သူတို့မှာ ပိုင်ရှောင်ချန်းအားခြေရာခံမိရန်နှင့် အခြေခိုင်မာခြင်းအဆင့် ဆေးလုံးရရှိဖို့ရန် အချိန်တစ်လသာရှိသည်။ သို့မဟုတ်ပါက သူတို့မှာ နောက်တစ်ကြိမ်ထပ်မံကျရှုံးပေလိမ့်မည်။ ထိုအရာအားစဥ်းစားမိရုံမျှဖြင့်ပင် သူတို့အားလုံးအား ရူးသွပ်သွားစေသည်။
သူတို့၏ ပိုင်ရှောင်ချန်းအပေါ် မုန်းတီးနေမှုမှာ မဖော်ပြနိုင်လောက်အောင် မြင့်မားနေပြီဖြစ်သည်။
” ညမုဆိုး… တစ်ကိုယ်ကောင်းမဆန်စမ်းပါနဲ့ကွာ”
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ကြီးနိုင်ငယ်ညှင်းဝါဒစိုးမိုးမှုရှိတဲ့အတွက် ကျုပ်တို့က လူတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ရင်းနဲ့ အောင်မြင်မှုရနိုင်တယ်။ ဒါပေမဲ့ မင်းဒီလိုတော့ တစ်ကိုယ်ကောင်းဆန်လို့မရဘူး”
“အခြေခိုင်မာခြင်းအဆင့်ဆေးလုံးက ဆယ်လုံးတောင်ရှိတာလေ။ မင်းကဆေးလေးတစ်လုံးတောင်မှ ကျုပ်တို့တွေကိုမမျှပေးချင်ဘူးလား”
“မီးတောင်တွေကြားတွေပုန်းနေတာ မင်းအတွက်ကောင်းလာမှာ မဟုတ်ဘူးနော်။ ဝင်္ကပါက မကြီးမားဘူး။ ကျုပ်တို့ မင်းကို တဖြည်းဖြည်း ရှာတွေ့လာလိမ့်မယ် ”
လူတိုင်း၏ သတ်ဖြတ်လိုစိတ်မှာပြင်းထန်လာကြသော်လည်း ပိုင်ရှောင်ချန်းမှာ ဥမင်လိုဏ်ခေါင်းများအကြားဖြတ်၍ ဘယ်ပြန်ညာပြန်လျှောက်ကာ ရှာဖွေနေလျက်ရှိသည်။ ရုတ်တရက် သူကရပ်လိုက်ပြီး နံရံပေါ်ရှိ အက်ကွဲကြောင်းကို ကြည့်လိုက်ရာ ကြီးမားလှသော ရွက်သုံးပင်အစုကြီးအားတွေ့လိုက်ရသည်။
ထိုရွက်သုံးပင်အားလုံး၏အလယ်တွင် ရွက်လေးပင် တစ်ခုရှိနေလေသည်။
သူကချက်ချင်းပင် ရှေ့ဆက်တိုးကာ ရွက်လေးပင်အားခူးဆွတ်လိုက်သည်။ အနီးကပ်ကြည့်ရှုပြီးနောက် သူ၏မျက်နှာတွင် စိတ်လှုပ်ရှားနေဟန်များ အတိုင်းသားပေါ်လာလေသည်။
“ဒီနေရာမှာ ရွက်လေးပင်တကယ်ရှိတာပဲ။ ဟားဟားဟား…။ ငါ…နောက်ဆုံးတော့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လေးဆင့်ရောက်တဲ့အထိ အဆင့်မြှင့်နိုင်တော့မှာကွ…” သူက ရွက်လေးပင်ကို အိတ်ထဲထည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်္ကပါတလျှောက် ဆက်သွားလိုက်လေသည်။ ဤအချက်အားဖြင့် သူက အခြေခိုင်မာခြင်းအဆင့်ဆေးလုံးများအကြောင်းကိုပင် မေ့သွားကာ ရွက်လေးပင်ကိုသာ အာရုံစိုက်၍ရှာဖွေနေတော့သည်။
မျက်စိတမှိတ်အတွင်း လေးရက်တာကုန်ဆုံးသွားလေသည်။ လူများသည် ပိုင်ရှောင်ချန်းကို ၀င်္ကပါထဲ၌ရံဖန်ရံခါ တွေ့လိုက်ရတတ်သော်လည်း အမြဲတမ်းအလွယ်တကူပျောက်ဆုံးသွားတတ်ပြန်သည်။ သူက ရွက်လေးပင်များကိုသာ ဆက်၍ရှာနေပေသည်။
သူက သွေးသားရဲများနှင့်လည်း တိုးရတတ်သည်။ သူက သူတို့အားအချိန်အနည်းငယ် လေ့လာလိုက်ပြီး လျင်မြန်စွာပင် အလွန်စွဲမက်ဖွယ်ကောင်းကြောင်း ချက်ချင်းသဘောပေါက်သွားလေသည်။ သို့သော် ရွက်လေးပင်ရှာနေသည့်အခါ သူတို့အားအလွယ်တကူရှောင်ရှားနိုင်ခဲ့သည်။
နောက်ထပ်သုံးရက်တာ ကုန်ဆုံးသွားပြန်သည်။ နောက်ဆုံးတွင် သူက များပြားလှသည့်လမ်းကြောင်းများ လာဆုံသည့်နေရာကိုတွေ့ရှိသွားလေသည်။ ထိုနေရာသည် ချောက်နက်ကြီးတစ်ခုဖြစ်ပြီး ကီလိုမီတာပေါင်းအမြောက်အများကျယ်ဝန်းကာ ကြီးမားလှသော မှိုပွင့်ကြီးများနှင့်ပြည့်နှက်နေသည်။ အသေးဆုံးမှိုမှာ လူတစ်ရပ်နီးပါးမြင့်မားပြီး အကြီးဆုံးမှာ မီတာသုံးဆယ်အထိရှိသည်။
မှိုပွင့်ကြီးများမှာ ထူးဆန်းသောအရောင်ရှိကာ ထွင်းဖောက်မြင်ရလုနီးပါးဖြစ်သည်။ သူတို့က ညင်သာစွာ တညီတညွတ်တည်း ယိမ်းနွဲ့နေကြသည်။ မှိုပွင့်များအောက်ရှိ မြေပြင်ပေါ်တွင် သွေးရောင်အဆင်းရှိ ရွက်သုံးပင်များကိုတွေ့ရနိုင်သည်။ ပိုမိုနီးကပ်စွာစစ်ဆေးပြီးနောက် ပိုင်ရှောင်ချန်းက ၎င်းတို့ကြားထဲတွင် ကျို့တို့ကျဲတဲရောယှက်နေသော ရွက်လေးပင်များကိုပါတွေ့လိုက်ရသည်။
“ဝါးးးးးး” သူ့မျက်လုံးများ အရောင်လက်နေပြီး ပြောလိုက်သည်။ ထိုနေရာမှာ အံ့သြဖွယ်နေရာတစ်ခုနှင့်တူနေသည့်တိုင် သူက တွန့်ဆုတ်နေမိသည်။ ထို့နောက် ခြေလှမ်းခါနီးတွင် သူ၏မျက်လုံးများမှာ မယုံနိုင်စွာပြူးထွက်သွားလျက် စတင်၍တုန်ရီသွားသည်။
အတန်ငယ်ကွာဝေးသောနေရာတွင် မှိုပွင့်အပြုံလိုက်ကြီး၏အလယ်တွင် ပတ်ပတ်လည်အားအပြစ်ကင်းစင်စွာကြည့်လျက် ရွက်သုံးပင်တချို့အား အသံမြည်အောင်ဝါးစားနေသော ယုန်ဖြူလေးတစ်ကောင်ရှိနေသည်။
ပိုင်ရှောင်ချန်းက သူမြင်နေရသည့်အရာအားမယုံနိုင်ပေ။ သူက ထိုယုန်လေးအား မည်သူမည်ဝါဖြစ်ကြောင်းခွဲခြား သတ်မှတ်နေရန်ပင် မလိုအပ်ပေ။ ထိုယုန်သည်ကား စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူဖန်တီးခဲ့သည့် စကားပြောတတ်သည့်ယုန် ဖြစ်ချေသည်။
ပိုင်ရှောင်ချန်းက ကမ္ဘာကြီးမှာ အလွန်ထူးဆန်းလှကြောင်းရုတ်တရက်ခံစားလိုက်ရသည်။ သူက ဤဂိုဏ်းတွင် စကားပြောတတ်သည့်ယုန်အားပြန်တွေ့ရလိမ့်မည်ဟု သူ၏စိတ်ထဲ၌တစ်ခါမျှမတွေးတောခဲ့ပေ။ သူကမြောက်ဘက်ခြမ်းသို့ ပြောင်းရွေ့ခံရစဥ်ကလည်း ယုန်လေးမှာ မြောက်ဘက်ခြမ်းမှထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ရောက်လာသော်လည်း ယုန်လေးမှာဤဂိုဏ်း၌ပေါ်လာပြန်သည်။
” ငါဒီကိုပဲလာခဲ့တာ။ ဒါကို မင်းက…မင်းက…မင်းကငါ့အနောက်ပဲ လိုက်နေတုန်းလားကွာ” ထိုယုန်နှင့်ပတ်သက်၍ အလွန်ထူးဆန်းနေသည်။ ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ ယုန်လေးသည် ပိုင်ရှောင်ချန်းအား သတိမထားမိပေ။ မရေမတွက်နိုင်အောင်များလှသော ရွက်လေးပင်များအား လျစ်လျူရှုလိုက်ကာ ကြောက်ရွံ့စိတ်ဖြင့် သူ့နှလုံးခုန်နှုန်းမြန်နေပြီး ပိုင်ရှောင်ချန်းက လမ်းကြောင်းတစ်ခုထဲသို့ ဂရုတစိုက် ပြန်ဆုတ်လိုက်လေသည်။
“ငါကဘယ်အခြေအနေမျိုးမှာမဆို ဒီကောင် ငါ့ကိုမြင်သွား ခွင့်မပြုသင့်ဘူး” သူကတီးတိုးရေရွတ်လိုက်သည်။ “ငါဒီမှာရောက်နေတာ ဒီကောင့်ကို ပေးသိလို့မဖြစ်ဘူး။ ကောင်းတယ်.. ။ ငါက ညမုဆိုး အဖြစ်အယောင်ဆောင်ထားတော့ သူငါ့ကိုမမြင်နိုင်တော့ဘူးပေါ့” ပိုင်ရှောင်ချန်းက တိတ်ဆိတ်စွာလွတ်မြောက်ရန်ပြင်ဆင်နေစဉ် ဟိန်းဟောက်သံကြီးပဲ့တင်ထပ်သွားပြီး ကြီးမားသောသွေးရောင်အဆင်းရှိတီကောင်ကြီးမှာ ချောက်နက်ထဲမှထွက်ကာ ယုန်ဆီသို့ ဦးတည်သွားနေသည်။
ယုန်လေးက လေထဲသို့ခုန်လိုက်ကာ တီကောင်ကြီးအဝေးသို့ လက်ဖျားခါလောက်သည့် အမြန်နှုန်းဖြင့်ထွက်ပြေးသွားသည်။ သူကထွက်ပြေးနိုင်သွားသော်လည်း မြေကြီးမှာပေါက်ကွဲလာပြီး တီကောင်ကြီးများထွက်ပေါ်လာကာ ယုန်လေးအားစတင်လိုက်ဖမ်းကြတော့သည်။
ယုန်လေး၏နားရွက်များမှာ ထောင်မတ်နေပြီး ထွက်ပြေးနေစဥ်မှာပင် တီကောင်ကြီးများ၏ မြေကြီးကိုတူးဖောက်နေသည့်အသံများကို လိုက်လံတုပသောအသံများ ပြုလုပ်နေသည်။ ယုန်က ဥမင်လိုဏ်ခေါင်းတစ်ခုထဲသို့ခုန်ချတော့မည်အချိန်တွင် သူကပိုင်ရှောင်ချန်းအား အံ့အားသင့်စွာမော့ကြည့်လေသည်။ ကြည့်ရသည်မှာ သူက ပိုင်ရှောင်ချန်းအားမှတ်မိသွားပုံရသည်။
ပိုင်ရှောင်ချန်းက ယုန်မှာသူ့အား သူငယ်ချင်းတစ်ယောက်ကဲ့သို့ ကြည့်နေသည်ကိုမြင်သည့်အခါ သူ၏ခေါင်းမှာပေါက်ကွဲတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။သူက တွန့်ဆုတ်နေခြင်းမရှိဘဲ ဥမင်လိုဏ်ခေါင်းတစ်ခုကို ရွေးချယ်လိုက်ပြီး ဆန့်ကျင်ဘက်ဘက်အရပ်သို့ထွက်ပြေးေလသည်။
“ဒီယုန်စုတ်က ဘာဖြစ်နေတာလဲ” သူ့မျက်နှာမှာ ငိုမဲ့မဲ့ဖြစ်နေပြီး တွေးတောနေမိသည်။ ယုန်လေးကို သူ အမှန်တကယ် ကြောက်ရွံ ့သည်။
သို့သော်ဤတစ်ကြိမ်တွင် ယုန်ကိုသတိပြုမိသည့်အတွက် ပိုင်ရှောင်ချန်း အလွန်ဝမ်းမြောက်မိသွားသည်။ ထိုသို့မဟုတ်လျှင် စကားတစ်ချက်မှားသည်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးမှာ သူကပိုင်ရှောင်ချန်းဖြစ်ကြောင်းသိသွားပေလိမ့်မည်။ ထိုသို့တွေးမိရုံမျှဖြင့်ပင် သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်။
” သူတို့သာ ငါ့ကိုသာရှာတွေ့သွားရင် အပိုင်းပိုင်းဖြတ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီ သေတ္တာတစ်လုံးထဲထည့်ပို့လိုက်မယ်ထင်တယ်” ရင်မှာတဒိန်းဒိန်းခုန်လျက် သူက ယုန်မှာသူ၏အနောက်တွင်အချိန်တိုင်းရှိနေကြောင်းနှင့် မည်သည့်အခြေအနေမျိုးတွင်မဆို ကျယ်လောင်စွာပြောဆိုခြင်းမပြုရန် မိမိကိုယ်ကိုထပ်မံသတိပေးလိုက်လေသည်။
“ငါ ဒီပတ်ပတ်လည်မှာ ပေါ်ပေါ်ထင်ထင်ရှာဖွေလို့ရမယ်မထင်ဘူး။ ဒီနေရာမှာယုန်စုတ်ကရှိနေပြီဆိုတော့ အရမ်းအန္တရာယ်များတာပဲ” သူက အလျင်အမြန်ပင် အနီးအနားရှိဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း၌ တွင်းအသေးကလေးတစ်ခုကို တူးလိုက်ပြီး ထိုတွင်းလေးထဲသို့ တွားသွားကာဝင်ရောက်ကာ ပုန်းလိုက်သည်။
“အာ…ကောင်းပြီ။ ငါအခု အခြေခိုင်မာခြင်းအဆင့်ရောက်အောင် လုပ်ရမယ်။ ဒါမှ အားလုံးအဆင်ပြေသွားမှာ ” သက်ပြင်းချကာ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ခဏလောက်ကြာသည်အထိ တွေးတောနေမိသည်။ ထို့နောက်သူက အခြားကြုံရာကျပန်းဆေးလုံးကိုထုတ်ယူကာ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးနှင့် နှိုင်းယှဥ်ကြည့်လိုက်လေသည်။ တခဏအကြာတွင် သူကစိတ်ကူးအသစ်တစ်ခုတွေ့သွားသကဲ့သို့ သူ၏မျက်လုံးများမှာ တောက်ပသွားလေသည်။
ထိုအချိန် ဝင်္ကပါထဲရှိ အခြားဂိုဏ်းသားများမှာ ရူးမတတ်ဖြစ်နေကြသည်။
သူတို့၏မျက်လုံးများရဲရဲနီလျက် ဥမင်လိုဏ်ခေါင်းများတလျှောက် ပိုက်စိပ်တိုက်၍ရှာနေကြသည်။ ဆယ်ရက်မှာ ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ သူတို့ကလည်း ထိုနေရာတစ်ခုလုံးနီးပါး ရှာဖွေပြီးနေပြီဖြစ်သည်။
တကယ်တမ်းတွင် သူတို့ထဲမှတချို့မှာ ပိုင်ရှောင်ချန်းရှိနေရာနှင့်နီးကပ်စွာရောက်ရှိနေပြီး သူ့အပေါ်လဲကျလုနီးနီးဖြစ်သွားသည်။ သို့သော် ထိုအချိန်တွင်သူက ဖွင့်ထွက်လိုက်ပြီး မြန်နိုင်သမျှမြန်မြန်ပြေးကာ တချိန်တည်းမှာပင် အခြေခိုင်မာခြင်းအဆင့်၏အငွေ့အသက်အနည်းငယ်ကို ထုတ်လွှတ်လိုက်လေသည်။
ဂိုဏ်းသားအားလုံးမှာ ချက်ချင်းပင် ဒေါသတကြီးဖြစ်ကုန်ကြတော့သည်။
“သူက အခြေခိုင်မာခြင်းအဆင့်ကို တက်နေပြီကွ။ သူ့ကိုဖမ်းလိုက်ကြ”
” ငါတို့သူ့ကို လွန်ခဲ့တဲ့ဆယ်ရက်အတွင်းရှာမတွေ့တာ အံ့သြစရာမလိုတော့ပါဘူး။ သူကတကယ်တမ်းတော့ အဆင့်တက်ဖို့လုပ်နေတာကိုးကွ။ ငါတို့သူ့ကိုအောင်မြင်ခွင့်ပေးလို့မဖြစ်ဘူး”
သူတို့ကပိုင်ရှောင်ချန်းအားလိုက်လံဖမ်းဆီးအံ့ဆဲဆဲတွင် သူကသက်ပြင်းချလိုက်ကာ လက်ကိုဝေ့ယမ်းလိုက်ပြီး အခြေခိုင်မာခြင်းအဆင့်အငွေ့အသက်များဖြာထွက်နေသော ဆေးလုံးအမြောက်အများကို ပစ်လွှင့်လိုက်သည်။ သူက နေရာအနှံ့အပြားသို့ဆေးလုံးများ ပစ်နေရင်း အော်ဟစ်ပြောလိုက်သည်။
“ကောင်းပြီ။ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးကို ယူလိုက်ကြ။ ဘယ်သူမဆို ကျုပ်ကိုပြဿနာရှာရဲရှာကြည့်လိုက်စမ်းပါ။ ကျုပ်အခြေခိုင်မာခြင်းအဆင့်ကို ရောက်ပြီးသွားရင် ခင်ဗျားတို့ရဲ့တစ်မျိုးနွယ်စုလုံးကို ချေမှုန်းပစ်မယ်” လူသတ်ငွေ့များတဟုန်းဟုန်း ထွက်ပေါ်နေအောင် ပြုမူလိုက်ပြီး အတန်ငယ်ဝေးသောနေရာသို့ သူ ထွက်ပြေးသွားသည်။
အံ့ဩတုန်လှုပ်လျက် ဂိုဏ်းသားများမှာ ဆေးလုံးများတွင် အခြေခိုင်မာခြင်းအဆင့်အငွေ့အသက်များကို အာရုံခံမိသွားပြီး အလျင်အမြန်ပင်လူစုခွဲကာ ရယူဖို့ရန်ကြိုးစားကြတော့သည်။ ပြင်းထန်သောတိုက်ခိုက်မှုများလည်း ချက်ချင်းဖြစ်ပွားလာသည်။
ရလာဒ်အနေဖြင့် အသန်မာဆုံးသော ဂိုဏ်းသားငါးယောက်မှာ ဆေးလုံးကိုရရှိသွားပြီးနောက် ချက်ချင်းထွက်ပြေးသွားကြလေသည်။ အခြားဂိုဏ်းသားများကလည်း နောက်မှထပ်ကြပ်မကွာလိုက်ဖမ်းနေကြပြီး မကြာမီတွင် ကျယ်လောင်သောကျိန်ဆဲသံများ ကောင်းကင်အထက်သို့ပျံ့နှံ့သွားတော့သည်။
” အတုကြီး။ ဒီဟာက အခြေခိုင်မာခြင်းအဆင့်ဆေးလုံးမဟုတ်ဘူးဟ။ ဒီ ညမုဆိုး အကောင်စုတ်ကတော့…။ သူဆေးဖော်စပ်တတ်တယ်ဆိုတာ ကျုပ်မေ့သွားခဲ့တာပဲ ”
“ဒါက အတုကြီးကွ။ တကယ့်အတုကြီး”
“ဒါက အခြေခိုင်မာခြင်းအဆင့်ဆေးလုံးမဟုတ်ဘူးကွ။ ဒါက အခြေခိုင်မာခြင်းအဆင့်ဆေးလုံးအစစ်ရဲ့ အမှုန့်တွေနဲ့ ရောပြီးဖော်စပ်ထားတဲ့ဟာပဲ”
အခြားဂိုဏ်းသားများမှာ လက်ခံယုံကြည်ခြင်းမရှိကြပေ။ လူတိုင်းမှာ ထိုဆေးလုံးများက သာမန်အဆင့်နှစ်ဆေးလုံးများသာဖြစ်ကြောင်း ကိုယ်တိုင်မတွေ့မချင်း တိုက်ခိုက်ရယူပြီးနောက် လွင့်ပစ်လိုက်ကြလေသည်။ ထိုအချိန်တွင်လူတိုင်း၏ ညမုဆိုးအပေါ် မုန်းတီးလာခြင်းမှာ မဖော်ပြနိုင်လောက်သောအဆင့်သို့ရောက်ရှိသွားသည်။ သိသာနေသည်မှာ ဆေးဖော်စပ်သူတစ်ဦးကထိုသို့ အောင်မြင်စွာ ပြုလုပ်နိုင်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာပင် ဆေးဖော်စပ်တတ်သူအနည်းငယ်သာရှိလေသည်။
“ညမုဆိုး ကျုပ်မင်းကိုသတ်ပစ်မယ်” ဒေါသများထွက်ကာ ဂိုဏ်းသားများက နောက်ထပ်ဆယ်ရက်ကြာအောင်ထပ်၍ရှာဖွေကြရပြန်သည်။ လူတိုင်းမှာ စိတ်ဓာတ်များ အကြီးအကျယ်ကျဆင်းလာပြီး ဖရိုဖရဲဖြစ်နေကြလေသည်။
ယခုမှစ၍ ဆယ်ရက်သာကျန်တော့လေသည်။ လူတိုင်းမှာလည်း စိုးရိမ်ပူပန်မှုကြောင့်ပြိုလဲလုနီးပါးဖြစ်နေကြသည်။ သူတို့ကအချင်းချင်းအပြန်အလှန်တိုက်ခိုက်ခြင်း၊ သွေးသားရဲများကိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြသည့်တိုင် အချိန်ကုန်လွန်လာသည်နှင့်အမျှ စိတ်ခံစားမှုများမှာ ပို၍ဆိုးလာသည်။
နောက်ဆုံးတွင် သူတို့က ပိုင်ရှောင်ချန်းအားတွေ့သွားကြတော့သည်။
သို့သော်လည်း သူ့ထံမှ အခြေခိုင်မာခြင်းအဆင့် အငွေ့အသက်များ ထွက်ပေါ်နေခြင်းကြောင့် သူတို့မှာစိတ်ပျက်အားလျော့သွားကြတော့သည်။
သူက မေးကိုငေါ့ကာ သူ၏အကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ဝင့်ကြွားစွာ ပြောလိုက်သည်။
” ဘယ်လိုတောင် မခန့်လေးစားနိုင်လိုက်လဲ။ ငါ့လိုအရေးပါတဲ့ ဓမ္မစောင့်ရှောက်သူကို မင်းတို့က မနှုတ်ဆက်ဘဲနေဝံ့တာလား ”
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အဆင့်သတ်မှတ်ချက်များအား တင်းကြပ်စွာလိုက်နာစောင့်ထိန်းကြသည်။ အခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိပြီးပါက ထိုသူမှာ ဂိုဏ်းသားတစ်ယောက်မဟုတ်တော့ပေ။ ထိုသူက တောင်လေးလုံးတွင်ကြိုက်ရာတောင်ကိုရွေးချယ်နိုင်ပြီး ဓမ္မစောင့်ရှောက်သူဟု ခေါ်တွင်ခံရလေသည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ရောက်သွားသောသူများမှာ ပို၍စွမ်းအားကြီးကာ အကြီးအကဲများဖြစ်သွားနိုင်ကြလေသည်။
အကြီးအကဲများနှင့် ဓမ္မစောင့်ရှောက်သူများမှာ အတွင်းစည်းဂိုဏ်းသားများကြောက်ရွံ့ရသောသူများဖြစ်ကြလေသည်။ အမှန်တွင်သူတို့၏ဘဝတွေက ထိုလူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေခြင်းကြောင့်ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ အချိန်မရွေး အော်ငိုပစ်လိုက်ချင်ဟန် ဖြစ်နေသည်။ စိတ်ပျက်လက်ပျက်နှင့် သူတို့မှာ ပိုင်ရှောင်ချန်းကအကျီလက်အား ဝှေ့ယမ်းနေသည်ကိုကြည့်ကာ သူတို့၏ မုန်းတီးစိတ်များမှာ တဟုန်ထိုးတိုးလာလေသည်။ စောစောက သူတို့မှာ ပိုင်ရှောင်ချန်းကို မည်သို့သတ်ဖြတ်လိုကြောင်း ဆူညံစွာအော်ဟစ်ခဲ့ကြသည်။ သို့သော် ယခုတွင်သူတို့မှာ ဦးညွှတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
” ဓမ္မစောင့်ရှောက်သူ ညမုဆိုးကို ဂါဝရပြုပါတယ် ”
” ဓမ္မစောင့်ရှောက်သူ ညမုဆိုး ကိုဂါဝရပြုပါတယ် “