Switch Mode

အခန်း (၄၁၉)

အချိုပေါ် သကာလောင်းခြင်း

ဧည့်သည်များ၏ အံ့အားသင့်သွားရသော မျက်နှာအမူအရာများနှင့် ဝမ်ပေါင်လဲ့ပင်လျှင် တအံ့တဩနှင့် မျက်လုံးများ ပြူးသွားရသည်ကို မြင်လိုက်ရသောအခါ လျှိုတောက်ပင်းမှာ စိတ်ထဲ၌ ကျိတ်၍ ကျေနပ်သွား၏။ ထို့နောက် သူသည် လင်းတျန်ဟောက်အား တစ်ချက်လှမ်းကြည့်လိုက်ကြည့်ပြီး စိတ်ထဲတွင် ကျိတ်၍ ရယ်မောနေလိုက်တော့သည်။ လင်းတျန်ဟောက်မှာ သူ၏ လက်ရှိအနေအထားသို့ ရောက်ရှိလာအောင် သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ကြိုးစားခဲ့သည် ဖြစ်ပါသော်လည်း သူနှင့် ယှဉ်လိုက်ပါက နိမ့်ကျနေသေးကြောင်း သူက တွေးနေလိုက်၏။

သူသည် လုပ်ရည်ကိုင်ရည် ရှိရုံသာမက ဝမ်ပေါင်လဲ့ကိုလည်း ဖားယားနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ သူ့အတွက်မူ ထိုအရည်အချင်း နှစ်ခုလုံး၏ အရေးပါပုံမှာ အတူတူပင် ဖြစ်သည်။ သူ ငယ်ရွယ်စဉ်ကတည်းက သူ၏ဖခင်ဖြစ်သူမှာ ထိုအရည်အချင်း၏ အရေးပါပုံကို သေသေချာချာ သင်ကြားပေးခဲ့သည် ဖြစ်သည်။ သူတို့နှစ်ယောက် အရက်တူတူ သောက်ခဲ့ကြသည့် တစ်ရက်တုန်းက သူ၏ဖခင်ဖြစ်သူ သူ၏ပေါင်ကိုရိုက်ကာ ပြောခဲ့သည့်စကားများကို အခုအထိ မမေ့နိုင်သေးပေ။

” လူတိုင်းက ချိုသာတဲ့ စကားလုံးလေးတွေကို ကြားချင်ကြတာပဲကွ။ ဘယ်လို လူမျိုးမဆို နားထောင်လို့ ကောင်းတာလေးတွေပဲ ကြားချင်ကြတာ။ မြင်းနဲ့ နွားတွေလို တိရိစ္ဆာန်တွေကပဲ အဲ့လို စကားလုံးတွေကို မကြိုက်မှာ။ ဒါပေမဲ့ မင်း သိထားရမှာက ဒါတွေအားလုံးက အနုအရွ‌လေးတွေဆိုတာကိုပဲ။ အနုအရွလေးတွေက ဘာလဲဆိုတာကိုရော နားလည်လား။ အချိုပေါ်သကာလောင်းတယ်ဆိုတဲ့ စကားကို ကြားဖူးတယ်မလား။ အေး။ မင်း အဲ့လိုသာ ကျင့်ကြံနေထိုင်တတ်မယ်ဆိုရင် ငါ မင်းရဲ့အနာဂတ်အတွက် စိတ်ပူနေစရာ မလိုတော့ဘူး။ အဲ့တော့ တောက်ပင်း။ မင်း အဲဒီပညာရပ်ကို တတ်မြောက်သွားပြီဆိုရင် လူတိုင်းထက် ခြေတစ်လှမ်းသာသွားမှာပဲ ”

အစပိုင်းတွင် လျှိုတောက်ပင်းမှာ သူ၏ဖခင် ပြောခဲ့သော စကားများကို သိပ်၍ အလေးမထားခဲ့ပေ။ သူသည် ကောင်းကင်တာအိုကျောင်းသို့ စတင်ရောက်ရှိခဲ့သည့် အချိန်တုန်းက သူ၏ဘဝရည်မှန်းချက်မှာ ဓမ္မလက်နက်သခင်တစ်ယောက် ဖြစ်လာရန်ပင် ဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် တွေ့ဆုံခဲ့ရပြီးနောက် သူ၏ ကံကြမ္မာမှာ ပြောင်းလဲသွားခဲ့ရ၏…

ထို့ကြောင့် သူသည် သူ၏ဖခင်၏ ခြေရာကို လိုက်နင်းခဲ့ခြင်း ဖြစ်၏။ ထိုအခါမှသာ သူ၏ဖခင်မှာ အရာအားလုံးကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ခြင်း မဟုတ်ကြောင်း သိခဲ့ရသည်။ တစ်ချိန်ထဲမှာပင် သူသည် ဖားယားခြင်းအတတ်ပညာနှင့် ပတ်သတ်၍ သူသိထားသမျှ အရာအားလုံးကို အခြေခံကာ သူ၏ကိုယ်ပိုင် အယူအဆတစ်ခုကို တီထွင်ခဲ့၏။

” အချိန်အများစုမှာ ဖားယားဖို့အတွက် စကားလုံးတွေ သုံးနေစရာ မလိုဘူး။ အသံတိတ် လုပ်ရပ်တွေက လူသိရှင်ကြား စကားလုံးတွေထက် ပိုအစွမ်းထက်ပြီးတော့ အမြင့်ဆုံးအဆင့်မှာ ရှိနေတာ ” လျှိုတောက်ပင်းမှာ သူ့ကိုယ်သူ ကျေနပ်အားရနေပြီး ထိုရုပ်ထုများနှင့် ပတ်သတ်၍ စကားများများစားစား သိပ်ပြောမနေခဲ့ပေ။ သူသည် ဆွံ့အမှင်တက်နေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကိုသာ ရှေ့မှဦးဆောင်သွားလိုက်ပြီး မြို့တော်နယ်မြေထဲ၌ ဆက်လက်၍ လိုက်လံပြသလိုက်၏။ သူတို့မှာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရင်း ဝမ်ပေါင်လဲ့၏ ပုံစံတူ ရုပ်ထုများမှာ သူတို့၏ ရှေ့၌ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကြ၏။ ထို့ကြောင့် တအံ့တဩ ပင့်သက်ရှိုက်သံများ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။ လူတိုင်းမှာ အံ့အားသင့်နေဆဲပင်ဖြစ်ပြီး လင်းတျန်ဟောက်ပင်လျှင် စိတ်ထဲ၌ အတိုင်းအတာတစ်ခုအထိ အရှုံးပေးလိုက်ရ၏။

သူတို့မှာ ဆက်လက်ကြည့်ရှုနေစရာ မလိုတော့ကြောင်း ခံစားနေကြရပြီ ဖြစ်သည်။ ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲ၌ ဝမ်ပေါင်လဲ့၏ ရုပ်ထုများမှာ လမ်းကြိုလမ်းကြားတိုင်းတွင် ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။ ထို့ကြောင့် သူတို့အားလုံးမှာ ဝမ်ဟွေ့အား စာနာသနားသောအကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။

ဝမ်ဟွေ့မှာမူ ရိုးနေပြီဖြစ်သောကြောင့် သူစ အမူအရာမှာ အသက်မဲ့နေ၏။ သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲ၌ လျှိုတောက်ပင်း ဝမ်ပေါင်လဲ့၏ ပထမဆုံး ရုပ်ထုကြီးကို တည်ဆောက်ခဲ့သည့် အချိန်မှစ၍ ယခုကဲ့သို့ ရုပ်ထုများ မရေမတွက်နိုင်လောက်အောင် ဖြစ်လာသည့် အချိန်အထိ သူသည် အရာအားလုံးကို မြင်ခဲ့ရသောကြောင့် ရိုးနေပြီ ဖြစ်သည်။ ထို့အပြင် လျှိုတောက်ပင်းမှာ ထိုနည်းလမ်းဖြင့် သူ၏ လက်အောက်ငယ်သားများအား ဦးနှောက်ဆေးနေခြင်း ဖြစ်ကြောင်းကိုလည်း သူက သိထား၏။

ထို့ကြောင့် သူသည် သစ္စာရှိသော နောက်လိုက်များကို ထပ်ပြီးဆုံးရှုံးခဲ့ရ၏။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ သူ၏ လက်အောက်ငယ်သားများမှာ သတ်ဖြတ်ခြင်းအတတ်၌သာ ကျွမ်းကျင်ပါသော်လည်း လျှိုတောက်ပင်းနှင့် ယှဉ်လိုက်ပါက ပို၍ပင် အပြစ်ကင်းစင်ကာ ရိုးသားနေဟုပင် သူ၏စိတ်ထဲ၌ ခံစားနေရတော့သည်။

သူ၏ လှည့်ကွက်များကို မည်သူကမှ သတိမထားမိကြသည်တော့ မဟုတ်ပေ။ သို့သော် တစ်ဖက်တွင် ဝမ်ပေါင်လဲ့မှာ အာဏာပြတတ်သည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း လျှိုတောက်ပင်းမှာ သူ၏ လုပ်ရပ်များကို ဖုံးကွယ်ရန် ကြိုးစားနေခြင်း မရှိပေ။ သူသည် မြို့တော်သခင်အား ဖားယားနေသည်ဖြစ်ကြောင်း လူတိုင်းသိအောင် အသိပေးထားသည်ဖြစ်ရာ မည်သူကမှ ဘာမှမတတ်နိုင်တော့ပေ။

ထို့ကြောင့် အခြားသူများမှာ သူ့အား တားနိုင်မည့် နည်းလမ်းများကို မစဉ်းမစားမိနိုင်ဘဲ ဖြစ်နေရတော့သည်။ သို့သော် လျှိုတောက်ပင်း၏ ဝမ်ပေါင်လဲ့အား ဖားယားမှုများကို မည်သည့်နည်းနှင့်မှ ရပ်တန့်နိုင်မည် မဟုတ်ပေ။ တစ်ချိန်ထဲမှာပင် သူတို့မှာ သူတို့နှင့် ဝမ်ပေါင်လဲ့တို့၏ ကြားဥ နားလည်မှုများ လွဲသွားကြမည်ကို မလိုလားပေ။ ထို့‌ကြောင့် ရုပ်ထုများမှာ တဖြည်းဖြည်းနှင့် ပို၍ များလာရတော့သည်…

ဝမ်ဟွေ့မှာ မပျော်မရွှင်ဖြစ်ကာ ခံစားချက်များ ရှုပ်ထွေးနေရစဉ်တွင် လင်းတျန်ဟောက်နှင့် အပေါင်းအပါများအားလုံးမှာ နှုတ်ဆိတ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်နေရပါသော်လည်း အထူးတဆန်း ဖြစ်နေဆဲပင်။ သူသည် ထိုရုပ်ထုများအား ကြည့်ရှုလိုက်သောအခါ ၎င်းတို့မှာ အလွန်အင်မတန်မှ ရုပ်ရည်ချောမောနေကြသည်ကို မြင်လိုက်ရသဖြင့် သူသည် လျှိုတောက်ပင်းအား ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။

လျှိုတောက်ပင်းမှာ ဝမ်ပေါင်လဲ့၏ အကြည့်ကို သတိထားမိလိုက်သောအခါ အားအင်များ တက်ကြွသွားရ၏။ ယခုအကြိမ်တွင် သူ၏ ကြိုးစားအားထုတ်မှုများမှာ တန်သွားပြီဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။ သို့သော် သူသည် သူ့အနေအထားသူ ကောင်းကောင်းသိထားသည် ဖြစ်သောကြောင့် ဖားယားနေရုံလောက်နှင့် လုံလောက်မည်မဟုတ်ကြောင်း နားလည်ထား၏။ ထို့ကြောင့် သူသည် ပျော်ရွှင်မြူးထူးနေသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား မေးလိုက်တော့သည်။

” မြို့တော်သခင် ဒီနေ့ရောက်လာရတဲ့ အကြောင်းအရင်းက အသက်ရှည်နည်း ပညာရပ်ဆိုတဲ့ မိစ္ဆာပညာရပ်ကို ကျင့်ကြံနေတဲ့လူတွေ ရှိမရှိ ကိုယ်တိုင်စစ်ဆေးဖို့မလား ”

လျှိုတောက်ပင်းတစ်ယောက် ထိုကိစ္စအကြောင်း ဦးအောင်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ပို၍ပင် ကျေနပ်သွားရပြီး သူ၏ အပြုံးမှာလည်း ပို၍ပင် အသက်ဝင်လာတော့သည်။ ထို့နောက် သူသည် လျှိုတောက်ပင်းအား လက်ညှိုးကာ ပြုံးပြလိုက်ပြီး လင်းတျန်ဟောက်နှင့် သူ၏ဘေး၌ ရှိနေသော အပေါင်းအပါများအား စိုက်ကြည့်ကာ ဆိုလိုက်၏။

” ကြည့်ပါဦး။ ငါတို့ဘက်က ဘာမှတောင် မမေးရသေးတာကို သူတို့ဘက်က ငါတို့ရဲ့ ‌‌မေးခွန်းကို အရင်ဦးအောင် ဖြေလိုက်တာပဲ ”

ထိုအခါ လင်းတျန်ဟောက်မှာ ပြုံးသွားပြီး သူတို့၏ ပတ်ပတ်လည်ရှိ လူများမှာလည်း လျှိုတောက်ပင်အား ဖော်ရွေစွာ ပြုံးပြကာ စိုက်ကြည့်နေလိုက်ကြတော့သည်။

” မြို့တော်သခင်။ ဒီနယ်မြေထဲက လူတစ်ယောက်မှ အဲဒီမိစ္ဆာပညာရပ်ကို မကျင့်ကြံကြတဲ့ အကြောင်းအရင်းက ကျနော်က လူတိုင်းရဲ့ နားလည်နိုင်စွမ်းတွေကို မြှင့်တင်ပေးထားတာမလို့ သူတို့တွေက လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိနေလို့ပဲ။ ပြီးတော့ ကျနော်က ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးနေတာမလို့ ဒီနယ်မြေကြီးတစ်ခုလုံးက တက်ကြွနေကြတာ ” လျှိုတောက်ပင်းမှာ ချက်ချင်းပင် ရှင်းပြလိုက်၏။ သို့သော် ဝမ်ပေါင်လဲ့အပါအဝင် လူတိုင်းမှာ တစ်ခုခုလွဲနေသည်ကို သတိထားမိလိုက်ကြ၏။

လင်းတျန်ဟောက်မှာ ချောင်းဟန့်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သူ၏ စုံစမ်းစစ်ဆေးမှုများ၏ ရလဒ်များကို တင်ပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြာစားအား နားထောင်ရင်း သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားရတော့သည်။ ထို့နောက် သူသည် လျှိုတောက်ပင်း ပြောခဲ့သည့် စကားများကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်သောအခါ ဤအခြေအနေကြီး အထူးတဆန်းဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။

လျှိုတောက်ပင်းမှာ ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ‌ထိုနယ်မြေထဲရှိ စည်းကမ်းထိန်းသိမ်းရေးဌာနအား တာဝန်ယူခဲ့သည့်အပြင် အကျင့်ပျက်ခြစားမှုကိုလည်း တိုက်ဖျက်နိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့သဖြင့် လုပ်ငန်းစဉ်တိုင်းမှာ ချောမွေ့သွားခဲ့ရ၏။ တစ်ချိန်ထဲမှာပင် တိုင်ကြားမှုတစ်ခုချင်းစီတိုင်းကိုလည်း အမြန်ဆုံးနည်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့၏။ ထိုတိုင်ကြားမှုများထဲ၌ ပါဝင်ပတ်သတ်နေသည့် လူတိုင်းကို ပြစ်ဒဏ်အဆင့်ဆင့် ချမှတ်ခဲ့ပြီး ထိုသတင်းများအား တင်ပြပေးခဲ့သည့် လူများကိုမူ ဆုလာဘ်များ ချီးမြှင့်ခဲ့ပေသည်။

ထိုသို့ဖြင့် သူသည် နောက်လိုက်ပေါင်း မြောက်မြားစွာ ရရှိလာခဲ့၏။ သူ၏ ကြိုးစားအားထုတ်မှုများကြောင့် ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲရှိ လူတိုင်းမှာ တဖြည်းဖြည်းနှင့် အကျင့်ပျက်ခြစားမှုများကို တိုင်ကြားလာကြတော့သည်…

အစပိုင်းတွင် ထိုကဲ့သို့ တိုင်ကြားသူများ သိပ်မရှိခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် အရေအတွက်များလာကြပြီးနောက် လူတိုင်းမှာ သတိကြီးကြီး ထားလာကြပြီး တိုင်ကြားမှုများကို ပြုလုပ်လာကြတော့သည်။ သူတို့မှာ အ‌ရေးကြီးသော ကိစ္စများဖြစ်စေ၊ အသေးအဖွဲကိစ္စများဖြစ်စေ၊ သူတို့မကျေနပ်သည့် အရာအားလုံးကို တိုင်ကြားနေကြသည်သာ ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ထိုစနစ်ကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်သူများမှာ တိုင်ကြားမှုပညာရပ်၌ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့မှာ ထိုသို့တိုင်ကြားရင်းဖြင့် ငွေကြေးအရင်းအနှီးအမြောက်အမြားနှင့် ကျင့်ကြံခြင်းအတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို စုစည်းမိသွားခဲ့ကြ၏။

ဝမ်ဟွေ့ပင်လျှင် ကြံရာမရ ဖြစ်နေခဲ့ရပြီး ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် တွေးမိခဲ့ပါသော်လည်း လျှိုတောက်ပင်းမှာ ဝမ်ပေါင်လဲ့၏ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ကြောင်း သတိပြန်ရသွားသောအခါ လက်လျှော့လိုက်ရ၏။

လူတိုင်းမှာ ထိုကဲ့သို့တိုင်ကြားမှုများကို ပြုလုပ်ရသည်မှာ အကျင့်တစ်ခုကဲ့သို့ ဖြစ်နေကြသောကြောင့် အသက်ရှည်နည်းပညာရပ်အား ပထမဆုံးအကြိမ်အဖြစ် ဖြန့်ဝေရန် ရောက်ရှိလာသည့် ကျင့်ကြံသူမှာ သူ၏ သံသယဖြစ်ဖွယ် လုပ်ရပ်များကြောင့် လူရာပေါင်းများစွာ၏ တိုင်ကြားခြင်းကို ခံလိုက်ရ၏။ သူသည် ထိုနယ်မြေထဲ၌ နာရီဝက်ပင် မနေနိုင်ခဲ့ဘဲ ဖမ်းဆီးခံခဲ့ရသည်ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အသက်ရှည်နည်းပညာရပ်အား မကျင့်ကြံရန် ပိတ်ပင်တားမြစ်သည့် စည်းကမ်းများ ချမှတ်ထားခြင်း မရှိပေ။ သို့သော် ဤနယ်မြေထဲရှိ လူတိုင်းမှာ တိုင်ကြားမှုများ ပြုလုပ်ရသည်ကို အလေ့အကျင့်တစ်လို ဖြစ်နေကြသဖြင့် ထိုကျင့်ကြံခြင်းပညာရပ်၏ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာမှုအပေါ် သဘောထားပုံမှာ အခြားနယ်မြေများနှင့် မတူပေ။ သူတို့မှာ ၎င်းအား ကြီးမားသောပြစ်မှုကြီးတစ်ခုအဖြစ် သတ်မှတ်ထားကြသဖြင့် လူတိုင်းမှာ ထိုပညာရပ်နှင့်ပတ်သတ်သည့် ကိစ္စတိုင်းကို တိုင်ကြားရန် ဆုံးဖြတ်ခဲ့ကြ၏။ အကယ်၍ နောက်ပိုင်းတွင် ၎င်းမှာ ပြဿနာတစ်ခုခု ဖြစ်လာမည်ဆိုပါက သူတို့မှာ ဆုလာဘ်များ ရရှိနိုင်မည် မဟုတ်ပါလော။

အကယ်၍ ၎င်းမှာ ပြဿနာတစ်ခု မဟုတ်လျှင်တောင် သူတို့မှာ တာဝန်ကျေပြီး အလုပ်အပေါ် အာရုံအပြည့် စိုက်ထားကြသည်ဖြစ်ကြောင်း သက်သေပြနိုင်သွားမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို ကြားသိလိုက်ရပြီးနောက် ရယ်ရမလို ငိုရမလို ဖြစ်သွားရ၏။ တစ်ဖက်တွင်မူ လျှိုတောက်ပင်းမှာ သူသည် ဤကိစ္စကြီးအား လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု မှတ်ယူကာ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေ၏။ သို့သော် သူသည် သူ၏ ကြိုးစားအားထုတ်မှုများကို ထပ်၍ ကြွားလုံးထုတ်သင့်သေးကြောင်း ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် တာဝန်သိစိတ်အပြည့်ရှိကာ သစ္စာစောင့်သိသည့် အမူအရာဖြင့် အော်ပြောလိုက်၏။

” မြို့တော်သခင်။ ဒီနယ်မြေထဲမှာ အသက်ရှည်နည်းပညာရပ် စပေါ်လာခဲ့တဲ့ အချိန်တုန်းက ဘာစည်းမျဉ်းစည်းကမ်းမှ မရှိသေးတာကြောင့် တောက်ပင်းဆိုတဲ့ ကျနော်က မြို့တော်သခင် သင်ပေးခဲ့တဲ့ သင်ခန်းစာတွေကို မှတ်မိနေခဲ့တာမလို့ တစ်ခဏလေးတောင်မှ မပေါ့ဆရဲခဲ့ဘူး။ ပြီးတော့ ကျနော်က မြို့တော်သခင်ကို စိတ်ပျက်သွားအောင်လည်း မလုပ်ချင်‌တော့ အမှားတစ်ခုမှ မပေါ်လာအောင်လုပ်ဖို့ ကြိုးစားရတော်မှာလေ။ အဲ့တာမလို့ ကျနော်က ဒီနယ်မြေထဲက ကျင့်ကြံသူတွေ အကုန်လုံးကို အသက်ရှည်နည်းပညာရပ်ကို မလေ့ကျင့်ဖို့ ပိတ်ပင်တားမြစ်ခဲ့တာ။ ကျနော်က အခြေအနေတွေစောင့်ကြည့်ပြီးမှ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ တွေးခဲ့ပေမဲ့ အန္တရာယ်ကြီးတစ်ခု တကယ်ကို ပေါ်ပေါက်လာခဲ့တာလေ ”

” မြို့တော်သခင်က ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီးတော့ လုပ်ရည်ကိုင်ရည် ရှိတာမလို့ အင်္ဂါဂြိုဟ်နဲ့ မြို့တော်အသစ်ရဲ့ အခြေအနေတွေကို ယိမ်းယိုင်သွားအောင် လုပ်နိုင်မယ့် ကြံစည်မှုကြီးကို ပျက်ပြားသွားအောင်လုပ်နိုင်ခဲ့တာ ကံကောင်းတယ်လို့ ပြောရမယ်။ ကျနော်တောက်ပင်း ဒီနယ်မြေထဲက ကျင့်ကြံသူ ထောင်သောင်းများစွာရဲ့ကိုယ်စား မြို့တော်သခင်ကို ကျနော်တို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ် ” လျှိုတောက်ပင်းမှာ ထိုသို့ဆိုလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်တော့သည်။

သူ၏ လုပ်ရပ်များကို မြင်လိုက်ရသောအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ထိုနယ်မြေထဲမှ ကျင့်ကြံသူများမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားကြပြီးနောက် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ ထိုအခါ ဝမ်ဟွေ့နှင့် အပေါင်းအပါများပင်လျှင် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် စိတ်မပါ လက်မပါနှင့် အရိုအသေ ပေးလိုက်ရတော့သည်။

လင်းတျန်ဟောက်မှာမူ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် လုံးဝဆွံ့အမှင်တက်သွားရ၏။ သူသည် လျှိုတောက်ပင်းကြောင့် ပို၍ပင် စိုးရိမ်လာရပြီး ချက်ချင်းပင် ဝမ်ပေါင်လဲ့ဘက်သို့လှည့်ကာ ဦးညွှတ်အရိုအေသပေးလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်၌ ကျေးဇူးတင်စကားများကို ကြားနေရသောကြောင့် ဆွံ့အနေရပါသော်လည်း စိတ်ထဲတွင်မူ အလွန်အင်မတန်မှ ကျေနပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လျှိုတောက်ပင်းအား တစ်ခဏမျှ ဆူပူကြိမ်းမောင်းခဲ့ပါသော်လည်း သူ၏ မျက်ဝန်းထဲရှိ သဘောကျနေသည့် အရိပ်အယောင်များမှာ ပို၍ပင် သိသာထင်ရှားလာတော့သည်။

သူတို့မှာ အချိန်အနည်းငယ်ခန့်ထပ်၍ လှည့်ပတ်ကြည့်ရှုလိုက်ကြပြီးနောက် ဤနယ်မြေထဲရှိ အရာအားလုံးမှာ လျှိုတောက်ပင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သေချာသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ ဝမ်ဟွေ့အား ချီးကျူးစကားဆိုလိုက်ပြီး လင်းတျန်ဟောက်နှင့်အတူ ထွက်ခွာသွားတော့သည်။

တချိန်ထဲမှာပင် သူတို့ထွက်ခွာသွားချိန်၌ ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲရှိ ရုံးခန်းတစ်ခန်းထဲတွင် ချန်းမုမှာ သူ၏ရှေ့၌ ရှိနေသော သက်လတ်ပိုင်းလူကြီးတစ်ယောက်အား အသက်မပါသည့် မျက်နှာအမူအရာဖြင့် အေးစက်စက် စိုက်ကြည့်နေ၏။

” ခင်ဗျားက ဘယ်သူလဲ ” ချန်းမုမှာ ဖြည်းဖြည်းချင်း မေးလိုက်၏။

ထိုကျင့်ကြံသူမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထား၏။ သူသည် ချန်းမု၏ လက်ထောက်တစ်ယောက်ဖြစ်ပြီး သူ၏ဘေး၌ အမြဲတမ်း သတိဝီရိယအပြည့်ဖြင့် ရှိနေတတ်သည် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူသည် ညွှန်ကြားချက်တစ်စုံတစ်ရာမှ မရရှိခဲ့ပါသော်လည်း ချန်းမု၏ ရှေ့၌ ရုတ်တရက်ဆိုသလို ထူးဆန်းစွာ ပေါ်ပေါက်လာခဲ့၏။ သူ၏ အပြုအမူများနှင့် အမူအရာများမှာ သာမန်နှင့် မတူတော့သဖြင့် သူသည် အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။ ချန်းမုမှာ သူ့ဆီမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာနေသည်ကို အတိုင်းအတာတစ်ခုအထိ အာရုံခံမိနေ၏။

” တာအိုရောင်းရင်းချန်း။ ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတဲ့အချက်က ကျုပ်ဆီမှာ အသက်ရှည်နည်းပညာရပ်နဲ့ အချိတ်အဆက်တွေ ရှိနေတယ်ဆိုတာပဲ။ ခဗျား လူတစ်ယောက်ယောက်ကို ခေါ်ပြီးတော့ ကျုပ်ကို ဖမ်းဆီပြီး ဝမ်ပေါင်လဲ့ဆီ သွားအပ်လိုက်လို့လည်း ရတယ်။ အဲလိုမှမဟုတ်ရင်တော့ ကျုပ်အတွက်ရော ခဗျားအတွက်ပါ အကျိုးရှိနိုင်မယ့် အလုပ်တစ်ခုကို လုပ်လို့ရတယ်။ ကျုပ်သခင်ရဲ့ ကိုယ်စား ခဗျားနဲ့ ဆွေးနွေးညှိနှိုင်းမှုတစ်ခု လုပ်ပါရစေ … “

Comment

Leave a Reply

Options

not work with dark mode
Reset