Switch Mode

အခန်း ( ၁၉၆ )

ထူးဆန်းသောကမ္ဘာ

ပိုင်ရှောင်ချန်းပြန်ပြောလိုက်သောစကားကြောင့် ကျောက်ဝူချန်၏ရင်ထဲတွင်တုန်လှုပ်သွားလေ၏။ သူ၏ဆရာသည် အဘယ်ကြောင့်ယခုလိုပြောရဲဆိုရဲဖြစ်နေသနည်းဟူ၍ပင် စဥ်းစား၍မရပေ။

အခြားဂိုဏ်းသားများအားလုံးလည်းမှင်တက်မိနေကြပြီး အလယ်တောင်ထိပ်၏မဟာအကြီးအကဲကို ယခုကဲ့သို့မထီလေးစားပြောဆိုဆက်ဆံခံလိုက်ရခြင်းကို မကြားမိယောင်ဆောင်နေကြလေ၏။

စုန့်ကျင်းဝမ်၏မျက်လုံးများပြူးကျယ်သွားလေ၏။ သူမသည်ပထမဦးစွာ ညမုဆိုး တစ်ယောက်ရိုင်းပျနေပြီဟုထင်မြင်လိုက်ပြီး သူ၏မျက်လုံးထဲတွင်အရူးအမူးစွဲလမ်းနေသည့်အရိပ်အယောင်များကိုမြင်တွေ့လိုက်ပြီးနောက် အရည်လဲ့နေသောမျက်လုံးရွဲတွေနှင့် ကြည့်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ မည်သည့်အကြောင်းရင်းကြောင့်မသိ သူမ၏မျက်လုံးထဲတွင်ညမုဆိုး သည် ယခင်ကထက်ပို၍ချစ်စရာကောင်းနေသလိုခံစားလိုက်ရ၏။

“အစ်မတော်…” အခြားတောင်ထိပ်သုံးခုမှ မဟာအကြီးအကဲ များ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများမြင်တွေ့နေရသည်။ သူတို့သည်ပိုင်ရှောင်ချန်းကိုကြည့်လိုက်ကြပြီး စုန့်ကျင်းဝမ်ကိုလှည့်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့၏ဦးခေါင်းများကိုခါယမ်းလျက်ထွက်ခွာသွားကြလေ၏။ ကျောက်ဝူချန်ကမူ နွံအိုင်တောင်ထိပ်သို့ ဦးတည်ထွက်ခွာသွားလေသည်။

ရုပ်အလောင်းတောင်ထိပ်၏မဟာအကြီးအကဲမှာမူ ယူကြုံးမရဖြစ်ကာ သက်ပြင်းချနေပြီးနောက်ထွက်ခွာသွားလေ၏။

ပိုင်ရှောင်ချန်းသည်အလယ်တောင်ထိပ်ကိုရွေးချယ်လိုက်သည့်အပေါ် သူအများကြီးစိတ်မကောင်းဖြစ်နေပြီး ကံကြမ္မာအရရုပ်အလောင်းတောင်ထိပ်နှင့်ပက်သတ်ဆက်နွယ်နေသည့် ထူးချွန်ထက်မြက်သောဂိုဏ်းသားတစ်ယောက်ကိုလက်မလွှတ်ချင်ပဲဖြစ်နေသည်။ သူသည်ရှေ့သို့တိုးလာလျက် ကျောက်စိမ်းပေလွှာတစ်ချပ်ကိုထုတ်ယူလိုက်ပြီး ပိုင်ရှောင်ချန်းကိုလှမ်းပေးလိုက်သည်။

“ညမုဆိုး… ဒါက ကျုပ်ရဲ့အမိန့်ပေးလည်ဆွဲပဲ။ တကယ်လို့ မင်းစိတ်ပြောင်းသွားခဲ့ရင် ဒီလည်ဆွဲကိုရုပ်အလောင်းတောင်ထိပ်ဆီကိုယူလာခဲ့ပါ။ မင်းအတွက် ဓမ္မစောင့်ရှောက်သူနေရာတစ်ခုကိုကျုပ်တို့ချန်ထားပေးပါ့မယ်။”

ပိုင်ရှောင်ချန်းသည် သူ့အပေါ်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဆက်ဆံပြုမူမှုများအပေါ်တွင် အံ့သြဝမ်းသာစွာတွေးနေလျက် အမိန့်ပေးလည်ဆွဲကိုတရိုတသေလှမ်းယူလိုက်သည်။ သူတို့သည် လူမဆန်သောလုပ်ရပ်အနည်းငယ်ကိုပြုလုပ်ခဲ့ကြသော်လည်း သူ့ကိုတော့ အမှန်တကယ်ကြည့်ရှုစောင့်ရှောက်ကြပေသည်။

” ငါအရာအားလုံးကိုဖျက်ဆီးပစ်လိုက်မိတာတောင် သူတို့က ငါ့ကိုအပြစ်မပေးပဲ ဆုလာဘ်တွေတောင်ချီးမြှင့်လိုက်သေးတယ်။” သူကတွေးနေမိသည်။ “မဟာအကြီးအကဲလေးယောက်ကတောင် ငါ့ကိုပြိုင်လုနေကြတယ်။ ဒါ့အပြင် ရုပ်အလောင်းတောင်ထိပ်ရဲ့မဟာအကြီးအကဲဆိုရင် ငါ့ကိုလက်မလွှတ်ချင်တဲ့ပုံပဲ ” သူသည် သက်ပြင်းချလိုက်ပြန်သည်။

လူအားလုံးထွက်ခွာသွားကြပြီးနောက် အလယ်တောင်ထိပ်မှစုန့်ကျင်းဝမ်သည် ပိုင်ရှောင်ချန်းကိုခြေဆုံးခေါင်းဆုံးကြည့်လျက် ပြုံးနေလေ၏။ သူမသည်အလွန်ကျော့ရှင်းလှပသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ရှေ့ကိုခြေလှမ်းလိုက်သောအခါ သူမ၏ လှပသောနို့နှစ်ရောင်ပေါင်သားဖြူဖြူလေးကိုအထင်းသားမြင်နေရသည်။ သူမ၏ဖြူဝင်းေသာ ပေါင်လုံးလေးများသည် မယုံနိုင်စရာကောင်းလောက်အောင်ဆွဲဆောင်မှုရှိလှပေရာ ပိုင်ရှောင်ချန်းတစ်ယောက်ငေးမကြည့်ပဲမနေနိုင်ဖြစ်နေတော့၏။ ကြည့်နေရင်းမှပင် သူ၏နှလုံးသားသည်လည်းတဒိန်းဒိန်းခုန်လာလေတော့၏။

စုန့်ကျင်းဝမ်၏ကိုယ်သင်းရနံ့လေးက ပျံ ့လွင့်နေပြီး သူမ၏ဖြူဖွေးသောလက်ချောင်းလေးက ဆန့်ထွက်လာကာ ပိုင်ရှောင်ချန်း၏မေးစေ့ကိုလှမ်းတို့လိုက်လေ၏။ သူမ၏ ကြက်သွေးရောင်သန်းနေသောနှုတ်ခမ်းလေးများတွင် အနည်းငယ်ပြုံးရိပ်သန်းလာကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
” ရှင် ကျွန်မကိုဘယ်လိုခေါ်လိုက်တာလဲ… ဟမ် လူရှုပ်ကလေး…”

” အစ်မတော် စုန့်လို့ ခေါ်လိုက်တာပါ..” ပိုင်ရှောင်ချန်းက ရှက်ကိုးရှက်ကန်းနှင့်ပြန်ဖြေလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှနူးညံ့သောကိုယ်သင်းနံ့လေးသည် ပိုင်ရှောင်ချန်း၏နှာခေါင်းထဲသို့လေနှင့်အတူပျံ့လွင့်လာရာ ပိုင်ရှောင်ချန်း၏မျက်နှာ အနည်းငယ်နီရဲသွားလေ၏။

ပိုင်ရှောင်ချန်းတစ်ယောက်ထိုကဲ့သို့ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ စုန့်ကျင်းဝမ်သည်မခို့တရို့လေး ခပ်လွင်လွင် ရယ်မောလိုက်သည်။ သူမ၏မျက်ခုံးကိုအနည်းငယ်ပင့်ကြည့်လျက် သူမသည်ပိုင်ရှောင်ချန်း၏လက်ထဲသို့ ကျောက်စိမ်းပေလွှာတစ်ချပ်ကိုထည့်ပေးလိုက်သည်။ ထို့နောက်သူမသည်စွဲမက်ဖွယ်ကောင်းစွာလှည့်ထွက်လျက် ပျံသန်းပျောက်ကွယ်သွားလေ၏။

ပိုင်ရှောင်ချန်းသည် အဆုံးမဲ့သွေးချောက်ကမ်းပါးတွင်တစ်ယောက်တည်းရပ်နေသည်။ သူ၏လက်ထဲတွင်ကျောက်စိမ်းပေလွှာတစ်ချပ်ကိုကိုင်ထားပြီး ထာဝရတည်မြဲခြင်း အမွေကိုရယူရန်သွားရမည့်လမ်းစဥ်ကိုကြည့်ရင်းသက်ပြင်းချနေသည်။ သူသည် သူ့ကိုယ်သူချီးမွမ်း၍မဆုံးဖြစ်နေသည်။ ထို့နောက်သူသည် စုန့်ကျင်းဝမ်ကိုအစ်မတော်ဟုခေါ်သည့်ကိစ္စကို တွေးနေမိသည်။ နောက်တစ်ကြိမ် စုန့်ချွဲနှင့်တွေ့ဆုံဖြစ်ခဲ့လျှင် သူသည်ပို၍ဝါကြီးရင့်နေမည်မှာ သိသာသည်။

ယခင်ကထက်ပို၍စိတ်လှုပ်ရှားနေလျက် သူ၏အင်မော်တယ်ဂူသို့ဂုဏ်ယူစွာဖြင့်ပြန်လာခဲ့လေသည်။ ထိုသို့ပြန်ရောက်ချိန်တွင်ညနေစောင်းနေပြီဖြစ်သည်။ အင်မော်တယ်ဂူသို့ပြန်ရောက်ပြီးနောက် နောက်တနေ့မနက်တွင်အလယ်တောင်ထိပ်သို့သတင်းပို့နိုင်ရန်အတွက် သူ၏အိတ်များကိုပြင်ဆင်ထုပ်ပိုးထားလိုက်သည်။

ညအချိန်သို့ရောက်သောအခါ ပိုင်ရှောင်ချန်းသည်တရားထိုင်နေစဥ် လရောင်သည်ပြတင်းပေါက်မှတစ်ဆင့်ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ရှေ့တည့်တည့်တွင်အရိပ်တစ်ခုပေါ်လာလေသည်။ ထိုအရိပ်ပေါ်လာသောအခါ သူ၏စိတ်ထဲတွင်ပြောမပြနိုင်လောက်အောင်ဆိုးရွားသောကြောက်စိတ်တစ်ခုဖုံးလွှမ်းသွားလေ၏။ ထိုခံစားမှုသည် သူ၏ရှေ့တွင်မမြင်နိုင်သောအရာတစ်ခုက ဘွားကနဲပေါ်လာတော့မည်လိုဖြစ်နေပေသည်။

သူ၏မျက်လုံးများပြူးကျယ်လာပြီး သူ၏ငယ်ထိပ်တစ်ခုလုံးထုံကျဥ်နေသည်။ သူစောင့်ကြည့်နေစဥ်မှာပင် သူ၏အရိပ်သည် မြူမှုန်များနှင့်ပြုလုပ်ထားသကဲ့သို့ လှိုင်းများထလာကာတွန့်လိမ်ပုံပျက်သွားပေသည်။ မျက်စိတမှိတ်အတွင်းမှာပင်အင်မော်တယ်ဂူတစ်ခုလုံးကို အနက်ရောင်မြူများက ဖုံးလွှမ်းသွားသည်။ လရောင်၏ရောဂါပိုးဝင်နေသည့်အပိုင်းက ဖြတ်တောက်ခြင်းခံလိုက်ရသကဲ့သို့ဖြစ်နေပေသည်။

ဖြစ်ပျက်နေသည်များကိုမြင်လိုက်ရသောအခါတွင် ပိုင်ရှောင်ချန်းသည် လူလိမ် ညမုဆိုး ပြောပြခဲ့ဖူးသော လျှို့ဝှက်ဆန်းကြယ်သည့်ဂိုဏ်းအကြောင်းကိုတွေးလိုက်မိသည်။ ပိုင်ရှောင်ချန်းသည် ဂိုဏ်း၏ဇာတ်ကြောင်းများကိုမမေ့လျော့သေးပဲ ယခုအခါ သူ၏မျက်နှာအမူအရာသည်မပြောင်းလဲသော်လည်း သူ၏ရင်ထဲတွင်တော့ကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်သည်။ သူသည်မတ်တပ်ရပ်လိုက်ပြီးပတ်ဝန်းကျင်ကိုအသေအချာလေ့လာကြည့်ရှုလိုက်ပေသည်။

” လူလိမ် ညမုဆိုး ကပြောတာေတာ့ ဆယ်စုနှစ်တစ်ခုအတွင်း လျှို့ဝှက်ဆန်းကြယ်သည့်ဂိုဏ်းက သုံးကြိမ်ပဲ ပေါ်ပေါက်ခဲ့ဖူးသည်။ သူတို့နောက်ဆုံးထွက်ပေါ်ခဲ့တာက အချိန်အတော်ကြာခဲ့ပြီ။ သူတို့ဘာလို့ထပ်မပေါ်လာတော့တာလဲ…။” သူ့ရင်ထဲတွင် ကြောက်စိတ်များကိန်းအောင်းလာသည်။ ထိုလျှို့ဝှက်သည့်ဂိုဏ်းသာ သူ၏မျက်နှာဖုံးကိုထိုးဖောက်မြင်သွားပါမူ ဘာတွေဖြစ်လာမလဲဆိုတာလုံးဝမတွေးရဲစရာပေ။

အရိပ်များတလိပ်လိပ်တက်နေသောအင်မော်တယ်ဂူထဲတွင် မြေကြီးများသည်ရေပြင်ကဲ့သို့လှိုင်းဂယက်ထနေသည်ကို သူတွေ့လိုက်ရ၏။ မကြာမီပင်မြေကြီးသည် ဖောက်ထွင်းမြင်နိုင်လောက်အောင်ကြည်လင်လာပြီး ပိုင်ရှောင်ချန်းက ပုံရိပ်ယောင် ကမ္ဘာထဲသို့ရောက်ရှိသွားသည်။

အစက ထိုကမ္ဘာသည် မြေကြီးအောက်တွင်တည်ရှိနေသည်ဟုထင်ရသော်လည်း သေချာစစ်ဆေးကြည့်ရှုလိုက်သည့်အခါမှ ထိုကမ္ဘာသည် ရှူခင်းတစ်ခုဖြစ်နေကြောင်း ပိုင်ရှောင်ချန်းသိလိုက်ရသည်။ သူသည် မှန်ထဲမှနေ၍အခြားတစ်ဖက်ရှိနေရာတစ်ခုကိုကြည့်ရှုနေရသလိုမျိုးဖြစ်နေသည်။

ကမ္ဘာထဲတွင်တောင်များ၊ရေပြင်များနှင့်အတူ အဖြူရောင်တိမ်တိုက်များဟိုတစသည်တစတည်ရှိနေသော အပြာရောင်မိုးကောင်းကင်ကြီးတစ်ခုရှိနေပေသည်။ ထိုအချိန်တွင်ထူးဆန်းသောရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေသည့် အဖြူရောင်ပုံရိပ်တစ်ခုဖြည်းညင်းစွာပေါ်ထွက်လာသည်။ ထိုလူသည်လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်မှန်း ပိုင်ရှောင်ချန်းချက်ချင်းသိလိုက်သည်။ ယခုအခါ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် မည်မျှအင်အားကြီးမားကြောင်းကို သူပို၍နားလည်သဘောပေါက်သွားပေသည်။

“ညမုဆိုး…။” အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်မှနေ၍ သူ့ကိုစိတ်ဖြင့်စကားပြောလိုက်သည့်အခါတွင် အသံရှင်သည် ယောက်ျားလား၊ မိန်းမလားခွဲခြားရန်ခက်ခဲလှသည်။ ပိုင်ရှောင်ချန်းသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း အဖြူရောင်ပုံရိပ်သည် တစ်ခုခုမှားယွင်းနေသည်ကိုသတိထားမိပုံမပေါ်သေးချေ။ ပုံရိပ်သည်သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ဆေးလုံးပုလင်းသုံးခုပေါ်ထွက်လာလေသည်။ ဆေးလုံးပုလင်းတိုင်းတွင် ဝင်းလက်တောက်ပနေသော လပုံသဏ္ဍာန်ကို ရေးဆွဲထားသည်။ ပုလင်းများသည် ကြည်လင်နေသောမြေပြင်ဆီသို့အလျင်အမြန်ပျံသန်းသွားပြီး မြေပြင်ကိုဖောက်ထွက်သွားကာ အင်မော်တယ်ဂူထဲတွင်ပေါ်ပေါက်လာလေ၏။

ဆေးလုံးပုလင်းများရောက်ရှိလာသည်နှင့် ကြမ်းပြင်မှလှိုင်းများသည်ပို၍ပြင်းထန်လာပေသည်။

“မင်းဆီကနေ အခြေခိုင်မာခြင်းအဆင့်အငွေ့အသက်တွေပျံ့လွင့်လာနေတာကို ကျုပ်ခံစားမိတယ်။” ပုံရိပ်ကဆိုသည်။ “မင်းအောင်မြင်သွားပြီပဲ။ သိပ်ကောင်းတယ်။ ဒီမှာ မင်းလိုအပ်နေတဲ့ဆေးလုံးတွေပဲ။ ဒီဆေးလုံးတွေက မင်းကိုအခြေခိုင်မာခြင်းအဆင့်ရဲ့အလယ်အဆင့်အထိရောက်အောင် အထောက်အပံ့ပေးနိုင်လိမ့်မယ်။ ဒီဆေးလုံးတွေရဲ့တန်ဖိုးထက် ဒီဆေးလုံးတွေကိုမင်းဆီရောက်အောင်ပို့ပေးရတဲ့တန်ဖိုးက ပိုကြီးတယ်။”

“မှတ်ထားပါ…။ ထာဝရတည်မြဲခြင်းအမွေက အလယ်တောင်ထိပ်က မဟာအကြီးအကဲရဲ့ အင်မော်တယ်ဂူအောက်တည့်တည့်မှာတည်ရှိနေတယ်။ အချိန်ဘယ်လောက်ပဲကြာသည်ဖြစ်စေ၊ အဲ့ဒီအမွေအနှစ်ကိုမင်းရအောင်ယူနိုင်ဖို့နည်းလမ်းတစ်ခုကိုရှာဖွေပါ။” နောက်ဆုံးတွင်ဆေးလုံးပုလင်းများသည် မြေပြင်ကိုဖြတ်၍အင်မော်တယ်ဂူအတွင်းသို့ဝင်ရောက်လာကြသည်။ တချိန်တည်းမှာပင် အဖြူရောင်ပုံရိပ်သည် မှေးမှိန်ပျောက်ကွယ်သွားပေသည်။ ကြမ်းပြင်သည်ပုံမှန်ပြန်ဖြစ်သွားပြီး အရိပ်များလည်းကွယ်ပျောက်သွားလေသည်။ လရောင်သည် ပြတင်းပေါက်ကိုဖြတ်၍ ထပ်မံဝင်ရောက်လာလေသည်။

မိနစ်အနည်းငယ်မျှကြာသွားပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းသည်စကားတစ်လုံးမှမပြောနိုင်သေးပဲဖြစ်နေသည်။ သူ့တစ်ကိုယ်လုံးလည်းချွေးများဖြင့်ရွှဲနစ်နေသည်။ သူသည်အသက်ကိုပြင်းပြင်းရှူလျက် စိတ်ကိုတည်ငြိမ်စေရန်ကြိုးစားနေလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ထူးဆန်းသောအပြုအမူသည် သူတွေးထင်ထားသည်ထက်ပင်ပို၍ ထူးခြားဆန်းပြားနေသည်။

“သူတို့ဂိုဏ်းဟာ ဘယ်လိုတောင်လား…။” သူကတွေးလိုက်မိသည်။ ထိုဂိုဏ်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်နှိုင်းယှဥ်၍မရလောက်အောင်ပင် စွမ်းအားကြီးနေသည်ကိုသိလိုက်ရသည်။ သူတို့က စွမ်းအားကြီးသည့်တိုင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အလွန့်အလွန်ဝေးကွာလှသောနေရာတွင်တည်ရှိနေပေသည်။

“ဟူး.. နေ့ခင်းပဲရှိသေးတယ်…” သူကတွေးလိုက်မိသည်။ သူသည် သူဝတ်ဆင်ထားသောမျက်နှာဖုံးကိုလက်ဖြင့်စမ်းသပ်လိုက်သည်။ သူမည်သူမည်ဝါဖြစ်သည်ကို ဆက်လက်ဖုံးကွယ်ထားနိုင်သည့်အတွက် အတော်လေးစိတ်သက်သာရာရသွား၏။

” လူလိမ်ရဲ့နေရာကိုငါယူထားတယ်ဆိုတာ အဖြူရောင်တမန်တော်တောင်မှမရိပ်မိလိုက်ဖူးပေါ့။ ဒါမှမဟုတ် တမန်တော်ကသိနေပေမယ့် ဘာမှမပြောပဲနေနေတာများလား။” ခဏမျှတွေဝေနေပြီးနောက် လူလိမ် ညမုဆိုး ထံမှအတည်ပြုချက်ကိုရရန်ပြုလုပ်လိုက်သည်။

လူလိမ် ညမုဆိုး သည် စောစောကအဖြစ်အပျက်အပေါ်ဒေါသထွက်နေပေသည်။ ထိုဆေးလုံးများကိုသူတောင်းဆိုထားသည်မှာအကြိမ်များစွာရှိနေပြီဖြစ်သော်လည်း ယခုမှသာထိုဆေးလုံးများရောက်ရှိလာပေသည်။ သို့ရာတွင် ဆေးလုံးများသည်ပိုင်ရှောင်ချန်း၏လက်ထဲသို့ရောက်ရှိသွားခြင်းဖြစ်သည်။ အချိန်အကြာကြီးတွေဝေနေပြီးနောက် သူကသက်ပြင်းချလိုက်သည်။ မငြင်းဆန်ဝံ့သောကြောင့် ပိုင်ရှောင်ချန်း၏မေးခွန်းများကိုစတင်ဖြေကြားလိုက်ရသည်။

အဆုံးတွင် ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်သွားသည်။ အဖြူရောင်ပုံရိပ်က သူရုပ်ပြောင်းရုပ်လွဲလုပ်ထားသည်ကို သတိထားမိလိုက်လား သိရှိရန် နည်းလမ်းမရှိပဲဖြစ်နေပေသည်။

“ ဘာပဲဖြစ်ဖြစ်။ အခုလိုတွေးနေလို့လဲ ဘာမှအသုံးမဝင်တော့ပါဘူး။ သူသတိပြုမိခဲ့ရင်တောင်မှ ဘာမှ ပြောမသွားတာပဲကို။ ဒီလိုဆိုရင် ငါတို့နှစ်ယောက်ကြားမှာအပြန်အလှန်နားလည်မှုတစ်ခုခုရှိနေပြီ။ အရင်တစ်ခေါက်က လေ့လာထားတာအရဆိုရင်တော့ သူတို့က ဟန်ဆောင်ဖုံးကွယ်နေကြတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတကယ်မရိပ်မိတာလဲဖြစ်နိုင်တာပဲ။” ပိုင်ရှောင်ချန်းသည်ခေါင်းကိုခါယမ်းလိုက်ပြီး တောက်ပသောလမင်းတံဆိပ် များခတ်နှိပ်ထားသောဆေးပုလင်းသုံးလုံးကိုငုံ့ကြည့်လိုက်လေသည်။ သူသည် ဆေးလုံးပုလင်းများကို တစ်ခုပြီးတစ်ခုဖွင့်လိုက်သည်။

ဆေးလုံးပုလင်းများတွင် ဆေးလုံးပေါင်းအလုံးသုံးဆယ်တိတိပါဝင်ပေသည်။ သေချာလေ့လာကြည့်ရှုလိုက်သောအခါတွင်မူ ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးကျယ်သွားပေသည်။

” အဆင့်မြင့်ဆေးလုံးတွေပဲ…ဒါတွေက အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးတွေပဲ။”

“ဘယ်လိုဂိုဏ်းမျိုးပါလိမ့်။ ကြောက်စရာကောင်းလိုက်တာ ”

“ဘယ်လိုစိတ်စွမ်းအင်ဆေးလုံးမျိုးမှန်းတောင်ငါမသိဘူး။ ပြီးတော့ ပါဝင်တဲ့ဆေးပင်တွေရောပဲ…။” ဆေးလုံးများကိုအနံ့ခံကြည့်ပြီးသောအခါတွင်မူ ဆေးလုံးထဲတွင်ပါဝင်ပစ္စည်းတစ်ဒါဇင်လောက်ရှိနေကြောင်း သိလိုက်ရလေ၏။ သို့သော်လည်း ထိုထဲမှတစ်ဝက်ခန့်ကိုသာ အမျိုးအမည်ခွဲခြားနိုင်သေးသည်။

သို့ရာတွင် ဆေးလုံးများ၏အစွမ်းကိုကား သူခန့်မှန်းနိုင်ပေသည်။ အဖြူရောင်ဝတ်ရုံနှင့်လူ ပြောသွားသကဲ့သို့ပင် ဤဆေးလုံးပုလင်းသုံးလုံးသည် လူသားတာအိုအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အစောပိုင်းအဆင့်မှနေ၍အလယ်အလတ်အဆင့်ထိရောက်အောင် ကူညီပေးနိုင်သည်။ သို့ရာတွင် ထိုဆေးလုံးများသည်ပိုင်ရှောင်ချန်းအတွက်တော့ သိပ်အသုံးဝင်မည်မဟုတ်ပေ။ ပိုင်ရှောင်ချန်းသည် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိပြီးသားပင်မဟုတ်ပါလား…။

ဆေးလုံးများသည် သူ့ကိုအခြေအနေတစ်ခုထိကူညီပေးနိုင်သော်လည်း သူတကယ်လိုအပ်နေသည်မှာကား သန့်စင်ပြီးသားကောင်းကင်တံတားမြစ်ရေပင်ဖြစ်သည်။ သို့ရာတွင် ဤဆေးလုံးများသည် သူ၏ဆေးဝါးဖော်စပ်ခြင်းများတွင်သေချာပေါက်အကူအညီပေးလိမ့်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ထိုတစ်ညလုံးတွေးတောရင်းအချိန်ကုန်သွားသည်။ နောက်တစ်နေ့မနက်သို့ရောက်သောအခါ ပိုင်ရှောင်ချန်းသည်သမ်းဝေလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းနှင့်ပက်သတ်သောအတွေးများကိုတစ်ခန်းရပ်လိုက်လေသည်။ သူ၏အင်မော်တယ်ဂူမှထွက်လျက် ကြမ်းပြင်ကိုခဏမျှစိုက်ကြည့်နေမိလေသည်။ ထို့နောက် အလယ်တောင်ထိပ်သို့တဟုန်ထိုးပျံသန်းထွက်ခွာလာခဲ့လေ၏။

အလယ်တောင်ထိပ်သို့ရောက်သောအခါ သူသည်မိုးပေါ်သို့ထောင်တက်နေသောတောင်၏အပေါ်ပိုင်းကိုကြည့်ရှုနေလေ၏။ ထိုတောင်ထိပ်သည် ဧရာမလူ့ဘီလူးကြီး၏လက်ချောင်းတစ်ချောင်းဖြစ်ကြောင်းစဥ်းစားမိပြီး သက်ပြင်းချလိုက်မိ၏။

အလယ်တောင်ထိပ်သို့သူရောက်လျှင်ရောက်ချင်းပင် သူသည်ဝင်းလက်တောက်ပနေသောအလင်းရောင်စက်ကွင်းတစ်ခုထဲသို့ပြေးဝင်လိုက်လေ၏။ အလင်းရောင်စက်ကွင်းသည် ပိုင်ရှောင်ချန်းကိုင်ထားသောကျောက်စိမ်းပေလွှာကိုခံစားလိုက်မိပြီးပျောက်ကွယ်သွားကာ ပိုင်ရှောင်ချန်းကိုအလယ်တောင်ထိပ်သို့ဝင်ရောက်ခွင့်ပြုလိုက်သည်။

ထိုကျောက်စိမ်းပေလွှာသာမပါရှိခဲ့လျှင် သူသည်တောင်ထိပ်သို့ဝင်ရောက်ရန်ကြိုးစားသည့်အတွက်ကြောင့် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမည်ဖြစ်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏အဆင့်သတ်မှတ်ချက်များသည်အလွန်တင်းကြပ်လှပေရာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကိုသာတောင်ထိပ်လေးခုသို့တက်ရောက်ခွင့်ပြုထားပေသည်။

သူဆက်လျှောက်လာသောအခါ အလယ်တောင်ထိပ်၏ကြီးကျယ်ခမ်းနားမှုများကို ခံစားမိလာသည်။ အပင်များနှင့်သဘာဝပေါက်ပင်များအားလုံးသည် ကြက်သွေးရောင်သန်းနေကြပြီး သွေးရောင်မြစ်များနှင့်စမ်းချောင်းများကိုပင်မြင်တွေ့နေရသည်။ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်သည်အသက်ဝင်လာပြီး အဝေးတွင်ရှိနေသောသွေးရောင်ရေတံခွန်များကိုကြည့်လိုက်မိသည့်အခါတွင် ဧရာမလက်ကြီးမှသူ့ကိုဆင့်ခေါ်နေသောခံစားချက်က ပို၍ပြင်းထန်လာသည်။

ထိုဆင့်ခေါ်နေသောခံစားချက်သည် သူ၏ထာဝရအသက်ရှင်နည်းပညာရပ်ကိုလှုံ့ဆော်နေပြီး သူသည်ဧရာမလူ့ဘီလူးကြီးတစ်ကောင်ဖြစ်လာသလိုမျိုးခံစားမိစေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset