နွေဦးကာလအစောပိုင်းဖြစ်သော၊ တတိယမြောက်လ၊ နန်းဟွမ်ဒေသကြီး၏အရှေ့ဘက် ချောင်တစ်ချောင်ဝယ်
ပြာလဲ့လဲ့ကောင်းကင်ကြီး မှောင်မည်းနေသည်ဖြစ်၍ စိတ်လက်မကြည်မလင် ဖြစ်စရာကောင်းနေတော့သည်။ လူတစ်ယောက်က ပိတ်ကားစပေါ်တွင် မှင်ရည်များ ဖြန်းပက်လိုက်သည့်ပမာ ကောင်းကင်ကြီး မှင်ရည်များ စိုရွှဲကာ မိုးသားတိမ်စိုင်များကို စွန်းထင်းသွားသည့်အလား ထင်မှတ်ရသည်။
တိမ်စိုင်များက တစ်ခုနှင့်တစ်ခု ရောယှက်ကာ ပေါင်းစည်းသွားကြသည်။ထို့နောက် လျှပ်စီးတန်းများ ပြိုးပြိုးပြက်ပြက်ဝင်းလက်နေပြီး တဂျိမ်းဂျိမ်းမြည်ဟည်းသံများက ဒွန်တွဲလိုက်ပါလာသည်။
မိုးခြိမ်းသံများသည် နတ်ဘုရားများ၏ ဟစ်ကြွေးသံများက လူသားလောကကို ပဲ့တင်ထပ်ကာ လွင့်ပျံလာသည်နှင့် ဆင်တူသည်။
သွေးနီရောင်မိုးများက ဝမ်းနည်းပူဆွေးခြင်းကို ဖြစ်တည်စေလျက် လူသားလောက၏မြေပြင်ပေါ် ဆင်းသက်နေလေသည်။
မြေပြန့်လွင်ပြင်ထဲ၌ မြို့ပျက်ကြီးတစ်ခု ရှိသည်။ သွေးနီရောင်မိုးရေစက်များအောက်တွင် ယင်းမြို့ပျက်ကြီးသည် လူသူကင်းမဲ့ကာ ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏။
အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော မြို့ရိုးတံတိုင်းများအတွင်း၌ တိတ်ဆိတ်ခြောက်ကပ်ကာ ကျိုးပဲ့ပျက်စီးနေသော မြင်ကွင်းတစ်ရပ် ရှိနေသည်။ အရာအားလုံး ခြောက်ကပ်နေပြီး ပြိုလဲနေသော အိမ်များစွာကို နေရာအနှံ့ တွေ့မြင်နိုင်သည်။ ဘေးပတ်လည်တွင် အသားများ ပဲ့ကြွေနေသော အစိမ်းပုပ်ရောင် အလောင်းများ မရေမတွက်နိုင်လောက်အောင် ရှိနေပြီး ဆောင်းဦးရွက်ကြွေများ မြေခကာ ခြောက်သယောင်းသွားသည့်ပမာပင်။
တချိန်က ပျားပန်းခတ်မျှ စည်ကားခဲ့သော လမ်းများသည်လည်း ယခုအခါတွင် ဖရိုဖရဲ ဖြစ်နေလေသည်။
တချိန်က လူစည်ကားခဲ့ဖူးသော သဲလမ်းသွယ်လေးများသည်လည်း ယခုတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျန်ရှိနေသော အရာများမှာ ပျံ့ကျဲနေသော အသားစများ၊ ဖုန်မှုန့်များနှင့် အလွယ်တကူ ခွဲခြားမရနိုင်တော့သော သွေးများစိုရွှဲနေသည့် ရွှံ့နွံ့များသာ ဖြစ်သည်။ ၎င်းသည်ကား အမှန်စင်စစ် အနိဋ္ဌာရုံမြင်ကွင်းတစ်ရပ် ဖြစ်ပေသည်။
မနီးမဝေးတစ်နေရာ၌ မြင်းလှည်းကျိုးတစ်စီး ရွှံ့ထဲနစ်ဝင်နေသည်ကို မြင်နိုင်သည်။ ယင်းလှည်းတွင် ယိုယွင်းပျက်စီးနေသော လက္ခဏာရပ်များကို မြင်တွေ့နိုင်ပြီး လှည်းဝင်ရိုးကို ချည်နှောင်ထားသော အထီးကျန်ယုန်ရုပ်လေးတစ်ရုပ်သည်သာ လေနှင့်အတူ လွင့်မျောနေသည်။
ယုန်ရုပ်လေး၏ အဖြူရောင်အမွေးများက နီစွေးနေသည်ဖြစ်၍ တုန်လှုပ်ခြောက်ခြားဖွယ်ရာအတိ ဖြစ်နေတော့သည်။
၎င်း၏ရီဝေဝေမျက်ဝန်းများထဲတွင် အငြှိုးအတေး အနည်းအကျဉ်း ရှိနေဟန်တူပြီး ရှေ့တူရှုရှိ ကျောက်စရစ်ခဲလေးများကို အထီးကျန်စွာ မမှိတ်မသုန် ကြည့်နေလေသည်။
ထိုနေရာတွင် လူရိပ်တစ်ရိပ် လှဲနေသည်ကို မြင်နိုင်သည်။
အနှီလူရိပ်က ( ၁၃ ) နှစ်၊ ( ၁၄ ) နှစ် ပတ်ချာလည် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူ့အဝတ်အစားများက ညစ်ပတ်စုတ်ပြတ်နေပြီး သားရေအိတ်ရှုံ့အစုတ်လေးတစ်လုံးကို ခါးတွင် တင်းကျပ်စွာ ချည်နှောင်ထားသည်။
လူငယ်လေးသည် မလှုပ်မယှက်ဖြင့် မျက်လုံးများကို မှေး၍ ကြည့်နေသည်။ အရိုးခိုက်လုမတတ် အေးစိမ့်စိမ့်လေနုအေးများက သူ့အဝတ်အစားများ၏ အပေါက်အပြဲများမှတစ်ဆင့် တိုးဝှေ့ဝင်ရောက်လာပြီး တဖြည်းဖြည်း သူ့တစ်ကိုယ်လုံး အေးစက်လာတော့သည်။
မိုးရေစက်များက သူ့မျက်နှာပေါ် ကျဆင်းနေပါသော်ငြား လူငယ်လေးသည် လင်းယုန်ငှက်တစ်ကောင်ပမာ ခပ်လှမ်းလှမ်းကို မမှိတ်မသုန် ကြည့်နေလေသည်။
သူ့အကြည့်နောက်သို့ လိုက်သွားမည်ဆိုပါက ခုနစ်ကျန့်၊ ရှစ်ကျန့် ခန့်လှမ်းသော ထိုနေရာ၌ ခွေးအတစ်ကောင်၏အလောင်းအား စားသုံးနေသော ပိန်ကပ်ကပ် လင်းတငှက်တစ်ကောင်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရံဖန်ရံခါ ၎င်းက ပတ်ဝန်းကျင်ကို သတိထား ကြည့်တတ်သည်။
ဤမြို့ပျက်ကြီးထဲတွင် အန္တရာယ်က အချိန်မရွေး ပေါ်လာနိုင်သည်ဖြစ်၍ လေအေးတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လိုက်သည်နှင့်ပင် လင်းတငှက်က လေထဲသို့ ချက်ချင်း ပျံတက်သွားမည်ဖြစ်ပေသည်။
လူငယ်လေးက အခွင့်အရေးကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသော မုဆိုးတစ်ဦးနှင့် ဆင်တူသည်။
အချိန်အတော်ကြာပြီးနောက် အခွင့်အရေး ကျရောက်လာသည်။ နောက်ဆုံး၌ လောဘကြီးသော လင်းတငှက်က ခွေးအ၏ဗိုက်ထဲကို လုံးလုံးလျားလျား ခေါင်းနှစ်ကာ မြိန်ရေယှက်ရေ စားနေတော့သည်။
လူငယ်လေး၏မျက်ဝန်းများ ရုတ်ချည်း ကျဉ်းမြောင်းသွားကာ အေးစက်စက်အလင်းများ တဖိတ်ဖိတ်လက်နေသည်ကို မြင်နိုင်သည်။
သူက လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလား လင်းတငှက်ထံ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ့ညာလက်က ခါးတွင် ချည်ထားသော သားရေအိတ်ရှုံ့ထံ ရောက်ရှိသွားပြီး မည်းနက်တောက်ပြောင်နေသော သံတုတ်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
သံတုတ်၏ ထိပ်ဖျားတွင် အေးစိမ့်စိမ့်အငွေ့အသက်များ ခပ်ရေးရေးရှိနေသည်။
လင်းတငှက်၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းကြောင့်ပေလော၊ လူငယ် ပြေးဝင်လာသည့်အခိုက် လင်းတငှက်က ချက်ချင်း သတိထားမိသွားပြီး ကြောက်စိတ်မွှန်ကာ အတောင်ပံများကို တဖျပ်ဖျပ်ခတ်၍ လေထဲသို့ ပျံတက်ရန် ပြင်လိုက်သည်။
သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။
ခံစားချက်ကင်းမဲ့သော မျက်နှာနှင့် လူငယ်လေးက မည်းနက်နေသော သံချောင်းကို ပစ်လွှတ်လိုက်သည်ဖြစ်၍ ၎င်းက အနက်ရောင်အလင်းတန်းအသွင်ဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။
ဘုတ် …
ပြင်းထန်သော ထိချက်ကြောင့် လင်းတငှက်မှာ လည်ထွက်သွားပြီး မနီးမဝေးရှိ မြင်းလှည်းကျိုးပေါ် စိုက်ဝင်သွားလေသည်။
ဝုန်းခနဲ လင်းတငှက် ကျရောက်လာခြင်းကြောင့် ယုန်ရုပ်ကလေးသည်လည်း ဟိုမှသည် ယိမ်းခါနေတော့သည်။
လူငယ်လေးက တည်ငြိမ်နေသည်။ ဖြစ်စဉ်အစပျိုးသည့်အချိန်မှစ၍ ယခုတိုင်အောင် လူငယ်လေးက အရှိန်လျော့မသွားဘဲ မြင်းလှည်းထံ တဟုန်ထိုး ပြေးသွားကာ လင်းတငှက်၏အလောင်းနှင့် သံချောင်းကို ဆွဲယူလိုက်သည်။
လူငယ်လေးက သန်မာလှပြီး လင်းတငှက် စိုက်ဝင်သွားခဲ့သော လှည်းကျိုးတွင် အပိုင်းအစအနည်းငယ် ဖွာထွက်သွားသည်။
ပြီးသည်နှင့် သူက ခေါင်းကို တစ်ချက်ငဲ့မကြည့်ဘဲ ရှေ့တူရှုသို့ ခပ်သုတ်သုတ် သွားလေသည်။
ထိုအချိန် လေက တဖြည်းဖြည်း ပြင်းထန်စွာ တိုက်ခတ်လာဟန်တူသည်။ မြင်းလှည်းရှိ သွေးနီရောင်ယုန်ရုပ်လေးက လေအဝှေ့တွင် တဖျပ်ဖျပ်လွင့်နေလျက် ထွက်ခွာသွားသော လူငယ်လေး၏ နောက်ကျောကို ကြည့်ရှုနေဟန်တူသည်။
သူက တရွေ့ရွေ့ဖြင့် ဝေးသည်ထက် ဝေးသွားသည်။
လေက အမှန်တကယ် ပြင်းထန်လာပြီး မိုးထဲတွင် အေးစိမ့်စိမ့်အငွေ့အသက်များကို ဆောင်ကျဉ်းလာကာ လူငယ်လေး၏ ပါးလျသော အဝတ်အစားများအား တိုးဝှေ့တိုက်ခတ်နေလေသည်။
အအေးဓာတ်ကို သူ မုန်းတီးသည်။
ထို့ပြင် အေးဓာတ်ကို အံတုနိုင်သော နည်းလမ်းမှာ လေနှင့်မိုးဒဏ်ခံနိုင်သော နေရာတစ်နေရာ ရှာဖွေရန် ဖြစ်သည်။ သို့သော်လည်း ပြေးလွှားနေသော လူငယ်လေးက စိုးစဉ်းမျှ အရှိန်မလျော့ဘဲ ပျက်စီးနေသော ဆိုင်ပေါင်းများစွာကို ကျော်ဖြတ်လာခဲ့သည်။
လင်းတငှက်ကို အမဲလိုက်ပြီးသည့်အချိန်မှစ၍ အချိန်များများစားစား သူ မကုန်သေးပေ။ ယနေ့ သူ သွားရမည့်နေရာတစ်နေရာ ရှိသေးသည်။
“အခုဆိုရင် သိပ်မဝေးလောက်တော့ဘူး ”
လူငယ်လေးက တကိုယ်တည်း တီးတိုးရေရွတ်ကာ လမ်းများကို ဆက်လက် ဖြတ်ကျော်လာခဲ့သည်။
သူ သွားရာလမ်းတစ်လျှောက် အစိမ်းပုပ်ရောင်အလောင်းများ မရေမတွက်နိုင်အောင် ရှိသည်။ ၎င်းတို့၏မျက်နှာများထက်တွင် မျှော်လင့်ချက်များ ဆိတ်သုဉ်းကာ အမုန်းအာဃာတများဖြင့် ပြည့်နှက်နေသည်ဖြစ်၍ လူငယ်လေး၏ စိတ်ကို ကြောက်လန့်တုန်ရီသွားစေနိုင်သည်။
သို့ပေမည့် လူငယ်လေးက ဘာမှမဖြစ်သည့်အလား အလောင်းများကို ယောင်၍ပင် လှည့်မကြည့်ချေ။
အချိန်အနည်းငယ် ကုန်လွန်လာခဲ့ပြီး လူငယ်လေးက ရံဖန်ရံခါ ကောင်းကင်ကြီးကို မော့ကြည့်ပြီး စိုးရိမ်ကြောင့်ကြနေဟန်အရိပ်အယောင်များ သူ့မျက်နှာပေါ်အထင်းသား ပေါ်လွင့်လာသည်။ မှောင်မည်းနေသော ကောင်းကင်ကြီးက အလောင်းများထက် လူငယ်လေးကို ပို၍ ကြောက်လန့်တုန်ရီသွားစေဟန်တူသည်။
ကံကောင်းထောက်မစွာဖြင့် ခပ်လှမ်းလှမ်းတွင် ဆေးဆိုင်တစ်ဆိုင်ကို သူ မြင်လိုက်ရသည်။ ထို့နောက် သူက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချကာ အပြေးအလွှား သွားလိုက်သည်။
ဆေးဆိုင်က မကြီးမားလှဘဲ ဆေးဗီရိုများစွာ ကြမ်းပြင်ပေါ် လဲကျနေကာ ပုပ်သိုးသိုးအနံ့များ ထောင်းခနဲ ထနေသည်။ အတင်းအကြပ်အဖွင့်ခံလိုက်ရ၍ အရာအားလုံး ရှုပ်ယှက်ခတ်သွားရသော အုတ်ဂူတစ်ဂူအလားပင်။
ဆိုင်ထောင့်တစ်နေရာတွင် အဘိုးအိုအလောင်းတစ်လောင်း ရှိနေပြီး ၎င်းသည်လည်း စိမ်းပုပ်နေပြီး နံရံကိုမှီ၍ ထိုင်နေသည်။ ဆိုင်ရှင်အဘိုးအိုသည် ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်မသွားခဲ့သည့်အလား မျက်လုံးများ ပြူးကျယ်နေပြီး အပြင်ဘက်လောကကြီးကို အသက်မဲ့စွာ ငေးကြည့်နေလေသည်။
ဆိုင်ထဲ ဝင်လိုက်သည်နှင့် လူငယ်လေးက အလောင်းကောင်ကို မြင်တွေ့သွားပြီး ချက်ချင်းပင် စတင်ရှာဖွေလေသည်။
ဆေးပင်အများစုသည်လည်း အလောင်းများပမာ အစိမ်းပုပ်ရောင်ပြောင်းနေပြီး ဆေးပင်အနည်းအကျဉ်းသာ သာမန်အတိုင်း ရှိသည်။
လူငယ်လေးက သာမန်ဆေးပင်များကို အမျိုးအစားခွဲခြားနိုင်ရန် အချိန်အတော်ယူလိုက်ရသည်။
မှတ်ဥာဏ်ဟောင်းများကို သူ ပြန်စဉ်းစားနေရဟန်တူသည်။ထို့နောက် သူက ရွှေရောင်မြက်ပင်တစ်ပင်ကို ယူကာ သူ့အင်္ကျီပါးကို ဆွဲဖြဲလိုက်ရာ ရင်ဘတ်ကို ကန့်လန့်ဖြတ်ထားသော ဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။
ဒဏ်ရာက အပြည့်အဝ မပျောက်ကင်းပါသေးသော်လည်း ဒဏ်ရာအနားတဝိုက်တွင် အနာဖေးများ ရှိနေသည်ကို မြင်နိုင်သည်။ ဒဏ်ရာမှ သွေးအနည်းငယ် စိမ့်ထွက်လာသည်။
လူငယ်သည် ခေါင်းငုံ့၍ ဒဏ်ရာအား တစ်ချက်ကြည့်လိုက်သည်။ မြက်ပင်ကို ချေမွပြီးနောက် အသက်ပြင်းပြင်းရှူကာ အံကိုတင်းတင်းကြိတ်၍ လက်မြှောက်ပြီး မြက်ပင်အနှစ်များအား ဒဏ်ရာပေါ် အုံလိုက်သည်။
ရုတ်တရက် ဒီရေလှိုင်းများ ရိုက်ခတ်လိုက်သည့်အလား ဒဏ်ရာမှ ပြင်းပြင်းထန်ထန် နာကျင်သော ခံစားချက်က ခန္ဓာကိုယ်တစ်လျှောက် ဆောင့်တက်လာရာ လူငယ်လေးမှာ အလိုလို တုန်ရီသွားရပါသော်လည်း ကြိတ်မှိတ်ခံလေသည်။ သို့တိုင် နဖူးမှ စီးကျလာသော ချွေးများအား ရပ်တန့်ခြင်းငှာ မစွမ်းသာပေ။ ချွေးစက်များက မျက်နှာပေါ်သို့ ကျဆင်းလာကာ မည်းညစ်ညစ် မြေပြင်သို့ ဆက်လက် စီးဆင်းသွားလေသည်။
ဘာသာပြန်သူမှတ်စု။ နန်းဟွမ်ဆိုတာ တိုက်ရိုက်ပြန်ရရင် တောင်ဘက်ဇာမဏီလို့ အဓိပ္ပာယ်ရပါတယ်။ ကျန့်ဆိုတာ ၃.၃ မီတာ ရှိပါတယ်။
Thanks
ok
ok
Good
That’s very interesting .🧐
ဘာပေါတာလဲ
Good
Good
ဖတ်ကောင်းတယ်
🤡
Good
စာရေးတာပညာရှင်ဆန်တယ်
Very good 👍👍
Good