လီဝမ်အာ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ချီများမှာ ထူထဲသိပ်သည်းလွန်းသောနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား စုပ်ယူနေရင်း တုန်လှုပ်ချောက်ချားသွားရ၏။ လီဝမ်အာမှာ သူ့ဆီသို့ တစ်စက္ကန့်လောက်မျှ နောက်ကျ၍ ရောက်လာမည်ဆိုပါက အသက်သေဆုံးနေလောက်ပြီဖြစ်သည်။
သူမအား အသက်မရှိတော့သော ရုပ်အလောင်းတစ်ခုအဖြစ် သတ်မှတ်၍တော့မရနိုင်ပေ။ သို့သော် သူမသည် အခြားသူတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော အသက်ဝင် လူသေအလောင်းကြီးတစ်ခုကဲ့သို့သာ ဖြစ်သွားပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်သွား၏။ သူသည် လီဝမ်အာအား ကယ်တင်ရန် တာဝန်ရှိရုံသာမက သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြီးတစ်ခုလုံးကို သိရှိနားလည်ရန် လည်း လိုအပ်ပေသည်။ တစ်ချိန်ထဲမှာပင် ထိုကဲ့သို့သော ဖြစ်ရပ်များမှာ ခြွင်းချက်များဖြစ်သည်လော သို့မဟုတ် ဖြစ်လေ့ဖြစ်ထရှိသည်လောဟု ခွဲခြားသိရှိနိုင်ရန် လိုအပ်သလို ၎င်းမှာ ကြိုးကိုင်ရှင်၏ အနာဂတ် အစီအစဉ်များ ဟုတ်မဟုတ်ကိုလည်း သိရှိနိုင်ရန် လိုအပ်ပေသည်။
အဖြစ်အပျက်များအားလုံးမှာ တစ်ပူပေါ် တစ်ပူဆင့်နေသကဲ့သို့ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝါးမျိုခြင်းသစ်စေ့အား ထပ်၍ အသုံးပြုလိုက်၏။ သို့သော် သူသည် အစွမ်းကုန်ထုတ်၍ စုပ်ယူနေသည့်တိုင်အောင် လီဝမ်အာ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ချီများမှာ ပျစ်ခဲလုမတတ် ထူထဲသိပ်သည်းနေပြီး သူမ၏ခန္ဓာကိုယ်မှာ အားအင်နုံးချိနေသည့်အတွက် ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့၏ စုပ်ယူအားကို တောင်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
ထို့ကြောင့် အချိန်တိုလေး အတွင်း၌ သူမအား ပုံမှန်အခြေအနေသို့ ပြန်ရောက်အောင် ကုသပေးရန်မှာ ခက်ခဲလွန်းနေမည်သာဖြစ်သည်။ တစ်ကြိမ်စုပ်ယူပြီးတိုင်း သူမအား အနားယူစေပြီး နောက်တစ်နေ့သို့ ရောက်မှ ဆက်လက်စုပ်ယူရမည်သာ ဖြစ်သည်။ ရက်အနည်းငယ်ခန့် ကြာပြီးမှသာ ဘေးအန္တရာယ်များကို အပြီးတိုင် ဖယ်ရှကာ သူမအား ပုံမှန်အခြေသို့ ပြန်ရောက်အောင် လုပ်ပေးနိုင်မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အမှောင်ချီအားလုံးကို တစ်ပြိုင်နက်တည်း ဖယ်ရှားနိုင်စွမ်း မရှိပါသော်လည်း သူမအား သတိပြန်ဝင်လာအောင် ကူညီပေးနိုင်လိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အမှောင်ချီများကို စုပ်ယူကာ သူမအား ကုသပေးနေရင် ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် လီဝမ်အာ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွား၏။ ထို့နောက် သူမမှာ မျက်တောင်တဖျတ်ဖျတ် ခပ်သွားပြီး မျက်လုံးများ ပွင့်လာတော့သည်။
သူမမှာ မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့အား မြင်လိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ အလောတကြီးနှင့် သူမအား ကယ်တင်နိုင်ရန် ကြိုးစားနေခဲ့သဖြင့် အခြားမည်သည့်အရာကိုမှ ဂရုမစိုက်နိုင်ခဲ့ဘဲ လီဝမ်အာအား သူ၏ပေါင်ပေါ် တင်ထားမိခဲ့သောကြောင့် သူတို့နှစ်ယောက်မှာ အလွန်အင်မတန်မှ နီးကပ်နေ၏။
ထို့ကြောင့် လီဝမ်အာမှာ မျက်လုံးများပွင့်လာပြီး ဝမ်ပေါင်လဲ့နှင့် ပူးပူးကပ်ကပ် ရှိနေသည်ကို သိလိုက်ရသောအခါ အသက်ပြင်းပြင်းရှူမိလိုက်၏။ သူမသည် အပြင်ပန်းတွင်မူ ဟန်ပန်အမူအရာမပျက် ရှိနေသေးပါသော်လည်း မတ်တတ်ထလာကာ နောက်သို့ဆုတ်သွားပြီး ဝမ်ပေါင်လဲ့၏ ရှေ့၌ ထိုင်ချလိုက်၏။ ထို့နောက် သူမ၏ မျက်ဝန်းများထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
” ကဲ။ ဘာဖြစ်သွားတာတုံး ပြောပါဦး ” ဝမ်ပေါင်လဲ့မှာမူ အခြားမည်သည့်အရာကိုမှ ဂရုမစိုက်နိုင်ဘဲ လီဝမ်အာအား စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။
ထိုအခါ လီဝမ်အာမှာ မျက်လွှာချသွား၏။ တစ်ခဏမျှ ကြာသောအခါမှ သူမသည် ပြန်လည်တည်ငြိမ်သွားပြီး သူမ၏ခန္ဓာကိုယ်အား ပြန်၍ငုံ့ကြည့်ကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့သည်။
” အသက်ရှည်နည်းပညာရပ်ကို စမ်းသပ်ကြည့်နိုင်ဖို့အတွက် ငါကိုယ်တိုင် အဲဒီပညာရပ်ကို ကျင့်ကြံမိခဲ့တာ။ ဒါပေမဲ့ ငါက ခဏလေးပဲ လေ့ကျင့်ခဲ့တာ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိပေမယ့် ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းတွေက မယုံကြည်နိုင်လောက်အောင်ကို မြန်ဆန်သွားခဲ့တာ… ”
” ငါ နှစ်ရက်လေးပဲ လေ့ကျင့်ရသေးတာတောင် နောက်ထပ်တစ်ဆင့်အထိ ရောက်သွားခဲ့တာလေ… ” လီဝမ်အာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။
” နောက်ထပ်တစ်ဆင့် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူသည် အသက်ရှည်နည်း ပညာရပ်ကို သူကိုယ်တိုင် မလေ့ကျင့်ခဲ့ဘဲ ၎င်း၏ ဂါထာကိုသာ လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ကိုယ်တိုင်လေ့ကျင့်ခဲ့သည့် လီဝမ်အာလောက် ထိုပညာရပ်အား ရင်းနှီးကျွမ်းဝင်မှုမရှိပေ။
” အသက်ရှည်နည်းပညာရပ်ရဲ့ ပထမအပိုင်းကိုပဲ လူတွေကသိကြတာ။ အဲဒီ ပထမပိုင်းကို ထိပ်ဆုံးအဆင့်အထိ ကျင့်ကြံပြီးရင် ဒုတိယအပိုင်းကို ဖောက်ထွက်လို့ရတယ်။ ဒါပေမဲ့ အဲဒီ ဒုတိယအပိုင်းတွက် ကျင့်ကြံနည်းပညာရပ် မရှိဘူး ”
” ပြီးတော့ ဒုတိယအဆင့်ကိုရောက်တာနဲ့ အငွေ့ အသက်တွေအားလုံးကို ခန္ဓာကိုယ်ထဲမှာ ပိတ်လှောင်လိုက်မှာဖြစ်လို့ ဘာဘေးထွက်ဆိုးကျိုးကိုမှ ခံစားရမှာမဟုတ်ဘူး… ” လီဝမ်အာက ရှင်းပြလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ သူမ၏စကားများကို နားထောင်ရင်း နောက်ထပ်တစ်ကြိမ်ထပ်၍ မျက်မှောင်ကြုတ်သွားရပြန်သည်။
” ဘာလို့ စောစောစီးစီး မပြောခဲ့ရတာလဲ။ ငါသာ တစ်မိနစ်လောက် နောက်ကျပြီးမှ နင့်ကို ကယ်တင်နိုင်မယ်ဆိုရင် နင်က အခုအခြေအနေအတိုင်း ရှိချင်မှ ရှိနိုင်တော့မှာ ဆိုတာကိုရော နင်သိလား ”
ထိုအခါ လီဝမ်အာမှာ နှုတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှ ပြန်မပြောတော့ပေ။
ဝမ်ပေါင်လဲ့ကမူ ခေါင်းမာနေသော လီဝမ်အာအား စိုက်ကြည့်ရင်း သက်ပြင်းချမိလိုက်၏။ သူမသည် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေရပါသော်လည်း ဝမ်ပေါင်လဲ့မှာ အကြောင်းအရင်းကို ခန့်မှန်းမိထား၏။ ယခုတွင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အေးတိအေးစက်ဖြစ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် အတိုင်းအတာတစ်ခုအထိ ရန်သူများအဖြစ် သတ်မှတ်ထားကြသည် မဟုတ်ပါလော။ ထို့ကြောင့် လီဝမ်အာ၏ အကျင့်စရိုက်အရဆိုလျှင် သူမမှာ ဝမ်ပေါင်လဲ့ဆီသို့ အကူအညီလာတောင်းမည်မဟုတ်ဘဲ ပြဿနာအားလုံးကို သူမကိုယ်တိုင် ဖြေရှင်းနိုင်ရန်သာ ကြိုးစားမည်ဖြစ်သည်။
ယခုတွင်လည်း ထိုကဲ့သို့ပင်။ လီဝမ်အာမှာ ဝမ်ပေါင်လဲ့ဆီမှ အကူအညီတောင်းရန် မတွေးခဲ့ပေ။ တစ်ဖက်တွင် သူမသည် သူမ၏ ကျင့်ကြံခြင်းစွမ်းအားကိုအသုံးပြု၍ ထိုပညာရပ်အား ဖိနှိပ်ချင်ခဲ့သလို အခြားတစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့ သန့်စင်ထားသော ဓမ္မအဆောင်ကို အသုံးပြုကာ မိစ္ဆာအငွေ့အသက်များအား သူမကိုယ်တိုင် ဖယ်ရှားနိုင်ရန် ကြိုးပမ်းနေခဲ့၏။
သို့သော် ရက်အနည်းငယ်ခန့် ကြိုးစားပြီးသွားသည့်တိုင်အောင် မအောင်မြင်ခဲ့သည့်အပြင် အခြေအနေများမှာ ပို၍ဆိုးရွားလာခဲ့၏။ ယနေ့ညတွင်ဆိုလျှင် သူမသည် ထို မိစ္ဆာအငွေ့အသက်များကို ဖယ်ရှားရန်ကြိုးစားနေရင်း တစ်စုံတစ်ခုက သူမအား ဆင့်ခေါ်နေသကဲ့သို့ ခံစားလိုက်ရ၏ ”
” ထိုခံစားချက်မှာ ရှင်းလင်းပြတ်သားမှု မရှိပါသော်လည်း သူမသည် သူမ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ဖြစ်သွားခဲ့ရ၏။ ထို့ကြောင့် သူမမှာ မာန်တင်းကာ အတင်းအဓမ္မ ကြိုးစားအားထုတ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်ခွင့်ရသွားသောအခါ သူမ၏ တစ်ကိုယ်လုံးမှာ အက်စစ်ရည်များနှင့် ပြည့်နှက်နေသည့် အိတ်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်ကို သိလိုက်ရ၏။ ထို့အပြင် ထိုအက်စစ်ရည်များမှာ သူမ၏ အတွင်းကလီစာများကို အဆက်မပြတ် တိုက်စားနေသောကြောင့် သူမ၏ ခန္ဓာကိုယ်ကြီးမှာ အားအင်နုံးချိသွားခဲ့ရ၏။ တစ်ချိန်ထဲမှာပင် သူမသည် ထိုပြဿနာအား ဖြေရှင်းနိုင်စွမ်း မရှိသေးပေ။ ထိုကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရသောအခါမှ သူမသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဝမ်ပေါင်လဲ့ဆီသို့ အညီတောင်းရန် ရောက်ရှိလာရခြင်း ဖြစ်သည်။
ခေါင်းမောသော လူများအတွက် ထိုသို့အကူအညီတောင်းရန်မှာ အလွန်အင်မတန်မှ ခက်ခဲပေသည်။ သူမသည် ဝမ်ပေါင်လဲ့အား စကားပြန်ပြောရန် ရှက်ရွံ့နေခဲ့သောကြောင့် နှုတ်ဆိတ်နေခြင်း ဖြစ်၏။ သို့သော် သူမမှာ သူ့အခြေအနေသူ သိထားသောကြောင့် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ဖွင့်ပြောလိုက်၏။
” ငါ သတိလစ်မသွားခင် တစ်ခုခုက ငါ့ကို ဆင့်ခေါ်နေသလိုမျိုး ခံစားနေခဲ့ရတာ။ ငါ အသိစိတ်ရှိနေတုန်းက လူတချို့ကို အဲဒီ ခံစားချက်ကြီး ပေါ်လာခဲ့တဲ့နေရာဆီ သွားကြည့်ဖို့ လွှတ်လိုက်သေးတယ်။ ဒါပေမဲ့ ငါက အရပ်မျက်နှာလောက်ကိုပဲ အကြမ်းဖျင်း ပြောပြနိုင်ခဲ့တာမလို့ သူတို့တွေက အဲဒီနေရာကို ရှာတွေ့ချင်မှ ရှာတွေ့နိုင်မှာ ”
” အခုလောလောဆယ်တော့ ဒီကိစ္စအကြောင်း တွေးမနေနဲ့တော့။ ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံးဂရုစိုက် ” ဝမ်ပေါင်လဲ့မှာ အသေးစိတ်အချက်အလက်များကို သိရှိလိုက်ရပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကိုအသုံးပြု၍ ညွှန်ကြားချက်များ ချက်ချင်းထုတ်ပြန်လိုက်ပြီး လီဝမ်အာအား ပြန်၍စိုက်ကြည့်လိုက်၏။
” နင့်ရဲ့ဒဏ်ရာတွေက တော်တော်ကိုပြင်းတော့ တစ်ရက်တည်းနဲ့ အကုန်လုံးပျောက်အောင် ကုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနည်းဆုံး လဝက်လောက်အထိ အချိန်ပေးဖို့လို့တယ်။ အခုလောလောဆယ်တော့ ဆက်ပြီးတော့ ကုသကြတာပေါ့ ”
” …. ကျေးဇူးပါပဲ ” လီဝမ်အာမှာ ခေါင်းငုံ့ကာ တိုးတိုးလေး ဆိုလိုက်၏။
ထိုသို့ဖြင့် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူမအား ဆက်လက်ကုသပေးနေလိုက်တော့သည်။ ယခင်တုန်းက လီဝမ်အာမှာ သတိလစ်နေခဲ့သောကြောင့် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။ သို့သော် ယခုတွင်မူ သူမမှာ သတိပြန်ရနေပြီ ဖြစ်သောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းကာ ခန္ဓာကိုယ်တစ်လုံး တုန်ရီလာရတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်ကြီးတစ်မျိုးကို စတင်ခံစားလာရ၏….
အမှောင်ချီများမှာ သူမ၏ ခန္ဓာကိုယ်အတွင်းပိုင်းကိုသာ မဟုတ်ဘဲ သူမ၏ အသွေးအသားများအားလုံးနှင့် တစ်သားတည်းပေါင်းစည်းလုမတတ် ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာတိုင်းကို တို့ထိနေရ၏။ ဆေးကုသမှု ပို၍ထိရောက်ပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့အား သူမ၏ အသွေးအသားထဲမှ အမှောင်ချီများကို ပို၍လျင်မြန်စွာ စုပ်ယူနိုင်အောင် ကူညီပေးရန် ထိုကဲ့သို့ လုပ်နေရခြင်း ဖြစ်၏…
သူတို့နှစ်ယောက်၏ကြား၌ အဝတ်အစားများ ရှိနေသေးပါသော်လည်း တိတ်ဆိတ်ငြိမ်သက်နေသော လျှို့ဝှက်အခန်းကြီးထဲတွင် လီဝမ်အာတစ်ယောက် ချုပ်တည်းထားရသည့် သူမ၏ အသက်ရှူသံများမှာ တဖြည်းဖြည်းနှင့် ပို၍ မြန်ဆန်ကျယ်လောင်လာတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ ရင်ခုန်သံများ ဝုန်းဒိုင်းကြဲနေသည်ကို ခံစားနေရ၏။ အထူးသဖြင့် သူတို့နှစ်ယောက် မိစ္ဆာကျင့်ကြံသူ၏ ဂူထဲ၌ တစ်ယောက်ကိုတစ်ယောက် အနွေးဓာတ်များပေးခဲ့ကြသည့် ဖြစ်ရပ်ကြီးအကြောင်းကို ပြန်တွေးမိလိုက်သောအခါ သူ၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရတော့သည်။
ယခု အခြေအနေကြီးမှာ ထိုစဉ်တုန်းကထက်ပင် ပို၍စိတ်လှုပ်ရှားစရာ ကောင်းနေ၏။ မိစ္ဆာကျင့်ကြံသူ၏ ဂူထဲ၌ ရှိခဲ့စဉ်တုန်းက အရာအားလုံးမှာ မှောင်မဲနေခဲ့သည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ လျှို့ဝှက်အခန်းတစ်ခန်းလုံးမှာ ထိန်ထိန်လင်းနေ၏။
ဝမ်ပေါင်လဲ့မှာ လီဝမ်အာတစ်ယောက် မျက်လုံးများ မှိတ်ထားသည်ကို မြင်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်ကို ခံစားလိုက်ရသောအခါ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ထို့နောက် သူ၏အသိစိတ်ထဲ၌ ညစ်ညမ်းသော အတွေးတစ်ခု ပေါ်ပေါက်လာ၏…. ”
ထိုအချိန်တွင် လီဝမ်အာမှာ တစ်ခုခုကို အာရုံခံမိလိုက်သည့်ပုံဖြင့် ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ ထို့နောက် သူမသည် နှုတ်ခမ်းကိုက်ကာ ဝမ်ပေါင်လဲ့အား ခက်ထန်တင်းမာသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ဆိုလိုက်၏။
” ဝမ်ပေါင်လဲ့။ နင်… ”
” တိတ်တိတ်နေ။ ဆေးကုပေးနေတုန်း စကားမပြောနဲ့ ” ဝမ်ပေါင်လဲ့မှာ သူမအား မျက်မှောက်ကြုတ်ကာ ပြန်၍စိုက်ကြည့်လိုက်ပြီး သူမ၏ တင်ပါးအား သူ၏လက်ဝါးဖြင့် အားပါပါရိုက်၍ အော်ပြောလိုက်၏။ ထိုသို့ ရိုက်လိုက်ချိန်တွင် သူ၏ လက်ထဲ၌ အိစက်စက်ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရ၏။
လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ ရိုက်နှက်ခြင်းနှင့် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသောအခါ သူမအား အသားမယူဖို့ သတိပေးရန် ပြင်နေရာမှ ဆဆွံ့အမှင်တက်သွားရ၏။ ဝမ်ပေါင်လဲ့မှာမူ သူမ ချီတုံချတုံဖြစ်နေသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ လျှို့ဝှက်အခန်းထဲရှိ မီးများအားလုံးကို မှိတ်လိုက်တော့သည်။
” ဒီလောက်ဆို နင်ရဲ့ စိတ်တွေ တည်ငြိမ်သွားလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါက နင့်ကို ဆေးကုပေးနေရတာနော် ” ဝမ်ပေါင်လဲ့မှာ အရေထူနေပြီဖြစ်သည်။ သူသည် ရင်ခုန်နှုန်းများမြန်ဆန်နေပြီး တဏှာရာဂစိတ်များ တောက်လောင်နေပါသော်လည်း မီးများအားလုံး မှိတ်ပြီးသွားသည့်တိုင်အောင် သူ၏မျက်နှာအမူအရာမှာ တည်ကြည်တင်းမာနေဆဲပင်။
ဘေးပတ်ပတ်လည်ရှိ အမှောင်ထုကြီးကြောင့်လား ဝမ်ပေါင်လဲ့ကြောင့် အံ့အားသင့်သွားရသောကြောင့်လားတော့ မသိပေ။ လီဝမ်အာမှာ နှုတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်၏။ သူမမှာ အသက်ရှူသံများ ပို၍မြန်ဆန်လာသည့်တိုင်အောင် စကားတစ်ခွန်းမှမပြောဘဲ။ ထို့ကြောင့် သူမမှာ အတိုင်းအတာတစ်ခုအထိ မျက်စိမှိတ်ခေါင်းညိတ်ကာ လိုက်လျောပေးရန် သဘောထားလိုက်သည့်ပုံပင်….
သို့သော် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကိုယ်ကျင့်တရားများနှင့်ပြည့်စုံပြီး ရိုးသားဖြောင့်မတ်သော လူကြီးလူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည် ဖြစ်သည်။ ဆေးကုသခြင်း လုပ်ငန်းစဉ်မှာ အချိန်အတော်အတန် ကြာမြင့်နေသည့်တိုင်အောင် သူသည် သူမ၏ ဒဏ်ရာများအားလုံးကို အသေးစိတ် ကုသပေးနေဆဲပင်။ ထိုသို့ဖြင့် သူသည် တည်ကြည်မှုအပြည့်ဖြင့် လီဝမ်အာ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ထိတွေ့ကိုင်တွယ်ကာ သူမ၏ ဒဏ်ရာများအား ကုသပေးနေရင်း တစ်နာရီတိတိ ကုန်ဆုံးသွား၏။
ဝမ်ပေါင်လဲ့မှာ လီဝမ်အာအား ကုသပေးနေစဉ် သူတို့နှစ်ယောက် စေလွှတ်ခဲ့သည့် ကျင့်ကြံသူများမှာ သူတို့ တာဝန်ကျသော နေရာများ၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသွားသည့်တိုင်အောင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ကြပေ။
သို့သော် ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲရှိ ချောင်ကျသော နေရာတစ်ခုတွင်မူ လူအယောက်တစ်ထောင်ကျော်မှာ အသက်မပါသော အမူအရာများဖြင့် မတ်တတ်ရပ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များထဲမှ အမှောင်ချီများ ထွက်ပေါ်နေခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့သာ ထိုနေရာတွင်ရှိနေပြီး သူတို့၏ ခန္ဓာကိုယ်များအား တို့ထိကာ အာရုံခံလိုက်မည်ဆိုပါက သူတို့အားလုံးမှာ လီဝမ်အာကဲ့သို့ ဖြစ်နေကြသည်ကို သိလိုက်ရမည်သာဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များထဲ၌ အမှောင်ချီများမှာ အမှောင်ချီဗုံးများကဲ့သို့ စုဝေးနေကြ၏။
သူတို့၏ရှေ့ရှိ မြေပြင်ကြီးပေါ်တွင်မူ မန္တန်အစီအရင်ကြီးတစ်ခုကို ရေးဆွဲထား၏။ အနက်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာ ထိုမန္တန်အစီအရင်ကြီး၏ ဘေးတွင်ရပ်နေရင်း တည်ကြည်စွာ ဆိုလိုက်၏။
” စကြစို့ ”
သူ ထိုသို့ဆိုလိုက်သည်နှင့် အသက်မဲ့နေသော အမူအရာများဖြင့် ရပ်နေကြသည့် လူအယောက်ထောင်ကျော်မှာ ချက်ချင်းဆိုသလိုပင် ခေါင်းများမော့လာကြ၏။ ထို့နောက် သူတို့၏ အသက်မပါသောမျက်ဝန်းများထဲတွင် ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်သွား၏။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ ထို မန္တန်အစီအရင်ကြီးထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားကြသောအခါ ထိုမန္တန်အစီအရင်ကြီးမှာ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို အစအန မကျန်အောင် စုပ်ယူပစ်လိုက်တော့သည်..
မန္တန်အစီအရင်ကြီးထဲရှိ ထို လူအယောက်တစ်ထောင်ကျော်စလုံး ပျောက်ကွယ်သွားသောအခါ ထိုမန္တန်အစီအရင်ကြီး၏ အလယ်ဗဟိုတွင် အပြာရောင်အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။
အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက ၎င်းမှာ သစ်စေ့တစ်စေ့နှင့် ဆင်တူနေသည်ကို မြင်နိုင်ပေမည်။
အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ထိုသစ်စေ့အား ကောက်ယူကာ တစ်ခဏမျှ စစ်ဆေးကြည့်ရှုလိုက်၏။ သူသည် အနည်းငယ်လန့် နောင်တရနေသည့်ပုံ ပေါက်နေပါတော့လည်း သူ၏မျက်နှာ ပေါ်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာဆဲပင်။
” အချိန်သိပ်မရှိလို့ သစ်စေ့တစ်စေ့ပဲ လုပ်နိုင်တာ နှမြောစရာပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ အမှောင်ကလေးငယ်ကို ဖျက်ဆီးချေမှုန်းဖို့ လုံလောက်ပါတယ်… ”
” နောက်ထပ် လုပ်ရမှာက… ဒီတာဝန်ကို ထမ်းဆောင်ပေးမယ့် လက်တွဲဖော်တစ်ယောက်ကို ရှာဖို့ပဲ…. “