အပိုင်း(၃၉)

မင်းကငါစောင့်နေတဲ့သူမဟုတ်ဘူး

ဟွာဖန်းလူက ရီဖူရှင်းမှာ ထိုမျှဆုံးဖြတ်ချက် ခိုင်မာလိမ့်မည်ဟု မထင်ထားပေ။ သူက သူ၏နောက်ဆုံး စကားများပင် ထားခဲ့သေးသည်။

သူက ရီဖူရှင်းရှိရာသို့ ပြေးသွားရန် ကြိုးစားလိုက်သော်လည်း သူ၏ရှေ့မှ ဓားမုန်တိုင်းတစ်ခုက တားဆီးထားသည်။

“ရီဖူရှင်း အခုပြန်လာခဲ့…” ဟွာဖန်းလူက အော်ဟစ်လိုက်သည်။

“ခင်ဗျားက ကိုယ့်ဘာသာ စိုးရိမ်သင့်တယ်…” ထို အကာနာအဆင့် ဓားသမားက ပြောလိုက်သည်။ သူ၏ကိုယ်ကား ဓားမုန်တိုင်းများ လွှမ်းခြုံထားသည်။ သူက လက်အား ရှေ့သို့ ဆန့်ထုတ်လိုက်လျှင် ဓားပေါင်းများစွာ ထွက်ပေါ်လာကာ ဟွာဖန်းလူထံ တိုးဝင်သွားကြသည်။

“သွားစမ်း…” ဟွာဖန်းလူက ဒေါသတကြီး ပြောလိုက်သည်။ မျက်လုံးဖြင့် မမြင်နိုင်သော အားလှိုင်းတစ်ခုက သူ၏ရှေ့မှ ပေါ်လာကာ ထိုဓားများအား ရပ်တန့်ထားသည်။ ဓားများကား လေထဲတွင်ပင် ရပ်နေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့ရသည်။

သူတို့နှစ်ယောက် ရင်ဆိုင်နေစဉ် ရှီဇောင်နှင့် တန်လန်တို့က တောင်ခြေသို့ ဆင်းကာ ရီဖူရှင်း၏ နောက်သို့ လိုက်သွားသည်ကို မြင်လိုက်ရသည်။ သူ၏ ရင်ဘတ်မှ နာကျင်သွားသည်။

သူ၏ရှည်လျားသော ဆံပင်များက လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်လာနေသည်။ သူ၏ခြေအောက်မှ ဖုန်များက လေဆင်နှာမောင်း တိုက်ခတ်သကဲ့သို့ လေနှင့်အတူ လှည့်ပတ်နေသည်။

“ငါက ဒေါသကြီး တတ်တယ်လို့ ပြောပြီးပြီ… ဘာလို့ ငါ့ကို ဒီလောက်အထိ ရန်စဖို့လိုလဲ…” သူ၏ အသံကား ဒေါသကြောင့် တုန်ခါနေသည်။ သူကား အလွန်အမင်း စိတ်ထိခိုက်နေပြီ။ ရီဖူရှင်းကား အသက် အလွန်ငယ်သေးသည်။ သူသေ၍ မဖြစ်ပေ။

တောက်ပသော အလင်းရောင်တစ်ခု ဟွာဖန်းလူထံမှ ထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းရောင်များက စုစည်းသွားပြီး ကု့ချင်းပုံစံ ပေါ်လာသည်။ ချက်ချင်းပင် ဟွာဖန်းလူ၏ရှေ့တွင် ရှေးဟောင်း ကု့ချင်းတစ်ခု ပေါ်လာသည်။ ထိုအခိုက် သူ၏ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာကာ ဓမ္မအဆင့်မှ အကာနာအဆင့်သို့ တက်ရောက်သွားသည်။

“သက်စောင့်ဝိညာဉ်… မဖြစ်နိုင်တာ…” အကာနာအဆင့် ဓားသမားက ထိတ်လန့်တကြား ပြောလိုက်သည်။ သူက ချက်ချင်းပင် ဘာဖြစ်နေသည်ကို သိလိုက်ကာ မျက်နှာအမူအရာ ပြောင်းသွားသည်… “ဟွာဖန်းလူ… ဒါက သတ်သေတာပဲ…”

ဟွာဖန်းလူက ဂရုစိုက်ဟန် မတူပေ။ သူ၏လက်နှစ်ဖက်ဖြင့် တူရိယာအား စတင် တီးခတ်လိုက်သည်။ ဂီတသံများ စတင် ထွက်ပေါ်လာလေပြီ။ နဂါးတစ်ကောင် ဟိန်းသံကဲ့သို့ နားစည်အား ထိုးဖောက်နိုင်သော အသံအားလှိုင်းတစ်ခုက ပျံ့နှံ့လာ၏။ ထိုအားလှိုင်းများနှင့် ထိပြီး သဘာဝ စွမ်းအင်များဖြင့် ဖြစ်ပေါ်နေသော ဓားများကား ချက်ချင်းပင် ပြယ်လွင့်သွားသည်။

နဂါးများနှင့်ကခုန်ခြင်း…။ ဓားသမားကား ဟွာဖန်းလူအား စိုက်ကြည့်ရုံမျှသာ တတ်နိုင်သည်။ နဂါးများနှင့်ကခုန်ခြင်း မှော်ဂီတ သိုင်းကွက်ကား ဟွာဖန်းလူ၏ အားထားရသော မှော်သိုင်းကွက် ဖြစ်သည်။

ဓားသမားက ကြည့်နေစဉ်မှာပင် ဟွာဖန်းလူ၏လက်က လျင်မြန်လာသည်။ ဂီတသံစဉ်များက ထိုပတ်ဝန်းကျင်အား လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက် ထိုသံစဉ်များက အားလှိုင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်လာကာ ထိုပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းလာကာ ဓားသမားနှင့် ရှာဖန်တို့ထံ လျင်မြန်စွာ ချဉ်းကပ်လာသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ရှာဖန်က ပြင်းထန်သော အားလှိုင်းနှင့် ထိမိကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်နှာကား ပြာနှမ်းသွားသည်။

“သတိထား… ဒါ သူ့ရဲ့ မှော်ဂီတသိုင်းကွက်ပဲ… ဆုတ်မယ်…” ဓားသမားက အော်လိုက်သည်။ သူ၏ဓားက ဟွာဖန်းလူထံ တစ်ဖန် ဦးတည်လိုက်ပြန်သည်။

ဟွာဖန်းလူ၏ လက်ချောင်းများက ပို၍ပင် မြန်လာသည်။ သူ၏တူရိယာမှ ထွက်လာသော သံစဉ်များကား မှော်ဆန်ကာ တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာသည်။

“သူ့ကို သတ်စမ်း…” ရှာဖန်က ပါးစပ်မှ ထွက်လာသော သွားများအား ထွေးထုတ်လျက် အမိန့်ပေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကား ပေါက်ကွဲ ထွက်တော့မည့်နှယ် ခံစားနေရ၏။ သူ၏လူများက ဆုတ်ခွာနေရာမှ သူ့အား ကာကွယ်ရန် အနီးသို့ ရောက်လာကြသည်။

လူတိုင်းက ထိတ်လန့်တကြား ဆုတ်ခွာကြသည်။ ရီဖူရှင်း နောက်သို့ လိုက်နေသော ရှီဇောင်နှင့် တန်လန်တို့ပင်လျှင် ဆုတ်ခွာကြသည်။

“သေကြစမ်း…” ဟွာဖန်းလူက ဒေါသတကြီး ရေရွတ်လိုက်သည်။ သူ၏ဂီတသံများ ဆက်လက် ပျံ့လွင့်လာကာ ရှာဖန်အား တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်။ ရှာဖန်၏လူများက သဘာဝ စွမ်းအင်များအား စုပေါင်းပြီး အားလှိုင်းတစ်ခု ဖန်တီးကာ ကာကွယ်ကြသော်လည်း ဂီတသံစဉ်လှိုင်းကား အားပြင်းလှသည်။ သူတို့၏ အားလှိုင်းကား ကျိုးပျက်သွားကာ ရှာဖန်အား နောက်တစ်ကြိမ် ထိပြန်သည်။ ရှာဖန်မှာ ပို၍ပင် မျက်နှာများ ပြာနှမ်းလာသည်။

အခြားတစ်ဖက်တွင်ကား ဟွာဖန်းလူနှင့် မနီးမဝေးတွင် ရှိနေသော ရှီဇောင်မှာ အခြေအနေ မကောင်းပေ။ စွမ်းအားမြင့်လှသော ထိုဂီတသံ၏အောက်တွင် အလွန်အမင်း နာကျင်စွာ အော်ဟစ်နေသည်။ အတန်ကြာလျှင် သူ၏ဒွါရကိုးပေါက်မှ သွေးများ ယိုစိမ့်ထွက်လာကာ မလှုပ်ရှားနှိုင်တော့ဘဲ ငြိမ်သက်သွားသည်။

“ကု့ချင်းမိစ္ဆာ…” တစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက ထိုနာမည်အား ကြားဖူးကြသည်။ သို့သော် သူ၏ တကယ့်စွမ်းရည်အား မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်းက သူကား မည်မျှ ထူးခြား ထက်မြက်သောသူ ဖြစ်သည်ကို သိလိုက်ကြသည်။

“သွားမယ်…” ဓားသမားက ရှာဖန်၏ဘေးနားသို့ ရောက်ရှိလာကာ ဓားမုန်တိုင်းများဖြင့် ကာကွယ်လျက် အတူတူ ဆုတ်ခွာကြသည်။

ထိုမြင်ကွင်းအား ကြည့်လျက် တန်မိုနှင့် ဂူမူတို့ကလည်း ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ ချင်ရွှီက ပြဿနာများ ကင်းစေရန် မဟူရာမြင်းစစ်သည်များအား ဦးဆောင်လျက် ထိုနေရာမှ ဆုတ်ခွာလိုက်သည်။ ဟွာဖန်းလူက သူ၏ရန်သူ၏နောက်သို့ လိုက်ရန် ကြိုးစားသော်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်လျှင် ပါးစပ်မှ သွေးများစီးကျလာကာ ရပ်တန့်သွားသည်။ ထိုကျော်ကြားလှသော ကု့ချင်းမိစ္ဆာကား အဆုံးသတ်မည့်အချိန်မှာ နီးကပ်လာပြီ ဖြစ်သည်။ သူကား ထိုလူများနောက်သို့ လိုက်နိုင်စွမ်း မရှိတော့ပေ။

ထိုသို့ဆိုလျှင်ပင် သူ၏တူရိယာမှ ထွက်လာသော ဂီတသံများကား ဆက်လက် မျောလွင့်နေဆဲပင်။

***

ရီဖူရှင်းက တောင်ခြေအား ခုန်ဆင်းလိုက်ပြီး လေဓာတ်သဘာဝအား အာရုံခံလိုက်သည်။ သူက မြေပြင်သို့ ရောက်လုနီးပါးတွင် လေဓာတ်သဘာဝ စွမ်းအင်များအား စုစည်းကာ ကိုယ်ကို ပေါ့အောင် လုပ်လိုက်သော်လည်း မြေပြင်၏ဆွဲအားကိုကား ငြင်းပယ်နိုင်စွမ်းမရှိဘဲ မြေကြီးပေါ်သို့ ကျသွားသည်။ သူကား ခြေထောက်မှ မည်သည့် အားအင်မှ ခံစား၍ မရတော့ပေ။ သည်လိုနှင့် သူသေရတော့မည်လော။

သူမသေခဲ့ပေ…။ သို့သော်လည်း သားရဲကောင်ကြီးများက သူ့အား ဝါးမျိုကြတော့မည့်နှယ် သူ့အနီးသို့ ဝိုင်းအုံလာကြသည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတာလား…” လူဝံကြီးက မေးလိုက်သည်။ သူက ထိုသို့ ပြောလိုက်သည်စဉ် ရီဖူရှင်း၏ မိုးကြိုးနဂါး သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်။

“စီနီယာ နဂါးကြီးနဲ့ ကျွန်တော်နဲ့ ကံချင်း ဆက်စပ်နေပါတယ်… ကျွန်တော့်မှာ သူ့ကြောင့် သက်စောင့်ဝိညာဉ် နိုးထခဲ့တဲ့အတွက် ကျွန်တော်က ကျေးဇူတင်မလို့လာတာပါ…” ရီဖူရှင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ သူက သေရတော့မည်ဆိုလျှင်ပင် အလွယ်တကူ လက်မလျှော့နိုင်ပေ။

သားရဲကောင်ကြီးများကား သူပြောသည်ကို ဂရုမစိုက်ဘဲ တဖြည်းဖြည်း သူ့ထံ ချဉ်းကပ်လာကြရာ အလွန် နီးကပ်လာပြီ ဖြစ်သည်။ ရီဖူရှင်းကား သွေးနံ့များပင် ရနေပြီ။ ထိုသွေးနံ့ကား သူ၏အနီးသို့ ရောက်လာသော စပါးကြီးမွေထံမှ ရခြင်းဖြစ်သည်။ သူကား မျှော်လင့်ချက် မဲ့နေပြီဖြစ်သည်။

“ဘန်း…”ကြီးမားသော လက်ကြီးတစ်ဖက်က ထိုစပါးကြီးမွေအား ရိုက်ထုတ်လိုက်ရာ အဝေးသို့ လွင့်စဉ်သွားသည်။ လူဝံကြီးက ရီဖူရှင်း၏ရှေ့တွင် တောင်ကြီးတစ်လုံးနှယ် မတ်တတ်ရပ်နေသည်။ သူက ရီဖူရှင်းအား ငုံ့ကြည့်လိုက်ကာ မေးလိုက်သည်… “ဒီသက်စောင့်ဝိညာဉ်… နဂါးအိုကြီးက မင်းကို ပေးတာ… ဟုတ်လား…”

ရီဖူရှင်းက မျက်ခုံးအား ပင့်လိုက်သည်။ သူက ပြောလိုက်သည်… “လွန်ခဲ့တဲ့နှစ်က ကျွန်တော် တီအန်ယွာတောင်မှာ လေ့ကျင့်နေတုန်း စီနီယာ နဂါးကြီးရဲ့ ပုံရိပ်ပေါ်လာတယ်… သူ့ကို လေ့လာ စောင့်ကြည့်ရင်းနဲ့ ဒီသက်စောင့်ဝိညာဉ် နိုးထလာခဲ့တယ်…”

“မင်းက လေ့လာ စောင့်ကြည့်ရင်းနဲ့ သက်စောင့်ဝိညာဉ်ကို ဖန်တီးခဲ့တယ်… မင်းရဲ့ မူလဝိညာဉ်ကို ပြစမ်း…” လူဝံကြီးက ရီဖူရှင်းအား စိုက်ကြည့်လျက် ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်…။ ထို့နောက် ကမ္ဘာသစ်ပင်ကြီး ပေါ်လာသည်။ ထိုရှေးဟောင်း သစ်ပင်ကြီးကား တကယ့် သစ်ပင်ကြီးလိုပင် လေထဲတွင် ယိမ်းခါနေသည်။

ထိုမြင်ကွင်းအား ကြည့်ကာ လူဝံကြီးကား တဆတ်ဆတ် တုန်ခါလာသည်။ သူ၏မျက်လုံးများ နီရဲလာကာ သူ၏ကြီးမားသော ခန္ဓာကြီးက မြေကြီးသို့ ထိုင်ကျသွားသည်။ သူ၏ခေါင်းက ရီဖူရှင်း၏ မျက်နှာရှေ့သို့ တိုးကပ်လာသည်။

“ဘာဖြစ်လို့လဲ…” သူ၏ သက်စောင့်ဝိညာဉ်အား ပြန်သိမ်းလိုက်ပြီး ရီဖူရှင်းက မေးလိုက်သည်။ ထိုလူဝံကြီးအား အလွန် ဝမ်းနည်းနေပုံရသည်။

“ကလေး…” လူဝံကြီးကာ သူ၏လက်ချောင်းများဖြင့် ရီဖူရှင်း၏မျက်နှာအား အသာအယာ ထိတွေ့လိုက်သည်။ သူ၏ကြီးမားသော မျက်လုံးများက မျက်ရည်များ တသွင်သွင် စီးကျလာသည်။ သူကား ငိုကြွေးနေသည်။ ရီဖူရှင်းလည်း ထိုလူဝံကြီး၏ ဝမ်းနည်းမှုအား ခံစားရကာ ရင်ဘတ်ထဲမှ နာကျင်လာသည်။

“ဘာလို့လဲ… ဘာလို့ မင်း ဖြစ်နေတာလဲ…” လူဝံကြီးကား သူ၏ခန္ဓာကြီးက တသိမ့်သိမ့် တုန်လျက် ငိုကြွေးနေသည်။

“ကျွန်တော့်ကို သိလို့လား…” လူဝံကြီး၏ဝမ်းနည်းမှုက ရီဖူရှင်းအား ခံစားရစေသည်… သူက အသာအယာပင် မေးလိုက်သည်။

“ကံဆိုးတဲ့ ကလေး…” လူဝံကြီးကား ထိုဝမ်းနည်း လွမ်းသောကြောင့်ပေလော… သူ၏အသက်ရှူသံများက ပြင်းထန်လာကာ ကောင်းကင်အား မော့ကြည့်လိုက်သည်… ထို့နောက် ဖြည်းညင်းစွာ ထပ်ရပ်လိုက်ပြီး မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်အောင် အော်ဟစ်လိုက်သည်။ သူ၏လက်ဝါးများက သူ၏ရင်ဘတ်အား အဆက်မပြတ် ထုရိုက်နေသည်။ သူ၏အော်သံကား တောတောင်တစ်ခုလုံး ဟိန်းကာ ပျံ့နှံ့သွားကာ ထိုသားရဲကောင်များ အားလုံးက ကြောက်ရွံ့စွာဖြင့် ဝပ်စင်းလိုက်ကြသည်။ ထို့နောက် လူဝံကြီးက ဒူးထောက်လိုက်ပြီး ရီဖူရှင်းအား ဦးညွှတ်လိုက်သည်… သူ၏အပြုအမူကား အလွန်ညင်သာ သိမ်မွေ့ကာ ရင်ဘတ်ထဲမှ ခံစားချက် အစစ်အမှန်ကြောင့် ဖြစ်ပေါ်လာသော အလွန်အမင်း ရိုသေလေးစားသော ပုံဟန်ဖြစ်သည်။

“စီနီယာ…” ရီဖူရှင်း အံ့အားသင့်သွားသည်။ ထိုသားရဲများနှင့် မိစ္ဆာများကလည်း သူ့အား ဦးညွှတ်နေကြသည်။

“ကျွန်တော့်ကို ဟိုနေရာသို့ ခေါ်သွားနိုင်မလား…” ရီဖူရှင်းက မေးလိုက်သည်။ သူက ဟွာဖန်းလူအား အလွန် စိုးရိမ်နေသည်။

“သေချာတာပေါ့…” လူဝံကြီးက ပြောလိုက်သည်။ သူက သူ၏ဦးခေါင်းအား ပြန်မော့လိုက်ပြီး သူ၏ကြီးမားသော လက်ကြီးမျာဖြင့် ပွေ့ဖက်လိုက်သည်။ ထို့နောက် သူက မြေပြင်အား ဆောင့်နင်းလျက် ခုန်လိုက်လျှင် မြေကြီးက တသိမ့်သိမ့် တုန်သွားကာ ချက်ချင်းပင် တောင်ထိပ်ပေါ်သို့ ရောက်သွားကြသည်။ လူဝံကြီး၏ခုန်တက်မှုကြောင့် တောင်တစ်ခုလုံး လှုပ်ယမ်းသွားသည်။

လူဝံကြီးက ရီဖူရှင်းအား မြေပြင်ပေါ်သို့ ချပေးလိုက်သည်။

“ဆရာ…” ဟွာဖန်းလူအား ကြည့်ကာ ရီဖူရှင်း ရင်ဘတ်ထဲ နာကျင်လာသည်။ သူကား တူရိယာကို တီးခတ်နေဆဲဖြစ်သည်။ တူရိယာကြိုးများကား သွေးများ ပေပွနေလေပြီ။

“ရီဖူရှင်း…” ဟွာဖန်းလူက ခေါ်လိုက်သည်။ ရီဖူရှင်းကား အန္တရာယ်ကင်း၏။ သူ၏မျက်လုံးများကိုပင် သူမယုံနိုင်ပေ။

တူရိယာကြိုးတစ်ချောင်း တောက်ခနဲ ပြတ်သွားသည် ထို့နောက် တူရိယာ ပျောက်ကွယ်သွား၏။ ဟွာဖန်းလူက သွေးတစ်ပွက် အန်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ဆရာ…” ရီဖူရှင်းက လျင်မြန်စွာ ပြေးသွားလိုက်ပြီး ဟွာဖန်းလူအား သွားပွေ့ထားလိုက်သည်။

“တစ်ယောက်ယောက် လာနေတယ်…” လူဝံကြီးက ရှေ့ကိုကြည့်လျက် ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းမော့လိုက်ရာ ဓားသမား ပြန်လာနေသည်ကို တွေ့၏။ ဓားသမားက ရီဖူရှင်းနှင့် လူဝံကြီးတို့ အတူတူ ရှိနေသည်ကို မြင်နေသာအခါ လန့်ဖျပ်သွားသည်။ သူ မယုံကြည်နိုင်ပေ။

“သူ့ကိုသတ်ပေး…” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ လူဝံကြီးက ထိုပြေးတော့မည် လုပ်နေသော ဓားသမားထံ လျင်မြန်စွာ ခုန်ဝင်လိုက်သည်။ မြေကြီးများ တုန်ခါသွားပြီး မျက်လုံးတစ်မှိတ် အတွင်းမှာပင် လူဝံကြီးမှာ ဓားသမား အနီးသို့ ရောက်သွားသည်။

လူဝံကြီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းသံတစ်ချက် ပေးလိုက်ကာ ဓားသမားအား တက်နင်းလိုက်သည်။ ဓားသမားမှာ မည်မျှမြန်သည် ဆိုသော်လည်း သူ့အား မမြင်ရသော အားလှိုင်းတစ်ခုက ရစ်ပတ်လာကာ သူကား လှုပ်မရတော့ပေ။ နောက်ဆုံးတွင် မြေကြီးအား ဆောင့်နင်းသံ ဒုန်းခနဲကြားကာ ဓားသမား ရပ်နေရာကား ချိုင့်ဝှမ်းကြီး ဖြစ်သွားသည်။ သူသေခါနီးတွင် သူက သူ၏အဖော်များအား သတိပေးသံတစ်ချက် ပြောသွားသေးသည်… “ပြေးကြတော့…”

လူဝံကြီးထံမှ ဟိန်းသံ သုံးချက် ထွက်လာသည်။ ဓားသမား၏အဖော်များကား ထိုလူဝံကြီးအား အဝေးမှကြည့်ကာ ထိတ်လန့်တကြား ပြေးကြတော့သည်။ သည်သားရဲဘုရင်က တောင်ကြား၏အပြင်ဘက်သို့ မည်သို့ ရောက်လာသနည်း။

***

ဟွာဖန်းလူကား အသက်အန္တရာယ်ပင်ရှိသော အခြေအနေ ဖြစ်သော်လည်း သူကား ပြုံးနေဆဲဖြစ်သည်… “မစိုးရိမ်နဲ့… ဒီလောက်က ငါ့ကို သေအောင် မသတ်နိုင်ဘူး… ငါ့စွမ်းအင်တွေက တစ်ကြိမ် ပျက်ပြယ်ခဲ့ပြီးပြီ… နောက်တစ်ကြိမ် ဖြစ်လာရင်လည်း ဘာမှမဖြစ်တော့ဘူး…”

“ကျွန်တော့်ကိုပဲ လွှတ်လိုက်ပါဆို… ဘာလို့ ဒီလိုလုပ်တာလဲ… ကျွန်တော်သာ သေသွားခဲ့မယ်… ဆိုရင် … ဆရာသေရတာ အလကား ဖြစ်သွားမှာပေါ့…” ရီဖူရှင်းက အော်လိုက်သည်။ သူ၏မျက်လုံးကား နီရဲနေသည်။

“မင်းရဲ့ဆရာအနေနဲ့ မင်းအသက်အန္တရာယ်နဲ့ ကြုံနေတဲ့ အချိန်မှာ ဘာမှမလုပ်ပဲ မနေနိုင်ဘူး… ဒါက အရှက်ရစရာပဲ…” ဟွာဖန်းလူက ရယ်လိုက်သည်… “ပြီးတော့ မင်းသိတာပဲ… ငါက ဒေါသကြီးတယ်…”

“ဒါဆို အခု သက်သာသွားပြီလား… ကျွန်တော် အဆင်မပြေဘူး… ဆရာသာ တစ်ခုခုဖြစ်သွားရင် မြေခွေးမကို ဘယ်လိုလုပ်ရမလဲ…” ရီဖူရှင်းက မေးလိုက်သည်။

“မင်းက သူ့ကို လက်ထပ်လို့ရတာပဲ…” ဟက်ခနဲရယ်ရင်း ဟွာဖန်းလူက ပြောလိုက်သည်။ ရီဖူရှင်း ခေါင်းငုံ့လိုက်သည်။ သူ၏မျက်လုံးများအား မှိတ်လိုက်လျှင် မျက်ရည်များက စီးကျလာသည်။

“မင်းဘာလို့ ငိုနေတာလဲ… ငါ့သမီးက မလှဘူးလား… မင်းက သူ့ကို လက်မထပ်ချင်လို့လား…” ဟွာဖန်းလူကား မည်သို့မျှ မဖြစ်သလို ဟန်ဆောင်နေသည်။

“ကျွန်တော်ငိုတာက ဆရာကြောင့်လေ… တကယ်လို့ ဆရာသေသွားရင် ကျွန်တော် အောင်မြင်တဲ့အခါ ဆရာနဲ့ ရယ်မောဖို့ အခွင့်အရေးတောင် မရှိတော့ဘူး” ရီဖူရှင်းက ဟွာဖန်းလူအား သူ၏ကျောပေါ်တွင် ပိုးလိုက်သည်။ ထို့နောက် တောင်ခြေသို့ ဆင်းသွားလိုက်သည်။

“မင်းက မီးစာကုန်နေတဲ့ ဖယောင်းတိုင် တစ်ချောင်း ကောက်ရသလိုပဲ ညည်းနေလိုက်တာ…” ဟွာဖန်းလူက သူ၏ကျောပေါ်မှ ပြောလိုက်သည်။

“သေချာတာပေါ့… ကျွန်တော်က ဧကရာဇ် ဖြစ်လာတဲ့အခါ ဆရာက ဧကရာဇ်ရဲ့ ယောက္ခမဖြစ်မှာ…” ရီဖူရှင်းက ပြောလိုက်သည်။ ဟွာဖန်းလူက ခေါင်းမော့လိုက်ပြီး ညနေ နေဝင်ချိန် နေလုံးကြီးအား ကြည့်က ပြုံးလိုက်သည်။

ထိုစဉ် တောင်ခြေ၏ ထောင့်တစ်နေရာမှ ယူချင်း ထွက်ပေါ်လာသည်။ ရီဖူရှင်းက သူ့အား စိုက်ကြည့်ကာ… “မင်းကရော ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… အောက်ကို ခုန်ချပြီး ငါနဲ့အတူသေမလို့လား…”

“မဟုတ်ဘူး…” ယူချင်းက ခေါင်းခါလျက် ငြင်းလိုက်သည်။

ရီဖူရှင်းကား ပို၍ပင် ဒေါသထွက်လာပုံရသည်… “သူငယ်ချင်းကို သစ္စာရှိတော့ရော ဘာဖြစ်သွားလဲ…”

“တကယ်လို့ မင်းသေသွားရင် မင်းအတွက် လက်စားချေပေးမလို့ပဲ…” ယူချင်းက ရီဖူရှင်း၏မျက်လုံးမျာအား စိုက်ကြည့်လျက် ပြောလိုက်သည်။ သူ၏မျက်လုံးများလည်း နီရဲနေသည်။

“ကောင်းပြီ… ငါမင်းကို ခွင့်လွှတ်လိုက်မယ်…” သူက ယခုပင် ပြန်ရောက်လာသော လူဝံကြီးအား ကြည့်ကာ မေးလိုက်သည်… “ကျွန်တော့်ကို ရုပ်တုဆီ ခေါ်သွားပေးနိုင်မလား…”

“ကောင်းပြီ… ဒါပေမဲ့ ကျုပ်တို့ကို အတူတူရှိနေတာ မြင်တဲ့လူတွေ အကုန်လုံးသေရမယ်…” လူဝံကြီးက ပြောလိုက်သည်။

ရီဖူရှင်းက ထိုစကားအားကြားကာ ထိတ်လန့်သွားပြီး ယူချင်းအား ကြည့်လိုက်သည်… “သူတို့က ကျွန်တော့်ရဲ့ သူငယ်ချင်းနဲ့ မိသားစုပဲ… စိတ်ကူးထဲတောင် မတွေးနဲ့…”

လူဝံကြီးက ခေါင်းညိတ်လျက် သူတို့သုံးယောက်အား ရုပ်တုကြီး၏ ဝင်ပေါက်ထံသို့ ခေါ်ဆောင်လာသည်။

ရီဖူရှင်းက တခါးအား တွန်းဖွင့်လိုက်ကာ အထဲသို့ ဝင်လိုက်သည်။

အထဲတွင်ကား ရှင်းလင်းနေသည်။ မည်သည့် ရတနာမျှမရှိပေ။ တစ်ခုတည်းရှိသော အရာမှာ လူ၏အရွယ်အစားခန့်ရှိသော အခြားသော ဧကရာဇ်ရီချင်၏ရုပ်တု တစ်ခုဖြစ်သည်။

သည်အထဲတွင် အင်းကွက်တစ်ခု ဖန်တီးထားပုံရကာ သဘာဝစွမ်းအင်များ ထုထည်ကြီးစွာ ပျံ့နှံ့နေသည်။ ရီဖူရှင်းက အထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်လျှင် အင်းကွက်က သူ့အလိုလို လှုပ်ရှားလာသည်။ အင်းကွက်ကား အလွန်တောက်ပလာကာ ထိုသဘာဝစွမ်းအင်များက ရုပ်တုဆီသို့ စီးဝင်လာနေကြသည်။ ထိုအဖြစ်က ရုပ်တုအား တစ်စစီကွဲကြေစေကာ ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်ကား ဧကရာဇ် ရီချင်ဖြစ်သည်။

သူတို့ချင်း မျက်လုံးချင်း ဆုံမိကြလျှင် ဧကရာဇ်ရီချင်က နူးညံ့စွာ မေးလိုက်သည်… “ကလေး… နာမည် ဘယ်လိုခေါ်လဲ…”

“စီနီယာ… ကျွန်တော့်နာမည်… ရီဖူရှင်းပါ…” သူက ဖြေလိုက်သည်။ ထိုကောင်းကင်ဒေသ တစ်ခုလုံး၏ ဒဏ္ဍာရီထဲမှ ဧကရာဇ်ကြီးက သူ၏ရှေ့တွင် ရပ်နေသောလည်း သူကား ရင်းနှီးနေသလို ခံစားရကာ မည်သည့် စိုးရိမ်မှုကို မှ မခံစားရပေ။

“ငါတို့က မျိုးနွယ်နာမည်တူတာပဲ… မင်းရဲ့ သက်စောင့်ဝိညာဉ်ကို ကြည့်ရအောင်…” ဧကရာဇ်ရီချင်က မေးလိုက်လျှင်… ရီဖူရှင်းကလည်း သူ၏မူလသက်စောင့် ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။

ထိုသက်စောင့်ဝိညာဉ်အား ကြည့်လျက် ဧကရာဇ်ရီချင်ကား ထိတ်လန့်ကာ တောင့်တင်းသွားသည်။ သူကား အလွန်အမင်း နာကျင်ခံစားရပုံ ပေါ်နေသည်။ သည်အဖြစ်ကား လူဝံကြီး၏အဖြစ်နှင့် အတူတူပင်။ သူကား ငိုတော့မည့်နှယ် သူ၏အမူအရာများကား အလွန်အမင်း ဝမ်နည်းနေပုံရသည်။

သူ၏ပုံရိပ်က ရီဖူရှင်းထံသို့ ချဉ်းကပ်လာကာ သူ့အား ပွေ့ဖက်လိုက်သည်… “ကလေးရယ်… ဘာလို့ မင်းဖြစ်နေတာလဲ… ဘာလို့ မင်းဖြစ်နေရတာလဲ…”

သူ၏ငိုကြွေးမှုကြောင့် သူ၏အသံကား အက်ကွဲနေသည်။ ရီဖူရှင်းကလည်း သူနှင့်အတူ ငိုချင်စိတ် ဖြစ်လာသည်။ သူက ဖြည်းညင်းစွာ မေးလိုက်သည်… “စီနီယာ… စီနီယာစောင့်နေတာ ကျွန်တော် မဟုတ်ဘူးလား… ကျွန်တော်က ဘယ်သူလဲ…”

“မင်းက ငါစောင့်နေတဲ့လူ မဟုတ်ဘူး… မင်း ဖြစ်နေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး…” သူ၏အသံကား ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ သူ၏ပုံရိပ်က မူလနေရာသို့ ရွေ့လျားသွားကာ ရီဖူရှင်းအား နူးညံ့စွာ ကြည့်လိုက်သည်… “ကလေး… မင်းက ကောင်းကင်ဒေသရဲ့ အနာဂတ် ဧကရာဇ်ပဲ… ကမ္ဘာကြီးကို အုပ်စိုးသူပဲ…”

***


Comment

Leave a Reply

Options

not work with dark mode
Reset