အခန်း ( ၁၉၀ )

ဆံပင်စိမ်းက ပိုင်ရှင်ကို ကာကွယ်သည်

ပိုင်ရှောင်ချန်းသည် အတော်လေးစိတ်ဆိုးနေပြီဖြစ်သည်။ ဆံပင်အဖြူရောင်မပြောင်းနိုင်သေးသောဖုတ်ကောင်ကို စိတ်ပျက်လက်ပျက်နှင့်ရပ်ကြည့်နေမိသည်။

ပိုင်ရှောင်ချန်းသည်ဂနာမငြိမ်ဖြစ်နေလျက်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှအထူးဆေးပင်များအပါအဝင် ဆေးဝါးပင်များကို ဆေးပေါင်းဖိုထဲသို့ပစ်ထည့်လိုက်သည်။ ဆေးလုံးဖော်စပ်နည်းကိုတစ်ခေါက်ထပ်မံပြောင်းလဲလိုက်ပြီး စိတ်ရောကိုယ်ပါနှစ်မြှုပ်ကာ ဆေးဝါးဖော်စပ်နေလေတော့သည်။

သူ၏ခေါင်းမှဆံပင်များလည်း လုံးဝဖရိုဖရဲဖြစ်နေပြီး သူသည်စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်မဟုတ်ပဲ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ရောက်ရှိနေကြောင်းကိုပါမေ့လျော့သွားလေ၏။ သူသည်ဆေးဝါးဖော်စပ်ခြင်းတွင်လုံးဝနစ်မြောသွားရာ ဆေးမှိန်းနေသူတစ်ယောက်ကဲ့သို့ပင် အရာအားလုံးကိုမေ့လျော့သွားလေ၏။ သူ၏မျက်လုံးများမှာရဲရဲတောက်နေပြီး လူလိမ်ညမုဆိုး ၏ဝိညာဥ်သည်လည်း တုန်လှုပ်နေပေပြီ။ ညမုဆိုး ၏စိတ်ထဲတွင် မြေခဓားကမ္ဘာသို့ပြန်ရောက်နေသလိုခံစားမိနေပြီး ပိုင်ရှောင်ချန်းပြုလုပ်နေသည်များကို နည်းနည်းလေးမျှပင်ဝင်ရောက်မစွက်ဖက်ရဲပေ။

“ဒီပိုင်ရှောင်ချန်းကတော့ ရူးနေပြီပဲ…။” သူကတွေးနေမိသည်။

ပိုင်ရှောင်ချန်းသည် သူ၏စိတ်စွမ်းအင်ဆေးဝါးအသစ်ကိုဖော်စပ်နေစဥ်မှာပင် ရွှီရှောင်ရှန်းသည် ရုပ်အလောင်းသန့်စင်ဆောင်တွင်ရှိနေပြီး လွန်ခဲ့သောနှစ်ဝက်ခန့်ကပေါ်ပေါက်လာခဲ့သောကိစ္စရပ်တစ်ခုကို စိတ်မချမ်းမြေ့စွာချင့်ချိန်တွေးတောနေသည်။ အကြောင်းတစ်ခုခုကြောင့် သူ၏ရုပ်အလောင်းသန့်စင်ဆောင်ရှိ ရုပ်အလောင်းသန့်စင်သွေးရည်ကြည်များသည် ပုံမှန်ထက်လျင်မြန်စွာကုန်ခမ်းနေပေသည်။

“ဘာတွေများဖြစ်နေတာပါလိမ့်…။” သူကတွေးနေမိသည်။ သန့်စင်ခြင်းပြုလုပ်နေသောအလောင်းကောင်များမှာထောင်နှင့်ချီရှိလေရာ ယခုကိစ္စကိုစုံစမ်းစစ်ဆေးရန်မှာ အတော်လေးခေါင်းစားစရာဖြစ်နေပေသည်။ မည်သို့ပင်ဖြစ်စေ သွေးရည်ကြည်များအလျင်အမြန်ကုန်ခမ်းနေရခြင်းမှာ လက်ခံနိုင်ဖွယ်ရာမရှိပေ။

“အိမ်း… ဘာပဲဖြစ်ဖြစ်ပေါ့လေ… ငါ့ရုပ်အလောင်းသန့်စင်ခြင်းကို ထင်ထားတာထက်စောပြီးအဆင့်မြှင့်တင်နိုင်တော့မှာပဲ။” ထိုသို့တွေးလျက် စုံစမ်းစစ်ဆေးမှုများကိုရပ်တန့်ထားလိုက်သည်။

တစ်လခန့်ကြာသောအခါ ရုပ်အလောင်းဂူထဲတွင်ပိုင်ရှောင်ချန်းသည် မနှစ်မြို့သည့်အကြည့်များဖြင့် ဆေးပေါင်းဖိုကိုစိုက်ကြည့်နေလေသည်။ ယခုတစ်ခေါက်ပြုလုပ်နေသောဆေးဝါးအမွှေးတိုင်များဖော်စပ်ရာတွင် ပိုင်ရှောင်ချန်းသည် သူ၏သွေးများကိုပါရောနှောအသုံးပြုထားလေသည်။ သူ၏သွေးသည် ဧရာမလက်ကြီး၏သွေးချီကိုလှုံ့ဆော်ပေးပြီး ထိတ်လန့်ဖွယ်ပြောင်းလဲမှုများဖြစ်စေလိမ့်မည်ဟုမျှော်လင့်ရပေသည်။

သူသည်ဆေးပေါင်းဖို၏နံရံကိုရိုက်လိုက်ရာ စူးရှသောအနံ့ရှိသည့်အခိုးအငွေ့များလျှံကျလာပြီး ဘေးဘက်သို့လွင့်ပျံသွားလေသည်။ လက်သည်းခွံအရွယ်မျှသာရှိသောအဖြူရောင်အမွှေးတိုင်အပိုင်းအစလေးကို ဆေးပေါင်းဖိုထဲတွင်မြင်တွေ့လိုက်ရသောအခါ သူသည်ခေါင်းကိုနောက်ပစ်ပြီးဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။

“ဒီတစ်ကြိမ်မှာတော့ ကျိန်းသေအဖြူရောင်ပြောင်းရမယ်ကွ…။” သူသည်အမွှေးတိုင်ကိုဂရုတစိုက်ကောက်ယူလိုက်ပြီး အနီးကပ်လေ့လာကြည့်ရှုလိုက်လေသည်။ အမွှေးတိုင်သည်အရွယ်အစားအားဖြင့်အလွန်သေးငယ်လှသော်လည်း ယခုအချိန်ထိသူပြုလုပ်ခဲ့ဖူးသမျှအမွှေးတိုင်အားလုံးထက် ပို၍အစွမ်းထက်ပေသည်။

ယခင်အမွှေးတိုင်အားလုံး၏စွမ်းအားများအားလုံးကိုပေါင်းလိုက်ရင်တောင်မှ ယခုအမွှေးတိုင်ကိုမီနိုင်မည်မဟုတ်ပေ။

“အချိန်အတော်ကြာပြီးနောက်မှာ…ဖုတ်ကောင်ဖြူ ကို ဖန်တီးနိုင်တော့မယ်ကွ။” သူကကြိမ်းဝါးလိုက်သည်။ သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ လက်သည်းခွံအရွယ် အမွှေးတိုင်အပိုင်းအစလေးသည် အလောင်းကောင်ဆီသို့ပျံဝဲသွားလေ၏။ အမွှေးတိုင်သည် အလောင်းကောင်၏ဆံပင်များကိုဖြတ်၍ နဖူးပေါ်သို့ရောက်ရှိသွားကာ စတင်လောင်ကျွမ်းနေလေရာ အဖြူရောင်မီးခိုးငွေ့များထွက်ပေါ်လာလေတော့သည်။

အခိုးအငွေ့များသည် လျင်မြန်စွာပျံ့နှံ့ကုန်ရာပိုင်ရှောင်ချန်းသည် နောက်သို့ဆုတ်ကာရှောင်လိုက်လေ၏။ အချိန်တစ်ခုသို့ရောက်သောအခါ အခိုးအငွေ့များသည်ရပ်တန့်သွားသော်လည်း ပိန်းပိတ်အောင်ထူထပ်လွန်းသောကြောင့် ဘယ်အရာကိုမှမမြင်နိုင်ပဲရှိနေပေသည်။ သို့ရာတွင် ဖော်မပြနိုင်လောက်အောင်ကြောက်မက်ဖွယ်ရာကောင်းသောအူသံများ မီးခိုးငွေ့များဆီမှပေါ်ထွက်လာနေသည်ကိုကြားနေရပေသည်။

သို့ရာတွင် အူသံများထဲတွင်ပျော်ရွှင်မှုတစုံတရာပါဝင်နေပေသည်။

ပိုင်ရှောင်ချန်းသည်ပို၍ပင်စိတ်လှုပ်ရှားစပြုလာလေသည်။ ထိုအချိန်တွင်ရွှီရှောင်ရှန်းသည် ရုပ်အလောင်းသန့်စင်ဆောင်ရှိသူ၏အခန်းထဲတွင်ရှိနေပေသည်။ ရွှီရှောင်ရှန်းသည် အခန်းထဲရှိထိုင်ခုံတစ်ခုပေါ်တွင်ထိုင်လျက် သူ့ကိုအေးစက်စွာစိုက်ကြည့်နေသောအဘိုးအိုကို စိုးရိမ်ကြောင့်ကြစွာကြည့်နေပေသည်။

အဘိုးအိုသည် ပွယောင်းသောမီးခိုးရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး တောင်ထိပ်တစ်ခု၏ပုံကိုဝတ်ရုံပေါ်တွင်ထိုးထားသည်။ အနီးကပ်ကြည့်ရှုလျှင် ထိုတောင်ထိပ်သည်ရုပ်အလောင်းတောင်ထိပ်ဖြစ်ကြောင်းသိသာပေသည်။ အဘိုးအို၏ဝတ်ရုံလက်မောင်းပေါ်တွင် ကြောက်မက်ဖွယ်ရာဖုတ်ကောင်မျက်နှာတစ်ခုရှိနေပြီး ထိုမျက်နှာသည် အတော်လေးအသက်ဝင်လှသည်။

အဘိုးအို၏ဆံပင်များသည်ဖရိုဖရဲဖြစ်နေကာ သူ၏မျက်နှာတစ်ခုလုံးသည်အမာရွတ်များဖြင့်ဖုံးလွှမ်းနေ၏။ သို့ရာတွင် အဘိုးအို၏ခန္ဓာကိုယ်မှ အားပြင်းသော သက်စောင့်အားများ ထွက်ပေါ်နေသည်။ သူ၏အသက်အစစ်အမှန်က မြင်နေရသည်နှင့် လုံးဝကွာခြားနေမည်မှာအသိအသာပင်ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအခြေသည် ရွှေအမြုတေအဆင့်သို့မရောက်သေးပေ။ သို့ရာတွင် အခြေခိုင်မာခြင်းအဆင့်၏ထိပ်ဆုံးပိုင်းသို့ရောက်ရှိနေပြီဖြစ်ကာ ကနဦးအမြုတေ အဆင့်သို့ရောက်ရှိပြီးဖြစ်သည်။ သူသည် အမြုတေအဆင့် သို့ရောက်ရှိရန် ငွေအဆင့်တစ်ခုသာလိုတော့ပေသည်။

ရွှီရှောင်ရှန်းသည်လည်ချောင်းကိုရှင်းလိုက်ပြီး အလျင်အမြန်ရှင်းပြနေသည်။
“မဟာအကြီးအကဲ… ကျုပ်မှာအချိန်နည်းနည်းတော့ကျန်သေးတယ်မလား။ စိတ်မပူပါနဲ့ဗျာ… ကျုပ်… ရွှီရှောင်ရှန်းဟာ ဒီရုပ်အလောင်းသန့်စင်ခန်းကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာတစ်နှစ်နီးပါးကြာခဲ့ပါပြီ။ ကျုပ်ပေးစရာရှိနေတဲ့ ဝိညာဥ်ကျောက်တုံးတွေကို သေချာပေါက်ပေးမှာပါဗျ။ နောက်သုံးလနေရင် ပထမဆုံးဖုတ်ကောင်တစ်သုတ်ဟာ အဆင်သင့်ဖြစ်တော့မှာပါ။ အဲ့အချိန်ကျရင် ခင်ဗျားကို အရင်းရောအတိုးပါသေချာပေါက်ပြန်ဆပ်မယ်… စိတ်ချပါ။”

ရုပ်အလောင်းတောင်ထိပ်၏မဟာအကြီးအကဲကိုယ်တိုင်ရောက်လာပြီး ရုပ်အလောင်းသန့်စင်ဆောင်အသုံးပြုခြင်းအတွက်ကုန်ကျစရိတ်ကို လာရောက်တောင်းခံလိမ့်မည်ဟု သူတစ်ခါမှမတွေးမိဖူးချေ။

“အကြီးအကဲရွှီ…” မဟာအကြီးအကဲကဆိုသည်။

” မင်းပြောတဲ့စကားအတိုင်း တည်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့အချိန်ရောက်တော့မှ ပေးစရာရှိတာတွေကိုမပေးနိုင်ဘူးဆိုရင်တော့မင်းနောက်မှာဂိုဏ်းခေါင်းဆောင်ပဲရှိရှိ…ငါကတော့ ရစရာရှိတာတွေကိုပြန်ယူရမှာပဲ။”

ထိုသို့ပြောပြီး ရုပ်အလောင်းတောင်ထိပ်၏မဟာအကြီးအကဲသည် လှည့်ပြန်သွားလေ၏။

သို့ရာတွင် တံခါးသည်ရုတ်တရက်ပွင့်လာကာ လူရွယ်တစ်ယောက်ပျာယာခတ်ကာဝင်လာသည်။

“အတင့်ရဲလှချည်လား…” တင်းမာသောအကြည့်ဖြင့်ကြည့်ကာ ရွှီရှောင်ရှန်းကလူရွယ်ကိုဟိန်းဟောက်လိုက်သည်။ မဟာအကြီးအကဲကိုမနည်းဖြောင်းဖျပြီးပြန်လွှတ်လိုက်နိုင်သောအခါ ဤအစေခံသည်ပြဿနာများကိုသယ်ဆောင်လျက်ဝင်ရောက်လာပြန်ပြီ။

သို့ရာတွင် လူရွယ်သည်ကြောက်လန့်တုန်လှုပ်နေကြောင်းတွေ့လိုက်ရသည်။

“သခင်လေး… အခြေအနေမကောင်းတော့ဘူး။ ရုပ်အလောင်းသန့်စင်သွေးရည်ကြည်သုံးဆယ်ရာခိုင်နှုန်းလောက် တစ်ခါတည်းပျောက်ကွယ်သွားတယ်။” လူရွယ်၏မျက်နှာမှာဖြူဖပ်ဖြူရော်ဖြစ်နေပြီး ငိုတော့မည့်ရုပ်ပင်ဖြစ်နေလေ၏။ ထိုလူရွယ်သည် ရုပ်အလောင်းသန့်စင်သွေးရည်ကြည်များနှင့်ပက်သတ်၍ စာရင်းပြုစုထိန်းသိမ်းရသူဖြစ်ပြီး ယခုကဲ့သို့သွေးရည်ကြည်အများအပြားပျောက်ဆုံးသွားသောအခါတွင်မူ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေလေတော့၏။ လူရွယ်သည် ပြောလို့ပြီးသွားသောအခါမှ အခန်းထဲတွင်သခင်လေးရွှီတစ်ယောက်တည်းရှိနေသည်မဟုတ်မှန်းသတိထားမိလေ၏။ အခန်းထဲတွင် သခင်လေးရွှီနှင့်အတူရှိနေသောအဘိုးအို၏မျက်နှာကို သူရင်းနီးပေသည်။ သေသေချာချာကြည့်လိုက်မိသောအခါတွင်မူ သူ၏ခေါင်းတစ်ခုလုံးပူထူသွားသလိုခံစားလိုက်ရ၏။

“မ…မဟာအကြီးအကဲ…”

ရွှီရှောင်ရှန်းသည် အကြောင်းစုံကိုကြားသိလိုက်ရသောအခါ သူ၏ငယ်ထိပ်တစ်ခုလုံးထုံကျဥ်လာပြီး ပေါက်ကွဲထွက်တော့မလားထင်နေရပေသည်။

“သုံးဆယ်ရာခိုင်နှုန်းဟုတ်လား…” သွေးပျက်နေသောမျက်လုံးများဖြင့် သူကမေးလိုက်သည်။ သူသည် သွေးရည်ကြည်သိုလှောင်ခန်းကိုစစ်ဆေးရန် အပြေးအလွှားသွားလိုက်လေသည်။ မဟာအကြီးအကဲသည် ကြက်သေသေလျက်ရှိသည်။ ရုပ်အလောင်းသန့်စင်ရာတွင် ထိုမျှလောက်သွေးရည်ကြည်များကုန်ခမ်းသွားစရာအကြောင်းမရှိပေ။ မယုံနိုင်စရာစွမ်းအားကြီးမားသောဖုတ်ကောင်များထုတ်လုပ်နေလျှင်တော့ မပြောတတ်ပေ။

“သုံးဆယ်ရာခိုင်နှုန်းလောက်ပျောက်နေတယ်…” သူကတွေးနေမိသည်။ တုံ့ဆိုင်းမနေတော့ပဲ အလျင်အမြန်ပင်ထွက်ခွာသွားလေသည်။

မကြာမီပင် ရွှီရှောင်ရှန်းသည်သွေးရည်ကြည်အခန်းသို့ရောက်ရှိနေပေပြီ။ ထိုအခန်းတွင် ကြီးမားလှသောသွေးလှောင်ကန်ကြီးတစ်ခုမှ ထောင်နှင့်ချီသောသွေးစီးကြောင်းများသည် များပြားလှသောရုပ်အလောင်းဂူများဆီသို့ဦးတည်နေကြသည်။ ရွှီရှောင်ရှန်းရောက်ရှိလာသည်နှင့် သွေးရည်ကြည်သိုလှောင်ခန်း၏တာဝန်ကျဂိုဏ်းသားသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့် လက်နှစ်ဘက်ကိုယှက်၍ဂါရဝပြုလိုက်သည်။

ရွှီရှောင်ရှန်းသည် ထိုဂိုဏ်းသားများပြောနေသောစကားသံများကိုပင်မကြားတော့ပေ။ သူသည်ဧရာမသွေးလှောင်ကန်ထဲသို့ ငုံ့ကြည့်နေမိသည်။ ယခင်နေ့တွေတုန်းက သွေးလှောင်ကန်သည်အပြည့်နီးပါးရှိနေခဲ့သည်။ ယခုအခါတွင်မူ သွေးလှောင်ကန်သည်တစ်ဝက်ခန့်သာကျန်တော့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” သူတွေးပြီး တုန်လှုပ်စပြုလာလေသည်။ သွေးရည်ကြည်သည်ဈေးကြီးပေးဝယ်ရသည်ဖြစ်ရာ ယခုကဲ့သို့များပြားလှသောသွေးရည်ကြည်များပျောက်ဆုံးနေသည်ကိုမြင်လိုက်ရသောအခါ သူသည်မူးမေ့ချင်သလိုပင်ဖြစ်သွားလေသည်။ သို့သော် ကျန်ရှိနေသောသွေးရည်ကြည်များသည် သူ့မျက်စိရှေ့မှာပင်ကုန်ခမ်းသွားပြီး သွေးလှောင်ကန်၏အောက်ခြေကိုပင်မြင်နေရလေတော့သည်။

” ဒီသွေးရည်ကြည်တွေဟာ သွေးစီးကြောင်းတစ်ခုခုကနေစီးဆင်းသွားတာဖြစ်ရမယ်။ ညမုဆိုး ရဲ့ရုပ်အလောင်းဂူဆီကိုစီးသွားတာပဲဟေ့။” သူသည်သတ်ဖြတ်လိုသောအငွေ့အသက်များအပြည့်ဖြင့် ဒေါသတကြီးအော်ဟစ်လျက် သွေးရည်ကြည် သိုလှောင်ခန်းမှအပြေးအလွှားထွက်ကာ ပိုင်ရှောင်ချန်း၏ရုပ်အလောင်းဂူဆီသို့တဟုန်ထိုးပြေးလာခဲ့လေ၏။

ထိုရုပ်အလောင်းဂူထဲတွင်ကား ပိုင်ရှောင်ချန်းသည်ပျောက်ကွယ်စပြုနေပြီဖြစ်သောအဖြူရောင်မီးခိုးများကိုစိုက်ကြည့်နေသည်။ သူသည်ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ရှေ့ကိုတစ်လှမ်းတိုးရန်ဟန်ပြင်လိုက်စဥ်မှာပင် မယုံနိုင်မှုကြောင့် သူ့ မျက်လုံးများပြူးကျယ်သွားလေ၏။

“ဘာတွေဖြစ်နေတာလဲ…။” သူကရေရွတ်လိုက်သည်။ သူမြင်နေရသည်များကိုမယုံကြည်နိုင်သောကြောင့် မျက်လုံးများကိုပွတ်သပ်နေမိသည်။ အဖြူရောင်မီးခိုးငွေ့များထဲတွင် များပြားလှသောအစိမ်းရောင်ဆံပင်များလေထဲတွင်ပျံ့လွင့်နေပေသည်။

ဆံပင်အချို့သည် ဂူနံရံထဲသို့ပင်ထိုးဖောက်ဝင်ရောက်နေပေသည်။

ပိုင်ရှောင်ချန်း၏ငယ်ထိပ်တစ်ခုလုံး ထုံကျဥ်လာသလိုခံစားလိုက်ရသည်။ သူ၏တတိယမျက်လုံးကိုအလျင်အမြန်ဖွင့်လိုက်ပြီး မီးခိုးငွေ့ထဲသို့ကြည့်လိုက်လေ၏။ ထိုအချိန်တွင် သွေးလှောင်ကန်ကိုရော ရုပ်အလောင်းကိုပါမမြင်ရတော့ပဲ ကြီးမားလှသောအစိမ်းရောင်ဆံပင်ချည်လုံးကြီးကိုသာမြင်တွေ့လိုက်ရလေ၏။

ဆံပင်များသည် ရုပ်အလောင်းဂူတစ်ခုလုံးကိုဖြန့်ကျက်နေရုံမျှမကပဲ ဂူနံရံများသို့ပါထိုးဖောက်ဝင်ရောက်နေပေတော့သည်။

“အဲတာဆံပင်တွေလားကွ…” ပိုင်ရှောင်ချန်းကတွေးနေမိပြီး နောက်သို့အလျင်အမြန်ဆုတ်ခွာလိုက်လေသည်။ သူ၏ခေါင်းတစ်ခုလုံးဇဝေဇဝါဖြစ်နေပေသည်။

ထိုအချိန်တွင် ထောင်ချီသောအခြားရုပ်အလောင်းဂူများဆီမှကြောက်လန့်တကြားအော်ဟစ်ငိုကြွေးသံများ ပေါ်ထွက်လာလေသည်။

“ဘာတွေဖြစ်နေတာလဲ…”

“ဘုရားရေ… ဘာတွေဖြစ်ကုန်ပြီလဲ… ဒီအစိမ်းရောင်အမျှင်တွေကဘာတွေလဲကွ။”

“ချီးပဲဟေ့… ငါ့ရဲ့ ရုပ်အလောင်းဂူထဲကို ဒီအစိမ်းရောင်အမျှင်တွေဘယ်လိုရောက်လာတာလဲကွ။”

ထိုအချိန်တွင် ရုပ်အလောင်းသန့်စင်ဆောင်တစ်ခုလုံးတွင် ကောင်းကင်နှင့်မြေကြီးကိုပါလှုပ်ခါသွားစေနိုင်သည့် ပြင်းထန်ကျယ်လောင်လှသောတဝုန်းဝုန်းမြည်သံများပေါ်ထွက်လာလေတော့သည်။

အစိမ်းရောင်ဆံချည်မျှင်များဝင်ရောက်လာသောအခါ ရုပ်အလောင်းဂူများသည်ပြိုကျပျက်စီးကုန်ကြလေ၏။ ထို့နောက် အစိမ်းရောင်ဆံပင်များသည် ထုတ်လုပ်နေဆဲဖြစ်သောဖုတ်ကောင်များ၏ခန္ဓာကိုယ်များထဲသို့ထိုးဖောက်ဝင်ရောက်ကုန်ကြလေ၏။ ထို့နောက်တွင် ထိုဖုတ်ကောင်များ၏ဆံပင်များအားလုံးသည် အစိမ်းရောင်သို့ပြောင်းလဲကုန်ကြ၏။ အဖြူရောင်ဆံပင်ရှိပြီးသားဖုတ်ကောင်များပင်လျှင် ပြောင်းလဲကုန်၏။

ဤသည်မှာအစပင်ရှိသေးသည်။ ဆံပင်အချို့သည်မြေကြီးထဲသို့ဝင်ရောက်ကုန်ကြလေ၏။ သို့ရာတွင် သိပ်နက်နက်မတူးနိုင်ကြလေရာ အဝေးတစ်နေရာတွင် မြေပေါ်သို့ပြန်ပေါ်လာပြီး ပြန်လည်ဝင်ရောက်ကုန်ကြလေ၏။

ရွှီရှောင်ရှန်းသည် ရုပ်အလောင်းသန့်စင်ဆောင်တစ်ခုလုံး အပိုင်းပိုင်းပြိုကျနေသည်ကို ကြောက်လန့်တကြားကြည့်နေမိသည်။ ထို့အပြင် အနီးအနားရှိသစ်ပင်များတွင်သာမက ကျောက်တုံးများ၊ အပင်များ၊ ပန်းပင်များနှင့် အခြားအဆောက်အဦများတွင်လည်း အစိမ်းရောင်ဆံပင်များပေါက်လာပေသည်။ အရာအားလုံးသည်အစိမ်းရောင်သို့ပြောင်းလဲနေပေပြီ။

ရုပ်အလောင်းသန့်စင်ဆောင်တစ်ခုလုံးပြိုကျနေစဥ်တွင် အစိမ်းရောင်ဆံချည်မျှင်များသည် အရပ်မျက်နှာအနှံ့သို့ပျံ့နှံ့နေပေသည်။ မရေမတွက်နိုင်သောဂိုဏ်းသားများသည် ထိတ်လန့်ကြောက်ရွံ့နေသောမျက်နှာများဖြင့် ငေးကြည့်နေကြသည်။

“ဒါ ဘာဖြစ်တာလဲကွ။ ငါ့ရဲ့သန့်စင်ပြီးသားရုပ်အလောင်းတော့သွားပါပြီဗျာ။ အဲဒီရုပ်အလောင်းကိုသန့်စင်ဖို့ နှစ်နှစ်လောက်အချိန်ပေးထားရတာဗျ။ အခုတော့ ဒီအစိမ်းရောင်အမျှင်တွေပေါ်လာပြီး ရုပ်အလောင်းကိုအစိမ်းရောင်ပြောင်းပစ်လိုက်ကြပြီ။”

“ဒါဘယ်သူ့လက်ချက်လဲကွ။” လူအများအရူးတပိုင်းနှင့် အော်ဟစ်ငိုကြွေးနေကြစဥ်တွင် ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင်ကြောက်ရွံ့ထိတ်လန့်နေသောအမူအရာတစ်ခုဖြစ်နေပေသည်။ သူသည် အစိမ်းရောင်ဆံချည်မျှင်များနှင့်ဝေးရာသို့ ပျံသန်းထွက်ပြေးလာခဲ့လေ၏။

” ညမုဆိုး မင်းဘာလုပ်လိုက်မိပြီလဲ။” ပိုင်ရှောင်ချန်းသည် ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။

ပိုင်ရှောင်ချန်း၏ပါးစပ်မှထိုစကားလုံးများပေါ်ထွက်လာသည်နှင့် အနီးအနားရှိလူများသည်ပိုင်ရှောင်ချန်းကိုလှည့်ကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းစိတ်ထဲတွင် ပျားအုံကိုတုတ်နှင့်ထိုးလိုက်မိပြန်ပြီဟုသိလိုက်သည်။ ကြောက်ရွံ့ထိတ်လန့်နေလျက်က အသံသေးအသံညောင်နှင့်အော်ဟစ်လိုက်သည်။
“ဒါဘာတွေလဲ… ချီးပဲ… ဘယ်သူ့လက်ချက်လဲကွဟေ။ ကျုပ်ရဲ့သန့်စင်ပြီးသားရုပ်အလောင်းတော့သွားပါပြီ။ ကျုပ်နှစ်ဝက်လောက်အပင်ပန်းခံထားရတာ။”

သူ့ဘေးမှလူများသည် အံ့အားသင့်လျက်သူ့ကိုစိုက်ကြည့်နေကြသည်။

“ကျုပ်လိုအကြီးအကဲတစ်ယောက်ကိုလိမ်ညာလို့ရမယ်ထင်နေလား…။ မင်းတော့သေနေ့စေ့ပြီပဲ။” ရွှီရှောင်ရှန်းသည် သတ်ဖြတ်လိုသောမျက်လုံးများဖြင့် ဒေါသတကြီးအော်ဟစ်လိုက်လေ၏။ သူ၏လက်ကိုဝှေ့ယမ်းလျက် မြေစီးကြောင်းစိတ်စွမ်းအင်ပင်လယ်၏အစွမ်းများကိုအသုံးပြုလိုက်ရာ သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ဒီရေစီးကြောင်းစွမ်းအားများပေါ်ထွက်လာလေသည်။ မျက်စိတမှိတ်အတွင်းမှာပင်သေစေနိုင်လောက်သောစွမ်းအင်လှိုင်းများ ပိုင်ရှောင်ချန်းဆီသို့လွင့်ပျံလာလေ၏။

ထိုကဲ့သို့ဖြစ်ပျက်နေသည်ကို မည်သူတစ်ဦးတစ်ယောက်မှဝင်ရောက်တားဆီးခြင်းမပြုကြပေ။ ရုပ်အလောင်းတောင်၏မဟာအကြီးအကဲမှာမူ မျက်မှောင်ကြုတ်ကြည့်နေလေ၏။

ပိုင်ရှောင်ချန်း၏စိတ်တွေ ဟိုးအောက်ဆုံးထိ ရောက်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအစစ်အမှန်ကိုဖော်ထုတ်ခြင်းမပြုနိုင်ပေ။ သို့ရာတွင် သူ မဖော်ထုတ်ပဲနေနေပါကလည်း ညမုဆိုး ၏လက်ရှိစွမ်းအားအဆင့်အရ ထိုတိုက်ခိုက်မှုအောက်တွင် အသက်ပျောက်သွားနိုင်ပေသည်။

သို့ရာတွင် ပိုင်ရှောင်ချန်းထိတ်လန့်တုန်လှုပ်နေစဥ်တွင် ရုပ်အလောင်းဂူများဆီမှ မရေမတွက်နိုင်သောဟိန်းဟောက်သံများပေါ်ထွက်လာလေ၏။

ထူးဆန်းတာတစ်ခုခုတော့ဖြစ်နေလေပြီ။


Comment

Leave a Reply

Options

not work with dark mode
Reset