ဝမ်ပေါင်လဲ့မှာ ထွက်ခွာသွားသော လီဝမ်အာအား နှုတ်ဆက်လိုက်ပြီးနောက် ခေါင်းခဲနေရပြီဖြစ်သည်။ နောက်ကွယ်၌ ပုန်းကွယ်နေဆဲဖြစ်သော ကြိုးကိုင်ရှင်ကြောင့် သူသည် ဤကိစ္စကြီးအပေါ် စိုးရိမ်နေရတော့သည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သူ့ဆီတွင် အားသာချက်တစ်ခု ရှိနေသည်ဟု သူက မှတ်ယူထား၏။ ထိုကြိုးကိုင်ရှင်မှာ အမှောင်အစေခံတစ်ယောက်မျှသာ ဖြစ်နေသည်မဟုတ်ပါလော။ ထိုအခေါ်အဝေါ်အရဆိုလျှင် မမလေးမှာ ထိုပုဂ္ဂိုလ်အား အစေခံတစ်ယောက်ဟုသာ သတ်မှတ်ထားပြီး သူ့အား သခင်တစ်ယောက်အဖြစ် သတ်မှတ်ထားသည် ဖြစ်ပြီး။
ထိုအတွေးကြောင့် သူသည် စိတ်သက်သာရာ ရသွား၏။
” ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူးကွာ။ ငါ့ဘက်မှာ မမလေး ရှိနေတာပဲ။ တစ်ခုခု အဆင်မပြေတာရှိရင် မမလေးဆီ အကူအညီသွားတောင်းပြီးတော့ အဲဒီအစေခံကို ချေမှုန်းပစ်မယ် ”
” ဒါပေမဲ့ မမလေးဆီက အကူအညီ တောင်းချင်တယ်ဆိုရင် အရင်ဆုံး သူ ငါ့အပေါ် ယုံကြည်လာအောင် လုပ်ဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ စဉ်းစားတွေတောနေရင်း သူ၏ဘဝကြီးမှာ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည်ဟု ခံစားနေရတော့သည်။ သူသည် အခက်အခဲ အတားအဆီးအားလုံးကို ကျော်ဖြတ်နိုင်ရန် သူ့ကိုယ်သူသာ အားကိုးခဲ့ရသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ထိုသို့မှတ်ယူလိုက်ပြီး မမလေးအား အယုံသွင်းနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေလိုက်တော့သည်။ ထိုအခိုက်အတန့်တွင် လင်းတျန်ဟောက်မှာ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီး နယ်မြေအသီးသီးထဲရှိ စုံစမ်းစစ်ဆေးမှုလုပ်ငန်းများမှ ရရှိထားသော အသေးစိတ်အချက်အလက်များကို တင်ပြရန် အလို့ငှာ ဝမ်ပေါင်လဲ့အား လာတွေ့ခွင့် တောင်းလိုက်၏။
ဝမ်ပေါင်လဲ့မှာ မကြာခဏဆိုသလို တံခါးပိတ်လေ့ကျင့်နေခဲ့သောကြောင့် သူ၏ အိမ်ရာမှာ သူ၏ ရုံးကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။ သိပ်မကြာခင်တွင် လင်းတျန်ဟောက် ရောက်ရှိလာ၏။ သူသည် ဝမ်ပေါင်လဲ့၏ဘေး၌ ရှိနေခဲ့သည်မှာ အချိန်အတော်အတန်ကြာပြီဖြစ်သောကြောင့် တာအိုကျောင်းတွင် ရှိခဲ့စဉ်တုန်းက ပုံစံနှင့် မတူတော့ပေ။ ယခုတွင် သူသည် မောက်မာဝင့်ကြွားကာ မျက်နှာအမူအရာ သုန်မှုန်မနေတော့ဘဲ အတွေ့အကြုံများ ရင့်သန်ကာ အားထားရသည့် လူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။
သို့သော် လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌သာ ထိုကဲ့သို့ ပြုမူခြင်းဖြစ်ပြီး အခြားသူများနှင့်ဆိုလျှင် စကားအများကြီး သိပ်မပြောပေ။ သူ၏ စကားနည်းသော အမူအကျင့်မှာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ နှလုံးသားထဲရှိ နက်ရှိုင်းသောနေရာတစ်ခုထဲတွင်သာ ဖုံးကွယ်နေခြင်း ဖြစ်သည်။ အခြားသူများမှာမူ သူ့အား အဆိပ်ရှိသော မြွေတစ်ကောင်အဖြစ် သတ်မှတ်ထားကြ၏။ သူသည် ဝမ်ပေါင်လဲ့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ပါက သူ၏အကျိုးစီးပွားကိုလည်း ကာကွယ်ပြီးသား ဖြစ်လိမ့်မည်ဟု မှတ်ယူထားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့အား မကျေနပ်ကြသည့်လူများမှာ လင်းတျန်ဟောက်အား ” ခိုင်းဖတ် ” ၊ ” ခွေးရူး ” ၊ ” မြွေပွေး ” အစရှိသော နာမည်ပြောင်များ ပေးထားကြသည်။
ယခုတွင် လင်းတျန်ဟောက်မှာ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့အတွက် လက်ဖက်ရည်ခွက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူ၏ရှေ့၌ ချပေးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဖားယားနေခြင်း ဖြစ်သည်ဟုပင် စိတ်ထဲ၌ မတွေးထားဘဲ သူ၏ ရှေ့၌ ရပ်နေလိုက်၏။ သူသည် လက်အောက်ငယ်သားတစ်ယောက် ဖြစ်သောကြောင့် သူလေးစားရသည့် အထက်လူကြီး၏ စေတနာများကို ပြန်လည်တုံ့ပြန်သင့်သည်ဟုသာ မှတ်ယူထား၏။ ယခုကဲ့သို့ လက်ဖက်ရည်ငှဲ့ပေးခြင်းမှာ သူ၏ အထက်လူကြီးအပေါ်ထားရှိသော သူ၏ ရိုသေလေးစားမှုများကို ထင်ဟပ်ပြသနေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း သူ၏ အပြုမူများကို ကျင့်သားရနေပြီဖြစ်၏။ ထို့ကြောင့် သူသည် လက်ဖက်ရည် တစ်ငုံခန့် သောက်လိုက်ပြီး လင်းတျန်ဟောက်၏ အစီရင်ခံစာကို နားထောင်နေလိုက်တော့သည်။
” မြို့တော်သခင်။ မနေ့တုန်းက ဒီနေရာတစ်ဝိုက်ကို ရှာဖွေခဲ့ပေမဲ့ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး ”
” ပြီးတော့ မြို့တော်ကြီးတစ်ခုလုံးထဲမှာရှိတဲ့ ဒေသအားလုံးထဲမှာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးသွားပြီ။ ရရှိခဲ့မျှ အချက်အလက်တွေနဲ့ ကောက်နှုတ်ချက်တွေကို ဒီမှာ အသေးစိတ် ဖော်ပြထားပါတယ် …. “။ လင်းတျန်ဟောက်မှာ ထိုသို့အစီရင်ခံတင်ပြရင်း ကျောက်စိမ်းပေလွှာတစ်ခုအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးလိုက်၏။
” မြို့တော်အသစ်ရဲ့ နယ်မြေခြောက်ခုထဲမှာ အသက်ရှည်နည်းပညာရပ်ကို လေ့ကျင့်ခဲ့တဲ့ လူအရေအတွက်က နယ်မြေတစ်ခုနဲ့တစ်ခု မတူဘူး။ အများစုက ချန်းမုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲမှာ ရှိနေခဲ့တာ။ သူ့ရဲ့နောက်မှာတော့ ဖန်ကျင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေရှိတယ်။ အဲဒီနောက်မှာက ကျနော့်ရဲ့နယ်မြေနဲ့ မြို့တော်ဝန်ခုန်းတောက်ရဲ့ နယ်မြေနှစ်ခုရှိတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဝန်ကျင့်ရဲ့ နယ်မြေရှိနေတယ်။ မြို့တော်ဝန်ဝမ်ဟွေ့ရဲ့ နယ်မြေထဲမှာတော့ အသက်ရှည်နည်းပညာရပ် ကျင့်ကြံနေတဲ့လူ တစ်ယောက်မှမရှိတာမလို့ ထူးဆန်းတယ်လို့ပြောလို့ရတယ်… ” လင်းတျန်ဟောက်မှာ အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် တင်ပြလိုက်၏။ သူသည် ထိုရှာဖွေတွေ့ရှိချက်များမှာ ထူးဆန်းလွန်းနေပြီး ယုံကြည်နိုင်ဖွယ်ရာမရှိဟု ခံစားနေရပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် ဇဝေဇဝါဖြစ်သွားရ၏။ ထို့ကြောင့် သူသည် ကျောက်စိမ်းပေလွှာထဲ၌ မှတ်သားထားသည့် စာရင်းများကို စစ်ဆေးလိုက်သောအခါ လင်းတျန်ဟောက် ပြောခဲ့သည့်အတိုင်းပင် နယ်မြေအသီးသီးထဲ၌ အသက်ရှည်နည်းပညာရပ်ကျင့်ကြံခဲ့သည့် လူအရေအတွက်မှာ တစ်သောင်းကျော်မှ သိန်းဂဏန်းအထိ ရှိနေပါသော်လည်း ဝမ်ဟွေ့၏ နယ်မြေထဲတွင်မူ တစ်ယောက်တလေပင် ရှိမနေခဲ့သည်ကို သိလိုက်ရသည်။
” ဘာတွေ ဖြစ်နေတာလဲဟ။ ဝမ်ဟွေ့က ဟုတ်လှပါလား ” ဝမ်ပေါင်လဲ့မှာ အထူးတဆန်းဖြစ်သွားရ၏။ သူသည် ဝမ်ဟွေ့အား အထင်သေးခဲ့မိခြင်းဖြစ်နိုင်ကြောင်း တွေးလိုက်ပြီး လင်းတျန်ဟောက်အား လှမ်ူ၍ ကြည့်လိုက်၏။
လင်းတျန်ဟောက်၏ မျက်နှာအမူအရာမှာလည်း အထူးတဆန်းဖြစ်နေပြီဖြစ်သည်။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးမှ တိုးတိုးလေး ဆိုလိုက်၏
” ကျနော် ဒီကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့ပေမဲ့… လက်ထောက်မြို့တော်ဝန် လျှိုတောက်ပင်းက မြို့တော်သခင်ကိုယ်တိုင် အခြေအနေ လာကြည့်ဖို့ တောင်းဆိုထားတာ… ” လင်းတျန်ဟောက်မှာ ဤကိစ္စကြီး၏ အကြောင်းအရင်းကို သိထား၏။ သူသည် သတင်းအချက်အလက်များ စုဆောင်းရန် တာဝန်ယူထားရသည် မဟုတ်ပါလော။ အကယ်၍ အခြား အခြားအချိန်မျိုးတွင်သာ ဆိုပါက သူသည် လျှိုတောက်ပင်း၏ တောင်းဆိုချက်ကို ထုတ်ပြောမည် မဟုတ်ပေ။
သို့သော် ယခုတွင်မူ သူသည် လျှိုတောက်ပင်းကဲ့သို့သော လူများအား သတိကြီးကြီးထား၍ ဆက်ဆံရန်လိုအပ်ကြောင်း မှတ်ယူထား၏။ သူသည် ဤ ဖြစ်ရပ်ကြီးကြောင့် လျှိုတောက်ပင်း အသစ်တစ်ယောက်အား တွေ့မြင်လိုက်ရသကဲ့သို့ ခံစားနေရသဖြင့် သူ့အား လှည့်စားနေလျှင် အကျိုးမရှိနိုင်ကြောင်း ဆုံးဖြတ်လိုက်၏။
” အို ” ထိုအခါ ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်ပြီး လျှိုတောက်ပင်းမှာ ဝမ်ဟွေ့၏ လက်ထောက်ဖြစ်နေသည်ကို ပြန်၍အမှတ်ရသွား၏။ လျှိုတောက်ပင်းမှာ သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် တိိုက်ရိုက်ပေးပို့ခဲ့ခြင်းမရှိဘဲ ဤဖြစ်ရပ်ကြီး၏ ရလာဒ်ကို အသုံးချကာ ဝမ်ပေါင်လဲ့အား ကိုယ်တိုင်လာရောက် စစ်ဆေးကြည့်ရှုရန် လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန်ဖြင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း ဝမ်ဟွေ့၏ နယ်မြေထဲ၌ ဖြစ်ပျက်နေသည့် အရာများကို သိချင်သောကြောင့် သူ၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်ခြင်း မရှိပေ။
ထို့ကြောင့် လိုအပ်သည့် စီစဉ်မှုများကို ပြုလုပ်လိုက်ကြ၏။ တရားဝင်သွားရောက်လည်ပတ်မည်ဖြစ်ရာ ထိုခရီးစဉ်ထဲ၌ လူဦးရေအမြောက်အမြား ပါရှိပေသည်။ ထို့အပြင် ဝမ်ဟွေ့ဆီသို့ အကြောင်းကြားစာတစ်စောင် ကြိုတင်ပေးပို့လိုက်ပြီး ဝမ်ပေါင်လဲ့အား ကြိုဆိုရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ထားရန် အသိပေးလိုက်၏။
တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့မှာ အပေါင်းအပါများနှင့်အတူ ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆီသို့ ရောက်ရှိလာကြ၏။ သူတို့ ရောက်ရှိလာချိန်တွင် ဝမ်ဟွေ့နှင့် လျှိုတောက်ပင်းတို့မှာ သူတို့အားကြိုဆိုရန် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ လျှိုတောက်ပင်းမှာ ဝမ်ပေါင်လဲ့အား အဝေးမှနေ၍ လှမ်းမြင်လိုက်ရသောအခါ ဝမ်ဟွေ့တစ်ယောက် စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ရှေ့သို့ပြေးထွက်သွားပြီး ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်၏။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသောကြောင့် အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်၏။
” တောက်ပင်း မြို့တော်သခင်ကို ဂါရဝပြုပါတယ်။ တောက်ပင်း စိတ်ထဲရှိတဲ့အတိုင်း ပြောပါရစေ။ မြို့တော်သခင်ကိုတွေ့လိုက်ရလို့ ကျနော် အံ့ဩတုန်လှုပ်သွားရပြီ။ ကျနော့်မှာ ပြောစရာတွေအများကြီး ရှိနေတာမလို့ မြို့တော်သခင်ဘက်က ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ် ” လျှိုတောက်ပင်း၏ စကားသံကြီးကို အရပ်မျက်နှာအနှံ့မှ ကြားနိုင်ပေသည်။ ဝမ်ဟွေ့မှာမူ လက်သွက်လွန်းသော လျှိုတောက်ပင်းအား စိတ်ထဲ၌ ကျိန်ဆဲနေမိတော့သည်။ အစတွင် သူသည်လည်း ဝမ်ပေါင်လဲ့အား နှုတ်ဆက်ချင်နေပါသော်လည်း လျှိုတောက်ပင်း၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် လျှိုတောက်ပင်းမှာ သူ၏မကောင်းကြောင်းများကို ပြောရန် ကြံစည်နေခြင်း ဖြစ်မည်လောဟု စိတ်ထဲ၌ တွေးနေမိတော့သည်။
အဝေးမှနေ၍ သူတို့ဆီသို့ အပြုံးမျက်နှာတစ်ခုဖြင့် လျှောက်လမ်းလာသော ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်း၏ စကားကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို မျက်လုံးများအရောင်လက်သွား၏။ သူ၏နောက်မှ လိုက်လာကြသော လင်းတျန်ဟောက်နှင့် အပေါင်းအပါများပင်လျှင် အနည်းငယ်ခန့် အံ့ဩတုန်လှုပ်သွားရ၏။
” တောက်ပင်း။ မင်း စိတ်ထဲရှိတဲ့အတိုင်းသာပြော ” ဝမ်ပေါင်လဲ့မှာ ခြေလှမ်းကျဲကြီးများဖြင့် လျှိုတောက်ပင်းဆီသို့ ချဉ်းကပ်လာပြီး သူ့အား ဆွဲထူကာ ပြောခွင့်ပြုလိုက်၏။
လျှိုတောက်ပင်းမှာ စိတ်လှုပ်ရှားလွန်းနေသောကြောင့် အသားများပင် အနည်းငယ်ခန့် တုန်ရီနေရသည်ဖြစ်သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း စိတ်လှုပ်ရှားမှု အပြည့်ပါသော လေသံဖြင့် ပြောလိုက်တော့သည်။
” မြို့တော်သခင် တောက်ပင်းကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မြို့တော်သခင် အဝေးကနေ ရောက်လာတာကို ကျနော် မြင်လိုက်တဲ့အချိန်တုန်းက တကယ့်ကို အံ့အားသင့်သွားခဲ့ရတာမလို့ အခုလို ဂါရဝပြုဖို့ နှောင့်နှေးကြန့်ကြာသွားခဲ့ရတာပါ။ မြို့တော်သခင်ကို မတွေ့ရတာ ကြာနေပြီမလို့ မြင်လည်းမြင်လိုက်ရရော အတွေးတွေထဲမှာ နစ်မျောသွားခဲ့ရတာပါ။ ကျနော်က ပြည်ထောင်စုကြီးတစ်ခုလုံးထဲက လူတိုင်းထက် ပိုပြီးတော့ ချောမောခန့်ညားတဲ့ နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရသလိုပဲ။ ကျနော့်ရဲ့ မြို့တော်သခင်က အဲလို တခြားသူတွေနဲ့မတူလောက်အောင် ချောမောခန့်ညားနေတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတာကို သိလိုက်ရတော့ ကျနော်က ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရတာပါ။ အဲ့တာကြောင့်မလို့ မြို့တော်သင်ခင်ပေးသမျှ ပြစ်ဒဏ်အားလုံးကို ကျနော် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ် ”
ဝမ်ဟွေ့မှာ လျှိုတောက်ပင်း၏ စကားများကိုကြားလိုက်ရသောအခါ မျက်လုံးများပြူးသွားရပြီး ဆွံ့အမှင်တက်သွားရတော့သည်။ သူသည် လျှိုတောက်ပင်း နောက်ထပ်တစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ပင်။ သူတစ်ယောက်သာလျှင် ထိုကဲ့သို့ ခံစားနေရသည်တော့ မဟုတ်ပေ။ ဝမ်ဟွေ့၏ လက်အောက်ငယ်သားများသာမက လင်းတျန်ဟောက်နှင့် အပေါင်းအပါများအားလုံးမှာ လျှိုတောက်ပင်း၏ စကားကို ကြားလိုက်ရသောအခါ အံ့အားသွားကြတော့သည်။ သူတို့အားလုံးမှာ လျှိုတောက်ပင်းအား အထူးတဆန်းဖြစ်နေသည့် အကြည့်များဖြင့် ကြည့်နေကြပြီး အများစုမှာဆိုလျှင် သူ၏ အရှက်မရှိမှုအား စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေကြတော့သည်။
ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။ သူသည် အရေထူသော လူတစ်ယောက် ဖြစ်ပါသော်လည်း လျှိုတောက်ပင်း၏ ပြောစကားများကို ကြားလိုက်ရချိန်တွင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။ သို့သော်ငြားလည်း သူ၏နှလုံးသားထဲတွင်မူ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်သွားကြ၏။ သူသည် အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေပါသော်လည်း အပြင်ပန်းတွင်မူ တည်ကြည်မှုအပြည့်ရှိနေဆဲဖြစ်ပြီး လျှိုတောက်ပင်းကိုပင် ဆူပူကြိမ်းမောင်းလိုက်သေးသည်။
လျှိုတောက်ပင်းမှာလည်း ဝမ်ပေါင်လဲ့၏ ဆူပူကြိမ်းမောင်းမှုများကို နားထောင်လိုက်ပြီးမှ သူ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ သူ့အပေါ် ပြစ်တင်ကြိမ်းမောင်းမှုများကို ဂုဏ်ယူစရာတစ်ခုအနေနှင့် သတ်မှတ်ထား၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား ဆူပူကြိမ်းမောင်းပြီးသွားသောအခါ ဝမ်ပေါင်လဲ့အား မမေ့မလျော့နှင့် ဖားယားလိုက်တော့သည်။
” မြို့တော်သခင်ပြောတာမှန်တယ်။ မြို့တော်သခင်က ပခုံးပေါ်မှာ တာဝန်တွေအများကြီး ထမ်းထားရတဲ့အပြင် မြို့တော်သခင်ရဲ့ ဩဇာက အတိတ်နဲ့ ပစ္စုပ္ပန်က လူတိုင်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ပြီးတော့ မြို့တော်သခင်ရဲ့ အနာဂတ်ကလည်း ထွန်းလင်းတောက်ပနေတာ။ တောက်ပင်းဆိုတဲ့ ကျနော်မျိုးကတော့ စိတ်ထဲရှိတဲ့အတိုင်း စကားကို တည့်တိုးပဲ ပြောတတ်တာမလို့ ကျနော်ရဲ့ နှလုံးထဲမှာ ကိန်းအောင်းနေတဲ့ စကားတွေ အကုန်လုံးကို ထုတ်ပြောမိလိုက်တာပါ ”
လင်းတျန်ဟောက်မှာ ထိုစကားကိုကြားလိုက်ရသောအခါ ဆွံ့အမှင်တက်သွားရတော့သည်။ ထို့နောက် လျှိုတောက်ပင်းမှာ ယခင်ကထက်ပင်ပို၍ အန္တရာယ်ရှိလာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ဝမ်ဟွေ့မှာမူ လျှိုတောက်ပင်းအား မျက်စောင်းများထိုးကာ စိုက်ကြည့်နေတော့သည်။ သူသည် စိတ်ထဲ၌ကျိတ်၍ လျှိုတောက်ပင်းအား ကျိန်ဆဲနေသလို မနာလိုလည်း ဖြစ်နေရ၏။ သူသည် လျှိုတောက်ပင်း၏ အထက်လူကြီး ဖြစ်သည့်တိုင်အောင် လျှိုတောက်ပင်းမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့အား ချက်ချင်းပင် လျစ်လျူရှုသွားခဲ့သည် မဟုတ်ပါလော။ ထို့အပြင် လျှိုတောက်ပင်းမှာ သူ့အား ယခုကဲ့သို့သော သာယာနာပျော်ဖွယ် စကားများကို တစ်ခွန်းတလေပင် မပြောခဲ့ဖူးပေ….
ဝမ်ဟွေ့မှာ သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲရှိ အခြေအနေအကြောင်းကို တွေးမိလိုက်တော့အခါ ပို၍ပင် စိတ်ဓာတ်ကျသွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား သူ၏နယ်မြေတစ်ခွင် လိုက်လံပြသရမည်ကိုပင် ရှက်ရွံ့နေမိတော့သည်။ ထို့အပြင် လျှိုတောက်ပင်းမှာလည်း ဝမ်ဟွေ့အား သူနှင့်အတူ ခေါ်သွားချင်စိတ် လုံးဝမရှိသည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့အား အဖော်ပြုကာ ဤကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲ၌ လိုက်လံပြသခွင့်ပေးရန် အရင်ဆုံးဦးအောင် တောင်းဆိုလိုက်၏။
ထိုသို့ဖြင့် လျှိုတောက်ပင်းတစ်ယောက် ဝမ်ပေါင်လဲ့အား ဖားယားပြီးသွားသောအခါ သူတို့အဖွဲ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲသို့ တဖြည်းဖြည်းနှင့် ဝင်ရောက်သွားကြတော့သည်။ သူတို့မှာ ထိုနယ်မြေထဲသို့ ဝင်ဝင်လိုက်ချင်းမှာပင် ပင့်သက်များရှိုက်မိသွားကြပြီး မျက်လုံးများပြူးသွားရတော့သည်။
သူတို့အား အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲရှိ အဓိကလမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေသော ဧရာမ ရုပ်ထုကြီးနှစ်ခုပင် ဖြစ်သည်။ ထိုရုပ်ထုနှစ်ခုစလုံးမှာ ဝမ်ပေါင်လဲ့၏ ရုပ်ထုများ ဖြစ်နေကြ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့အားသင့်သွားရပြန်သည်။ သူသည် သူ့အား ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်နေသော လျှိုတောက်ပင်းအား စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်ရှိ အဆောက်အဦများအား ပြန်ကြည့်လိုက်၏။ သူသည် ဇဝေဇဝါဖြစ်နေသည်ပုံ ပေါ်ပါသော်လည်း စကားတစ်ခွန်းမှမပြောဘဲ ထိုလမ်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားလိုက်၏။ သို့သော် ထိုအချိန်တွင် သူနှင့် သူ၏နောက်လိုက်များအားလုံးမှာ ခေါင်းများ ထူပူသွားကြတော့သည်။
ထို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲတွင် ဝမ်ပေါင်လဲ့၏ ပုံစံတူ ရုပ်ထုပေါင်း မြောက်မြားစွာ ရှိနေကြပြီး ၎င်းတို့အားလုံးမှာ အရွယ်အစားအမျိုးမျိုး ရှိနေကြ၏…. မီတာနှစ်ရာသုံးရာကျော်သွားတိုင်း ရုပ်ထုတစ်ခု ရှိနေသည်ဖြစ်ပြီး ထိုရုပ်ထု တစ်ခုချင်းစီတိုင်းမှာ ကိုယ်ဟန်အနေအထား အမျိုးမျိုးရှိနေကြပြီး ဝမ်ပေါင်လဲ့၏ ရဲစွမ်းသတ္တိနှင့်ပြည့်စုံမှုကို သရုပ်ဖော်ပြသထားသလို ဖြစ်နေကြတော့သည်။