အခန်း ( ၁၈၉ )

ဆံပင်ပြောင်းလဲခြင်း

“နောက်လာမယ့် နှစ်တွေကြရင် ငါ့မျိုးဆက်တွေကို ပိုင်ရှောင်ချန်းက ရှည်လျားခက်ခဲလှတဲ့ လမ်းကိုလျှောက်ခဲ့ရတယ်ဆိုတာကို ဂုဏ်ယူစွာပြောနိုင်ပြီကွ။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သားရဲတွေကိုလည်း မွေးမြူခဲ့တာ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း ဆေးတွေဖော်စပ်ခဲ့တာကွ ” ပိုင်ရှောင်ချန်းက သူ၏အတွေးများထဲတွင်နစ်မျောရင်း သူ့ကိုယ်သူ ဂုဏ်ယူမိနေတော့သည်။

သူကအလွန်ကြိုးစားခဲ့သူဖြစ်သဖြင့် အနာဂတ်တွင် ထိပ်သီးသမားတော်တစ်ယောက်ဖြစ်မလာဘဲ ထာဝရအသက်ရှည်ဆေးကို မဖော်စပ်နိုင်ခဲ့လျှင် သူ့အတွက် တရားမျှတမှုရှိမည်မဟုတ်ပေ။

” ဒါပေမဲ့ ငါ သတိထားဖို့တော့လိုမယ်ကွ။ အခုရောက်နေတာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမဟုတ်ဘူး။ ဒီကလူတွေက ရက်စက်ချက်က ကမ်းကုန်ပဲ။ ငါဆေးဖော်စပ်ရင်း သူတို့ကို ရန်စမိသလိုဖြစ်သွားရင် သူတို့က ကျောက်တုံးနဲ့တော့ပေါက်နေမှာမဟုတ်ဘူး။ မှော်ပစ္စည်းတွေနဲ့ ချကြမှာကွ။” ထိုအတွေးဝင်လာသဖြင့် သူက တုန်လှုပ်သွားပြီး တွန့်ဆုတ်တွန့်ဆုတ်ပင် ဖြစ်နေတော့သည်။

အနည်းငယ် ထပ်၍ တွေးတောပြီးနောက် သူက ခိုင်မာပြတ်သားဟန်များ ထင်ဟပ်နေသော မျက်ဝန်းများနှင့်အတူ အံကြိတ်လိုက်လေသည်။

“ကမ္ဘာပေါ်မှာ အတော်ဆုံး သမားတော်တစ်ယောက် ဖြစ်ချင်ပြီး ထာဝရအသက်ရှည်နေထိုင်ချင်ရင် ဒီလို ဘာမဟုတ်တဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလေးရဲ့ တားဆီးခြင်းကို ခံစရာလားကွ။ ဆေးလုံးနည်းနည်းတော့ သေချာပေါက် ဖော်စပ်မယ်ကွာ ”

” လာလေရော့။ တာအိုဆေးပညာနဲ့ ပတ်သတ်လာရင် ပိုင်ရှောင်ချန်းက ဘယ်ကောင့်ကိုမှ မကြောက်ဘူးကွ။” သူ၏ အမူအရာမှာ အေးစက်စက်နှင့် ကြောက်စရာကောင်းနေပါသော်လည်း သူက အံကြိတ်ကာ သတိကြီးကြီးထားနေဆဲဖြစ်သည်။

အလောင်းဂူထဲတွင် နေကာ အလောင်းကောင်ကြီးကို လိုအပ်သည်ထပ်ပို၍ သူကမကြည့်ချင်ပေ။ ထိုကိစ္စများကို သူက စိတ်ဝင်စားသည်မဟုတ်။ ထို့ကြောင့် သူက စိတ်စွမ်းအင်ဆေးများနှင့် ပတ်သတ်သည့် သူ၏စွမ်းရည်ကို အသုံးချကာ တာဝန်မြန်မြန်ပြီးစီးစေရန် ဆောင်ရွက်လိုသည်။ ထိုအခါမှသာ ရုပ်အလောင်းတောင်ပေါ်က သူထာဝရ ထွက်ခွာနိုင်မည်ဖြစ်လေသည်။

တာဝန် ကျောက်စိမ်းပေလွှာကို ခဏမျှလေ့လာလိုက်ပြီးနောက် သူက ကြောက်မက်ဖွယ် ရယ်မောလိုက်လေသည်။
” ငါလုပ်ရမှာက ဒီအလောင်းကောင်ကို ဆံပင်ဖြူထွက်လာအောင် လုပ်ဖို့ပဲမလား။ လွယ်ချက်ပဲ… ဆံပင်ပေါက်စေတဲ့ ဆေးအမွှေးတိုင်တစ်တိုင် ဖော်စပ်လိုက်ရင် ပြီးပြီပဲလေ။”

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဆံပင်ဖြူပေါက်သည့် အလောင်းများမှာ ဇွန်ဘီဖြူဖြစ်သည်။ ထိုအချက်ကို လူတိုင်းသိသည်။ မူလနဂိုထဲက ဆံပင်အဖြူရှိသည့် သာမန်ဇွန်ဘီဟူ၍ ဖြစ်သည်။

ပိုင်ရှောင်ချန်းက တွေးတောနေဟန်ဖြင့် မေးစေ့ကိုပွတ်ရင်း သွေးလှောင်ကန်ထဲရှိ သွေးရောင်ရေများကိုကြည့်လိုက်၊ အလောင်းကောင်ကိုကြည့်လိုက် လုပ်နေသည်။ ထို့နောက် သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူသိသမျှ ဆေးဖော်စပ်နည်းအားလုံးကို အာရုံထဲတွင် ပြန်ဖော်နေတော့သည်။

ဤ ရုပ်အလောင်းနှင့်ပတ်သတ်သည့် ပြဿနာကိုရှင်းရန် ဆေးလုံးများကို သုံးရန်မှာမဖြစ်နိုင်ပေ။ ဆေးအမွှေးတိုင်တစ်ချောင်း ဖော်စပ်မှသာ ရမည်ဖြစ်သည်။ ထိုအမွှေးတိုင်ကို မီးညှိလိုက်ပါက မီးခိုးများထွက်လာမည်ဖြစ်ပြီး ရုပ်အလောင်းနှင့်ပေါင်းစပ်သွားကာ အသွင်ပြောင်းသွားစေမည်ဖြစ်သည်။

ရက်အနည်းငယ်ကြာသောအခါ သူ၏ မျက်လုံးများမှာ လုံးဝ နီမြန်းနေပြီဖြစ်သည်။ သူက စဉ်းစားတွေးတောရင်း ရုပ်အလောင်းဂူထဲတွင် ရှေ့ပြန်နောက်ပြန် လျှောက်နေတော့သည်။ အချို့အတွေးစများကို သူက ချက်ချင်းပင် ပယ်ဖျက်လိုက်ပြီး တချို့ကိုမူ သူက အချိန်ပေး၍ အသေးစိတ် ခွဲခြမ်းစိတ်ဖြာလေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရှိသော ဆေးဖက်ဝင်ပစ္စည်းများကို ညမုဆိုးကို သူက မေးမြန်းလိုက်သောအခါ အများစုကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတုံးက မသိခဲ့ကြောင်း သိလိုက်ရသောအခါ သူက အံ့အားသင့်နေတော့သည်။ ညမုဆိုး ၏ စွမ်းဆောင်မှုရမှတ်အနည်းငယ်ထဲမှ အချို့ကိုသုံးကာ သူက ပါဝင်ပစ္စည်းများကိုသွားဝယ်လိုက်လေသည်။ အထူးသဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာသာ ရရှိနိုင်သည့် ပစ္စည်းများဖြစ်သည်။ ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဤနေရာတွင် များစွာပို၍နည်းကြောင်း သိလိုက်ရသောအခါ သူက ဝမ်းမြောက်ဝမ်းသာစွာနှင့်် အံ့အားသင့်နေတော့သည်။

ထိုသို့ ဈေးကျနေရခြင်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ၎င်း၏ဂိုဏ်းသားများကို ဆေးဖော်စပ်လိုစိတ်များ ပို၍များလာစေရန်ဖြစ်သော်လည်း အရာသိပ်မထင်ပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအတွက်မူ ဆေးဖော်စပ်ခြင်းကို သူတို့၏ တိုက်ခိုက်ချိန်များကို ဖြုန်းတီးပစ်ခြင်းဟု ယူဆထားပြီး အဖိုးတန်ပစ္စည်းများကို ဖြုန်းတီးမှုတစ်ခုဟုသာ မြင်လေသည်။ အခြားလူများဆီမှ ဓားပြတိုက်ခိုက်နိုင်ပါလျက်နှင့် ကြိုးစားကာ ဆေးဖော်စပ်နေမည်မဟုတ်ဆိုသော လူများပင်ဖြစ်သည်။

ခုနစ်ရက်တိတိကုန်ဆုံးသွားလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဆေးပင်များကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဆေးပင်များနှင့်မည့်သို့ရောစပ်ကာ အသုံးပြုရမည်ကို သိရှိနားလည်စေရန် စမ်းသပ်မှုများစွာလုပ်ပြီးသွားသောအခါ သူက သူ၏ကိုယ်ပိုင် ဆေးဖော်နည်းတစ်ခုကို ထွင်နိုင်သွားတော့သည်။

ထို ဆေးဖော်စပ်နည်း၏ အကျိုးသက်ရောက်မှုမှာ တစ်ခုထဲသာဖြစ်သည်။ ဆံပင်အဖြူရောင်များ ထွက်လာစေရန်ဖြစ်သည်။

သူ၏ အကြံအစည်မှာရိုးရိုးလေးပင်ဖြစ်သည်။ ရုပ်အလောင်းများမှာ အားကြီးသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ အရေးမကြီးပေ။ သူ၏ တာဝန်မှာ ဆံပင်ဖြူပေါက်လာအောင် လုပ်ပေးရန်သာဖြစ်သည်။ ထိုသို့လုပ်ပေးပြီးနောက် ရုပ်အလောင်းများမှာ မည်မျှထိ သန်မာသွားမည်ကို သူကသေချာမသိသော်လည်း ဂရုမစိုက်ပေ။

သူက နှစ်ရက်ပို၍ စိတ်နှစ်ကာ ကြိုးစားလိုက်ပြီး ဆေးဖော်စပ်နည်းကို ပြီးပြည့်စုံစေရန် လုပ်လိုက်လေသည်။ ထို့နောက် ညနေခင်းရောက်လာသောအခါ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆေးပေါင်းဖိုတစ်လုံးကို ထုတ်လိုက်လေသည်။ မြေမီးတောက် သလင်းကျောက်နှစ်တုံးကိုယူကာ သူက အဆင့်သုံး ဆေးအမွှေးတိုင်များကို စတင်ဖော်စပ်လိုက်လေတော့သည်။

နှစ်လတိတိကုန်ဆုံးသွားသည်။ ရုပ်အလောင်းများနှင့် တာဝန်ကျသည့် အခြားလူများကမူ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်နေသည်ကို မြင်နေရပြီဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ ရုပ်အလောင်းမှာ တိုးတက်မှုမရှိသေးချေ။ သူက ထိုအရာကို ဂရုစိုက်သည်တော့မဟုတ်။ သူ၏ ဆေးဖော်စပ်ခြင်းထဲတွင်သာ သူက လုံးဝ နစ်မျောနေတော့သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိလူများမှာ တစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်ဆံရေးအတွက် အချိန်သိပ် အကုန်မခံကြချေ။ သူ ရုပ်အလောင်းဂူထဲတွင် နေခဲ့သည့် နှစ်လကျော်ကျော်အချိန်အထိ လူတစ်ယောက်တစ်လေကမှ သူ့ကို စကားလာမပြောပေ။ သူကတော့ ထိုအချက်ကို ပြဿနာဟု မမြင်။ သူက အဆင့်သုံး ဆေးအမွှေးတိုင်များကို ဖန်တီးရာတွင် ကြိမ်ဖန်များစွာ ကျရှုံးပြီးဖြစ်လေသည်။ ကျရှုံးတိုင်းလည်း သူက အရာရာတိုင်းကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကာ အစကပြန်စမြဲဖြစ်သည်။

ထစ်ချုန်းသံများမှာ မကြာခဏဆိုသလို ထွက်ပေါ်လာသော်လည်း ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာနှင့် ပတ်သတ်သည့် ကျွမ်းကျင်မှုကြောင့် အဆင့်သုံး စိတ်စွမ်းအင်ဆေးများသည် သူ့အတွက် အခက်ကြီးမဟုတ်ပေ။ သူက ကျရှုံးခဲ့ပါသော်လည်း ဘေးပတ်ဝန်းကျင်ကို ထိခိုက်ကာ ကပ်ဘေးဆိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ လုံးဝ ထွက်မလာပေ။

နောက် သုံးရက် ကုန်သွားပြန်သည်။ ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုကို စိတ်လှုပ်တရှားနှင့် ပုတ်လိုက်သောအခါ ထစ်ချုန်းသံများထွက်လာပြီး လက်ဝါးအရွယ်အစားရှိသည့် အနက်ရောင်အမွှေးတိုင်များ ထွက်ပေါ်လာသည်။ ထို အမွှေးတိုင်များကို ဆွဲယူလိုက်ပြီးနောက် သူက လက်ထဲသို့ထည့်ကာ မယုံသင်္ကါနှင့် ကြည့်လိုက်လေသည်။

ထို အနက်ရောင် အမွှေးတိုင်မှာ ဆေးရနံ့များထွက်မနေပဲ ပုံမှန်ဟူ၍ပင် ထင်ရလေသည်။ ပိုင်ရှောင်ချန်းကမူ သူ၏ခေါင်းကို ကုတ်နေတော့သည်။ ဆေးဖော်စပ်နည်းကို သူက ဟိုဟိုသည်သည် ပြောင်းလဲများ ပြုလုပ်ခဲ့ပြီးနောက် ဤအရာမှာ အဆုံးသတ်ရလဒ်ဖြစ်လေသည်။ သို့သော်လည်း မည်သို့သော ဆေးအမွှေးတိုင်ဖြစ်ကြောင်းကိုမူ သူသေချာမသိပေ။

” အလုပ်ဖြစ်လောက်ပါတယ်ကွ။ ငါ ခေါင်ရမ်းပန်း တွေအများကြီးရော အမြစ်ပုတ၊် မြက်ပင်တွေရော ထည့်ထားတာပဲ။ ရုပ်အလောင်းတွေကို အဆင့်မြှင့်ဖို့လိုအပ်တဲ့ ဆေးပင်တွေ အကုန်လုံးကို ငါသုံးထားတာပဲလေ။ ” သူက အမွှေတိုင်းကိုကြည့်ကာ သွေးရေကန်ထဲရှိ ရုပ်အလောင်းကို လှမ်းကြည့်လိုက်လေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ဆိုပါက သူက စမ်းရဲမည်မဟုတ်သော်လည်း ယခုတွင်မူ ရုပ်အလောင်းတစ်ခုသာဖြစ်သဖြင့် ဆိုးဆိုးရွားရွားဖြစ်သွားမည်ကို သူက မစိုးရိမ်ပေ။

” အလုပ်ဖြစ်မှာပါကွ။” အသက်ပြင်းပြင်းရှူလိုက်ပြီး သူက သူ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ စိတ်စွမ်းအင်အချို့ ထုတ်ဖော်လိုက်သောအခါ မမြင်ရသောမီးတောက်တစ်ခုပေါ်ထွက်လာပြီး အမွှေးတိုင်ကို မီးညှိလိုက်လေသည်။ မီးခိုးများထွက်လာသောအခါ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုအမွှေးတိုင်ကို ရုပ်အလောင်းဆီသို့ ပို့လိုက်လေသည်။ ထိုအခါ အမွှေးတိုင်မှာ ရုပ်အလောင်းနှင့် ချက်ချင်းပေါင်းစပ်သွားပြီး မီးခိုးများထွက်လာကာ ရေကန်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။ ထိုမီးခိုးကို မြင်လိုက်သောအခါ ပိုင်ရှောင်ချန်းက ရုပ်အလောင်းဂူထဲအပြင်ဘက်ပြေးထွက်ကာ ရုပ်အလောင်းသန့်စင်ဆောင် အပြင်ဘက်အထိ ရောက်သွားတော့သည်။

သူက ထိုအထဲတွင်ဆက်နေ၍ အမွှေးတိုင်မီးခိုးအချို့ကို ရှူမိလျှင် ပြဿနာပိုကြီးသွားနိုင်သည်ဖြစ်၍ ထိတ်လန့်နေခြင်းဖြစ်သည်။

သူက အချိန်လုံလုံလောက်လောက် ကုန်ဆုံးသွားပြီဟု သေချာသည်အထိ ဂိုဏ်းတစ်ဂိုဏ်းလုံးကို တစ်နေကုန် ပတ်သွားနေတော့သည်။ ညမှောင်ချိန်ရောက်ခါမှ ရုပ်အလောင်းဂူသို့ တိတ်တခိုးပြန်လာခဲ့လေသည်။ မီးခိုးမရှိတော့ကြောင်း မြင်ပြီးမှသာ သူက ရေကန်ဆီသို့ သွားလိုက်လေသည်။

သူပထမဆုံးမြင်လိုက်ရသည်မှာ မီးခိုးများမှာ အမှန်တကယ် ပျောက်ဆုံးသွားပြီဆိုသော အရာပင်။ ရေ၏အနီရောင်မှာ အနည်းငယ်ဖျော့သွားပြီး ရုပ်အလောင်း၏ခေါင်းပေါ်တွင် အနီရောင်ဆံပင်များကို မြင်ရလေသည်။ ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ရုပ်အလောင်းကြီးမှာ ယခင်ကထက်ပင် ပို၍ သတ်ဖြတ်လိုစိတ်များပေါက်နေသည့်အလား ဖြစ်နေတော့သည်။

” အနီရောင် ဆံပင်တွေတဲ့လားဟ။” မျက်လုံးပြူးကြီးများဖြင့် သူက ရုပ်အလောင်းနားသို့ ကပ်ကြည့်လိုက်လေသည်။ ရုတ်တရက် သူက အခန်းထဲတွင် သူတစ်ယောက်ထဲ ရှိနေသည်မဟုတ်ကြောင်း ခံစားလိုက်ရလေသည်။ တချိန်ထဲမှာပင် ရုပ်အလောင်း၏ မျက်လုံးများမှာ ဖြတ်ခနဲ ပွင့်လာပြီး ထိုမျက်လုံးများမှာ သွေးရောင်ကဲ့သို့ နီမြန်းနေသည်။ ထိုမျက်လုံးများမှာ အသက်ကင်းမဲ့ကာ အေးစက်နေသဖြင့် သေမင်းက သူ့ကို ကြည့်နေသည့်အလားပင်။ အလွန်အေးစက်သော အခိုးအငွေ့တစ်ခုကို ထုတ်လွှတ်ရင်း ထိုရုပ်အလောင်းမှာ မတ်တတ်ထရပ်ရန် ပြင်လိုက်လေသည်။

ထိတ်လန့်သွားသဖြင့် ဦးရေခွံများပင် ထုံကျဉ်သွားကာ ပိုင်ရှောင်ချန်းသည် နောက်သို့ဆုတ်လိုက်ပြီး ရုပ်အလောင်းကို ထိန်းချုပ်နိုင်သည့် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်လေသည်။ ထိုပေါ်သို့ သူ၏လက်ချောင်းကို ဖိနှိပ်လိုက်သောအခါ ဖုတ်ကောင်ကြီးက တဖြည်းဖြည်းချင်း ငြိမ်ကျသွားတော့သည်။

ထိုဖုတ်ကောင်ကြီး မလှုပ်တော့ကြောင်း သေချာမှ သူက ထပ်၍အနီးကပ်ကာ ဆံပင်အနီရောင်များကို ကြည့်လိုက်လေသည်။ ထို့နောက်သူက ဆူပုတ်ရင်း ရေရွတ်လိုက်လေသည်။ ” ရွှီရှောင်ရှန်းကတော့ အဖြူရောင်နဲ့ အနက်ရောင်ဆံပင်ရှိတဲ့ ဖုတ်ကောင်တွေ အကြောင်းပဲပြောဖူးတာပဲ။ အနီရောင်ဆံပင်ကိုတော့ သူဘာမှမပြောဘူး။ အနီရောင်ဆံပင်က စာရင်းထဲရော ဝင်ရဲ့လားဟ။”

သူက အနည်းငယ် ခေါင်းကိုက်လာသဖြင့် အံကြိတ်လိုက်တော့သည်။

” အာ… အရေးမကြီးပါဘူး။ ငါ့ရဲ ဆေးဖော်စပ်နည်းက မှားသွားတာပဲနေမှာ။ နည်းနည်းပြုပြင်ပြောင်းလဲပြီးသွားရင် ဒီဖုတ်ကောင်ဆံပင် သေချာပေါက် ဖြူသွားမှာပါ။”

ထို့နောက် တင်ပျဉ်ခွေထိုင်ရင်း ပြဿနာကို အသေးစိတ် စဉ်းစားနေတော့သည်။ ရက်အနည်းငယ်ကြာသောအခါ သူက ပင်ပန်းနေပုံပေါက်နေပါသော်လည်း သူ၏ ပေါင်ကို စိတ်လှုပ်တရှား ရိုက်လိုက်လေသည်။

” ရေကန်ထဲက ရေက တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်။ ရေအရောင်ပြောင်းသွားတာက ဖုတ်ကောင်က အနီရောင်တွေကို စုပ်ယူလိုက်လို့ပဲကွ။” သူက ထိုအကြောင်းပိုတွေးလေလေ ပို၍ အဓိပ္ပါယ် ဆက်စပ်မိလေလေဖြစ်လာတော့သည်။ တစ်စက္ကန့်လေးမျှ တုံ့ဆိုင်းမနေပဲ သူက ဆေးဖော်စပ်ရန် ပြင်လိုက်တော့သည်။

သူက ဤအခေါက်တွင် ဆေးဖော်စပ်နည်းကို ပြောင်းလဲကာ မတူညီသော ဆေးပင်အချို့ကို ထပ်ထည့်လိုက်လေသည်။ ဤအကြိမ်တွင်မူ သူက ဆေးအမွှေးတိုင်သာမက ဆေးလုံးတစ်လုံးကိုပါ ဖော်စပ်လိုက်လေသည်။ ရက်အနည်းငယ်ကြာသောအခါ သူကစိတ်လှုပ်ရှားစွာနှင့် မျှော်လင့်ချက်ကြီးစွာဖြင့် ထိုဆေးလုံးကို သွေးကန်ထဲသို့ ထည့်လိုက်လေသည်။
ထိုဆေးလုံးက ကန်ထဲရောက်သွားသောအခါ အောက်ဆုံးထိနစ်သွားလေသည်။ အနည်းငယ်ကြာသောအခါ ရေက ပလုံစီထကာ လှုပ်ခတ်လာပြီး ပူစီဖောင်းကြီးများက နေရာတိုင်းတွင် ထလာတော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းက အမွှေးတိုင် အပိုင်းအစတစ်ခုကို အနီရောင်ဆံပင်နှင့် ဖုတ်ကောင်ပေါ်သို့ ပစ်တင်လိုက်လေသည်။

ဤအကြိမ်တွင် သူက ထွက်မသွားသော်လည်း အနည်းငယ်တော့ နောက်ဆုတ်လိုက်လေသည်။ ရေကန်ထဲတွင် မီးခိုးများပြည့်သွားပြီး ဂလုပ်ဂလုပ်မြည်သံများ ပေါ်ထွက်လာသည်။ ထို့နောက် လူမဆန်သည့်အသံတစ်ခုပေါ်ထွက်လာတော့သည်။ ထိုအသံမှာ မကောင်းဆိုးဝါးဝိညာဉ် သို့မဟုတ် ရက်စက်သော မိစ္ဆာတစ်ကောင်ထံမှ အော်သံနှင့်ပင် တူသည်။

နာရီအနည်းငယ်ကြာသောအခါ မီးခိုးများမှာ ရှင်းစပြုလာသဖြင့် ပိုင်ရှောင်ချန်းမှာ ရေကန်ထဲသို့ အားစိုက်ကြည့်လိုက်လေ

“ဆံပင် အဖြူပြောင်းစမ်းကွာ။ လုပ်စမ်းပါ။ ပြောင်း ပြောင်း။”

သူက ထိုသို့ရေရွတ်နေရင်း မီးခိုးများမှာ ရှင်းလင်းသွားသဖြင့် ရေကန်အစွန်းသို့ ပြေးသွားလိုက်တော့သည်။ ဖုတ်ကောင်ကိုကြည့်မိလိုက်သောအခါ သူ၏မျက်လုံးများမှာ အသက်မဲ့သွားတော့သည်။

” ခရမ်းရောင် ဆံပင်တဲ့လား။”

ရေကန်ထဲရှိ ဖုတ်ကောင်တွင် ဆံပင်အနီရောင်များမရှိတော့ပဲ ခရမ်းရောင်များသာ ရှိတော့သည်။ ၎င်း၏ သတ်ဖြတ်လိုသော အခိုးအငွေ့မှာ ပို၍ပင် အားကောင်းလာပြီး ရေကန်ထဲရှိ ရေအများစုမှာ ခမ်းခြောက်သွားပြီဖြစ်သည်။ အနည်းငယ်ကြာသောအခါ သွေးရောင်ရေများက ပြန်ဝင်လာပြီး ကန်မှာ ပြန်ပြည့်သွားတော့သည်။

အံ့အားသင့်စရာ အကောင်းဆုံးအချက်သည် ခရမ်းရောင်ဆံပင်များမှာ သုံးလက်မတိတိရှည်လျားပြီး အနီရောင်ဆံပင်များထက် များစွာ ရှည်လျားနေခြင်းပင်။ ထို့အပြင် ဖုတ်ကောင်၏ လက်ချောင်းများတွင် ချွန်ထက်သည့် လက်သည်းများ ထွက်လာပြီဖြစ်သည်။

” ဒါက ဘာတုံးဟ။” ပိုင်ရှောင်ချန်းက မျက်လုံးပြူးကြီးများဖြင့် ရေရွတ်လိုက်သည်။ ဖုတ်ကောင်မှာ ယခင်ကထက်ပို၍ အံံ့အားသင့်ဖွယ်ကောင်းလာသဖြင့် သူက လူလိမ်ညမုဆိုးကို ထိုအကြောင်းမေးလိုက်လေသသည်။ သို့သော်လည်း သူလည်း ထိုသို့သော ဖုတ်ကောင်များ အကြောင်းကို မကြားဖူးပေ။

သူက အနည်းငယ် တွန့်ဆုတ်သွားပြီး ရွှီရှောင်ရှန်းကိုခေါ်၍ လာကြည့်ခိုင်းရန်ပင် တွေးလိုက်လေသည်။ သို့သော်လည်း သူဆေးဖော်စပ်ခဲ့စဉ်တုံးက ထွက်လာသည့် လျှို့ဝှက်ဆန်းကြယ် ဆေးလုံးများအကြောင်း တွေးမိသွားသောအခါ သူ့ အမူအရာ ပြောင်းလဲသွားသည်။

” အမွှေးတိုင်ကများ တစ်ခုခုလွဲနေတာလား။ ” သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတုံးက လွှတ်ပေးမိခဲ့သော ထူးခြား တိရစ္ဆာန်များအကြောင်းကို ပြန်တွေးမိသွားသောအခါ တုန်ရီနေတော့သည်။

” ဒီဆံပင်ကို သေချာပေါက် အဖြူရောင် ပြောင်းနိုင်ရမယ်။” သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်ကာ ဆေးဖော်စပ်ရန်ပြင်လိုက်သည်။

ပိုင်ရှောင်ချန်းက အမွှေးတိုင် တစ်မျိုးပြီးတစ်မျိုး ဆက်တိုက်ထုတ်နေတော့သည်။ ဖုတ်ကောင်၏ဆံပင်မှာ ခရမ်းရောင်မှ ပန်းရောင်ပြောင်းလိုက် ပန်းရောင်မှ လိမ္မော်ရောင်ပြောင်းလိုက်ဖြစ်နေတော့သည်။ တစ်ခါကဆိုလျှင် အပြာရောင်ပင် ပြောင်းသွားလေသည်။ သို့သော်လည်း အဖြူရောင်တော့ လုံးဝမပြောင်းပေ။ ထို့အပြင် ဆံပင်မှာ တစ်ခါပြောင်းလဲတိုင်း ပိုပိုရှည်လာလေသည်။ အပြာရောင်သို့ရောက်သွားချိန်တွင် တစ်မီတာ၏ သုံးပုံပုံတစ်ပုံအထိ ရှည်နေပြီဖြစ်သည်။

တချိန်ထဲမှာပင် ဖုတ်ကောင်၏ သတ်ဖြတ်လိုသော အခိုးအငွေ့မှာလည်း အားပြင်းသထက်ပြင်းလာပြီး ၎င်း၏လက်သည်းများမှာလည်း ပို၍ ချွန်လာသည်။ ၎င်း၏ပါးစပ်ထဲတွင် အန္တရာယ်ဖြစ်စေနိုင်သည့် အစွယ်နှစ်ချောင်းပေါက်လာပြီး အရေပြားမှာလည်း ဆံပင်အရောင်နှင့်လိုက်၍ ပြောင်းလဲနေတော့သည်။ ကန်ထဲရှိရေကလည်း ကုန်ကုန်သွားပြီး ပြန်ပြန် ပြည့်လာလေသည်။

နှစ်တစ်ဝက်ကုန်သွားပြီး ပိုင်ရှောင်ချန်းကမူ ကန်၏အစွန်းတွင် ရပ်နေဆဲပင်။ သူက ဖုတ်ကောင်ကြီးကို ကြိမ်ဖန်များစွာ ကြည့်နေရသည့်အတွက် ရူးပင်ရူးချင်လာတော့သည်။

” ငါကျရှုံးမယ်ဆိုတာကို ငါမယုံဘူးဟေ့။”


Comment

Leave a Reply

Options

not work with dark mode
Reset