” မြင့်မြတ်ေသာနယ်မြေပါလား။” သူ့ကိုယ်သူပင် သတိမထားမိနိုင်တော့ပဲ ပိုင်ရှောင်ချန်းက သူတွေ့လိုက်သည့် သွေးရေတံခွန်၏ အစွန်းသို့လမ်းလျှောက်သွားလိုက်သောအခါ စွမ်းအားကြီးသွေးချီများကို ချက်ချင်းပင် ခံစားမိလိုက်လေသည်။ သူ့အတွက်မူ သွေးချီမှာ သူ၏သက်စောင့်အားပြန်လည်ဖြည့်တင်းရန် အလွန်အရေးပါသည်။
သူက အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ၏ စိတ်ဓာတ်များတက်ကြွလာပြီး သွေးချီများကိုစုပ်ယူရန်ပြင်လိုက်ချိန်တွင် အန္တရာယ်ကြီးတစ်ခုကို သူ ခံစားလိုက်ရလေသည်။ သူကချက်ချင်းပင် နောက်ဆုတ်လိုက်သောအခါ သူစောစောက ရပ်နေသည့်နေရာတွင် အုန်းခနဲအသံကြီးတစ်သံ ထွက်လာတော့သည်။
သွေးရောင်အလင်းတန်းတစ်ခုမှာ ဓားချီကဲ့သို့ထွက်ပေါ်လာပြီး ထိုနေရာသို့ စိုက်ဝင်သွားသည်။ ဘေးနားရှိအပင်နှင့်အသီးအရွက်များမှာ ထိုပေါက်ကွဲမှုဒဏ်ကြောင့် ရှေ့နောက် ယိမ်းထိုးသွားကြပြီး မြေကြီးထဲတွင် အက်ကြောင်းကြီးတစ်ခု ပေါ်လာတော့သည်။
” အီး…” လူတစ်ယောက်၏ အသံထွက်လာလေသည်။ ထို့နောက် လူငယ်တစ်ယောက်မှာ သွေးရေတံခွန်ထဲမှ ပေါ်ထွက်လာသည်။ သူက တစ်ကိုယ်လုံးအနီရောင်ဝတ်ဆင်ထားပြီး အေးစက်စက်မောက်မာသော အမူအရာဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေတော့သည်။
” ထွက်သွားစမ်း။ ဒီနေရာကို မင်းလာလို့မရဘူး။”
ပိုင်ရှောင်ချန်းက ချက်ချင်းပင် ထိုလူငယ်ကို မှတ်မိသွားသည်။ သူသည်ကား စုန့်ချွဲဖြစ်သည်။ သူက ခပ်မာမာလေသံဖြင့် အမိန့်ပေးလိုက်ပြီးနောက် နောက်သို့လှည့်ကာ သွေးရေတံခွန်ထဲသို့ ပြန်ဝင်သွားပြီး တင်ပျဥ်ခွေပြန်၍ ထိုင်ချလိုက်တော့သည်။
” သြော် ဒီခွေးသားက ဒီရောက်နေတာကိုး။” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” ဟွန်း။ မင်းကိုယ်မင်း ငါ့ထက်ဘာသာတယ်များ မှတ်နေတုံး။ မြေခဓားကမ္ဘာတုံးက ငါမင်းကို ရိုက်နှက်နေတုံးကများ မင်းအဖေနဲ့ အမေကို တနေပြီတော့များ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲ ငါနာမည်ကြီးလာမဲ့အချိန်သာစောင့်။ အဲ့ကျမှ မင်းကိုသင်ခန်းစာ တစ်ခုနှစ်ခုလောက် ပြန်ပြရမယ်။ ဟွန်း။”
မျက်မုန်းကျိုးနေသည့် အကြည့်ဖြင့်ကြည့်ကာ ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်ကို စုန့်ချွဲ၏ရှေ့တွင် ‘အစ်မ’ ဟူ၍ခေါ်ပြမည်ဟု တေးထားတော့သည်။ ထိုအရာမှာ သူ့အတွက် အလွန်အရှက်ရစေမည့် ကိစ္စဖြစ်လေသည်။
အေးစက်စက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ ထွက်ခွာသွားတော့သည်။ လမ်းတစ်လျှောက်တွင် သွေးချီ အားကောင်းသည့်နေရာများကို သူက ဝင်ကြည့်ပါသော်လည်း အခေါက်တိုင်းတွင် သူကို့ တိုက်ခိုက်သူပေါ်လာပြီး မောင်းထုတ်ကြစမြဲပင်။
ထိုသူများမှာ လုံးဝကို ယဥ်ကျေးမှုမရှိကြပေ။ လူသုံးယောက်ဆိုလျှင် သတ်ဖြတ်လိုသော အခိုးအငွေ့များအပြည့်ဖြင့် သူ့ကို တိုက်ခိုက်ခဲ့လေတော့သည်။ သူသာ မြန်မြန် ရှောင်မပြေးခဲ့ပါက အသတ်ခံရမည့်ကိန်းပင်ရှိသည်။
ထိုသူများ၏ နှိပ်ကွက်မှုကြောင့် ပိုင်ရှောင်ချန်းမှာ တစ်ယောက်ထဲ ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။ သူက သွေးချီအချို့ကိုသာ စုပ်ယူချင်သည်ဖြစ်ပြီး သူတို့၏ ပိုင်နက်ကို မောင်ပိုင်စီးလိုခြင်းမဟုတ်ပေ။
အဆုံးတွင်သူက ဓမ္မ စောင့်ရှောက်သူ အသစ်များ စာရင်းပေးရသည့် အလယ်တောင်အဆောင်သို့ရောက်သွားတော့သည်။ ထိုနေရာတွင် သူ့ကိုစောင့်နေသူမှာ အခြေခိုင်မာခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ပိုင်ရှောင်ချန်းကို အကဲခတ်ပြီးနောက် သူက လူသားတာအို အခြေခိုင်မာခြင်းအဆင့်တွင် ရှိကြောင်းသိလိုက်ရသောအခါ ထိုအဘိုးကြီးက အထင်သေးသွားသည့် အမူအရာတစ်ခုဖြင့် ပိုင်ရှောင်ချန်းဆီမှ ကျောက်စိမ်းဆွဲပြားကို ယူလိုက်လေသည်။ ထို့နောက်သူက အမှတ်အသားတံဆိပ်အသစ်တစ်ခုနှင့် ကြက်သွေးရောင်ကျောက်စိမ်းပေလွှာတစ်ခုကို ပိုင်ရှောင်ချန်းအား ပေးလိုက်သည်။
” အဲ့ကျောက်စိမ်းပေလွှာထဲမှာ အလယ်တောင်ရဲ့ လျှို့ဝှက်မှော်အတတ်တစ်ခုဖြစ်တဲ့ သွေးမုန်တိုင်းပညာရပ် ပါတယ်။ ကျင့်စဥ်ကိုနားမလည်ဘူးဆိုရင် ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်ဦးစည်းတဲ့ လစဥ်သင်ပေးတဲ့အချိန်တွေမှာ တက်လို့ရတယ်။ တာအိုပညာရပ်နဲ့ပတ်သတ်ပြီး မေးခွန်းတွေမေးချင်ရင်တော့ စွမ်းဆောင်မှုရမှတ် အနည်းငယ်ပေးရမယ်။ ဒါပေမဲ့ စွမ်းဆောင်မှုရမှတ် မရှိဘူးဆိုရင်တောင်မှ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်နဲ့ နှစ်ဦးထဲတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလို့ရတယ်။”
” မင်းရဲ့ အင်မော်တယ်ဂူအတွက်ကတော့ အခုလောလောဆယ် ဓမ္မ စောင့်ရှောက်သူတွေအတွက် နေရာလွတ် သုံးဆယ့်ခုနစ်နေရာရှိတယ်။ မင်းလိုချင်တာကို ရွေး။ မင်းအကြိုက်မတွေ့ဘူး၊ မင်းကိုယ်မင်းလည်း စွမ်းအားရှိတယ်လို့ထင်ရင်တော့ တခြားသူဆီက အင်မော်တယ်ဂူကို ယူလို့ရတယ်။ ကောင်းပြီ။ ဒီလောက်ပဲ။ မင်းသွားလို့ရပြီ။” ထိုသို့ပြောပြီး သူက လက်ကိုဝှေ့ယမ်းလိုက်ကာ တရားထိုင်ရန် မျက်လုံးမှိတ်လိုက်တော့သည်။
ထိုအချက်များမှာ ပိုင်ရှောင်ချန်းအတွက် ရိုးရှင်းလွန်းလှသဖြင့် သူက ကျောက်စိမ်းအပိုင်းအစနှစ်ခုကို ယူလိုက်လေသည်။ တံဆိပ်ထဲသို့ နတ်ဘုရားအာရုံအချို့ကို ထည့်သွင်းလိုက်သောအခါ အလယ်တောင်၏မြေပုံတစ်ခုကို မြင်လိုက်ရပြီး အင်မော်တယ်ဂူအားလုံး၏ သင်္ကေတများကိုပါ တွေ့လိုက်ရလေသည်။
မနက်ခင်းအချိန်ဖြစ်နေသည်ဖြစ်၍ သူက လမ်းပတ်လျှောက်ရန် ဆုံးဖြတိလိုက်ပြီး မြင်ကွင်းပေါင်းစုံ ပတ်ကြည့်လိုက်လေသည်။ ညနေခင်းရောက်လာသောအခါ သူက ဓမ္မ စောင့်ရှောက်သူများ နေထိုင်ရာ အင်မော်တယ်ဂူအားလုံးကို လေ့လာပြီးဖြစ်သွားတော့သည်။ ထိုဂူများမှာ အချင်းချင်းနှိုင်းယှဥ်ကြည့််လျှင် ကောင်းမွန်ပါသော်လည်း အခြား ပိုင်ရှင်ရှိသည့် ဂူများနှင့် ယှဥ်လိုက်ပါက သွေးချီ အလွန်လျော့နည်းနေသည်။
သို့သော်လည်း သူက အခြားရွေးချယ်စရာမရှိသဖြင့် လောလောဆယ်တွင် အကောင်းဆုံးတစ်ခုကို ရွေးချယ်ကာ ထိုဂူသို့ ရွှေ့ပြောင်းသွားတော့သည်။
သူ၏ အင်မော်တယ်ဂူအသစ်ကို လှည့်လည်ကြည့်ရှုလိုက်ပြီး အတွင်းစည်းဂိုဏ်းတုံးက ဂူထက် ပို၍ကောင်းသည်ကိုတော့ ဝန်ခံလိုက်လေသည်။ သို့သော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂူများကိုမူ မယှဥ်နိုင်သေးဟု သူက ယူဆလိုက်လေသည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့် သူက သက်ပြင်းချလိုက်ပြီး သွေးရောင် ကျောက်စိမ်းပေလွှာကိုထုတ်ယူလိုက်ပြီး စိတ်စွမ်းအင်အချို့ဖြင့် စစ်ဆေးလိုက်တော့သည်။
” အီး… သွေးချီကိုသုံးကာ ဓားတစ်ချောင်းဖန်တီးပါ။ ထိုဓားကို သွေးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲပါ။ သင်ဒဏ်ရာရရှိသည်ဖြစ်စေ အခြားသူကို ဒဏ်ရာရအောင် သင်လုပ်လိုက်သည်ဖြစ်စေ ထွက်လာသော သွေးချီများက သွေးဓားကို ပို၍ အားကောင်းစေမည်တဲ့ဟ။ ဒါမျိုးမှ လျှို့ဝှက်မှော်အတတ် အစစ်ကွ။ ”
သူက အနည်းငယ် အံ့အားသင့်သွားပြီး အချက်အလက်များကို အသေးစိတ်လေ့လာလိုက်သောအခါ သူ၏မျက်နှာမှာခံစားချက်ပေါင်းစုံ ပြောင်းလဲနေတော့သည်။ အဆုံးတွင် သူက ဖတ်ဖတ်ချင်းတုံးကထက်ပင် ပို၍ အံ့သြနေပြီး မြေခဓားကမ္ဘာတုံးက စုန့်ချွဲက သူ့ကို သွေးဓားသုံးကာ တိုက်ခိုက်ခဲ့သည်ကို ပြန်တွေးမိသွားတော့သည်။
” သွေးဓားဆိုတာ အလယ်တောင်ရဲ့ လျှို့ဝှက်အမွေအနှစ်တစ်ခုကွ။ ရုပ်အလောင်းတောင်ပေါ်မှာဆို ရုပ်အလောင်းတွေကို သန့်စင်တယ်။ အမည်မဲ့တောင်မှာဆို ဂါဂိုလီ တွေ မွေးတယ်။ နွံအိုင် တောင်မှာဆို မိစ္ဆာသွေး အပြင်အားကျင့်ကြံနည်းရှိတယ်။ အခု ဒီ အလယ်တောင်မှာကြတော့ သွေးမုန်တိုင်းပညာရပ် ရှိတာပဲ။ ” ပိုင်ရှောင်ချန်းကမူ အံ့အားသင့်နေပြီး ဤနေရာတွင်မူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထက် ပို၍သာသည်ကို လက်ခံလိုက်တော့သည်။ ဤဂိုဏ်းတွင်ကား အမွေအနစ် ကျင့်ကြံခြင်းနည်းများကို ကျင့်ကြံရန် အရည်အချင်းပြည့်မှီသည့် ဂိုဏ်းသားတိုင်းကို ပေးလေသည်။
သွေးမုန်တိုင်းပညာရပ်ဆိုသည်မှာ ပုံမှန်ထက် များစွာသာလွန်သည့် သိုင်းကွက်တစ်ခုဖြစ်သည်မှာ အသေအချာပင်။ ထပ်မံလေ့လာပြီးနောက် ပိုင်ရှောင်ချန်းက သွေးဓား၏ မူလဇာတ်မြစ်ကို ရှာတွေ့သွားတော့သည်။
” ဟိုးအရင်တုံးက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က ဧရာမလက်ကြီးကို လေ့လာနေတုံး ရုတ်တရက် ဥာဏ်အလင်းပွင့်သွားတာကွ။ သူက သွေးမုန်တိုင်းသိုင်းကွက်ကို ဖန်တီးခဲ့ပြီး နောက်မျိုးဆက်တွေက အဆင့်ဆင့် ပြုပြင်မွမ်းမံခဲ့တာပဲ။ နောက်ဆုံးကြတော့ အလယ်တောင်ရဲ့ လျှို့ဝှက်မှော်အတတ်ဖြစ်သွားတော့တာပဲ။”
အနည်းငယ်ထပ်တွေးတောကာ လေ့လာလိုက်ပြီးနောက် သူက ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏သွေးအကုန်လုံးမှာ ရုတ်တရက် မစီးဆင်းတော့ပဲ ရပ်တန့်သွားသည်။ သူ၏ဘေးနားရှိ မြေကြီးထဲမှ သွေးချီများမြင့်တက်လာပြီး သူ၏လက်ချောင်းရှေ့တွင် ပုံစံဖွဲ့လာတော့သည်။ သို့သော်လည်း သွေးချီမှာ မလုံလောက်၍ အချိန်အနည်းငယ်ကုန်သွားသည့်တိုင်အောင် ဘာမှဆက်ဖြစ်မလာပေ။
ပိုင်ရှောင်ချန်းကမူ မျက်မှောင်ကြုတ်ရင်း သွေးချီများကို ခွဲလိုက်တော့သည်။
အနည်းငယ်ထပ်မံတွေးတောပြီးနောက် သူက ကျောက်စိမ်းပေလွှာကို ထပ်၍လေ့လာလိုက်ပြီး နောက်ထပ် စမ်းသပ်ချက်တစ်ခုလုပ်လိုက်ပြန်သည်။ သို့သော်လည်း ရလဒ်ကမူ မထူးပေ။ သွေးချီများ ချောချောမွေ့မွေ့စီးဆင်းနိုင်ရန် ကာဆီးနေသည့် အတားအဆီးအချိို့ရှိနေသည့်ပုံပင် ဖြစ်နေတော့သည်။
” ဒီ ကျောက်စိမ်းပေလွှာအရဆို သွေးဓားရဲ့ ပထမဆုံးအဆင့်က မင်းရဲ့ခန္ဓာကိုယ်ထဲက သွေးချီတွေကို အကုန်ထုတ်ယူပြီး မင်းရဲ့လက်ချောင်းရှေ့တည့်တည့်မှာ ဓားချီအသွင်ပြောင်းဖို့ပဲ။ ပြီးရင် လျှို့ဝှက်မှော်အတတ်ကိုသုံးပြီး ဓားချီရဲ့ အခြေခံကို သွေးဓားအဖြစ် ပြောင်းလဲဖို့ပဲ…” သူက ထို့သို့တွေးကာ နောက်တစ်ကြိမ်ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်ပေ။
” ဘာလို့ မအောင်မြင်ရတာလဲ။” သူက ထိုကိစ္စကို ပို၍လေးလေးနက်နက်တွေးတောလိုက်ပြီးနောက် ကျောက်စိမ်းပေလွှာထဲရှိနည်းလမ်းကို ပယ်ကာ ထာဝရအသက်ရှင်နည်းပညာရပ်ကို ဆင့်ခေါ်လိုက်လေသည်။ ချက်ချင်းပင် ထိုနေရာတစ်ဝိုက်ရှိ သွေးချီများမှာ သူ့ဆီ ပျံဝဲလာကာ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်သွားကြတော့သည်။
အသက်တစ်ခေါက်ရှူကြိမ်အတွင်းမှာပင် သူက ထိုသွေးချီကို သူ၏လက်ချောင်းထိပ်သို့ ပို့လိုက်သည်။ ထိုအခါ သွေးချီများက တစ်မီတာ၏ သုံးပုံပုံ တစ်ပုံခန့်ရှည်သည့် ဓားချီအဖြစ်ပြောင်းလဲသွားသည်။
ထိုအရာအားလုံးမှာ သဘာဝအတိုင်းပင် အတားအဆီးမရှိ ဖြစ်သွားခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်သူများရှိပါက ကြက်သေသေနေမည်သာဖြစ်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သမိုင်းတစ်လျှောက်လုံးတွင် အချိန်တစ်ရက်တောင်မကုန်ပဲ သွေးချီကို ဓားချီအဖြစ်ပြောင်းလဲနိုင်သည့် လက်ရွေးစင်တစ်ယောက်မှ မရှိဖူးချေ။ ပိုင်ရှောင်ချန်းမှာ ကျင့်စဥ်ထဲကနည်းလမ်းကိုမသုံးသော်လည်း အသက်ရှူကြိမ်အနည်းငယ်အတွင်းပင် ပြီးမြောက်သွားပြီဖြစ်သည်။
ပိုင်ရှောင်ချန်းက သူ၏လက်ချောင်းထိပ်ရှိ ဓားချီကိုစစ်ဆေးလိုက်သောအခါ စည်းမျဥ်းအပြင်ဘက်ကနေ စဥ်းစားဆောင်ရွက်လိုက်သဖြင့် အောင်မြင်သွားကြောင်း သိသွားသည်။
” သွေးမုန်တိုင်းသိုင်းကွက်က တော်တော် မိုက်တာပဲဟ။ ထာဝရသွေးကို ထိန်းချုပ်ဖို့ ဖန်တီးထားတဲ့ မှော်အတတ်တစ်ခုဖြစ်မှာ အသေအချာပဲ။ ဒါပေမဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဘယ်သူမှ စစ်မှန်တဲ့ထာဝရသွေးမရှိလို့ သွေးချီကို မှီခိုပြီး သူတို့ရဲ့သွေးတွေကို အသွင်ပြောင်းနေရတာပဲ။ အဲ့လိုနည်းကြောင့် ရလဒ်က မသန့်စင်မှာ သေချာတယ်။ အဲ့တာမလို့ သွေးချီတွေလိုတာထက်ပိုလိုပြီး သူများကို ဒဏ်ရာရအောင်လုပ်ရင်လုပ်၊ မဟုတ်ရင် ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် ပြန်လုပ်နေရတာပဲ။ အဲ့လိုနည်းနဲ့မှ စွမ်းအားက တိုးများလာမှာ။”
“ကြည့်ရတာ မင်းရဲ့သွေးက သွေးချီနဲ့ ရောစပ်သွားတဲ့ ကြာမြင့်လှတဲ့အချိန်အပိုင်းအခြားထဲမှာ ထာဝရအပိုင်းရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ထာဝရသွေးကို ရောက်နိုင်တဲ့ပုံပဲ။”
” ဒါပေမဲ့ အဲ့လိုဖြစ်ဖို့က တော်တော်ကို ခက်ခဲမှာ။ အကောင်းဆုံးကတော့ ကိုယ်ပိုင် ထာဝရသွေးကိုသုံး၊ သွေးချီထုတ်ပြီးတော့ အဲ့သွေးချီကိုသုံးပြီး ဓားချီဖွဲ့စည်းဖို့ပဲ။ အဲ့လိုအခြေခံနဲ့ဆိုရင် အဲ့သွေးဓားကို သုံးပြီး ခုတ်ကြည့်လိုက်ရင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတောင် တုန်ခါသွားစေနိုင်တယ်။”
” ငါ့ရဲ့ စည်းမျဥ်းအပြင်ဘက်က စဥ်းစားတဲ့နည်းကလည်း အမှန်ကြီးတော့မဟုတ်ဘူး။” သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဓားချီကို ခွဲလိုက်ကာ သွေးချီအဖြစ်ပြန်လည် ပြောင်းလဲလိုက်ပြီး ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ကာ သူ၏အသွေးအသားများနှင့် ရောစပ်စေလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်တစ်လျှောက် စပ်ဖျဥ်းဖျဥ်းဖြစ်သွားတော့သည်။ ထို့နောက် သူက ထာဝရကောင်းကင်ဘုရင်ကို ကျင့်မည့်အစား သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သွေးမုန်တိုင်းသိုင်းကွက်၏ ကဗျာစာသားကိုသုံးကာ သွေးချီများကို ထုတ်ယူရန် ကြိုးပမ်းလိုက်သည်။
ထိုအချိန်တွင် သူ၏ အသွေးအသားများမှာ အနည်းငယ်မျှ ရှုံ့တွသွားပြီး တချိန်ထဲမှာပင် သွေးချီများထွက်ပေါ်လာတော့သည်။
ထိုသွေးချီမှ သူ၏ ထာဝရရွှေအရေပြားနှင့် သူအချိန်ပေးလေ့ကျင့်ထားသည့် ထာဝရကောင်းကင်ဘုရင်ဆီမှ လာခြင်းဖြစ်သည်။ ယခုတွင်မူ ထိုအရာကိုအသုံးချကာ ပိုင်ရှောင်ချန်း၏ကိုယ်ပိုင် ထာဝရသွေး ဖြစ်သည့် သွေးချီကို ထုတ်ယူနေတော့သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကြောင့် ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်ပိုင် ထာဝရသွေးကိုထုတ်ယူရန်မဖြစ်န်ိုင်ပေ။ သို့သော်လည်း ဤလျှို့ဝှက်မှော်အတတ်ကြောင့် သူက သွေးချီအချို့ကို အတင်းအကြပ်ထုတ်ယူနိုင်နေပြီဖြစ်သည်။
ထိုသွေးချီမှာ သေးငယ်ပါသော်လည်း ဧရာမလက်ကြီး၏ဆင့်ခေါ်မှုများမှာ ပို၍ပင် ပြင်းထန်လာသည်ဟု ထင်ရလေသည်။ ပိုင်ရှောင်ချန်းက သွေးချီစီးကြောင်းများကို သူ၏လက်ချောင်းထိပ်သို့ ပို့လိုက်ကာ ဓားချီအဖြစ်ပြောင်းလဲသွားသောအခါ အသက်ရှူသံများပင် မြန်လာတော့သည်။
ဤအရာမှာ သွေးမုန်တိုင်းသိုင်း သို့မဟုတ် ထာဝသွေးဓား အစစ်အမှန်ပင်ဖြစ်လိမ့်မည်။
ထိုအရာမှာ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး အခြားအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဥ်၍မရနိုင်ပါသော်လည်း ဤ ထာဝရသွေးမျှင်တန်းလေးမှာ အရာရာတိုင်းကို မြက်ခြောက်များအလားဖျက်စီးပစ်နိုင်သည့် အခြေအနေအထိ သန့်စင်ထားသော သွေးချီအပိုင်းအစများစွာမှ ပြုလုပ်ထားခြင်းဖြစ်သည်။
ဓားချီပေါ်လာချိန်တွင် အလယ်တောင်ရှိ သွေးချီအားလုံးမှာ ဆူပွက်လာကြတော့သည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများစွာ အံ့သြသွားကြပြီး ဘာဖြစ်နေမှန်းပင် မသိလောက်အောင်ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းကမူ အောင်မြင်လိမ့်မည်ဟု လုံးဝမယုံကြည်ထားသဖြင့် စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူသံများပင် မြန်နေတော့သည်။
” ဒီလိုမျိုးကြတော့ ဝှက်ဖဲမဟုတ်တော့ဘူး။ ဒါကိုသုံးပြီး ထာဝရသွေးကို ဖန်တီးလို့ရတယ်။ အဲ့တာဆို ထာဝရသွေးအဆင့်နဲ့ စောစောစီးစီး ဆက်သွယ်ခွင့်ရပြီ။” စိတ်လှုပ်ရှားစွာဖြင့် သူက ထာဝရသွေးချီများကို ပြန်ယူလိုက်လေတော့သည်။
ထို့နောက် နေ့ရက်များကုန်သွားပြီး သူကတော့ လေ့ကျင့်နေစမြဲပင်။