Switch Mode

အခန်း ( ၁၉၈ )

ငါ့ကို ဆန့်ကျင်ဖို့ကြံစည်နေတာလား

နေ့ရက်များမှာ ကုန်လွန်သွားပြီး ပိုင်ရှောင်ချန်းမှာ အလယ်တောင်တွင် ဓမ္မစောင့်ရှောက်သူအဖြစ်အတည်တကျ နေထိုင်နေလေသည်။ ယခုသူက ယခင်ကမရှင်းလင်းခဲ့သောအချို့ကိစ္စရပ်များကို ပို၍သိရှိလာခဲ့သည်။ ဥပမာပြရမည်ဆိုလျှင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တိုက်ခိုက်ပွဲသေးသေးလေးမှ ကြီးကျယ်စွာ တိုက်ခိုက်သည်အထိဖြစ်သွားခဲ့ကြောင်းပင်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တိုက်ပွဲအတွက်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဂိုဏ်းတစ်ခုလုံးတွင် လူသတ်ငွေ့များပါတဖြည်းဖြည်း လွှမ်းခြုံလာသည်။

“ဒီတိုက်ပွဲတွေနဲ့ သတ်ဖြတ်နေတာတွေက ဘာအတွက်မို့လဲကွာ” ပိုင်ရှောင်ချန်းကတွေးတောလိုက်သည်။ “ဘာကြောင့်မို့ ငါတို့က အတူတူပျော်ရွှင်မှုမရကြတာလဲ။ ငါတို့တွေအတူတကွပူးပေါင်းပြီး အလယ်ပိုင်းဒေသရောက်တဲ့အထိ အတူသွားကြရင် ပိုမကောင်းဘူးလား”သူက သက်ပြင်းချလိုက်ပြီး ကျင့်ကြံခြင်းကိုဆက်လက်လုပ်ဆောင်ကာ သွေးချီတချို့ကိုစုပ်ယူလိုက်သည်။

သူက သွေးချီများကိုစုပ်ယူလိုက်သောအခါ ၎င်းတို့မှာ မြေကြီးပေါ်မှသာ တက်ရုံမျှမဟုတ်ဘဲ သူ၏ အင်မော်တယ်ဂူအပြင်ဘက်ရှိ နေရာတစ်ခုလုံးမှနေ၍ သူ့ဆီသို့အလျင်အမြန်တဟုန်ထိုးရောက်ရှိလာကြသည်။

ကံမကောင်းစွာဖြင့်ပင် သူထံ၌ အရည်အသွေးမြင့်မားသောအင်မော်တယ်ဂူမရှိခဲ့ပေ။ သူက တခြားမည်သူမှ မနေထိုင်သည့် ဝေးလံချောင်ကျသောနေရာတွင်နေထိုင်နေလေသည်။ သူကသွေးချီများအားလုံးကိုစုပ်ယူပုံအား စဥ်းစားကြည့်လျှင် သူ့ပတ်လည်ရှိ အခြားမည်သူမှ ကျင့်ကြံခြင်းကိုပြုလုပ်နိုင်တော့မည်မဟုတ်ပေ။

သူ့အား အလုပ်များနေစေသောအရာများစွာရှိသည်။ သွေးဓားကိုလေ့ကျင့်ခြင်းအပြင် သူက ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်ကိုပါ ကျင့်ကြံလေသည်။ ထို့နောက် ကောင်းကင်တံတား မြစ်ရေကို သူ၏ပထမဆုံးစိတ်စွမ်းအင်ပင်လယ်မှ တဖြည်းဖြည်းစုပ်ယူလာကြောင်းလေ့လာသိရှိသွားတော့သည်။ သူက လူသားထိန်းချုပ်နည်း မဟာမှော်ပညာ နှင့် သံလိုက်စွမ်းအားတို့ကိုပါ လေ့လာခြင်းပြုလိုက်သည်။ နောက်ဆုံးတွင် သူကကောင်းကင်တံတား ဓမ္မမျက်လုံးကို ပိုမို၍ထိန်းချုပ်နိုင်လာသည်။

သူက သူကိုယ်သူ နေ့တိုင်းပိုမိုသန်မာလာသည်ဟုခံစားလာမိကာ စိတ်များလှုပ်ရှားနေလျက်ရှိသည်။

“ငါ…ထာဝရကောင်းကင်ဘုရင်ရဲ့ ပထမအဆင့်ကို ရောက်တော့မှာကွ။ ဒါ့အပြင် သွေးဓားကလည်းငါနဲ့သင့်တော်တယ်။ ဒီနေရာက ငါ့အတွက်တော့ ငါ့ရဲ့ကိုယ်ပိုင်မြင့်မြတ်သော နယ်မြေတွေလိုပဲ။ ငါ ဒီကနေမခွာချင်တော့ဘူး…” သူ၏ကျင့်ကြံနေမှုများမှာ တလျှောက်လုံးသက်တောင့်သက်သာ ဖြစ်နေသည်။ သူကသွေးချီ အမြောက်အများကို စုပ်ယူလိုက်ပြီး ထာဝရကောင်းကင်ဘုရင်၏ ပထမအဆင့်ကို တိုးတက်လာအောင် အလျင်အမြန်ဆက်လက်လုပ်ဆောင်လိုက်သည်။

သို့သော် သူက ထာဝရကောင်းကင်ဘုရင်ကျင့်ကြံခြင်းတွင် ပိုမိုအားကောင်းလာပြီး ထာဝရသွေးချီများကို ပိုမိုရယူလာသည်နှင့်အမျှ သူ၏ပတ်ဝန်းကျင်မှစုပ်ယူရန် လိုအပ်သောသွေးချီပမာဏမှာလည်း လျော့ပါးလာခဲ့သည်။

များမကြာမီ ထိုနေရာရှိ သွေးချီများမှာ သူ၏ကျင့်ကြံခြင်းပြုလုပ်ရန်အတွက် လုံလောက်မှုမရှိတော့ပေ။ နောက်ဆုံး သူကစိတ်လှုပ်ရှားစွာဖြင့် တတ်နိုင်သမျှ သွေးချီများကိုစုပ်ယူပြီးနောက်တွင် ကျင့်ကြံခြင်းအတွက် သွေးချီများ လုံလောက်မှုမရှိသောအချိန်သို့ရောက်လာတော့သည်။ သူက နောက်ရက်များတွင် သွေးချီများ ထပ်မံလာစုမည်ကို စောင့်ဆိုင်းနေရတော့သည်။

“ဒါက အလုပ်မဖြစ်ဘူး” သူကတွေးလိုက်သည်။ သူက နေ့တစ်ဝက်လောက်စုစည်းထားသောသွေးချီများကို စုပ်ယူလိုက်သော်လည်း ကျင့်ကြံခြင်းအတွက် လုံလောက်မှုမရှိပေ။

ပိုင်ရှောင်ချန်းက စိုးရိမ်တကြီးဖြင့် ဘေးပတ်လည်အား ကြည့်လိုက်ပြီးနောက် သွေးချီအများအပြားရှိသော နေရာများအကြောင်းစဥ်းစားလိုက်လေသည်။ သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူများမှာ မည်မျှဆိုးရွားရက်စက်ကြောင်း သတိရသွားပြီး ဒေါသထွက်သွားလေသည်။

“နေရာကောင်းတွေအကုန်လုံးက လူတွေရှိနေတာပဲ။ ဆိုးလိုက်တာ.. ငါကလည်း သူတို့ဆီသွားပြီး ရိုက်နှက်ပစ်လို့လဲမရဘူး။ ငါဒီမှာ သိုသိုသိပ်သိပ်နေရဦးမယ်….” ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်သည်။ သူ၏ကျင့်ကြံခြင်းမှာ မည်မျှနှေးကွေးသွားကြောင်းကိုမြင်လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားလေသည်။

“ကောင်းပြီလေ…။ ငါ့မှာလည်း ရွေးချယ်စရာမရှိတော့ဘူး။ ငါ့ရဲ့ကိုယ်ပိုင်အင်မော်တယ်ဂူမှာ မကျင့်ကြံနိုင်တော့ရင် အပြင်ဘက်ထွက်ရှာရတော့မှာပေါ့…” သူကနဖူးအားပွတ်သပ်ကာ ထိုအကြောင်းခဏတာစဥ်းစားလိုက်ပြီး မှန်ကန်သည့်အရာကိုလုပ်သင့်ကြောင်းဆုံးဖြတ်ချက်ချပစ်လိုက်သည်။ ညဥ့်နက်လာသည်အထိစောင့်ပြီးနောက် သူကခိုးကြောင်ခိုးဝှက်ထွက်ကာ သစ်တောနှင့်သိပ်မဝေးလွန်းသည့် အင်မော်တယ်ဂူကို ရွေးချယ်လိုက်သည်။ ထိုဂူနှင့်အနည်းငယ်သာဝေးသောနေရာတစ်ခုတွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ထိုနေရာမှာ အနည်းငယ်ပုံပျက်သွားပြီးနောက် မြေကြီးထဲမှ သွေးချီများ အပေါ်တက်လာသည်။ သူကအလျင်အမြန်သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ ထိုအရာမှာ သူ့အား နှစ်သက်ကြည်နူးစရာကောင်းသောခံစားချက်ကိုပေးနိုင်စွမ်းရှိသည်။ သူက ထာဝရကောင်းကင်ဘုရင်ကို အလျင်အမြန် ထုတ်ဖော်လိုက်ပြီး ထာဝရသွေးချီများသန်မာလာသည်ကို ခံစားရသောအခါမှသာ နောက်ထပ်အသက်ဝဝရှုလိုက်တော့သည်။ သွေးချီများမှာ သူ့ကိုယ်ထဲသို့စီးဝင်နေကြပြီး သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ အားရကျေနပ်နေသည့်အလား ခံစားလိုက်ရသည်။

သို့သော် ပိုင်ရှောင်ချန်းက သွေးချီများကို စုပ်ယူလိုက်သောအခါ ထိုနေရာအတွင်းရှိ သွေးချီများ သိသိသာသာကျဆင်းသွားသည်။ မူလက ရှိနေခဲ့သော သွေးချီများ၏သုံးဆယ်ရာခိုင်နှုန်းအထိ ရောက်သွားသောအခါ ထိုနေရာရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ သတိထားမိသွားပြီး အံ့သြတုန်လှုပ်ကာ ထိတ်လန့်ကုန်ကြတော့သည်။

“ဘာတွေဖြစ်ကုန်တာတုံး ”

” သွေးချီတွေအများကြီး ဘာကြောင့်ပျောက်သွားရတာလဲကွာ…”

“ဒီနေရာက အခြောက်ခံရတာလား…ဘာလားပဲ”

ထိုနေရာရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူခုနှစ်ယောက်၊ ရှစ်ယောက်မှာ သူတို့၏အင်မော်တယ်ဂူများမှ ထွက်လာကြကာ အမျက်ချောင်းချောင်းထွက်လျက် စုံစမ်းစစ်ဆေးကြတော့သည်။

ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားသောအခါ ကျင့်ကြံနေခြင်းအား ချက်ချင်းရပ်တန့်လိုက်ပြီး ခိုးကြောင်ခိုးဝှက်ထွက်ခွာခဲ့လိုက်လေသည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ ထိုနေရာတစ်ခုလုံးရှာဖွေပါသော်လည်း မှားယွင်းမှုတစ်စုံတစ်ရာမျှ ရှာမတွေ့ချေ။ ထို့နောက်သူတို့က ထိုနေရာတွင် တဖြည်းဖြည်းသွေးချီများ ပြန်လည်စုစည်းလာသည်ကို ခံစားသိရှိလာကြပြီး သံသယများဖြစ်လျက် လူစုခွဲသွားကြတော့သည်။

အတန်ငယ်ေဝးသောနေရာတွင် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်ကာရပ်နေလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူများမှာ အလွန်အမင်းဗိုလ်ကျသည်။ သူက သွေးချီများကိုနှစ်ကြိမ်မျှသာ စုပ်ယူရသေးသည်။ သူတို့က စုံးစမ်းစစ်ဆေးလာခဲ့ချေသည်။

“ဒီတော့….”
သူက သက်ပြင်းချကာ ပြောလိုက်သည်။ “ငါ…တစ်နေရာစီမှာအကြာကြီးနေလို့မရဘူးပေါ့..။ အများဆုံးနှစ်ကြိမ် စုပ်ယူပြီးတာနဲ့ မြန်မြန်ထွက်သွားရမယ်”
ထို့နောက်သူက တစ်ခုခုကိုရုတ်တရက်သတိရသွားပြီး ထိုနေရာတဝိုက်အားသတိဖြင့် ဘေးပတ်လည် ကြည့်ရှုလိုက်သည်။ သူက ယုန်နားရွက်များအား မတွေ့လိုက်ရကြောင်းကို သေချာသွားမှ သနားစရာကောင်းသော သူ့ဘဝအတွက် သက်ပြင်းချလိုက်နိုင်တော့သည်။ အနာဂတ်တွင် သူ့မှာ အထူးသတိထားလျက် တိုးတိုးတိတ်တိတ် ပြောရချေမည်။

မည်သည့်ကိစ္စတွင်မဆို သူက ဆုံးဖြတ်ချက်ချထာသည့်အတိုင်း လုပ်ဆောင်လေ့ရှိသည်။

ယခုအချိန်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဝိညာဥ်အမြီးကြက်များကို သူ ခိုးစားခဲ့ရစဥ်က နေ့ရက်များနှင့်တူနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူကတစ်စုံတစ်ခု လွဲမှားနေကြောင်း သဘောပေါက်သွားဟန်တူသည်။ နောက်ထပ်အနည်းငယ်စဉ်းစားပြီးနောက် သူကရူးသွပ်မတတ်ဖြစ်သွားသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ငါကသာ ဒီဘီလူးကြီးနဲ့ ဆက်စပ်နေတာ။ ဒါဆို ဒီချီတွေကို ငါပိုင်တာပေါ့…။ သူတို့တွေကသာ ငါ့ရဲ့ သွေးချီတွေကိုခိုးနေကြတာ…”

“အရှက်မဲ့လိုက်ကြတာ…။ သူတို့တွေက အတင့်ရဲပြီး ငါ့သွေးချီတွေကိုခိုးယူရဲတယ်ပေါ့။ ကောင်းပြီ…ဒီအရှကိခွဲခံရတာကို ငါကြိတ်မှိတ်သည်းခံပေးရတော့မှာပေါ့။ ဒီအရူးတွေနဲ့ ငါခေါင်းချင်းယှဥ်မဝှေ့ချင်ဘူး…” ဒေါသပုန်ထလျက် အတန်ငယ်ဝေးသောနေရာရှိ အခြားနေရာသို့ သူသွားလိုက်သည်။ ထိုနေရာရှိ သွေးချီပမာဏကိုသိရှိပြီးနောက် သူကကျင့်ကြံခြင်းအခြေခံကို လှည့်လည်စေလိုက်ပြီး သူ့ကိုယ်သူတွင်းနက်တစ်ခုအသွင်ပြောင်းလိုက်လေသည်။

ပိုင်ရှောင်ချန်းမှလွဲ၍ မည်သူမျှမကြားနိုင်သော ဆူညံသံများထွက်ပေါ်လာခဲ့သည်။ သူ့အတွက်မူ ထိုအသံမှာသူ၏ဦးနှောက်ထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်နေလေသည်။ တွင်းနက်က ချက်ချင်းပင်ထိုနေရာရှိသွေးချီများအားလုံးကို သူ့ထံသို့အလျင်အမြန်ပို့ဆောင်ပေးလေသည်။ သူက သွေးချီများကို ချက်ချင်းပင် စုပ်ယူလိုက်ကာ အလျင်အမြန်ပြန်ထွက်သွားလိုက်သည်။

သူ၏အနောက်တွင်တော့ အထိတ်တလန့်အော်ဟစ်သံများ ထွက်ပေါ်လာလျက်ရှိသည်။

ထိုနည်းအားဖြင့် တစ်ညလုံး သူကုန်ဆုံးခဲ့လေသည်။

အလယ်တောင်ရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများထဲမှအများစုမှာ ညဥ့်နက်ပိုင်းတွင်မှသာ ကျင့်ကြံခြင်းကိုပြုလုပ်ကြလေရာ ရုတ်တရက်သွေးချီများ ပြတ်တောက်သွားသောကြောင့် ထိုညတွင် မျက်မှောင်များကြုတ်ကာ စဥ်းစားလျက်ရှိနေကြသည်။ သူတို့ထဲမှတချို့မှာ သွေးချီအကျပ်အတည်းဖြစ်ပွားမှုကြောင့် တန်ပြန်ဒဏ်ကိုခံစားခဲ့ရသည်။ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ညတွင်းချင်းအပြင်ထွက်ပြီးရှာဖွေကြသော်လည်း ပိုင်ရှောင်ချန်းထွက်သွားသည်မှာ ကြာနေပြီဖြစ်သည်။

အားလုံးထဲတွင် အကြီးအကျယ်ပျက်စီးခဲ့ရသူမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအကြား ထင်ရှားကျော်ကြားကာ နတ်ဆရာဟုခေါ်တွင်သူဖြစ်သည်။ သူ့ထံမှာ အလွန်အဖိုးတန်သော အင်မော်တယ်ဂူတစ်ခုရှိပြီး သွေးသစ်ပင်များဝိုင်းရံထားသည့်အပြင် ဂိုဏ်းအတွင်း၌လည်း အတော်အသင့်ရာထူး မြင့်မားသည်။ ထိုညမှာ သူ အနှောင့်အယှက်ကြုံရပါက အန္တရာယ်များလှပြီး လုပ်ဆောင်သည့်အခါသွေးချီအမြောက်အများလိုအပ်လှသော လျှို့ဝှက်မှော်ပညာဖြစ်သည့် နိမိတ်ဖတ်ပညာရပ်ကို လုပ်ဆောင်နေရာ ပညာရပ်၏အလယ်သို့ပင်ရောက်ရှိနေခဲ့ပြီးဖြစ်သည်။

သူ၏သွေးချီများစုပ်ယူမှုမှာရပ်တန့်လိုက်ရပြီး အဟန့်အတားနှင့်ကြုံလိုက်ရသောအခါ သူ၏ပါးစပ်အပြည့် သွေးတစ်ပွက်အန်ထုတ်လိုက်ရကာ ချက်ချင်းပင် သိသိသာသာ ညှိုးနွမ်းသွားလေသည်။ ထို့နောက်သူ၏စိတ်မှာ ပြင်းထန်သောနာကျင်မှုနှင့်ထိုးနှက်မှုဝေဒနာများကို ခံစားခဲ့ရသောကြောင့်အော်ဟစ်ကာ မူးမေ့သွားလေသည်။

နေထွက်လာသောအခါ ပိုင်ရှောင်ချန်းကသူ၏ အင်မော်တယ်ဂူဆီသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်ရောက်လာသည်။ သူကမြောက်များလှစွာသောသွေးချီများကို စုပ်ယူနိုင်ခဲ့သောကြောင့် ပြန်လည်ကျင့်ကြံသွားနိုင်ရုံသာမက ယခင်ကထက်ပို၍ လျင်မြန်စွာကျင့်ကြံနိုင်လေပြီဖြစ်သည်။ သူကအထဲသို့ဝင်လိုက်ကာ မေးကိုငေါ့လျက် ပတ်ပတ်လည်အားဂုဏ်ယူလှသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။ မျက်နှာမှာရုတ်တရက် လေးလံသွားပြီး ဘေး ပတ်လည်၌ ယုန်မရှိကြောင်းသေချာတွေ့သည့်အခါမှနောက်ဆုံးတွင် စိတ်လျော့နိုင်သွားလေတော့သည်။

“ဟားဟားဟား….။ တယ်ဉာဏ်ကောင်းလှတဲ့ငါလေးပါလား။ ငါက…ဘယ်သူဆီကမှလဲ လုနေစရာမလိုဘူး…။သွားပြီး တိုက်ခိုက်စရာလဲမလိုဘူး။ ငါသွားတဲ့နေရာဆီကနေ သွေးချီလေး နှစ်ချက်ထဲစုပ်ယူလိုက်ရုံပဲ။ …ဘယ်သူမှငါ့လောက်ဉာဏ်မကောင်းကြပါလား…” ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်ပီတိဖြာလျက်ရှိနေသည်။ နေ့အချိန်တွင် သူက ခရမ်းရောင်ချီကောင်းကင်မန္တန် ၊ လူသားထိန်းချုပ် မဟာမှော်ပညာ နှင့် သံလိုက်စွမ်းအားများကိုလေ့ကျင့်ခြင်း၊ ကျင့်ကြံခြင်းများပြုလုပ်ပြီး ညရောက်လာသည်နှင့် မှောင်ရိပ်ကိုခိုကာ ကြောင်ကလေးတစ်ကောင်ကဲ့သို့ ခိုးကြောင်ခိုးဝှက်လစ်ထွက်လေသည်။

ဤတစ်ကြိမ်တွင် သူကအခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့သည်။ သူရပ်တန့်လိုက်သည့်နေရာတိုင်းတွင် သူကနှစ်ကြိမ်သာစုပ်ယူပြီးနောက် အခြားတစ်နေရာဆီသို့ ထိုကဲ့သို့စုပ်ယူနိုင်ရန် အလျင်အမြန်သွားတော့သည်။

သူ၏အမြန်နှုန်းမှာ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်လောက် မမြန်ပေ။သူထံ၌ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကို ဖုံးကွယ်ပေးထားသော မျက်နှာဖုံး၏စွမ်းအားများရှိနေသော်လည်း သူက အယောင်ဆောင်ထားခြင်းအား ဖုံးကွယ်ရှောင်ရှားနိုင်ရန် စဉ်းစား၍ရသမျှအရာအားလုံးကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုညတွင်လည်း အလယ်တောင်တစ်ခုလုံး၌ အံ့အားသင့်နေသည့်အော်ဟစ်သံများလွှမ်းခြုံသွားခဲ့သည်။

” ချီးပဲကွာ..။ သွေးချီတွေက ဘယ်ရောက်ကုန်တာတုံး”

“ဘာတွေဖြစ်နေပြန်တာလဲကွာ..။ အခုနဲ့ဆိုနှစ်ညတောင်ရှိနေပြီ”

“ဒီမှာ တစ်ခုခုတော့ လွဲနေပြီကွ…”

သူတို့အားလုံးထဲတွင် စိတ်အဆင်းရဲဆုံးဖြစ်နေသည်မှာ နတ်ဆရာဖြစ်လေသည်။ သူက တစ်နေ့လုံးမေ့မြောနေခဲ့ရသည်။ နောက်ဆုံးတွင်သူက ညရောက်သည့်အခါမှ နိုးထလာခဲ့ပြီး ဒေါသများထွက်ကာ မျက်နှာမှာဖြူဖတ်ဖြူရော်ဖြင့် မျက်လုံးများကလည်းရဲရဲနီလျက် ပတ်ပတ်လည်လိုက်လံကြည့်ရှုတော့သည်။

“ဘယ်သူကများကျုပ်ကို ဆန့်ကျင်ဖို့ ကြံစည်နေတာလဲကွ” သူ၏ကိုယ်မှ လူသတ်ငွေ့များဖြာထွက်နေကာ သူ၏မျက်လုံးများ၌လည်း အမျက်ဒေါသဖြင့်လောင်ကျွမ်းနေလေသည်။ “မင်းဘယ်သူဘဲ ဖြစ်ဖြစ်….မင်းတော့အသေပဲ”

အသက်ကိုဝဝရှုလိုက်ကာ ပြီးခဲ့သည့်ညက တန်ပြန်ရခဲ့သည့်ဒဏ်ကို အင်အားသုံးကာဖိနှိပ်လိုက်ပြီးနောက် လက်ကွက်တစ်ခုဖော်လိုက်လေသည်။ ချက်ချင်းပင် သူ၏မျက်လုံးများမှာ တောက်ပသည့်အရောင်များလက်သွားတော့သည်။

” မင်းဘယ်သူလဲဆိုတာသိဖို့ အချိန်တန်ပြီကွ” နတ်ဆရာမှာ မကျေနပ်ချက်သေးသေးကလေးတစ်ခု ဖြစ်နေပါစေ လက်စားချေတတ်သည့်လူစားမျိုးဖြစ်သည်။ သူကချက်ချင်းပင် နိမိတ်ဖတ်ပညာရပ်နှင့် နက္ခတ်ပညာရပ်များကို ထုတ်ဖော်လိုက်ရာ သူ၏မျက်လုံးအတွင်းတွင် လေပွေငယ်များအားပေါ်ပေါက်လာသည်။ ထိုလေပွေငယ်များမှာ ထိုနေရာမှသွေးချီများကိုစုပ်ယူကာ ပို၍လျင်မြန်စွာလည်ပတ်လာကြသည်။

ထိုအချိန်တွင် သူ၏မျက်လုံးအတွင်း၌ မှုန်ဝါးနေသောပုံရိပ်တစ်ခုပေါ်လာလေသည်။ နတ်ဆရာက ထိုပုံရိပ်ကို အာရုံစူးစိုက်ရန်ကြိုးစားနေသည့်အချိန်တွင် သူခိုးလေးပိုင်ရှောင်ချန်းမှာ ထိုနေရာသို့ ဝင်လာလေသည်။

သူ့အတွက် သွေးချီနှစ်ကြိမ်စုပ်ယူရန် အချိန်အနည်းငယ်သာလိုအပ်ခဲ့သည်။ ထို့နောက်ချက်ချင်းပင် ဒေါသတကြီးညည်းတွားအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ပတ်ဝန်းကျင်ရှိ သွေးချီများရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် နတ်ဆရာမှာ တုန်ရီသွားလေသည်။ အစောပိုင်းတွင် အင်အားသုံးကာဖိနှိပ်ထားခဲ့သော ဒဏ်ရာမှာ ထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားကာနောက်ထပ်ပါးစပ်အပြည့်သွေးတစ်ပွက်အန်လိုက်ပြီး မေ့မျောသွားပြန်​ေလသည်။

သုံးရက်မြောက်ညနေတွင် သူကမျက်လုံးများကို အားစိုက်ကာဖွင့်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှာ အားနည်းနေပြီး ပါးစပ်ထောင့်မှ သွေးများမှာယိုစီးနေဆဲဖြစ်လေသည်။ သူက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားကြောင်းနှင့် တစ်လလောက်ကြာသည်အထိ မည်သည့်နိမိတ်ဖတ်ခြင်းများကိုမျှ လုပ်နိုင်တော့မည်မဟုတ်ကြောင်းကို သိသွားလေသည်။

ဒေါသများပြည့်နှက်နေလျက် သူကအော်ဟစ်လိုက်လေသည်။
” ငါ့ကိုဆန့်ကျင်ဖို့ ကြံစည်နေတယ်ဆိုတာ တကယ်မယုံနိုင်ဘူးကွာ….။ ငါမင်းကို တစ်စစီဖြစ်တဲ့အထိ နုပ်နုပ်စဥ်းပစ်မယ်…”


Comment

Leave a Reply

Options

not work with dark mode
Reset