြီဖြစ်သည်။ သူမသည် လက်အောက်ငယ်သားတစ်ယောက် ဖြစ်ပါသော်လည်း သူ၏စားပွဲခုံအား လက်ဝါးဖြင့် ရိုက်ရဲခဲ့သည်ဖြစ်ရာ တရားလွန်သွားပြီ ဖြစ်သည်။
” အခုချက်ချင်းထွက်သွားတော့ ” ဝမ်ပေါင်လဲ့မှာ စားပွဲခုံအား လက်ဝါးဖြင့် ရိုက်လိုက်ပြီးနောက် အော်ပြောလိုက်၏။
လီဝမ်အာ၏ အမူအရာမှာမူ ထူးဆန်းနေ၏။ သူမသည် ဝမ်ပေါင်လဲ့နှင့် ဆက်၍ရန်ဖြစ်မနေတော့ဘဲ အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ့အားကြည့်ကာ နောက်ထပ်တစ်ကြိမ် လူဦးရေအမြောက်အမြား အလုံးအရင်း ပြောင်းရွှေ့လာမည့် ကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးလိုက်တော့သည်။
သူမ၏ လေသံမှာလည်း စောစောတုန်းကထက်ပို၍ တည်ငြိမ်သွားပြီဖြစ်ပြီး သူမသည် အကြံပြုချက်အချို့ကိုပင် ပေးအပ်ခဲ့သေးသည်။ သူမပေးသော အကြံများကြောင့် အဆိုပြုချက်များမှာ ပြီးပြည့်စုံသွားခဲ့ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမ၏ ပြောဆိုပြုမူပုံများ ရုတ်တရက် ပြောင်းလဲသွားရသည်ကို နားမလည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာ စဉ်းစားပြီးသည့်တိုင်အောင် အဖြေရှာမရဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် အဆုံးအထိ ဆက်၍ သည်းခံနေလိုက်ရတော့သည်။ လီဝမ်အာမှာမူ အကြံပြုချက်များ ပေးပြီးနောက် ထွက်ခွာသွား၏။ ထိုအခါမှသာ သူသည် အောက်သို့ထိုင်ချကာ ခေါင်းကုတ်လိုက်ရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ မယုံသင်္ကာဖြစ်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။
” ဒီ လီဝမ်အာ တစ်ခုခုဖြစ်နေတာ သေချာတယ်။ ဘာလို့ အရူးတစ်ယောက်လို ပြုမူနေရတာလဲ… မကောင်းတာတစ်ခုခုများ ကြံစည်နေတာလား ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် စဥ်းစားပြီးသွားသည့်တိုင်အောင် အဖြေရှာမရပဲဖြစ်နေရ၏။ သို့သော် သူသည် သတိကြီးကြီးထားရန် ဆုံးဖြတ်လိုက်တော့သည်။ ကောင်းကင်ကြီး မဲမှောင်သွားသည့်တိုင်အောင် မည်သည့်အရာမှ ဖြစ်မလာခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် မယုံသင်္ကာဖြစ်လာရတော့သည်။
” တကယ်ပဲ ဓမ္မတာလာနေတာများလား ” ထိုအချက်မှာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့နောက် သူသည် သူ၏ စားပွဲခုံအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်ပြီး သူ၏ရုံးမှ ထွက်ခွာလာတော့သည်။ သူ၏ အိမ်ရာသို့ ပြန်ရောက်သွားသောအခါ သူသည် ထိုအတွေးများကို မေ့ထားလိုက်ပြီး တရားထိုင်ရန် ပြင်လိုက်၏။ သူသည် ဓမ္မလက်နက်သန့်စင်ခြင်း ပညာရပ်၏ မိုးကောင်းကင်လှုံ့ဆော်ခြင်း အပိုင်းကို လေ့ကျင့်တော့မည်ဖြစ်သည်။
သူသည် စိတ်ရောကိုယ်ပါနှစ်၍ လေ့လာနေရင်း မိုးကောင်းကင်လှုံ့ဆော်ခြင်းအကြောင်းကို ပို၍နားလည်လာပြီဖြစ်ကြောင်း ခံစားနေရ၏။ ထို့အပြင် သူသည် လင်းတျန်ဟောက်အား ဓမ္မလက်နက်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများအပြင် အဆောင်ဝိညာဉ်ကိုပါ ပြင်ဆင်ပေးထားရန် ညွှန်ကြားထားပြီးသားဖြစ်သည်။
ထိုကုန်ကြမ်းပစ္စည်းများနှင့် အဆောင်ဝိညာဉ်အား ရှာတွေ့နိုင်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အတွေးနယ်ချဲ့ရန် ပြင်လိုက်ပြန်သည်။ သူသည် ထိုအယူအဆနှင့် ပို၍ရင်းနှီးကျွမ်းဝင်အောင် လုပ်ချင်နေပြီး ဝိညာဉ်အချို့ကို ဆင့်ခေါ်နိုင်ရန် ကြိုးစားကြည့်ချင်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ အိမ်ရာသို့ ပြန်လာကာ သူ၏ လျှို့ဝှက်အခန်းထဲသို့ တန်း၍ဝင်သွားလိုက်၏။ ထို့နောက် သူသည် ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်သည့်အထိ တရားထိုင်နေလိုက်တော့သည်။ ထိုသို့ တရားထိုင်ပြီးသွားသောအခါ မျက်လုံးများပြန်ပွင့်လာပြီး သူ၏ ဓမ္မလက်နက်အား ထုတ်ယူလိုက်၏။ သူသည် ဓမ္မလက်နက်၏ အကူအညီအား အသုံးချ၍ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ကြား၌ ကျန်ရှိနေသေးသော အဆောင်ဝိညာဉ် အကြွင်းအကျန်များကို အာရုံခံနိုင်အောင် ကြိုးစားကြည့်မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ အသံလွှင့်လက်စွပ်နှင့် သူ၏အိမ်ရာ၏ ပင်မတံခါးပေါက်ကြီးဆီမှ အသံပြိုင်တူ ထွက်ပေါ်လာ၏။ သူသည် ထိုကဲ့သို့ အသံနှစ်မျိုး ပြိုင်တူထွက်ပေါ်လာသည်ကို ရင်းနှီးနေပြီးသားဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ သူသည် သူ၏ အသံလွှင့်လက်စွပ်အား စိုက်ကြည့်နေရင်း လီဝမ်အာ၏ စကားသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထို့အပြင် လီဝမ်အာမှာ ယခင်တုန်းက ဆေးကုသမှု လာရောက်ခံယူရန် နေ့စဉ်နေ့တိုင်း ရောက်လာခဲ့သည့်အတိုင်း ပင်မတံခါးပေါက်ကြီး၏ ရှေ့တွင် ရပ်နေသည်ကို သူ၏အိမ်ရာထဲရှိ မန္တန်အစီအရင်ထဲမှနေ၍ လှမ်းမြင်လိုက်ရ၏။
” နောက်ဆုံးအခေါက်တုန်းက ဆက်ပြီးတော့ ကုသစရာ မလိုတော့ဘူးလို့ သူ့ကို ငါ ပြောခဲ့ပြီးသားပါ။ သူက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီလေ… ” ဝမ်ပေါင်လဲ့မှာ ချီတုံချတုံဖြင့် မတ်တတ်ထလာပြီး အပြင်ဘက်သို့ထွက်သွားလိုက်၏။ ထို့နောက် သူ၏တံခါးကို ဖွင့်ပေးလိုက်သောအခါ အပေါက်ဝ၌ရပ်နေသော လီဝမ်အာကို မြင်လိုက်ရ၏။ သူမသည် သူ့အား စကားပြောခွင့်ပင် မပေးဘဲ ခံစားချက်မပါသည့် အမူအရာဖြင့် အထဲသို့ဝင်လာပြီး လျှို့ဝှက်အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်တော့သည်…
ဝမ်ပေါင်လဲ့မှာမူ အပေါက်ဝ၌ ရပ်ကာ သူ၏တံခါးပေါက်ကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ လျှို့ဝှက်အခန်းအား လှည့်ကြည့်မိလိုက်၏။ သူသည် အဖြေရှာမရလောက်အောင် ဖြစ်နေပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ ရင်ခုန်နှုန်းများမှာလည်း အကြောင်းအရင်းမရှိ မြန်ဆန်လာ၏။ ထို့နောက် သူ၏ အသိစိတ်ထဲ၌ ယုံကြည်နိုင်ဖွယ်ရာမရှိသော အတွေးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
” သူ…. သူက ဘာလိုချင်နေတာလဲ ”
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။ သူသည် သူ့ကိုယ်သူပင် သတိမထားမိဘဲ ပင်မတံခါးပေါက်ကြီးအား ပိတ်လိုက်ပြီးနောက် လျှို့ဝှက်အခန်းထဲသို့ ဝင်သွားသောအခါ သူ၏ မျက်နှာအမူအရာမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အထူးတဆန်း ဖြစ်သွားရပြန်သည်။ လီဝမ်အာမှာ လျှို့ဝှက်အခန်းထဲမှ မီးများကို မှိတ်ထားသည် မဟုတ်ပါလော….
အမှောင်ထုထဲရှိ သူတို့နှစ်ယောက်မှာ တိတ်ဆိတ်ငြိမ်သက်နေကြသောကြောင့် အရာအားလုံးမှာ အထူးတဆန်း ဖြစ်နေရတော့သည်…
ဟဟ