” သွေးချီတွေ စုစည်းကြစမ်း။” ပိုင်ရှောင်ချန်းက ခေါင်းကို နောက်သို့လှန်ကာ အော်ဟစ်လိုက်သည်။ သူ၏လက်ကို လေထဲတွင်ဝှေ့ယမ်းလိုက်သောအခါ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ၏ကြားတွင် အလွန်အမင်း အံအားသင့်ဖွယ်အရာကြီးတစ်ခုဖြစ်သွားတော့သည်။
အလယ်တောင်၏ လက်ချောင်းအောက်ပိုင်းတစ်ခုလုံးရှိ မရေမတွက်နိုင်သည့် သွေးချီစီးေကြာင်းများက ပိုင်ရှောင်ချမ်းနှင့် ဆက်စပ်နေသည့်အလား သူ၏ အမိန့်ကို နာခံလိုက်ကြတော့သည်။ သူတို့မှာ အသိဥာဏ်ရှိသော အရာများအလား လေထဲတွင် ဖြတ်ပျံကာ ပျော်ရွှင်မြူးထူးနေကြတော့သည်။
မရေမတွက်နိုင်သော သွေးချီစီးကြောင်းများက ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားကာ သူနှင့်ပေါင်းစည်းလိုက်ကြတော့သည်။ အပင်တိုင်း၊ အင်မော်တယ်ဂူတိုင်း၊ သွေးကန်တိုင်း၊ သွေးရေတံခွန်တိုင်း၊ မြေပြင်ကြီး၏ လက်မတိုင်းဆီမှ သွေးချီများ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားကြတော့သည်။
ဂျုန်းဂျုန်းဂျုန်း….
ထိုမြင်ကွင်းကြီးမှာ ကောင်းကင်ကိုပင်တုန်ခါစေနိုင်ပြီး ကမ္ဘာမြေကြီးကိုပင် အက်ကွဲစေနိုင်သည့် ဖြစ်ရပ်ကြီးပင်ဖြစ်သည်။ နှိုင်းယှဥ်၍မရနိုင်လောက်အောင် အင်အားကြီးမားသည့် သွေးချီများက ကောင်းကင်ကြီးကို ပိတ်ဆို့လိုက်သဖြင့် အရာအားလုံးမှာ နီမြန်းသွားတော့သည်။ ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် သွေးမြူခိုးများက လျင်မြန်စွာ ဖြစ်ပေါ်လာပြီး သူ၏အထက်ရှိ လေပေါ်သို့ မြင့်တက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုနေရာတစ်ဝိုက်ရှိ သွေးချီအားလုံး၏ ဘုရင်ဖြစ်သွားသည့် အလား သူပါးစပ်တစ်ခွန်းဟလိုက်ရုံနှင့် သွေးချီအားလုံးမှာ သူ့ဆီသို့ ပြေးလာမည့် အနေအထား ရောက်နေတော့သည်။ အလယ်တောင်၏လက်ချောင်းအောင်ပိုင်းရှိ သွေးချီအားလုံးမှာ သူ၏ အမိန့်ပေးသံ၏အောက်တွင် ဝဲတစ်ခုကဲ့သို့ လည်ပတ်နေတော့သည်။
သို့သော်လည်း လက်ချောင်းအောက်ပိုင်း နေရာတစ်ဝိုက်တွင်ပင် ထိုကဲ့သို့ဖြစ်နေခြင်းမဟုတ်ပေ။ လက်ချောင်းအထက်ပိုင်းရှိ သွေးချီများပင်လျှင် လှုပ်လှုပ်ရွရွဖြစ်လာတော့သည်။ ပိုင်ရှောင်ချန်း၏ဘေးတွင် ကြီးမားသော သွေးရောင်အလင်းတန်းကြီးတစ်ခုက ဝန်းရံနေပြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားသောအခါ အရာအားလုံးမှာတုန်ခါသွားတော့သည်။
အလယ်တောင်တစ်တောင်လုံးမှာ လုံးဝပင် ရှုပ်ယှက်ခတ်နေပြီဖြစ်သည်။
ဘေးနားရှိ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်များစွာမှာ ဖြစ်ပျက်နေသည်များကိုမြင်လိုက်သောအခါ ကြက်သေသေနေကြပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ သွေးချီများပင်လျှင် အပြင်ဘက်သို့ ပေါက်ထွက်တော့မည့်အလားဖြစ်နေသဖြင့် ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီနေကြတော့သည်။
အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်ရှိသော ကျင့်ကြံသူများပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ တချိန်ထဲမှာပင် လက်ချောင်းအထက်ပိုင်းမှ အလင်းတန်းများထွက်လာပြီး မရေမတွက်နိုင်သည့် နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့် ကျွမ်းကျင်သူများ ပေါ်လာတော့သည်။ သူတို့အကုန်လုံးမှာလည်း အလွန်အမင်း အံ့အားသင့်နေကြတော့သည်။
” ဒီကောင်က ဘယ်လို ကောင်တုံးဟ”
“သွေးချီတွေက သူ့ရဲ့အမိန့်ကိုနာခံနေတယ်။ မယုံနိုင်စရာပါလား။”
“သောက်ကျိုးနည်းကွာ။ ဘာလို့ ညမုဆိုး က အဲ့လောက်စွမ်းနေရတာလဲ။ ဒီလောက်တောင်စွမ်းတာကို ဘာလို့များ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကို မရောက်ခဲ့တာတုံးဟ။”
နွံအိုင်တောင်၊ အမည်မဲ့တောင်နှင့် ရုပ်အလောင်းတောင်ရှိ လူအားလုံးမှာ ဆွံ့အနေကြတော့သည်။ ထိုတောင်သုံးတောင်၏ မဟာ အကြီးအကဲများပင် အလယ်တောင်တွင်ဖြစ်ပျက်နေသည်များကိုကြည့်ရင်း ကြောက်ရွံ့လေးစားမှုများ တဖွားဖွားပေါ်နေတော့သည်။
” ဒါက….”
“ဒီပုံစံအရဆို…..”
အခြားတောင်သုံးတောင်မှ သွေးသခင် များမှာ သူတို့၏ ဘုံကျောင်းများထဲမှ ထွက်လာပြီး ဖြစ်ပျက်နေသည်များကို ကြည့်လိုက်ကြတော့သည်။ သူတို့အားလုံးမှာ လူငယ်များဖြစ်ကြပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ သူတို့ဆီမှ ထွက်ပေါ်နေလေသည်။ သူတို့၏မျက်နှာများမှာ တည်ကြည်နေကြပြီး သူတို့၏အတွင်းစိတ်ကိုရိုက်ခတ်နေသည့် တုန်ခါမှုလှိုင်းများကြောင့် နှလုံးများပင် တုန်ရီနေတော့သည်။
အလယ်တောင်၏ လက်ချောင်းထိပ်ပိုင်းတွင်မူ မဟာအကြီးအကဲ စုန့်ကျင်းဝမ်က အလယ်တောင်၏ သွေးစီးကြောင်း အကြီးအကဲ ကိုးယောက်နှင့် အရေးကြီးသော ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နေသည်။ လက်ချောင်းအောင်ပိုင်းတွင် ဖြစ်ပျက်နေသည့် ကြောက်မက်ဖွယ်တိုက်ပွဲကို သူတို့ သတိထားမိခဲ့ပါသော်လည်း ဂရုသိပ်မစိုက်ခဲ့ပေ။ သို့သော်လည်း ယခုတွင် သွေးချီများ ရုတ်တရက် ပေါက်ထွက်လာမှုကြောင့် သူတို့အားလုံးမှာ အလွန်အမင်း အံ့သြနေကြတော့သည်။
လက်ချောင်းအထက်ပိုင်းရှိ သွေးချီများက လှုပ်လှုပ်ရွရွဖြစ်လာသောအခါ ပို၍ပင်ဆိုးလေသည်။ စုန့်ကျင်းဝမ်၏ မျက်နှာတွင် မယုံသင်္ကါသော အရိပ်အယောင်တစ်ခုပေါ်လာသည်။ ဆွေးနွေးပွဲကိုပင် နည်းလမ်းတကျ ရွှေ့ဆိုင်းမနေတော့ပဲ သူမက ပျံထွက်သွားသောအခါ သူမ၏နောက်တွင် အံ့အားသင့်နေသည့် သွေးစီးကြောင်း အကြီးအကဲ ကိုးယောက်ပါ ပါလာတော့သည်။
သူတို့ဆယ်ယောက်မှာ အလယ်တောင်ရှိသွေးချီများအားလုံးက တစ်ခါမှမမြင်ဖူးသည့် ပုံစံဖြင့် ပေါက်ကွဲနေသည်ကိုမြင်လိုက်ရပြီး မှိုင်းပြပြလေထုကြီးတစ်ခုဝန်းရံလျက် လေထဲတွင် အေးစက်စက် တောက်ပနေသည့်မျက်ဝန်းများနှင့် ဆံပင်များ တဖျပ်ဖျပ် လွင့်ပျံနေသော ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။ သူ့ပုံစံမှာ သွေးမိစ္ဆာနှင့်ပင် တူနေတော့သည်။
“ဒါ…ဒါ…”
“ဘုရားရေ။ တောင်တစ်တောင်လုံးက သွေးချီတွေက သူ့ဘေးနားမှာ စုစည်းနေကြတာပါလား။”
အကြီးအကဲများမှာ အလွန်အမင်းတုန်လှုပ်နေကြပြီး စုန့်ကျင်းဝမ်၏ အသက်ရှူသံများပင် မြန်လာတော့သည်။
တချိန်ထဲမှာပင် ရှေးဟောင်းတောင်ပေါ်ရှိ ဂိုဏ်းစောင့်အကြီးအကဲများထံမှ နတ်ဘုရားအာရုံများမှာ ထိုနေရာသို့ စုစည်းသွားကြလေသည်။ သူတို့မှာလည်း ထိုမြင်ကွင်းကြောင့် စိတ်အေးအေး မနေနိုင်တော့ချေ။
” သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်း
ပါလားဟ။ ဘယ်လိုတောင် ဒီလိုမျိုးဖြစ်နိုင်ရတာလဲ။ လူလေး ညမုဆိုး မှာ ဒီလို ကံကြမ္မာရှိနေတာ ငါဖြင့်မယုံနိုင်ဘူး။ သူက သွေးပြောင်းပြန်ဘိုးဘေးနှိုးထခြင်း အဆင့်ကို ရောက်သွားပြီဟ။”
” သောက်ကျိုးနည်းဟေ့။ ဒီကလေးရဲ့ ပါရမီကို အစတုံးက ဘယ်သူစစ်ဆေးခဲ့တာတုံး။ သူ့ရဲ့ သွေးဓားကျင့်ကြံခြင်းနည်းနဲ့ သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းအဆင့် ကို သုံးနိုင်မယ်ဆိုတာကို ငါတို့သိရင် သူ့ကို မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကို မရောက်ရောက်အောင် ငါတို့က သေချာပေါက်လုပ်ပေးမှာပေါ့ကွ။”
ဂိုဏ်းစောင့်အကြီးအကဲများက တုန်လှုပ်နေကြစဥ် ဂိုဏ်းစောင့်အကြီးအကဲများထက်ပင်သာလွန်သော ပို၍ပင် အားကောင်းသည့် နတ်ဘုရားအာရုံတစ်ခုပေါ်လာသည်။ ထိုအာရုံမှာ စွမ်းအားကြီးလွန်းလှသဖြင့် ပေါ်ပေါက်လာရုံမျှနှင့်ပင် ကောင်းကင်ကြီးနှင့် ကမ္ဘာကြီးမှာ တွန့်လိမ်ကောက်ကွေးလာသည့်အလား ဖြစ်ကုန်ကြသည်။
ဂိုဏ်းစောင့်အကြီးအကဲများ၏ အတွေးထဲတွင် ရှေးဟောင်းအသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
“သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းအဆင့် ကို မတော်တဆဖြစ်ပြီးတော့ ရောက်နိုင်တယ်ကွ။ ပန်းတိုင်ကြီးတစ်ခုလိုထားပြီး ကျင့်ကြံနေလည်း ရချင်မှရတာ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သိုင်းကွက်တွေကို ကျင့်ကြံကြတဲ့ ကျင့်ကြံသူ တစ်သိန်းမှာ ဆန်းသစ်တဲ့ ဘိုးေဘးနှိုးထခြင်းတစ်ခုကို လုပ်ဖို့ လိုအပ်တဲ့ စွမ်းအားတွေကို စုစည်းနိုင်တဲ့ ဂိုဏ်းသားတစ်ယောက်ကိုရှာတွေ့ဖို့ဆိုတာ တော်တော်မလွယ်တဲ့အရာပဲ။ ဒီလို အဖြစ်အပျက်မျိုးက အတိတ်မှာတောင် နှစ်ခါပဲ ဖြစ်ခဲ့ဖူးသေးတာ။ ဒီကောင်လေးဒီလိုလုပ်နိုင်မယ်လို့ ခန့်မှန်းနိုင်တဲ့လူက မရှိသလောက်ကို နည်းပါးမှာအသေအချာပဲ။ ”
လူတိုင်းက တုန်လှုပ်စွာ ကြည့်နေကြစဥ် သွေးချီများက ကမူးရှူးထိုးဖြင့် တုန်ရီနေသည့် ပိုင်ရှောင်ချန်းကိုယ်ထဲသို့ စီးဝင်သွားသောအခါ သူက စူးရှသောအသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ တွင်းနက်ကြီးအလား သွေးချီများကို အကုန်စုပ်ယူလိုက်သောအခါ သူ၏ထာဝရအရေပြားမှာ မျက်စိကျိန်းလောက်အောင် တောက်ပလာတော့သည်။ ဤအချိန်တွင် ထိုအလင်းရောင်မှာ ရွှေရောင်မဟုတ်တော့ဘဲ သွေးရောင်အတိ လွှမ်းနေပြီဖြစ်သည်။
ထိုသွေးရောင်ဆိုသည်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အမှတ်အသားဖြစ်ကြောင်း လူတိုင်းက သိလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သိုင်းကွက်ကို အသုံးပြုနေကြောင်း ပြသလိုပါက ပိုင်ရှောင်ချန်းလုပ်နေသည့်အရာထက် ပို၍ကောင်းသည့် အရာ မရှိတော့ပေ။
ထိုသွေးရောင်အလင်းတန်းများက အရပ်မျက်နှာပေါင်းစုံပျံ့နှံ့သွားချိန်တွင် ပိုင်ရှောင်ချန်းက ခေါင်းကိုနောက်ပစ်၍ အော်လိုက်သောအခါ အစိမ်းရောင်အရေပြား၊ ကြောက်မက်ဖွယ်ပုံပန်းသွင်ပြင်နှင့် ချွန်ထက်နေသည့် အစွယ်များရှိသည့် ဧရာမ သတ္တဝါကြီးတစ်ကောင်ပေါ်လာတော့သည်။ ၎င်း၏ချွန်ထက်သောလက်သည်းများမှာ နံရံအားလုံးကို ဖြိုချနိုင်လောက်အောင် သန်မာလှပြီး ကောင်းကင်ကြီးကိုပင်ဖောက်ထွင်းနိုင်သည့် ဦးချိုကြီးလည်းရှိသေးသည်။ ထို့အပြင် အရာအားလုံးကို ရိုက်ခတ်ပစ်နိုင်သည့် အကြေးခွဲများဖုံးအုပ်ထားသော အမြီးရှည်ကြီးတစ်ချောင်းလည်း ပါသေးသည်။
ထိုသတ္တဝါကြီးမှာ ဒဏ္ဍာရီလာ ဝိညာဥ်ရိုင်း ကြီးပင်ဖြစ်သည်။ ထို ဝိညာဥ်ရိုင်းကြီး ရုတ်တရက်ပေါ်ထွက်လာမှုမှာ ပိုင်ရှောင်ချန်းက ထာဝရကောင်းကင်ဘုရင်၏ ပထမအဆင့်ကို အောင်မြင်သွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
ထို ဝိညာဥ်ရိုင်းကြီး၏ ပုံရိပ်ပေါ်လာချင်းပင် နွံအိုင် တောင်မှ မဟာအကြီးအကဲကြီး၏ မျက်လုံးများမှာ ပြူးသွားတော့သည်။ ထိုတောင်မှ သွေးသခင်ကမူ တုန်တုန်ရီရီဖြစ်နေပြီး မျက်လုံးများမှာ တောက်ပနေတော့သည်။
“နွံအိုင် တောင်က ဒီ ညမုဆိုး ဆိုတဲ့ကောင်ကို အရယူမှ ဖြစ်မယ်ဟေ့။” သွေးသခင်က အော်ပြောလိုက်လေသည်။
မဟာအကြီးအကဲကြီးမှာလည်း သွေးသခင်ကဲ့သို့ဖြစ်နေပြီး သူ၏ စိတ်လှုပ်ရှားမှုကို မချုပ်တည်းနိုင်ချေ။ နွံအိုင် တောင်ပေါ်တွင် သွေးဘိုးဘေးကြီး၏ လက်ကို နှစ်ပေါင်းများစွာလေ့လာရာမှ ရရှိထားသည့် လျှို့ဝှက်ပညာရပ်တစ်ခုရှိသည်။ ထိုပညာရပ်မှာ ဝိညာဥ်ရိုင်းကြီးပုံကို ရေးထိုးထားသည့် ဆေးမင်ကြောင်တစ်ခုကို အခြေခံကာ တီထွင်ထားခြင်းဖြစ်သည်။
ယခုတွင်မူ ပိုင်ရှောင်ချန်း၏ ဘိုးေဘးနှိုးထခြင်းကြောင့် အံ့သြဖွယ်ပင် ဝိညာဥ်ရိုင်းကြီး၏ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီဖြစ်သည်။ နွံအိုင် တောင်ပေါ်ရှိ လူတိုင်းမှာ လုံးဝပင် အရူးအမူးဖြစ်နေကြတော့သည်။
တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းက လေပေါ်တွင်ပျံကာ အသံကုန်အော်ဟစ်ပြီး ထိုနေရာတစ်ဝိုက်ရှိသွေးချီအားလုံးကို စုပ်ယူနေတော့သည်။ သွေးချီများက သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ၏နောက်ကျောမှ ပြန်ထွက်ပေါ်လာကာ ဧရာမသွေးဓားကြီးတစ်ချောင်းအသွင် ပြောင်းသွားတော့သည်။ အစတွင်ဓား ထိပ်ဖျားလေးသာပေါ်သည်။
သို့သော်လည်း သူက သွေချီများကို ထပ်မံစုပ်ယူလိုက်သောအခါ ဓားသွားကြီးပေါ်ပေါက်လာပြီးနောက် ဓားရိုးပါ ထွက်လာတော့သည်။
ထိုအရာများမှာ ဖော်ပြရသည်မှာကြာသော်လည်း အသက်ရှူကြိမ်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ အဆုံးတွင် ဧရာမသွေးဓားကြီးတစ်ချောင်း ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းက လက်နှစ်ဖက်မြှောက်၍ ဓားရိုးကိုကိုင်လိုက်သောအခါ လူတိုင်းစီမှ ပင့်သက်ရှိုက်သံများ ထွက်လာတော့သည်။
” ဒါငါ့ရဲ့ သွေးမုန်တိုင်းသိုင်းပဲ။ မင်းတို့ကောင်တွေ ငါ့ကို သတ်ချင်တယ် ဟုတ်လား။ အေး ငါမင်းတို့ကို အရင်သတ်ရမယ်ဆိုရင်ရောကွာ။ ” သူက တင်းမာခက်ထန်စွာ အော်ပြောလိုက်သည်။ ထို့နောက်သူက ဓားကိုခုတ်ချလိုက်သောအခါ သွေးရောင် လခြမ်းကွေးပုံစံ အလင်းတန်းတစ်ခုမှာ အောက်ဖက်ရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများထံသို့ ဦးတည်သွားတော့သည်။
ဧရာမဓားကြီး ဆင်းသက်လာသောအခါ ထိုနေရာတစ်ဝိုက်ရှိ သွေးချီများက ထိုဓားဆီသို့ ပြေးသွားကြပြီး ပေါင်းစည်းသွားသဖြင့် ဓားကြီးက ပို၍ပင်ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုဓားကြီးမှာ မီတာသုံးဆယ်ကျော်ရှည်လျားသွားပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။
အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော် ဖြစ်သွားတော့သည်။ သူတို့က အသံကုန်အော်ဟစ်လိုက်ပြီး ရှိသမျှအားအကုန်လုံးနှင့် လျှို့ဝှက်စွမ်းအင်များကိုပင် စုပေါင်း၍ ကာကွယ်ရန်ပြင်လိုက်လေသည်။
ဒုန်းဒုန်းဒုန်း…..
ရှေ့ဆုံးရှိ ကျင့်ကြံသူများကို ဓားကထိသွားသောအခါ သူတို့မှာ ငယ်သံပါအောင်အော်ဟစ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များကမူ ပြိုလဲပျက်စီးတော့မည့်အလား တုန်ရီသွားကြတော့သည်။ ထို့နောက် ထိုအားမှာ ဆင့်ကဲဆင့်ကဲဖြင့် နောက်ဖက်ရှိ ကျင့်ကြံသူများထံသို့ပင် ရောက်သွားတော့သည်။ သူတို့ ခုခံလိုက်ရသည့် သွေးဓားသိုင်းကွက်မှာ ယခုတွင် သူတို့အားလုံးကို ဖျက်စီးနိုင်မည့်အလား ခြိမ်းခြောက်နေတော့သည်။ စုန့်ချွဲမှာ ထိုအုပ်စုထဲတွင်ပါရာ ကြမ်းကြုတ်သောအမူအရာဖြင့် အသက်ကို ပဓာဏမထားပဲ ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်တော့သည်။
သို့သော်လည်း ထိုအချိန်တွင် အေးစက်စက်နှာမှုတ်သံတစ်သံထွက်လာတော့သည်။
” တော်လောက်ပြီ….သွေးချီတွေ။ ခွဲသွားကြစမ်း။” ထိုစကားသံမှာ မိုးချုန်းသံအလား ပဲ့တင်ထပ်သွားပြီး ပိုင်ရှောင်ချန်းလက်ထဲရှိ သွေးဓားကြီးမှာ တုန်ခါသွားပြီး ပြိုလဲပျက်စီး သွားတော့သည်။
အလယ်တောင်ကို စွမ်းအားကြီးမားသည့် အားတစ်ခုက လွှမ်းခြုံသွားသဖြင့် တစ်တောင်လုံး တုန်ခါသွားတော့သည်။ တချိန်ထဲမှာပင် မရေမတွက်နိုင်သည့် မန္တန်အစီအရင်များနှင့် မှော်သင်္ကေတများမှာ မြေကြီးပေါ်တွင်ပေါ်လာတော့သည်။ ထိုအရာများမှာ သွေးချီများကို ထိန်းချုပ်ရန် လက်ကြီးပေါ်တွင် သေသေချာချာ တပ်ဆင်ထားခြင်းဖြစ်သည်။
စောစောက ထွက်လာသည့် စကားသံကို သွေးချီများက လိုက်နာနေသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးနေတော့သည်။ ထိုအသံမှာ ၎င်းတို့၏ သခင်အစစ်ဖြစ်သည့်အလား သူ့ထက်ပင်ပို၍ ထိန်းချုပ်နိုင်နေသဖြင့် သူက သွေးချီများကို ထိန်းချုပ်၍မရတော့ပေ။
သို့သော် အနည်းငယ်အကြာတွင် ထိုလူ၏ သွေးချီထိန်းချုပ်နည်းမှာ သူနှင့်ပြောင်းပြန်ဖြစ်ပြီး ပြင်ပအားကို သုံးထားကြောင်း သိလိုက်ရလေသည်။ သူက သွေးချီနှင့် ဆက်စပ်နေသည်မဟုတ်ပါလော။
ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် ဒေါသမီးများတောက်လာတော့သည်။ ယခုအချိန်မှာ အသံပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း သူ ဂရုမစိုက်တော့ဘဲ လွှတ်ခနဲပြောလိုက်လေသည်။
” မဟုတ်ဘူး။ ဘာမှ မတော်နိုင်သေးဘူးကွာ။ အဲ့တာဆို သူတို့ ကျုပ်ကိုသတ်ဖို့လုပ်တုံးက ခင်ဗျားဘာလို့ ဝင်မတားလဲ။ အခု ကျုပ်က ပြန်သတ်မယ်လုပ်တော့မှ တော်လောက်ပြီတဲ့လား။ ကျုပ် လက်မခံနိုင်ဘူး ”
သူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ရောက်ကထဲက အမြီးကုတ်ကာ ပတ်ပြေးနေခဲ့ရသည်။ ယခု ပြန်တုံ့ပြန်သည့်အခါမှ မတရားဆက်ဆံခံနေရ၏။ ယခုအချိန်တွင် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများကို သတ်လိုသည့် သူ၏စိတ်များမှာ တားဆီး၍မရနိုင်အောင် ဖြစ်လာသည်။
” ဒါတွေက သူတို့အမှားတွေပဲ။” သူက နီရဲနေသော မျက်လုံးကြီးများဖြင့် အော်ပြောလိုက်သည်။ သူလုပ်နေသည့်အရာမှာ အကောင်းဆုံး ဆုံးဖြတ်ချက်မဟုတ်ကြောင်း သိသော်လည်း သူက အားအကုန်သုံးကာ လက်ဖဝါးကြီးကို ဆင့်ခေါ်ရန်ပြင်လိုက်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကမောက်ကမဖြစ်အောင် လုပ်မည်ဟု ကြံလိုက်တော့သည်။ ဂိုဏ်းမှထွက်ပြေးရမည်ဆိုလျှင်တောင်မှ သူ၏ရွေးချယ်မှုမှာ ပြောင်းမည်မဟုတ်ပေ။
သွေးချီများ ကွဲထွက်သွားသောအခါ ပြင်းထန်သည့် ဖိအားကြီးတစ်ခုကျလာပြီး အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ မှင်တက်နေချိန်တွင် သူက ဖျတ်ခနဲ လှုပ်ရှားလိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း သူက ဓမ္မ စောင့်ရှောက်သူတစ်ယောက်၏ရှေ့သို့ ရောက်သွားပြီး လက်ဆီးဆုပ်ကာ ထိုးချလိုက်တော့သည်။
ထိုကျင့်ကြံသူကမူ တိုက်ပွဲကြီးပြီးသွားပြီအထင်ဖြင့် စိတ်အေးလက်အေး သက်ပြင်းချနေသည်။ မြန်ဆန်လှသည့်အဖြစ်အပျက်များကို သူက မတုံ့ပြန်နိုင်လိုက်သဖြင့် ပထမလက်သီးချက်တွင် အထိုးခံလိုက်ရကာ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ၏ နှလုံးနှင့် သွေးကြောများမှာ ပေါက်ကွဲသွားတော့သည်။
“မင်း….” သူက မျက်လုံးပြူးသွားတော့သည်။ ထို့နောက် ဘာမှပင်ဆက်မပြောနိုင်တော့ပဲ သေဆုံးသွားတော့သည်။
ထိုအခါ လူတိုင်းမှာ ကမောက်ကမဖြစ်သွားကြပြီး ထွက်ပြေးရန် ပြင်လိုက်ကြတော့သည်။ ပိုင်ရှောင်ချန်းမှာ မတရားအနိုင်ကျင့်ခံရသည်ကို စိတ်ကုန်နေပြီဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သူ၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည့် မျက်ဝန်းများဖြင့် နောက်တစ်ခေါက် တိုက်ခိုက်လိုက်ပြန်တော့သည်။