ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ရာတောင် မရှိပေ။ ဒါဇင်အနည်းငယ်မျှသာ ဝန်းရံထားလေသည်။ ထို့အပြင် အများစုမှာ အစောပိုင်းအခြေခိုင်မာခြင်း အဆင့်ရှိ ကျင့်ကြံသူများဖြစ်ကြပြီး ထိုထဲမှ လက်တစ်ဆုပ်စာလောက်ကသာ အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။
ကံကောင်းထောက်မစွာဖြင့် အလယ်ပိုင်းခြေခိုင်မာခြင်းကျင့်ကြံသူများ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ခက်ထန်နေပါသော်လည်း တကယ် ဝင်ရောက်မတိုက်ခိုက်ကြချေ။ သူတို့က အစောပိုင်းကျင့်ကြံသူများနှင့် အဆင့်အတန်းအရသာမက ဂုဏ်ဒြပ်အရပါ ကွာခြားလေသဖြင့် သူတို့အမြင်တွင် ပိုင်ရှောင်ချန်းအား ဝိုင်းဝန်းတိုက်ခိုက်နေသည့် လူများနှင့် ပူးပေါင်းလိုက်ခြင်းသည် အင်မတန်မှ သိက္ခါကျစရာသဖွယ် သတ်မှတ်ထားလေသည်။
ထိုလက်တစ်ဆုပ်စာလူများမပါလျှင်တောင်မှ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ကိုင်လှုပ်နိုင်လောက်အောင် စွမ်းအားကြီးမားသည့် အခြေခိုင်မာခြင်းအဆင့် ဓမ္မစောင့်ရှောက်သူများနှင့် အကြီးအကဲများ ဒါဇင်အနည်းငယ်ခန့်ရှိနေသေးသည်။ ထို့အပြင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တွေဝေတုံ့ဆိုင်းခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ မရှိဘဲ ကြီးနိုင်ငယ်ညှင်းဝါဒသာရှိလေသည်။
“ထိရဲထိကြည့် အသေပဲ”
ထိုအရာသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ ဤနေရာတွင် ခွန်အားသည်သာ အရေးပါအရာရောက်သည်။
ပိုင်ရှောင်ချန်း၏ တိုက်ခိုက်မှုက အလယ်တောင်ထိပ်မှ လူများအား ဒေါသထွက်သွားစေသည်။ ထို့ကြောင့်ပင် ချီစုစည်းမှုအဆင့်ထက် များစွာသာလွန်သော ပြင်းထန်သောစွမ်းအားများနှင့် စတင်တိုက်ခိုက်တော့သည်။ နတ်ဘုရားစွမ်းအင်များ ဟုန်းခနဲ ထွက်လာပြီး လှိုင်းလုံးကြီးသဖွယ် မြင့်တက်လာသည့် သွေးချီများနှင့် အလယ်တောင်ထိပ်၏ ပြိုင်ဖက်ကင်း သွေးဓားများ တပြိုင်နက် ပေါ်ထွက်လာ၏။ မျက်စိတမှိတ်အတွင်းမှာပင် သွေးဓားဆယ်ချောင်းသည် အရှိန်အဟုန်ပြင်းစွာနှင့် ပိုင်ရှောင်ချန်းဆီသို့ တန်းတန်းမတ်မတ် ဆင်းသက်လာသည်။
ပိုင်ရှောင်ချန်းမှာ ယုန်ပြဿနာအေးသွားသဖြင့် စိတ်တည်ငြိမ်ရုံရှိသေးသော်လည်း ယခုတွင်မူ မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ်တုန်လာ၏။ သေဘေးနှင့်ကြုံတွေ့ရသောကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုမတတ် ဗလောင်ဆူနေသည်။
ဘုန်းခနဲ မြည်ဟည်းသွားပြီးနောက် တစ်နေရာလုံး တဖိမ့်ဖိမ့် တုန်ခါသွား၏။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအားလုံးက ပိုင်ရှောင်ချန်း၏ ဆံချည်မျှင်တစ်ပင်မှ လွတ်မြောက်မသွားစေရန် ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။ တခဏအတွင်းမှာပင် သွေးဓားများမှာ သူအား ပြင်းပြင်းထန်ထန် ထိမိသွား၏။
” ကျုပ်ရှင်းပြပါရစေဦး…”
ဒယိမ်းဒယိုင်ဖြစ်ကာ နောက်သို့ဆုတ်ခွာလိုက်ရင်း ပြောလိုက်သည်။စုပ်ယူထားသည့် သွေးချီစွမ်းအင်များကြောင့် သူ၏ ထာဝရရွှေ အရေပြားမှ သွေးရောင်အလင်းများ ထွက်ပေါ်နေသည်။ ထာဝရကောင်းကင်ဘုရင်ပညာရပ်နှင့် ပေါင်းလိုက်သည့်အခါတွင်မူ သူက သိသိသာသာ အစွမ်းထက်လာကာ ခုခံနိုင်စွမ်းသည်လည်း မယုံကြည်နိုင်လောက်အောင် ယခင်ကထက် ကြံ့ခိုင်လာပြီဖြစ်သည်။
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာမူ ပါးစပ်အဟောင်းသားနှင့် အံသြတုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒီခွေးကောင် ညမုဆိုး က အပြင်အားပညာရပ် ကို ခိုးကြောင်ခိုးဝှက် ကျင့်နေတာပဲ”
“မြေခဓား မဟူရာချောက်မှာ အသက်ရှင်နိုင်တာလဲ အံသြစရာမရှိဘူး.. ဒီအပြင်အားပညာရပ်ကြောင့်မို့သာပေါ့ ”
“ဒီကောင့်ရဲ့ အပြင်ခန္ဓာကိုယ်ခုခံမှုက တော်တော်စွမ်းတာပဲ။ ငါတို့အားလုံးပေါင်းတောင်မှ မနိုင်ဘူးဟေ့”
သူတို့၏ အမူအရာများမှာ ပို၍ လေးနက်သွားကြပြီး ပိုင်ရှောင်ချန်းအား တိုက်ခိုက်ခြင်းကို ရပ်တန့်မည့် အရိပ်အယောင်လုံးဝမရှိချေ။ သူပိုပြီးသန်မာနေလေ နောင်တချိန်တွင် ဖြစ်လာမည့် ဆူးညှောင့်ခလုတ်ကန်သင်းများအတွက် သုတ်သင်ရှင်းလင်းလိုစိတ်များ ပိုအားကောင်းလာလေဖြစ်သည်။
ကျောချမ်းဖွယ်ရာ သွေးအေးရက်စက်သော အငွေ့အသက်များ သူတို့၏ မျက်လုံးတွင်း၌ ဖုံးလွှမ်းသွားပြီး နောက်တကြိမ် စုပေါင်းတိုက်ခိုက်လိုက်ပြန်သည်။
သွေးဓားဆယ်ချောင်းမက ပိုင်ရှောင်ချန်းကို ရိုက်ခတ်သွားလေတော့သည်။ သူက ရှောင်တိန်းရန်ကြိုးစားပါသော်လည်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်များစွာက သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်ကာ ဆက်တိုက် တိုက်ခိုက်နေလေ၏။
ဝုန်းခနဲ အသံကြီး ထစ်ချုန်းမြည်ဟီးသွား၏။ ကျင့်ကြသူအချို့သည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကိုပင်လျှင် သွားရောက်ဖျက်စီးပစ်လိုက်ကြသည်။
“ပြေးနိုင်သလောက်ပြေးထားစမ်းပါ..ညမုဆိုးရာ။ ဒီတစ်ခါတော့ မလွတ်စေရဘူး”
နတ်ဘုရားစွမ်းအင်များနှင့် မှော်ပညာများပေါ်ထွက်လာမှုတို့ကြောင့် မိုးခြမ်းသံကဲ့သို့ တဂျိန်းဂျိန်းမြည်သံများ လေထဲလွင့်ပျံနေသည်။ ထိုအချိန်တွင် ဓားချီပေါင်းများစွာ၏ တိုက်ခိုက်ခံရခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်နေသည်။
ထာဝရကောင်းကင်ဘုရင်ပညာရပ်ကို တတ်မြောက်ထားပါသော်လည်း သူ၏ပါးစပ်မှ သွေးများတရစပ်စီးကျလာ၏။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး သူ့မျက်လုံးများနီရဲလာကာ မော့ကြည့်လာသည်။
လူများမှာ အကြင်နာတရားကင်းမဲ့ကာ သွေးဆာနေဟန်ရှိပြီး ဒေါသအမျက်ချောင်းချောင်း ထွက်နေသော ညမုဆိုးကို မြင်တွေ့လိုက်ကြရသည်။
ထိုအချိန် သူ့သွေးချီများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်များ တဝုန်းဝုန်းတောက်လောင်နေ၏။
” ပြေးနေတာ လုံလောက်ပြီ ”
ပါးစပ်မှ စီးကျနေသော သွေးများအား သုတ်လိုက်ပြီး ပြောလိုက်၏။
” မင်းတို့အရူးကောင်တွေ ငါ့ကို သတ်ဖို့ကြံတာ သုံးခါရှိပြီကွ။ တော်တော့်ကို တရားလွန်တာပဲ။ ငါမင်းတို့ကို ကြောက်တယ်များ ထင်နေတာလား”
သူ၏ ဆံပင်များသည် ဖရိုဖရဲ ဖြစ်နေကာ အဝတ်များသည်လည်း စုတ်ပြတ်နေသည်။ သွေးနတ်ရေစင်ဂိုဏ်းကို စရောက်စဥ်ကတည်းက ပိုင်ရှောင်ချန်းမှာ ချောက်ကမ်းပါးအစွန်တွင် ရပ်နေရသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။ သို့သော် ယခုအခါ ပူပင်သောကစိတ်များအားလုံး ပေါက်ကွဲထွက်လာ၏။
အထိခိုက်ခံနေရခြင်းကြောင့် သူပင်ပန်းနေပြီ ဖြစ်သည်။ သို့သော်လည်း ထိုလူများက နည်းနည်းလေးမျှ အလျှော့မပေးဘဲ သဲသဲမဲမဲ တိုက်ခိုက်နေကြသည်။ သူတို့၏ ဆုံးဖြတ်ချက် မှာ ရှင်းလင်းပြတ်သားလေသည်။ မသေမချင်းတိုက်ခိုက်နေရန်ပင်ဖြစ်သည်။ သေမင်းအငွေ့အသက်များနှင့် ယခုကဲ့သို့ ဘေးကျပ်နံကျပ်အခြေအနေများကြောင့် ပိုင်ရှောင်ချန်းသည် ခေါင်းကို နောက်သို့လှန်ကာ
ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ထို့နောက် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အစောပိုင်းအခြေခိုင်မာခြင်း အဆင့် လူငယ်တစ်ဦး၏ ရှေ့တည့်တည့်သို့ ရောက်သွားသည်။
ပိုင်ရှောင်ချန်း၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များနှင့် ပြည့်နေပြီး တောင်ဖြိုသိုင်းကွက်ကို ထုတ်ဖော်လိုက်၏။ထို့နောက် အစောပိုင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူလူရွယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့လွင့်စင်သွားကာ သွေးများ အန်ထွက်လာလေသည်။
တချိန်တည်းမှာပင် သွေးဓား ခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ပိုင်ရှောင်ချန်းဆီသို့ လွင့်ပျံလာသည်။ သို့သော်လည်း သူ၏သွေးချီများ ပေါ်ထွက်လာပြီး ထိုဓားများ အဝေးသို့ လွင့်သွားသည်။ ထို့နောက် အလယ်တောင်ထိပ်မှ အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်ဓမ္မစောင့်ေရှာက်သူများထံသို့ အရိပ်တစ်ခုသဖွယ် လျင်မြန်စွာ ရွေ့လျားသွားရာ တဝုန်းဝုန်းမြည်ဟည်းသံများ ပေါ်ထွက်လာသည်။ လျှပ်တစ်ပြက်အတွင်း သူက ထိုလူနှစ်ယောက်၏ ရှေ့သို့ရောက်သွားကာ လက်ကို ဆန့်ထုတ်လိုက်၏။
ဓမ္မစောင့်ရှောက်သူနှစ်ယောက်၏ မျက်လုံးများ ပြူးကျ ယ်သွားပြီး ချက်ချင်းပင် သူတို့၏ သွေးချီများပေါ်ထွက်လာသည်။ မန္တန်လက်ကွက်များဖော်လိုက်သည်နှင့် သူတို့၏ ချီများ ပေါင်းစည်းကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်သွားသည်။
သို့သော်လည်း ပိုင်ရှောင်ချန်း၏ လက်တွင် အကန့်အသတ်မဲ့စွမ်းအားများပြည့်နှက်သွားပြီး ထိုသွေးချီများမှာ တူဖြင့်ရေခဲအားရိုက်သကဲ့သို့ လွယ်လွယ်ပင် လွင့်စင်ကွဲကြေသွားလေသည်။ ချီများ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်နှင့် တပြိုက်နက် ပိုင်ရှောင်ချန်းသည် ဓမ္မစောင့်ရှောက်သူ၏ လက်မောင်းအား ဖမ်းဆွဲလိုက်သည်။
“သေစမ်း” ဟု အော်ပြောလိုက်ပြီးနောက် သူ၏ လက်အား ဘေးဖက်သို့ ဝှေ့ယမ်းလိုက်သည်နှင့် ထိုလက်မောင်းနှစ်ဖက်မှာ သွေးမြူတိမ်များအလား ပေါက်ကွဲထွက်သွားလေသည်။ထို့ပြင် ဓမ္မစောင့်ရှောက်သူနှစ်ဦးသည် အနီးအနားရှိ အင်မော်တယ်ဂူနှင့် အရှိန်ပြင်းစွာ ကိုင်ရိုက်ခြင်းခံလိုက်သောကြောင့် သည်းခြေခိုက်လုမတတ်နာကျင်ကာ ကျယ်လောင်စွာအော်လိုက်ကြသည်။
အလယ်တောင်ထိပ်တစ်ခုလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေသည်။ ထိုစဥ် ဂိုဏ်းထဲတွင် သွေးချီအငွေ့အသက်များ လွင့်ပျံလာခြင်းကြောင့် အမည်မဲ့တောင်၊ နွံအိုင်တောင်နှင့် ရုပ်အလောင်းတောင်တို့မှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် အံသြတုန်လှုပ်စွာ ကြည့်လိုက်ကြ၏။
မဟာအကြီးအကဲများပင် မည်ကဲ့သို့ဖြစ်ပျက်နေလဲသိရှိရန် ကြည့်နေကြပြီး သွေးသခင်များသည်လည်း ဖြစ်ပျက်နေသည်များကို သိရှိရန်အတွက် သူတို့၏ ဘုံကျောင်းထဲမှနေ၍ အလယ်တောင်သို့
လှမ်းကြည့်နေလျက်ရှိသည်။
ထိုအချိန် ဘိုးဘေးတောင်ရှိ ဂိုဏ်းစောင့်အကြီးအကဲများသည် အလယ်တောင်ထိပ်ရှိ လူအုပ်ကြီးကို တန်ပြန်တိုက်ခိုက်နေသည့် ပိုင်ရှောင်ချန်းအား လေ့လာရန်အတွက် နတ်ဘုရားအာရုံများ ထုတ်လွှတ်ကာ စောင့်ကြည့်နေကြ၏။
“အဲ့ကလေးက ဘယ်သူလဲ”
” ဘယ်လောက် မိစ္ဆာဆန်လိုက်လဲ.. ကြည့်စမ်း သူတို့တိုက်ခိုက်ဖို့ လူဘယ်နှစ်ယောက်တောင် ဝိုင်းထားရတာတုံး ”
“ဟား…ဟား….ငါတို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုပဲ။ ဘယ်လောက်ပဲ အသက်ငယ်ပါစေ.. လူတွေက မင်းကို သတ်ဖို့ကြိုးစားလာရင် ပြန်တိုက်ကို တိုက်ခိုက်ရမှာပဲ ”
တခြားတောင်ထိပ်များမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေချိန် ပိုင်ရှောင်ချန်းသည် တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းနေသည်။ကျင့်ကြံသူအားလည်း တုန်ခါနေကာ သွေးပွက်ပွက်အန်နေကြသည်။
” ညမုဆိုးးးး ”
ထိုစဥ် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာကာ စုန့်ချွဲသည် မီတာသုံးဆယ်ရှည်လျားသော သွေးစီးေကြာင်းဓားချီများပါဝင်သည့် သွေးတောင်ထိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ရာ နေရာတစ်ခုလုံးတုန်ခါသွားသည်။
“ဓားချီလား…။ ငါ့မှာလည်း နည်းနည်းရှိတယ် ”
နီရဲနေသည့်မျက်လုံးများနှင့် ပိုင်ရှောင်ချန်းက ညာဖက်လက်အား ဝှေ့ယမ်းလိုက်ပြီး သွေးမုန်တိုင်းသိုင်းကို ဖော်ထုတ်လိုက်၏။သူ့ကိုယ်ထဲမှ ထာဝရသွေးချီစီးကြောင်းများပေါ်ထွက်လာသည်နှင့် လက်တစ်ချောင်းအား ဝှေ့ယမ်းလိုက်ရာ စုန့်ချွဲထံသို့ အလင်းတန်းတစ်ခုအလား ပြေးဝင်သွားသည်။
ထိုသွေးချီစီးကြောင်းမှာ သာမန်မဟုတ်ချေ။ အနီးကပ်လေ့လာကြည့်ရှုလိုက်လျှင်မူ ရွှေရောင်သန်းနေကြောင်းသိနိုင်သည်။ ထိုသွေးချီစီးကြောင်းထွက်ပေါ်လာသည်နှင့် တပြိုက်နက် မှန်းဆမရနိုင်သောအငွေ့အသက်များပေါ်ထွက်လာ၏။
တဝုန်းဝုန်းမြည်ဟည်းသံများ လေထုထဲ ပျံ့လွင့်နေပြီး ထိုပတ်ဝန်းကျင်ရှိ သွေးချီများမှာ ဘုရင်တစ်ဆူ ပေါ်ထွက်လာသကဲ့သို့ ကြောက်ရွံ တုန်ခါနေကြကာ အရှိန်အဟုန်ပြင်းစွာနှင့် ထိုသွေးချီစီးကြောင်းဆီသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
ထိုနေရာရှိသွေးချီများက ဓားချီအား ပူးကပ်သွားသည်နှင့် ဓား၏ ပုံသဏ္ဋ္ဌာန်က ပို၍ ကြီးမားလာသည်။ မျက်စိတမှိတ်အတွင်း ထိုဓားမှာ ကောင်းကင်ယံသို့ ထိုးထွက်နေဟန်ရှိသော မီတာ၃၀ခန့်မြင့်မားသည့် တောင်ကြီးပမာ ဖြစ်ပေါ်လာသည်။
ဤ ဓားချီနှင့် နှိုင်းယှဥ်လိူက်လျှင် အခြားဓားချီအားလုံးက အချည်းနှီးသဖွယ် ဖြစ်သွားသည်။ ပိုင်ရှောင်ချန်း၏ ဓားချီတစ်ခုတည်းသာလျှင် အစစ်မှန်ဆုံးနှင့်သန့်စင်သောအမျိုးအစား ဖြစ်နေသည်။
ထိုဓားသည် ကမ္ဘာပေါ်ရှိ ရှိရှိသမျှဓားအားလုံးအား လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့် ပြည့်နေသည်။ ကောင်းကင်မှာ တုန်လှုပ်သွားပြီး လူတိုင်းမှာ နှလုံးသားများ ရင်ဘတ်ထဲမှ ထွက်ကျလုမတတ် ခံစားလာရ၏။ ဓားချီကို ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းနိုင်သည့်ဟန်ရှိပြီး ကမ္ဘာတစ်ခုလုံးသာမက ကျင့်ကြံခြင်းအဆင့်တွေကိုပါ တုန်ခါစေနိုင်သည်။
လူအားလုံးမှာ လုံးဝချောက်ခြားကာ ကြောက်ဒူးတုန်လျက်ရှိသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ”
“ဘယ်လို ဓားချီကြီးတုန်း”
“ဘုရားရေ… ဒီကောင် ညမုဆိုးက သွေးမုန်တိုင်းသိုင်းကိုပါ ကျင့်ထားတာလား ”
ဓားချီပေါ်လာသည့်အချိန်တွင် အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများပင် အံသြတုန်လှုပ်သွားကြသည်။ ကြည့်ရှုနေကြသူများအားလုံး တအံ့တသြဖြစ်နေကြစဥ် ထိုကြောက်မက်ဖွယ်ရာအံမခန်းဓားချီက စုန့်ချွဲထံသို့ ဦးတည်သွား၏။
စုန့်ချွဲမှာ သိသာထင်ရှားစွာ မျက်နှာပျက်သွားသော်လည်း တုန့်ပြန်ရန် အချိန်မရှိချေ။ ကောင်းကင်ကြီးသည် တသိမ့်သိမ့်တုန်သွားပြီးတဒုန်းဒုန်းနှင့် မြေကြီးအက်ကွဲလာသည့် အသံများ ပေါ်ထွက်လာကာ သူ၏ ဓားချီသုံးချောင်းစလုံး လုံးဝပျက်စီးသွားခဲ့သည်။ သူ၏သွေးရောင်တောင်ထိပ် သည်လည်း ပြိုကွဲသွားပြီးနောက် စုန့်ချွဲ၏ပါးစပ်မှ သွေးများစီးကျနေပြီး မျက်နှာတွင် မယုံကြည်နိုင်ဟန်များ ပြည့်နေလျက် နောက်သို့ ဒရောသောပါး လွင့်သွားသည်။
“မဖြစ်နိုင်တာ… မင်း..”
စုန့်ချွဲ၏ဦးခေါင်းတွင် အံအားသင့်သွားမှုတို့ကြောင့် ပူလောင်နေသည်။ ပိုင်ရှောင်ချန်း၏ ဓားချီသည် သူ့အား လုံးဝထိတ်လန့် တုန်လှုပ်သွားစေ၏။ ထိုကဲ့သို့ ဓားချီမျိုး ဘယ်သောအခါကမှ မမြင်ခဲ့ဖူးချေ။၄င်း သည် သူတွေးတောနိုင်သည်ထက်ပင် ကျော်လွန်နေကာ အလွန်အမင်း အစွမ်းထက်နေသည်။သွေးရေတံခွန်အတွင်းတွင် ကျင့်ကြံခြင်းများစွာပြုလုပ်ပြီး အဆင့်မြင့်ထားသည့် သူ၏ ဓားချီသည်ပင်လျှင် ထိုဓားချီအောက်ဝယ် ပျက်စီးသွားခဲ့ရသည်။
စုန့်ချွဲတစ်ယောက်တည်း တုန်လှုပ်သွားခြင်းမဟုတ်ချေ။ ထိုနေရာရှိ လူအားလုံး ခေါင်းများချာချာလည်သွား၏။ ပိုင်ရှောင်ချန်း၏ ကြောက်မခန်းလိလိ ဓားချီကြောင့် သူတို့မျက်လုံးများ ပြူးသထက်ပြူးလာကြကာ ထိတ်လန့်မှုကြောင့် ဆွံ ့အနေကြသည်။
နွံအိုင်တောင် ၊ အမည်မဲ့တောင်နှင့် ရုပ်အလောင်းတောင်မှ လူထုကြီးသည်လည်း အံသြတုန်လှုပ်စွာ ကြည့်နေကြသည်။ ထိုတောင်သုံးလုံး၏ မဟာအကြီးအကဲများသည် အသက်ရှူမှားမတတ် မှင်သက်သွားကြပြီး သွေးသခင်များ၏ မျက်လုံးများ၌ စူးရှသည့် အလင်းတန်းများ တောက်ပသွား၏။
ဘိုးေဘးတောင်မှ အံအားသင့်စွာ ပြောဆိုသံများ တစွန်းတစ ထွက်ပေါ်လာသည်။
” မဟုတ်မှလွဲရော… ဒီဓားချီအဆင့်က အစစ်အမှန်သွေးချီလား ”
“ဒီကောင်လေးနာမည်က ညမုဆိုးလား…… ပါရမီရှင်တစ်ယောက်ပဲ။ ..အကျဥ်းအကြပ်အခြေအနေတွေအောက်မှာ ဒီအဆင့်ကို အောင်မြင်သွားတာ မယုံနိုင်လောက်အောင်ပဲ ”
” သွေးမုန်တိုင်းသိုင်းမှာ အခြေခံက သွေးကိုသန့်စင်ခြင်းပဲ…။သန့်စင်သွေးချီ၊ အစစ်အမှန် သွေးချီ၊ သွေးပြောင်းပြန်ဘိုးဘေး နိုးထခြင်းနဲ့ သွေးချီမုန်တိုင်းဆိုပြီး အဆင့်လေးဆင့် သတ်မှတ်ထားတယ် ”
ရုတ်ရင်းဆန်းခတ်တိုက်ခိုက်နေမှုများအား အာရုံခံရန် နတ်ဘုရားအာရုံ စီးကြောင်းများ အလယ်တောင်ထိပ်သို့ ပိုမိုရောက်ရှိလာကြသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အထက်ပိုင်း ခေါင်ဆောင်များပင် ပိုင်ရှောင်ချန်း၏ ဓားချီအား ဂရုတစိုက်ကြည့်ရှုနေကြသည်။
ထိုအချိန် နတ်ဆရာက ရုတ်တရက် အော်ပြောလိုက်သည်။
“ညမုဆိုးကို သေအောင်သတ်ကြစမ်း..မဟုတ်ရင် … ငါ့တို့ကို နောင်အခါ ကလဲ့စားချေလိမ့်မယ်”
စကားဆုံးသည်နှင့် သူက မန္တန်လက်ကွက်အား ဖော်လိုက်ပြီး တိုက်ခိုက်လိုက်သည်။ လူတိုင်း သဘောတူလက်ခံလိုက်ကြပြီး ပိုင်ရှောင်ချန်းအား အတူတကွ ပူပေါင်းတိုက်ခိုက်ကြလေသည်။
“ဒီကောင်က တစ်ခုခုပဲဟေ့”
ပိုင်ရှောင်ချန်းအား သတ်ဖြတ်လိုစိတ်ပြင်းပြစွာကြည့်နေလျက် စုန့်ချွဲက အော်ပြောလိုက်၏။
“ဒီဟာက အလယ်တောင် ထိပ်ရဲ့ သွေးမုန်တိုင်းသိုင်း မဟုတ်ဘူး ”
မည်သည့်အတွက်ကြောင့်မသိ ညမုဆိုးနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူ၏ နှလုံးသားထဲမှာ စက်ဆုပ်မုန်းတီးခြင်းများနှင့် ပြည့်နှက်လာသည်။
ယခင်ကတည်းက ရှိခဲ့ဖူးသည့် နားလည်ရခက်သော မုန်းတီးမှုမျိုး ရုတ်တရက် ဖြစ်ပေါ်လာ၏။
ပိုင်ရှောင်ချန်းက တိုက်ခိုက်မှုများအား ရှောင်တိမ်းနေကာ ဘေးပတ်ပတ်လည်ရှိ လူများ၏ မျက်နှာများထက်ရှိ သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသော အမူအရာများအား လှည့်ပတ်ကြည့်ရှုလိုက်၏။ ရုတ်ခြည်း သူသည် တဟားဟား အော်ရယ်လိုက်ပြီး သူ့မျက်လုံးများတွင် အေးစိမ့်စိမ့်အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
“မင်းတို့က သွေးမုန်တိုင်းသိုင်း မဟုတ်ဘူးလို့ ထင်နေတာလား။ ကောင်းပြီ.. အစစ်အမှန် သွေးမုန်တိုင်းသိုင်းက ဘယ်လိုလဲဆိုတာ ပြမယ် ”
ထို့နောက် သူက လေထဲသို့ ပျံတက်သွားသည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက အလင်းတန်းများသဖွယ် သူ့နောက်လိုက်လာကြသည့်တိုင် ပိုင်ရှောင်ချန်းက အလယ်တောင်ထိပ်ဘက်သို့ ဦးတည်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။