Switch Mode

အပိုင်း(၁၈၇၄)

မွေးရပ်မြေမှ တစုံတစ်ယောက်နှင့် တွေ့ဆုံခြင်း

ထိုအမျိုးသားတပည့်က အလန့်တကြား ဖြစ်သွားဟန် ပေါက်ကာ မြန်မြန်ဆန်ဆန် တုန့်ပြန်လိုက်သည်။ သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းကာ အနီရောင်တောင်ထံသို့ ဦးတည်ပျံသန်းသည်။

ဝမ်လင်းသည် ထိုခန္ဓာကိုယ်ကနေ ထွက်ခွာမည့်ဟန် ပြင်လိုက်ပြီးမှ တစုံတစ်ခုကို တွေးမိသွားသည်။ သူသည် ခုလက်ရှိ အနေထားအတိုင်း ဆက်နေပြီး သူတို့နှင့်အတူ သွားရောက်လေ၏။

“ငါတို့ မြန်မြန်သွားရမယ်။ ငါတို့ ဘိုးဘေးယန်လုရှိ သွားပြီးရင် တခြားပင်မတောင်ထွတ်တွေဆီလည်း သွားဖို့ လိုသေးတယ်။ နှောင့်နှေးလို့ မဖြစ်ဘူး။ စုန့်ယင်…ငါတို့ နင့်ကို ရှေ့မှာ စောင့်နေမယ်။ နင် ပို့ပေးပြီးရင် လိုက်လာခဲ့…”

ထိုအမျိုးသမီးဖြစ်သူ ပြော၍ ပြီးသည့်နောက် နောက်ထပ်အမျိုးသမီးက သဘောတူဟန် ခေါင်းညိတ်ပြသည်။

သူတို့သုံးယောက်က လူခွဲလိုက်ကြ၏။ စုန့်ယင်အမည်ရှိသော အမျိုးသမီးက အနီရောင်တောင်ထံသို့ ဦးတည်သွားလေ၏။ တခြားအမျိုးသမီးနှင့် ဝမ်လင်း ဝင်ရောက်နေသော အမျိုးသားတို့က နောက်ထပ်ဦးတည်ရာသို့ သွားကြသည်။ သူတို့က အနီရောင်တောင်ကို ကျော်ကာ အကွာအဝေးတစ်ခုထံသို့ ဆက်သွားကြမည် ဖြစ်သည်။

ဝမ်လင်းသည် ချက်ခြင်းပင် အခိုးအငွေ့အဖြစ် အမျိုးသားတပည့်၏ခန္ဓာကိုယ်ထံမှ ထွက်ခွာလာသည်။ သူက အမျိုးသမီးစုန့်ယင်ကို ဝန်းရံကာ သူမနှင့်အတူ အနီရောင်တောင်ထံသို့ ပျံသန်းလိုက်လာ၏။

အမျိုးသမီးစုန့်ယင်သည် အသက်မကြီးသေးဘဲ အတော်လေးလှ၏။ သူမ၏ခန္ဓာကိုယ်ထံမှ အပျိုစင်ရနံ့ကို ပေးစွမ်းနေသည်။ သူမက အနီရောင်အလင်းတန်းအဖြစ် ပြောင်းကာ တောင်ထိပ်ထံသို့ ပျံသန်းလာ၏။

သူမသည် တောင်အပြင်ဘက်ရှိ လေထဲတွင် ရပ်တန့်လိုက်ချေ၏။ တောင်ကို ကာကွယ်ပေးထား‌သော အလင်းလိုက်ကာစတစ်ခု ရှိနေသည်။ သူမက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ထိုအလင်းလိုက်ကာစအပေါ် ၎င်းကို ဖိချ၍ ဖြတ်သန်းရန် လုပ်ဆောင်သည်။ ထိုအခိုက်၌ ဝမ်လင်းက သူ့နတ်ဘုရားအာရုံ အစိတ်အပိုင်းတစ်ခုကို ပိုင်းထုတ်ကာ ယင်းအနီရောင်ကျောက်စိမ်းပြားထံ ပို့လွှတ်လိုက်ပြီး သူ့စွမ်းအားအပြည့်အဝဖြင့် ၎င်းကို လေ့လာသည်။

ကျောက်စိမ်းပြားထံမှ ခပ်ဖျော့ဖျော့အက်သံတသံ ထွက်ပေါ်လာ၏။ ထိုကျောက်စိမ်းပြားက အလင်းလိုက်ကာစကို ဖိချလိုက်သည့်အခါ၌ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းသည်။

အလင်းလိုက်ကာစ တုန်ခါကာ လှိုင်းများ ထသွားသည်။ အမျိုးသမီးစုန့်ယင်က ကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းပြီးနောက် အလင်းလိုက်ကာစထဲ ခြေလှမ်းသည်။ သည်အခိုက်တွင် သူမ၏ဝတ်ရုံထဲ၌ ဝမ်လင်းကနေအသွင်ပြောင်းထားသော အခိုးအငွေ့က တွန့်ခေါက်ပုံပျက်၏။ သူက သူ့အတားအဆီးအနှစ်သာရကို အသုံးပြုကာ ဒီကျောက်စိမ်းပြားကို တုပ၍ သူမနှင့်အတူ တိတ်တဆိတ် လိုက်ပါဝင်လာသည်။

ဝမ်လင်း ဝင်ရောက်ရုံရှိသေး သူ့စိတ်ထဲ၌ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသည်။ သည်အတွင်း၌ မီးအနှစ်သာရမြောက်များစွာ ရှိနေ၏။

သို့ပင်ငြားလည်း လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်၏ အော်ရာလည်း အလားတူ ရှိနေပြန်သည်။ ဝမ်လင်းက ထိုအမျိုးသမီးစုန့်ယင်ထံမှ ချက်ခြင်း မထွက်ခွာသေးပေ။ သူက သူမနှင့်အတူ ခဏ ရှိနေ၏။

စုန့်ယင်က သည်နေရာရှိ အပူဓာတ်ကြောင့် မသက်မသာ ခံစားရသည့်ပုံ ပေါ်သည်။ သူမ ဝင်ရောက်လာသည်နှင့် ချွေးပြန်လာ၏။ သူမက စိတ်ဝိညာဉ်ကွဲထွက်ခြင်းသစ်သီးများကို ပို့ပေးဖို့ လှိုဏ်ဂူများထံ ပျံသန်းသည်။

ဝမ်လင်း စောင့်ကြည့်နေစဉ် သည်တောင်ပေါ်၌ စုစုပေါင်း လှိုဏ်ဂူ(၁၉)လုံး ရှိသည်ကို တွေ့ရသည်။ ထိပ်ဆုံးရှိ လှိုဏ်ဂူကလွဲ၍ သူမက တခြားလှိုဏ်ဂူများထံသို့ စိတ်ဝိညာဉ်ကွဲထွက်ခြင်းသစ်သီးတလုံးစီကို ပို့ဆောင်ပေးသည်။

သည်လှိုဏ်ဂူတိုင်း၌ အသက်ဓာတ်တို့ ပြည့်ဝနေပြီး အတွင်းတွင် မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တစ်ယောက်စီ ရှိလို့နေသည်။

မကြာမီတွင် စုန့်ယင်က နောက်ဆုံးလှိုဏ်ဂူ၏ အပြင်ဘက်သို့ ရောက်လာ၏။ ခုချိန်၌ သူမသည် အပူလှိုင်းကြောင့် ချွေးများရွှဲနစ်နေလေပြီ။

“စီနီယာအစ်မ…စိတ်ဝိညာဉ်ကွဲထွက်ခြင်းသစ်သီး လာပေးတာပါ…”  စုန့်ယင်၏အသံက အနည်းငယ် အားပျော့နေပုံ ပေါ်သည်။

“ချထားခဲ့လိုက်…”  လှိုဏ်ဂူထံမှ ညင်သာသောအသံတသံ ထွက်ပေါ်လာသည်။ ဝမ်လင်းက သည်အသံကို ကြားသည့်အခါ သူ့စိတ်မှာ တုန်ယင်မိသွားသည်။

“သူမပဲ…”

ဝမ်လင်းက စဉ်းစားနေ၏။ ချွေးများပြန်နေသော စုန့်ယင်က စိမ်းဖြူရောင်ရှိသော သစ်သီးကိုးလုံးကို ထုတ်ယူလိုက်၏။ ထိုစဉ် ဝမ်လင်းသည် စုန့်ယင်ထံမှ ထွက်ခွာကာ သစ်သီးတစ်လုံး၏ သစ်ရွက်ထံ၌ ငြိတွယ်ကပ်ပါလိုက်သည်။

စုန့်ယင်သည် လက်နှစ်ဖက်ကို ဆုပ်ကာ တလေးတစား ပြန်ထွက်ခွာသွား၏။ သူမသည် အလင်းလိုက်ကာစထံမှ ပျံသန်းထွက်ကာ ပျောက်ကွယ်သွားလေသည်။

တချိန်တည်းမှာ လှိုဏ်ဂူတံခါးက မဆိုသလောက် ပွင့်လာပြီး စုပ်အားတစ်ခု လှိုဏ်ဂူတွင်းမှ ထွက်ပေါ်ကာ သစ်သီးများကို ဆွဲသွင်းယူ၏။ ထို့နောက် လှိုဏ်ဂူတံခါး ပြန်ပိတ်သွားလေသည်။

လှိုဏ်ဂူအတွင်း၌ အလင်းဓာတ်တစ်ခု ရှိနေ၏။ လှိုဏ်ဂူအတွင်း ဆွဲသွင်းယူခဲ့သော ကောင်းကင်ဘုံသစ်သီးတို့က ကျောက်စားပွဲတစ်ခုပေါ်၌ ရှိနေလေသည်။

မလှမ်းမကမ်းတွင် ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမသည် အလွန်လှကာ သူမ၏ပုံပန်းသွင်ပြင်က မျိုးဆက်တဆက်၏ အလှတရားဟုပင် ဖော်ကြူးနိုင်သည်။

သူမက မျက်မှောင်ကြုတ်နေပြီး အနည်းငယ် စိတ်ဓာတ်ကျနေပုံ ပေါ်သည်။ သူမက ကျင့်ကြံမနေပေ။ ရှေ့တည့်တည့်သို့ ကြည့်နေ၏။ သူမ ဘာတွေးနေသည်ကိုမူ မသိရနိုင်ပေ။

ဝမ်လင်းသည် ထိုသစ်သီးပေါ်ရှိ သစ်ရွက်ပေါ်၌ ပုန်းကွယ်ကာ ထိုအမျိုးသမီးကို ကြည့်၍ စဉ်းစားနေသည်။

အချိန်အတန်ကြာပြီးနောက် ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးက သက်ပြင်းချကာ မျက်လုံးမှိတ်၍ ကျင့်ကြံဖို့ ကြိုးစားသည်။ သို့ပေမည့် ထိုအခိုက်တွင် တည်ငြိမ်သောအသံတသံသည် သူမ၏စိတ်ထဲတွင် ပေါ်လာသည်။

“ဖန်ရှန်လု…”

ထိုအသံ ထွက်ပေါ်လာသည်နှင့် ပန်းရောင်အမျိုးသမီးသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာ၏။ သူမ၏အင်္ကျီလက်အောက်ရှိ ညာလက်မှာ တုန်ယင်သွားသည်။ သူမသည် ချက်ခြင်းပင် သူမ၏ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။

သည်ဝေ့ယမ်းမှုက မြူထု တခု ပေါ်လာစေကာ သည်လှိုဏ်ဂူကို လုံးဝ ချိပ်ပိတ်သွားသည်။

“ဝမ်လင်း…နင် ဘယ်မှာလဲ…”  ဖန်ရှန်လုသည် အသက်ဝဝရှိုက်သွင်းကာ ဘေးပတ်လည်သို့ ကြည့်သည်။ သူမသည် တည်ငြိမ်ဟန် ပေါ်သော်လည်း သူမ၏ညာလက် တုန်ယင်နေမှုက သူမစိတ်နှလုံးထဲရှိ တုန်လှုပ်မှုကို လှစ်ဟပြနေသည်။

ဝမ်လင်းသည် ချက်ခြင်း ထွက်မလာပေ။ သူက ဖန်ရှန်လု ဖန်တီးလိုက်သော မြူအစုအဝေးကို ကြည့်လိုက်၏။ ထိုမြူသည် အလွန်ထူးခြားကာ ၎င်း၏လုပ်ဆောင်မှုသည် ဒီလှိုဏ်ဂူအတွင်းရှိ အော်ရာအားလုံးကို ချိပ်ပိတ်ပစ်ခြင်း ဖြစ်၍ အပြင်ဘက်ရှိ မည်သူကမျှ အတွင်းဘက်သို့ ထောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ ဖန်ရှန်လု၏ အလိုလို အပြုအမူ တစ်ခု ဖြစ်၏။ ဝမ်လင်းက အသေးစိတ် သေချာထပ်ကြည့်ပြီးနောက် သစ်ရွက်ထံမှ အခိုးအငွေ့အဖြစ် ထွက်ပေါ်လာကာ သူ၏ပုံပန်းအသွင်သည် ဖန်ရှန်လု ရှေ့တွင် ပေါ်လာလေသည်။

“မတွေ့ရတာ ကြာပြီ…” ဝမ်လင်းသည် ဖန်ရှန်လုကို ကြည့်ကာ ပြုံးလိုက်၏။

ဝမ်လင်းကို တွေ့မြင်သည့်အခါ ဖန်ရှန်လုသည် အချိန်အတန်ကြာ မင်သက်နေပြီးနောက်မှ ပြုံးယောင်သမ်းလာသည်။

“မတွေ့ရတာကြာခဲ့ပြီပဲ။ နင် ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒီမြူတွေဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပင်မတပည့်တွေ တံခါးပိတ်ကျင့်ကြံဖို့အတွက်ပဲ။ ဒီမြူပေါ်လာတာနဲ့ ဆရာ့ရဲ့ နတ်ဘုရားအာရုံတောင် ဖြတ်သန်းကြည့်ရှုလေ့ မရှိဘူး။ ဒါ့ကြောင့် ဒီနေရာဟာ လုံခြုံပါတယ်…”

ဖန်ရှန်လု၏ အပြုံးက ပျော်ရွှင်ဟန် ပေါက်နေ၏။ သူမသည် ဝမ်လင်းကို ဒီနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သို့ပေမည့် ဝမ်လင်းအပေါ် သူမ၏ ကျေးဇူးတင်စိတ်ကတော့ ရှိနေဆဲ ဖြစ်ကာ အချိန်ကုန်လွန်မှုကြောင့် လွင့်ပျောက်မသွားခဲ့ပေ။

လှိုဏ်ဂူလောကတွင် ဖြစ်ပျက်ခဲ့သမျှက သူမ၏ဘဝအစိတ်အပိုင်းတစ်ခုပင်။ ဝမ်လင်းကြောင့်သာ မဟုတ်ပါက သူမသည် အိမ်သို့ ပြန်လာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ဖန်ရှန်လုက ဝမ်လင်းအပေါ် လေးစားမှုလည်း ရှိပေ၏။

ဝမ်လင်းသည် ထိုင်ချလိုက်၏။ သူမ၏ ရှင်းပြချက်နှင့် သူမ၏ တုန့်ပြန်ပုံတို့ကို စောင့်ကြည့်ပြီးနောက် ဝမ်လင်းသည် အနည်းငယ် စိတ်အေးမိသွားသည်။ သို့ပေမည့် သူက သတိထားနေဆဲ ဖြစ်သည်။ ဖန်ရှန်လုထံ၌ တခြားအတွေးတခုခု ရှိခဲ့ပါက သူသည် တုံ့နှေးခြင်းမရှိ တိုက်ခိုက်လိုက်မည်သာ။

“နင်က သတိထားနေတုန်းပဲကို။ ဒါပေမဲ့ ကောင်းပါတယ်လေ။ နင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ရှင်သန်ဖို့ တကယ်ပဲ သတိထားဖို့ လိုတယ်…”

ဖန်ရှန်လုက ဝမ်လင်းကို ကြည့်၍ ပြုံး၏။

“လွန်ခဲ့တဲ့သုံးနှစ်တုန်းက ငါ ကောက်ရီကလန်က ယွမ်ရီဖန်နဲ့ တွေ့ခဲ့ပြီး နင့်အကြောင်း ပြောခဲ့သေးတယ်။ ငါတို့ တွက်ချက်မှုအရ နင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်နေခဲ့တာ ကြာမြင့်ခဲ့လောက်ပြီ။ ဒါပေမဲ့လည်း ငါတို့က နင့်သတင်းကို မကြားခဲ့ရဘူး။ တခုခုများ ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် နင်က ပိုဝေးတဲ့နေရာတစ်ခုခုကို ရောက်သွားခဲ့တာလားပေါ့…”

“ဒီနေ့ ဒီနေရာမှာ နင့်ကို တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး…” ဖန်ရှန်လုသည် မျက်လုံး ပေကလပ်ပေကလပ် လုပ်ကာ ရယ်မောလိုက်၏။

“လမ်းခရီးမှာ မတော်တဆမှုအချို့ ရှိခဲ့လို့ ငါ နောက်ကျသွားခဲ့တာ။ ငါ နင်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်…”  ဝမ်လင်းက ပြုံးလိုက်၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အသိအကျွမ်းတစ်ယောက်ယောက်ကို တွေ့ဖို့မှာ မလွယ်လှပေ။ ခုလိုမျိုး ဖန်ရှန်လုနှင့် တွေ့ရခြင်းက ဝမ်လင်းကို နွေးထွေမှုအရိပ်အယောင်ကို ခံစားမိစေသည်။

အမှန်တော့ ဖန်ရှန်လုလည်း ထိုနည်းတူသာပင်။ တကယ်တော့ သူမ၏ ဘဝအစိတ်အပိုင်းအများစုမှာ လှိုဏ်ဂူလောက၌ ဖြစ်ပျက်ခဲ့သည် မဟုတ်လား။ သူမနှင့် မဟာစိတ်ဝိညာဉ်ကလန်၏ ပတ်သတ်မှုက နာမည်အရသာ။ ခုချိန်ထိ သူမအတွက် ဒီကလန်နှင့် အရင်းနှီးကြီး မဟုတ်သေးပေ။

“ပြောပါအုံး…နင် မဟာစိတ်ဝိညာဉ်ကလန်ကို ရောက်လာခဲ့ပြီး ငါ့လှိုဏ်ဂူထဲ ဝင်လာခဲ့တာ အကြောင်းရင်းတစ်ခု ရှိရမယ်။ ငါ့ အကူအညီလိုရင်လည်း ငါ အကောင်းဆုံး လုပ်ဆောင်ပေးမယ်…”

ဝမ်လင်း ရောက်လာသည့်အခါ၌ ဖန်ရှန်လု၏ စိတ်ဓာတ်ကျနေသော ဟန်ပန်က လွင့်ပါးသွားကာ ပျော်ရွှင်မှု အစားထိုးလာခဲ့၏။

ဝမ်လင်းသည် ဖန်ရှန်လု၏ ပျော်ရွှင်မှုကို ခံစားမိ၏။ ထိုအဖြစ်က သူ့ စိတ်နှလုံးကို နွေးထွေးစေသည်။ သူသည် ခဏတာ ပြုံးလိုက်ပြီးနောက် စကားဆိုလိုက်သည်။

“ငါ ကျင့်ကြံဖို့ ပင်မမီးကြော လိုအပ်တယ်။ အဲ့တာက ဒီမှာရှိတဲ့ ပင်မမီးကြောအပေါ် သက်ရောက်မှု ရှိသွားနိုင်လောက်တယ်…”

ဖန်ရှန်လုက စဉ်းစား၏။ အချိန်အတန်ကြာပြီးနောက် သူမက ခေါင်းညိတ်ပြသည်။

“ပြဿနာ မရှိဘူး။ ငါ နင့်ကို ပင်မမီးကြောအတွက် တံခါးပိတ်ကျင့်ကြံလို့ရတဲ့ နေရာကို ခေါ်သွားပေးမယ်။ ဆရာကတော့ အလွယ်တကူ ရင်ဆိုင်လို့ ရနိုင်တယ်။ သူမက အချိန်အများစု တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်တဲ့အတွက် သူမရဲ့ နတ်ဘုရားအာရုံကို သိပ်ဖြန့်ကျက်လေ့ မရှိဘူး။ ပြီးတော့ သူမဟာ တံခါးပိတ်ကျင့်ကြံမယ့် တပည့်တွေကိုလည်း စစ်ဆေးကြည့်လေ့ကြည့်ထ မရှိဘူး…”

“အဓိကပြဿနာက အမကြီးပဲ။ သူမက ဒီမီးတောက်တောင်ပေါ်မှာ ရှိနေတယ်။ ဒါပေမဲ့ သူမဟာ ဆရာ့ရဲ့ အာရုံစိုက်မှုကို ရထားခဲ့တာ။ ဒါ့ကြောင့် သူမလည်း အလွယ်တကူတော့ ထွက်လာလိမ့်မှာ မဟုတ်ဘူး…”

“ဒီလိုလုပ်။ ငါ နင်နဲ့အတူ မီးခန်းမထဲ လိုက်လာခဲ့ပေးမယ်။  တခြားတယောက်ယောက်က မေးလာခဲ့ရင် ငါက တံခါးပိတ်ကျင့်ကြံနေတာပေါ့။ ဒါပေမဲ့ အချိန်ကြာလို့တော့ မဖြစ်ဘူး။ မဟုတ်ရင် တခြားသူတွေက မေးခွန်းထုတ်လာနိုင်တယ်…”

ဖန်ရှန်လုသည် ပြတ်ပြတ်သားသားပင် ထိုအကြံဉာဏ်ကို မြန်မြန် စဉ်းစားလာ၏။

ဝမ်လင်းက စဉ်းစားလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါက နင့်အတွက် ကောင်းမှာ မဟုတ်ဘူး…”

ဖန်ရှန်လုသည် ထိုစကားကို ကြားသည့်အခါ သူမ၏အမူအရာသည် နူးညံ့သွားကာ ပြုံး၍ ခေါင်းခါ၏။

“ပြဿနာမရှိပါဘူး။ ဆရာက ငါ့ကို ကာကွယ်ပေးလိမ့်မယ်။ ငါ့ အကန့်အသတ်ကို ငါ သိပါတယ်…”

ဝမ်လင်းသည် ထရပ်လာ၏။ သူ၏အမူအရာမှာ အလေးအနက် ဖြစ်လာကာ သူက ဖန်ရှန်လုထံ လက်နှစ်ဖက်ဆုပ်၍ ဆိုသည်။ “ကျေးဇူးအများကြီး တင်ပါတယ်…”

“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါကပဲ နင့်ကို ကျေးဇူးတင်ချင်တာပါ။ နင့်ကြောင့်သာ မဟုတ်ရင် ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ပြန်လာနိုင်မှာ မဟုတ်ဘူး…”

ဖန်ရှန်လုကလည်း ထရပ်လာ၏။

“ဒီကိစ္စဟာ နှောင့်နှေးလို့ မဖြစ်ဘူး။ ငါတို့ သွားကြရအောင်။ နင် ငါ့နောက်မှာ ပုန်းနေပေးလို့ ရနိုင်မလား…”

သူမက ထိုသို့ ပြောနေရင်း ရှက်သွေးဖြာသွား၏။

ဝမ်လင်းက ခေါင်းညိတ်ကာ အခိုးအငွေ့အဖြစ်သို့ ပြန်ပြောင်းသည်။ သူက သူမ၏အင်္ကျီလက်အိုးကြားသို့ ဝင်ရောက်ကာ သူမ၏အရေပြားကို ဝန်းရံထွေးခြုံသွားသည်။ ထိုနည်းလမ်းဖြင့် သူမသည် ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားမှုတစ်ခုခု ပြုလုပ်လာပါက ဝမ်လင်းသည် ချက်ခြင်း ထောက်လှမ်းသိနိုင်မည် ဖြစ်၏။

သူ၏သတိတရားမှာ သဘာဝ ဖြစ်နေ၏။ လူကြောင့်၊ နေရာကြောင့်၊ တခြားသူများ၏ စကားလုံးတို့ကြောင့် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။

ဖန်ရှန်လုက သူမ၏ဝတ်ရုံကို ပြင်ဆင်လိုက်၏။ သူမ၏အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် သူမ၏ကျောက်စိမ်းကဲ့သို့ လက်ကို ဝေ့ယမ်းကာ လှိုဏ်ဂူထဲရှိ မြူထုကို လွင့်ပြယ်စေလိုက်သည်။ ထို့နောက် သူမသည် လှိုဏ်ဂူထဲမှ လှမ်းထွက်လာ၏။

သူမသည် တလမ်းလုံး တစ်စက်လေးမျှ မရပ်ပေ။ မမြန်လွန်း၊ မနှေးလွန်းသောနှုန်းဖြင့် သူမက အနီရောင်တောင်ခြေရှိ ဧရာမလှိုဏ်ဂူထံသို့ ဦးတည်လာနေ၏။ ယင်းနေရာမှာ သူတို့၏ ဆရာဖြစ်သူ တပည့်များအတွက် တံခါးပိတ်ကျင့်ကြံရာ၌ အသုံးပြုရန် ဖွင့်လှစ်ပေးထားသော ပင်မမီးကြောနှင့် အနီးဆုံးနေရာပင်။

Comment

Leave a Reply

Options

not work with dark mode
Reset