Switch Mode

အပိုင်း(၁၈၇၆)

လူငယ်အရွယ်အမျိုးသမီး၏ လမ်းချော်မှု

ဝမ်လင်းသည် တောင်ထိပ်ပေါ်ရှိ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးက သူ့ကို အနှေးနှင့်အမြန် သတိပြုမိမည့်အပေါ် ကြိုပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုအမျိုးသမီး လှုပ်ရှားလာသည့်အခိုက်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ် တစိတ်အပိုင်းသည် သူ့ခန္ဓာကိုယ်မှ ထွက်၍ မီးအားကို အသုံးချကာ သူ့ခန္ဓာကိုယ်ကို သူ၏ အနှစ်သာရအစစ်အမှန်ခန္ဓာထံသို့ ဆွဲငင်ယူလိုက်ခြင်းပင်။

လမ်းတလျှောက်တွင် မီးများက သူ့ကို ဝန်းရံထား၏။ သို့သော် သူသည် မည်သည့်အပူဓာတ်ကိုမျှ မခံစားရပေ။ ဤသည်မှာ ရှေ့တည့်တည့်တွင် သူ့မီးအနှစ်သာရအစစ်အမှန်ခန္ဓာ ရှိနေခြင်းနှင့် မီးစိတ်ဆန္ဒ တော်တော်များများကို စုပ်ယူထားခြင်းကြောင့်ပင်။ မဟုတ်ပါက ဝမ်လင်း၏ခန္ဓာကိုယ်သည် သူ့မီးအနှစ်သာရခန္ဓာ ထွက်သွားပြီးနောက် ဒီအပူဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့်လည်း သူ့ခန္ဓာကိုယ်က ထိုအမျိုးသမီး ရောက်မလာခင် တင်ကြို၍ မြေအောက်အတွင်းသို့ မဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

ထိုအမျိုးသမီး၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေ၏။ သူမက တစုံတစ်ယောက်သည် မြေကမ္ဘာမီးကြောကို အရူးအမူ စုပ်ယူနေသည်ဟု ရှင်းလင်းစွာ ခံစားမိသည်။ ဤသည်က သူမစိတ်ထဲ၌ သတ်ဖြတ်လိုစိတ်ကို ပေါ်ထွက်လာစေသည်။

“နင်က ငါ့ရှေ့မှာ ဒီလိုလုပ်ဝံ့တယ်လား။ နင် သေချင်နေတာပဲ…” ထိုအမျိုးသမီးသည် လှိုဏ်ဂူ၏ ပေသုံးရာခုနစ်ဆယ်အမှတ်နေရာသို့ တိုက်ရိုက် ရောက်လာ၏။ ခြေတလှမ်းဖြင့်ပင် သူမက ဝမ်လင်းရှိနေသော မြေအောက်သို့ ရောက်လာသည်။

သူတို့နှစ်ယောက်က မြေအောက်ထဲ၌ မြန်ဆန်စွာ စုန့်ဆင်းသွားလာနေ၏။ မြေပြင်ထု တုန်ခါနေကာ အနီရောင်တောင်သည် ပျက်စီးလေတော့မည့်အလား။ တပည့်များအားလုံး တစ်ယောက်ပြီး တစ်ယောက် ပျံသန်းလာကြကာ တုန်ခါနေသော အနီရောင်တောင်ထံသို့ ကြည့်ကြ၏။

ဖန်ရှန်လုမှာ သူတို့ကြား၌ ရှိနေ၏။ သူမက ဤကိစ္စသည် ဝမ်လင်းနှင့် ပတ်သတ်နေသည်ကို သိ၏။ သူမက စိတ်ထဲကနေ ခါးသီးစွာ ပြုံးမိသည်။ သူမသည် ဝမ်လင်း သွားရောက်သော မည်သည့်နေရာတွင်မဆို တုန်လှုပ်ဖွယ်ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်စေတတ်သည်ဟု တွေးမိသည်။

ဖန်ရှန်မင်လည်း လူအုပ်ကြား၌ ရှိနေ၏။ သူမက အနီရောင်တောင်သို့ ကြည့်ကာ သူမ၏မျက်လုံးမှာ တလက်လက် ဖြစ်၏။ တအောင့်အကြာတွင် သူမက ရုတ်တရက် သူမ၏ညီမဖြစ်သူ၊ဖန်ရှန်လုထံသို့ ရုတ်တရက် လှမ်းကြည့်သည်။

“ညီမလေး…နင်က အပြင်လူကို ကျောက်အခန်းထဲ ခေါ်လာခဲ့တာပဲ…”

ဖန်ရှန်မင်၏အသံက ဖန်ရှန်လု၏စိတ်ထဲ၌ ပဲ့တင်ထပ်သည်။

“နင်က ငါ့အမဆိုပေမဲ့ စကားကို လက်လွတ်စပယ် မပြောနဲ့။ ငါ လှိုဏ်ဂူလောကမှာ နှစ်ပေါင်းများစွာ နင် အသုံးချတာ ခံခဲ့ရတယ်။ အခု နင်က ငါ့ ဂုဏ်သိက္ခာကိုပါ ထိပါးဖို့ ကြိုးစားနေပြန်ပြီလား။ နင် အသိစိတ်ကော ရှိသေးရဲ့လား…” ဖန်ရှန်လုက သူမ၏အမဖြစ်သူထံ လှည့်၍ စိုက်ကြည့်လာသည်။ သူမ၏မျက်လုံးတို့မှာ အေးစက်နေ၏။

ဖန်ရှန်မင်သည် ငြိမ်သက်စွာ စဉ်းစားသွားပြီး စကားဆက်မဆိုတော့ပေ။

အနီရောင်တောင်သည် တုန်ခါနေ၏။ မဟာစိတ်ဝိညာဉ်ကလန်မှ အစွမ်းထက်ကျင့်ကြံသူများ၏ အော်ရာများ ပျံ့လွင့်လာကုန်သည်။ ကြောက်မက်ဖွယ် နတ်ဘုရားအာရုံများက သည်အနီရောင်တောင်ကို ဝန်းရံလာ၏။

ထိုတောင်သည် မဟာစိတ်ဝိညာဉ်ကလန်၏ တောင်ထွတ်တစ်ခုမျှသာ ဖြစ်ပြီး မဟာစိတ်ဝိညာဉ်ကလန်၌ စုစုပေါင်း တောင်ထွတ်(၄၉)ခု ရှိပေသည်။ တောင်ထွတ်တိုင်း၌ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ မရှိကြသော်လည်း ဤသည်ကပင် မဟာစိတ်ဝိညာဉ်ကလန်၏ မည်မျှအစွမ်းထက်ပုံကို ပြသနေသည်။

မြေကမ္ဘာမီးကြော၏ အတွင်းနက်ပိုင်း၌ မီးများဖြင့် ဝန်းရံထားသော ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပိုနက်သော နေရာသို့ သွားနေ၏။ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးကလည်း သူ့နောက်သို့ လိုက်လံနေသည်။

သို့ပေမည့် သည်မြေကမ္ဘာမီးကြော၌ ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်၏ စိတ်ဆန္ဒပါဝင်သည်။ ထို့ကြောင့် သူ့အတွက် ရေထဲကငါး ကဲ့သို့ ဖြစ်နေကာ မြန်သထက်မြန်မြန် သွားလာနိုင်နေ၏။ လူငယ်အရွယ်အမျိုးသမီးအတွက်ကမူ ထိုစိတ်ဆန္ဒ၏ အဟန့်အတားကို ခံရသည့်အတွက် သူမ၏စွမ်းအားအပြည့်အဝကို အသုံးပြုနိုင်ဖို့ ခက်နေသည်။

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ နီးနီးမလာခဲ့ပေ။

မြေကမ္ဘာမီးကြော၏ အတွင်းနက်ဆုံးပိုင်း၊ နဂါးဦးခေါင်းအတွင်း၌ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်မှာ ထိုင်နေလျက် ထိုနဂါးစိတ်ဝိညာဉ်၏ စိတ်ဆန္ဒကို အရူးအမူး စုပ်ယူနေသည်။

အချိန်သည် ရွှေဖြစ်၏။ အန္တရာယ်က နေရာတိုင်း၌ ရှိနေသည်။ ဝမ်လင်းထံ၌ တခြားအရာများကို တွေးနေဖို့ အချိန်မရပေ။ သူ့စိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ သည်မီးဆန္ဒကို ဝါးမြိုရန်သာ။

သူ ဝါးမြိုနေရင်း မြေကမ္ဘာမီးကြော၏ ပင်မနဂါးစိတ်ဝိညာဉ်သည် နာကျင်စွာ ဟိန်းအော်သံ ပြုသည်။ ဝမ်လင်း၏အနှစ်သာရခန္ဓာလည်တိုင်မှာ လူသားတစ်ယောက်ကဲ့သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီး ဟင်္သာငှက်နှင့် ဆက်လက် မတူတော့ပေ။ ထိုပြောင်းလဲမှုက ဆက်တိုက် ဖြစ်နေကာ သူ့ပါးစပ်သို့ ရောက်လာခဲ့ပြီး သူ၏ နှုတ်ခမ်းဖွဲ့စည်းလာသည်။

ဝမ်လင်း၏အနှစ်သာရခန္ဓာမှာ အလျင်လိုနေဟန် ပေါ်၏။ “မြန်မြန်…နောက်ထပ် ဝါးမြိုလိုက်စမ်း…”

ဝမ်လင်းက စိတ်ထဲကနေ မာန်သွင်း၏။ နဂါးစိတ်ဝိညာဉ်က မာန်သွင်းလိုက်ပြီး ၎င်း၏ခန္ဓာသည် ဆက်လက်ကြုံ့လာသည်။ ဝါးမြိုခံရခြင်းက ၎င်းကို အသက်ဘေးအန္တရာယ်အာရုံကို ခံစားမိစေ၏။

၎င်း၏ခန္ဓာကိုယ် တွန့်လိမ်လာနေရင်း တုန်ခါလှိုင်းများ အဘက်ဘက်သို့ ပျံ့နှံ့သည်။ ထိုအဖြစ်က မဟာစိတ်ဝိညာဉ်ကလန်တစ်ခုလုံးကို တုန်ယင်သွားစေ၏။ အထူးသဖြင့် အနီရောင်တောင်ပင်။ သည်တောင်ထိပ်မှာ တစစီ ဖြစ်သွား၏။

ထိုပြောင်းလဲမှုက မဟာစိတ်ဝိညာဉ်ကလန်၏ အာရုံကို စွဲဆောင်သွား၏။ တောင်ရှိ တပည့်အားလုံးက နောက်သို့ ဆုတ်သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ…”

“ပင်မမြေကမ္ဘာမီးကြောဆီ တစုံတစ်ယောက်က သွားနေတာလား…”

အော်သံဟစ်သံများ ပဲ့တင်ထပ်ကုန်၏။ မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များလည်း ပိုပို ရောက်လာသည်။

မြေအောက်ရှိ လူငယ်အရွယ်အမျိုးသမီးက အပေါ်ရှိ ပြောင်းလဲမှုကို သိသာစွာ ခံစားမိ၏။ သူမက သုန်မှုန်နေသည်။ သူမ၏လှပသော မျက်နှာထက်၌ ချွေးစက်များ ရှိနေ၏။ သူမက ထွက်ပြေးနေသော ဝမ်လင်းထံ လှမ်းကြည့်ကာ သူမ၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအခါ သူမ၏လက်ထဲတွင် နီညိုရောင်ကြေးမုံတချပ် ပေါ်လာသည်။

“ရှေးကြေးမုံတာအိုပုံစံကွက်။ ကောင်းကင်နဲ့မြေကြီးရဲ့ အရိပ်အဖြစ် ပြောင်းလဲစေ၊ ဒီလူ့ကို သတ်…” ထိုအမျိုးသမီးက သူမ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကြေးမုံက တောက်ပလာ၏။ ၎င်းကြေးမုံထံမှ အနက်ရောင်အခိုးငွေ့ မြောက်များစွာ ထွက်ပေါ်လာပြီး တစ္ဆေမျက်နှာတစ်ခု ဖြစ်ပေါ်သည်။

မာန်သွင်းသံနှင့်အတူ ထိုတစ္ဆေမျက်နှာက အရှိန်နှုန်းအပြည့်ဖြင့် ရှေ့သို့ ဦးတည်လေ၏။

ဖြတ်ခနဲအတွင်း ၎င်းက ဝမ်လင်းနှင့် အကွာအဝေးတဝက်ကျော်နီးပါး ပိုနီးကပ်လာသည်။ ၎င်းသည် နီးကပ်လာနေဆဲပင်။ ဖြတ်ခနဲအတွင်း ၎င်းမျက်နှာသည် ဝမ်လင်းနှင့် ပေသုံးရာအကွာပင် မလိုတော့ပေ။

ဝမ်လင်း၏စိတ်မှာ နှစ်ပိုင်းခွဲထား၏။ တစ်ပိုင်းက မီးစိတ်ဆန္ဒကို ဝါးမြိုရန် သူ့အနှစ်သာရအစစ်အမှန်ခန္ဓာထဲ၌ ဖြစ်ပြီး တခြားတပိုင်းက ထိုအမျိုးသမီးထံမှ ထွက်ပြေးနေသော သူ့ခန္ဓာကိုယ်ထဲတွင်ပင်။ တစ္ဆေမျက်နှာက သူနှင့် ပေသုံးရာ အကွာလောက်သို့ ရောက်လာသည့်အခါတွင် ဝမ်လင်းက လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ခနဲ လှစ်ဟပေါ်သည်။

“မဟာစိတ်ဝိညာဉ်ကလန်ရဲ့ တစ္ဆေမျက်နှာမန္တာန်…”  ဝမ်လင်းသည် သူ့ညာခြေကို လှမ်း၏။ လှိုင်းဂယက်များ ပဲ့တင်ထပ်ကာ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်သွားခိုက်၌ တစ္ဆေမျက်နှာသည် အလျင်စလို လှမ်းလာကာ ဝမ်လင်း ရှိနေသော နေရာထံ ဝါးမြိုလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ မြေအောက်တွင်းနက်ပိုင်း၌ ပဲ့တင်ထပ်နေသည်။ လူငယ်အမျိုးသမီး ရောကလာသည့်အခါ သူမက နေရာတွင် ရပ်လိုက်ချိန်၌ မျက်မှောင်မကြုတ်မိဘဲ မနေနိုင် ဖြစ်မိသွားသည်။

“ဒါက…”  စဉ်းစားနေရင်း သူမသည် အပေါ်သို့ မော့ကြည့်ကာ ဝမ်လင်းသည် မြေကြီးအတွင်းနက်ပိုင်း၌ ထပ်မံ ပေါ်လာသည်ဟု ခံစားမိလိုက်၏။

“သူက ပင်မမြေကမ္ဘာမီးကြောတွင်းမှာ တည်နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိတယ်။ ငါ သူ့ကို လျှော့တွက်လို့ မဖြစ်ဘူး…” ထိုအမျိုးသမီးသည် ဒီပင်မမီးကြောဆန္ဒအောက်၌ တည်နေရာရွှေ့ပြောင်းရန် ကြိုးစားကြည့်သေး၏။ သို့သော် သူမ မလုပ်နိုင်ပေ။ သူမသည် ဝမ်လင်း လုပ်နိုင်သည့်အပေါ် အံ့အားသင့်သွားသော်လည်း အရေးကြီးလှသည်ဟုတော့ မယူဆပေ။

“သူ အစောပိုင်းက တည်နေရာ မရွှေ့ပြောင်းခဲ့ဘူး။ ဒါ့ကြောင့် ဒီနေရာမှာ တည်နေရာရွှေ့ပြောင်းတာဟာ သူ့အတွက် တန်ကြေးများများ ပေးရမယ်လို့ ဆိုလိုရာ ရောက်တယ်။ သူ အကြိမ်ဘယ်လောက်များ တည်နေရာရွှေ့ပြောင်းနိုင်မလဲ ငါ မြင်ချင်သေးတယ်…”

ထိုအမျိုးသမီးသည် အေးစက်စက်နှာခေါင်းရှုံ့ကာ သူမ၏ကျောက်စိမ်းကဲ့သို့ လက်ကို ဝေ့ယမ်းလိုက်သည်။ တစ္ဆေမျက်နှာသည် ထပ်မံ ပေါ်လာကာ သူမကို မြေအောက်အတွင်းနက်ပိုင်းသို့ ခေါ်ဆောင်၍ ဝမ်လင်းနောက်သို့ လိုက်လံတော့သည်။

ဝမ်လင်း၏ ရုပ်ပိုင်းခန္ဓာသည် ဆက်လက်၍ အောက်ဘက်သို့ စုန့်ဆင်းနေ၏။ တစ္ဆေမျက်နှာနှင့် ထိုအမျိုးသမီးတို့ မှီလာတော့မည့် အခါတိုင်း သူက တည်နေရာရွှေ့ပြောင်းနေသည်။ သို့ပေမည့် သူသည် သူ့အနှစ်သာရအစစ်အမှန်ခန္ဓာထံသို့ တိုက်ရိုက် မသွားဘဲ အကြိမ်တိုင်း၌ အနည်းငယ် သွေဖယ်ကာ ရွှေ့ပြောင်းသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ထိုအမျိုးသမီးကို ဦးတည်ရာ လွှဲသည့်အတွက် သူ့အနှစ်သာရခန္ဓာကမူ လုံခြုံမည် ဖြစ်၏။ ထို့ကြောင့် မည်သူကမျှ သူ့ကို မနှောက်ယှက်နိုင်တော့ပေ။ အနှစ်သာရခန္ဓာ၏ ဝါးမြိုခြင်းက ပို၍ မြန်လာသည်။

ဝမ်လင်း၏အနှစ်သာရခန္ဓာသည် တဖြည်းဖြည်း ၎င်း၏နှာခေါင်းကို ဖွဲ့စည်းလာသည်။

ပင်မမီးကြောက အရူးအမူး ရုန်းကန်နေ၏။ သို့သော် ၎င်းက ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာ၏ စုပ်ယူခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။ ဤသည်က ကျင့်ကြံခြင်းအဆင့်နှင့် မဆိုင်၊ မီးအမျိုးအစားနှစ်ခုကြား ဝါးမြိုခြင်းသာ။

ပင်မမီးကြောက ဝမ်လင်း၏ ပြိုင်ဘက် မဖြစ်နိုင်တာ သိသာပေ၏။

မကြာမီတွင် ဝမ်လင်း၏အနှစ်သာရ အစစ်အမှန်ခန္ဓာသည် ဟင်္သာငှက်မျက်လုံးကနေ လူသားမျက်လုံးအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းလာ၏။ ထိုမျက်လုံးတို့မှာ တည်ငြိမ်လှသည်။ သို့သော် ထိုတည်ငြိမ်သော မျက်လုံးတစုံအောက်၌ လောင်ကျွမ်းနေသော မီးနှစ်ခုကို မြင်ရနိုင်သည်။

မြေကမ္ဘာမီးကြော၏ စိတ်ဝိညာဉ်က ရုန်းကန်တိုင်း ပြင်းပြင်းထန်ထန် တုန်ခါလှိုင်းများကို ထုတ်လွှတ်၏။ မြေကြီးထုသည် တုန်ခါကာ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။

ဝမ်လင်း၏အနှစ်သာရခန္ဓာသည် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ ဟိန်းမြည်သံနှင့်အတူ သူ့နှဖူးသည် ဟင်္သာငှက်ကနေ စစ်မှန်သောလူသားအရေပြားအဖြစ်သို့ ပြောင်းလဲသည်။

သူ့နှခေါင်း၊ မျက်လုံးနှင့် နှဖူးတို့ ဖွဲ့စည်းပြီးခိုက်၌ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာထံမှ ကောင်းကင်တုန်လှုပ်ဖွယ် စိတ်ဆန္ဒတစ်ခု ပေါ်လာသည်။ ၎င်းသည် ခုမှ မွေးဖွားပေါ်လာခါစ ဖြစ်၏။ သို့သော် ၎င်းသည် ပင်မမီးကြော၏စိတ်ဝိညာဉ်ကို ဝါးမြိုနေရင်း မြန်မြန်ဆန်ဆန် ကြီးထွားလာနေသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် ခေါင်းအစခြေအဆုံး လုံးဝ ပုံစံအသွင် ဖွဲ့စည်းပြီးခဲ့သည်ကို မြင်နိုင်မည်။ သူ့ဦးခေါင်းထိပ်နှင့် ဆံပင်တို့သည်သာ ဟင်္သာငှက်တစ်ကောင်၏ အသွင်ပုံစံ ရှိနေတုန်း ဖြစ်၏။ ထိုဆံပင်က ဟင်္သာငှက်၏ရှည်လျားသော အမွှေးအတောင်ဖြစ်မှန်း သိသာနေသည်။

“ဒီဆံချည်မျှင် ပြောင်းလဲပြီးသွားရင် ငါ့အနှစ်သာရအစစ်အမှန်ခန္ဓာဟာ ပြီးပြည့်စုံစွာ ဖွဲ့စည်းပြီး ဖြစ်လိမ့်မယ်…”

ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သို့ပေမည့် သည်အခိုက်၌ မြေကမ္ဘာမီးကြော၏ ရုန်းကန်မှုကြောင့် ပြင်းထန်သောတုန်ခါခြင်းကို ဖြစ်စေကာ ဝမ်လင်းနောက်သို့ လိုက်နေသော အမျိုးသမီးသည် ရပ်တန့်ကာ တစ္ဆေမျက်နှာထံမှ လှမ်းထွက်လာ၏။ သူမ၏အမူအရာသည် အကြိမ်များစွာ ပြောင်းလဲနေပြီးနောက် သူမက အံတင်းတင်းကြိတ်၏။

“ငါ အတွက်လွဲသွားပြီ။ ဒီလူရဲ့ ကိုယ်ပွားဟာ ဒီထက်ပိုနက်တဲ့ အတွင်းပိုင်းမှာ ရှိနေတာ။ သူဟာ သူ့မူလခန္ဓာကိုယ်ကို အသုံးပြုပြီး ငါ့ကို အာရုံစွဲဆောင်ထားတာပဲ။ ငါ သူ့နောက် လိုက်လံနေတဲ့အချိန်မှာ ငါဟာ သူ့ကိုယ်ပွားကို လုံးဝ လစ်လျူရှုထားခဲ့မိတယ်…”

“ပင်မမီးကြောရဲ့ တုန်ခါမှုဟာ ငါ သူ့နောက်ကို လိုက်လံနေတဲ့အခါမှာ ရပ်တန့်သင့်တယ်။ ဒါပေမဲ့ ဒါက ပိုပို ပြင်းထန်လာနေတယ်…”

“သေစမ်း…” ထိုအမျိုးသမီးက အခုလို တွေးမိသွား၏။ သူမ၏ သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာတော့သည်။ သူမသည် ဝမ်လင်း၏မူလခန္ဓာကိုယ်နောက်သို့ လိုက်လံနေခြင်းကို လက်လျှော့ကာ ပိုအတွင်းနက်ပိုင်းရှိ ဝမ်လင်း၏အနှစ်သာရအစစ်အမှန် ခန္ဓာ ရှိနေသောနေရာထံသို့ ဦးတည်လေတော့သည်။

ထိုအမျိုးသမီး လိုက်လံခြင်းကို ရပ်တန့်ကာ ဦးတည်ချက် ပြောင်းသွားသည်ကို ဝမ်လင်းက ချက်ခြင်း သတိပြုမိ၏။ သူသည် တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူ သူ့မူလခန္ဓာကိုယ်ကို ကျောက်အခန်းထဲ၌ ထားရစ်ခဲ့ခြင်းမှာ သူ့မူလခန္ဓာကိုယ်သည် သူ့အနှစ်သာရခန္ဓာက မီးစိတ်ဆန္ဒကို လုံလောက်အောင် မဝါးမြိုရသေးခင် အပူဒဏ်ကို မခံနိုင်မှာ ဆိုးသည့်အချက်အပြင် သူ့နောက် လိုက်လံမည့်သူများကိုလည်း လမ်းလွှဲနိုင်အောင် ဖြစ်ပေသည်။

ခုချိန်၌ သူသည် အောင်အောင်မြင်မြင် အချိန်ဆွဲနိုင်ခဲ့လေပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset