ဝမ်လင်း ပြန်လှည့်လာခြင်း။
သည်စကားက ဝမ်လင်း၏စိတ်ထဲ၌ မိုးကြိုးပစ်ချလိုက်သည့်နှယ်။ သည်စကားက သူ့ကို ပျက်စီးနေသော တံတားထံကနေ ခြေလှမ်းများစွာ ဆုတ်မိသွားစေသည်။
ဝမ်လင်းသည် ပျက်စီးနေသော ကျောက်ပြားကို ကြည့်ကာ သူ့အမူအရာသည် မသေချာမရေရာဟန် ပေါက်နေ၏။ သူ၏အကြည့်က တဖြည်းဖြည်း အေးစက်လို့လာသည်။
“စိတ်ဝင်စားစရာပဲ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဒီလိုစိတ်ဝင်စားဖို့ ကောင်းတဲ့အရာမျိုး ကြုံရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ အချိန်ကာလစီးဆင်းမှုက တွက်ချက်နိုင်တဲ့ ရှေ့ဖြစ်ကြည့်မြင်မှု၊ ဒီရှေ့ဖြစ်နည်းလမ်းဟာ တကယ်ကို စိတ်ဝင်စားစရာပဲ…”
“မဟာစိတ်ဝိညာဉ်ကလန်က ငါနဲ့ ရေစက်ပါတာလား…” ဝမ်လင်းသည် ထိုသို့ တွေးလိုက်မိ၏။
“ငါ နောက်ထပ် တည်နေရာအကြိမ်အနည်းငယ် ရွှေ့ပြောင်းပြီးရင် ဘယ်လိုမျိုး ကြုံရမလဲ ငါ မသိဘူး။ ဒါပေမဲ့ ငါ ကြိုးစားကြည့်ဖို့ မလိုတော့ဘူး။ အရှင်ကုန်းနျန်ဖြစ်ဖြစ်။ ဒါမှမဟုတ် ဟိုးလွန်ခဲ့နှစ်ပေါင်းများစွာက အစွမ်းထက်ဘိုးဘေးတစ်ယောက်က ဖြစ်ဖြစ် ငါ မဟာစိတ်ဝိညာဉ်ကလန်ကို ရောက်လာပြီး မြေကမ္ဘာပင်မမီးကြောကို စုပ်ယူလိမ့်မယ်လို့ တစုံတစ်ယောက်က တင်ကြိုရှေ့ဖြစ်ကြည့်ခဲ့တာပဲ…”
“ဒါ့ကြောင့် သူတို့ဟာ ငါနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်လို့ စောင့်နေခဲ့ပုံ ရတယ်…” ဝမ်လင်းသည် ထိုသို့ စဉ်းစားကာ ရုတ်တရက် ပြုံးလိုက်၏။
“ဒီအစီအစဉ်ဟာ ဖျက်စီးဖို့ လွယ်လွယ်လေးပဲ။ ဒါပေမဲ့ ငါ ဘာကြောင့် ဖျက်စီးရမှာလဲ။ မဟာစိတ်ဝိညာဉ်ကလန်က ငါ့ကို အကြီးအကဲတစ်ယောက် ဖြစ်လာစေချင်တယ်။ ငါကလည်း မဟာစိတ်ဝိညာဉ်ကလန်နဲ့ ပတ်သတ်ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအကြောင်း သိချင်တယ်…”
ဝမ်လင်းသည် နောက်သို့ ခြေတလှမ်းဆုတ်လိုက်၏။ လှိုင်းဂယက်များ ပေါ်လာကာ သူသည် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်တောင်တွင် နှင်းများ ကျဆင်းနေ၏။ ထိုတောင်ပေါ်မှ နှင်းများကြား နေအလင်းရောင်က ရိုက်ခတ်သည်။ အလင်းဓာတ် ပျံ့နှံ့လာကာ ကောင်းကင်နှင့်မြေကြီးကြာ ချိတ်ဆက်ထားသော ဖော်ပြ၍မရသည့်ခံစားမှုကို ပေးစွမ်းလေသည်။
အရှင်ကုန်းနျန်၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် နှင်းများကြား၌ ထိုင်နေ၏။သူ့ဆံပင်တို့မှာ လေအဝေ့ကြောင့် လှုပ်ခတ်ရွှေ့လျားခြင်း မရှိပေ။ဤသည်မှာ ထူးခြားပေ၏။
သူ၏ရှေ့တွင် တဖြည်းဖြည်း အရည်ပျော်နေသော အမွှေးတိုင်တချောင်း ရှိနေသည်။ ထိုအမွှေးတိုင်မှာ လုံးဝ အရည်ပျော်သွားဖို့ သိပ်မလိုတော့ပေ။ အချိန်သည် မသိမသာ ကုန်ဆုံးနေသည်။
နှင်းအမွှေးတိုင် လုံးဝ အရည်ပျော်ကျသွားသည့်အခိုက်၌ ဝဲကတော့တစ်ခု ပေါ်လာကာ ဝမ်လင်း လှမ်းထွက်လာသည်။
သူ တောင်ထိပ်ပေါ်သို့ ခြေချလိုက်ချိန်၌ အမွှေးတိုင်မှာ လုံးဝ အရည်ပျော်ကျသွားတော့သည်။
“မင်း ပြန်လာပြီ…” အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာမှာ မျက်လုံးဖွင့်လာပြီး ပြုံးသည်။
“ဒါဟာ ဝိညာဉ်မျက်လုံးမန္တာန်ပဲ…” အရှင်ကုန်းနျန်၏ အနှစ်သာရအစစ်အမှန်ခန္ဓာသည် သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ ဆုပ်ကိုင်လိုက်၏။ ခရမ်းရောင်ကျောက်စိမ်းပြားတစ်ခု သူ့လက်ထဲ၌ ပေါ်လာသည်။ ထိုကျောက်စိမ်းပြားက ရှေးကျသောအော်ရာကို ပေးစွမ်းလေ၏။
သူ လက်ဝေ့ယမ်းကာ ကျောက်စိမ်းပြားကို ဝမ်လင်း၏ တုန့်ပြန်မှုကို စောင့်မနေဘဲ ဝမ်လင်းထံ ပစ်ပေးလိုက်သည်။
ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်သည်။ ထို့နောက် သူက ၎င်းကို သိမ်းဆည်းလိုက်၏။
“သွားကြစို့…ငါတို့ မဟာစိတ်ဝိညာဉ်ကလန်ဆီ ပြန်ကြမယ်…” အရှင်ကုန်းနျန်က ထရပ်လိုက်၏။ သူက ရှေ့သို့ ခြေလှမ်းလိုက်ရာ သူ့ခြေထောက်အောက်တွင် သုံးပေခန့်တိမ်ထုတစ်ခု ပေါ်လာသည်။
ထိုတိမ်သည် အခိုးအငွေ့ဖြင့် ပြုလုပ်ထားခြင်းသာ။ အရှင်ကုန်းနျန်က ထိုတိမ်ပေါ်သို့ ခြေလှမ်း၍ ရှေ့သို့ မြန်မြန်ဆန်ဆန် ရွှေ့လျားသည်။
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်စွာ ရှိနေပြီး သူလည်း ရှေ့သို့ ခြေလှမ်းသည်။ သူသည် လောကနှင့် တသားတည်းပေါင်းစပ်ခြင်းမပြု၊ အလင်းတန်းအဖြစ် ပြောင်းကာ အရှင်ကုန်းနျန်နောက်သို့ လိုက်ပါလာ၏။ သူတို့နှစ်ယောက်သည် မြန်ဆန်စွာ ရွှေ့လျား၍ မိုးကုပ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားကြသည်။
မဟာစိတ်ဝိညာဉ်ကလန်၌ တောင်ထိပ်များစွာ ရှိပေ၏။ အနီရောင်တောင်ထိပ်သည် ပင်မမီးကြောနှင့် ချိတ်ဆက်ထားသော ထိုတောင်များထဲမှ တစ်ခုသာ ဖြစ်သည်။ လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက မိုးထိထိုးနေသော အဆုံးမရှိတောင်များနှင့် တောင်ထွတ်များကို မြင်ရလိမ့်မည်။ တချို့မှာ မြူများဖြင့် ဝန်းရံကာ မှုန်မှိုင်းစွာ တည်ရှိ၏။
တချို့ကမူ ဧရာမစ္ဆေမျက်နှာဖြင့် ဝန်းရံထားပြီး ထိုမျက်နှာက ဆိတ်ငြိမ်သောမြည်သံကို ထုတ်ဖော်ပြီး လှိုင်းဂယက်များအဖြစ် ပြောင်း၍ ဒီဧရိယာကို လှည့်ပတ်နေသည်။
စုစုပေါင်းတောင်ထွတ်(၃၆၀)ခုက မဟာစိတ်ဝိညာဉ်ကလန်၏ ရင်းမြစ်များပင်။
တချို့တောင်ထွတ်များသည် အတော်ဝေးဝေးတွင် ရှိကာ တချို့က နီးနီးကပ်ကပ် ရှိသည်။ တောင်တန်းတစ်ခုချင်းစီရှိ တောင်ကြားများထဲ၌ မရေမတွက်နိုင်သော ခမ်းနားသည့် အဆောက်အဦများ၊ ကျောင်းဆောင်များ၊ ရင်ပြင်များ၊ လှိုဏ်ဂူများ ရှိကြသည်။
မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တစ်သိန်းက သည်တောင်ကြားများ၌ နေထိုင်ကာ မတူကွဲပြားသော ကျင့်ကြံခြင်းနည်းလမ်းများကို ကျင့်ကြံကြသည်။ မဟာစိတ်ဝိညာဉ်ကလန်၌ မန္တာန်များစွာ ရှိ၍ အခုအခါ၌ ကလန်တပည့်များသည် မန္တာန်တော်တော်များများကို သင်ယူနိုင်ကြပေသည်။
အခုချိန်၌ အနီရောင်တောင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အနီရောင်ဆက်မဟုတ်တော့၊ ခရမ်းရင့်ရောင် ဖြစ်လို့နေပြီ။ ထိုတောင်၌ အက်ကြောင်းများလည်း ရှိနေချေသည်။
သည်တောင်ကို ပိုင်ဆိုင်သော လူငယ်အရွယ်အမျိုးသမီး၏ အမည်မှာ ယန်လု ဖြစ်၏။ သူမသည် သုန်မှုန်နေပြီး သူမ၏ဆံပင်တို့ပင် အနည်းငယ် မသေမသပ် ဖြစ်နေသည်။ အချိန်မရွေးပေါက်ကွဲနိုင်သည့် ဒေါသက သူမထံ၌ ကိန်းဝပ်နေ၏။
ဝမ်လင်းနှင့်အရှင်ကုန်းနျန်တို့ မိုးကုပ်စက်ဝန်းကနေ ပေါ်လာသည့်အခါ၌ ယန်လုက လှမ်းကြည့်၏။ သူမ၏အကြည့်က အေးစက်လာကာ သူမ၏မျက်နှာထက်၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်သည်။
“မီးတောက်ကြောတောင်ရဲ့ တပည့်အားလုံး။ ငါ့အမိန့်ကို နားထောင်ပြီး ငါ့တောင်ထွတ်ကို ဖျက်စီးခဲ့တဲ့ သူခိုးကို သတ်ဖို့ ဆရာ့နောက် လိုက်ခဲ့ကြ…”
ယန်လုက အလင်းတန်းအဖြစ် ပြောင်းကာ ရှေ့သို့ ပျံသန်းလာသည်။ သူမနောက်တွင် ပင်မတပည့် ဒါဇင်ကျော်က လိုက်ပါလာ၏။ ထိုသူတို့ထဲတွင် ဖန်ရှန်မင်နှင့် ဖန်ရှန်လုတို့လည်း ပါဝင်သည်။
အကြည့်တချက်ဖြင့်ပင် သည်ဆရာနှင့် တပည့်အုပ်စုတို့မှာ လှပသောအမျိုးသမီးများသာ ဖြစ်မှန်း သိနိုင်၏။ သူတို့အားလုံးက ရှေ့သို့ ပျံသန်းလာကာ ဝမ်လင်းနှင့် အရှင်ကုန်းနျန်တို့၏ ရှေ့တွင် ပေါ်လာသည်။
မဟာစိတ်ဝိညာဉ်ကလန်သို့ ပြန်ရောက်လာသည့်နောက်တွင်လည်း ဝမ်လင်း၏အမူအရာမှာ မပြောင်းလဲသွားပေ။ သို့ပေမည့် သူ့စိတ်ခံစားမှုကတော့ ကွဲပြားသားခဲ့ပြီ ဖြစ်၏။ သူသည် ပထမအကြိမ် ဝင်ရောက်ခဲ့စဉ်က ခိုးကြောင်ခိုးဝှက် ဝင်ရောက်ခဲ့တာ ဖြစ်ပြီး သည်ဒုတိယမြောက်အကြိမ်တွင်မူ အိမ်ရှေ့တံခါးမှ ဝင်ရောက်လာခဲ့ခြင်း မဟုတ်လား။
သူသည် လမ်းတလျှောက်လုံး အရှင်ကုန်းနျန်နှင့် စကားမဆိုခဲ့ပေ။ မဟာစိတ်ဝိညာဉ်ကလန်ကို ကြည့်၍ အရှင်ကုန်းနျန်က စကားပြောရန် ဟန်ပြင်လိုက်၏။ သို့သော် ရုတ်တရက် သူက မျက်မှောင်ကြုတ်သွားသည်။ ဝမ်လင်းသည်လည်း မဟာစိတ်ဝိညာဉ်ကလန်ထံမှ ဧရာမဖီးနစ်ကြီး ပျံသန်းလာသည်ကို သတိပြုမိ၏။ လူငယ်အရွယ်အမျိုးသမီးယန်လုမှာ အတော်လေး လှပပါ၏။ သို့သော် သူမထံ၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။
“သူခိုးလေး…နင်က ငါ့ရဲ့ တောင်ကို ဖျက်စီးခဲ့တယ်။ ငါ ဒီကိစ္စကို ဒီအတိုင်း လက်မလွှတ်ပေးနိုင်ဘူး…” ထိုအမျိုးသမီးက အရှင်ကုန်းနျန်ကို စကားပြောချိန် မပေးပေ။ သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် သူမသည် အခြေအနေကို မည်သို့ မမြင်ဘဲ နေပါ့မည်နည်း။ ဘိုးဘေးက ဝမ်လင်းကို ပြန်ခေါ်လာခဲ့ခြင်းမှာ အကျဉ်းသားတစ်ယောက်ကဲ့သို့မဟုတ်ဘဲ ဧည့်သည်တစ်ယောက်ကဲ့သို့ ဖြစ်မှန်း သိသာပေသည်။
သူမက ချက်ခြင်း ထိုသို့ ပြောလာသည့်အတွက် ဘိုးဘေး ဖြစ်နေလျှင်ပင် သူက သူမကို ရှင်းပြချက်တစ်ခု ပေးရတော့မည်သာ။ တကယ်တော့ သူမသည် မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲတစ်ယောက်ဖြစ်သည် မဟုတ်လား။
ယန်လုသည် လှပရုံသာမက အလွန်လည်း ဉာဏ်များသေး၏။ သူမက သူမတကိုယ်တည်း ထွက်လာခဲ့တာ မဟုတ်၊ သူမ၏ပင်မတပည့်များကိုပါ ခေါ်လာခဲ့ခြင်းပင်။ ဘိုးဘေးကသာ ဝမ်လင်းကို ကာကွယ်ပေးခဲ့ပါက သူမ၏အုပ်စုကို လက်လွှတ်လိုက်တာနှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။ သူမ၏ တပည့်များက ဤသည်ကို တွေ့မြင်သည့်အခါ သူမသည် မဟာစိတ်ဝိညာဉ်ကလန်ကနေ အတင်းအကြပ် ထွက်ခွာရလိမ့်မည် ဖြစ်၏။
ထို့အပြင် ယန်လုက ဖီးနစ်အရိပ်ကို ချက်ခြင်း ပေါ်ထွက်လာစေခဲ့ခြင်း ဖြစ်၏။ ထိုအရိပ်သည် ကြီးမားလွန်း၏။ ချက်ခြင်းပင် မဟာစိတ်ဝိညာဉ်ကလန်ကို ပွက်လောရိုက်သွားစေသည်။
ထိုသို့ ပွက်လောရိုက်သွားခြင်းက သူမ၏မိတ်ဆွေများနှင့် တခြားတောင်ထွတ်မှ အကြီးအကဲများကို အာရုံစိုက်မိစေအောင် လုပ်လိုက်ခြင်းသာ။ သူတို့အားလုံးသည် ဆိုင်ရာတောင်ထွတ်များထံမှ ပျံသန်းလာကြ၏။
ထိုသို့ဖြင့် သည်ကိစ္စကို လူသူထင်ရှား ဖြစ်စေတော့သည်။ ထို့အပြင် သူမက မှန်သည့်ဘက်တွင် ရှိနေသည့်အတွက် ဘိုးဘေးအနေဖြင့် ဒီကိစ္စအပေါ် ရွေးချယ်ဖို့ ခက်ခဲလေမည်။
ယန်လု၏လုပ်ဆောင်မှု၌ ရည်ရွယ်ချက်များစွာ ပါဝင်နေ၏။ ဤသည်က သူမသည် သာမန်မဟုတ်တာကို ပြသရာ ရောက်သည်။ သူမက ရှေ့သို့ ထိုးထွက်လာစဉ် မဟာစိတ်ဝိညာဉ်ကလန်၏ တောင်ထိပ်များထံမှ အစွမ်းထက်အော်ရာများ ထွက်ပေါ်လာ၏။ သူတို့အားလုံးက ဒီနေရာသို့ ဦးတည် ပျံသန်းလာကြသည်။
ထိုပုံရိပ်များမှာ ကျင့်ကြံမှုအဆင့် အမျိုးမျိုး ရှိကြ၏။ အသန်မာဆုံးက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ဖြစ်ပြီး အားအနည်းဆုံးကမူ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ဖြစ်ချေ၏။
“ဘိုးဘေးက ဒီသူခိုးလေးကို ဖမ်းဆီးလာတဲ့အတွက် ကျမအနေနဲ့ ကျေးဇူးတင်ပါတယ်။ နင် ဒီတစ်ကြိမ် ဘယ်ကို ပြေးမလဲ ငါ မြင်ချင်မိသေးတယ်…သူခိုးကောင်လေး…”
ယန်လုက ရုတ်တရက် ဝမ်လင်းထံ ဦးတည်လာချေ၏။ ဝမ်လင်းသည် ထိုလှပသောအမျိုးသမီးက ဖီးနစ်ဦးခေါင်းအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ကြီးမားသော နှုတ်သီးက သူ့ထံ နီးကပ်လာသည်ကို တွေ့မြင်သည်။
ထိုဖီးနစ်ထံမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ထွက်ပေါ်နေသည်။ သို့သော် ထိုကျင့်ကြံမှုက အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ ထိုလှပသောအမျိုးသမီးမှာ အရင်က ဝမ်လင်း၏ အမျိုးမျိုး တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရခဲ့တာ သိသာပေ၏။ ထို့အပြင် သူမပိုင်ဆိုင်သည့်တောင်မှာ အပျက်အစီးများ ပြည့်ကုန်၍ ကြေကွဲနေချိန်တွင် ဝမ်လင်းက သူမရှေ့တွင် ပြန်ပေါ်လာသည်ကို တွေ့မြင်သည့်အခါ ဒေါသပုန်ထသွားမိ၏။
ဝမ်လင်း၏မျက်လုံးက တောက်ပနေသည်သာ။ နောက်ဆုတ်ရမည့်အစား သူက ရယ်မောလိုက်၏။ သူသည် မဟာစိတ်ဝိညာဉ်ကလန်သို့ ဝင်ရောက်ကာ အကြီးအကဲတစ်ယောက် လုပ်မည်ဟု ဆုံးဖြတ်လိုက်မှတော့ သူ့ခွန်အားကို ပြသဖို့ လိုမည်သာ။
မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးက ဝမ်လင်းသည် လှိုဏ်ဂူလောကမှ လာသည်ကို သိထားပြီး သူ့ရှေးတောက်သွေးမျိုးဆက်အကြောင်းကိုပါ သိထားရမည်သာ။ ထို့ကြောင့် ဝမ်လင်းအနေဖြင့် ဘာကိုမျှ ထိန်ချန်ထားစရာ မလိုပေ။
ဆုံးဖြတ်ချက် ချပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်သည်။ သူက လက်သီးဆုပ်ဟန် ဖြစ်ပေါ်ကာ လေဟာနယ်ထံ လက်သီးတလုံး ပစ်သွင်းလိုက်ချေသည်။
“နတ်ဘုရားတုန်ဟည်းခြင်း…စစ်တပ်အစီအရင်…”
ထိုလက်သီးချက်က ကောင်းကင်ထက်သို့ ကျရောက်ကာ ကောင်းကင်ကို တုန်ဟည်းကာ တွန့်ခေါက်ပုံပျက်သွားစေသည်။ ဧရာမဝဲကတော့တစ်ခု ပေါ်လာပြီး မြန်ဆန်စွာ လှည့်ပတ်လေ၏။ လောကသည်ပါ လှည့်ပတ်ဟန် ထင်ရကုန်သည်။ သို့သော် ဝမ်လင်းကမူ မလှုပ်မယှက် ရှိနေသည့်အလား။
ထိုဝဲကတော့ ပေါ်လာပြီး လောက စတင်လှည့်ပတ်လာချိန်၌ ယန်လု၏ ဖီးနစ်မှာ ဆွဲငင်ခြင်း ခံရ၏။ ထိုဖီးနစ်သည် တွန့်ခေါက်ပုံပျက်မှုကြောင့် ပျက်စီးသွားတော့မည်ဟု ထင်ရသည်။
ဝမ်လင်းသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ရှိ တစ္ဆေအိုကြီးကျန့်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ရာတွင်လည်း သည်မန္တာန်ကို အသုံးပြုခဲ့ဖူးသည်။ အခုအခါ၌ သူသည် ၎င်းမန္တာန်ကို ထပ်မံ အသုံးပြုပြန်ပြီ။ ဒီမန္တာန်မှာ အမှန်ပင် တုန်လှုပ်ဖွယ်ကောင်း၏။
ထိုမန္တာန် ပေါ်လာသည့်အခိုက်တွင် မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ယန်လု၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့လို့သွားသည်။ သူမက ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ဖူးပြီးသား ဖြစ်သော်လည်း ဝမ်လင်း ဒီမန္တာန်ကို အသုံးပြုတာ လုံးဝ မတွေ့မြင်ခဲ့ရပေ။
“ရှေးတောက်အော်ရာ…”
“ဒါဟာ ရှေးနိုင်ငံတွေက ကျင့်ကြံသူတစ်ယောက်ရဲ့ အော်ရာပဲ။ ဒီလူဟာ…ဒီလူဟာ ငါတို့ ကောင်းကင်ဘုံကလန်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး…”
“သူက ရှေးနိုင်ငံတွေက တစုံတစ်ယောက်ပဲ…”
အရှင်ကုန်းနျန်က မျက်မှောင်ကြုတ်၍ သူ့ညာလက်ကို ဝေ့ယမ်းကာ သက်ပြင်းချလိုက်၏။ ပြင်းထန်သောအားတစ်ခုက ဒီဧရိယာကို ခြုံလွှမ်းသွားပြီး ဝမ်လင်း၏ရှေးတောက်အော်ရာကို ဖုံးလွှမ်းသွားချေသည်။ ထို့အတွက်ကြောင့် တခြားသူများက ဒီအော်ရာကို ခံစားမိနိုင်တော့မည် မဟုတ်ပါ။
“နတ်ဆိုးမန္တာန်၊ ပူပြင်းတဲ့လေ တောင်တလုံးအသွင် ပြောင်းခြင်း…”
ဝမ်လင်းသည် နေရာတွင် ရပ်နေပြီး သူ့ဆံပင်ဖြူတို့က တလွင့်လွင့် ရှိနေကာ သူ့အား ထည်ဝါစေသည်။ သူက သူ့လက်ကို လက်ဝါးအသွင် ဖြန့်ကာ ဝေ့ယမ်းလိုက်ချေ၏။