ဝမ်လင်းသည် ထိုအသံ ပေါ်လာမည်ကို သိနေသည့်အလား လုံးဝ အံ့အားသင့်မသွားပေ။ ထိုအသံ ပေါ်လာသည့်နောက် ဝမ်လင်းက လှည့်ကြည့်လိုက်၏။
နှင်းများ ကျဆင်းနေရင်း တာအိုဝတ်ရုံဖြင့် ဆံဖြူအဘိုးအိုတစ်ယောက်သည် နှင်းများကြား၌ ထိုင်နေကာ သူ့ကို ကြည့်နေသည်။
ထိုအဘိုးအိုသည် ဒီနေရာတွင် ရောက်နေသည်မှာ အချိန်ကြာမြင့်ခဲ့ပုံ ပေါ်သည်။ သူက ဝမ်လင်းကို စောင့်နေသည့်အလား။ ဝမ်လင်းသည် ပင်မမီးကြောကနေ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုခဲ့ချိန်က သည်နေရာတွင် ပေါ်လာလိမ့်မည်ဟု အနှီအဘိုးအိုက သိနေသည့်နှယ်။
သူ့မျက်လုံးတို့မှာ ကြည်လင်နေပြီး အဆုံးမဲ့ဉာဏ်ပညာတို့ ပါဝင်နေပုံ ပေါ်သည်။ သူက ဝမ်လင်းထံ ကြည့်နေသည်။ ဝမ်လင်း၏စိတ်ကို သူသည် ဖြတ်မြင်နိုင်သည့်နှယ် ထင်ရသည်။
သူ ဝမ်လင်းကို လှမ်းကြည့်သည့်အခါ၌ ဝမ်လင်းသည် ထိုအဘိုးအို၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အလား ခံစားမိ၏။ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားခဲ့သည်။ သို့သော် မြန်မြန်ဆန်ဆန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သည်အဘိုးအို၏ မျက်လုံးထံမှ အနှစ်သာရကို ဖော်ကြူးနေသည်။ ထိုအဘိုးအို၏ ခန္ဓာကိုယ်မှာ သူ့မူလခန္ဓာကိုယ် မဟုတ်၊ အနှစ်သာရခန္ဓာကိုယ်သာ ဖြစ်နေ၏။
ဤသည်မှာ ဝမ်လင်းအနေဖြင့် တခြားအနှစ်သာရခန္ဓာတစ်ခုကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။
ထိုအဘိုးအို၏ အဆင့်အတန်းက သိသာပေသည်။
“ဂျူနီယာက အရှင်ကုန်းနျန်ကို နှုတ်ဆက်ပါတယ်…” ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်လိုက်ရင်း တည်ငြိမ်သောအကြည့်နှင့်သာ ဆက်ရှိနေသည်။
အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာကိုယ်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “မင်းရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကို ထုတ်ဖော်လိုက်ပါ။ ဒီအဘိုးအိုကို ကြည့်ခွင့်ပြု…”
ဝမ်လင်းက မျက်ခုံးပင့်လိုက်ပြီး သူ၏ဘယ်မျက်လုံးထဲရှိ မီးသည် ဖြတ်ခနဲ ဖြစ်သွား၏။ အရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာပြီး သူ၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းသည်။ ၎င်းမှာ ဝမ်လင်းနှင့် ချွတ်ဆွတ်တူပြီး အရှင်ကုန်းနျန်၏ အနှစ်သာရအစစ်အမှန်ခန္ဓာကို စိုက်ကြည့်လာသည်။
အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှစ်ခုက တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြစဉ် အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာကိုယ်သည် ထရပ်လာ၏။ ကြောက်မက်ဖွယ်အော်ရာတစ်ခု ပျံ့နှံ့လာကာ ဒီကောင်းကင်တောင်ကို ခြုံလွှမ်းသည်။
“တကယ်ပဲ အနှစ်သာရအစစ်အမှန်ခန္ဓာပဲ။ ငါ့ဘဝမှာ ငါ့ကိုယ်တိုင်အပြင် အနှစ်သာရခန္ဓာ ပိုင်ဆိုင်တဲ့ သူကို မြင်ဖူးခဲ့တာဆို မင်းက တတိယမြောက်သူပဲ…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် စကားမဆိုသေးပေ။
အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာကိုယ်က ရုတ်တရက် ပြောလာ၏။ “မင်းနာမည်က ဝမ်လင်းမလား…”
ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေ၏။ သူသည် ထိုအဘိုးအို သူ့နာမည်ကို သိသည့်အပေါ် အံ့အားသင့်မသွားပေ။ ဖန်ရှန်မင်ကလည်း သူ့ကို သိထားသည် မဟုတ်လား။ ထို့ကြောင့် မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးဖြစ်သူ အရှင်ကုန်းနျန်က သူ့နာမည်ကို သိနေတာအပေါ် ဝမ်လင်းအနေဖြင့် အံ့အားသင့်မသွားခြင်းပင်။
ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။ “ဟုတ်ပါတယ်…”
“လှိုဏ်ဂူလောကကနေ လှမ်းထွက်လာနိုင်တဲ့သူက တကယ်ပဲ မရိုးရှင်းဘူးပဲ…”
အရှင်ကုန်းနျန်၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် သက်ပြင်းချလိုက်၏။
ဝမ်လင်း၏မျက်လုံးသည် အရောင်လက်သွားကာ သူက မေးလိုက်၏။ “စီနီယာရဲ့ အနှစ်သာရခန္ဓာကိုယ်ဟာ အဘယ်အနှစ်သာရကို ဖွဲ့စည်းထားတာလဲ သိလို့ရနိုင်မလား…”
အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာကိုယ်က ပြုံး၏။ သူက ဝမ်လင်း၏ မေးခွန်းအပေါ် စိတ်ကသိကအောက် မဖြစ်သွားဘဲ ပြုံး၍ ပြန်ဖြေသည်။ “ဒီအဘိုးအိုရဲ့ အနှစ်သာရဟာ အအေးဓာတ်အနှစ်သာရကို ဖွဲ့စည်းထားတာပဲ။ အအေးဓာတ်နော် ရေ မဟုတ်ဘူး။ မင်း နားလည်ရဲ့လား…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားကာ ထိုအဘိုးအို၏အနှစ်သာရခန္ဓာကိုယ်ကို အချိန်အတန်ကြာ သေချာကြည့်နေပြီးနောက်မှ စကားဆိုလာသည်။
“အအေးဓာတ်ဟာ အော်ရာပဲ။ ရေကတော့ ရုပ်ပိုင်းအသွင်…”
အရှင်ကုန်းနျန်က ပြုံးလိုက်ပြီး ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်သည်။
“မင်း မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အစီအရင်ထဲ ဝင်လာတဲ့အချိန်တည်းက ငါ သိတယ်။ ငါ မင်း အနီရောင်တောင်ထဲ ဝင်ရောက်တာ၊ ဖန်ရှန်လုနဲ့ တွေ့ခဲ့တာကို စောင့်ကြည့်နေခဲ့တာ။ ပြီးတော့ မင်း မြေကမ္ဘာမီးကြောကို စုပ်ယူနေတာကိုပါ စောင့်ကြည့်နေခဲ့တာပဲ…”
“မင်းက ငါ့မဟာစိတ်ဝိညာဉ်ကလန်မှာ ဒီမီးအနှစ်သာရခန္ဓာကို ဖွဲ့စည်းခဲ့တာ။ဒါ့ကြောင့် မင်းနဲ့ ငါ့မဟာစိတ်ဝိညာဉ်ကလန်ဟာ ရေစက်ပါတယ်။ ငါတို့ ရေစက်ပါမှတော့ အလျင်စလို ထွက်သွားဖို့ မလိုတော့ဘူး။ ဝမ်လင်း…မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အကြီးအကဲတစ်ယောက် လုပ်မလား။ ဘယ်လိုလဲ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သို့သော် သူက စကားပြန်မဆိုသေးပေ။
အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာကိုယ်သည် ဝမ်လင်းကို ကြည့်ကာ ပြောလာ၏။ “အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ မင်းဟာမင်း ကလန်တစ်ခု မဖန်တီးနိုင်ရင် မင်းဟာ အမြင့်ရောက်ဖို့အတွက် ကလန်တစ်ခုနဲ့ မဟာမိတ်ပြုထားဖို့ လိုတယ်။ မင်း ငါ့ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်တယ်။ ဒါပေမဲ့ အနှေးနဲ့အမြန် ဒီလိုရွေးချယ်မှုကို မင်း ရင်ဆိုင်ရလိမ့်မယ်…”
“ငါ့မဟာစိတ်ဝိညာဉ်ကလန်ဟာ အရှေ့ပိုင်းကုန်းမြေရဲ့ အင်အားစုဆယ့်သုံးခု၊ ကလန်ကိုးခုထဲက တစ်ခုပဲ။ ငါ့ကလန်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာရင် ငါက မင်းကို ကိုယ်ပိုင်တောင်ထွတ်တစ်ခုနဲ့ လှိုဏ်ဂူတစ်ခု ပေးမယ်။ မင်း လိုအပ်သမျှကို မဟာစိတ်ဝိညာဉ်ကလန်က ထောက်ပံ့ပေးမယ်။ မင်း လိုအပ်ချက်တွေကိုသာ ပြည့်မှီရင် မင်းအနေနဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘယ်တာအိုမန္တာန်ကို မဆို သင်ယူနိုင်မယ်။ ဘယ်လိုလဲ…”
အရှင်ကုန်းနျန် ပြောခဲ့သည့် စကားတို့က စွဲဆောင်နိုင်မှု ရှိနေ၏။ သူသည် ဝမ်လင်းကို မချိန်းခြောက်ပေ။ ဝမ်လင်း မီးကြောကို ဖျက်စီးခဲ့တာ၊ လူငယ်အရွယ်အမျိုးသမီးတို့နှင့် တိုက်ခိုက်ခဲ့တာ၊ မဟာစိတ်ဝိညာဉ်ကလန်၌ မီးများ မြင့်တက်စေခဲ့တာကို လုံးဝ လစ်လျူရှုပေးထားသည်။
သို့ပေမည့် သူ ပို၍ လစ်လျူရှုလေလေ ဝမ်လင်းက မမြင်ရသောဖိအားကို ပိုနားလည်လာလေပင်။ သို့သော် ဝမ်လင်း၏အမူအရာမှာ ပုံမှန်အတိုင်းသာ ရှိနေပြီး သူ့စိတ်နှလုံးမှာလည်း တည်ငြိမ်နေသည်။ သူက သူ မဟာစိတ်ဝိညာဉ်ကလန်သို့ ဝင်ရောက်ပြီးနောက် ဖြစ်လာနိုင်မည့်အရာအားလုံးကို ခန့်မှန်းတွက်ချက် ကြည့်နေ၏။
ထိုခန့်မှန်းချက်ထဲ၌ အရှင်ကုန်းနျန်အပေါ် တင်ကြိုသတိထားခြင်းလည်း ပါသည်ပင်။ ဝမ်လင်းက တဖက်လူသည် အစစ်အမှန်ခန္ဓာကိုယ်နှင့် မလာခဲ့ဘဲ အနှစ်သာရခန္ဓာကိုယ်ဖြင့် လာရောက်ကာ ထိုင်နေခဲ့တည်းက ထိုသူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိထားပြီးသား ဖြစ်သည်။
အနှစ်သာရအစစ်အမှန်ခန္ဓာကို အသုံးပြု၍ ဝမ်လင်း၏စိတ်နှလုံးကို စွဲဆောင်ခြင်း။
ဝမ်လင်း စဉ်းစားနေသည်ကို မြင်သည့်အခါ အရှင်ကုန်းနျန်က ပြုံး၍ ထပ်မံ ပြောလာသည်။
“ပြီးတော့ ဒီအဘိုးအိုက မင်းအတွက် အကူအညီပေးနိုင်ဆုံး ဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့နှစ်ယောက်လုံးမှာ အနှစ်သာရအစစ်အမှန်ခန္ဓာ ပိုင်ဆိုင်ထားကြလို့ပဲ။ ငါ မင်းကို ဒီခန္ဓာရဲ့ လျှို့ဝှက်ချက်ကို ပြောပြပေးနိုင်တယ်…”
ဝမ်လင်းသည် ထိုစကားကို စောင့်နေခြင်း ဖြစ်၏။ ရုတ်တရက် သူ၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သို့သော် သူက ငြိမ်သက်တိတ်ဆိတ်နေမြဲပင်။ မငြင်းဆန်သလို သဘောလည်း မတူသေးပေ။ သူက အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာကို ကြည့်လိုက်သည်။
“ငါ မင်းကို စဉ်းစားဖို့ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ပေးမယ်…” အရှင်ကုန်းနျန်က လက်ဝေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ နှင်းများသည် စုဝေး၍ အမွှေးတိုင်တချောင်း ဖြစ်ပေါ်လာသည်။ ထိုအမွှေးတိုင်မှာ ငြိမ်သက်စွာ လောင်ကျွမ်း၍ တဖြည်းဖြည်း အရည်ပျော်ကျလာနေသည်။ ၎င်းမှာ အမွှေးတိုင်အစစ်နှင့် မခြားပေ။
အချိန် တဖြည်းဖြည်း ကုန်လွန်လာ၏။ သိပ်မကြာခင်တွင် အမွှေးတိုင်တဝက်သာ ကျန်တော့ပြီး ဝမ်လင်းက ရုတ်တရက် ပြောလာ၏။
“စီနီယာအနေနဲ့ ငါ ထွက်သွားတဲ့နောက် ဒီနေရာမှာ ပေါ်လာမှာကို ဘယ်လို သိတာလဲ…”
“ငါ့မဟာစိတ်ဝိညာဉ်ကလန်မှာ ဝိညာဉ်မျက်လုံးလို့ခေါ်တဲ့ တာအိုမန္တာန်တစ်ခု ရှိတယ်။ ဒီမန္တာန်ဟာ တော်တော်များများကို တင်ကြိုကြည့်မြင်နိုင်တယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ လူတွေအများအပြား ရှိလှတယ်။ သူတို့ကြားမှာ ရှေ့ဖြစ်ကြည့်နိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးပဲ။ ငါတို့ ကောင်းကင်ဘုံကလန်၊ အင်ပါယာမြို့တော်က အင်ပါယာဆရာသခင်ကတော့ နံပါတ်တစ်ပေါ့…”
“သူတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ ရှေ့ဖြစ်ကြည့်တဲ့အရာမှာ သူဟာ ရှေးနိုင်ငံသုံးခုရဲ့ အင်ပါယာဆရာသခင်သုံးယောက်နဲ့ ယှဉ်နိုင်တယ်…”
“ငါ့မဟာစိတ်ဝိညာဉ်ကလန်မှာတော့ ဒီဝိညာဉ်မျက်လုံးတာအို မန္တာန် ရှိတယ်။ ဒါက ရှေ့ဖြစ်ကြည့်နိုင်တဲ့ လမ်းကြောင်းတစ်ခုပဲ။ ဒါပေမဲ့ ဒီမန္တာန်က တခြားသူတွေအပေါ်မှာ ရှေ့ဖြစ်ကြည့်နိုင်ဖို့ အာရုံစူးနစ်တာတော့ မဟုတ်ဘူး။ တခြားသူ တစ်ယောက်ယောက် မင်းအပေါ်မှာ ရှေ့ဖြစ်ကြည့်ဖို့ ခက်ခဲအောင် လုပ်ဆောင်ပေးတာဖြစ်တယ်…”
“မင်းသာ ဒီမန္တာန်ကို သင်ချင်ရင် ငါ သင်ပေးနိုင်တယ်။ အချိန် ပြည့်တော့မယ်။ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ စောင့်နေမယ်…” အရှင်ကုန်းနျန်၏ အနှစ်သာရခန္ဓာက ထိုသို့ ပြောလိုက်ရင်း ပြုံး၏။
ဝမ်လင်းသည် အလုံးစုံ လောင်ကျွမ်းဖို့ အချိန်သိပ်မလိုတော့သော နှင်းအမွှေးတိုင်ကို ကြည့်၏။ သူ၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူသည် နောက်သို့ ခြေတလှမ်းဆုတ်လိုက်သည်။ သူ၏အနှစ်သာရခန္ဓာမှာလည်း ထိုသို့ ခြေတလှမ်း ဆုတ်သည်။ လှိုင်းဂယက်များ ထလာပြီးနောက် သူသည် ဒီကောင်းကင်တောင်ပေါ်ကနေ ပျောက်ကွယ်သွားတော့သည်။
သူ့ရုတ်တရက် လှုပ်ရှားမှုကို အရှင်ကုန်းနျန်က မဟန့်တားပေ။ သူ၏အမူအရာပင် ပြောင်းလဲမသွားခဲ့ပေ။ သူက ဝမ်လင်း ပျောက်ကွယ်သွားသည်ကို မြင်၏။ သူက မဆိုသလောက် ခေါင်းခါလိုက်၏။
“ဘိုးဘေး မဟာစိတ်ဝိညာဉ်ကလန်ကို ပင်မမီးကြောပေါ်မှာ တည်ဆောက်ဖို့ ရွေးချယ်ခဲ့ချိန်တုန်းက သူ ပြောခဲ့တဲ့လူဟာ မင်း တကယ်ဖြစ်နေခဲ့ရင် ဒီအမွှေးတိုင် လောင်ကျွမ်းလို့ မပြီးခင် မင်း ပြန်ရောက်လာလိမ့်မယ်။ ငါ့မှာ မင်းလိုအပ်တဲ့ မန္တာန်နဲ့ သတင်းအချက်အလက်တွေ ရှိထားတယ်။ ဒါပေမဲ့ မင်းသာ ပြန်မလာခဲ့ရင် ဘိုးဘေးပြောခဲ့တဲ့သူဟာ မင်း မဟုတ်လို့ပဲ…”
အရှင်ကုန်းနျန်သည် ထိုသို့ ခပ်တိုးတိုး ရေရွတ်ကာ မျက်လုံးမှိတ်ထားလိုက်၏။
နှင်းအမွှေးတိုင်သည် သိပ်မကျန်တော့ပေ။ ၎င်းက ဖြည်းဖြည်းချင်း အရည်ပျော်ကျနေ၏။
ကောင်းကင်တောင်၏ အတော်ဝေးဝေးရှိ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ တနေရာ၊ ထိုနေရာသို့ ရောက်ဖို့ ဝမ်လင်းအနေဖြင့် တလလောက် ပျံသန်းရနိုင်သည်။ ယင်းနေရာတွင် အစိမ်းရောင်တောအုပ် ဖုံးလွှမ်းထားသော တောင်တစ်လုံး ရှိသည်။ ကောင်းကင်ထက်၌ လှိုင်းဂယက်များ ပေါ်လာကာ ဝမ်လင်းက လှမ်းထွက်လာ၏။
သည်ဧရိယာတွင် တောင်တန်းများ ပြည့်နေ၏။
“ဝိညာဉ်မျက်လုံးတာအို…။ ဒီမန္တာန်သာ တကယ်ပဲ တည်ရှိတယ်ဆိုရင် ငါဟာ ဒါကို စမ်းသပ်ကြည့်ရမယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူ့ဘေးပတ်လည်သို့ ကြည့်၏။ သူသည် မည်သည့်ပုံမှန်မဟုတ်တာကိုမျှ သတိမပြုမိပေ။ သည်အနီးအနားတွင် သက်ရှိများ ရှိနေသော်လည်း မည်သည်ကမျှ သူ့ကို မချိန်းခြောက်နိုင်ပေ။
ဒီနေရာတွင် တိုက်ခတ်နေသော လေပြင်းက အားကောင်း၏။ ထိုလေပြင်းက တောင်တန်းများပေါ်ရှိ သစ်တောအုပ်ထံ တိုက်ခတ်လာချိန်၌ သစ်ရွက်များသည် နာပျော်ဖွယ်ကောင်းသောအသံကို ဖန်တီးလေချေ၏။
ဝမ်လင်းသည် လှည့်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သို့သော် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူက တစ်ခုခုကို ဝိုးတဝါး တွေ့မြင်လိုက်ရသည့်အလား။ သူသည် ရုတ်တရက် အောက်ဘက်ရှိ တောင်တန်းထံသို့ လှမ်းကြည့်သည်။ မြေပြင်မှာ သာမန်သာ၊ မည်သို့မျှ မှားယွင်းမှု ရှိမနေပေ။
သို့သော် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွားပြီး သူ့အမွှေးအမျှင်ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ တောင်တန်းများကို ဖြတ်၍ လေပြင်းတိုက်ခတ်သွားပြီး သစ်ပင်များ ဟိုဒီယိမ်းနွဲ့လှုပ်ခါ သွားစေသည်။ မျက်စိတမှိတ်အတွင်း တောင်နှင့် ဝေ့ယမ်းယိမ်းနွဲ့နေသော သစ်ပင်များသည် စာလုံးတစ်လုံး ဖြစ်ပေါ်သည့်ဟန် ပေါက်သည်။
ထိုစာလုံးမှာ အလွန်ရိုးရှင်း၏။ ၎င်းမှာ ဝမ် ဟူ၍ပင်။
အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်ပြီး သူက လောကနှင့် တသားတည်း ထပ်မံ ပေါင်းစပ်သည်။ သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် အဝေးရှိ နဂါးပြာကလန်၏ အနီးအနား၊ သူ အရင်က ရောက်ခဲ့ဖူးသော နေရာတွင် ပေါ်လာသည်။ ထိုနေရာမှာ သူ တုချင်းနှင့် တွေ့ကြုံခဲ့ပြီး ပထမဆုံး ပင်မမီးကြောငယ်ကို စုပ်ယူခဲ့သော နေရာပင်။
“ ‘ဝမ်’ လို့အမည်ရတဲ့ စာလုံး ဖြစ်ပေါ်စေတဲ့ နေရာကို ငါ အရင်က လုံးဝ မရောက်ဖူးခဲ့ဘူး။ ဒီလို စာလုံးမျိုး အဲ့နေရာမှာ ပေါ်ထွက်လာစေတဲ့အကြောင်းရင်းကို ရှင်းပြနိုင်တဲ့ နည်းလမ်းအများကြီး ရှိတယ်။ အခု ငါ အရင်က ရောက်ခဲ့ဖူးတဲ့ နေရာကို ရောက်နေတာ။ အခု ဘယ်လို အံ့ဖွယ်ပြဋားဖြစ်ရပ်မျိုး ကြုံရမလဲ ငါ မြင်ချင်မိတယ်…”
ဝမ်လင်းသည် ကောင်းကင်ထက်တွင် ပေါ်လာကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
သို့ပေမည့် သူ တွေ့မြင်လိုက်ရသည့်အရာက သူ့ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူ၏စိတ်သည် တုန်ဟိန်းသွားကာ မြေပြင်ထက်သို့ စိုက်ကြည့်နေမိသည်။
မြေကမ္ဘာမီးကြော သွေ့ခြောက်မှုကြောင့် အက်ကြောင်းများသည် မြေပြင်ထက်တွင် ပေါ်လာခဲ့ပြီး ထိုအက်ကြောင်းတို့က ‘လင်း’ ဟူသည့် စာလုံးအသွင် ဖြစ်ပေါ်နေခြင်းတည်း။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူသည် ထိုအက်ကြောင်များသည် ဒီနေရာ၌ ပေါ်လာခဲ့တာ မကြာမှန်း ၊ မည်သူကမျှ ပြောင်းလဲထားခဲ့တာ မဟုတ်မှန်း သေချာနေသည်။ ဆိုလိုသည်မှာ ဒီအက်ကြောင်းများသည် သူ့ဟာသူ သဘာဝအရ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
စဉ်းစားနေရင်း ဝမ်လင်းသည် ပျောက်ကွယ်သွားသည်။ သည်တစ်ကြိမ်၌ သူသည် ဦးတည်ရာကို မရွေးတော့ပေ။ သူက မည်သည့်နေရသို့ ဦးတည်သွားစေမှန်းကိုလည်း သိမထားပေ။ သူက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ ကြုံရာကျပန်းနေရာတစ်ခုရှိ အထက်ကောင်းကင်တွင် ပေါ်လာသည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သူက မြေပြင်ထက်၌ မည်သည့်စာလုံးမှ ရေးထွင်းထားခြင်း မရှိတော့သည်ကို မြင်သည်။ သူ၏အောက်တွင် ကွေ့ကောက်ကာ စီးဆင်းနေသော မြစ်တစ်စင်း ရှိနေပြီး ထိုသို့သော မြစ်တို့မှာ တွေ့နေမြင်နေကျပင်။ မည်သည့်စကားလုံးအသွင်မှလည်း ဖြစ်ပေါ်နေခြင်း မရှိပေ။
ဝမ်လင်းသည် စိတ်အေးသွားပုံ ရသည်။ သို့သော် မကြာမီတွင် သူ့အမူအရာက အလေးအနက် ဖြစ်လာ၏။ သူက ဟိုးလွန်ခဲ့သောအချိန်များက အသုံးပြုခဲ့ပုံရသော ရှေးဟောင်း ကျောက်တံတားတစ်ခုကို တွေ့မြင်လိုက်၏။ ၎င်းတံခါးမှာ ပျက်စီးနေခဲ့ပြီး ဖြစ်သည်။ မြစ်ကမ်းစပ်၌ တံတားအစိတ်အပိုင်းများသာ ကျန်နေတော့သည်။ ထိုနေရာ၌ သည်ကျောက်တံတား၏ နာမည် ရေးထွင်းထားသော ကျောက်ပြားတစ်ခု ရှိနေသည့်ပုံ ပေါ်သည်။
ဖြတ်ခနဲ ဝမ်လင်းက သည်ကျောက်ပြားအနားသို့ ခြေချလာ၏။ တချက် ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ယင်သွားမိသည်။
“လှည့်ပြန်ခြင်းတံတား…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။