သူတို့၏ရှေ့မှ အမှတ်တရ ရုပ်တုကြီးမှာကား ကြီးမြတ်ကာ ဂုဏ်ကျက်သရေ ရှိလှသည်။ ကျောပေါ်တွင် အနက်ရောင် ဆံပင်များ ဝဲကျနေသည်။ သူ၏မျက်လုံးများက တောက်ပလွန်းရကား သူ၏ရှေ့မှ လူများအား ထွင်းဖောက် ကြည့်နေသကဲ့သို့ ထင်ရသည်။ သည်ရုပ်တုကား ဧကရာဇ်ရီချင်၏ တုနှိုင်းမရသော အရှိန်အဝါများအား ခံစားရစေသည်။
ဧကရာဇ်ရီချင်ကား အရှေ့ကောင်းကင်မြေ ဒေသ၏ ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သည်။ သူ၏အမည်မှာ သူသေပြီးနောက် တားမြစ်ထားသော နာမည် ဖြစ်လာသော်လည်း သီးသန့် စကားဝိုင်းများတွင် ရည်ညွှန်းနေကြဆဲ ဖြစ်သည်။
ယခု… ထိုနာမည်ကား ထိတ်လန့်ဖွယ် သူတို့၏ရှေ့သို့ အသက်ဝင်လာခဲ့ပြီ။ ထို တီအန်ယွာ တောင်ကြောပေါ်တွင် သည်မျှ အသက်ဝင်သော ဧကရာဇ်ရီချင်၏ ရုပ်တု ရှိနေလိမ့်မည်ဟု သူတို့ မထင်မိခဲ့ကြပေ။
ထို့အပြင် ထိုနဂါးမှာ သူ၏ စီးတော် သတ္တဝါ ဖြစ်လေမလား တွေးမိကြ၏။
“ဝိုး… ဟိုမှာ ကြည့်လိုက်စမ်း… ဧကရာဇ်ရီချင်ရဲ့ ရတနာတွေများလား မသိဘူး…” တစ်ယောက်က လှမ်းအော်လိုက်လျှင် ဟိုင်ရန်ကျောင်းတော်၏ ကျောင်းအုပ်ကြီး တန်မိုက မျက်မှောင်ကြုတ်လျက် ရှာဖန်အား ကြည့်လိုက်သည်။ ရှာဖန်ကား သည်နေရာကို လာရောက်ရခြင်း၏ ရည်ရွယ်ချက် အမှန်ကို ဖုံးကွယ်ထားသည်မှာ ထင်ရှားလှသည်။
ချင်ရွှီက ရုပ်တုအောက်ခြေရှိ လဲလျောင်းနေသော နဂါးကြီးအား ကြည့်လိုက်သည်။ သူကား အတန်ကြာ တွေဝေသွားသည်။ နှစ်များစွာ အကြာက သည်နေရာအား သူ၏ဆရာနှင့်အတူ ရောက်ခဲ့စဉ်က သည်နဂါးအား သူမမြင်ခဲ့ပေ။ ရုပ်တုနှင့် သားရဲကောင်ကြီးများ သာလျှင် ရှိသည်။ နဂါးကား နောက်မှ ရောက်ရှိလာခြင်း ဖြစ်ရမည်။
“အားလုံးပဲ… ဒါတွေက ဧကရာဇ်ရီချင်ရဲ့ ကျန်ရစ်ပစ္စည်းတွေပဲ… ရုပ်တုရဲ့နောက်မှာ ဝင်ပေါက်တစ်ပေါက် ရှိတယ်… ရတနာတွေက အထဲမှာ ရှိတယ်ဆိုတာ သေချာတယ်… ရတနာတွေ မတွေ့ရင်တောင်မှ ဒီသေနေတဲ့ နဂါးရဲ့ ကိုယ်က ရတနာပဲ…” သူ့ပုံကြည့်ရသည်ကား လောဘကြောင့် မျက်လုံးများ တဝင်းဝင်း တောက်ပနေကာ အကယ်၍သာ သားရဲကောင်ကြီးများ မရှိခဲ့ပါက ရှေ့ဆုံးမှ ပြေးသွားတော့မည့်ဟန် ရှိနေသည်။
တန်ဖေးက ရှာဖန်အား သည်သားရဲကောင်ကြီးများမှာ သားရဲအုပ်မှ အကောင်များနှင့် ကွာခြားကြောင်း ပြောလိုက်သည်… “သခင်လေးရှာ… ဒီသားရဲကောင်တွေက မတူဘူး… ဒီကောင်တွေက အရမ်း အပျင်းထူပုံရတယ်… ကျုပ်တို့တွေကိုတောင် အရေးမလုပ်ဘဲ အေးအေးဆေးဆေး လဲလျောင်းနေကြတယ်…”
“ဒါကြောင့် ကျုပ်တို့ အတူတူ ပူးပေါင်းဖို့လိုတယ်…” ရှာဖန်က ပြောလိုက်သည်။
“ဧကရာဇ်ရီချင်က ချင်းကျူ မြို့ဇာတိဆိုတာ မသိခဲ့ဘူး… ပြီးတော့ သူ့ရဲ့ ရတနာတွေရောပဲ… ဒီအကြောင်းအရာတွေကို ကျုပ်ကို ဘယ်လောက်အထိ ဖုံးကွယ်ထားဦးမလဲ…” တန်မိုက ရှာဖန်အား မေးလိုက်သည်။
ရှာဖန်က တန်မိုအားကြည့်ကာ ပြုံးလိုက်သည်… “အမှန်က ဧကရာဇ်ရီချင်က ဒီမြို့မှာ နေခဲ့တယ်ဆိုတာ ခုတလောကမှ သိခဲ့ရတာ… ဒါပေမဲ့ သူ့ရဲ့ ရတနာတွေက ဒီရုပ်တုကြီးရဲ့ အထဲမှာ ရှိနေလား မရှိဘူးလားဆိုတာ မသေချာဘူး… ကျုပ်က ဒီအကြောင်းတွေကို လျှို့ဝှက်ထားချင်တာ…”
“ကောင်းပြီ…”တန်မိုက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းကား အမှန်ကို ပြောခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ရီချင်ကား ချင်းကျူ မြို့ဇာတိဖြစ်သည်။
သို့သော်လည်း သူမသိသည်ကား ရီဖူရှင်းကလည်း ထိုအချက်နှင့် ပတ်သက်၍ ထိတ်လန့်သွားခြင်းပင်။ သူကား လုပ်ဇာတ်ခင်းကာ ပြောခဲ့ခြင်းဖြစ်ပြီး သူ့တွင် သက်သေပြရန် ဘာမှ မရှိပေ။ အံ့အားသင့်စရာ ကောင်းအောင်ပင် ရှာဖန်က ဧကရာဇ် ရီချင်မှာ ချင်းကျူမြို့တွင် နေခဲ့ကြောင်း ဝန်ခံခဲ့သည်။
“အလုပ်လုပ်ရမည့် အချိန်ပဲ…” ရှာဖန်က ညွှန်ကြားလိုက်သည်။
သို့သော် မည်သူကမှ လှုပ်ရှားခြင်း မရှိပေ။ သည်အချိန်တွင်မူ မည်သူကမှ ရှာဖန်အတွက် အသက်စွန့်လိုသော ဆန္ဒမရှိပေ။
“ဗိုလ်ချုပ်ချင်… ကျောင်းအုတ်ဂူ…” ရှာဖန်က ချင်ရွှီနှင့် ဂူမူအား ကြည့်ကာ မေးလိုက်သည်။
“ကျုပ်တို့ တာဝန်တွေ ပြီးသွားပြီ… မင်းရဲ့ အကျိုးအမြတ်တွေအတွက် ချင်းကျူ ကျောင်းတော်နဲ့ မဟူရာ မြင်းစစ်သည်တွေကို အသေမခံနိုင်ဘူး…” ချင်ရွှီက အေးစက်စွာ ပြောလိုက်သည်။ ထိုမျှများပြားသော သားရဲများနှင့် တိုက်ခိုက်ရန်…။ ရှာဖန်ကား သူတို့အား ထိုဝင်ပေါက်သို့ ချဉ်းကပ်နိုင်ရန် ၎င်းအနားရှိ သားရဲများထံ အာရုံလွှဲရန် ရည်ရွယ်ချက်ဖြင့် စေလွှတ်ခြင်းဖြစ်သည်။
“သခင်လေးရှာ… အောက်မှာ သားရဲကောင်ကြီးတွေ အများကြီးပဲ… ကျုပ်တို့ထဲက တချို့လူတွေ သေမှာပဲ… သခင်လေးရှာက ဧကရာဇ်ရီချင်ရဲ့ ရတနာတွေကို ရမယ်ဆိုရင် ကျုပ်တို့က ဘာရမှာလဲ… ကျုပ်လူတွေကို အလကားတော့ အသေမခံနိုင်ဘူး…” တန်မိုက အကဲစမ်း မေးလိုက်သည်။ ရှာဖန်ကား အငိုက်မိသွား၏။ ထို့နောက် သူပြုံးလိုက်သည်။ ရီဖူရှင်းက သူ၏ အစီအစဉ်များအား ပြောပြထားပြီး ဖြစ်သည်ကို သူ ရိပ်မိလိုက်သည်။
“အန်ကယ်…” ရှာဖန်က သူ၏ဘေးနားမှလူအား ကြည့်လိုက်သည်။ ထိုအခိုက်မှာပင် ထိုလူ၏ကိုယ်မှာ အားပြင်းသော ဓားစွမ်းအင် မုန်တိုင်းတစ်ခု ပွင့်ထွက်လာ၏။ ထိုမုန်တိုင်းကား အလွန်ကြီးမား ကျယ်ပြန့်လာကာ ချက်ချင်းပင် ထိုနေရာရှိ လူအားလုံးကို ဖုံးလွှမ်းသွားသည်။
လူတိုင်းက စိုးရိမ်သွားကြသည်။ ထိုဓားမုန်တိုင်းကား အလွန် အင်အားပြင်းရကား ထိုနေရာရှိ လူတိုင်းအား ဖျက်ဆီးတော့မည် ကဲ့သို့ပင်။
“သူက အကာနာ အဆင့်ပဲ… ဒါ အရမ်း ကြောက်စရာ ကောင်းတယ်…” ဟွာဖန်းလူက ရှာဖန်ကား အလေးအနက် ဖြစ်လာသည်ကို ရိပ်မိလိုက်သည် သူကား သူ၏ဦးလေးတော်စပ်သူ ဒွန်ဟိုင်မြို့တော်မှ အလွန် စွမ်းအားပြင်းသော အကာနာအဆင့် ဓားပညာရှင်အား ဖိတ်ခေါ်ထားသည်။ ထို ဧကရာဇ်ရီချင်၏ ရတနာများကား တန်ဖိုးကြီးလွန်းရကား ရှာဖန်က သူ၏စစ်တပ်အား လုံးဝယုံကြည်နိုင်ခြင်း မရှိပေ။
တန်မိုကလည်း အခြေအနေမဟန်မှန်း သိလိုက်ကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။
“ခင်ဗျားတို့မှာ ဘာမေးစရာရှိသေးလဲ…” ရှာဖန်က ဟက်ဟက်ပက်ပက် ရယ်မောကာ မေးလိုက်သည်။ သူကား လက်ရှိအခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
“မဟူရာမြင်းစစ်သည်တွေက မင်းအတွက် တိုက်ခိုက်ပေးမယ်… ချင်းကျူ ကျောင်းတော်က လူငယ်တွေကို သွားခွင့်ပေးလိုက်ပါ…” ချင်ရွှီက ပြန်ပြောလိုက်သည်။
“ခင်ဗျားက သေချင်နေတာလား…” ရှာဖန်ကား စိတ်ရှည်ပုံ မရတော့ပေ။ သူ၏ ဦးလေးက ရုတ်တရက် အားပြင်းသော ဓားချက်တစ်ချက် လွှတ်လိုက်သည်။ ထိုဓားချက်ကား အလွန် လျင်မြန်လွန်းရကား ရှောင်ဖယ်ရန် မဖြစ်နိုင်ပေ။ ချင်ရွှီအနီးမှ မဟူရာမြင်းစစ်သည် အချို့မှာ ထိုဓားချက်ဖြင့် သေဆုံးသွားကြပြီး ချင်ရွှီ၏ လက်မောင်းတစ်ဖက်မှာ ပြတ်တောက်သွား၏။
“ဗိုလ်ချုပ်…” မဟူရာမြင်းစစ်သည်များက ချင်ရွှီ၏ဘေးနားတွင် စုကာ အကာအကွယ် ယူလိုက်ကြသည်။ သူတို့က ယခုဖြစ်ပျက်သွားသည်များအား ကြည့်ကာ ထိတ်လန့်နေကြသည်။
“အဖေ…”ချင်ယီက ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ရှာဖန်၏ဦးလေးက လေထဲသို့ခုန်တက်ကာ နောက်ထပ် ဓားချက်တစ်ချက် ထုတ်လွှတ်ရန် အဆင်သင့်ပြင်လိုက်သည်။
“တခြား မေးခွန်းရှိသေးလား…” ရှာဖန်က အေးစက်စွာ မေးလိုက်သည်။
“မဟူရာမြင်းစစ်သည်တွေက တိုက်ခိုက်မယ်… ချင်းကျူ ကျောင်းတော်က လူငယ်တွေကို ပေးသွားဖို့ ကျုပ်ပြောနေတယ်…” ချင်ရွှီကား လက်မလျှော့ပေ။ သူ၏ပြတ်နေသောလက်မှ သွားများ ယိုစိမ့်ကျနေသော်လည်း သူကား တည်ငြိမ်လှသည်။
ရှာဖန် ဒေါသထွက်သွားသည်။ သူကား ချင်ရွှီ၏စစ်တပ်အား သူ့အတွက် တိုက်ခိုက်ရန် လိုအပ်သည်။ သို့သော် သူတို့၏ဗိုလ်ချုပ်မပါဘဲ မဖြစ်နိုင်သည်ကို သူသိသည်။ သူဘာမှ မတတ်နိုင်ပေ။
“ကောင်းပြီ… ကျောင်းသားတွေကို ပေးသွားလိုက်…” ထို့နောက် ရှာဖန်က တန်မိုအား ကြည့်လိုက်သည်… “ကျောင်းအုပ်တန်မို… ခင်ဗျားရော ပြောစရာရှိသေးလား…”
“မင်းပြောတာတွေ ကျုပ်လက်ခံတယ်…” တန်မိုကား ချင်ရွှီကဲ့သို့ သတ္တိမျိုးမရှိပေ။
“ဒါဆို သွားရအောင်…” ရှာဖန်က အမိန့်ပေးလိုက်သည်။ စစ်တပ်က အောက်ခြေမှ သားရဲကောင်ကြီးများအား စတင် တိုက်ခိုက်ကြသည်။ မဟူရာမြင်းစစ်သည်များက ရှေ့တန်းမှ အကာအကွယ်ပေးကာ ချီတက်ကြပြီး ထိုဓမ္မအဆင့်ထက်ပိုသော စွမ်းအားမြင့်သော သူများက သူတို့၏နောက်က လိုက်ကြသည်။ ရှာဖန်က တိုက်ခိုက်မှု အခြေအနေအား စောင့်ကြည့်နေသည်။ သူကား ထို သားရဲများ၏ အင်အားကို ကနဦး စမ်းသပ်လိုသေးသည်။
“ထွက်သွား… မဟုတ်ရင် သေစမ်း…” ထိုစဉ် စစ်တပ်တစ်ခုလုံးအား ကျက်သီးတဖြန်းဖြန်း ထစေနိုင်အောင် တောင်ကြားထဲမှ ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သော အသံတစ်သံအား ကြားလိုက်ရ၏။ မကြာခင် သူတို့က အဖြူရောင် သတ္တဝါဆန်းကြီး တစ်ကောင်က ထို သားရဲအုပ်ကြီးနှင့်အတူ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူကား တဖြည်းဖြည်းနှင့် ကြီးထွားလာကာ တောင်ကုန်းငယ် တစ်ခုကဲ့သို့အလား မှတ်ယူရ၏။ တခြား သားရဲများကလည်း သူ၏အသံကြောင့် နိုးထသွားကြသည်။ ရုတ်တရက် တောင်ကြားထဲမှ သားရဲများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
“ဘာဖြစ်…” ရှာဖန်ကား ကြောက်ရွံ့သောကြောင့် ကတုန်ကယင် ဖြစ်သွားသည်။ သည်နေရာတွင် သားရဲဘုရင်အား တွေ့ရမည်ဟု သူမထင်မိပေ။
သူ၏မျက်လုံးကိုပင် သူ မယုံနိုင်ပေ။
သူက ဧကရာဇ်ရီချင်၏ ရုပ်တုအား ကြည့်လိုက်သည်။ သည် သားရဲဘုရင်မှာ ရုပ်တု၏ ကာကွယ် စောင့်ရှောက်သူပေလော။
လူတိုင်းက ထိတ်လန့်သွားကြသည်။ ထိုသားရဲဘုရင်မှာ လူဝံကြီးဖြစ်သည်။ သူက မတ်တတ်ရပ်လိုက်လျှင် သူကား ကြီးမားလွန်းသောကြောင့် ဘေးနားရှိ အရာအားလုံးမှာ သေးငယ်သွားသလို ထင်မှတ်ရ၏။
“သေစမ်း အနှောင့်အယှက်ကောင်တွေ…” လူဝံကြီး၏ မာန်မဲသံကြီး ထွက်လာသည်။ သူ၏အသံကြောင့် တောင်များ လှုပ်ခါသွားသည်။
“နှောင့်ယှက်မိတာ တောင်းပန်ပါတယ်…” ရှာဖန်က ပြောလိုက်သည်။ သူက သည်တစ်ကြိမ် လုံးဝ ရှုံးနိမ့်ခဲ့ပြီကို သိလိုက်သည်။
သူတို့ကား သူတို့၏ လူအတော်များများအား ဆုံးရှုံးပြီးဖြစ်သလို သည်အရာအားလုံးမှာ သည်နေရာအား ရှာဖွေရန်ဖြစ်သည်။
စစ်တပ်များအားလုံး တောင်ကုန်းပေါ်သို့ ပြန်၍ ဆုတ်ခွာလာကြသည်။ တန်မိုက စတင်၍ ပြောလိုက်သည်… “ရှာသခင်လေး… စိတ်မကောင်းပါဘူး… ကျုပ်တို့ ဘာမှ မတတ်နိုင်ဘူး…”
ရှာဖန်၏မျက်နှာကား မည်းမှောင်နေသည်။ ကြည့်ရသည်မှာ သူကား ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးလိုပင် သူ၏ရင်ဘတ်ထဲမှ ဒေါသများ လှိုင်းထနေသည်ကို အခြားသူများအား ခံစားရစေသည်။
“သားရဲတွေနဲ့ သွားတိုက်ခိုက်ပြီး အဲဒီမှာ သွားသေစမ်း…” ရှာဖန်က တန်မိုအား ပြောလိုက်သည်။ တန်မို ထိတ်လန့်သွားသည်။
“ရှာသခင်လေး… သူ့ကို ခွင့်လွှတ်ပါ… ကျောင်းအုပ်တန်က တခြားလူတွေ သွေးထိုးလို့ပါ…” မူရွန်ချူက ဝင်ပြောလိုက်သည်။
ရီဖူရှင်းက သူ၏အကြံမှာ အားလုံး ပေါ်ကုန်တော့မည်ကို သိသည်။ သူက ရှာဖန်နှင့် တန်မိုတို့အကြား အက်ကြောင်းများထင်အောင် ကြိုးစားခဲ့သော်လည်း တန်မိုက ရှာဖန်ထံ ဦးညွှတ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“ဟုတ်တယ်… ရီဖူရှင်းက ကျုပ်ကို သခင်လေးနဲ့ ရန်တိုက်ပေးတယ်… သူက ပြောတယ်… ကျုပ်ကို မဟူရာမြင်းစစ်တပ်။ ချင်းကျူ ကျောင်းတော်တို့နဲ့ ပူးပေါင်းပြီး သခင်လေးကို ရင်ဆိုင်ဖို့ ကူညီမယ်ပြောတယ်…” တန်မိုက ရီဖူရှင်းအား ထိုးကျွေးလိုက်ခြင်း ဖြစ်သည်။ တန်ယွီကား သူမ၏အဘိုးစကားများအား ကြားကာ အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူမက ရီဖူရှင်းအား ခင်မင်နေပြီဖြစ်သည်။
“ဒါဆို ချင်းကျူ ကျောင်းတော်က ရီဖူရှင်းကို စေလွှတ်ပြီး ကျုပ်နဲ့ရင်ဆိုင်ဖို့ ကြံတယ်ပေါ့… ဟုတ်လား…” ရှာဖန်၏အသံကား အေးစက် တင်းမာနေသည်။
“ရှာသခင်လေး… ရီဖူရှင်းက ကျုပ်တို့ ချင်းကျူ ကျောင်းတော်က ထုတ်ပယ်ထားတာ ကြာပြီ… သူ့လှုပ်ရှားမှုတွေက ကျောင်းတော်နဲ့ ဘာမှ မပတ်သက်ပါဘူး… ဒါကို သက်သေပြဖို့ သူ့ကို သတ်ပေးပါ့မယ်…” ရှီဇောင်က ရှင်းပြလိုက်သည်။
“ဒါမှန်လား…” ရှာဖန်က ဂူမူအား ကြည့်လိုက်သည်။
ဂူမူကလည်း ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်သည်… “ဒါက ချင်းကျူ ကျောင်းတော်နဲ့ ဘာမှ မဆိုင်ဘူး…”
“ဒါဆို သူ့ကို ပထမဆုံး သတ်နိုင်တဲ့လူကို ကျုပ်ယုံပေးမယ်…” ရှာဖန်ကား ဟက်ဟက်ပက်ပက် ရယ်မောနေပြီ။
“ကျုပ်လုပ်မယ်…” ရှီဇောင်က ရီဖူရှင်းထံသို့ ပြေးဝင်သွားသည်။
တန်လန်ကလည်း ရီဖူရှင်းထံသို့ ပြေးသွားလိုက်သည်။ သူတို့ကား ရှာဖန်၏ မေးမြန်း စစ်ဆေးမှု မရှိခဲ့လျှင်ပင် ရီဖူရှင်းအား သုတ်သင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ထိုစဉ် ဟွာဖန်းလူက ရီဖူရှင်း၏ဘေးနားမှ ကာကွယ်ရန် ပေါ်လာသည်။ သူက ရှီဇောင်နှင့် တန်လန်အား ကြည့်ကာ ပြောလိုက်သည်… “ကျုပ်ကို မရှိသလို သဘောထားတာလား…”
“ကု့ချင်းမိစ္ဆာ… ဒါက ခင်ဗျားနဲ့ မဆိုင်ဘူး…” ရှာဖန်ကား အလွန်အားရကျေနပ်နေသည်။
“မင်းအဖေတောင် ငါ့ကို ဒီလေသံနဲ့ မပြောရဲဘူး…” ဟွာဖန်းလူက ရှာဖန်အား စိုက်ကြည့်လျက် ပြောလိုက်သည်။
“ဒါက အတိတ်မှာ ကျန်ခဲ့ပြီ…” ရှာဖန်က နှာခေါင်းရှုံ့လိုက်သည်… “ကျုပ်စိတ်ညစ်နေတယ်… အခုဘေးဖယ်နေ…”
သူက ထိုသို့ ပြောလိုက်သည်နှင့် ရှာဖန်၏ဘေးမှလူက ရှေ့သို့ တက်လာကာ ဟွာဖန်းလူအား ဓားမုန်တိုင်းကိုသုံး၍ တိုက်ခိုက်လိုက်သည်။
“ငါလည်း စိတ်ညစ်နေတယ်… မင်း ဒုက္ခမရောက်ခင် ငါ့ရှေ့က ဖယ်နေတာ ကောင်းမယ်…” ဟွာဖန်းလူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ မူလဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီမလား… ခင်ဗျားရဲ့ဒေါသက ဘယ်လိုလဲဆိုတာ သိချင်မိရဲ့…” သူက ဟွာဖန်းလူအား ဒေါသတကြီး ပြောလိုက်သည်။
“ဆရာ…” ရီဖူရှင်းကား ဟွာဖန်းလူအတွက် စိုးရိမ်သွားသည်။ ထိုဓားသမားကား အကာနာအဆင့် ဖြစ်သည်။ ထို ဟိုင်ရန်ကျောင်းတော်မှ ဓမ္မအဆင့် ပညာရှင်များထက် စွမ်းအားကြီးမားလှသည်။ ချင်းကျူမြို့တွင် သည်မျှ စွမ်းအားကြီးသောသူ မကြားဖူးပေ။ သူက ဟွာဖန်းလူမှာ မည်သည့်အဆင့်တွင် ရှိနေသည်ကို မသိသော်လည်း သည်ဓားသမားကား ရင်ဆိုင်ရန် ခက်ခဲလှသည်ကို နားလည်သည်။
“သူ့မူလဝိညာဉ် ပျက်စီးသွားပြီးနောက် သူက အကာနာ အဆင့်အောက်သို့ ကျသွားတယ်…” ရှာဖန်၏ဘေးမှ ဓားသမားက သေချာအောင် ပြောလိုက်သည်။
“ကျွန်တော့်အတွက် သေဖို့ မလိုဘူးဆရာ…” ရီဖူရှင်းက အဝေးသို့ ပြေးသွားပြီး အော်ဟစ်လိုက်သည်… “မြေခွေးမကိုပဲ ပြောလိုက်ပါ… သူ့ကိုချစ်တယ်လို့… ကျွန်တော့် မွေးစားအဖေကို ပြောလိုက်ပါ… သူ့ကို စိတ်ပျက်စေမိပြီလို့…”
အံ့အားသင့်စွာပင် ရီဖူရှင်းက တောင်ကြားထဲမှ ထိုမြောက်မြားစွာသော သားရဲကောင်များထဲသို့ ပြေးသွားလေသည်။
ရီဖူရှင်းကား သူ၏အသက်သည်နေရာတွင် သေဆုံးရမည်ကို ဝမ်းနည်း စိတ်ပျက်မိသည်။ သူကား ထိုမျှ မြန်မြန်သေရန် မမျှော်လင့်ထားပေ။
“သူ့နောက်ကလိုက်…” ရှာဖန်က အမိန့်ပေးလိုက်သည်… ရုတ်တရက် စွမ်းအားကောင်းသာ မှော်ဆရာအချို့က ရီဖူရှင်းနောက်မှ လိုက်သွားကြသည်။
***