အခန်း ( ၂၀၀ )

သခင်မလေးရွှယ်မေ့ပါလား....တိုက်ဆိုင်လိုက်တာ

ညအချိန်တွင် ရွှယ်မေ့က လက်ဖျားခါလောက်သည့် အမြန်နှုန်းဖြင့် အလင်းတန်းတစ်ခုအလား ပျံသန်းနေရာ လေထဲတွင် တရွှီရွှီမြည်သံများ ထွက်ပေါ်နေတော့သည်။ ချက်ချင်းပင် အလယ်တောင်မှာ တဝုန်းဝုန်းမြည်ဟည်းသံများနှင့် ပဲ့တင်ထပ်လာ၏။

ဂိုဏ်းထဲမှာ ရွှယ်မေ့က အရှိန်အဝါ ကြီးမားသူ ဖြစ်သည်။ သူမ၏ဖခင်မှာ ခေါင်းဆောင်ကြီးအတုမဲ့ ဖြစ်နေသဖြင့် သူမက မည်သို့ပြုလုပ်သည်ဖြစ်စေ အခြားသူများက အမြဲလက်ခံရသည်။

ရွှယ်မေ့သည်လည်း လွန်ခဲ့သောနှစ်များကတည်းက ထိုအချက်ကို ရိပ်မိခဲ့ပြီး ရည်ရွက်ချက်ရှိရှိ အမြဲတမ်း အနိုင်ကျင့်ဗိုလ်ကျလေသည်။

သူမ ရောက်ရှိလာသည့်အခါ အလယ်တောင်၏ အောက်ပိုင်းတွင် အုတ်အုတ်ကျတ်ကျတ် လှုပ်လှုပ်ရွရွဖြစ်သွားပြီး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် ဓမ္မစောင့်ရှောက်သူများမှာ သူတို့၏အင်မော်တယ်ဂူများမှထွက်လာကြတော့သည်။ သူတို့က ထိတ်လန့်တုန်လှုပ်စွာမော့ကြည့်လိုက်သောအခါ ရွှယ်မေ့မှာ လေထဲ၌ပျံသန်းနေသည်ကိုတွေ့လိုက်ရလေသည်။

သူမ ပျံသန်းလာသည့် လမ်းတစ်လျှောက်တွင် သူမ၏ခန္ဓာကိုယ်ကို သွေးရောင်အလင်းတန်းက ဖုံးလွှမ်းထားရာ သူမကို ခပ်ရေးရေးသာမြင်ရသည်။ မည်သူမဆို သူမကို အနီးကပ်ကြည့်ရှုလျှင် သူမ၏ သွေးရောင်မျက်နှာဖုံးအောက်ရှိ မျက်လုံးတွေထဲမှာ အေးစက်ပြီး မာနကြီးသောအရိပ်အယောင်များကို မြင်တွေ့နိုင်သည်။

လူတိုင်းမှာ ချက်ချင်းပင် တုန်လှုပ်သွားကြတော့သည်။

” သခင်မလေး ရွှယ်မေ့က.. အလယ်တောင်ကိုပြန်လာတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး ”

” ပြောရမယ်ဆိုရင် သူမကလည်း အလယ်တောင်ရဲ့အကြီးအကဲတစ်ယောက်ပဲလေ။ ဒါပေမဲ့ မဟာအကြီးအကဲ စုန့်ကျင်းဝမ်နဲ့ အဆင်မပြေတော့ ဒီကိုဘယ်တော့ ပေါ်မလာတတ်ဘူးဗျ”

“အီးးးးး သခင်မလေးရွှယ်မေ့က ဘယ်ကိုသွားနေတာလဲ ”

လူများက သူမပျံသန်းနေသည့် ဦးတည်ရာအား ြကည့်လိုက်ကြသောအခါ ထိုနေရာတွင်သွေးချီများစုစည်းနေကြောင်း သဘောပေါက်သွားကြသည်။ တောင်ပေါ်မှ သွေးချီများမှာ ထိုနေရာဆီသို့ ဖြည်းညင်းစွာ ရွေ့လျားနေကြသဖြင့် ကောင်းကင်ယံမှာ သွေးရောင်အလင်းများပင်ထင်ဟပ်နေသည်။

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအားလုံး၏ မျက်လုံးများမှာ အရောင်လက်သွားသည်။

” အဲဒါ သခင်မလေး ရွှယ်ေမ့ရဲ့ အင်မော်တယ်ဂူရှိတဲ့နေရာမလား။ ဒါဆို သွေးချီတွေက…. ”

” သခင်မလေးရွှယ်မေ့က အဖိုးတန်ရတနာတွေကို ထုတ်လုပ်နိုင်တာလား….”

လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင်ချက်အမျိုးမျိုးပေးနေကြပြီး အင်မော်တယ်ဂူဆီသို့ လိုက်ပါပျံသန်းလိုက်ကြတော့သည်။

ထိုအချိန် ပိုင်ရှောင်ချန်းမှာ အင်မော်တယ်ဂူထဲတွင် သွေးချီများစုပ်ယူနေဆဲဖြစ်သည်။ သူစုပ်ယူနေသည်နှင့်အမျှ သူ၏ထာဝရအသက်ရှည်နည်းကျင့်စဥ်မှာ အလျင်အမြန်တိုးတက်လာခဲ့သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ၌ ပြောင်းလဲမှုမတွေ့ရသော်လည်း သူ၏အပြင် ခန္ဓာကိုယ်မှာ အချိန်နှင့်အမျှ ယခင်ကထက်ပို၍သန်မာလာလေသည်။

” ထာဝရကောင်းကင်ဘုရင်ရဲ့ ပထမအဆင့်….ဆင်ဆယ်ကောင် ဝိညာဥ်ရိုင်း ခန္ဓာကိုယ် ပဲ ” ပိုင်ရှောင်ချန်းက သူ၏ခန္ဓာကိုယ်က ကြီးမားစွာသန်မာလာသည်ကိုသာ စိတ်လှုပ်ရှားစွာဖြင့် အာရုံစိုက်နေခဲ့သည်။

ဆင်ရှစ်ကောင်….ကိုးကောင်….
မကြာမီ သူက ဆင်ဆယ်ကောင်စွမ်းအင်အထိ ရောက်သွားတော့သည်။

ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် သူတစ်ယောက်တည်းသာ ကြားနိုင်သော မြည်ဟည်းသံများ၊ အက်ကွဲသံများနှင့် ပြည့်နှက်သွားသည်။

တချိန်တည်းမှာပင် အေးခဲနေသောရေများက သူ့အား ဖြတ်စီးသွားသည့်အလား သူ၏အသားနှင့်သွေးများတွင် နာကျင်ကိုက်ခဲမှုများ တရွရွတက်လာလေသည်။ ထိုခံစားချက်များပျံ့နှံ့သွားသည့်အခါ သူ၏တစ်ကိုယ်လုံးတုန်ခါသွားတော့သည်။ သူကနောက်တစ်ကြိမ်အသက်ရှုသွင်းလိုက်စဥ် သူ၏နာကျင်မှုမှာ ပြန်သက်သာရာရသွားပြီး တဖြည်းဖြည်းသူ၏ အစာအိမ်အတွင်းရှိနေရာတစ်နေရာသို့ ရောက်သွားလေသည်။

ထိုနေရာသို့ရောက်ေသာအခါ အဆုံးအစမဲ့သုံးစွဲမကုန်သော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာတုန်ခါရာမှ ထိုစွမ်းအင် ဖြစ်ပေါ်လာခဲ့သည်။ တချိန်တည်းမှာပင် သူ၏အသားနှင့်သွေးများမှာ အင်မော်တယ်ဂူထဲရှိသွေးချီများအား ရေဝဲတစ်ခုအလား အငမ်းမရစုပ်ယူတော့သည်။

သွေးချီများက သူ့ထံသို့ မြင်းတစ်ကောင်အလားပြေးလာနေကြပြီး အင်မော်တယ်ဂူ၏အပြင်ဘက်ရှိ သွေးချီများကပင် စတင်၍ သူ့ထံသို့ဦးတည်လာသည်။

ပိုင်ရှောင်ချန်းမှာ တုန်ရီနေပြီး သူ့ကိုယ်သူ ပို၍စွမ်းအားကြီးမားလာကြောင်းခံစားလာမိကာ သူ၏စိတ်နှလုံးထဲတွင် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

အရင်တုံးက သူသည် ကိုယ့်ကိုယ်ကိုယ် အမြဲထိန်းချုပ်နိုင်ခဲ့ပြီး ဘေးနားရှိ သွေးချီအနည်းငယ်ကိုသာ စုပ်ယူခဲ့သည်။ စောစောက အင်မော်တယ်ဂူအတွင်းရှိသွေးချီများကိုသာ စုပ်ယူနိုင်ရန် သူ ကြိုးစားခဲ့သည်။ ထိုအခါမှသာ သွေးရောင်အလင်းများ လေထဲသို့ မြင့်တက်လာခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပြီး မည်သူမဆို သူ့အားရှာတွေ့နိုင်ရန်ခက်ခဲနေလိမ့်မည်။

သို့သော်ယခုအခါ ထာဝရကောင်းကင်ဘုရင်၏ ဝိညာဥ်ခန္ဓာကိုယ်ဆယ်ခုမှာ ဖြစ်ပေါ်လာပြီး သူ့ကိုယ်သူလည်းထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည်။ သူ၏ခန္ဓာကိုယ်မှာ ရေဝဲ တစ်ခုအလား သွေးချီများအားလုံးကိုစုပ်ယူလိုက်သဖြင့် သွေးရောင်အလင်းတန်းများမှာ ကောင်းကင်တွင်ထင်ရှားစွာ ထွန်းလင်းတောက်ပသွားတော့သည်။

သူကဖြစ်ပျက်သမျှကို တားဆီးရန်ကြိုးစားခဲ့သော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ အသွင်ပြောင်းလာသည်နှင့်အမျှ သွေးချီများမှာသူ့ထံသို့ လောင်းချလိုက်သကဲ့သို့တိုးဝင်လာကြပြီး သူ၏စိတ်ထဲတွင်လည်း မြည်ဟည်းသံများမှာ ပဲ့တင်ထပ်နေတော့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ပို၍တုန်ခါလာပြီး သူ၏ခွန်အားမှာလည်း ကြောက်မက်ဖွယ် တိုးပွားသွားတော့သည်။

မကြာမီတွင် သူ၏စွမ်းအားမှာ တည်ငြိမ်ခိုင်မာသွားလေသည်။ ဆင်ဆယ်ကောင်၏အစွမ်းကြောင့် ဝိညာဥ်ရိုင်းခန္ဓာကိုယ် ပေါ်ထွက်လာလေသည်။

ဝုန်းးးးးဝုန်းးးးဝုန်းးးးး။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး သူ၏အနောက်တွင် ဝိညာဥ်ရိုင်းခန္ဓာကိုယ်၏ပုံရိပ်မှာ ပေါ်လာလေသည်။ ၎င်းမှာ ရုပ်လုံးပေါ်နေဆဲဖြစ်သဖြင့် အနည်းငယ် မှုန်ဝါးနေဆဲဖြစ်သည်။ လအနည်းငယ်အတွင်း ၎င်းမှာ မယုံကြည်နိုင်လောက်အောင်ရှင်းလင်း ထင်ရှားလာပေလိမ့်မည်။

အကန့်အသတ်မဲ့စွမ်းအားများကို သူ့ ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းတွင် အာရုံခံ၍ရနိုင်သော်လည်း ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားမှု၌ မွေ့လျော်နေရန်အချိန်မရှိပေ။ လေထဲရှိ သွေးရောင်အလင်းများက သေချာပေါက် အားလုံး၏အမြင်အားဖမ်းစားနေမည်ဖြစ်ကြောင်း သူကသိလေသည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေက အရမ်းကိုဖိနှိပ်ဗိုလ်ကျလွန်းတယ်။ ရိုးရိုးလေးပဲ ကျင့်ကြံခြင်းကိုလုပ်ဆောင်နေရင်တောင် ကြက်ဥခွံပေါ်လမ်းလျှောက်နေရသလို ဖြစ်နေလိမ့်မယ်” သူကအလွန်ထိတ်လန့်လာ သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူအများမှာ သူ့အားမုန်းတီးနေပြီးသားဖြစ်ကြောင်းကိုလဲ သူသိထားလေသည်။ အကယ်၍သူတို့သာ သူ့အား ဤနေရာ၌ရှာတွေ့ခဲ့ပါက သူတို့၏လူသတ်ချင်စိတ်များ တိုးလာအောင်နှိုးဆွသကဲ့သို့ဖြစ်သွားပြီး အကျိုးဆက်မှာစဥ်းစားစရာပင်မလိုပါပဲ ကြောက်မက်ဖွယ်အတိဖြစ်နေပေလိမ့်မည်။

သူထွက်ပြေးတော့မည့်အချိန်တွင် သွေးအဆင်းရှိ အလင်းရောင်တစ်ခုပေါ်လာကာ သူရှိနေသည့်နေရာသို့ လျှပ်စီးလက်သည့်အလား ကျရောက်လာလေသည်။

မျက်စိတမှိတ်အတွင်း ပိုင်ရှောင်ချန်း၏အရှေ့တွင် မိန်းမပျိုတစ်ဦး ပေါ်လာသည်။ သူမက သွေးရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဇီးပွင့်များဖြင့်အလှဆင်ထားသော သွေးရောင်မျက်နှာဖုံးကိုလဲ တပ်ဆင်ထားလေသည်။

ရွှယ်မေ့၏မျက်နှာမှာခံစားချက်ကင်းမဲ့နေပြီး အင်မော်တယ်ဂူတစ်ခုလုံးအား ကြည့်လိုက်လေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ တစ်ဦးဦးက သူမအားစိတ်အနှောင့်အယှက်ပေးရဲလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ စိတ်မကူးကြည့်ခဲ့ဖူးပေ။

သူမ၏အင်မော်တယ်ဂူအတွင်းတွင် တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းလုပ်ဆောင်နေသည်ကိုတွေးကြည့်ရုံမျှဖြင့်ပင် အလွန်ဒေါသထွက်စရာကောင်းနေပြီး မည်သို့ တုန့်ပြန်ရမည်ကို သူမ မသိပေ။ ထို့ပြင်သူမက ထိုကဲ့သို့အတင့်ရဲစွာလုပ်ဆောင်မည့်သူမှာ ကျင့်ကြံခြင်းလောက၏ အောက်ပိုင်းဒေသတွင် ရှိလိမ့်မည်ဟု လုံးဝထင်မထားမိချေ။

သူမက အင်မော်တယ်ဂူထဲရှိ သွေးပုလင်းထဲတွင် သွေးချီများ လုံးဝပြောင်ရှင်းနေကြောင်း အာရုံခံမိသွားပြီးနောက် သွေးချီများအားလုံးစုပ်ယူခံလိုက်ရသည့်အတွက် ပုလင်းမှာလည်း ကွဲခါနီးဆဲဆဲဖြစ်နေကြောင်းသိရှိသွားလေသည်။

ထိုပုလင်းဖြင့် သွေးချီများဆယ်နှစ်တာစုဆောင်းခဲ့ရသော်လည်း တစ်ညတည်းဖြင့်အားလုံးစုပ်ယူခံလိုက်ရသည်။ သူမက ဒေါသထွက်လွန်း၍ တုန်ရီကာ ရပ်နေသော်လည်း နောက်ဆုံးကျန်ရှိနေသောသွေးချီများမှာ အင်မော်တယ်ဂူအားစွန့်ခွာလျက် ပိုင်ရှောင်ချန်းဆီသို့ဝင်ရောက်သွားလေသည်။

ရွှယ်မေ့၏ ဖီးနစ်အသွင် စူးရှသော မျက်လုံးများမှာ အေးစက်စက်လူသတ်ငွေ့များဖြာထွက်သွားပြီး သူ့အားကြည့်လာသည်။

“သခင်မလေး ရွှယ်မေ့ပါလား… တိုက်ဆိုင်လိုက်တာ ” ပိုင်ရှောင်ချန်းက အနည်းငယ်အပြစ်ရှိသည့်လေသံဖြင့် ပြောလိုက်လေသည်။ သူမက အလွန်ဒေါသထွက်နေကြောင်းတွေ့လိုက်ရသည့်အခါ သူ ပထမဆုံးတွေးလိုက်မိသည်မှာ ဂူဘေးမှ ဖြတ်လျှောက်သွားနေတာဖြစ်ကြောင်း ပြောရန်ဖြစ်လေသည်။ သို့သော်လည်း ထိုနေရာရှိသွေးချီများအားလုံးမှာ သူ၏ထာဝရကောင်းကင်ဘုရင်မှပထမအဆင့်ကို ရောက်ရှိရန်ကြိုးပမ်းခဲ့မှုကြောင့် သူ့ထံသို့စီးဝင်နေဆဲဖြစ်သည်။ ထို့အပြင် ကျင့်စဥ်ကို ရပ်တန့်သွားအောင်လည်း လုပ်နိုင်ခြင်းမရှိရာ ငိုမဲ့မဲ့ဖြင့် စကားလမ်းကြောင်းလွှဲလိုက်ရုံမှလွဲ၍ အခြားဘာတစ်ခုမှ မစဥ်းစားတတ်တော့ချေ။

” ဒါကသခင်မလေးရဲ့ အင်မော်တယ်ဂူလား…။ ကျုပ်တို့နည်းနည်း ဆွေးနွေးကြတာပေါ့ဗျာ။ ကျုပ်သခင်မလေးကို အလျော်ပေးနိုင်ပါတယ်ဗျ” သူကအခြားဘာမျှ မပြောရသေးမီ အလယ်တောင်၏ လက်ချောင်းအောက်ဘက်မှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် ဓမ္မစောင့်ရှောက်သူ အများအပြားရောက်ရှိလာသည်။ သူတို့က ထိုနေရာရှိသွေးချီပမာဏလျော့နည်းလာမှုနှင့် ပိုင်ရှောင်ချန်းဆီသို့ သွေးချီများစီးဆင်းနေမှုများကို တစ်ခဏအတွင်း သိရှိသွားခဲ့သည်။

သူတို့က ဖြစ်ကြောင်းကုန်စင်သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းအား သတ်ဖြတ်လိုစိတ်ပြင်းပြသော အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။

“ဒီကောင်ညမုဆိုး ပဲ။ အရင်ရက်တွေတုန်းက သွေးချီတွေကျဆင်းသွားရတာ သူ့ကြောင့်ပဲ…”

” မင်းကြောင့်ပဲ ကျင့်စဥ်ရဲ့တန်ပြန်ဒဏ်ကို ငါခံခဲ့ရတာကွ….”

“ဒီတော့ ဒီကောင်ကလုပ်တာပေါ့။ ချီးလိုပဲ……အဲ့တာသေချာပေါက်သူပဲ”

သူတို့က သတ်ဖြတ်လိုစိတ်ပြင်းပြသည့်အကြည့်များဖြင့် ကြည့်လာကြသောအခါ ပိုင်ရှောင်ချန်းမှာ စတင်၍ တုန်လှုပ်လာလေသည်။

“အမ်…ဟေးး အစ်ကိုတို့..အစ်မတို့…။ ကျုပ်တို့က တစ်ဂိုဏ်းတည်းသားတွေလေဗျာ။ညီညီညွတ်ညွတ်တော့ရှိရမှာပေါ့။ ဆိုတော့….ကျုပ်လျော်ကြေးအဖြစ်ပြန်ထောက်ပံ့ပေးရင်ကော..ဘယ်လိုလဲ ” သူက ရှင်းပြနေရင်းပင် သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ လိမ့်ဆင်းကျလာသည်။ သူဘာမျှမလုပ်နိုင်မီ ရွှယ်မေ့က မေးကိုငေါ့ကာ အကျီလက်ကိုခါထုတ်လိုက်ပြီး ပိုင်ရှောင်ချန်းကို ညွှန်ပြကာ
” သတ် ” ဟု
ရေခဲတမျှအေးစက်လှသော အသံဖြင့် သူမကပြောလိုက်လေသည်။ သူမက ထိုစကားတစ်လုံးသာပြောလိုက်သော်လည်း သူမကမည်မျှ မာနထောင်လွှားကြောင်း ဖော်ပြနေသည်။ သူမကပုရွက်ဆိတ်တစ်ကောင်အား သတ်ရန်အမိန့်ပေးလိုက်သကဲ့သို့ ပေါ့ပေါ့တန်တန်နိုင်လှသည်။

ပတ်ဝန်းကျင်ရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက သူမ၏စကားကို ကြားသည့်အခါ သူတို့၏သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များမှာ ပို၍ အရှိန်အဟုန်မြင့်တက်သွားလေသည်။ ထိုသို့ဖြစ်သွားရသည့်အကြောင်းအရင်းတစ်ခုမှာ ရွှယ်မေ့က သူတို့အား ကာကွယ်ပေးနိုင်သည့်စွမ်းရည်ကို ယုံကြည်သောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ သွေးချီများကြောင့် ရူးသွပ်မတတ်ဖြစ်နေကြရသောကြောင့်ပင် ဖြစ်ပေသည်။

ယခုတွင် သူတို့က တရားခံကို သိရှိသွားကြပြီ ဖြစ်ရာ သူ့အားမသတ်ပဲနေနိုင်မည်မဟုတ်ပေ။ ထိုဖြစ်ရပ်တွင် အကယ်၍ ပိုင်ရှောင်ချန်းကတရားခံမဟုတ်ခဲ့သော်လည်း သူကထိုကိစ္စတွင် တနည်းနည်းဖြင့်ပါဝင်ပတ်သက်နေပေလိမ့်မည်။

ရွှယ်မေ့၏ စကားကိုကြားသည့်အချိန်မှာပင် လူအုပ်စုကြီးက တပြိုင်နက်တိုက်ခိုက်ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း မြောက်မြားလှစွာသော နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များပေါ်လာလေသည်။ မရေမတွက်နိုင်အောင်များပြားလှသော သွေးချီဓားများမှာလည်း ပိုင်ရှောင်ချန်းထံသို့ပျံဝဲ သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအုပ်စုက တိုက်ခိုက်လာသည်ကို မြင်လိုက်ရပြီးနောက် သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ထူပူသွားသည်။ သူက ထာဝရကောင်းကင်ဘုရင်၏ ပထမအဆင့်ကို ရောက်နေသည့်တိုင် ထိုကဲ့သို့တိုက်ခိုက်မှုမျိုးကိုရင်မဆိုင်ဝံ့ဘဲ ထွက်ပြေးလေသည်။

” မင်းတို့ကောင်တွေ… သောက်ရမ်းအနိုင်ကျင့်ကြတာပဲ….” သူက ဆတ်ဆတ်ထိမခံ အော်ပြောလိုက်သည်။
“မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင် တစ်ယောက်ချင်း ချမလား ”

ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်လှုပ်လွန်း၍သတိလက်လွတ်ဖြစ်နေသည်။ ထိုလူများကသူ့အား သတ်ရန်ကြိုးစားနေသည်မှာ အသိအသာပင်။

“ရက်စက်လိုက်ကြတာ…။ ဒါလေးက သွေးချီလေးပဲ မဟုတ်ဘူးလားဗျာ….။ ကျုပ်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူနော်..။ မင်းတို့ကောင်တွေ ကျုပ်ကိုသတ်ဖို့ ကြိုးစားနေကြတာ ယုံနိုင်စရာကိုမရှိဘူး။ မင်းတို့ကျုပ်ကို ဂိုဏ်းထဲက ထွက်သွားအောင်လုပ်နေကြတာလား ” သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အာခေါင်ခြစ်အော်ကာ မရေမတွက်နိုင်အောင်များပြားလှသော နတ်ဘုရားလက်နက်များနှင့် သိုင်းကွက်တွေကို ရှောင်ရှားနေသည်။ သူ၏စိတ်ထဲတွင် ရွှယ်မေ့မှာ အမှန်တကယ် မောက်မာပြီး မာနကြီးကြောင်းတွေးနေသည်။ လျော်ကြေးပေးရန်ပင် သူကမ်းလှမ်းခဲ့သော်လည်း သူမက လက်ကိုခါထုတ်လိုက်ပြီး မေးပင် ငေါ့လိုက်ချေသည်။ ထိုအမူအရာမှာ သူ၏ကိုယ်ပိုင်အမှတ်အသားတစ်ခု မဟုတ်ပါလော။

ည၏အမှောင်ထုတွင် တဝုန်းဝုန်းအသံများနှင့်ဆူညံနေပြီး အလယ်တောင်၏ အောက်ခြေတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်။ ပိုင်ရှောင်ချန်း၏အနောက်တွင် သတ်ဖြတ်လိုစိတ်ပြင်းထန်သည့် မရေမတွက်နိုင်လောက်အောင်များပြားလှသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက ပြေးလိုက်လျက်ရှိသည်။

သို့သော် ပိုင်ရှောင်ချန်းမှာ အမြှီးတက်နင်းခံထားရသော ယုန်တစ်ကောင်ကဲ့သို့ ဖနှောင့်နှင့် တင်ပါးတသားတည်းကျအောင် ပြေးနေလေသည်။

” ကျုပ်ကိုသတ်ဖို့လုပ်နေကြပါတယ်ဗျို့..။ ကယ်ကြပါဦးးး” လုံးဝအစော်ကားခံရသကဲ့သို့ သူခံစားနေရပြီး အရှိန်မြှင့်တင်ကာပြေးနေသည်။ သူ့နောက်မှလိုက်ဖမ်းနေသော လူအုပ်ကြီးမှာလည်း ပိုမိုများပြားလာခဲ့သည်။

သူ့အားလိုက်မဖမ်းသည့် တစ်ဦးတည်းသောသူမှာ ရွှယ်မေ့ဖြစ်သည်။ သူမသည် အံကိုတင်းတင်းကြိတ်ထားပြီး အင်မော်တယ်ဂူထဲသို့ဝင်လိုက်ကာ သွေးပုလင်းအားစစ်ဆေးလိုက်သည်။ ခဏကြာပြီးနောက် သူမက လူသတ်ချင်နေသည့်စိတ်ကို မနည်း ထိန်းလိုက်ရပြီး သွေးချီပြတ်လပ်မှုကြောင့် သွေးပုလင်းမကွဲသွားစေရန် မန္တန်အစီအရင်အားထိန်းညှိလိုက်သည်။

ယခုအခါ လက်ချောင်းအောက်ပိုင်းတစ်ခုလုံး အုတ်အုတ်ကျတ်ကျတ်ဖြစ်နေပြီး ပိုင်ရှောင်ချန်း၏အော်ဟစ်သံများမှာ ဒေါသတကြီးအော်ဟစ်သံများနှင့်အတူ ရောနှောကာ လေထဲလွင့်ပျံနေသည်။

” ဒီကောင် ဘယ်လိုလုပ် မြန်မြန်ပြေးနိုင်ရတာလဲ”

” ကျုပ်သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်တဲ့အထိ လှီးပစ်မယ်”

“ညမုဆိုး ….နတ်ဆရာဆိုတဲ့ကျုပ်က မင်းမသေမချင်း မရပ်ဘူးကွ ”

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက လိုက်လံဖမ်းဆီးကြသော်လည်း ပိုင်ရှောင်ချန်းကအလွန်လျင်မြန်လွန်းပြီး အလယ်တောင်မှာလည်း အလွန်ကြီးမားလွန်းလှသည်။ သူက နှစ်နာရီတိတိ ပတ်ပြေးနေခဲ့ပြီး နောက်ဆုံးတွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအား မျက်ခြေဖြတ်နိုင်သွားတော့သည်။

” သူတစ်နေရာရာပုန်းနေတာပဲ ဖြစ်ရမယ်”

“ဖြစ်နိုင်တယ်…ဒါပေမဲ့ သူထာဝရမပုန်းနိုင်ပါဘူးလေ”

“စိတ်မပူကြနဲ့….ကျုပ် နတ်ဆရာက ဒဏ်ရာရနေပေမဲ့ သူ့ရဲ့တည်နေရာကိုတော့ တွက်ချက်နိုင်ပါသေးတယ်” သူကအံကိုကြိတ်ကာ အေးစက်စက်လှောင်ရယ်လိုက်ပြီး ပိုင်ရှောင်ချန်း၏တည်နေရာအား စတင်တွက်ချက်တော့သည်။

ခဏတာကုန်လွန်သွားပြီးနောက် သူ၏မျက်လုံးများမှာ ယခင်ကထက်ပိုမိုနီရဲနေပြီး ရုတ်တရက် အတန်ငယ်ဝေးသော နေရာသို့ညွှန်ပြလိုက်သည်။ ထို့နောက် သွေးရောင်လိပ်ပြာတစ်ကောင်မှာသူ၏ လက်ချောင်းထိပ်မှ ထွက်လာပြီး လူအုပ်ကြီးမှာလည်းထိုလိပ်ပြာနောက်သို့လိုက်ကြတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အတော်လေးဝေးလံသောအင်မော်တယ်ဂူထဲတွင် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလျက် ပုန်းအောင်းနေသည်။

” အဲ့တာ ရွှယ်မေ့ရဲ့အင်မော်တယ်ဂူမှန်း မသိလို့ပါကွာ…။ ဘယ်သူမှမနေတဲ့ ဂူအလွတ်ကြီးထင်ပြီး အဲ့နေရာအလကား ဖြစ်မသွားစေချင်လို့ကို။ ငါက ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူးဟာ….” သူကပြန်လည်တိုက်ခိုက်ချင်ပါသော်လည်း လူဘယ်လောက်များများ သူ့ကို စိတ်ဆိုးဒေါသထွက်နေကြောင်းစဥ်းစားမိလိုက်သောအခါ သူပြန်၍မတိုက်နိုင်ကြောင်းသိသည်။ ထိုအချိန် သူ၏အရှေ့၌ သွေးရောင်လိပ်ပြာတစ်ကောင်ရုတ်တရက်ပေါ်လာသည်။ သူက တွေဝေတုံ့ဆိုင်းမနေဘဲ အမြန်ဆုံးသောနည်းဖြင့် ပြေးထွက်လိုက်တော့သည်။

သူထွက်ပြေးပြီးလိုက်စဥ်မှာပင် မူလက သူရပ်ခဲ့သောနေရာမှာ မရေမတွက်နိုင်အောင်များပြားလှသည့် နတ်ဘုရား လက်နက်များနှင့် သိုင်းကွက်များကြောင့် ပျက်စီးသွားလေသည်။ အကယ်၍ သူသာထို့ထက်အနည်းငယ်နောက်ကျသွားပါက ကျိန်းသေဒဏ်ရာရရှိသွားလိမ့်မည်။

များစွာသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ ထိုနေရာသို့ ရောက်ရှိလာကြပြီး သူတို့ထဲမှတချို့မှာ သူ၏လမ်းကြောင်းကိုပိတ်ဆို့ရန်လုပ်ဆောင်ကြပါသော်လည်း သူကအလွန်လျင်မြန်ကာ လွတ်မြောက်သွားပြန်သည်။

ထပ်မံ၍ အလယ်တောင်တွင် နောက်ထပ်ကြီးမားသောလိုက်လံဖမ်းဆီးမှုကြီးတစ်ခုဖြစ်သွားပြန်သည်။

တစ်နာရီကြာပြီးနောက် လူအုပ်စုကြီးမှာ သူ့အားနောက်တစ်ကြိမ် ရှာမတွေ့တော့ပေ။ နတ်ဆရာက သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ သွေးရောင်လိပ်ပြာလေးအား ပိုင်ရှောင်ချန်းကိုရှာဖွေရန် စေလွှတ်လိုက်ပြန်သည်။

” ညမုဆိုး မလွတ်မြောက်စေရဘူး။ သူကျုပ်ရဲ့ ဝေဒအတတ်ကို ဘယ်လိုမှရှောင်လွဲလို့ရမှာ မဟုတ်ဘူး”

ထပ်ခါထပ်ခါပင် ပိုင်ရှောင်ချန်းက မည်သည့်နေရာတွင်မဆို ပုန်းအောင်းနေပါစေ သွေးရောင်လိပ်ပြာလေးမှာ သူ့အားရှာတွေ့သွားပြီး ဒေါသထွက်နေသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကလည်း သူ့နောက်သို့ ပြေးလိုက်ကြပြန်သည်။

နောက်ဆုံးတွင်သူက နတ်ဆရာ၏ စကားကိုကြားသွားခဲ့ပြီး သူ၏တည်နေရာကိုလိုက်ရှာနိုင်ခြင်းမှာ နတ်ဆရာ၏အားထုတ်မှုများဖြစ်ကြောင်းသဘောပေါက်သွားသည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ ကသိကအောက်ဖြစ်သွားပါသော်လည်း ဘာမျှမလုပ်နိုင်ပေ။ လူလိမ်ညမုဆိုးမှာလည်း ဝေဒပညာရပ် တချို့အားလေ့လာဖူးသော်လည်း သူကအတွေ့အကြုံမရှိသေးသောသူဖြစ်ပြီး နတ်ဆရာနှင့်မည်သို့ရင်ဆိုင်ရမည်ကိုမသိပေ။

” ဒီလူတွေက တကယ့်လူယုတ်မာတွေ..။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကမှ ပိုပြီးကောင်းသေးတယ်။ လျှပ်စီးလက်တာနဲ့ အက်စစ်မိုးတွေရွာအောင်လုပ်မိတာတောင် သူတို့ကကျောက်ခဲနဲ့ပဲ ပစ်ကြတာ..။ ဒါပေမဲ့ဒီမှာကျတော့ သေးသေးမွှားမွှားကိစ္စလေးတောင် သတ်မယ် ဖြတ်မယ်လုပ်နေတာ…။ တော်တော်အနိုင်ကျင့်လိုက်ကြတဲ့ သောက်ကောင်တွေ…” သက်ပြင်းများချရင်း ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအား လွမ်းနေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset