Switch Mode

အခန်း ( ၁၉၃ )

လက်ဝါးကြီးအုပ်ခြင်း

လူအားလုံး၏မျက်လုံးတွေက ဆေးပုလင်းေပျာက်ကွယ်သွားသည်အထိ ကြည့်နေကြသည်။ ထို့နောက် တွေဝေတုန့်ဆိုင်းနေခြင်းအလျဥ်းမရှိဘဲ လူအားလုံးက ဆေးပုလင်းဆီသို့ အလင်းတန်းသဖွယ် တဟုန်ထိုးလိုက်ကြတော့သည်။

” ငါ…သေချာပေါက် အခြေခိုင်မာခြင်းအဆင့်ရောက်ရမယ် ”

” ငါတစ်ကြိမ် ရှုံးနိမ့်ခဲ့ရပြီးပြီပဲ။ ထပ်ပြီး ကျရှုံးတော့မှာမဟုတ်ဘူး..။ အခြေခိုင်မာခြင်းအဆင့်ကို ငါရောက်တော့မယ်… ”

” နတ်မီးလျှံစမ်းသပ်ပွဲမှာ ငါတို့ကို လူသတ်ခွင့်ပြုထားတယ်..။ ဒါကြောင့် အခြေခိုင်မာခြင်းအဆင့်ရောက်ဖို့ ငါ့ကိုဟန့်တားတဲ့သူမှန်သမျှ အသေပဲ…”

ဝုန်း…..။

မျက်စိတမှိတ်အတွင်း ဂိုဏ်းသားအားလုံးမှာ မျက်လုံးများရဲရဲနီလျက် အသေအကြေ တိုက်ခိုက်ရန်အသင့်ဖြစ်နေကြပြီး ချောက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ကျဆင်းနေသော ဆေးပုလင်းထံမှအကြည့်မခွာဘဲ လူအုပ်ထဲတွင်ရှိနေလေသည်။ ချောက်ထဲ၌ သူ့ကိုယ်တွင်းရှိသွေးချီများ ထွက်ပေါ်လာပြီး သူသည်လည်းအရှိန်တင်လိုက်တော့သည်။ ချက်ချင်းပင် သူက ဂိုဏ်းသားသုံးဦးပါသောအဖွဲ့၏အရှေ့သို့ ရောက်သွားတော့သည်။ ခဏကြာပြီးနောက် သူတို့က ဆေးပုလင်းရှိနေသော နေရာသို့ရောက်လာခဲ့သည်။

ပိုင်ရှောင်ချန်းက သူ၏အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံကိုထုတ်သုံး၍မရပေ။ အကယ်၍သူသာ ထုတ်သုံးလိုက်ပါက သူ့ဖက်မှတစ်ချက်တွေးလိုက်ရုံနှင့် အခြားသူများအားလုံးကို တိုက်ခိုက်နိုင်သည်။ သို့သော် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အစဥ်မပြတ်သတိကြီးစွာထားတတ်ရန် လေ့လာသင်ယူထားခဲ့ပြီဖြစ်သောကြောင့် ချီစုစည်းမှုအဆင့်၏စွမ်းအားကိုသာ အသုံးပြုလေသည်။ ထို့အပြင်သူက ရုပ်ဖျက်ရာ၌ မည်သည့်ဟာကွက်မှမရှိစေရန် မည်သည့်မှော်ပညာရပ်ကိုမှ ထုတ်မသုံးပေ။

သူက ထာဝရကောင်းကင်ဘုရင်ကို ကျင့်ကြံခြင်းကြောင့် သူ၏ကိုယ်ထဲတွင်သွေးချီအမြောက်အမြားရှိနေကာ အခြားမည်သည့်ဂိုဏ်းသားများနှင့်မဆို ကွဲ ပြားဟန်မရှိချေ။

ပိုင်ရှောင်ချန်းက မာန်သွင်းကြုံးဝါးလိုက်ပြီး သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သွေးချီများက နေရာအနှံ့ ပျံ့လွင့်သွား၏။ ထိုနေရာရှိဂိုဏ်းသားသုံးဦးမှာ အလျင်အမြန် ကာကွယ်လိုက်ရပြီး သူတို့၏အမြန်နှုန်းမှာ သိသာထင်ရှားစွာ နှေးကွေးသွားသည်။

“ညမုဆိုး…. ”

“မင်းက… အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သော နယ်မြေကနေ ကံကောင်းမှုတချို့ ရခဲ့တယ်။ အဲဒါကို မင်းက… ငါတို့ကိုလျှိုထားတယ်ပေါ့..။ မင်းက မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို မရောက်ခဲ့ပေမယ့် မင်းမှာ ချီစုစည်းမှုအဆင့်တစ်ဆယ်ထက်သာတဲ့ စွမ်းအားတွေရှိနေတာပဲ…”

ညမုဆိုးကအရှိန်လျော့မည့်ပုံမတွေ့သောကြောင့် ကျန်သုံးယောက်မှာချက်ချင်းပူးပေါင်းကာ သူ့အားတိုက်ခိုက်ကြတော့သည်။ အနောက်ဘက်ရှိ ဂိုဏ်းသားများမှာ ထိုသို့ဖြစ်မည်ကို မျှော်မှန်းမထားသည့်တိုင် အံ့သြသွားခြင်းမရှိကြပေ။

ကျောက်ဝူချန်းက ထိုညမုဆိုး ဆိုသူမှာ ယခင်ကထက်စွမ်းအားပိုမိုကြီးလာကာ ကံကောင်းနေသည်ဟု အခြားဂိုဏ်းသားများကဲ့သို့ကောက်ချက်ချကာ မျက်လုံးများတွင် အရောင်လက်သွားလေသည်။

ပိုင်ရှောင်ချန်းက ဆေးပုလင်းဆီသို့အရှိန်မြှင့်လိုက်သော်လည်း သူကဒဏ်ရာရသွားပုံပေါက်စေရန် ပါးစပ်မှသွေးတချို့ကို တစိမ့်စိမ့်ထွက်ဟန်ဆောင်လိုက်လေသည်။ တချိန်တည်းမှာပင် သူ၏မျက်နှာအမူအရာကို မိုက်ရူးရဲဆန်သည့်အသွင် ပြုမူလိုက်ရင်းနောက်ဆုံးတစ်ချက်ပေါက်ကွဲသွားသည်နှင့်အတူ သူကဆေးပုလင်းအနီးကပ်လိုက်ကာ ဆတ်ခနဲဖမ်းယူလိုက်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် အခြားဂိုဏ်းသားများသာဆိုလျှင် ဆေးလုံးတချို့ကိုမိမိအတွက်ထုတ်ကာ ကျန်တချို့ကိုအခြားဂိုဏ်းသားများ အာရုံပြောင်းသွားစေရန် ဘေးသို့ပစ်လိမ့်မည်ဖြစ်သည်။

တကယ်တမ်းတွင် အခြားသောသူများကလည်း ထိုသို့လုပ်လိမ့်မည်ဟု ယူဆနေကြသည်။

အဆုံးမဲ့သွေးချောက်ကမ်းပါး၏ အထက်ရှိမဟာအကြီးအကဲလေးဦးကပင် ထိုသို့ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းက လူအုပ်အားဖောက်ထွက်ကာ ဆေးပုလင်းကိုဆွဲယူနိုင်ခြင်းအပေါ် အံ့သြသွားခြင်းမရှိကြပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားအများစုတွင် အမျိုးမျိုးသောဝှက်ဖဲများရှိကာ ထင်မှတ်ထားသည်ထက်ကျော်လွန်သော အမြန်နှုန်းထွက်ပေါ်လာခြင်းမှာ ဘာမျှမဟုတ်ပေ။

ရုပ်အလောင်းတောင်မှ မဟာအကြီးအကဲဖြစ်သူက ညမုဆိုး နှင့် ယခင်ကတွေ့ဆုံခဲ့ဖူးပြီး လက်ရှိအချိန်တွင် သူ့ မျက်လုံးများမှာ အားရကျေနပ်သည့်အရိပ်အယောင်များနှင့် တောက်ပသွားသည်။ လွန်ခဲ့သောလအနည်းငယ်က ဖြသ်ရပ်များကြောင့်သာ မဟုတ်လျှင် သူက ပိုင်ရှောင်ချန်းအား အလွန်အာရုံစိုက်မည်မဟုတ်ပေ။

သို့သော် နောက်ဆက်တွဲအဖြစ်အပျက်များကြောင့် မဟာအကြီးအကဲလေးယောက်စလုံးမှာ လုံးဝအံ့သြတုန်လှုပ်သွားကြသည်။

ပိုင်ရှောင်ချန်းက ဆေးပုလင်းအားဖွင့်ရမည့်အစား အရှိန်မြှင့်တင်လိုက်ကာ တွင်း၏အနက်ရှိုင်းဆုံးဆီသို့ဦးတည်လိုက်သည်။

“မင်းဘာလုပ်နေတာလဲ…ညမုဆိုး ”

“သေစမ်းကွာ…။ သူဒီလိုလုပ်မယ်ဆိုတာ ငါမယုံနိုင်ဘူး”

“ညမုဆိုး ..မင်းသေချင်နေတာလား”

ပိုင်ရှောင်ချန်း၏နောက်သို့ လိုက်နေကြသော ဒေါသထွက်နေကြသည့် လူအုပ်ကြီးကြောင့် တဝုန်းဝုန်း မြည်ဟည်းသံများထွက်လျက်ရှိသည်။

အခြားဂိုဏ်းသားများ၏ သတ်ဖြတ်လိုစိတ်များမြင့်တက်လာသော်လည်း အဆုံးမဲ့သွေးချောက်ကမ်းပါးပေါ်ရှိ မဟာအကြီးအကဲလေးယောက်မှာ အံ့အားသင့်နေသောအကြည့်များနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်သူတို့၏မျက်လုံးများတွင် စိတ်ဝင်စားသောအရောင်များ တောက်ပလာသည်။

“သူ ဆေးလုံးတွေကို လက်ဝါးကြီးအုပ်ချင်နေတာလား…” နွံအိုင်တောင်ထိပ်မှထွားကြိုင်းသန်မာသော မဟာအကြီးအကဲတစ်ဦးက ကျယ်လောင်သောအသံနှင့် ပြောလိုက်သည်။ သူ၏မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်သော်လည်း သူ၏မျက်လုံးများတွင် လေးစားခြင်း၊နှစ်ထောင်းအားရဖြစ်ခြင်းများနှင့် တလက်လက် တောက်ပနေသည်။ “ဘယ်လောက်တောင်ရဲရင့်လိုက်လဲကွာ….။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေမှာ ဒီလိုမျိုးအရည်အသွေးရှိသင့်တာ…။ ကျုပ်…ဒီကောင်လေးကို အရင်ကအာရုံသိပ်မထားမိဘူး။ သူ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် မရောက်သွားတာ သနားစရာပဲ..။ မဟုတ်ရင်သူက အဓိကလက်ရွေးစင်ဖြစ်နေလောက်ပြီ ”

စုန့်ကျင်းဝမ်မှာ ပါးစပ်ကိုအုပ်ကာရယ်မောလိုက်ပြီး ချက်ချင်းပင် ညမုဆိုးကို များစွာအထင်ကြီးသွားတော့သည်။ “အင်မတန်စိတ်ဝင်စားစရာ ကောင်းလိုက်တာ…. ဒီလူသုံးဆယ်ထဲမှာ အများစုကတော့ ဆေးလုံးကို အပိုင်စီးချင်ကြမှာပဲ။ ဒါပေမဲ့ သူကတော့ တကယ်လုပ်ဝံ့တဲ့ ပထမဆုံးလူပဲ ”

အမည်မဲ့တောင်မှ မဟာအကြီးအကဲဖြစ်သောလူပုလေးမှာ ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်ရင်း
” သူ့ကို ညမုဆိုး လို့ခေါ်ကြတယ်ပေါ့။ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ နာမည်လဲ။ ဂိုဏ်းသားတွေထဲမှာ အစွမ်းအစရှိတဲ့ လူတစ်ယောက်ပဲ။ တကယ်လို့သူသာ တခြားသူတွေကို အခြေခိုင်မာခြင်းအဆင့်မရောက်အောင် လုပ်နိုင်ခဲ့ရင် သူ့ကို ကျုပ် အမည်မဲ့တောင်မှာ သေချာပေါက်ခေါ်ထားမယ် ”

ရုပ်အလောင်းတောင်မှ မဟာအကြီးအကဲက အားရကျေနပ်စွာ ရယ်မောလိုက်ရင်း
” ဒီကောင်လေးကို ကျုပ် မှတ်မိတယ်။ သူက အလောင်းတွေသန့်စင်တဲ့အခါမှာ စစ်မှန်တဲ့ပါရမီရှင်လေးပဲ ”

ထိုလူက ပိုင်ရှောင်ချန်း၏လုပ်ရပ်များကို လုံးဝထောက်ခံလိုက်သည်။

ဂိုဏ်းသားအားလုံး ချောက်နက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသောအခါ လူများအားလုံးကလည်း လှည့်ပြန်သွားကြတော့သည်။

” လက်ဝါးကြီးအုပ်သွားတဲ့ ညမုဆိုး က အခုကစပြီးနောက်တစ်လထိ အသက်ရှင်နိုင်ဦးမလား ကျုပ်သိပ်သိချင်တာ ”

“ဟေးးး သူသာ အခြေခိုင်မာခြင်းအဆင့်ကို ရောက်သွားခဲ့ရင် အမည်မဲ့တောင်ဆီ သူ့ကိုခေါ်သွားမယ်လို့ ကျုပ်ပြောထားပြီးသားနော် ” ရယ်မောကာ စကားများပြောလျက် မဟာအကြီးအကဲလေးဦးမှာ ထွက်ခွာသွားကြတော့သည်။

ချောက်၏အောက်တစ်နေရာတွင် ပိုင်ရှောင်ချန်းက အစွမ်းကုန် ပြေးနေသည်။ ရည်ရွယ်ချက်ရှိရှိဖြင့် ပါးစပ်အတွင်းမှ သွေးများ ခဏခဏအန်ပြကာ အခြားသူများအား သူဒဏ်ရာရနေကြောင်း သိစေသည်။ သို့သော် သူက အရှိန်လုံးဝမလျှော့ပေ။ မကြာမီတွင်သူက ချောက်၏အောက်ခြေနားသို့ရောက်သွားပြီး ပတ်ပတ်လည်ကြည့်ရှုလိုက်သောအခါ ထိုနေရာမှာ ကမ္ဘာသေးသေးလေးတစ်ခုနှင့်ပင်ဆင်တူနေလေသည်။ နေရာအနှံ့တွင် ထောင်တက်နေသောတောင်တန်းများရှိပြီး သွေးရောင်အဆင်းရှိသော သဘာဝပေါက်ပင်များဖုံးအုပ်နေလျက်ရှိသည်။

အတန်ငယ်ဝေးသောနေရာတွင် အပူငွေ့များ ဖြာထွက်ကာ တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်နေသည့် မီးတောင်တချို့ ရှိသည်။

ထို့အပြင် ပိုင်ရှောင်ချန်းက နေရာအသီးသီးမှ အန္တရာယ်ရှိပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို အာရုံခံမိလိုက်သည်။

သူက ထိုနေရာထက်တွင် သူ့ကိုယ်သူအလွန်ဂုဏ်ယူလျက် ရပ်နေစဥ် လူသတ်ငွေ့များ တဟုန်းဟုန်း ထွက်ပေါ်နေသည့် တခြားဂိုဏ်းသားများ ရောက်ရှိလာကြသည်။

” မင်းတို့က ဒီအခြေခိုင်မာခြင်းအဆင့်ဆေးလုံးတွေရဖို့ ကျုပ်ကို တိုက်ခိုက်ချင်တာလား ” သူက အော်ပြောလိုက်၏။
” စိတ်ကူးယဥ်နေတယ်..”

“ညမုဆိုး… မင်းဒီလောက်မရက်စက်သင့်ဘူး။ ငါတို့ရဲ့အခြေခိုင်မာခြင်းအဆင့် လမ်းကြောင်းကို မင်းတားဆီးလို့ မရဘူးကွ ”

” မင်းဘယ်လိုတောင်အတင့်ရဲနေတာလဲ။ မင်းသေမယ်. ”

“ဟမ်…ဒီလူအများကြီးကို ဒေါသထွက်အောင် လုပ်နေတာက ကိုယ့်ကိုယ်ကိုယ် သေမိန့်ပေးလိုက်တာပဲ။ ပြီးတော့ မင်းက တစ်နေရာကို ထွက်ပြေးပြီး အခြေခိုင်မာခြင်းအဆင့်ရောက်အောင်လုပ်မယ်လို့ စဥ်းစားမနေနဲ့။ ဒီနေရာလေးက သိပ်မကျယ်ဘူး။ ငါအရင်က ဒီကို ရောက်ဖူးတယ်။ အဲဒီတော့ မင်းနောက်ကို သေချာပေါက် ငါလိုက်နိုင်တယ်ကွ ”

ပိုင်ရှောင်ချန်းက သူတို့အားလှည့်၍ပင်မကြည့်ပေ။ မြောက်များလှစွာသော သိုင်းကွက်များက လေကိုခွင်းကာ သူ့ထံသို့ လာနေကြသော်လည်း ပိုင်ရှောင်ချန်းက မီးတောင်များရှိရာအရပ်သို့ ဝင်ရောက်သွားသည်။ အဆုံးမဲ့သွေးချောက်ကမ်းပါးမှာ အခြေခိုင်မာခြင်းအဆင့် နတ်မီးလျှံစမ်းသပ်ပွဲအတွက်သာ သုံးသည်မဟုတ်ပေ။ ဂိုဏ်းသားများက ရွက်လေးပင် များရှာဖွေရိတ်သိမ်းရသည့်တာဝန်အတွက်လည်း လာတတ်ကြသည်။

သို့သော် တာဝန်ထမ်းဆောင်နေစဥ်အချိန်တွင် အန္တရာယ်မများစေရန် ဂိုဏ်းကပတ်ဝန်းကျင်အား သေချာလုပ်ပေးထားသည်။ ချောက်ထဲ နေသမျှကာလပတ်လုံး ဂရုတစိုက်လျှင် သေစေလောက်သည့်အန္တရာယ်ဖြင့်ရင်ဆိုင်ရမည်မဟုတ်ပေ။ တကယ်တမ်းတွင် လူလိမ်ညမုဆိုးမှာလည်း ဤနေရာကိုလာဖူးခဲ့ပြီး ပတ်ဝန်းကျင်နှင့်တော်တော်လေးရင်းနှီးနေလေသည်။

” ရွက်လေးပင် တွေကမီးတောင်တွေရှိတဲ့နေရာတွေမှာ ရှိတယ်” မျက်လုံးများအရောင်တောက်ပသွားပြီး ပိုင်ရှောင်ချန်းမှာ အနီးဆုံးမီးတောင်အနီးသွားလိုက်ကာ တွေဝေနေခြင်းမရှိဘဲ ဥမင်လိုဏ်ခေါင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

အခြားဂိုဏ်းသားများမှာလည်း ဒေါသတကြီးဖြစ်လျက် လူသတ်ငွေ့များ တောက်လောင်လျက် နီးကပ်လာကြပြီး သူ့အနောက်သို့ ထပ်ကြပ်မကွာလိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းက အရှိန်မြှင့်လိုက်ကာ မရေမတွက်နိုင်လောက်သည့်လမ်းကြောင်းများနှင့် ဥမင်လိုဏ်များကိုဖြတ်ပြီး မီးတောင်၏အောက်ခြေသို့ ရောက်အောင်သွားလိုက်သည်။ ထိုနေရာမှာ ကြီးမားလှသော၀င်္ကပါတစ်ခုနှင့်ပင် ဆင်တူနေသေးသည်။

ထို့အတွက်ကြောင့် ပိုင်ရှောင်ချန်း ရောက်နေသည့်နေရာအတိအကျကို မည်သူမှမသိကြတော့ရာ လူအုပ်ကြီးမှာ ပို၍ဒေါသထွက်နေကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset