Switch Mode

အပိုင်း(၁၈၇၃)

မဟာစိတ်ဝိညာဉ်ကလန်

မိုးထိထိုးနေသော တောင်နှင့်အတူ တောင်တန်းများအတွင်း၌ မဟာစိတ်ဝိညာဉ်ကလန် တည်ရှိပေသည်။ ယင်းထံမှ အနီရောင်အလင်းတောက်ပမှုကို ပေးစွမ်းနေရာ လောင်ကျွမ်းနေသော တောင်တလုံးနှင့်ပင် တူ၏။

ထိုတောင်ပတ်လည်တွင် လှိုင်းဂယက်များ ထနေသည်။ ထိုလှိုင်းဂယက်များထဲ၌ စိတ်ဝိညာဉ်အားတစ်ခု ပါဝင်ဟန် ထင်ရသည်။ မရေမတွက်နိုင်သော ပုန်းကွယ်နေသည့် ပုံရိပ်များသည် အတွင်း၌ ဆိတ်ငြိမ်စွာ ဟိန်းသံများ ပေးနေကြပုံ ပေါ်သည်။

သည်နေရာကား ကောင်းကင်ဘုံနွားထီးကုန်းမြေရှိ အသန်မာဆုံး ကလန်နှစ်ခုထဲမှ တစ်ခုဖြစ်သော မဟာစိတ်ဝိညာဉ်ကလန်တည်း။

ကောင်းကင်တောင်၌ အစိမ်းရောင်နှင်းများ ကျဆင်းလို့နေ၏။ ထိုနှင်းတို့က ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းပြီး မြေပြင်ထက်သို့ ကျရောက်သည်။ သူသည် နှင်းများကြား၌ မလှုပ်မယှက် ရပ်နေသည်။

သည်နေရာကနေ မဟာစိတ်ဝိညာဉ်ကလန်မှာ သိပ်မဝေးတော့ပေ။ သို့သော် လူတစ်ယောက်သည် ပျံသန်းသွားလျှင်ပင် ရက်အနည်းငယ်လောက် ပျံသန်းရနိုင်၏။ ခုလို ဖြစ်ရသည့်အကြောင်းရင်းမှာ မဟာစိတ်ဝိညာဉ်ကလန်မှ ထွက်ပေါ်နေသော လှိုင်းဂယက်များက မြင်တွေ့ရသော အဟတစ်ခုကို ဖန်တီးထားခြင်းကြောင့် ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သူသည် မဟာစိတ်ဝိညာဉ်ကလန်အောက်မှ ပင်မမီးကြောကို ရေးတေးတေး အာရုံခံမိသည်။ ၎င်းသည် မရေမတွက်နိုင်သော မီးကြောခွဲများအဖြစ် ကွဲထွက်ကာ ကောင်းကင်ဘုံနွားထီးကုန်းမြေအနှံ့သို့ ဖြန့်ကျက်တည်ရှိလေသည်။

ထိုပင်မမီးကြော၌ အံ့အားသင့်ဖွယ်မီးဆန္ဒတစ်ခု ရှိနေ၏။ ထိုစိတ်ဆန္ဒက မည်သူ့ကိုမျှ ၎င်းထံသို့ ကျူးကျော်ခွင့် မပြုပေ။ မဟာစိတ်ဝိညာဉ်ကလန်ကသာ ထိုစိတ်ဆန္ဒကို အများကြီး အားပျော့သွားအောင် လုပ်ထားနိုင်သည်။

ထိုပင်မမီးကြောက မဟာစိတ်ဝိညာဉ်ကလန်၏ မြေအောက်ကနေ ထိုးထွက်နေ၏။ သည့်အတွက် မဟာစိတ်ဝိညာဉ်ကလန် တည်ရှိရာတောင်သည် ပင်မမီးကြော မြေပြင်ထက်သို့ ထိုးထွက်နေရာကနေ ဖြစ်ပေါ်ခြင်းဟု ဆိုနိုင်သည်။

ဤသည်မှာ လူသားများ ပြုလုပ်ထားခြင်း မဟုတ်၊ သူ့သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းသာ။ သည့်အတွက်ကြောင့် မဟာစိတ်ဝိညာဉ်ကလန်သည် သူတို့၏ ကလန်တည်နေရာကို ရွေးချယ်တာ တော်လှသည်ဟု ဆိုနိုင်၏။

မဟာစိတ်ဝိညာဉ်ကလန်၌ အားကောင်းလှသော အသက်ဓာတ်မြင့်တက်နေချေ၏။ အကြမ်းဖျဉ်းကြည့်ရုံဖြင့် ဝမ်လင်းက သည်အဆုံးမဲ့ဟန်ရသော တောင်ကြားအတွင်း၌ ကျင့်ကြံသူအရေအတွက်မှာ တစ်သိန်းထက်မနည်းသည်ကို တွေ့ရှိလိုက်သည်။

ကျင့်ကြံသူအရေအတွက် တစ်သိန်းမှာ မနည်းလှ၊ များပြားလှသော ပမာဏ ဖြစ်၏။ သို့ပေမည့် တောင်တန်းများအတွင်း ကွယ်ဝှက်နေခြင်းအတွက် ထိုသူတို့ကို အရိပ်အယောင်ပင် မမြင်ရလေပေ။

ထိုတောင်တန်းများအတွင်း၌ အလွန်တရာအစွမ်းထက်လှသော အနှစ်သာရအော်ရာများလည်း ရှိလို့နေသည်။ ယင်းတို့က တတိယအဆင့်ကျင့်ကြံသူများကို ကိုယ်စားပြုပေသည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ မဟာစိတ်ဝိညာဉ်ကလန်…ဒီကလန်ဟာ တကယ့်ကိုပဲ သန်မာအားကောင်းလှတာပဲ။ ဒီကလန်တစ်ခုတည်းနဲ့ လှိုဏ်ဂူလောကတစ်ခုလုံးကို မွှေနှောက်ပစ်လို့ ရတယ်…”

ဝမ်လင်းသည် ထိုကလန်ကို တည်ငြိမ်စွာ ကြည့်ကာ စဉ်းစားခန်း ဝင်နေ၏။

မီးအနှစ်သာရအစစ်အမှန်ခန္ဓာကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ဒီလိုအင်အားစုကြီးကို ရန်စလိမ့်မည် မဟုတ်ပေ။ သို့ပေမည့် မဟာစိတ်ဝိညာဉ်ကလန်အောက်ရှိ မြေကမ္ဘာပင်မမီးကြောက သူ့အတွက် အလွန်အရေးကြီးနေ၏။ သူသည် ကျားပါးစပ်မှ သွားကို ဆွဲနှုတ်ရလျှင်ပင် ကြိုးစားကြည့်ရမည်သာ။

သည်နေ့များတွင် သူသည် ပင်မမီးကြောငယ် မြောက်များစွာကို စုပ်ယူခဲ့ပြီး ဖြစ်၏။ သူ၏ခန္ဓာကိုယ်ထဲရှိ မီးအနှစ်သာရမှာ အကန့်အသတ်သို့ ရောက်နေခဲ့ပြီး ပင်မမီးကြောငယ်များက မည်သို့မျှ သက်ရောက်မှု ရှိလေတော့မည် မဟုတ်ပါ။

သူသည် ထိုသို့ ဖြစ်လာမည်ကို ကြိုပြင်ဆင်ထားခဲ့ပြီးသားပင်။ တကယ်တော့ ဤသည်က ဆေးလုံးများ သုံးစွဲခြင်းနှင့် ဆင်တူ၏။ တူညီသော အရည်အသွေးရှိသည့် ဆေးလုံးများကို သင်သည် ပို၍ သုံးစွဲလေလေ အာနိသင်မှာ လျှော့ပါးလာလေ ဖြစ်ပြီး အဆုံးသပ်၌  အသုံးမဝင်နိုင်တော့ချေ။

သည့်အတွက်ကြောင့် ဝမ်လင်းအနေဖြင့် ပို၍ အရည်အသွေးမြင့်မားလှသော မြေကမ္ဘာပင်မမီးကြော၏ စိတ်ဆန္ဒကို ဝါးမြိုရပေတော့မည်။

ဝမ်လင်းသည် မျက်လုံးအနည်းငယ် မှိတ်၍ သူ၏ခန္ဓာကိုယ်မှာ မဟာစိတ်ဝိညာဉ်ထံသို့ အသံတသံမျှ မထွက်ပေါ်စေဘဲ ဦးတည်လွင့်မြောသွားတော့သည်။

သူ ထိုသို့ လျှောက်လှမ်းလာစဉ် သူ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ လှုပ်ရှားသွား၏။ သူက တည်နေရာရွှေ့ပြောင်းလိုက်သည့်နှယ် အကွာအဝေး များစွာသို့ ဦးတည် ရွှေ့လျားသွားချေသည်။

နာရီများစွာ ကြာပြီးနောက် ဝမ်လင်းသည် ပုံမှန်ကျင့်ကြံသူများ ရက်ပေါင်းများစွာ အချိန်ယူရမည့် အကွာအဝေးကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်ကာ မဟာစိတ်ဝိညာဉ်ကလန် တည်ရှိရာ တောင်ကြားထံ ရောက်လာခဲ့လေပြီ။ သည်နေရာ၌ စိတ်ဝိညာဉ်စွမ်းအား လှိုင်းဂယက်များသည် ပို၍ အားကောင်းလာကာ ပို၍လည်း သိပ်သည်းလာသည်။ သည်နေရာ၌ ဝမ်လင်း ဝင်ရောက်ခြင်းကို တားဆီးထားသည့် ကွယ်ဝှက်နေသော အင်အားများ ရှိလို့နေသည်။

“ကံမကောင်းစွာနဲ့ ငါဟာ တစ္ဆေရွက်ဖျင်ကို သိုလှောင်နေရာလွတ်ထဲကနေ မထုတ်နိုင်တာပဲ။ မဟုတ်ရင် ငါ ၎င်းရဲ့ စွမ်းအားကို အသုံးချပြီး မဟာစိတ်ဝိညာဉ်ကလန်ထဲ ဝင်ရောက်ချင် ဝင်ရောက်နိုင်မှာ…”

ဝမ်လင်းသည် ရပ်တန့်ကာ မလှမ်းမကမ်းရှိ တောင်များထံသို့ လှမ်းကြည့်လိုက်သည်။ သူသည် အနီရောင်တောင်ကို ကြည့်ကာ သက်ပြင်းချမိ၏။

သူ၏အော်ရာမှာ လုံးဝ ကွယ်ဝှက်လို့နေ၏။ ခုချိန်၌ သူသည် သေမျိုးတစ်ယောက်ကဲ့သို့ပင်။ ထိုင်ချလိုက်ပြီးနောက် ဝမ်လင်းသည် မျက်လုံးမှိတ်ကာ စတင်စောင့်ဆိုင်းနေတော့သည်။

သူ ထိုင်ချလိုက်သည့်အခိုက်၌ သူ၏ခန္ဓာကိုယ်သည် ဝေဝါးကာ အခိုးငွေ့အမျှင်တန်းတစ်ခုအဖြစ် ပြောင်း၍ သည်နေရာ၌ လွင့်မြောကာ တည်ရှိသည်။

မဟာစိတ်ဝိညာဉ်ကလန်ကဲ့သို့ ကလန်မျိုးတွင် သူတို့၏ ကလန်နယ်မြေပတ်လည်၌ အလွန်အစွမ်းထက်သော အစီအရင်တစ်ခု ရှိနေလေမည်သာ။ သူတို့ကလန်၏ တပည့်မဟုတ်သော မည်သူမဆို ထိုအစီအရင်ကို ထိမိသည်နှင့် ချက်ခြင်း သတိပြုမိတာ ခံရလိမ့်မည်။

သူသာ အတွင်းသို့ ဝင်ရောက်လိုပါက ထိုကလန်၏ တပည့်တစ်ယောက် အစီအရင်ကို ဖြတ်ကျော် ဝင်ရောက်ချိန် အစီအရင်၌ လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်ခြင်းကို စောင့်ရလိမ့်မည်။

သာမန်တပည့်တစ်ယောက်သာ ဖြစ်ပါက သူသည် အတွင်းသို့ ဝင်ရောက်ဖို့ ထိုတပည့်၏ ခန္ဓာကိုယ်ကို ပေါင်းစပ်ဖို့ ရွေးချယ်လိုက်၍ ရသည်။ သို့သော် ယင်းနည်းလမ်းတွင် အားနည်းချက်များ ရှိ၏။ ထိုနည်းလမ်းက ကောင်းမွန်ဟန် ပေါ်သော်လည်း မဟာစိတ်ဝိညာဉ်ကလန်၏ ကလန်အမည်နာမ၌ စိတ်ဝိညာဉ်ဟူသော စကားလုံးက သူတို့သည် စိတ်ဝိညာဉ်တစ်ခုအပေါ် ကောင်းကောင်းကြီး နားလည်ထားသည်ဟု ဆိုလိုနေသည် မဟုတ်လား။

မဟုတ်ပါက သူတို့သည် ပုံရိပ်ယောင်အလွှာအထပ်လိုက်များ မန္တာန်ကို ဖန်တီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သည့်အတွက်ကြောင့် ဝမ်လင်းအနေဖြင့် တပည့်တစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ အစီအရင်အတွင်းသို့ ဝင်ရောက်ခြင်းသည် သူ တခုခုမှားနေမှန်း မသိနိုင်ခင်မှာပင် အစီအရင်က သူ့ကို တွေ့ရှိသွားနိုင်လောက်၏။

ဝမ်လင်းသည် ဝင်ရောက်ဖို့ တကြိမ်သာ ကြိုးစားကြည့်နိုင်၏။ သည့်အတွက် သူသည် ခုလိုမျိုး စွန့်စားမကြည့်ချင်ပေ။ သူက သူ့ကိုယ်ပိုင်ကျင့်ကြံမှုနှင့် အတားအဆီးများအပေါ် နားလည်မှုပေါ်၌သာ ပို၍ ယုံကြည်မှုထားသည်။

သူ လိုအပ်သည်မှာ အစီအရင်၌ လှိုင်းထမှု ပေါ်လာသည်ကို စောင့်ဖို့သာ ဖြစ်၏။

ဖြတ်ခနဲအတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။ သည်သုံးရက်အတွင်း တပည့်ပေါင်း(၃၁၄)ယောက်က ဝင်ချည်ထွက်ချည် ရှိခဲ့၏။ အစီအရင်မှာ (၃၁၄)ကြိမ် လှိုင်းထခဲ့ပေသည်။

ဝမ်လင်းသည် ပေါ့ပေါ့တန်တန် မလှုပ်ရှားသေးပေ။ သူသည် ဆက်လက်၍ စောင့်ကြည့်လေ့လာနေ၏။ သူက အတားအဆီးများအပေါ် နားလည်မှုကို အသုံးချကာ အားနည်းချက်ကို ရှာဖွေနေသည်။

တကယ်တော့ ဝမ်လင်းသည် ရှားပါးလှသော အတားအဆီးအနှစ်သာရကို ပိုင်ဆိုင်ထားသူ မဟုတ်လား။

သူသည် စိတ်လောမနေပေ။ သူသည် လုံလုံလောက်လောက် အချိန်ရနေပြီး တည်တည်ငြိမ်ငြိမ်ပင် စိတ်ရှည်စွာ စောင့်ကြည့်လေ့လာနေ၏။ နောက်ထပ်ခုနစ်ရက် ကုန်လွန်သွားခဲ့ပြန်လေပြီ။

သည်ခုနစ်ရက်အတွင်း အစီအရင်သည် မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များ ဝင်လိုက်ထွက်လိုက် သွားလာနေ၍ အကြိမ်တစ်ထောင်နီးပါး လှိုင်းထလေသည်။ ဝမ်လင်းက ထိုတုန်ခါလှိုင်းများသည် တပည့်များ၏ အဆင့်အတန်းပေါ် မူတည်၍ ကွဲပြားသည်ကို တဖြည်းဖြည်း သတိပြုမိလာသည်။

သည်ဆယ်ရက်အတွင်း ဝမ်လင်းသည် မတူညီသော မဟာစိတ်ဝိညာဉ်ကလန် တပည့်တစ်ထောင်နီးပါးကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူက မဟာစိတ်ဝိညာဉ်ကလန်နှင့် ပတ်သတ်သည့် အထူးသီးသန့်ဖြစ်သော သူတို့၏ခန္ဓာကိုယ်များရှိ အပြောင်းအလဲအချို့ကိုလည်း စောင့်ကြည့်နေခဲ့သည်။

ဥပမာအနေဖြင့် သူတို့၏စိတ်ဝိညာဉ်များပင်။ မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တိုင်း၏ စိတ်ဝိညာဉ်မှာ မီးတောက်တစ်ခု ဖြစ်သည်ဆိုပါက ထိုမီးတောက်သည် အလွန်အားကောင်းကာ လွယ်လင့်တကူ လှုပ်ခတ်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

သည်ဆယ်ရက်အတွင်း ဝမ်လင်းသည် မည်သည့်အရာကိုမျှ မပြုလုပ်သေးပေ။ သူက ဆက်လက်၍ နောက်ထပ်ဆယ်ရက် စောင့်ကြည့်နေ၏။ သည်နေ့တွင် မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တစ်ယောက်က အစီအရင်တွင်းသို့ ဝင်ရောက်စဉ် အခိုးအငွေ့အဖြစ် ပြောင်းထားသော ဝမ်လင်းက တရှိန်ထိုး ဦးတည်လိုက်၏။

ထိုအခိုးအငွေ့ဝမ်လင်းကို မမြင်ရပေ။ သူက ချက်ခြင်းပင် ထိုတပည့်၏ဘေးနား၌ ပေါ်လာ၏။ သည်တပည့် ဝင်ရောက်လိုက်စဉ် အစီအရင်၌ လှိုင်းထသွားကာ ဝမ်လင်းသည်လည်း  ထိုအခိုက်၌ လိုက်ပါ ဝင်ရောက်၏။

ဝမ်လင်း ဝင်ရောက်လိုက်သည်နှင့် သူ့အတားအဆီးအနှစ်သာရမှာ  ပေါ်လာချေ၏။ ထို့နောက် သူက ပြီးခဲ့သောရက်နှစ်ဆယ်အတွင်း သူ စောင့်ကြည့်လေ့လာခဲ့ခြင်းကနေ သိလာခဲ့သော အရာကို မြန်မြန်ဆန်ဆန် လှုံ့ဆော်သည်။ စက္ကန့်ပိုင်းအတွင်း သူက အကြိမ်ရာချီ ပြောင်းလဲလိုက်၏။

ထိုတပည့်က အစီအရင်ထံမှ ထွက်ခွာပြီး ဝမ်လင်း၏ တည်ရှိမှုကို လုံးဝ သတိမပြုမိဘဲ ပျံသန်းသွားသည့်အခိုက်၌ ဝမ်လင်းသည်လည်း ထိုနည်းတူသာ ဖြစ်၏။

သူ ဝင်ရောက်လာမှုက အစီအရင်ပေါ် မည်သည့်ပြောင်းလဲမှုမျှ ဖြစ်မသွားစေခဲ့ပေ။ ပို၍ တိတိကျကျဆိုပါက သူ ဝင်ရောက်လာခြင်းကြောင့် ပြောင်းလဲမှုအားလုံးကို ထို ဝင်ရောက်လာခဲ့သော တပည့်ကြောင့် ဖြစ်ပေါ်လာသည့် အစီအရင်၏ လှိုင်းဂယက်များကြား၌ ဖုံးကွယ်လိုက်ခြင်းပင်။

အခိုးအငွေ့အဖြစ် ပြောင်းထားသော ဝမ်လင်းသည် တောင်များကြား၌ တိတ်တဆိတ် ရွှေ့လျားနေ၏။ သူက မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များစွာကို တွေ့မြင်၏။ သူတို့အားလုံးသည် ဝမ်လင်းကို လုံးဝ သတိမပြုမိကြပေ။

ဝမ်လင်းသည် အတော်လေး ဂရုစိုက်ပေ၏။ သူသည် ရှေ့သို့ ဆက်မသွားခင် မကြာဆိုသလို ရပ်၍ အခြေအနေ‌ စောင့်ကြည့်ပြန်၏။ သူက တောင်တန်းအတွင်းနက်ပိုင်းကနေ အနီရောင်တောင်ထံသို့ ဖြည်းဖြည်းချင်း ဆက်လာနေသည်။ သူ ပိုနီးလာလေလေ သူသည် ပင်မမီးကြောကို ပို၍ ခံစားမိလေပင်။

အနီရောင်တောင်နှင့် သူ သိပ်မဝေးတော့သည့်အခါ၌ အလင်းတန်းသုံးခုသည် အနီရောင်တောင်ထံ ပျံသန်းလေ၏။ ထိုအလင်းတန်းသုံးခုမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ဖြစ်ကြ၏။ သူတို့သည် အနီရောင်တောင်ထံ တိုက်ရိုက် ပျံသန်းနေသည်။

ဝမ်လင်းက သူတို့ကို စိတ်ဝင်တစား ကြည့်မနေပေ။ သူက ဒီလိုအလင်းတန်းများကို အကြိမ်များစွာ တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။

သို့ပေမည့် ထိုအခိုက်တွင် အနီရောင်တောင်ထံမှ နတ်ဘုရားအာရုံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ ဆင်းသက်လာ၏။ ယင်းနတ်ဘုရားအာရုံက တောင်၏ အများစုကို မြန်ဆန်စွာ ဖုံးလွှမ်းသွားသည်။ သည်နတ်ဘုရားအာရုံက အလွန်အစွမ်းထက်နေ၏။ ၎င်းမှာ သာမန်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နိုင်မည့် နတ်ဘုရားအာရုံ မဟုတ်နိုင်ပေ။ ဆန်းကြယ်ဒုက္ခများကို ဖြတ်သန်းပြီး လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ ရောက်ရှိလေပြီးသော တစုံတစ်ယောက်ကသာ ဒီလိုအစွမ်းထက် နတ်ဘုရားအာရုံမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည်။

သည်နတ်ဘုရားအာရုံ၌ ယင်ဓာတ်ပါဝင်နေ၏။ ဝမ်လင်းက ၎င်းနတ်ဘုရားအာရုံကို ခံစားမိသည့်အခါ သူသည် ၎င်း၏ ပိုင်ရှင်မှာ အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း ပြောနိုင်သည်။

ထိုနတ်ဘုရားအာရုံ ပျံ့နှံ့လာခဲ့တာမှ ရုတ်ချည်းဆန်လှ၏။ ဝမ်လင်းသာ သတိမထားဘဲရှိနေပါက သူသည် အလန့်တကြား ထိတ်ပြာမိသွားနိုင်သည်။ အနှီနတ်ဘုရားအာရုံ ပျံ့နှံလာစဉ် အခိုးအငွေ့အဖြစ် ပြောင်းထားသော ဝမ်လင်းသည် နောက်သို့ ဆုတ်၏။ သူသည် နတ်ဘုရားအာရုံနှင့် တူညီသောနှုန်းဖြင့် နောက်ဆုတ်နေ၏။

သို့ပေမည့် ၎င်းနတ်ဘုရားအာရုံက ယပ်တောင်တစ်ခုနှယ် အနီရောင်တောင်ကို ဗဟိုပြု၍ ဖြန့်ကားကာ ပျံ့နှံ့လာခြင်းပင်။ ဝမ်လင်းသည် ၎င်းကို ခဏသာ ရှောင်နိုင်ပေမည်။ သူ ထောက်လှမ်းခံရဖို့ အချိန် သိပ်ကြာလိမ့်မည် မဟုတ်ပါ။

ထို နတ်ဘုးရားအာရုံ ပျံ့နှံ့လာစဉ် မဟာစိတ်ဝိညာဉ်ကလန်၏ အစီအရင်အနှံ့၌ လှိုင်းဂယက်များ ထလာကာ ချိပ်ပိတ်ခံရသည်။ ထိုမြင်ကွင်းမှာ ဝမ်လင်းကို တုန်လှုပ်မိစေ၏။

“ငါ ရှာတွေ့ခံလိုက်ရတာလား…”  ထိုနတ်ဘုရားအာရုံက သူ့ထံ နီးကပ်လာသည်ဖြစ်၍ ဝမ်လင်းအဖို့ စဉ်းစားနေဖို့ အချိန်မရပေ။ သူ နောက်ဆုတ်၏။ သို့သော် သူသည် ပုန်းကွယ်ဖို့ နေရာ မရှိတော့ပုံ ရသည်။ သူသည် အကွာအဝေးတစ်ခုရှိ ပျံသန်းနေသော စောနက အလင်းတန်းသုံးခုထံ ဦးတည်ကာ ပျံသန်းလာတော့သည်။

သူသည် အမြန်ဆုံးနှုန်းဖြင့် ထိုအလင်းတန်းသုံးခုထဲမှ အမျိုးသားဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ ထိုလူ့ကို ရွေးချယ်ခြင်းသည် ထိုသူ၏ကျင့်ကြံခြင်းအဆင့်ကြောင့် မဟုတ်ပေ။ အကြောင်းမှာ ဖြန့်ကျက်လာသော နတ်ဘုရားအာရုံက အမျိုးသမီးတစ်ယောက်၏ အပိုင် ဖြစ်ခြင်းကြောင့်တည်း။ ဝမ်လင်း၏ အတွေ့အကြုံများအရ သည်အဆင့်ထိ ရောက်နေသော အမျိုးသမီးအများစုသည် အလွန်မောက်မာကာ အမျိုးသားတပည့်များအပေါ် နှိမ့်ချ၍ ကြည့်တတ်ကြ၏။ ထို့ကြောင့် သူတို့သည် အမျိုးသားတပည့်အပေါ်တွင်မူ အသေအချာ ရှာဖွေမှု ပြုလိမ့်မည် မဟုတ်ပေ။ တကယ်တော့ နတ်ဘုရားအာရုံဖြင့်  အသေးစိတ်ရှာဖွေခြင်းက အဝတ်ဗလာဖြင့် တစုံတစ်ယောက်ကို ကြည့်ရှုခြင်းနှင့် ဆင်တူပေသည်။

ဝမ်လင်း ထိုအမျိုးသားခန္ဓာကိုယ်ထဲ ဝင်ရောက်လိုက်ချိန်၌ အနှီနတ်ဘုရားအာရုံက ဖြန်သန်းသွား၏။

၎င်းက သည်နေရာတွင်သာ ရပ်တန့်မနေဘဲ အကွာအဝေးတစ်ခုထိ ခြုံလွှမ်းဖြန့်ကျက်သည်။ တောင်ကြောတခုလုံးကို ဖုံးလွှမ်းပြီးနောက် ထိုနတ်ဘုရားအာရုံမှာ တဖြည်းဖြည်း လွင့်ပျောက်လာသည်။ ၎င်းနတ်ဘုရားအာရုံ ပြန့်ကြဲလာသည်နှင့် အစီအရင်သည် ဒီဧရိယာကို ဆက်လက် ချိပ်ပိတ်ခြင်း မရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်လုပ်ဆောင်မှု စတင်သည်။

“ဒါက ငါ့ကို ရှာတွေ့သွားလို့ မဟုတ်ဘူးပဲ။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ နတ်ဘုရားအာရုံကို မကြာဆိုသလို ဖြန့်ကျက်ပြီး စောင့်ကြည့်တတ်တဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အလေ့အထ တစ်ခုပဲ ဖြစ်လိမ့်မယ်…”

ဝမ်လင်းသည် အမျိုးသားတပည့်၏ ခန္ဓာကိုယ်ထဲ စုဝေးပြီး အတားအဆီးများ ဝန်းရံထားသော ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။

ဝမ်လင်း စဉ်းစားနေစဉ် သူ့ဘေးရှိ အမျိုးသမီးက သူ့အား မာန်မဲလိုက်၏။ “နင် ဘာကြောင့် ဒီနေရာမှာ ရပ်နေရတာလဲ။ ငါတို့ ပို့ပေးရမယ့် စိတ်ဝိညာဉ်ကွဲထွက်ခြင်းသစ်သီးကို စီနီယာအမရှိ ပို့ပေးဖို့ နောက်ကျခဲ့ရင် ငါတို့ အပြစ်ပေးခံရလိမ့်မယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset