Switch Mode

အပိုင်း(၁၈၇၁)

မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ

“ဒါက…ငါ့အနေနဲ့ တိမ်လှိုင်းကုန်းမြေ၊ ခန်းယန်ကုန်းမြေနဲ့ ငြိမ်းအေးစိတ်ဝိညာဉ်ကုန်းမြေတွေကိုပဲ သွားခဲ့ဖူးတယ်။ ဒါဟာ အရှေ့ပိုင်းကုန်းမြေရဲ့ နယ်မြေတဝက်သာသာပဲ ရှိတယ်။ ဒီကုန်းမြေသုံးခုမှာတော့ မိုးကြိုးကြောတွေ မရှိလေဘူး…”

“ငါ သင့်မေးခွန်းရဲ့ အဖြေကို တကယ် မသိပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငါ သင့်ကို ကူစုံးစမ်းပေးမယ်။ တကယ်တော့ မဟာစိတ်ဝိညာဉ်ကလန်ဟာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုထဲက ကလန်တစ်ခုပဲ။ သူတို့ရဲ့ တပည့်တွေဟာ သူတို့ကိုယ်သူတို့ စမ်းသပ်ဖို့ အပြင်ဘက်လောကရှိ ထွက်လေ့ရှိကြတယ်။ သူတို့ တွေ့ရှိခဲ့တာတွေကို ကလန်ကို ပြန်ပြောလေ့ ရှိတယ်။ ဒါဟာ သူတို့ လေ့ကျင့်မှုရဲ့တစိတ်တပိုင်းပဲ…”

တုချင်းသည် ခေါင်းယမ်းလိုက်၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် အဆုံးအစမဲ့စွာ ကျယ်ပြောလှပေသည်။ လူအနည်းငယ်ကသာ အရှေ့ပိုင်းကုန်းမြေ တခွင်သို့ သွားရောက်ဖူး၏။ တုချင်းသည် သူ့ဘဝ၌ စုစုပေါင်းကုန်းမြေလေးခုသို့ သွားခဲ့ဖူးသည်။ ထိုသည်ကပင် သာမန်ထက်ထူးနေလေပြီ။

ဝမ်လင်းသည် ခေါင်းညိတ်ကာ စဉ်းစား၏။ ခဏအကြာတွင် သူသည် တုချင်းကို ကြည့်ကာ ဘာရယ်မဟုတ်ဟန်ဖြင့် ပြောလိုက်၏။

“တန်လင်းကလန်က ဘယ်နေရာမှာ တည်ရှိတာလဲ…”

“တန်လင်းကလန်လား…”  တုချင်း၏အမူအရာသည် ရုတ်တရက် တောင့်တင်းသွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက စကားစဆိုသည်။

“တန်လင်းကလန်ဟာ အင်အားစုဆယ့်သုံးခု၊ ကလန်ကိုးခုထဲက တစ်ခုပဲ။ အဲ့ကလန်က အရှေ့ပိုင်းကုန်းမြေရဲ့ မြောက်ဘက်ပိုင်း မဟာပဏ္ဍိတကုန်းမြေမှာ တည်ရှိတာ။ ပြောကြတာကတော့ တန်လင်းကလန်ဟာ ဆန်းကြယ်လွန်းပြီး တပည့်အချို့ကသာ အပြင်ဘက် ထွက်လေ့ရှိတယ်တဲ့…”

ဝမ်လင်းသည် နောက်ထပ်မေးခွန်းအနည်းငယ် မေးပြီးနောက် ပင်ပန်းဟန် ပေါ်လာသည်။ တုချင်းသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ဉာဏ်များသူ ဖြစ်၏။ ထို့ကြောင့် သူသည် ဝမ်လင်း၏သဘောကို မည်သို့နားမလည်ဘဲ နေပါ့မည်နည်း။ သူသည် ခပ်မြန်မြန်ထလိုက်၏။ သူ ထွက်မသွားခင် စကား ချန်ခဲ့သေး၏။

“ရောင်းရင်းကျင့်ကြံသူ…စိတ်ချနေပါ။ ဒီအဘိုးအိုက မြေကမ္ဘာမီးကြောကို ရှာဖွေဖို့ ကလန်တစ်ခုလုံးကို စေခိုင်းလိုက်မယ်။ ဒီမီးကြောကို ထုတ်ယူလို့ရခဲ့ရင် ရောင်းရင်းကျင့်ကြံသူအတွက် တပည့်အားလုံးကို သွားယူခိုင်းလိုက်မယ်…”

တုချင်း ထွက်သွားသည့်နောက် သူသည် ဝမ်လင်းကို ကတိပေးထားသည့်အတိုင်း အမိန့်များ ထုတ်ပြလိုက်၏။ အကြီးအကဲသုံးယောက်က နဂါးပြာကလန်၏ တပည့်များကို ဦးဆောင်ကာ မတူညီသောအရပ်မျက်နှာ သုံးခုထံသို့ ဦးတည်ကြတော့သည်။

သစ်သားအဖြစ် ပြောင်းကာ အပြစ်ပေးခံထားရသော အကြီးအကဲတစ်ယောက်လည်း ရှိသေး၏။ တုချင်းက သူ့ကို လွှတ်ပေးကာ အခွင့်အရေးတစ်ခု ပေးသည့်အနေဖြင့် မြေကမ္ဘာမီးကြောငယ်ကို သွားရောက် ရှာခိုင်းသည်။

ဝမ်လင်းသည် ဒီခမ်းနားသောလှိုဏ်ဂူထဲ၌ တကိုယ်တည်း ထိုင်နေတော့သည်။ ညလင်းပုလဲထံမှ အလင်းတို့က သူ့အပေါ် ဖြာကျနေသည်။ ဤသည်မှာ သူ့ကို မြူဖြင့် ဝန်းရံထားပြီး အစစ်အမှန် မဟုတ်လေဟန် ပေါ်စေသည်။

သူသည် စဉ်းစားနေ၏။ တုချင်း၏ စကားသံတို့က သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

“ငါ့မိုးကြိုးအနှစ်သာရကိုလည်း အနှစ်သာရအစစ်အမှန်ခန္ဓာအဖြစ် ဖွဲ့စည်းဖို့ လိုတယ်။ ငါ မျှော်လင့်ချက်အားလုံးကို တန်လင်းရေကန်ပေါ်မှာ ထားလို့တော့ မဖြစ်ဘူး။ တကယ်တော့ စုတောက်(ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ)ရဲ့ မှတ်ဉာဏ်တွေထဲမှာ ပုံကြီးချဲ့ထားတာတချို့ ရှိနေနိုင်တယ်…”

“ငါ့မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းချင်ရင် ငါ့အနေနဲ့ မိုးကြိုးမြောက်များစွာ လိုအပ်လိမ့်မယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာက မြေကမ္ဘာမီးအနှစ်သာရ ရှိမှတော့ မိုးကြိုးအနှစ်သာရလည်း ရှိလိမ့်မယ်…”

“ဒါပေမဲ့ ခုချိန်မှာ ပထမဆုံးဦးစားပေးက ငါ့မီးအနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းဖို့ပဲ။ ငါ မဟာစိတ်ဝိညာဉ်ကလန်ဆီ ကိုယ်တိုင် သွားဖို့ လိုလာနိုင်တယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်မိသွား၏။ သူ့အတွက် မဟာစိတ်ဝိညာဉ်ကလန်ကဲ့သို့ အစွမ်းထက်ကလန်ကြီးကို လှုပ်ခတ်စေဖို့ ခက်ခဲမည်သာ။

“တုချင်းအပြောအရ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေးဟာ မြင့်မားလွန်းတဲ့ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသလို အနှစ်သာရအစစ်အမှန်ခန္ဓာတစ်ခုကိုလည်း ဖွဲ့စည်းထားနိုင်တယ်တဲ့…”

ဝမ်လင်းသည် စဉ်းစားကာ သက်ပြင်းချမိ၏။

“ငါ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားဘူး။ ဒါပေမဲ့ ဒါဟာ ငါ့မှာ ဘာနည်းလမ်းမှ မရှိဘူးလို့တော့ မဆိုလိုဘူး…”  ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာကာ သူက ကောက်ရီကလန်နှင့် ပတ်သတ်၍ တွေးကြည့်သည်။ တကယ်တော့ အဘိုးအိုမာဟူသော လူက သူနှင့် ရွှမ်လောကြား ပတ်သတ်မှုကို သိထားသည် မဟုတ်လား။

တအောင့်အကြာတွင် ဝမ်လင်းသည် ကောက်ရီကလန်သို့ သွား၍ အကူအညီတောင်းမည့်အကြံကို စွန့်လွှတ်လိုက်၏။ သူသည် တခြားသူတစ်ယောက်၏ အမည်ကိုအသုံးပြု၍ ကိစ္စရပ်များ လုပ်ရသည်ကို မကြိုက်ပေ။

“ငါ့ကိုယ်ငါပဲ အားကိုးရမယ်။ ဒါဟာ ခက်ခဲပေမယ့်လည်း ငါသာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုနိုင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး…”

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူသည် သူ့အနှစ်သာရအစစ်အမှန်ခန္ဓာအကြောင်း ဆက်မတွေးတော့ပေ။ သူသည် တဖြည်းဖြည်းဖြင့် လောကနှင့် သမူဟ ဖြစ်နိုင်မည့် နည်းလမ်းများကို စတင် ရှာဖွေကြည့်သည်။

ထိုဟင်းလင်းပြင်ကွေးညွှတ်ခြင်းမန္တာန်က ဝမ်လင်း၏ အနာဂတ်လုပ်ဆောင်မှုများအတွက် အရေးကြီးပေသည်။ သူသည် ထိုအစွမ်းကို ရလိုက်ပါက သူ၏အခွင့်အရေးများမှာ မြင့်တက်လာမည် ဖြစ်၏။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရင်း ၎င်းကို လှိုဏ်ဂူအတွင်းမှ တဖြည်းဖြည်းပျံ့လွင့်စေကာ လောကကို ခြုံလွှမ်းသည်။ သို့သော် ဝမ်လင်း မည်မျှ ကြိုးစားပါစေ သူသည် လောကနှင့် မပေါင်းစပ်နိုင် ဖြစ်နေ၏။

အများဆုံးမှ သူသည် အမျှင်တန်းလောက်မျှသာ ပေါင်းစပ်နိုင်သည်။ ထိုအမျှင်တန်းက သူ့အဖို့ ဝေးဝေးသို့ ရွှေ့လျားသွားရန် မလုံလောက်ပေ။ တိုတောင်းသောအကွာအဝေးလောက်ကိုသာ သူ တည်နေရာ ပြောင်းနိုင်မည် ဖြစ်၏။ ဤသည်က ဝမ်လင်း လိုချင်သောအရာ မဟုတ်ပေ။

သူ လောကနှင့် ပေါင်းစပ်ခြင်း အခြေအနေသို့ ဝင်ရောက်ခြင်းကို တားဆီးထားသော မမြင်ရသော အရံအတားတစ်ခု ရှိနေပုံ ပေါ်သည်။ ထိုအရံအတား၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသနှင့်ဖိအား ပါဝင်သည်။ ထိုဖိအားကြောင့် လူတစ်ယောက်၏ နတ်ဘုရားအာရုံသည် လောကနှင့် ပေါင်းစပ်ဖို့ ခက်ခဲလိမ့်မည်သာ။

ထိုအချက်က လှိုဏ်ဂူလောကနှင့် မတူခြင်း ဖြစ်၏။ လှိုဏ်ဂူလောကတွင်မူ မမြင်ရသော အရံအတား သို့မဟုတ် ဖိအား ရှိမနေပေ။ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို နားလည်သည့် မည်သူမဆို လောကနှင့် ပေါင်းစပ်ကာ လှုပ်ရှားသွားလာနိုင်၏။

သို့ပေမည့် သည်ဖိအားကြောင့် ဝမ်လင်းက လောကနှင့် မပေါင်းစပ်နိုင်၊ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးမပြုနိုင် ဖြစ်ရသည်။

ဝမ်လင်းသည် ထိုဖိအားကို ခပ်ရေးရေးနားလည်ကာ ၎င်းသည် သူ့တစ်ယောက်တည်းအပေါ်သို့သာ သက်ရောက်သည် မဟုတ်၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံးပေါ်သို့ သက်ရောက်ခြင်းတည်း။ သည့်အတွက် တုချင်း၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည်လည်း လေဟာနယ်ကွေးညွှတ်ခြင်းကို အသုံးမပြုနိုင်တာ ဖြစ်၏။

“ငါ့ကျင့်ကြံမှုဟာ အဆင့်တစ်ခု ရောက်ရင်တော့ ဒီဖိအားကို အတင်းအကြပ် ဖယ်ရှားပြီး ရွှေ့လျားနိုင်လောက်တယ်…” ရက်အနည်းငယ်ကြာပြီးနောက် ဝမ်လင်းသည် အကြိမ်များစွာ ကြိုးစားခဲ့၏။ သို့သော် သူသည် မအောင်မြင်ဖြစ်ရဆဲပင်။

သို့သော်ငြားလည်း သူက လက်မလျှော့ပေ။ ဝမ်လင်း၏ စိတ်နေစရိုက်မှာ အမြဲထိုသို့သာ ဖြစ်၏။ ပို၍ ခက်ခဲလေလေ သူသည် သာ၍ ပြတ်သားလာလေပင်။ သူ့နတ်ဘုရားအာရုံကို နဂါးပြာကလန်အတွင်း၌ ဆက်တိုက်ပြောင်းလဲနေစေရင်း လောကနှင့် ပေါင်းစပ်ဖို့ ကြိုးစားနေလေ၏။

အချိန်တဖြည်းဖြည်း ကုန်လွန်လာသည်။ မျက်စိတမှိတ်အတွင်း တလတာ ကုန်လွန်ခဲ့ချေပြီ။

ဝမ်လင်းသည် ဒီတလလုံး တံခါးပိတ်ကျင့်ကြံနေ၏။ သို့သော် သူ့နတ်ဘုရားအာရုံ လှုပ်ရှားမှုက နဂါးပြာကလန်၏ တောင်အနောက်ဘက်ခြမ်းသို့ မချဉ်းကပ်လာဝံ့ ဖြစ်စေ၏။

တုချင်းသည် နဂါးပြာကလန်၌ ရှိနေဆဲ ဖြစ်၏။ ဝမ်လင်း သူ့နတ်ဘုရားအာရုံကို ပထမဆုံး စဖြန့်ကျက်ထဲက သူက သတိပြုမိသည်။ သို့ပေမည့် သူသည် ဝမ်လင်း မည်သို့လုပ်ချင်နေသည်ကို မစပ်စုပေ။

ရက်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ သူက ဝမ်လင်း၏ ဆန္ဒကို ရုတ်တရက် နားလည်သွား၏။

“သူက သူ့နတ်ဘုရားအာရုံကို လောကနဲ့ တသားတည်း ပေါင်းစပ်ဖို့ ကြိုးစားနေတာပဲ။ ဒါဟာ မဖြစ်နိုင်ဘူး။ တည်နေရာရွှေ့ပြောင်းခြင်းကတော့ လုပ်နိုင်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းဟာ တည်နေရာရွှေ့ပြောင်းခြင်းထက် ပိုဝေးဝေးသွားလာနိုင်ဖို့ အသုံးပြုတာ ထင်ရှားနေတယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသ အများအပြားကို နားလည်သဘောပေါက်တဲ့ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် မွန်းစတားအိုကြီးတွေကသာ ဒါကို လုပ်နိုင်မှာ။ ဥပဒေသရဲ့ ဖိအားကို ခုခံနိုင်မှာ ဖြစ်တယ်…”

တုချင်းသည် ခေါင်းယမ်းလိုက်ချေ၏။

တလတာ ကြာမြင့်ပြီးသည့်နောက် နဂါးပြာကလန်မှ တပည့်များသည် ဝမ်လင်း၏ နတ်ဘုရားအာရုံ လွှမ်းခြုံနိုင်သော အကွာအဝေးအပြင်ဘက်၌ မြေကမ္ဘာမီးကြောကို ရှာမတွေ့နိုင်ကြသေးပေ။ အကြီးအကဲလေးယောက်သည်ပင် ရှာမတွေ့နိုင်ဘဲ ရှိသေး၏။ သူတို့က ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ရှာဖွေနေကြသည်။

ဝမ်လင်းကတော့ အချိန်ကုန်လွန်တာကို မေ့နေ၏။ သူသည် သူ့နတ်ဘုရားအာရုံကို လောကနှင့် ပေါင်းစပ်ဖို့ ကြိုးစားလို့နေသည်။ သူသည် မပင်ပန်းသည့်အလား တစ်ကြိမ်မအောင်မြင်လျှင် နှစ်ကြိမ် ကြိုးစား၏။ နှစ်ကြိမ်မအောင်မြင်လျှင်လည် ထပ်ခါထပ်ခါ ဆယ်ကြိမ်မက ကြိုးစားကြည့်နေသည်။

နောက်ထပ် သုံးလတာ ကုန်လွန်လာခဲ့စဉ် ဝမ်လင်းသည် သူ အကြိမ်မည်မျှ ကြိုးစားခဲ့ပြီးပြီးကို မှတ်ပင်မမှတ်မိတော့ပေ။ သို့သော်ငြားလည်း ရလဒ်ကတော့ အတူတူသာ။

လေးလတာ ကုန်လွန်ပြီးနောက် နဂါးပြာကလန်၏ တချို့တပည့်များသည် မသွေ့ခြောက်သေးသော မီးကြောအချို့ကို ရှာတွေ့ခဲ့ကြ၏။ သို့သော် ပိုပိုများပြားသော တပည့်များကမူ ဆက်လက် ရှာဖွေနေကြတုန်းပင်။

ဝမ်လင်းက နတ်ဘုရားအာရုံကို လောကနှင့် တသားတည်းပေါင်းစပ်ဖို့ ဆက်လက် ကြိုးစားနေဆဲသာ။ သူသည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုနိုင်အောင် ဆက်တိုက် လုပ်ဆောင်နေရမည်သာ။ မဟုတ်ပါက သူ့နောင်လာမည့် အစီအစဉ်များသည် ပြီးမြောက်ဖို့ ခက်ပေလိမ့်မည်။

တုချင်းသည် ဝမ်လင်း၏ နတ်ဘုရားအာရုံ နဂါးပြာကလန်ကို ခြုံလွှမ်းနေသည့်အပေါ် အသားကျနေလေပြီ။ သူက ဝမ်လင်း အကြိမ်မရေမတွက်နိုင်အောင် ကြိုးစားနေသည်ကို ကြည့်နေရင်း သူ့စိတ်ထဲတွင် အထင်သေးမှုကို ခံစားမိသည်။

သို့ပေမည့် သူသည် ထိုစိတ်ဆန္ဒကို လုံးဝ ထုတ်မပြပေ။

“ဒါဟာ မဖြစ်နိုင်ဘူး။ ဒီလူဟာ အတော့်ကို ခေါင်းမာလွန်းတယ်။ ဒါဟာ အချိန်ဖြုန်းတာ သပ်သပ်ပဲ။ လောကနဲ့ ပေါင်းစပ်ခြင်းကသာ အလွန်ရိုးစင်းတဲ့အရာ ဖြစ်နေရင် လူတိုင်း လုပ်နိုင်နေတော့မှပေါ့…”

“သူ့ကျင့်ကြံမှုအဆင့်ဟာ လုံလောက်အောင် မမြင့်မားသေးတာ ရှင်းနေတာပဲ။ ဒါတောင် သူက ဆက်ကြိုးစားနေတယ်။ ငါတော့ မဟာအင်ပါယာတစ်ယောက်က ဒီလိုအရူးတစ်ယောက်ကို ဘယ်လိုများ မျက်စိမှောက်ပြီး သဘောကျခဲ့လဲ မသိတော့ဘူး…”

တုချင်းက ခေါင်းခါယမ်းလိုက်၏။

လျှပ်တပြတ်အတွင်း နောက်သုံးလ ကုန်လွန်လာခဲ့ပြန်ပြီ။

ဝမ်လင်းသည် သည်လောကနှင့် ပေါင်းစပ်နိုင်မည့် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းမန္တာန်ကို လေ့လာနေတာ အချိန်အားဖြင့် ခုနစ်လတာ ကုန်လွန်လာခဲ့လေပြီ။ သူသည် ချင်းချင်းနီရဲနေသော မျက်လုံးတို့ဖြင့် နေရာတွင် ထိုင်နေ၏။ သူ့နတ်ဘုရားအာရုံတွင်လည်း ကသိကအောင် ဖြစ်လာခဲ့ချေပြီ။

တုချင်းက ထိုသည်ကို မြင်သည့်အခါ နှာခေါင်းရှုံ့၏။

“သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေပြီလို့ ငါ ပြောသင့်လား။ သူဟာ မဟာအင်ပါယာတစ်ယောက်ရဲ့ အာရုံစိုက်မှုခံရတယ်၊ ရတနာတွေ အမြောက်အများ ပိုင်ဆိုင်ထားတယ်၊ သူ့သားရဲကလည်း သာမန်မဟုတ်ပေမယ့်လို့ ခုလက်ရှိ သူ့လုပ်ဆောင်မှုတွေဟာ သူ့ကိုယ်သူ အလွန်အထင်ကြီးရာ ရောက်နေပြီ…”

“သူ ဘယ်လောက်ကြာတဲ့ထိ ကြိုးစားဖို့ စီစဉ်ထားလဲ ငါ မြင်ချင်မိတယ်။ သူဟာ အဆုံးသပ်ထိ ကျရှုံးတဲ့အခါ သူ့အမူအရာက ဘယ်လိုများ ဖြစ်သွားမလဲ…”

တုချင်း၏မျက်လုံးထဲတွင် အထင်အမြင်သေးမှုတို့ ရှိနေ၏။ သို့ပင်ငြားလည်း မနာလိုမှုလည်း ရှိနေပြန်၏။

“ငါ တုချင်းက ဘယ်လိုကြောင့်များ မဟာအင်ပါယာတစ်ယောက်ရဲ့ လက်ခံမှုကို မရခဲ့တာလဲ။ မဟာအင်ပါယာအားလုံးဟာ ဒီလိုအရူးမျိုးကို သဘောကျတာလား..”

တုချင်းသည် မကျေမလည် ဖြစ်နေ၏။

ပြီးခဲ့သော ခုနစ်လအတွင်း ဝမ်လင်း၏ မိုက်မဲဟန်ရသော ထင်မြင်ချက်များသည် တဖြည်းဖြည်း တုချင်း၏စိတ်ကို ပြောင်းလဲစေသည်။ သူက ဝမ်လင်း၏စိတ်၌ ပြဿနာအချို့ ရှိနေလောက်သည်ဟုပင် ခံစားမိသည်။

လှိုဏ်ဂူအတွင်း၌ ဝမ်လင်း၏မျက်လုံးထဲရှိ သွေးစင်းကြောင်းတို့မှာ ပို၍ များပြားလာသည်။ ခုနလလုံး သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီးနောက် သူသည် ဆက်တောင့်မခံနိုင်လုနီးနီး ဖြစ်လာပြီဟု ခံစားမိသည်။ သို့သော် သူကား လက်မလျှော့သေးပေ။ သူသည် လောကနှင့် ပေါင်းစပ်ဖို့ သူ့ကိုယ်သူ ခုခါ၌ အတင်းဖိအားပေးနေ၏။

ပို၍ တိတိကျကျဆိုရသော် သူသည် ဒီနည်းလမ်းကို လေဟာနယ်အတွင်းရှိ ကျောက်ခွံထဲ၌ ကြီးထွားနေသော သူ့ကိုယ်ပွားကို မှီ၍ အသုံးပြုနေခြင်းပင်။

ရက်ပေါင်းများစွာ ကြိုးစားပြီးနောက် ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ မည်မျှ ခက်ခက်ခဲခဲ ကြိုးစားပါစေ သူသည် ဒီလောကမှ ဖိအားကို လှုပ်ခါပစ်နိုင်စွမ်း မရှိသည်ကို နားလည်ခဲ့၏။

သို့သော် သူ့၌ နောက်ဆုံးဝှက်ဖဲတစ်ခု ရှိသည်။ ဤသည်မှာ လေဟာနယ်အတွင်း ကြီးထွားနေသော သူ့ကိုယ်ပွားတည်း။ ထိုကိုယ်ပွားမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသအတွင်း ကြီးပျင်းမွေးဖွားနေခြင်း မဟုတ်လား။ ၎င်းသည် ထိုဥပဒေသ၏ အစိတ်အပိုင်းဟူ၍ပင် ဆိုနိုင်သည်။ သည့်အတွက် သူ့နတ်ဘုရားအာရုံ လောကနှင့် ပေါင်းစပ်နိုင်ခြင်း၊ မပေါင်းစပ်နိုင်ခြင်းက ဒီကိုယ်ပွားအ‌ပေါ် မူတည်ပေသည်။

သို့သော် ဝမ်လင်းသည် သူ့ကိုယ်ပွားမှာ အိပ်ပျော်နေကာ အထူးနည်းလမ်းတစ်ခုခု မရှိဘဲ နိုးထလာနိုင်မည် မဟုတ်ဟု ခံစားမိ၏။ ထို့ကြောင့်လည်း သည်လများအတွင်း ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပင်ပန်းလာသည့်အထိ ဖြန့်ကျက်ခြင်းဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်ပင် အားအင်နည်းလာသည့် အရိပ်အယောင် ပြသလာခဲ့သည်။

ခုနစ်လမြောက်၏ နောက်ဆုံးနေ့တွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် လပေါင်းများစွာ ပြန်အားဖြည့်နိုင်မည့် အခွင့်အရေး တစ်စက်မျှ မရှိသည့်အတွက်ကြောင့် သွေ့ခြောက်တော့မည့် အရိပ်လက္ခဏာ ပြသလာသည်။ ထိုအခိုက်တွင် သူ့မျက်လုံးတို့မှာ တောက်ပလာချေ၏။

လှိုဏ်ဂူလောကနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြားရှိ လေဟာနယ်ဟင်းလင်းပြင် တနေရာ၌ ကြီးမားသော ကျောက်ခွံတစ်ခု လွင့်မြောလို့နေသည်။ ၎င်းအတွင်း၌ ဝမ်လင်း၏ကိုယ်ပွားမှာ ထိုင်နေလျက် အိပ်ပျော်လို့နေသည်။ ထိုအခိုက်တွင် သည်ကိုယ်ပွားမှာ ရုတ်တရက် မျက်လုံးဖွင့်လာသည်။

ထိုအခါ ဝမ်လင်းကို အရူးတစ်ယောက်ဟု ထင်မြင်ကာ အထင်အမြင်သေးစွာ စောင့်ဆိုင်းနေသော တုချင်း၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် ထိတ်လန့်ဟန် လှစ်ဟပေါ်လာချေသည်။

ရုတ်တရက် သူ ထရပ်ကာ လုံးဝ မင်သက်နေချေသည်။ သူ တွေ့မြင်လိုက်ရသည့်အရာက သူ့အား အသက်ရှုဖို့ပင် မေ့သွားစေသည်။

“ဒါ…ဒါဟာ မဖြစ်နိုင်ဘူး…”

Comment

Leave a Reply

Options

not work with dark mode
Reset