Switch Mode

အခန်း (၄၁၆)

သန်းခေါင်ယံမှ တံခါးခေါက်သံ

သူ၏ သြဇာတိက္ကမကြီးမားမှုကြောင့် လီရှို့တစ်ယောက် သူ့အား တရိုတသေ နှုတ်ခွန်းဆက်သနေရသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူသည် ပြည်ထောင်စုကြီးထဲ၌ ရုပ်အချောဆုံး ဖြစ်နေရုံသာမက အခြားသူများက စံထားရသည့် ပုဂ္ဂိုလ်တစ်ယောက်ပါ ဖြစ်နေပြီဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။

ထို့ကြောင့် သူသည် ကျေနပ်အားရစွာဖြင့် လီရှို့အား ထွက်သွားခွင့်ပေးလိုက်ပြီး အခြားသော အသေးအဖွဲကိစ္စများကို မြို့တော်ဝန်အသီးသီအား ခွဲဝေပေးလိုက်၏။ ထို့နောက် သူသည် တံခါးပိတ်လေ့ကျင့်ကာ ဓမ္မလက်နက်သန့်စင်ခြင်းပညာရပ်၏ မိုးကောင်းကင်လှုံ့ဆော်ခြင်းအဆင့်ကို လေ့လာနေလိုက်တော့သည်။

သူ လေ့လာရေးစက်ရုံထဲသို့ အလည်အပတ်သွားခဲ့စဉ်တုန်းက လေ့လာသိရှိခဲ့ရသည့် ဗဟုသုတများမှာ သူ၏ အတွေးထဲ၌ပြန်ပေါ်လာ၏။ သို့သော် ထိုစဉ်တုန်းက အချိန်အနည်းငယ်မျှသာ ရခဲ့သည် ဖြစ်သည်။ ယခုအကြိမ်တွင်မူ သူသည် မိုးကောင်းကင်လှုံ့ဆော်ခြင်းပညာရပ်အား ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့ကျင့်ရန် ဆုံးဖြတ်ထားသလို သူ၏ ကျင့်ကြံခြင်းကိုလည်း လျစ်လျူရှုထားခြင်းမရှိပေ။ သူသည် အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း အာရုံခံမိနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဓမ္မအဆောင်ကိုလည်း သန့်စင်နိုင်ရန် အမြဲတမ်း ကြိုးပမ်းနေခဲ့သည် ဖြစ်သည်။ ယခုတွင် သူသည် အခြားတာဝန်များကို ထမ်းဆောင်ပြီးသွားပြီ ဖြစ်သောကြောင့် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အနီရောင် ဓားပျံနှင့် အနက်ရောင် ဓားရှည်ကြီးတို့ကို ထုတ်ယူလိုက်၏။ သူ ထိုဓမ္မလက်နက်နှစ်ခုအား ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် အံ့ဩမှင်တက်ဖွယ်ရာ ဖိနှိပ်အားတစ်မျိုး ထွက်ပေါ်လာ၏။ ယခင်တုန်းကဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထို ဖိနှိပ်အား၏ မူလရင်းမြစ်ကို မသိခဲ့သောကြောင့် ၎င်းမှာ ‌အဆောင်ဝိညာဉ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပေါ်လာရခြင်းဖြစ်မည်ဟု ယူဆမိခဲ့၏။

သို့သော် ယခုတွင်မူ သူသည် မိုးကောင်းကင်လှုံ့ဆော်ခြင်းအကြောင်းကို နားလည်သွားပြီဖြစ်ရာ ဓမ္မလက်နက်ဆိုသည်မှာ ကြားခံနယ်တစ်ခုသာဖြစ်ပြီး အဆောင်ဝိညာဉ်မှာလည်း အလားတူပင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်သည်။ ဓမ္မလက်နက်များ၏ စွမ်းအားကို အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အဆင့်အထိ မြှင့်တင်ပေးသော ဖိနှိပ်အားအစစ်မှာ ရှေးယခင်တုန်းက သက်ရှိထင်ရှား နေထိုင်ခဲ့ကြသည့် နတ်ဘုရားဟု လူအများက သမုတ်ကြသော သတ္တဝါများဆီမှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။

” အဲဒီ နတ်ဘုရားဆိုတဲ့ သတ္တဝါက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတစ်ကောင်၊ ဒါမှမဟုတ် အပယ်ခံ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေ၏။ သူသည် ထိုသို့ရေရွတ်နေရင်း ဓမ္မလက်နက်နှစ်ခုကို အာရုံခံကြည့်လိုက်ပြန်သည်။ ထိုအခါ သူ၏ အတွေးထဲ၌ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို အုပ်ချုပ်နေသော နတ်ဘုရားနှစ်ပါး၏ ပုံရိပ်ဟောင်းများ ခပ်ရေးရေးခန့် ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ စိတ်ကူးပုံရိပ်များသာ ဖြစ်ပါသော်လည်း သူသည် လမ်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း ခံစားနေရ၏။ ယခင်တုန်းက သက်ရှိထင်ရှားရှိနေခဲ့သည့် နတ်ဘုရားများ၏ စိတ်ဆန္ဒများကို စိတ်ကူးပုံဖော်ရန်မှာ ခဲယဉ်းလွန်းလှသောကြောင့် ဤ ဓမ္မလက်နက်နှစ်ခုကိုသာ အာရုံခံကြည့်ရမည် ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုသို့အာရုံခံရင်း ဓမ္မလက်နက်နှစ်ခုနှင့် အသားကျသွားပြီး ၎င်းတို့ထဲရှိ စိတ်ဆန္ဒ အရိပ်အယောင်များကို ရှာဖွေရန် ကြိုးစားလိုက်တော့သည်။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ကြား၌ ရှိနေတုန်း နတ်ဘုရားများ၏ စိတ်ဆန္ဒများကို အာရုံခံကာ ဆင့်ခေါ်ရမည် ဖြစ်သည်။

ထိုလုပ်ငန်းစဉ်မှာ နှေးကွေးရှည်ကြာသော လုပ်ငန်းစဉ်တစ်ခုဖြစ်၏။ ဝမ်ပေါင်လဲ့မှာ လမ်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း ယုံကြည်ထားပါသော်လည်း ဓမ္မလက်နက် သန့်စင်ခြင်းပညာရပ်၏ မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းကို ကျွမ်းကျင်တက်မြောက်နိုင်ရန် အချိန်တစ်ခု လိုအပ်သေးသည်။

သူသည် လောနေ၍မဖြစ်ကြောင်း သိထား၏။ သို့သော် ယခုအတိုင်းသာ ဆက်လုပ်နေမည်ဆိုပါက အချိန်တစ်ခုခုရောက်လျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း သူက ယုံကြည်ထားသည်။ ထို့ကြောင့် သူသည် တရားထိုင်ကာ ဉာဏ်အလင်းပွင့်အောင် ကြိုးစားနေရင်း တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွား၏။

ထိုသို့ဖြင့် သုံးရက်တိတိ လျင်မြန်စွာ ကုန်ဆုံးသွား၏။

ထိုသုံးရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ အခြားကိစ္စများကို ဘေးဖယ်ထားပြီး ဓမ္မလက်နက်များထဲသို့ စိတ်ရောကိုယ်ပါနှစ်၍ ဉာဏ်အလင်းပွင့်နိုင်အောင် ကြိုးပမ်းနေခဲ့သောကြောင့် သူ၏ အသိစိတ်မှာ ဓမ္မလက်နက်များနှင့် လုံးဝတစ်သားတည်း ဖြစ်သွားသည့်ပုံပင်။ သူသည် နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲတွင် မရှိတော့ဘဲ အင်္ဂါဂြိုဟ်ပေါ်ရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြား၌ ခြေဦးတည့်ရာ လှည့်လည်သွားလာနေသကဲ့သို့ ခံစားနေရ၏။ သူသည် ထိုကဲ့သို့ လှည့်လည်သွားလာနေရင်း ရေရွတ်သံများကို ကြားလိုက်ရပြီး ပုံရိပ်ယောင်အချို့ကို သတိထားမိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ထို့အပြင် သူသည် ယခင်တုန်းက အင်္ဂါဂြိုဟ်ပေါ်၌ သက်ရှိထင်ရှား နေထိုင်ခဲ့ဖူးသော နတ်ဘုရားများ၏ အသိစိတ် အကြွင်းအကျန်များကိုပါ အာရုံခံမိနေပြီ ဖြစ်သည်။

သို့သော် ၎င်းတို့အားလုံးမှာ မှုန်ဝါးဝါးသာ ဖြစ်နေသောကြောင့် ၎င်းတို့အား အသေးစိတ် သေချာမမြင်နိုင်ဘဲ ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တစ်ခဏမျှသာ အာရုံခံမိလိုက်သည်ဖြစ်ပြီး ဆွဲငင်နိုင်ရန် ကြိုးပမ်းလိုက်ပါသော်လည်း မအောင်မြင်ခဲ့ပေ။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ နိယာမများအတိုင်း အဆက်မပြတ် မျောလွင့်နေသည့် အသိစိတ်တစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ အချိန်မည်မျှမှန်းမသိ ထိုကဲ့သို့ မျောလွင့်နေပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက်ဆြိသလို တုန်ရီသွား၏။ သူသည် အခြားအရာအားလုံးထက် သိသိသာသာ ပို၍အားကောင်းနေသည့် အသိစိတ်ကြီးတစ်ခုကို ခပ်လှမ်းလှမ်း၌ အာရုံခံမိလိုက်ခြင်းဖြစ်သည်။

ထိုအသိစိတ်မှာ နေမင်းကြီးကဲ့သို့ အားကောင်းနေပြီး အခြားသော အသိစိတ်များနှင့် ယှဉ်လိုက်ပါက မီးပုံကြီးတစ်ခုကဲ့သို့ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား အသာအယာ တို့ထိကြည့်လိုက်ပါသော်လည်း ထို အစိတ်ကြီးမှာ သူ့အား တုန်ရီသွားစေနိုင်လောက်သည့်အထိ အားကောင်းနေ၏။ ထိုအခိုက်အတန့်တွင် သူ၏ အသိစိတ်ထဲ၌ စူးစူးဝါးဝါး အသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။

” သတ်၊ သတ်၊ သတ်၊ သတ် ”

ထိုအသိစိတ်ထဲမှ ထွက်ပေါ်လာသည့် အော်ဟစ်သံများမှာ ရက်စက်ကြမ်းကြုတ်လွန်းနေပြီး ၎င်းတို့၏ သတ်ဖြတ်လိုစိတ်များမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖျက်စီးပစ်နိုင်လောက်အောင် ပြင်းထန်လွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ ထိုအသံများကို တောင်ခံနိုင်စွမ်း မရှိသောကြောင့် အသားများတုန်ရီသွားရပြီး သွေးတစ်ပွက် အန်ထွက်လာ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးမျာပွင့်လာပြီး သူ၏ အသက်ရှူသံများမှာလည်း အလွန်အင်မတန်မှ မြန်ဆန်နေရတော့သည်။ ထို့နောက် သူသည် အင်္ဂါဂြိုဟ်၏ ကောင်းကင်ယံကြီးအား ထိုးဖောက်နိုင်စွမ်း ရှိနေသည့်ပုံပေါ်သော အကြည့်မျိုးဖြင့် ခေါင်းမော့ကြည့်လိုက်၏။

” အဲဒီ အသိစိတ်ကို ဘယ်နတ်ဘုရားက ပိုင်ဆိုင်တာပါလိမ့် ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရပြီး အသက်ပြင်းပြင်း ရှူမိလိုက်တော့သည်။ အချိန်အတော်အတန် ကြာပြီးသွားမှသာ သူသည် တစ်ခဏမျှ ပြန်လည်တည်ငြိမ်သွား၏။ သို့သော် သူသည် ထိုအသိစိတ်ကြီး၏ ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပြန်လည်တွေးတောမိလိုက်သောအခါ ချောက်ချားသွားရဆဲပင်။

” ငါ စောစောတုန်းက ရောက်သွားတာ မိုးကောင်ကင်လှုံ့ဆော်ခြင်းအဆင့်ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ရှေးဦးဝိညာဉ်ခေတ်ထဲက ဒဏ္ဍာရီလာ ဖြတ်ကျော်ခြင်းအဆင့်နဲ့ ဆင်တူတဲ့ အဆင့်များလား ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးပေါ်မှ ချွေးစက်များကို သုတ်ရင်း ရေရွတ်လိုက်၏။ သူသည် စိတ်ထဲ၌ ထင့်နေရပါသော်လည်း မိုးကောင်းကင်လှုံ့ဆော်ခြင်းအဆင့်မှာ အန္တရာယ်ရှိကြောင်းကိုလည်း နားလည်ထား၏။ တစ်ချိန်ထဲမှာပင် သူသည် ထို ရူးသွပ်ဖွယ် အသိစိတ်ကြီးအကြောင်းကိုလည်း ပို၍ သိရှိနားလည်လာနိုင်ရန် မျှော်လင့်နေတော့သည်။

” ငါသာ အဲဒီအသိစိတ်ကြီးကို ဆွဲငင်နိုင်ပြီးတော့ ကြားခံနယ်တစ်ခု ဖန်တီးပေးနိုင်မယ်ဆိုရင် … ငါ့ရဲ့ အော်လံဓမ္မလက်နက်ကြီး အောင်မြင်သွားနိုင်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ မျှော်လင့်တကြီး ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် အဆင့်မှား၍ လုပ်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆလိုက်၏။ သူသည် ကြားခံနယ်တစ်ခုကို အရင်ဆုံး ဖန်တီးထားရန် လိုအပ်ပေသည်။ သို့မှသာ ၎င်းကိုအသုံးပြု၍ ထောင်ချောက်ဆင်နိုင်မည်ဖြစ်သည်။

” မဟုတ်သေးပါဘူး။ ငါက သခင်တစ်ယောက်ဆိုတော့ ငါ့ရဲ့ စေတနာတွေကလည်း ဖြောင့်မတ်မှန်ကန်နေဖို့ လိုတယ်…. ငါက ထောင်ချောက်တစ်ခု ဖန်တီးနေတာမဟုတ်ဘူး။ ငါက အသက်မရှိတော့တဲ့ နတ်ဘုရားတွေ တစ်ဖန်ပြန်လည်ပေါ်ပေါက်လာပြီးတော့ အတိုင်းအတာတစ်ခုအထိ အသက်ပြန်ဝင်လာအောင် ကူညီပေးနေတာ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်မိသောအခါမှ သူ့ကိုယ်သူ ကျေနပ်သွားရပြီး သူ၏ တံခါးပိတ်လေ့ကျင့်ခြင်း အစီအစဉ်ကို အဆုံးသတ်လိုက်၏။ ထို့နောက် ဓမ္မလက်နက်ကြားခံနယ်တစ်ခုအား ပြုလုပ်ရန်လိုအပ်သည့် ကုန်ကြမ်းအ‌ကြောင်မှာ သူ၏ အတွေးထဲ၌ ပေါ်ပေါက်လာတော့သည်။ ထိုပစ္စည်းမှာ အရည်အသွေးနှစ်ခုကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။ ပထမအချက်အနေနှင့် ၎င်းမှာ အဖိုးတန် သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်နေရမည်ဖြစ်ပြီး ဒုတိယအချက်မှာ ၎င်းထဲ၌ အဆောင်ဝိညာဉ်တစ်ခု ပါရှိနေရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မြို့တော်သခင်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထိုအချက်နှစ်စလုံးကို အလွယ်တကူ ရရှိပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ စဉ်းစားတွေးတောနေစဉ်မှာပင် ရုတ်တရက်ဆိုသလို အမူအရာ ပြောင်းလဲသွာကာ ခေါင်းမော့လာပြီး သူ၏လျှို့ဝှက်အခန်းတံခါးကို လှမ်းကြည့်မိလိုက်၏။

သူ ထိုသို့ လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လျှို့ဝှက်အခန်းတံခါးကို အသံအကျယ်ကြီးမြည်အောင် ခေါက်နေသော တံခါးခေါက်သံများကို ကြားလိုက်ရသည့်။ ထို အသံမှာ အရေးတကြီးဖြစ်နေသည့်ပုံ ပေါက်နေပြီး သူစ၏ အိမ်ရာထဲ၌ တပ်ဆင်ထားသော မန္တန်အစီအရင်ကိုပါ တုန်ရီသွားစေ၏။

” ဘာလို့ သူက ဒီကိုရောက်လာရတာလဲ ” ဝမ်ပေါင်လဲ့မှာ ‌အထူးတဆန်းဖြစ်သွားရ၏။ သူသည် သူ၏လျှို့ဝှက်အခန်းအပြင်ဘက်၌ ရောက်နေသူမှာ သူ၏ အိမ်နီးနားချင်းဖြစ်သူ လီဝမ်အာဖြစ်‌ကြောင်း သူ၏ အိမ်ရာထဲရှိ မန္တန်အစီအရင်ထဲမှတစ်ဆင့် သိလိုက်ရ၏။

ယခုမှာ ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်နေပြီဖြစ်သောကြောင့် အပြင်ဘက်၌ မှောင်မိုက်နေပြီဖြစ်သည်။ ထို့ကြောင့် လီဝမ်အာ၏ ရုတ်ခြည်းဆိုသလို ရောက်ရှိလာမှုကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် အတွေးထဲ၌ ဆက်လက်နစ်မျောနေစဉ်မှာပင် တံခါးခေါက်သံများမှာ ပို၍ပင် ကျယ်လောင်လာသည်။ ထို့အပြင် လီဝမ်အာမှာ သူမ၏ အသံလွှင့်လက်စွပ်ကိုသုံးကာ ဝမ်ပေါင်လဲ့ဆီသို့ အကြောင်းကြားစာတစ်ခုပင် ပေးပို့လိုက်သေးသည်။ ထိုအကြောင်းကြားစာထဲတွင်မူ စကားတစ်ခွန်းသာ ပါ၏…

” ကယ်ပါဦး…. ”

ထိုစကားသံနှင့်အတူ တံခါးခေါက်သံများမှာလည်း ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ထဲမှနေ၍ အပြင်ဘက်ရှိ လီဝမ်အာတစ်ယောက် သတိလစ်မေ့မျောနေသည်ကို မြင်လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားကာ ချက်ချင်းပင် မတ်တတ်ထလာပြီး လျှို့ဝှက်အခန်းအပြင်ဘက်သို့ ထွက်လာ၏။ ထို့နောက် သူသည် အာရုံအပြည့်စိုက်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ဓမ္မလက်နက်နှစ်ခုအား အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်‌၏။ ထို့အပြင် သူသည် သူ၏အိမ်ရာအပြင်ဘက်သို့ မထွက်မီ တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် တာအိုသက်တော်စောင့်များကိုပင် အကြောင်းကြားလိုက်သေးသည်ာ

သူ တံခါးပေါက်ကို ဖွင့်လိုက်သောအခါ မည်သည့် အန္တရာယ်ကိုမှ အာရုံမခံမိပါသော်လည်း သူ၏ ဓမ္မလက်နက်နှစ်ခုကို အသုံးပြုကာ အပြင်ဘက်သို့ ဖိနှိပ်အားတစ်ခု ထုတ်လွှတ်လိုက်၏။

မည်သည့်အန္တရာယ်မှ ရှိမနေကြောင်း သေချာသွားသောအခါမှ သူသည် သတိလစ်နေသော လီဝမ်အာဆီသို့ မယုံသင်္ကာနှင့် ချဉ်းကပ်လာ၏။ လီဝမ်အာမှာ တစ်ကိုယ်လုံးတုန်ရီကာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ ထို့အပြင် သူမမှာ သတိလစ်နေပြီ ဖြစ်ပြီး နှုတ်ခမ်းများမှာလည်း မည်းနက်နေ၏။

” အဆိပ်မိလာတာလား ” ဝမ်ပေါင်လဲ့မှာ အားသင့်သွားရပြီး ခေါင်းငုံ့ကာ လီဝမ်အာ၏ နဖူးပေါ်သို့ လက်တင်ကြည့်လိုက်၏။ သူသည် သူမ၏ အရေပြားကို ထိလိုက်မည်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများပြူးသွားကာ အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏မျက်နှာအမူအရာမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ လီဝမ်အာအား သူ၏ အိမ်ရာထဲသို့ ချက်ချင်းပင် ပွေ့ချီသွားလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် ကျင့်ကြံသူများအား သူ၏အိမ်ရာ အပြင်ဘက်၌ စောင့်ကြည့်နေရန် အသိပေးလိုက်၏။ ထို့နောက် သူသည် လီဝမ်အာအား လျှို့ဝှက်အခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။

လျှို့ဝှက်အခန်းထဲ ရောက်သွားသောအခါ သူသည် အမူအရာ တည်ကြည်သွားပြီး သတိလစ်နေသော လီဝမ်အာကိုကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။

” သူ့ရဲ့ ခန္ဓာကိုယ်ထဲက အမှောင်ချီတွေ ထွက်နေတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပရမ်းပတာဖြစ်နေပြီးတော့ ထိလိုက်ရုံနဲ့ ကွဲသွားမယ့် အမှောင်ချီပုလင်းတစ်လုံး ရှိနေတဲ့အတိုင်းပဲ ”

ထိုအချက်ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရခြင်းဖြစ်သည်။ သူသည် လီဝမ်အာအား နောက်ဆုံးအကြိမ် မြင့်ခဲ့ရစဉ်တုန်းက သူမဆီမှ မည်သည့်အမှောင်ချီကိုမှ အာရုံမခံမိခဲ့ပေ။ ယခုတွင်လည်း သူမအား မျက်လုံးဖြင့် ကြည့်ရုံလောက်နှင့် အာရုံမခံမိဘဲ သူမ၏ အသားကိုထိကာ သူ၏ ဝိညာဉ်ချီများအား ထုတ်လွှတ်၍ သူမ၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်သောအခါမှသာ အာရုံခံမိလိုက်ခြင်းဖြစ်သည်။

” ဘာလို့ သူက ဒီအခြေအနေအထိဖြစ်သွားရတာလဲ။ သူရော အသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံခဲ့တာများလား။ ဒါပေမဲ့ အဲလိုဆိုရင်တောင် ဘာလို့ တခြားလူတွေနဲ့ မတူဘဲဖြစ်နေရတာလဲ ” ဝမ်ပေါင်လဲ့၏ အတွေးထဲ၌ သံသယမျိုးစုံ ပေါ်ပေါက်လာရပါသော်လည်း သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။ လီဝမ်အာမှာ လက်ထောက်မြို့တော်သခင်ဖြစ်ပြီး သူတို့၏ နှစ်ယောက်ကြား၌ ပဋိပက္ခများ ရှိနေသည့်တိုင်အောင် သူသည် သူမအား အသေခံနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် သူတို့နှစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည့် အခိုက်တန့်များလည်း ရှိနေသေးသည် မဟုတ်ပါလော။

ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ညာဘက်လက်အား မြှောက်ကာ လီဝမ်အာ၏ နဖူးပေါ်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ တင်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ချက်ချင်းပင် လည်ပတ်သွားပြီး စုပ်ယူအားတစ်မျိုးကို ဖန်တီးကာ အန္တရာယ်အား ဖယ်ရှားနိုင်ရန် လီဝမ်အာ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်ချီများကို စုပ်ယူလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset