လူတိုင်းမှာ အံကြိတ်လိုက်ပြီး ဦးညွတ်ကာ အရိုအသေပေးနှုတ်ဆက်လိုက်ကြသည်။ ပိုင်ရှောင်ချန်းကမူ သူ့ကိုယ်သူ ဂုဏ်ဆာနေသော်လည်း အမူအရာကမူ တည်တည်ကြည်ကြည်ပင်။သူက ကြောက်မက် ဖွယ်ရယ်မောကာ လူအုပ်စုကြီးကို ကြည့်လိုက်လေသည်။
ကျောက်ဝူချန်းက ရုတ်တရက် အံကြိတ်ကာ ဆိုလိုက်လေသည်။
” ဓမ္မ စောင့်ရှောက်သူ ညမုဆိုး …. အခြေခိုင်မာခြင်းဆေးလုံးတစ်လုံးရဖို့ ကျုပ် ဘာမဆို ပေးဆပ်ဖို့ အသင့်ပါပဲ။”
မကြာမီ လူတိုင်းမှာ သူ့အတိုင်း လိုက်ပြောနေကြတော့သည်။ ရန်တော့ထမဖြစ်ကြပေ။ သူတို့က ပိုင်ရှောင်ချန်းကိုမျက်နှာချိုသွေးကာ ဆေးလုံးများရရှိရန် ကြိုးပမ်းနေကြတော့သည်။
သူတို့အတွက်မူ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးများမှာ ဖော်ပြ၍မရနိုင်အောင် ရှားပါးလေသည်။ ဤအခွင့်အရေးကိုသာ လက်လွတ်ဆုံးရှုံးသွားပါက နောက်တစ်ကြိမ် အခွင့်အရေးထပ်ရရန် ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။
ထိုဆေးလုံးကိုသာရရှိလိုက်ပါက ထိပ်တန်းအဆင့်သို့ မြင့်မားစွာခုန်တက်နိုင်စွမ်းရှိသွားမည် ဖြစ်သည်။ ထိုအတွေးတစ်ခုထဲကြောင့်ပင် သူတို့မှာ စိုးရိမ်စိတ်များနှင့် အသားများတုန်ရီနေကြတော့သည်။
ကျောက်ဝူချန်း၏ နီရဲနေသည့်မျက်လုံးများထဲတွင် ပြတ်သားမှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူ၏ မျိုးနွယ်စုမှာ အကျဘက်သို့ရောက်ရှိနေပြီး ယခုလောလောဆယ်တွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများစွာ ပိုင်ဆိုင်ထားသည့် ရန်သူမျိုးနွယ်စုများလည်း ရှိနေသည်။
သူသာ အခြေခိုင်မာခြင်းအဆင့်သို့ မြန်မြန်မရောက်ပါက သူ၏ မျိုးနွယ်စုတစ်ခုလုံးမှာ သူနှင့်တစ်ပါထဲ ပျက်သုဥ်းသွားမည်မှာ အသေအချာပင်။
ထိုအတွေးများက သူ၏ခေါင်းထဲဝင်လာသဖြင့် ကျောက်ဝူချန်းက အံကြိတ်လိုက်ပြီး ဒူးထောက်ကာ ပိုင်ရှောင်ချန်းကို အရိုအသေပေးလိုက်တော့သည်။ ထို့နောက်သူက သူ၏လက်ချောင်းကို သူ၏နဖူးထဲသို့ ဖိချလိုက်သောအခါ သွေးရောင် အလင်းတန်းတစ်ခုဖြာထွက်လာပြီး သွေးစက်တစ်စက်ထွက်လာသည်။ ထိုသွေးစက်ထဲတွင် သူ၏ သက်စောင့်ဝိညာဥ် တစ်စ ပါဝင်သည်။
ရှေးယခင်က သူတတ်မြောက်ခဲ့သည့် လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံးနေခြင်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကြောင့် ထိုအတတ်ကိုသုံးလိုက်သောအခါ ဘေးထွက်ဆိုးကျိုးများစွာ ခံစားလိုက်ရလေသည်။ ထိုသက်စောင့်သွေးစက်ပေါ်ထွက်လာသောအခါ သူ၏မျက်နှာမှာ ဖြူဆုတ်သွားပြီး သွေးတစ်ပွက်အန်ထွက်လာတော့သည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းကိုမော့ကြည့်ကာ ရူးသွပ်မှုများပြည့်နှက်နေသည့် အသံကွဲကြီးဖြင့် အော်ပြောလိုက်လေသည်။ ” ဓမ္မစောင့်ရှောက်သူ ညမုဆိုး…. အခြေခိုင်မာခြင်းအဆင့်ကို ကျုပ်ကို ရောက်ရှိခွင့်ပေးမယ်ဆိုရင် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုတိတိ ခင်ဗျားရဲ့ ကျွန်ခံပါ့မယ်ဗျာ။ ”
အခြားဂိုဏ်းသားအားလုံးမှာ ထိုစကားကြောင့် မှင်တက်သွားကြပြီး ကျောက်ဝူချန်းကို ခံစားချက်ပေါင်းစုံ ရောက်ပြွမ်းနေသောမျက်လုံးတွေနှင့် ဝိုင်းကြည့်နေကြတော့သည်။ သူတို့အားလုံးမှာ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးကို ရူးမတတ်လိုချင်နေကြပါသော်လည်း ကျောက်ဝူချန်းလောက် မည်သူမျှ မပြတ်သားရဲကြပေ။
သူတို့မှာ မျက်နှာပျက်သွားတော့သည်။ သက်စောင့်သွေးစက်ထုတ်ယူနိုင်သည့် မှော်အတတ်တစ်မျိုးမျိုးကို အခြားမည်သူမျှမတတ်ကြပေ။ အကယ်၍ ထိုသို့သောအတတ်ကို တတ်လျှင်တောင်မှ ဤကဲ့သို့ အသုံးချမည်မဟုတ်ပေ။
အခြေခိုင်မာခြင်းအဆင့်ဆေးလုံးများ ရှားပါးသည်မှာမှန်သော်လည်း နောင်တချိန်တွင် ရရှိနိုင်မည့် အခွင့်အရေးပေါ်မလာနိုင်ဘူးဟု မည်သူမှမပြောနိုင်ပေ။
ပိုင်ရှောင်ချန်းကမူ အံ့အားသင့်သွားပြီး ကျောက်ဝူချန်းကို အကြာကြီးငေးကြည့်ကာ သက်စောင့်သွေးစက်ကို လှမ်းကြည့်လိုက်သည်။ သူက ကျင့်ကြံခြင်းလောကတွင် လူသစ်တစ်ယောက်မဟုတ်တော့သဖြင့် ဤကဲ့သို့အရာများအကြောင်းကို ကြားထားပြီးသားဖြစ်သည်။ သူ့တစ်ကိုယ်တည်း တခဏမျှ ရေရွတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ သက်စောင့်သွေးစက်မှာ သူ့ဆီသို့ပျံဝဲလာပြီး သူ၏လက်ချောင်းထိပ်တွင် ပျောက်ကွယ်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးဆန်းသော ခံစားချက်တစ်ခုမှာ ရုတ်တရက် ပျံ့နှံ့သွားတော့သည်။ ယခုအချိန်မှာ သူတွေးလိုက်ရုံမျှဖြင့် ကျောက်ဝူချန်း၏အသက်ကို ဇီဝိန်ချုပ်လိုက်နိုင်ကြောင်း သိလိုက်သည်။ သူ၏ လူထိန်းချုပ်နည်းမဟာ မှော်ပညာရပ်နှင့်ပင် ဆင်တူသည့် ကြောက်မက်ဖွယ် ထိန်းချုပ်မှုအဆင့်တစ်ခုပင်ဖြစ်သည်။
အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက လွမ်းဆွတ်ကြေကွဲဖွယ်လေသံဖြင့်ဆိုလိုက်လေသည်။
” ကျောက်ဝူချန်း…”
သူ၏ ကြောက်မက်ဖွယ် အမူအရာကြောင့် အခြားဂိုဏ်းသားများမှာ စိတ်နှလုံးပင် တုန်ခါသွားရတော့သည်။
ကျောက်ဝူချန်းက လေးစားမှုများပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
” ငါမင်းကို အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတစ်လုံးပေးမယ်။ အဲ့ထက်တော့ပိုမရဘူးနော်။” ပိုင်ရှောင်ချန်းကမူ သူ၏ကိုယ်ပိုင် စည်းမျဥ်းများထားရှိလေသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတစ်လုံးမှာ ကျောက်ဝူချန်းဆီသို့ ပျံဝဲသွားတော့သည်။ အခြားဂိုဏ်းသားများကမူ အားကျနေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် မည်သူမျှ ရန်ပွဲတစ်ပွဲကို စတင်ရဲမည်မဟုတ်။ ကျောက်ဝူချန်းကမူ တုန်တုန်ရီရီနှင့် ဆေးလုံးကို ယူလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ပိုင်ရှောင်ချန်းကို ဦးညွတ်အရိုအသေပြုလိုက်သည်။ ထို့နောက် သူက ရှေ့သို့ထွက်ကာ ပိုင်ရှောင်ချန်းဘေးတွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး ဆေးလုံးကို စားလိုက်လေသည်။
ထိုဆေးလုံးက သူ၏ပါးစပ်ထဲသို့ဝင်သွားသောအခါ သူ၏ခန္ဓာကိုယ်မှာ မီးတောင်တစ်လုံးပေါက်ကွဲတော့မည့်အလား သိသိသာသာ တုန်ခါလာသည်။
ပိုင်ရှောင်ချန်းကမူ သူ့ကိုတခဏမျှကြည့်လိုက်ပြီး အကြည့်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။ အတွင်းစိတ်ထဲတွင်မူ သူ သက်ပြင်းချလိုက်တော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင်ပင်လျှင် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးများကို ရရှိရန်မှာ ခက်ခဲလှပေသည်။ သို့သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင်မူ ထိုဆေးလုံးများက ပို၍ တန်ဖိုးကြီးမားလေသည်။
ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့ အရာများစွာရှိကြောင်း သူ ရုတ်ချည်း သိနားလည်သွားတော့သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း အလွန်စွမ်းအားကြီးမားနေရသည့်အကြောင်းအရင်း တစ်ချက်ရှိသည်။ ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့် ဂိုဏ်းသားများမှာ အခြားဂိုဏ်းမှ ဂိုဏ်းသားများထက် ပို၍ စွမ်းအားကြီးစမြဲပင်။
အချို့လူများကမူ ထိုဂိုဏ်းသားများ၏ သက်ဆိုင်မှုများကို စိုးရိမ်ကြသည်။ သို့သော်လည်း ဂိုဏ်းမှာ စွမ်းအားကြီးမားနေပြီး အများစုဆောင်ရွက်လိုသည့် ကိစ္စများကို ဆောင်ရွက်နေသ၍ ဂိုဏ်း၏စည်းမျဥ်းများကို မေးခွန်းထုတ်ရဲသူမှာ ချေမှုန်းခံရမည်သာဖြစ်သည်။
အကောင်းဆုံးအရာမှာ လူကြိုက်များသည့်အရာကို မဆန့်ကျင်ခြင်းပင်ဖြစ်သည်။ လိုက်လျောညီထွေ နေထိုင်ကာ စည်းမျဥ်းများကို ကိုယ်ကျိုးအတွက် အသုံးချရန်ပင်ဖြစ်သည်။
အချိန်များမှာကုန်ဆုံးသွားသည်။ တစ်လဆိုသောအချိန်အတိုင်းအတာ ကုန်လုနီးပါးတွင် ကျောက်ဝူချန်း၏ ခန္ဓာကိုယ်ထဲမှ တဝုန်းဝုန်းမြည်ဟည်းသံများ ပေါ်ထွက်လာပြီး အခြေခိုင်မာခြင်းအဆင့်၏ အခိုးအငွေ့များလည်း ထွက်လာတော့သည်။ သူ၏ မျက်လုံးများက ဖျတ်ခနဲပွင့်သွားပြီး တောက်ပနေတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ စိတ်စွမ်းအင်ပင်လယ်ကြီးဖြစ်နေပြီး မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်နှင့် မနှိုင်းယှဥ်နိုင်ပါသော်လည်း လူသားတာအိုအဆင့်တွင် မြင့်မားသည့် အခြေခံ တစ်ခုရှိလေသည်။
ကျောက်ဝူချန်း မတ်တတ်ထလာသောအခါ ဘေးနားရှိ ဂိုဏ်းသားများမှာ ဇဝေဇဝါဖြစ်နေသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပိုင်ရှောင်ချန်းကို လေးနက်စွာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဆိုလိုက်လေသည်။
” ကျေးဇူးအများကြီးတင်ပါတယ်။ သခင် ”
ပိုင်ရှောင်ချန်းကမူ ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်တွင် အပေါ်မှ အလင်းတန်းများစွာကျဆင်းလာပြီး ကျင့်ကြံသူအားလုံးကို ဝိုင်းရံသွားတော့သည်။ ထို့နောက် အားပြင်းသည့် ဆွဲငင်အားတစ်ခုပေါ်ပေါက်လာပြီး သူတို့အားလုံးမှာ လေပေါ်သို့ မြောက်တက်သွားကြတော့သည်။
ဝုန်း ဝုန်း ဝုန်း……
သူတို့မှာ လေထဲတွင် ဝဲပျံနေပြီး သွေးမြူခိုးများကိုဖြတ်ကာ အပြင်သို့ရောက်သွားတော့သည်။ အလင်းရောင်များ ပျောက်ကွယ်သွားသည့်အခါ သူတို့က ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်သုံးလိုက်ကာ အဆုံးမဲ့သွေး ချောက်ကမ်းပါးမှ ခုန်ထွက်လိုက်ကြပြီး မဟာအကြီးအကဲလေးယောက်စောင့်နေသည့် နေရာသို့ ရောက်ရှိသွားတော့သည်။ ထိုအကြီးအကဲများမှာ ဂိုဏ်းသားများကို လှည့်လည်ကြည့်ရှုလိုက်ကြပြီး ပိုင်ရှောင်ချန်းနှင့် ကျောက်ဝူချန်းတို့ကိုမူ စိုက်ကြည့်လိုက်ကြသည်။
ကျောက်ဝူချန်းက ပိုင်ရှောင်ချန်း၏နောက်တွင်ရပ်ကာ သူ့ကို တလေးတစားကြည့်နေသည်။ တချိန်ထဲမှာပင် မဟာအကြီးအကဲလေးယောက်ကလည်း ပိုင်ရှောင်ချန်းကို အာရုံစိုက်လိုက်ကြလေသည်။
သူတို့၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာများ ပေါ်လွင်နေတော့သည်။ သူတို့တွင်လည်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံများရှိသည်ဖြစ်ပြီး ထိပ်ဆုံးအဆင့်သို့ရောက်နေသည် မဟုတ်ပါလော။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထူးဆန်းသည့်အရာတစ်ခုခုဖြစ်ခဲ့ကြောင်းကို သူတို့က သိလိုက်လေသည်။
” ညမုဆိုး က အခြား အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကျွန်ပြုလိုက်တာတဲ့လား။ ” သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်ရင်း တွေးနေကြတော့သည်။ ယခင်လကပင် ပိုင်ရှောင်ချန်းကြောင့် သူတို့မှာ အံ့အားသင့်ခဲ့ရသည်ဖြစ်ပြီး ယခုအခါ ထိုအံ့အားသင့်မှုမှာ ပို၍ ပင်ကြီးမားလာတော့သည်။
သူ့ကိုယ်သူ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိရန် စွမ်းဆောင်နိုင်ခဲ့ပါက ချီးကျူးစရာတစ်ခုဖြစ်လိမ့်မည်။ သို့သော်လည်း သူက အခြားအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ ကျွန်ပြုလိုက်ပြီဖြစ်သည်။ သူက တစ်ကိုယ်ကောင်းဆန်စွာ ဆေးလုံးများကို ေမာင်ပိုင်စီးခဲ့ပါသော်လည်း ထိုအပြုအမူမှာ တသတ်မတ်ထဲရှိသည်တော့မဟုတ်ပေ။ သူက လိုသလိုပြောင်းလဲကာ သူ့အတွက်အကျိုးအမြတ်အရှိဆုံးအရာကို ရွေးချယ်နိုင်လေသည်။
ထိုကဲ့သို့ စိတ်နေသဘောထားနှင့် လုပ်ဆောင်ချက်များမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဥပဒေသများနှင့် ထပ်တူကျနေတော့သည်။
အမည်မဲ့တောင်မှ လူပုကလေးက ရုတ်တရက်မေးလိုက်လေသည်။
” ဓမ္မ စောင့်ရှောက်သူ ညမုဆိုး… မင်းအခြေခိုင်မာခြင်းအဆင့်ဆေးလုံး ဘယ်နှစ်လုံးသောက်ခဲ့တာလဲကွ။”
“နှစ်လုံးပါ။” ပိုင်ရှောင်ချန်းက တွန့်ဆုတ်မနေပဲ ပြန်ဖြေလိုက်သည်။
နွံအိုင်တောင်ထိပ် မှ ဗလတောင့်တောင့်နှင့် မဟာအကြီးအကဲက ပိုင်ရှောင်ချန်းကို ချီးကျူးမှုများပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
” တခြားကျန်တဲ့ ဆေးလုံးတွေကို ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ။”
” အဲတာကတော့….” ပိုင်ရှောင်ချန်းမှာ ရင်တုန်သွားပြီး ခဏကြာ တွေးတောကာ ဂုဏ်ယူစွာပြောလိုက်လေသည်။
” ကျုပ်အိပ်မက်က သမားတော်ကောင်းတစ်ယောက်ဖြစ်ဖို့ဗျ။ ဒီပိုနေတဲ့ ဆေးလုံးတွေကို လေ့လာပြီး ပုံစံတူပြန်ထုတ်လို့ရမရ စမ်းကြည့်ဖို့ တွေးထားတယ်။ ကျုပ်ကိုယ်တိုင် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတွေကို သေချာပေါက်ဖော်ထုတ်မယ်ဗျာ။ အခုလောလောဆယ် ကျုပ်က အဆင့်နှစ် စိတ်စွမ်းအင်ဆေးကိုပဲ ထုတ်နိုင်သေးတာ။”
အခြားဂိုဏ်းသားများကမူ ခါးသီးသောအမူအရာများဖြင့် ကြည့်နေကြပြီး မဟာအကြီးအကဲလေးယောက်မှာမူ အံ့အားသင့်နေတော့သည်။ မေးလိုက်သည့်မေးခွန်းမှာ ရိုးရိုးရှင်းရှင်းဖြစ်သော်လည်း အဖြေမှာ နက်နဲသော အဓိပ္ပါယ်များဖြင့် ပြည့်နှက်နေသဖြင့် ညမုဆိုး ကို မြင်သည့် သူတို့၏အမြင်များမှာ ခိုင်မာသွားတော့သည်။ မဟာအကြီးအကဲလေးယောက်မှာ မျှော်လင့်ချက်များနှင့်အတူ ရင်ခုန်မြန်လာတော့သည်။
ဆေးဖော်စပ်နိုင်သည့် ဓမ္မ စောင့်ရှောက်သူဆိုလျှင် အလွန်အရေးပါသည့် လူတစ်ယောက်ဖြစ်သွားမည်ဖြစ်ပြီး မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်မှ အကြီးအကဲများကိုပင် ကျော်တက်သွားလိမ့်မည်။ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ များစွာရှိသော်လည်း ဆေးဖော်စပ်တတ်သည့် အခြေခိုင်မာခြင်းအဆင့်ပညာရှင်များကမူ အလွန်ရှားသည်။
ရုပ်အလောင်းတောင်ထိပ်၏ မဟာအကြီးအကဲမှာ ချီးကျူးစောသွား၍ နောင်တရနေတော့သည်။ တချိန်ထဲမှာပင် စုန့်ကျင်းဝမ်၏နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး ပိုင်ရှောင်ချန်းကို ပြုံးပြလိုက်သည်။
” ကောင်းလိုက်တာကွာ။” ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲက စိတ်အားထက်သန်မှုများ ပြည့်နေသော မျက်ဝန်းတွေနှင့် ကြည့်ကာ ချီးကျူးလိုက်သည်။
” ညမုဆိုး… မြစိမ်းရောင်ဖုတ်ကောင်ကိစ္စထဲက မင်းလုပ်တဲ့အရာတွေက မင်းရဲ့တာအိုဆေးပညာကျွမ်းကျင်မှုကို ဖော်ပြနေတာပဲ။ ရုပ်အလောင်းတောင်ကို လာခဲ့ကွာ။ မင်းကငါတို့နဲ့ ကံကြမ္မာချင်း ဆက်စပ်နေတာပဲ ” သူက ပိုင်ရှောင်ချန်းကြောင့် အံ့သြခဲ့ရသော်လည်း ယခု ပိုင်ရှောင်ချန်းက အခြေခိုင်မာခြင်းအဆင့်သို့ရောက်သွားပြီဖြစ်ရာ ပို၍ပင် အံ့သြဖွယ်ကောင်းနေတော့သည်။
” တော်စမ်းပါကွာ။ အဓိပ္ပါယ်မရှိတာတွေ။” နွံအိုင် တောင်၏ မဟာအကြီးအကဲက ဆိုလိုက်လေသည်။
” ချီစုစည်းမှုအဆင့်မှာထဲက ညမုဆိုးက ပြိုင်ဘက်အုပ်လိုက်ကြီးကို တစ်ယောက်ထဲယှဥ်ချခဲ့တာကွ။ သူ့ရဲ့ အပြင်အားက ဘုရားပေး ထားတဲ့အတိုင်းပဲ။ ညမုဆိုး… နွံအိုင် တောင်ကိုလာခဲ့။ ငါတို့က မိစ္တာသွေးခန္ဓာကိုယ်သန့်စင်နည်းကို ကျင့်ကြံနေတာ။ မင်းသာ ငါတို့နဲ့ပေါင်းရင် အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် စစ်မှန်တဲ့လမ်းကြောင်းပေါ်ကို လှမ်းလိုက်တာပဲ ”
ထိုအခါ အမည်မဲ့တောင်မှ လူပုကလေးက အောဟစ်လိုက်သည်။
” ဟေး။ ငါ့ဆီကနေသူ့ကိုလုမယ် မတွေးနဲ့။ ညမုဆိုး က အမည်မဲ့တောင်ကိုလာမှာဆိုတာ အစထဲက မပြောဘူးလား။”
အလယ်တောင်ထိပ်မှ စုန့်ကျင်းဝမ်က သူမ၏နားနောက်သို့ ဆံပင်များသပ်တင်လိုက်ရင်း တောက်ပသော မျက်လုံးရွဲကြီးတွေနှင့် မေးလိုက်လေသည်။
” ဂိုဏ်းတူမောင်လေး ညမုဆိုး… အလယ်တောင်ကို လာခဲ့ပါလား။”
ပိုင်ရှောင်ချန်းကို လုယုယူရန် မဟာအကြီးအကဲများက ရန်ဖြစ်နေကြသည်ကို မြင်သော် အခြားဂိုဏ်းသားများက ဒေါသတထောင်းထောင်းထကာ သက်ပြင်းများကို ကြိတ်၍ ချနေကြတော့သည်။
ပိုင်ရှောင်ချန်းကမူ သူဘယ်လောက်တော်ခဲ့ကြောင်းကိုသာ ပြန်တွေးနေတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်း ရေအင်နတ်ရေဂိုဏ်း နှစ်ခုလုံးတွင် သူ ကသိုသိုသိပ်သိပ်နေခဲ့ပါသော်လည်း သူ့ကိုလိုက်ဖမ်းသည့် လူတစ်အုပ်ကမူ အမြဲတမ်းရှိစမြဲပင်။
သူ့အောင်မြင်မှုများအပေါ် သာယာယစ်မူးနေရင်း ရုတ်တရက် သူ၏မျက်လုံးများမှာ အရူးအမူးချစ်မြတ်နိုးသည့်အရိပ်အယောင်များနှင့် ပြည့်လာပြီး စုန့်ကျင်းဝမ်ကို ရှက်ရွံ့စွာနှင့် မဝံ့မရဲကြည်ကာ
” ကျုပ်…ကျုပ် အလယ်တောင်ထိပ်က အစ်မေတာ်စုန့်ကို ရွေးတယ်ဗျ “