Switch Mode

အပိုင်း(၁၈၇၇)

ပင်မမီးကြောဆန္ဒ

ဤသို့ဖြစ်ရခြင်းမှာ ထိုအမျိုးသမီးက နုံအ၍ မဟုတ်ပေ။ တခြားတစ်ယောက်ယောက်ဆိုလည်း သူတို့က မြေကမ္ဘာမီးကြောနှင့် ပတ်သတ်၍ ပြဿနာ တစ်ခုခုကို တက်သည်ကို သတိပြုမိပြီး မီးများ ဝန်းရံထားသော တစုံတစ်ယောက်က ကျောက်အခန်းထဲကနေ ထွက်ပြေးသည်ကို တွေ့မြင်ပါကလည်း ထိုလူသည်သာ ပြဿနာဖြစ်မှန်း တွေးကြမည်သာ။

သူတို့က ထိုလူ့နောက်သို့ လိုက်လံကြမည်မှာ သဘာဝပင်။

ဝမ်လင်းသည်ပင် အလားတူ ဖြစ်ရပ်မျိုး မတွေ့ကြုံခဲ့ဖူးပါက သူ့အတွက်လည်း ခုလိုမျိုး အာရုံပြောင်းကာ လမ်းလွှဲနေခြင်းကို ချက်ခြင်း သဘောပေါက်ဖို့ ခက်ခဲလိမ့်မည်သာ။

သည်အမျိုးသမီးကဲ့သို့ ခုလောက်မြန်မြန် ထောက်လှမ်းသတိပြုမိနိုင်သည့်သူပင် ရှားလှပေ၏။ သူမက သူမ၏လိုက်လံမှုကို လက်လွှတ်ကာ မြေကမ္ဘာပင်မမီးကြော အတွင်းနက်ပိုင်းထံသို့ ဦးတည်လေတော့၏။ ဝမ်လင်းက ထိုသည်ကို တွေ့မြင်သည့်အခါ အေးစက်စက်အပြုံးတစ်ခုကို ထုတ်ဖော်သည်။

မြေကမ္ဘာမီးကြောအတွင်း၌ အခုအခါတွင် စိတ်ဆန္ဒနှစ်ခု ရှိနေလေပြီ။ တစ်ခုမှာ နဂါးစိတ်ဝိညာဉ် ဖြစ်ပြီး၊ သည်မြေကမ္ဘာမီးကြော၏ ပိုင်ရှင်၊ နောက်တစ်ခုမှာ ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖြစ်ပေ၏။

“အခု ငါ တိုက်ခိုက်ရတော့မယ့် အခိုက်အတန့်ပဲ…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက မည်သူကမျှ သူ့အနှစ်သာရခန္ဓာ ဝါးမြိုခြင်းဖြစ်စဉ်ကို နှောက်ယှက်ခွင့် ပြုလိမ့်မည် မဟုတ်ပါ။ လှိုဏ်ဂူလောကမှ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ လာရောက်ခဲ့သော သူ့လို တစုံတစ်ယောက်အတွက် ဤဝါးမြိုခြင်းဖြစ်စဉ်က သူ့ခွန်အားကို အများကြီး တိုးမြှင့်ပေးနိုင်မည် မဟုတ်လား။

သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ထလာကာ ဖြတ်ခနဲ သူ ပျောက်ကွယ်သွားသည်။

တစ္ဆေမျက်နှာဖြင့် ဝန်းရံခြင်း ခံထားပြီးနောက် ထိုအမျိုးသမီး၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လာ၏။ သူမသည် ရှေ့သို့ ဆက်ရွှေ့လျားလာနေစဉ် ရုတ်တရက် ရှင်းမပြတတ်သောခံစားမှုတစ်ခုကို ရလိုက်ကာ ဘေးတဖက်သို့ ချက်ခြင်း ရွှေ့ပြောင်းလိုက်သည်။ ဖြတ်ခနဲအတွင်း သွေးအလင်းတန်းတစ်ခုက သူမ၏ခန္ဓာကိုယ်ကို ကျော်လွန်ကာ တစ္ဆေမျက်နှာထံ လာရောက်စိုက်၏။ ၎င်းသွေးအလင်းမှာ သွေးဓားတည်း

သွေးဓားသည် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းကာ ရှေးတောက်အော်ရာ အငွေ့အသက်လည်း ပါဝင်နေသည်။

၎င်းသွေးဓားကို တွေ့မြင်သည့်နောက် လူငယ်အရွယ်အမျိုးသမီး၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။

“သွေးသတ်ဖြတ်ခြင်းဓား၊ ရှေးတောက်ရဲ့ ဓားခုနစ်လက်ထဲက တစ်လက်။ နင်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး…” ထိုအမျိုးသမီးက လှည့်ကြည့်လိုက်ရာ သွေးဓားသည် တဖန် လင်းလက်သွားပြန်၏။ လှိုင်းဂယက်များထလာကာ ဝမ်လင်းက လှမ်းလျှောက်ထွက်လာသည်။

“သွေးသတ်ဖြတ်ခြင်းဓား…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူသည် ယဲ့မို၏အမွေအနှစ်ကို ဆက်ခံထားသော်လည်း ဘယ်မျက်လုံးကင်းမဲ့နေသေး၏။ ထို့ကြောင့် မှတ်ဉာဏ်များသည် မပြည့်စုံပေ။ သူက ယဲ့မိုကို ရှေးတောက်အင်ပါယာက သည်ဓား ပေးခဲ့ခြင်းကိုသာ သိထားသည်။ ၎င်းဓား၏အမည်ကိုမူ မသိပေ။

ပေါ်လာသည့်နောက် ဝမ်လင်းက စကားမဆို၊ အထက်သို့ လက်ညွှန်လိုက်၏။ ခုနစ်ရောင်စုံအလင်းသည် သူ့အထက်၌ ပေါ်လာကာ သူ့ရှေ့တွင် စုဝေး၍ ခုနစ်ရောင်စုံလှံတစ်လက် ဖြစ်ပေါ်လာသည်။

ထိုလှံက အနှီအမျိုးသမီးထံ ဦးတည်တိုးဝင်လာသည်။

ထိုအမျိုးသမီးက အေးစက်စက်နှာခေါင်းရှုံ့ကာ သူမ၏ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူမ၏ရှေ့ရှိ တစ္ဆေမျက်နှာက ဝှီးခနဲ မြည်သံပြုကာ ခုနစ်ရောင်စုံလှံထံ ပျံသန်းဝင်လာသည်။

ချက်ခြင်းပင် နှစ်ဖက်က ထိပ်တိုက်တွေ့ကြသည်။ ခုနစ်ရောင်စုံလှံက တစ်စက်လေးမျှ မခုခံနိုင်ပေ။ တစ္ဆေမျက်နှာ၏ ဝါးမြိုခြင်းကို ခံရပြီးနောက် ၎င်းမျက်နှာက ဝမ်လင်းထံ ပျံသန်းဝင်လာ၏။

အမျိုးသမီး၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူမသည် တစ္ဆေမျက်နှာနောက်ကနေ ဝမ်လင်းထံ တိုးဝင်လာသည်။

ဝမ်လင်းက နောက်ဆုတ်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ရွှမ်လော၏ ရွှေရောင်လက်ဝါး ပေါ်လာကာ တစ္ဆေမျက်နှာကို ဖိနှိပ်သည်။

ရွှေရောင်လက်ဝါး၏ အစွမ်းထက်အော်ရာထံ၌ ရွှမ်လော၏ စွမ်းအားအမျှင်တန်းတစ်ခု ပါဝင်ပေသည်။ ၎င်းသည် တစ္ဆေမျက်နှာထံ နီးကပ်သွားသည်။ ဘန်းခနဲ ပေါက်ကွဲကာ တစ္ဆေမျက်နှာသည် နာကျင်စွာအော်မြည်သံ ပေးကာ ဝမ်လင်းရှေ့ကနေ ပျောက်ကွယ်သွားသည်။

ရွှေရောင်အလင်း တောက်ပကာ ရွှေရောင်လက်ဝါးချက်က ထိုလူငယ်အရွယ်အမျိုးသမီးထံ ပျံသန်းလာ၏။ သူမက သည်ရွှေရောင်လက်ဝါးကို တွေ့မြင်သည့်အခါ ပင့်သက်ရှိုက်မိသွားသည်။ သူမ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားပြီးနောက် သူမက ရုတ်တရက် ရပ်တန့်လိုက်၏။

တချိန်တည်းမှာ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားပြီး သူက နောက်ဆုတ်ကာ မြေကမ္ဘာမီးကြောအတွင်း ပြန်ပျောက်ကွယ်သွားသည်။ အလားတူပင် ရွှေရောင်အလင်းသည် မှိန်ဖျော့ကာ ရွှေ့လျားနေခြင်းကနေ ရပ်တန့်သွား၏။ ၎င်းသည်လည်း သွေးဓားနှင့်အတူ ပျောက်ကွယ်သွားသည်။

“ငါ့ နောက်ကို ထပ်မလိုက်လာတော့နဲ့။ ငါဟာ မဟာစိတ်ဝိညာဉ်ကလန်အပေါ် ရန်လိုမှု မရှိဘူး။ မန္တာန်တစ်ခုကို ကျင့်ကြံဖို့အတွက် ပင်မမီးကြောကို အသုံးပြုဖို့ လိုအပ်ရုံပဲ…”

သူ ထွက်ခွာသွားပြီးနောက် ဝမ်လင်း၏အသံသည် ထိုအမျိုးသမီး၏စိတ်ထဲ၌ ပဲ့တင်ထပ်သည်။

ထိုအမျိုးသမီးက နေရာတွင် ရပ်နေကာ ငြိမ်သက်စွာ စဉ်းစားနေ၏။

သည်အခိုက်၌ သူမသည် ထိုလက်ဝါးအတွင်း၌ မဟာအင်ပါယာတစ်ယောက်၏ အော်ရာကို ခံစားမိသည်။ ၎င်းက သူမကို ထိတ်လန့်စေ၏။

အချိန်အတန်ကြာပြီးနောက် သူမ၏မျက်လုံးထဲ၌ အေးစက်မှု ပြန်ပေါ်လာတော့သည်။

“သူ့မှာ မဟာအင်ပါယာတစ်ယောက် ပေးထားတဲ့ ရတနာတစ်ခု ရှိတော့ရော ဘာဖြစ်သေးသလဲ။ ဒီလူ့မှာ ရှေးတောက်ကလန်က ပိုင်ဆိုင်တဲ့ သွေးဓားလည်း  ရှိနေတယ်။ ဒါ့ကြောင့် ဒီမဟာအင်ပါယာက ဘယ်သူမှန်း သိသာနေတာပဲ…”

ပင်မမီးကြော၏ တခြားအစိတ်အပိုင်းတစ်ခု၌ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာသည် ထိုအမျိုးသမီး၏ လှုပ်ရှားမှုကို ထောက်လှမ်းမိကာ သက်ပြင်းချမိသည်။

“လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတွေဟာ တကယ်ပဲ ဆုံးဖြတ်ချက် ပြတ်သားကြတာပဲ။ မဟာအင်ပါယာတစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရတနာဟာ သူတို့ကို အလွယ်တကူ နောက်မဆုတ်စေနိုင်ဘူး။ သူမက နောက်မဆုတ်မှတော့ ဘယ်သူ ပိုမြန်မလဲပဲ ကြည့်ကြရတာပေါ့…”

ဝမ်လင်း၏အကြည့်က ပြတ်သားလာကာ သူသည် ပျောက်ကွယ်သွားလေ၏။

ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာသည် ပင်မမီးကြောကို ဆက်လက်စုပ်ယူနေစဉ် နဂါးထံမှ ရုန်းကန်မှုက အားပျော့လာ၏။ အနှစ်သာရခန္ဓာ၌ ဆံချည်မျှင်နေရာတွင် ဟင်္သာငှက်အမွှေးတောင် ကျန်ရှိနေသေးသည်။ သို့သော် သည်အခိုက်၌ ထိုခန္ဓာ၏ ဦးခေါင်းထိပ်တွင် အနက်ရောင်ဆံချည်မျှင်များ ပေါ်လာချေသည်။

ထိုအနက်ရောင်ဆံပင်တို့ကို သုန်မှုန်သောအလင်းဖြင့် ဝန်းရံထားပုံ ပေါ်သည်။ ထိုဆံပင် အပြည့်အဝ ပေါ်ပေါက်သည်နှင့် အနှစ်သာရအစစ်အမှန်ခန္ဓာသည် ပြီးပြည့်စုံစွာ ဖွဲ့စည်းပြီး ဖြစ်လိမ့်မည်။

အချိန် တဖြည်းဖြည်း ကုန်လွန်လာသည်။ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာသည် ပြင်ပအန္တရာယ်အားလုံးကို လစ်လျူရှုကာ ပင်မမီးကြောကို စုပ်ယူခြင်းအပေါ်၌သာ အာရုံအပြည့်နှစ်ထား၏။ အကယ်၍ သူက အနှစ်သာရခန္ဓာကို အပြည့်အဝ မဖွဲ့စည်းနိုင်ခင် လူငယ်အရွယ်အမျိုးသမီး ရောက်လာခဲ့ပါက ဝမ်လင်း၏ အားစိုက်ထုတ်မှုအားလုံးသည် အလကားဟသ ဖြစ်ကုန်လိမ့်မည်။

အခုလိုမျိုး နောက်ထပ် အခွင့်အရေး ရှာတွေ့ဖို့မှာ အလွန်ခက်ခဲလှသည်။

သူ့မူလခန္ဓာကိုယ်ကမူ ထိုအမျိုးသမီး၏ ရှေ့တွင် ဆက်တိုက် ပေါ်နေကာ သူမ ရှေ့ဆက်မည်ကို ဟန့်တားဖို့ မန္တာန်များ အသုံးပြုနေ၏။ သို့ပေမည့် ထိုသို့ အကြိမ်များစွာ ပြုလုပ်ပြီးနောက် ယင်းအမျိုးသမီးက သူ့ကို လစ်လျူရှုကာ မြေကမ္ဘာမီးကြော အတွင်းနက်ပိုင်းထံသာ ဦးတည်လေတော့သည်။

လျှပ်တပြတ်အတွင်း နာရီများစွာ ကုန်လွန်လာ၏။ ထိုအမျိုးသမီးက ပိုနီးသထက် နီးလာသည်။

မြေကမ္ဘာမီးစိတ်ဝိညာဉ်သည် အားနည်းနေခဲ့လေပြီ။ ၎င်း၏ဟိန်းအော်သံမှာ ဖြည်းဖြည်းချင်း အားပျော့လာသလို ၎င်း၏ခန္ဓာကိုယ်မှာလည်း တည်ငြိမ်ဟန် ပေါ်လာသည်။

သို့ပေမည့် ဤသည်မှာ ပြင်ပအသွင်သာ။ ၎င်း၏မျက်လုံးထံမှ တလျှံလျှံတောက်ပသောအလင်းကို ထုတ်ဖော်လာ၏။ ၎င်းသည် ရုတ်တရက် ပြင်းပြင်းထန်ထန် ဟိန်းမြည်သံကို ထုတ်လွှတ်လာပြီးနောက် ၎င်း၏ ငြိမ်သက်သွားသော ခန္ဓာကိုယ်သည် တဖန် စတင်၍ လှုပ်ရှားလာ၏။

ထိုဟိန်းအော်သံနှင့်အတူ ဧရာမမြေကမ္ဘာမီး၊နဂါးစိတ်ဝိညာဉ်သည် မီးပင်လယ်တစ်ခုဖြင့် ဝန်းရံခံထားကာ မြန်မြန်ဆန်ဆန် စတင်ကြုံ့လာသည်။

၎င်း၏အရွယ်အစားမှာ ပေတစ်သိန်းကနေ ပေတစ်သောင်း၊ တစ်ထောင်၊ တစ်ရာထိ ကြုံ့လာသည်။

၎င်း၏ခန္ဓာကိုယ် ကြုံ့နေသည့် ဖိအားကြောင့် နဂါးစိတ်ဝိညာဉ်သည် ၎င်း၏အသန်မာဆုံးဖိအားကို ပေါက်ကွဲထွက်လာစေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ပေတစ်ရာကနေ ပေငါးဆယ်၊ ပေသုံးဆယ်၊ ပေတစ်ဆယ်ထိ ကြုံ့သွားသည်။

သည်ရူးသွပ်ဖွယ် သိပ်သည်းမှုက ၎င်း၏စိတ်ဆန္ဒကိုပါ ဖိသိပ်သွားလေ၏။ အဆုံးသပ်၌ ၎င်းသည် လက်သီးဆုပ်ခန့်မီးလုံးအထိ ကြုံ့သွားလေသည်။

သည်အခိုက်၌ ကြုံ့နေသော နဂါးကြောင့် ဖြစ်ပေါ်လာသော လက်သီးဆုပ်ခန့် မီးလုံးသည် ဝမ်လင်း၏အနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်၏ နှဖူးထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။

ထိုမီးလုံးသည် ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာ နှဖူးကို ထိမိသည့်အခါ၌ ကျယ်လောင်စွာ ပေါက်ကွဲကာ ထိုခန္ဓာထဲ ဝင်ရောက်သည်။

ထိုမီးလုံးက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာထဲသို့ ဝင်ရောက်လာသည့်အခိုက်တွင် သူ့နတ်ဘုရားအာရုံမှာ စတင် တုန်ယင်လာသည်။ သူသည် သေမျိုးတစ်ယောက်အဖြစ်သို့ ပြန်ရောက်ကာ လှိုင်းလေထန်သော ပင်လယ်ထဲ၌ လှေငယ်တစင်းဖြင့် ရုန်းကန်ရသည့်အလား။

အလွန်အားကောင်းလှသော စိတ်ဆန္ဒက ဆင်းသက်လာကာ ဝမ်လင်း၏နတ်ဘုရားအာရုံကို အနှစ်သာရအစစ်အမှန်ခန္ဓာကနေ ပယ်ဖျက်ပစ်ဖို့ တာဆူလာသည်။ သည်စိတ်ဆန္ဒမှာ မြေကမ္ဘာပင်မမီးကြော၊ နဂါး၏စိတ်ဆန္ဒပင်။ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်ကို လက်လွှတ်ကာ ရုန်းကန်ပြီး ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာထဲ ဝင်ရောက်လာခြင်းပင်။ ၎င်းစိတ်ဆန္ဒသည် ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကို သိမ်းပိုက်ဖို့ ကြိုးစားလာသည်။

ထိုစိတ်ဆန္ဒသည် အလွန်တရာ အားကောင်းလှသည်။ ၎င်းသည် ဧရာမလက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ နတ်ဘုရားအာရုံကို ခြေမွပစ်ဖို့ လုပ်လာသည်။ ထိုစိတ်ဆန္ဒသည် ရုန်းကန်မှု၊ အညံ့မခံမှု သဘာဝတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းထံမှ ထွက်ပေါ်နေသော ဟိန်းအော်သံများက မိုးကောင်းကင်ကို စိန်ခေါ်အံ့တု နေသည့်နှယ်။

ဝမ်လင်းသည် အလင်းတန်းတစ်ခုကို ခပ်ဝါးဝါး မြင်တွေ့ကာ အပူဓာတ်ကို ခံစားမိလေ၏။ သည်အလင်းနှင့်အပူ ပေါင်းစပ်ခြင်းက လောက၏မီးကို ဖြစ်ပေါ်စေသည်။

ထိုမီးစိတ်ဆန္ဒက ၎င်းကိုယ်တိုင် အပါအဝင် အရာအားလုံးကို လောင်ကျွမ်းပစ်ချင်နေသည်။ ၎င်းသည် အညံ့မခံနိုင်၊ ကောင်းကင်ကို ဖိဆန်ကာ လောကကို လောင်ကျွမ်းပစ်မည့် စိတ်ဆန္ဒနှင့်အတူ ရူးသွပ်မှု အရိပ်အမြွက် ရှိလာလေ၏။

၎င်းသည် ဝမ်လင်း၏နတ်ဘုရားအာရုံကို လောင်ကျွမ်းကာ အရာအားလုံးကို ပြာမှုန့်ဖြစ်စေဖို့ လုပ်ဆောင်လာတော့သည်။

“မီး။ ငါ့မီးအပေါ် နားလည်မှု ဇစ်မြစ်ဟာ ဟင်္သာငှက် မဟုတ်ဘူး။ ဒါပေမဲ့ ဖယောင်းတိုင်တစ်တိုင်ရဲ့ နှလုံးသားဟာ လေအဝေ့မှာ လှုပ်ခတ်ရမ်းနိုင်ပေမဲ့ လင်းလက်နေဆဲသာ…”

“လေပြင်းက တဝီဝီတိုက်ခတ်ပြီး ဖယောင်းတိုင်ကို ငြှိမ်းသေစေလိုပေမဲ့ ဒီလေပြင်း တိုက်ခတ်တိုင်းမှာ ဖယောင်းတိုင်ဟာ ခုခံပြီး အပြင်းအထန် လှုပ်ခါရမ်းတယ်။ ဒါဟာ မသေချင်တဲ့ စိတ်ဆန္ဒပဲ။ အခိုးအငွေ့အဖြစ် မပြောင်းလဲလိုတဲ့ စိတ်ဆန္ဒပဲ…”

“ငါ ဝမ်လင်း နားလည်သဘောပေါက်ခဲ့တဲ့ မီးအနှစ်သာရဟာ ဒီလိုစိတ်ဆန္ဒပဲ။ ဖယောင်းတိုင်မီးရဲ့ စိတ်ဆန္ဒပဲ။ ငါ့တာအိုဆန္ဒပဲ။ ဒါဟာ ငါ့ တဘဝလုံး ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ရုန်းကန်ခဲ့တဲ့ စိတ်ဆန္ဒပဲ…”

“မင်းက ငါ့စိတ်ဆန္ဒကို ဖယ်ရှားဝံ့တယ်လား။ မင်းက ငါ့ဒီစိတ်ဆန္ဒကို ဖယ်ရှားဝံ့တာလား…”

ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာသည် ၎င်း၏မျက်လုံးကို ဖွင့်လာ၏။ ယင်းမျက်လုံးတို့တွင် မီးဖြင့် ပြည့်လျှံသည်။ မာန်သွင်းကာ သူ့အစစ်အမှန်အနှစ်သာရခန္ဓာထဲရှိ သူ၏နတ်ဘုရားအာရုံသည် မီးနဂါး၏မီးစိတ်ဆန္ဒကို ဆန့်ကျင်ကာ ရုန်းကန်သည်။ ၎င်းသည် နာခံဖို့ ငြင်းဆန်လေ၏။

ဖယောင်းတိုင်မီးကဲ့သို့။ ဖယောင်းတိုင်တစ်တိုင်၏ မီးအလား။

Comment

Leave a Reply

Options

not work with dark mode
Reset