” စိတ်ဝင်စားစရာပဲ ” ယခင်တုန်းက သူ၏ လက်ထောက် ဖြစ်ခဲ့ဖူးသူမှာ အခြားလူတစ်ယောက်အဖြစ်သို့ အပြီးတိုင်ပြောင်းလဲသွားပြီး ယုံကြည်မှုအပြည့်ဖြင့် သူ့အ စကားပြောနေသည်ကို မြင်လိုက်ရသောအခါ ချန်းမုမှာ မျက်လုံးများ မှေးသွားရ၏။
သူသည် ချန်းမိသားစု၏ အကြီးဆုံးသားဖြစ်သောကြောင့် ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံခြင်းနှင့်ပတ်သက်လာလျှင် ဗဟုသုတ နှံ့စပ်ပြီးသား ဖြစ်သည်။ ၎င်းမှာ တာအိုကျောင်းလေးကျောင်းက မသင်ပေးနိုင်သည့် ပညာရပ်တစ်ခုပင်ဖြစ်သည်။ တာအိုကျောင်းလေးကျောင်းမှာ ကျောင်းသားပေါင်းမြောက်မြားစွာကို ပြုစုပျိုးထောင်ပေးရသည် ဖြစ်ပါသော်လည်း ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ချန်းမိသားစုမှာမူ မိမိတို့၏ ရင်သွေးများကိုသာ အာရုံအပြည့်စိုက်၍ ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်မဟုတ်ပါလော။
တချိန်ထဲမှာပင် ရှေးယခင်တုန်းက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ သွားရောက်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ပြန်လည်ယူဆောင်လာခဲ့သည်ဆိုသော ကောလာဟလများလည်း ရှိနေသေးသည်။ ချန်းမုအပါအဝင် မည်သူကမှ ထိုကောလာဟလများ မှန်မမှန်ကို မသိကြပေ။ သို့သော် သူ၏မိသားစုမှ သူ့ဆီသို့ လက်ဆင့်ကမ်းပေးခဲ့သည့် ကျင့်ကြံခြင်းနှင့်ပတ်သက်သော ဗဟုသုတများမှာ အခြားအဖွဲ့အစည်းများထက် အများကြီးသာလွန်နေသည်ဖြစ်ကြောင်း သူက သိထား၏။
ဥပမာဆိုရလျှင် သူသည် လူတစ်ယောက်၏ ဝိညာဉ်အား အခြားလူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းနိုင်သည့် နည်းလမ်းများ ရှိသည်ဆိုသည့် စကားများကို ကြားဖူးထားသည်။ ထိုသို့လွှဲပြောင်းနိုင်ရန် ယွမ်ယင်အဆင့်၌ ရှိနေဖို့ လိုအပ်ပါသော်လည်း ရုပ်သေးရုပ်များအား ထိန်းချုပ်နိုင်သည့် အခြားနည်းလမ်းများအပြင် လူ့စိတ်ကိုပါ ထိန်းချုပ်နိုင်သော အခြားပညာရပ်များ ရှိနေသေးသည်ကိုလည်း သူက သိထား၏။ သူသည် ထိုပညာရပ်များကို မတတ်ကျွမ်းပါသော်လည်း ထိုသို့ဆောင်ရွက်နိုင်သူများမှာ ထိပ်တန်းအဆင့်ပညာရှင်းများ ဖြစ်ကြကြောင်း သူက နားလည်သဘောပေါက်ထားပေသည်။
ထို့ကြောင့် သူသည် သူ၏ရှေ့၌ ရုတ်တရက်ဆိုသလို ပေါ်လာသည့် သူ၏ လက်အောက်ငယ်သား၏ ရှေ့တွင် မထီမဲ့မြင် ပြုမှုနေခြင်းမရှိပေ။ သူသည် သတိဝီရိယအပြည့်ရှိနေပါသော်လည်း ကြောက်ရွံ့နေသည်တော့ မဟုတ်ချေ။ သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသော တာအိုအစောင့်အရှောက်များအပြင် သူ၏ ဂိုဏ်းခေါင်းဆောင်ကြီးကိုယ်တိုင် သူ့အား ပေးအပ်ထားသည့် ကာကွယ်စောင့်ရှောက်မှုများကြောင့် သူသည် ဘေးကင်းလုံခြုံမှုအပြည့်ရှိနေကြောင်း ယုံကြည်ထား၏။ သူသည် အကူအညီများ ရောက်မလာခင် ထိပ်တန်းအဆင့်ပညာရှင်တစ်ယောက်ကို တစ်ခဏမျှ ခုခံတွန်းလှန်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ချန်းမုမှာ သူ၏ လက်ထောက်ဖြစ်သူ ဆိုခဲ့သည့် သူ၏ သခင်၏အကြောင်းကို သိချင်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား လုံးဝနှစ်မြို့ခြင်းမရှိဘဲ သေရာပါအောင် မုန်းတီးနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အတွက် ရာဇဝတ်သားတစ်ယောက်ကို ဖမ်းဆီးပေးမည်မဟုတ်ပေ။ ထိုသို့ဖြင့်လချန်းမုမှာ သူ၏ ရှေ့တွင်ရှိနေသော သူ၏ လက်အောက်ငယ်သားကိုကြည့်၍ စကားတစ်ခွန်းမှ မပြောဘဲ အောက်သို့ထိုင်ချလိုက်၏
သူသည် နှုတ်ဆိတ်၍ သဘောတူလိုက်ခြင်းဖြစ်၏။ သက်လတ်ပိုင်းလူကြီးမှာ သူ၏ သဘောထားကို သိရှိသွားပြီဖြစ်သောကြောင့် ပြန်၍ ပြုံးပြလိုက်၏။
” တာအိုရောင်းရင်းချန်း။ ကျုပ်ရဲ့သခင်ဆီမှာ ပစ်မှတ်တစ်ခုပဲရှိတယ်။ အဲ့တာ ဝမ်ပေါင်လဲ့ပဲ။ ဒါပေမဲ့ တချို့ကိစ္စလေးတွေကြောင့် သူက ဒီကိစ္စကြီးကို သူကိုယ်တိုင် မဖြေရှင်းနိုင်လို့ ခဗျားရဲ့အကူအညီကို လိုအပ်နေတာ ”
” ဒီတာဝန်ကြီး ပြီးစီးသွားတဲ့အချိန်ကျရင် ကျုပ်ရဲ့သခင်က ကျေးဇူးဆပ်တဲ့အနေနဲ့ အမြုတေထိပ်ဆုံးအဆင့် ရုပ်သေးရုပ်တစ်ရုပ်ကို ပေးမယ်လို့ ကတိပေးထားတယ် ”
ထိုအခါ ချန်းမုမှာ မျက်ခုံးများပင့်မိသွားပြီး စိတ်ထဲ၌ကျိတ်၍ အေးစက်စက် ရယ်မောလိုက်တော့သည်။ သက်လတ်ပိုင်းလူကြီး၏ စကားများမှာ ယုံချင်ဖွယ်ရာမရှိဟု သူက ခံစားနေရ၏။ ထို့အပြင် သူသည် သူ့အား လူသတ်သမားတစ်ယောက်အဖြစ် အသုံးချချင်သည့် အကြံအစည်များကိုပင် ဖုံးကွယ်နေခြင်းမရှိပေ။ ချန်းမုမှာ ဝမ်ပေါင်လဲ့အား သူကိုယ်တိုင် သတ်ပစ်ချင်နေသည့်တိုင်အောင် သူသည် ဉာဏ်နည်းသူတစ်ယောက် မဟုတ်သောကြောင့် အသုံးချခံနေရသည်ဖြစ်ကြောင်း ချက်ချင်းပင် ခန့်မှန်းမိလိုက်၏။
ထို့ကြောင့် သူ၏ စိတ်ဝင်စားမှုများမှာလည်း ပျောက်ချင်းမလှ ပျောက်သွားရတော့သည်။ သူသည် သူ၏ဧည့်သည်အား နှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် သူ၏ရှေ့တွင်ရပ်နေသော ထိုသက်လတ်ပိုင်းလူကြီးမှာ ရယ်မောလိုက်ပြီး အရင်ဆုံးထွက်သွားလိုက်၏။ သို့သော် သူသည် ထွက်ခွာမသွားခင်တွင် ချန်းမု၏ ရှေ့၌ ဗုံငယ်လေးတစ်လုံးကို ချပြလိုက်၏။
ထိုဗုံငယ်လေးမှာ သွေးရောင်သန်းနေပြီး ၎င်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သွေးညှီနံ့များမှာလည်း ထောင်းခနဲ ထသွား၏။ ထို့နောက် ထိုဗုံ၏ အတွင်းပိုင်းထဲမှ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် အော့အန်ချင်စရာကောင်းသည့် စွမ်းအားတစ်မျိုး ပြန့်ထွက်လာ၏။ ထို့အပြင် အံ့ဩမှင်တက်ဖွယ်ရာ ဖိနှပ်အားတစ်မျိုးလည်း ပေါ်ပေါက်လာသေးသည်။ ထို့အပြင် ထိုဖိနှိပ်အားမှာ အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်နှင့် အဆင့်အတူတူ ဖြစ်နေသောကြောင့် ချန်းမုမှာ အကြီးအကျယ် အံ့ဩတုန်လှုပ်သွားရတော့သည်။
” ဒါက အဲဒီရုပ်သေးရုပ်ရဲ့ သစ်စေ့ပဲ။ တာအိုရောင်းရင်းချန်း သေချာစဉ်းစားပါ။ ခဗျားသာ သဘောတူမယ်ဆိုရင် ဒီသစ်စေ့ကို ယူထားလို့ရတယ်။ အချိန်ကျလာမယ်ဆိုရင် ကျုပ်ရဲ့သခင်က ခဗျားကို ဒီသစ်စေ့ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ ပြောပြလိမ့်မယ် ” သက်လတ်ပိုင်းလူကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ခြေလှမ်း အနည်းငယ်ခန့် ဆုတ်ခွာသွားပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူသည် ထိုသို့ထွက်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ အသံမမြည်ဘဲ စတင်လောင်ကျွမ်းလာ၏။ သူ အိမ်အပြင်ဘက်သို့ရောက်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး အရက်မျက်နှာအနှံ့သို့ လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။
ချန်းမုမှာမူ အန္တရာယ်ရှိသည့်ပုံပေါ်သည့် ဗုံငယ်လေးနှင့် မီးတောက်များကြောင့် လောင်ကျွမ်းနေသော ခန္ဓာကိုယ်ကြီးအား ကြည့်ရင်း ချက်ချင်းဆိုသလိုပင် အမူအရာ တည်ကြည်သွားရ၏။ သူသည် ဤကိစ္စကြီးအား အလေးအနက်ထား၍ တာဝန်ယူဖြေရှင်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း သိထားပြီဖြစ်သည်။
သို့သော် သူသည် ထိုဗုံကို လုံးဝမထိခဲ့ဘဲ သေသေချာချာ စဉ်စားတွေးတောလိုက်ပြီးနောက် ၎င်းအား လေ့လာနိုင်ရန်နှင့် ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ သူ၏ မိသားစုမျိုးနွယ်စုဆီသို့ ပို့ဆောင်ပေးရန် လူတစ်ယောက်အား ဆင့်ခေါ်လိုက်၏။
တစ်ချိန်ထဲမှာပင် စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသွားပြီးနောက် ဝမ်ဟွေ့၏ နယ်မြေထဲမှ ထွက်ခွာလာသော ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်အဆောင်များအား ဆက်လက်လေ့လာရန် ကြံရွယ်ရင်း သူ၏ အိမ်ရာဆီသို့ ကျေနပ်အားရမှုအပြည့်ဖြင့် ပြန်သွားတော့သည်။
ထိုနေ့ည ညဉ့်နက်သန်းခေါင်ယံအချိန် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲကာ တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်နှင့် သူ၏ အိမ်တံခါးတို့ဆီမှ အသံများ တစ်ပြိုင်နက်ထွက်ပေါ်လာ၏။ လီဝမ်အာ ထပ်၍ ရောက်ရှိလာခြင်းပင်ဖြစ်သည်…
ဝမ်ပေါင်လဲ့မှာလည်း ထိုအတွက်ပြင်ဆင်ထားပြီးသား ဖြစ်၏။ လီဝမ်အာ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ချီများကို တစ်ကြိမ်နှစ်ကြိမ်တည်းနှင့် အပြီးတိုင် ဖယ်ရှားပစ်၍ ရမည်မဟုတ်ပေ။ သူသည် မျက်လုံးများပွင့်လာပြီး သူ၏ အသံလွင့်လက်စွပ်ကို တစ်ချက်ကြည့်ကာ အိမ်တံခါးကို ဖွင့်ပေးလိုက်သောအခါ အပြင်ဘက်၌ရပ်နေသည့် လီဝမ်အာကို မြင်လိုက်ရ၏။
လီဝမ်အာမှာ စကားတစ်ခွန်းမှမပြောဘဲ ခံစားချက်မပါသည့် အမူအရာဖြင့် အိမ်ထဲသို့ဝင်လာ၏။ သူမသည် ဝမ်ပေါင်လဲ့ လမ်းပြသည်ကိုပင် မစောင့်ဘဲ လျှို့ဝှက်အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားတော့သည်။ သူသည် အိမ်တံခါးအား ပြန်ပိတ်လိုက်ပြီးနောက် ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ အနည်းငယ်ခန့် ထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။ အထူးသဖြင့် လီဝမ်အာ၏ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်ကောက်ကြောင်းကို တွေးမိလိုက်ချိန်တွင် သူ၏ ရင်ခုန်နှုန်းများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်သွားရတော့သည်။ ထို့နောက် သူသည် ချောင်းဟန့်ကာ လျှို့ဝှက်အခန်းထဲသို့ ဝင်သွားလိုက်ပြီး ဆေးကုခြင်းလုပ်ငန်းစဉ်အား စတင်လိုက်တော့သည်…
ယခုအကြိမ်တွင်မူ မီးများမှိတ်ထားသောကြောင့် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ နှစ်ယောက်စလုံးအတွက် ထိုဆေးကုသခြင်း လုပ်ငန်းစဉ်မှာ ပို၍ပင် ချောမွေ့နေတော့သည်။ မနေ့တုန်းကအတိုင်း ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ဖြစ်နေဆဲပင်။
သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သတ်၍ သူ့ကိုယ်သူ ကျေနပ်နေဆဲပင်။ သူသည် လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်အား ကယ်တင်နိုင်ရန် ယခုလို ဆေးကုသပေးနေရခြင်းဖြစ်ကြောင်း မှတ်ယူထား၏။ သူသည် တည်ကြည်မှုနှင့် တာဝန်သိစိတ်အပြည့်ရှိကာ မကောင်းသောအတွေးများ တွေးတောနေခြင်းမရှိပေ။ သူသည် လီဝမ်အာအား ကုသပေးရန်လိုအပ်သောကြောင့်သာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပွတ်သပ်ပေးနေရခြင်း ဖြစ်၏။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့၏ကြားရှိ ဆေးကုသခြင်း လုပ်ငန်းစဉ်ကြီးမှာ သူတို့နှစ်ယောက်၏ နေ့စဉ်ဓူဝ အလုပ်ကြီးတစ်ခုကဲ့သို့ ဖြစ်လာတော့သည်။ သူတို့နှစ်ယောက်၏ ကြားမှဆက်ဆံရေးမှာလည်း ပို၍ပင် ထူးဆန်းလာရ၏။ သူတို့နှစ်ယောက်စလုံး ရုံခန်းထဲ၌ရှိနေသည့် နေ့အချိန်တွင် အရာအားလုံးမှာ ပုံမှန်အတိုင်းပင်။ လီဝမ်အာမှာ အစီရင်ခံစာများ တင်ပြရာ၌ဖြစ်စေ ဝမ်ပေါင်လဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ဖြစ်စေ ယခင်တုန်းကအတိုင်း အေးတိအေးစက်သာ ရှိနေခဲ့၏။
ထို့အပြင် တစ်ခါတစ်ရံ ချန်းမုနှင့် ပတ်သတ်သော ကိစ္စများ ပါလာပါက သူမ၏ လေသံမှာ ခက်ထန်တင်းမာသွားတတ်သေးသည်။
သို့သော် ညအချိန်သို့ရောက်လာသည်နှင့် လီဝမ်အာမှာ သူမ၏ စိတ်ဆန္ဒအလျောက် ဝမ်ပေါင်လဲ့၏ အိမ်ရာဆီသို့ ရောက်ရှိလာသည်ဖြစ်ပြီး လျှို့ဝှက်အခန်းထဲသို့ ဝင်သွားသည်ကဖြစ်သည်။ သူမ၏ အမူအရာမှာ အေးတိအေးစက် ဖြစ်နေဆဲ ဖြစ်ပါသော်လည်း မီးများမှိတ်လိုက်ပြီး ဆေးကုသခြင်းလုပ်ငန်းစဉ် စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမမှာ အခြားလူတစ်ယောက်ကဲ့သို့ လုံးဝပြောင်းလဲသွား၏။ ထိုအချိန်တွင်လသူမမှာ အသက်ရှူသံများ မြန်ဆန်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာသည်သာ ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ စာရိတ္တပျက်ပြားသော အရာများ လုပ်နေကြခြင်း မဟုတ်ပါတော့လည်း ထိုကဲ့သို့ ခန္ဓာကိုယ်နေရာအနှံ့အပြားကို တို့ထိကာ ဆေးကုသပေးရသည့် လုပ်ငန်းစဉ်မှာ သူတို့နှစ်ယောက် ဂူကြီးထဲ၌ ပိတ်မိနေခဲ့သည့် အချိန်တုန်းကထက် ပို၍ပင် ကျူးကျူးလွန်လွန် ဖြစ်နေသလို ခံစားနေရ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီဝမ်အာအစစ်အား မခွဲခြားနိုင်လောက်အောင် ဇဝေဇဝါ ဖြစ်နေရတော့သည်။ သို့သော် ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသည်ဟု သူက ခံစားနေရ၏။ အထူးသဖြင့် သူသည် နေ့အချိန်တွင် လီဝမ်အာနှင့် စကားများခဲ့ရပါက ညအချိန်သို့ရောက်လျှင် လီဝမ်အာ၏ ခန္ဓာကိုယ်အား ပို၍အားထည့်ကာ ကိုင်တွယ်ပွတ်သပ်လိုက်သည်သာ ဖြစ်သည်။ ထိုအခါ လီဝမ်အာမှာလည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရသည့်တိုင်အောင် ငြင်းဆန်ခြင်း လုံးဝမရှိဘဲ ငြိမ်ခံနေလိုက်သည်သာ ဖြစ်သည်…
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ၏ လူပျိုရည်အား အပျက်ခံမိလုဆဲဆဲ ဖြစ်သွားခဲ့ရသည့် အခိုက်အတန့်များစွာ ရှိခဲ့ပေသည်။ သို့သော် သူသည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့သာ ပြုမူခဲ့ပြီး သူ့ကိုယ်သူ ပြန်၍ထိန်းချုပ်လိုက်ရသည်သာ ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲ၌သာ ထင်ယောင်ထင်မှား ဖြစ်နေသည်လားတော့ မသိပေ။ ညအချိန်၌ သူ ထိုကဲ့သို့ ပို၍ ပြုမူလေလေ နောက်နေ့သို့ရောက်လျှင် လီဝမ်အာမှာ မြို့တော်အသစ်နှင့် ပတ်သတ်သည့် ကိစ္စများအတွက် ဝမ်ပေါင်လဲ့နှင့် ပို၍ စကားများရလေလေ ဖြစ်နေတော့သည်…
ဝမ်ပေါင်လဲ့မှာမူ တဖြည်းဖြည်းနှင့် ကျင့်သားရသွား၏။ ထိုသို့ဖြင့် ရက်ပေါင်းနှစ်ဆယ်ကျော် ကုန်ဆုံးသွားသောအခါ လီဝမ်အာ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ချီများ အားလုံးမှာ ပျောက်ကင်းသွားပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဆေးကုသခြင်းလုပ်ငန်းစဉ်အား နောင်တကြီးစွာနှင့် အဆုံးသတ်လိုက်ရ၏။
ဝမ်ပေါင်လဲ့မှာ နောက်ဆုံးအကြိမ် ထွက်ခွာမသွားခင်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲသို့ အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ ထို့နောက် သူမသည် ယခင်အကြိမ်များတုန်းကအတိုင်းပင် စကားတစ်ခွန်းမှမပြောဘဲ ထွက်ခွာသွားတော့သည်။
” ရိုင်းလိုင်တာ။ ငါ့ကို ကျေးဇူးတောင်တင်မသွားဘူး။ ဒီတစ်လလုံး ငါက ပင်ပန်းဆင်းရဲခံပြီးတော့ သူ့ကို နေ့တိုင်း ဆေးကုပေးခဲ့ရတာကို ” ဝမ်ပေါင်လဲ့မှာ စိတ်ပျက်လက်ပျက်နှင့် တွေးလိုက်၏။
ထိုသို့ဖြင့် သုံးရက်တိတိကုန်ဆုံးသွားပြီး စတုတ္ထမြောက်နေ့၏ နေမွန်းတည့်ချိန်သို့ ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာထဲမှ ထွက်ခွာလာပြီး သူ၏ရုံးဆီသို့ သွားလိုက်၏။ မြို့တော်သခင်ရုံးထဲတွင် ကိုယ်ကြပ်တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး အေးတိအေးစက်နှင့် ချောမောလှပနေသော လီဝမ်အာမှာ သူ၏ရုံးထဲ၌ ရောက်နေသည့် ချန်းမုအား ဒေါသတကြီးစိုက်ကြည့်နေ၏။
” နင် ငါ့ကို ဒီလိုကြည့်နေစရာမလိုဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ငွေအရင်းအနှီးနဲ့ ကူညီထောက်ပံ့မှုတွေ ဒီထက်ပိုပြီး လိုသေးတယ်။ အဲ့တာမလို့ မြို့တော်အသစ်ထဲက နင့်ရဲ့ လူအင်အားတွေနဲ့ လုပ်ပိုင်ခွင့်အာဏာကို ငါ့ဆီလွှဲပေးဖို့ တောင်းဆိုတာ ငါ့ဘက်က တရားမလွန်ဘူးလို့ ထင်တာပဲ ” ချန်းမုမှာ ထိုင်ရာမှ မထဘဲ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ သူသည် မြို့တော်အသစ်ဆီမှ လူအင်အားနှင့် လုပ်ပိုင်ခွင့်အာဏာများကို ထပ်၍ တောင်းဆိုရန် ရောက်ရှိလာခြင်းဖြစ်သည်။ သို့မှသာ သူသည် လီဝမ်အာတစ်ယောက် သူ့အား သစ္စာမဖောက်နိုင်အောင် တားဆီးရန် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် သူသည် ထိုကဲ့သို့တောင်းဆိုနေခဲ့သည်မှာ လဝက်ကျော် ကြာမြင့်နေပြီဖြစ်သည်။ လီဝမ်အာကမူ သူတောင်းဆိုသည့် အကြိမ်တိုင်း ငြင်းဆိုခဲ့သောကြောင့် ယနေ့တွင် သူသည် ဒေါသတကြီးဖြင့် သူကိုယ်တိုင် ရောက်ရှိလာရခြင်း ဖြစ်သည်။
လီဝမ်အာမှာ အသက်ရှူသံများ ကျယ်လောင်နေ၏။ သူမ၏ ပုံမှန်စိတ်မျိုးနှင့်သာဆိုလျှင် သူမမှာ ဒေါသတကြီး ပေါက်ကွဲနေပြီးလောက်ပြီ ဖြစ်သည်။ သို့သော် သူမ၏ဖခင်နှင့် ချန်းမိသားစုတို့ မဟာမိတ်ဖွဲ့ထားသည့် အချက်ကို ပြန်တွေးမိလိုက်သဖြင့် ချန်းမု၏ တရားလွန်သော တောင်းဆိုမှုများကြောင့် အလွန်အင်မတန်မှ စိတ်ရှုပ်နေရသည့်တိုင်အောင် သူမမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။
” ချန်းမု။ ငါ့ရဲ့လုပ်ပိုင်ခွင့်တွေကို လွှဲပေးလိုက်တာနဲ့ ပြဿနာတခုခု တက်လာရင် ငါ့ဘက်က အများကြီးနစ်နာသွားမှာ။ ငါတို့တွေ သေသေချာချာပြင်ဆင်ပြီးတော့ ရေရှည်ကို တွေးဖို့လိုတယ်။ ပြီးတော့ ငါ ဒီမှာရှိနေရတဲ့အကြောင်းအရင်းက နင့်ကို ကူညီပေးနိုင်ဖို့…. ”
” ဘာမှ ငါ့ကိုကူညီပေးမယ့်အကြောင်းတွေ လာပြောမနေနဲ့။ နင် ဒီကိုရောက်လာရတဲ့အကြောင်းရင်းက ဝမ်ပေါင်လဲ့နဲ့ ကြိတ်ပုန်းခုတ်ရတာ ပိုလွယ်အောင်လို့မလား ” ချန်းမုမှာ မျက်မှောင်ကြုတ်သွားပြီး မျက်ဝန်းများ အေးစက်သွား၏။ သူသည် သူ၏ အကြံအစည် အောင်မြင်နိုင်ရန် လီဝမ်အာအား ရန်ဆွပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
” ချန်းမု ” လီဝမ်အာမှာ ထိုစကားကိုကြားလိုက်ရသောအခါ သူမ၏ဒေါသစိတ်ကို မထိန်းနိုင်တော့ဘဲ စားပွဲခုံကို လက်ဝါးဖြင့် ရိုက်မိလိုက်၏။
” ငါ့ကိုများ စားပွဲခုံ လာရိုက်ပြနေသေးတယ် ” ချန်းမုမှာလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စားပွဲခုံကို အသက်အကျယ်ကြီးမြည်အောင် ပြန်ရိုက်ပြလိုက်၏။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာတစ်ခုအား လီဝမ်အာဆီသို့ လှမ်းပစ်ပေးလိုက်၏။
” အဲဒီကျောက်စိမ်းပေလွှာထဲက ရုပ်သံမှတ်တမ်းကိုကြည့်လိုက်။ ငါပြောထားမယ် လီဝမ်အာ။ နင် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နင့်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ငါ့ဆီကိုလွှဲပေးရုံကလွဲပြီးတော့ တခြားရွေးချယ်စရာမရှိဘူး။ နင် မလွှဲပေးဘူးဆိုရင် ဒီ ကျောက်စိမ်းပေလွှာကို နင့် အဖေဆီ ပို့လိုက်မယ်။ သူ ဒေါသထွက်တာမထွက်တာ ငါနဲ့မဆိုင်ဘူး။ ဒါပေမဲ့ ငါကတော့ ငါ့ရဲ့ လင်ငယ်နေတဲ့ မိန်းမကို တစ်သက်လုံး လက်ခံမှာ မဟုတ်ဘူး “
👋👋👋👋