ထိုလက်ဝေ့ယမ်းမှုနှင့်အတူ ယန်လုပတ်လည်ရှိ ဖီးနစ်အရိပ်သည် ပျက်စီးသွား၏။ ပူပြင်းသောလေမှာ တွန့်ခေါက်ပုံပျက်မှုကနေ ထွက်ပေါ်လာပြီး ဝမ်လင်း၏ ပတ်လည်၌ အခိုးအငွေ့တိုင်လုံးရှစ်ခု ဖြစ်ပေါ်သည်။
ထိုတိုင်လုံးများထံမှ ဆူးဆူးဝါးဝါး အော်မြည်သံများ ထွက်ပေါ်ကာ ဒီဧရိယာကို ခြုံလွှမ်း၏။
ထိုတိုင်လုံးတို့က ဝမ်လင်းပတ်လည်၌ မုန်တိုင်းတစ်ခုအလား လည်ပတ်၏။ ယင်းတို့က ယန်လုထံ ပျံသန်းဝင်ကာ သူမကို ဝန်းရံသည်။ ကျယ်လောင်စွာတုန်ဟည်းသံများ ဒီကုန်းမြေတခွင် ပဲ့တင်ထပ်သည်။
ပတ်ဝန်းကျင်ရှိ မဟာစိတ်ဝိညာဉ်ကလန်မှ အကြီးအကဲများသည် ထိုသည်ကို တွေ့မြင်သည့်အခါ အလေးအနက် ဖြစ်လာကြ၏။ ဝမ်လင်း၏မန္တာန်မှာ သိသာစွာ တုန်လှုပ်ဖို့ ကောင်း၏။ သူတို့သည် ဒီမန္တာန်ကို တွေ့မြင်သည့်အခါ စိတ်ထဲ၌ပင် တချက် ခုန်ပေါက်မိသွားသည်။
“ဒါဟာ သန့်စင်လှတဲ့ ရှေးတောက်မန္တာန်တစ်ခုပဲ။ ငါတို့ ကောင်းကင်ဘုံကလန်နဲ့ လုံးဝ ကွဲပြားတယ်…”
“ရှေးတောက်မန္တာန်အများစုက သူတို့ရဲ့ခွန်အားပြည့်ကို တချိတည်း ထုတ်ဖော်ပြတာ မဟုတ်ဘူး။ နောက်ဆုံးအခိုက်အတန့်ကျမှ တိုက်ခိုက်တဲ့စွမ်းအားတွေ စုပေါင်းလာပြီး ခွန်အားပြည့် ပေါက်ကွဲထွက်တာ…။ ဒီလူရဲ့ နောက်ခံဟာ ထိလွယ်ရှလွယ်ပဲ။ ဘိုးဘေးက သူ့ကို ဘာကြောင့် ကလန်ဆီ ခေါ်လာခဲ့ရတာလဲ…”
“ဒီလူရဲ့ ကျင့်ကြံမှုအဆင့်ကတော့ သာမန်ပဲ။ ဒါပေမဲ့ ဒီမန္တာန်နဲ့ဆိုရင် ငါတောင် နောက်ဆုတ်ရလိမ့်မယ်။ အနည်းငယ် ပေါ့ဆမိတာနဲ့ သေပါသေသွားနိုင်တယ်…”
“ရှေးနိုင်ငံရဲ့ ကျင့်ကြံသူတွေမှာ အံ့အားသင့်ဖို့ ကောင်းတဲ့ ရုပ်ပိုင်းခန္ဓာကိုယ်တွေ ပိုင်ဆိုင်ကြတယ်။ သူတို့ရဲ့ ရုပ်ပိုင်းခွန်အားဟာ သာမန်ထက်ထူးကဲလွန်းတယ်…”
ယန်လု၏ဆံချည်မျှင်သည် ပြန့်ကြဲသွား၏။ သူမကို မီးမုန်တိုင်းမှ ဖြစ်တည်လာသော အခိုးအငွေ့တိုင်ရှစ်လုံးက ဝန်းရံထား၏။ အရာအားလုံးသည် မှိန်ဖျော့သွားကာ ပြင်းထန်သောစုပ်အားနှင့်အတူ သူမ၏နားထဲရှိ ဟိန်းအော်သံက သူမကို ပြိုလဲစေမတတ် ခံစားရစေသည်။
သူမ၏စိတ်ထဲ၌ သေရေးရှင်ရေး အန္တရာယ်အာရုံ ဝင်ရောက်လာ၏။
“သူက ဘယ်သူလဲ။ အရင်က အခိုးအငွေ့စက်ဝန်းမန္တာန်နဲ့တင် တုန်လှုပ်ဖို့ ကောင်းနေပြီ။ သူ့မှာ ဒီလိုလောက်ကြောက်မက်ဖွယ်ကောင်းတဲ့မန္တာန် ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”
ယန်လုအဖို့ စဉ်းစားနေရန် နောက်ကျလွန်းခဲ့လေပြီ။ သူမက လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်၏။ သူမ၏ကျောက်စိမ်းကဲ့သို့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ထိုသွေးကို ဖမ်းယူ၍ ကြမ်းကြမ်းတမ်းတမ်း ညှစ်ချေသည်။
“ငါ့အနှစ်သာရသွေးကို အသုံးပြုပြီး မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေးကို ဆင့်ခေါ်တယ်။ လေဟာနယ်ချိုးဖျက်ခြင်း၊ ဝိညာဉ်စိတ်ကူးမူလ…”
ယန်လု၏အသံသည် ထက်ရှနေကာ ထွင်းဖောက်နိုင်သောအား တစ်ခု ပါဝင်သည်။ သူမ၏အသံသည် မီးမုန်တိုင်းကို ထွင်းဖောက်ကာ အပြင်ဘက်ရှိ လူတိုင်း၏နားထဲသို့ ဝင်ရောက်လာ၏။
ယန်လုက ထိုသွေးကို ခြေမွလိုက်သည့်အခါ၌ သွေးမြူတန်းများသည် သူမ၏လက်ချောင်းအဟကြားများမှ ထွက်ပေါ်လာ၏။ မကြာမီတွင် သွေးမြူများစွာ စုဝေး၍ သွေးလမ်းတစ်ခု ဖြစ်တည်သည်။
ထိုသွေးလမ်းက အဆုံးမဲ့လေဟာနယ်ထံ ချဲ့ကားကာ မည်သို့နေရာဆီ ဦးတည်လေမှန်း မသိရချေ။ ကျယ်လောင်စွာ မြည်ဟိန်းသံ ပဲ့တင်ထပ်လေ၏။ ထူးခြားသောဟင်းလင်းပြင်နှင့် ချိတ်ဆက်ကာ သည်လမ်း၏ အဆုံး၌ ပွင့်ဟလေသည့်အလား ထင်မှတ်ရသည်။ မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များ ပြည့်ဖုံးနေသော သွေးအရိပ်တစ်ခုသည် သည်ထူးခြားသောဟင်းလင်းပြင်နေရာမှ လှမ်းလျှောက်ထွက်လာ၏။
၎င်းအရိပ် သွေးလမ်းထံ ခြေလှမ်းလိုက်သည့်အခိုက်၌ လောကသည် အရောင်များ ပြောင်းလဲကုန်သည်။
“ဒါဟာ ကိုးယောက်မြောက်ဘိုးဘေးပဲ။ ယန်လုရဲ့ ဝိညာဉ်စိတ်ကူးမူလဟာ ကိုးယောက်မြောက်ဘိုးဘေးကို ဆင့်ခေါ်နိုင်တယ်။ သူမ ဘယ်အချိန်တည်းက ဒီလောက်အစွမ်းထက်တဲ့ စိတ်ဆန္ဒတစ်ခုကို ပိုင်ဆိုင်ခဲ့တာလဲ…”
“ကိုးယောက်မြောက်ဘိုးဘေး…လောယွမ်ဟိုင်း။ သူ့ဘဝဟာ သတ်ဖြတ်ခြင်းနဲ့ ပြည့်နေခဲ့တာ။ သူ့ပတ်လည်မှာ မကျေမချမ်းစိတ်ဝိညာဉ်တစ်ဘီလီယံ ရှိတယ်။ သူဟာ မျိုးဆက်တဆက်ရဲ့ စွမ်းအားထောက်တိုင်တစ်ခုပဲ…”
“သူ့အထွတ်အထိပ်အချိန်အခါတုန်းကဆို ဒီဘိုးဘေးဟာ မဟာအင်ပါယာတောက်ရီကိုပါ စိန်ခေါ်ခဲ့သေးတယ်။ သူဟာ ကျရှုံးခဲ့ပြီး မဟာအင်ပါယာရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမဲ့ ဒါက သူ ဘယ်လောက်ထူးချွန်တယ်ဆိုတာကို ဖော်ပြခဲ့တာပဲ။ သူ့စိတ်ဝိညာဉ်ဟာ ဖျက်စီးမခံခဲ့ရဘဲ ကလန်ကို ပြန်ဖို့ ခွင့်ပြုခြင်း ခံခဲ့ရတယ်…”
သွေးအရိပ်က ယန်လု၏နောက်ရှိ သွေးလမ်းထံမှ ပေါက်ကွဲထွက်လာစဉ် ဆူညံပွက်သံများ ပဲ့တင်ထပ်ကုန်သည်။
ထိုသွေးအရိပ်၏ မျက်နှာကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ ၎င်း၏ခန္ဓာကိုယ်သည်ပင် ဝေဝါးနေ၏။ သို့ပေမည့် ၎င်းထံမှ ကောင်းကင်တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။ ၎င်းသည် ပေါ်လာပြီးနောက် ခြေတလှမ်းလှမ်း၏။
ထိုခြေလှမ်းဖြင့် လောကမှာ တုန်ဟည်းသွားရ၏။ ပြင်းထန်သောသတ်ဖြတ်လိုစိတ်သည် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ယန်လုပတ်လည်ရှိ မီးမုန်တိုင်းသည် နောက်သို့ ပြန်လွင့်ကန်ရ၏။ ၎င်းမှာ ထိုဖိအားကို မကိုင်တွယ်နိုင်သည့်အလား။ ဝမ်လင်းသည်ပင် တုန်လှုပ်မိရ၏။ သူ့မျက်လုံးမှာ လွန်စွာ တောက်ပလာသည်။
“မဟာစိတ်ဝိညာဉ်ကလန်ရဲ့တာအိုမန္တာန်တွေဟာ တကယ်ပဲ အံ့အားသင့်ဖို့ ကောင်းတယ်။ အကြီးအကဲနေရာဟာ ငါ့အတွက် အများကြီး အကျိုးရှိစေနိုင်တယ်။ ဝိညာဉ်မျက်လုံး ဖြစ်ဖြစ် ဒီဝိညာဉ်စိတ်ကူးမူလမန္တာန်တို့ဟာ အစွမ်းထက်လှတယ်။ ငါ ဒီမန္တာန်တွေကို သင်ယူရမယ်…”
ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူသည် ဒီကြောက်မက်ဖွယ်ဖိအားအောက်၌ ခြေလှမ်းသုံးလှမ်း နောက်ဆုတ်လိုက်သည်။ ရှေးတောက်အော်ရာသည် သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာပြိး သူ၏နောက်တွင် ဧရာမရှေးတောက်အရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်သည် မြန်ဆန်စွာ သိပ်သည်းလာပြီး အလွန်တရာ အစစ်အမှန်ဆန်လာသည်။ ထိုအရိပ်က ရှေးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဝမ်လင်းနှင့် ချွတ်ဆွတ်တူသည်။
ဝမ်လင်း နောက်ဆုတ်လာစဉ် သူ့ညာလက်ကို ပြန်ရုတ်သိမ်းပြီး သူ့ညာလက်ညှိုးကို ဆန့်ထုတ်သည်။
“မိစ္ဆာတာအို…သေခြင်းရှင်ခြင်း ပြောင်းပြန်ဖြစ်ခြင်း…”
ထိုအခါ ယန်လု၏အမူအရာသည် ထပ်မံ ပြောင်းလဲသွားသည်။ သူမသည် သူမ၏ခန္ဓာကိုယ်ထဲရှိ အားကောင်းလှသော အသက်ဓာတ်အားသည် သေခြင်းအော်ရာအဖြစ်သို့ ပြောင်းလဲသွားသည်။ အားနည်းမှုခံစားချက်က သူမ၏ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သည်။
ဝမ်လင်းက သည်မိစ္ဆာတာအိုကို အသုံးပြုသည့်အခါ လောကသည် ပြင်းထန်သောသေဆုံးခြင်းအော်ရာဖြင့် ဝန်းရံခြင်း ခံရသည်။ မဟာစိတ်ဝိညာဉ်ကလန်၌ သေဆုံးခဲ့သော မရေမတွက်နိုင်သည့်လူအားလုံးသည် သည်သေဆုံးခြင်းအော်ရာ၏ အစိတ်အပိုင်း ဖြစ်လာသည်။
ထိုသေဆုံးခြင်းအော်ရာသည် ပင်လယ်တစ်ခုအလား။ ၎င်းသည် စုဝေးလာသည့်အခါ မဟာစိတ်ဝိညာဉ်ကလန်အပြင်ဘက်၌ ၎င်းက သေဆုံးခြင်းပင်လယ်အသွင် ဖြစ်ပေါ်သည်။ ဟိန်းသံများ ပဲ့တင်ထပ်ကာ ဒီဧရိယာကို ခြုံလွှမ်းသည်။
သည်မန္တာန်အောက်၌ မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲများသည်ပင် ချက်ခြင်းနောက်ဆုတ်ကြသည်။ ကျင့်ကြံမှုအဆင့်မြင့်မားလှသူများသည် ကျန်ခဲ့၏။ သို့သော် သူတို့၏အမူအရာများသည် လေးနက်လာသည်။
သူတို့က ဝမ်လင်းကို ခပ်ရှိန်ရှိန် ကြည့်မိကုန်၏။
သေဆုံးခြင်းအော်ရာသည် ချက်ခြင်းပင် စုဝေးလာသည်။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။ သေဆုံးခြင်းအော်ရာသည် မြန်ဆန်စွာ စုဝေးလာနေရင်း ဝမ်လင်းသည် မြေကြီးအတွင်းနက်ပိုင်းမှ ခပ်ဖျော့ဖျော့ဟိန်းသံတစ်သံကိုပါ ကြားလိုက်ရပုံ ပေါ်သည်။
ထိုဟိန်းအော်သံမှာ ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံပင်။
ကောင်းကင်ဘုံနွားထီးကို ဒီကုန်းမြေအောက်၌ ချိပ်ပိတ်ထား၏။ ထိုနွားထီးသားရဲမှာ အမှန်တကယ် သေဆုံးနေခဲ့ပြီ ဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်သည် မြေကြီးထု၊ ၎င်း၏မူလစိတ်ဝိညာဉ်ကို သည်မြေပြင်ထုအတွက် အားအင်ပြည့်စေဖို့ အသုံးပြု၏။ ၎င်း၏စိတ်ဝိညာဉ်ကိုလည်း ဖိနှိပ်လို့ထားသည်။ သို့ပေမည့် ၎င်း၏ အညံ့မခံသော စိတ်ဆန္ဒကမူ တည်ရှိနေဆဲ ဖြစ်၏။
ထိုအခိုက်တွင် ဝမ်လင်း၏မိစ္ဆာတာအိုက သေခြင်းရှင်ခြင်း ပြောင်းပြန် ဖြစ်စေလေပြီ။ သည့်အခါ မြေပြင်ထံမှ တုန်လှုပ်ဖွယ်သေခြင်းအော်ရာ ပေါက်ကွဲထွက်လာ၏။ ယင်းအော်ရာ ထိုးထွက်လာစဉ် လောကသည် မြူများဖြင့် ဝန်းရံခံရသလို ထင်မှတ်ရသည်။ ထိုသေခြင်းအော်ရာ ထိုးထွက်ကာ သေခြင်းပင်လယ်နှင့် ပေါင်းစပ်ချိန်၌ သေခြင်းအော်ရာသည် ဧရာမနွားထီးကြီးတစ်ကောင်အသွင် ဖြစ်တည်လာသည်။
ထိုကောင်းကင်ဘုံနွားထီးက ကြမ်းကြုတ်လှဟန် ရှိပြီး ၎င်း၏မျက်လုံးတို့သည် နီရဲနေ၏။ ၎င်းက သေခြင်းတရားကို လက်မခံနိုင်သော စိတ်ဆန္ဒ ပြည့်နေသော တုန်လှုပ်ဖွယ်ဟိန်းအော်သံကို ထုတ်ဖော်သည်။
ထိုနွားထီး ပေါ်လာသည့်အခါ မဟာစိတ်ဝိညာဉ်ကလန်တစ်ခုလုံးသည် လှုပ်ခါကုန်၏။ ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည် တုန်ယင်ကုန်ကာ သူတို့၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်လာသည်။
“ကောင်းကင်ဘုံနွားထီး…”
“ဒါ…ဒါဟာ ကောင်းကင်ဘုံနွားထီးလား။ သူဟာ ကောင်းကင်ဘုံနွားထီးရဲ့ ပုံစံအသွင်ကို ဖြစ်ပေါ်စေနိုင်လိုက်တယ်…”
“ဒါဟာ မဖြစ်နိုင်ဘူး။ ဒီလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ပေါ်မလာဘဲ သူတို့၏ နတ်ဘုရားအာရုံဖြင့် ကြည့်နေကြသော မွန်းစတားအိုကြီးများသည်ပင် တုန်လှုပ်မိကုန်၏။ သူတို့အားလုံးသည် သူတို့၏တောင်ထိပ်မှ ပျံသန်းထွက်လာကာ သေခြင်းအော်ရာကြောင့် ဖြစ်ပေါ်နေသော ဒီတုန်လှုပ်ဖွယ်ကောင်းကင်ဘုံနွားထီးကို ကြည့်သည်။
သည်တိုက်ပွဲကို အာရုံစိုက်ကြည့်ဖို့ မထိုက်တန်ဟု တွေးထင်ထားကြသော တချို့မွန်းစတားအိုကြီးများပင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းနက်ဆုံးအပိုင်း၊ အမြင့်မားဆုံးတောင်ထိပ်၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ထိုအဘိုးအိုမှာ အရှင်ကုန်းနျန်၏ အနှစ်သာရအစစ်အမှန်ခန္ဓာနှင့် ချွတ်ဆွတ်တူသည်။ ဤသည်မှာ သူ၏မူလခန္ဓာကိုယ်ပင်။
သူ့မှိတ်ထားသော မျက်လုံးတို့မှာ ရုတ်တရက် ပွင့်လာကာ ဖြစ်တောင့်ဖြစ်ခဲ စိတ်လှုပ်ရှားဟန် လှစ်ဟပေါ်၏။
“ကောင်းကင်ဘုံနွားထီးကို ဖြစ်ပေါ်စေနိုင်တဲ့ စိတ်ဝိညာဉ်။ သူဟာ ဘိုးဘေး ပြောခဲ့တဲ့သူပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းမရေမတွက်နိုင်ခင်တုန်းက ဘိုးဘေးဟာ မဟာစိတ်ဝိညာဉ်ကလန်တစ်ခုလုံးကို ကောင်းကင်ဘုံနွားထီးကလန်ရှိ ရွှေ့လာခဲ့ပြီး လူတစ်ယောက်ကို စောင့်နေဖို့အတွက် ဒီပင်မမီးကြောပေါ်မှာ ကလန်တည်ဆောက်ဖို့ ရွေးချယ်ခဲ့တယ်…”
“ဒီလူဟာ ကောင်းကင်ဘုံနွားထီးကိုလည်း ဆင့်ခေါ်နိုင်တယ်။ ဒီလူဟာ လှိုဏ်ဂူလောကက လာခဲ့တဲ့သူလည်း ဖြစ်တယ်။ ဒီလူဟာ သူပဲ…”
“သူဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကလူ မဟုတ်ဘူး။ သူက လှိုဏ်ဂူလောကကနေ လာခဲ့တာ။ ပိုပြီးတိတိကျကျဆိုရရင် သူဟာ ကုန်းမြေခုနစ်ဆယ့်နှစ်ခုအောက်မှာ ချိပ်ပိတ်ထားတဲ့ သားရဲခုနစ်ဆယ့်နှစ်ကောင်နဲ့ အလွန်တူတယ်…”
“ကောင်းကင်ဘုံနွားထီးဟာ ကောင်းကင်နဲ့မြေကြီးရဲ့ အပြင်ဘက်က ဖြစ်ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်ဘူး။ ဒီလူကလည်း တူတူပဲ။ ဒါ့ကြောင့် သူဟာ ကောင်းကင်ဘုံနွားထီးရဲ့ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေနိုင်တာ…”သေဆုံးခြင်းအော်ရာ ကောင်းကင်ဘုံနွားထီး ပေါ်လာသည့်အခါ၌ ယန်လု၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားသည်။ သူမက သည်တိုက်ပွဲမှာ ခုလိုမျိုးအရာ ဖြစ်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သေဆုံးခြင်းအော်ရာ ကောင်းကင်ဘုံနွားထီးသည် ဟိန်းအော်သံပေးကာ ယန်လုထံ သေခြင်းအော်ရာပင်လယ်နှင့်အတူ တိုးဝင်လာဟဉ် ဟိန်းအော်သံ တသံ ထွက်ပေါ်လာ၏။ တချိန်တည်းမှာ ယန်လု၏နောက်ရှိ သွေးလမ်းပေါ်မှ အရိပ်သည် ၎င်း၏ခြေထောက်ကို ပင့်ကြွကာ သုံးလှမ်းလှမ်းသည်။
ထိုခြေလှမ်းတိုင်း၌ ယန်လု၏မျက်နှာသည် ပိုပို၍ ဖြူရောလာ၏။ သွေးအရိပ်ထံမှ ဖိအားသည် သေခြင်းအော်ရာကောင်းကင်ဘုံနွားထီးကို ခုခံဖို့အတွက် ပို၍ အားကောင်းလာနေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ သေခြင်းအော်ရာကောင်းကင်ဘုံနွားထီးနှင့် သွေးအရိပ်တို့မှာ နီးကပ်နေခြင်း မရှိသော်လည်း သူတို့ ဖန်တီးသောဖိအားချင်း ထိပ်တိုက်တွေ့နေကြလေပြီ။ လောကသည် သည်ထိပ်တိုက်တွေ့မှုကြောင့် ပြောင်းပြန်လန်သွားသည့်အလား ထင်မှတ်ရချေ၏။
ထိုသွေးအရိပ်သည် တွန့်ခေါက်ပုံပျက်လာကာ တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။ သို့သော် တချိန်တည်းမှာ သေခြင်းအော်ရာကောင်းကင်ဘုံနွားထီးမှာလည်း ပြိုလဲပျက်စီးပြီး သေဆုံးခြင်းအော်ရာသည် လွင့်ပါးပျောက်ကွယ်သည်။ ဒီသေဆုံးခြင်းအော်ရာ ကောင်းကင်ဘုံနွားထီး၌ မူလကောင်းကင်ဘုံနွားထီး၏ စိတ်ဆန္ဒ အစိတ်အပိုင်းငယ်တစ်ခုသာ ပါဝင်ပေကာ အစစ်အမှန်ကောင်းကင်ဘုံနွားထီး၏ စွမ်းအားနှင့် အလှမ်းကွာဟလွန်း၏။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ အားတော့မနည်းလှပေ။
“နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ၊ ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍ မရှိ…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ့လက်ကို လက်ဝါးအသွင်အဖြစ် ဆန့်ထုတ်သည်။ ရှေးကလန်သုံးခု၏ အော်ရာမှာ သူ၏ခန္ဓာကိုယ်တွင်း၌ အလျင်အမြန် ပေါင်းစပ်လာသည်။ ထို့နောက် သူက လက်သီးဆုပ်ကာ လက်သီးတလုံး ပစ်သွင်းလိုက်ချေသည်။
ထိုလက်သီးချက်ဖြင့် ဝမ်လင်းနောက်ရှိ ချပ်ဝတ်ဖြင့် ရှေးတောက်အရိပ်သည် မမြင်ရသော ဟိန်းအော်သံကို ပြုကာ ဝမ်လင်းနှင့်အတူ လက်သီးတလုံး ပစ်သွင်းလာသည်။
ထိုလက်သီးချက်က လေဟာနယ်ထံ ကျရောက်၏။ သို့သော် လှိုင်းဂယက်ကိုးခု ဂယက်ထကုန်သည်။ ထိုလှိုင်းဂယက်များ ဖြတ်သန်းသွားသည့်နေရာတိုင်း အက်ကွဲသံများ မြည်လေ၏။ ကောင်းကင်၊ တောင်၊ မြက်ပင်၊ အဆောက်အဦများနှင့် သည်အဝန်းအဝိုင်းရှိ အရာအားလုံးသည် မီးခိုးရောင်အဖြစ်သို့ ပြောင်းကုန်ကာ စတင်၍ ကျောက်သား ဖြစ်လာသည်။
ယန်လုသည် သွေးအန်ထုတ်ကာ နောက်သို့ အမြန်ဆုတ်၏။ သူမ၏အမူအရာမှာ လုံးဝ ပြောင်းလဲသွားခဲ့ပေပြီ။ ဝမ်လင်းထံ ကြည့်နေသော သူမ၏အကြည့်၌ ကြောက်ရွှံ့မှုတို့ ရှိလာသည်။
ထိုလှိုင်းဂယက်ကိုးခု ယန်လုထံ တိုးဝင်လာစဉ် ဟိန်းသံတသံ ရုတ်တရက် လောက၌ ပဲ့တင်ထပ်လာ၏။
“တော်လောက်ပြီ။ ယန်လု…ပြန်ဆုတ်တော့။ အကြီးအကဲသစ်အပေါ်မှာ နင် မရိုင်းတော့နဲ့။ နင့်ရဲ့ မီးတောင်ထွတ်အတွက် ဒီအဘိုးအိုက နင် စိတ်ကျေနပ်အောင် ပြန်လုပ်ပေးမယ်…”