Switch Mode

အခန်း (၄၁၅)

တာဝန်ခံမှုရှိခြင်း

မမလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ပုံရိပ်ယောင်နယ်မြေမှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါးဖြစ်သွားပြီး ဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့အား နယ်မြေအပြင်ဘက်သို့ တွန်းထုတ်လိုက်တော့သည်။

ပုံရိပ်ယောင်နယ်မြေကြီး ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားသောအခါမှ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အမြဲထာဝရ လှပနေခဲ့သည့် မမလေးမှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ ထို့နောက် သူမသည် သူ၏ ရင်ဘတ်ကို လက်ဖြင့်ပုတ်ရင်း မျက်မှောင်ကြုတ်သွားရ၏။ သူမ၏ မျက်နှာပေါ်တွင် စိတ်သောကရောက်နေရသည့် အမူအရာတစ်ကို မြင်နိုင်ပေသည်။ ထို့အပြင် သူမသည် ခြေထောက်ကိုပင် ‌ဆောင့်ချလိုက်သေးသည်။

” စောစောတုန်းက သူ့ကို လူတစ်ယောက်က တိုက်ခိုက်ခဲ့တာတဲ့လား။ ဘာလို့ ငါက အာရုံမခံမိခဲ့ရတာလဲ။ ပြီးတော့ အမှောင်မီးတောက် ရုတ်တရက် ပေါ်လာတာကိုလည်း ဘာလို့ ငါက မသိခဲ့ရတာလဲ။ ဒီ ငကြောင်ကောင်ကတော့ကွာ။ တခြားလုပ်စရာ မရှိဘူးလား မသိဘူး။ ဘာလို့ ငါ့ကိုပဲ ဒီလိုမေးခွန်းတွေ လာမေးနေရတာလဲ ”

” ကျောက်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူကြီး သူ့ကို စကား‌တွေ အများကြီးပြောခဲ့လို့ တော်သေးတယ်။ အဲ့လိုမှ မဟုတ်ရင် ဒီနေ့ ငါ အလိမ်ပေါ်နေလောက်ပြီ ” မမလေးမှာ စိတ်သောကရောက်ကာ ခေါင်းခဲနေရပြီဖြစ်သည်။ ထို့နောက် သူမ ယခင်တုန်းက ပုံကြီးချဲ့၍ ကြွားဝါပြောဆိုခဲ့မိသည့် စကားများကို နောင်တရနေတော့သည်။

” ငါ့အပြစ်မှ မဟုတ်ပဲ။ သူက အဲဒီပညာရပ်ကို တကယ်ကြီး တတ်မြောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာတုံး။ အဲ့လို တတ်သွားလို့ကို သူကို့ ငကြောင်တစ်ကောင်လို့ သတ်မှတ်လို့ ရနေပြီ ”

” ငါ ဉာဏ်ကောင်းပြီးတော့ သူ့ကို မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခု ပေးနိုင်လိုက်လို့ တော်သေးတယ်။ ဒီအောက်မှာ ရှိနေတဲ့ အမှောင်အဆောင်ပစ္စည်းကိုတော့ သူ တကယ်ကြီး မယူနိုင်လောက်ပါဘူးလေ ” မမလေးမှာ ထိုသို့တွေးမိလိုက်သောအခါမှ စိတ်နှလုံး ပြန်လည်တည်ငြိမ်သွားတော့သည်။ သို့သော်လည်း ခဏအကြာတွင် သူမမှာ ရင်ခုန်နှုန်းများ ပြန်၍ မြန်ဆန်လာပြီး သံသယများ ဝင်လာတော့သည်။ သူမဘက်မှ လုံးဝမဖြစ်နိုင်သော တာဝန်ကြီးတစ်ခု ပေးအပ်လိုက်သည့်အချိန်တိုင်း ဝမ်ပေါင်လဲ့မှာ သူ၏ အစွမ်းအစများကို ထုတ်ပြကာ သူမအား အံ့အားသင့်သွားစေခဲ့သည် မဟုတ်ပါလော…

” မဖြစ်နိုင်ပါဘူးလေ…. ဒီအောက်မှာ ရှိနေတဲ့အရာကြီးက အမှောင်အဆောင်ပစ္စည်းတစ်ခု ဟုတ်မဟုတ် ငါမသိပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အငွေ့အသက်ကြီး တစ်ခုကိုတော့ အာရုံခံမိနေတယ်… စိတ်ပူစရာ မလိုပါဘူး။ ဒီတစ်ခေါက်တော့ သူ အောင်မြင်နိုင်မှာ မဟုတ်လောက်ဘူး ” မမလေးမှာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီးမှ ရယ်မောလိုက်၏။ ထို့နောက် သူမ အအိပ်လွန်သွားခဲ့သောကြောင့် ခေါင်းနောက်နေရခြင်း ဖြစ်ရပေမည်ဟု တွေးလိုက်၏။ ထိုသို့သာ မဟုတ်ပါက အခြေတည်အဆင့်တွင်သာ ရှိနေသေးသည့် ဝမ်ပေါင်လဲ့မှာ ထို ရှားပါးရတနာကြီးအား ပိုင်ဆိုင်သွားနိုင်ခြေ ရှိပေသည်ဟု အဘယ့်ကြောင့် သူမ၏ ခေါင်းထဲ၌ တွေးနေရပါသနည်း။

” ငါက သူ့ကို စည်းကမ်းလိုက်နာပြီးတော့ ဖြည်းဖြည်းနဲ့ မှန်မှန် ကြိုးစားဖို့ အသိပေးနေရုံပါပဲ။ ဟုတ်တယ်။ ငါ ဒီလိုလုပ်နေတာ သူကောင်းဖို့အတွက်ပဲ ” သူမမှာ ထိုသို့တွေးလိုက်ပြီးနောက် စိတ်ကျေနပ်သွားပြီး သူမကိုယ်သူမ သတိပင် မထားမိဘဲ လေချွန်နေမိတော့သည်။ အနည်းငယ်ခန့် ကြာသောအခါမှ သူမသည် အထူးတဆန်း ဖြစ်နေသလို ခံစားလိုက်ရ၏။ သူမ၏ လေချွန်သံမှာ ငကြောင်ကောင် ဝမ်ပေါင်လဲ့ လေချွန်ခဲ့ဖူးသည့် သံစဉ်နှင့် တူနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမမှာ တစ်ခဏမျှ စိတ်တိုသွားရပြီး နောက်ထပ်သံစဉ်တစ်ခုကို ပြောင်းလိုက်ရတော့သည်….

မမလေးတစ်ယောက် သူမ၏ ဉာဏ်ပြေးမှုအား ကျေနပ်အားရနေစဉ် ပုံရိပ်ယောင်နယ်မြေထဲမှ တွန်းထုတ်ခံလိုက်ရသည့် ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်အခန်းထဲ၌ ထိုင်နေ၏။ သူသည် မမလေးပြောခဲ့သော စကားများကို ပြန်လည်စဉ်းစားတွေးတောနေခြင်း ဖြစ်သည်။ ထိုသို့ တွေးတောရင်း သူသည် မမလေး၏ ပြောစကားများမှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသည်ဟု ခံစားလာရ၏။ တစ်ချိန်ထဲမှာပင် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။

” ဒီအောက်မှာ ရှိနေတဲ့ ရတနာကြီးက သူ အရင်တုန်းက ချန်ခဲ့တဲ့ ပစ္စည်းတစ်ခုလို့ သူကတော့ ပြောတာပဲ။ စိတ်ကူးယဉ်လိုက်တာလဲ လွန်ပါရော။ သူက တော်တော်လေးကို လေလုံးထွားတာပဲ ” ဝမ်ပေါင်လဲ့မှာ စစချင်းတွင် သူမအား မယုံကြည်ပါသော်လည်း ခဏအကြာတွင် သံသယများ ဝင်လာရတော့သည်။ ထို့နောက် သူသည် မမလေးနှင့် အပြန်အလှန် ပြောခဲ့ဖူးသည့်စကားများကို ပြန်၍ တွေးတောလိုက်၏။ သူမသည် သူ့အား တစ်ကြိမ်ကလေးပင် လိမ်လည်လှည့်ဖျားဖူးခြင်း မရှိပေ။ သူမ ပေးအပ်ခဲ့သည့် ဝာာဝန်တိုင်းကို သူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်သာဖြစ်သည်။

ထိုကဲ့သို့ ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မယုံသင်္ကာ ဖြစ်နေရ၏။ ထို့ကြောင့် မမလေးမှာ ထိုအဆောင်ပစ္စည်းအား အမှန်တကယ် ချန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ခြေရှိကြောင်း ယူဆလိုက်၏။

” တကယ်လို့သာ သူ့ရဲ့စကားက အမှန်ပဲဆိုရင် ငါ အဲဒီအဆောင်ပစ္စည်းကို ယူဖို့ ကြိုးစားကြည့်လို့ အကျိုးမယုတ်နိုင်ပါဘူး။ မမလေး ပြောသမျှ စကားတိုင်းက မှန်ခဲ့တာပဲကို။ သူ့ရဲ့ နောက်ကြောင်းကိုတော့ အခုအထိ ငါ သေချာမသိသေးဘူး။ ဒါပေမဲ့ သူ့ရဲ့ ကျောထောက်နောက်ခံက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်က အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက် ဖြစ်နေလောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်လှုပ်ရှားသွား၏။ ထို့နောက် မမလေးပြောခဲ့သည့် အမှောင်အစေခံဆိုသည့် စကားကို ပြန်၍ အမှတ်ရသွား၏။ ထို့ကြောင့် သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့သည့်လူမှာ သူထင်ထားသလောက် အထင်ကြီးစရာမရှိသလို အစွမ်းထက်မည်မဟုတ်ကြောင်း ရုတ်တရက်ဆိုသလို ခံစားလိုက်ရ၏။

” သူက အထင်ကြီးဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါက ထင်ထားခဲ့တာ။ လက်စသတ်တော့ အစေခံတစ်ယောက် ဖြစ်နေတာကိုး ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ဘဝင်မြင့်သွားပြီး သူ၏ဗိုက်အား ဝမ်းအားရနှင့် ပုတ်မိလိုက်၏။ ထို့နောက် မမလေးမှာ သူ့အား အကူအညီအများကြီး ပေးလေ့ရှိကြောင်း ပို၍ပင် ယုံကြည်လာရတော့သည်။

” ဒါပေမဲ့ ငါ အခုလို အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့ အကြောင်းအရင်းက ငါ့ရဲ့သွေး‌ချွေးတွေကို ပေးဆပ်ပြီးတော့ ကြိုးစားခဲ့လို့ပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ကြိမ်းဝါးလိုက်ပြီး မာန်မာနထောင်လွှားနေ၍ မဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်၏။ ထို့အပြင် သူသည် ထို အောင်မြင်မှုများနှင့်အတူ ပါရှိလာမည့် တာဝန်ဝတ္တရားများကို ခေါင်းရှောင်ကာ မမလေးပေါ်သို့ မပုံအပ်သင့်ကြောင်း ဆုံးဖြတ်လိုက်၏။ သူသည် သူ၏ ဝန်ထုပ်ဝန်ပိုးများနှင့် တာဝန်ဝတ္တရားများကို သူကိုယ်တိုင် ဖြေရှင်းနိုင်စွမ်းရှိသည့် ယောက်ျားကောင်းတစ်‌ယောက် မဟုတ်ပါလော။

” ငါက ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာဆိုတော့ မမလေး မရှိခဲ့ရင် ဒီလို အဆင့်အထိ ရောက်မလာနိုင်ဘူးဆိုပြီးတော့ ဟန်ဆောင်မနေတော့ပါဘူး ” ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ကျင့်တရားများမှာ အမြဲတမ်း မှန်ကန်ဖြောင့်မတ်မှုရှိကြောင်း ယုံကြည်ထား၏။ ယခုတွင်မူ သူသည် စိတ်ဓာတ်များ တက်ကြွနေပြီ ဖြစ်သည်။ ထို့နောက် သူသည် လေ့လာရေးစက်ရုံတွင် သိရှိခဲ့ရသည့် ဝိညာဉ်ဆန့်ကျင်ဗုံးနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ပြန်၍ အမှတ်ရသွား၏။

” ဆန့်ကျင်ရုပ်ဒြပ်နဲ့ ရိုးရိုးရုပ်ဒြပ်တွေရဲ့ ရိုက်ခတ်မှု…. ”

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ဝိညာဉ်ချီနှင့် အမှောင်ချီတို့အား ရိုက်ခတ်အောင်လုပ်၍ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူ ဘယ်နှကြိမ်အထိ ကြိုးစားစေကာမူ မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။ ထိုစွမ်းအင်နှစ်မျိုးမှာ အပြန်အလှန် ချေဖျက်ပစ်ကြသည်သာ ဖြစ်သောကြောင့် တစ်ခုနှင့်တစ်ခု ရိုက်ခတ်သွားသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားကြသည်သာဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြံရာမရ ဖြစ်နေရတော့သည်။ သို့သော် သူသည် သူ၏ ယူဆချက်မှာ မှန်ကန်ရမည်ဟု ယုံကြည်နေဆဲပင်။ သူ သိရှိနားလည်ထားသည့် ဗဟုသုတများ မလုံလောက်သေးသောကြောင့်သာ မအောင်မြင်နိုင်ဘဲ ဖြစ်နေရသည်ဟု မှတ်ယူလိုက်၏။

” ထားပါတော့။ ဒီကိစ္စကို ခဏမေ့ထားလိုက်မယ်။ သင့်တော်တဲ့ အချိန်တစ်ခုခု ရောက်မှပဲ ဒီဘက် ပြန်လှည့်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏ စမ်းသပ်မှုများကို ရပ်တန့်လိုက်၏။ ထို့နောက် သူသည် မြို့တော်ကြီး၏ မန္တန်အစီအရင်ကြီးအား ထပ်၍ စစ်ဆေးကြည့်ရှုလိုက်ပြန်သည်။ ထိုအခါမှသာ သူသည် စိတ်ချလက်ချ ဖြစ်သွားရပြီး တံခါးပိတ်လေ့ကျင့်ကာ ဓမ္မလက်နက်များအား စတင်လေ့လာနေလိုက်တော့သည်။

သူသည် လေ့လာရေးစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဓမ္မလက်နက်ဖန်တီးခြင်းပညာရပ်ထဲ၌ ပါသည့် မိုးကောင်ကင်လှုံ့ဆော်ခြင်းအဆင့်အား ပို၍ နားလည်သွားခဲ့၏။ အစတွင် သူသည် မြို့တော်သို့ ပြန်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် တံခါးပိတ်လေ့ကျင့်ကာ သူ သိရှိခဲ့ရသည့် အချက်အလက်များကို တစ်ဖန်ပြန်လည် တွေးတောသုံးသပ်ရန် ကြံရွယ်ထားခဲ့၏။ သို့သော်လည်း အသက်ရှည်နည်းပညာရပ် ကိစ္စကြီးကြောင့် သူ၏ အစီအစဉ်များမှာ နှောင့်နှေးသွားခဲ့ရသည်။ ယခုတွင် ပြဿနာအားလုံး ပြေလည်သွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ကြိုးကိုင်ရှင်အား မဖမ်းမိနိုင်ခဲ့သည့်‌တိုင်အောင် သူ့ကိုယ်သူ သူ၏ ပြိုင်ဘက်ထက်ပို၍ သာလွန်နေသည်ဟု မှတ်ယူထား၏။ မမလေးပြောခဲ့သည့်အတိုင်း သူသည် အဆင့်နိမ့်အစေခံတစ်ယောက်သာ မဟုတ်ပါလော။

ထို့ကြောင့် သူသည် စိတ်ခံစားချက်များကို မေ့ပျောက်ထားလိုက်ပြီး ဓမ္မလက်နက်သန့်စင်ခြင်းပညာရပ်ထဲရှိ မိုးကောင်းကင်လှုံ့ဆော်ခြင်းအဆင့်အား ပို၍နားလည်လာအောင် လုပ်ရန် ကြိုးစားလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်းနှင့် ကုန်လွန်သွားပြီး သုံးရက်တိတိ ကုန်ဆုံးသွား၏။ အသက်ရှည်နည်းပညာရပ် အရှုပ်ထုပ်ကြီးအား ဆက်လက်ရှင်းလင်းနေကြဆဲပင်။ တစ်ရက်တည်းနှင့် အမြစ်ပြတ်အောင် ရှင်းလင်းရန်မှာ မဖြစ်နိုင်သောကြောင့် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည့် အမည်မဖော်နိုင်သေးသော ကျင့်ကြံသူအနည်းငယ်ခန့် ကျန်ရစ်နေဆဲပင်။ ထို့ကြောင့် သက်ဆိုင်ရာနယ်မြေတစ်ခုချင်းစီတိုင်းမှာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပေသည်။ သို့သော် သူတို့မှာ ပြဿနာကြီးကြီးမားမား ပေးနိုင်ကြမည်တော့ မဟုတ်ပေ။

ထို့အပြင် မြို့တော်အသစ်သို့ လူဦးရေ အလုံးအရင်း ရွှေ့ပြောင်းမည့် အဆိုပြုချက်ကိုလည်း ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရတို့က ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သိပ်မကြာခင်တွင် မြို့တော်သစ်သို့ ပြောင်းရွှေ့လာကြမည့် လူများအား တင်ဆောင်လာကြသည့် သင်္ဘောပျံများမှာ မြို့တော်သစ်ထဲသို့ တစ်သုတ်ပြီးတစ်သုတ် ဆိုက်ရောက်လာကြတော့သည်။

သူတို့ထဲမှ အများစုမှာ ပင်မအင်္ဂါဂြိုဟ်မြို့‌မှ ဖြစ်ကြပါသော်လည်း အချို့အဝက်မှာ ကမ္ဘာမှ ရောက်လာကြခြင်းဖြစ်သည်။ ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရဘက်မှ အင်တိုက်အားတိုက် စည်းရုံလှုံ့ဆော်ခဲ့သောကြောင့်သာ ယခုလောက် လူအများကြီးကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်၏။ ထို့အပြင် အကျိုးခံစားခွင့်များနှင့် ထောက်ပံ့ငွေမြောက်မြားစွာကိုလည်း ပေးအပ်ဦးမည် ဖြစ်သောကြောင့် ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးမှာ ချောမွေ့နေတော့သည်။

ထို ပြောင်းရွှေ့လာကြသည့် လူများနှင့်အတူ အဆင့်နိမ့် ပြည်ထောင်စုအရာရှိ မြောက်မြားစွာလည်း ရောက်ရှိလာကြသည်။ လူဦးရေ သိသိသာသာ တိုးတက်သွားခဲ့သည်ဖြစ်သောကြောင့် ရာထူးအကြီးပိုင်းများတွင် လူအင်အားအလုံအလောက် ရှိပါသော်လည်း အောက်ခြေပိုင်း အစိုးရ ရာထူးများတွင်မူ လူအင်အား မလုံလောက်ပဲဖြစ်နေရ၏။ သို့ဖြစ်ရာ တာအိုကျောင်းလေးနှင့် အခြားနိုင်ငံရေးအင်အားစုများ၏ ပူးပေါင်းဆောင်ရွက်မှု တစ်ခုတည်းနှင့် အရာအားလုံးကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရတို့ဘက်မှလည်း လူအင်အားများစေလွှတ်ပေးရန် လိုအပ်ပေသည်။

ထို လူများထဲတွင် လီရှို့ ပါဝင်နေ၏။ သူသည် သူ၏ဖခင်ဆီမှ အကူအညီ တောင်းခဲ့ခြင်းမရှိဘဲ သူ့အားသူကိုး၍ ကြိုးစားခဲ့ပြီး ပြောင်းရွှေ့အခြေချ နေထိုင်ကြမည့် လူသစ်များနှင့်အတူ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာ၏။ သူ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် သူ၏အစ်မဖြစ်သူနှင့် သူ၏ ယောက်ဖလောင်းဆီသို့ အရင်ဆုံး သွားမတွေ့ခဲ့ဘဲ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာခဲ့၏။

သူသည် ယခင်တုန်းက လင်းတျန်ဟောက်နှင့် ခင်မင်ရင်းနှီးခဲ့၏။ ထို့ကြောင့် လင်းတျန်ဟောက်မှာ အသက်ရှည်နည်းပညာရပ် ကိစ္စကြီးနှင့် ပတ်သတ်‌၍ ပထမဆုံးအကြိမ်အဖြစ် စုံစမ်းစစ်ဆေးခဲ့ရာမှ ရရှိခဲ့သည့် အချက်အလက်များကို ဝမ်ပေါင်လဲ့၏ အိမ်ရာ၌ အစီရင်ခံတင်ပြနေရင်း လီရှို့အကြောင်း ထုတ်ပြောလိုက်၏။

” မြို့တော်သခင်။ ကျနော်က မြို့‌တော်နယ်မြေ‌ တစ်ခုချင်းစီထဲက အသက်ရှည်နည်းပညာရပ် ကျင့်ကြံတဲ့လူတွေကို စာရင်းလိုက်ကောက်နေတုန်း။ နှစ်ရက်သုံးရက်လောက်နေရင်တော့ အချက်အလက်တွေ အကုန်လုံးကို အသေးစိတ်စာရင်းပြုစုပြီး မြို့တော်သခင်ဆီ အစီရင်ခံနိုင်လောက်တယ်။ ဒါနဲ့… လီရှို့လည်း အင်္ဂါဂြိုဟ်ပေါ် ရောက်လာပြီနော်။ သူက မြို့တော်သခင်နဲ့ တွေ့ခွင့်ရဖို့ ကျနော့်ဆီလာပြီးတော့ ပြောထားတာ ”

” လီရှို့ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်၏ စကားကိုကြားလိုက်ရပြီးနောက် အထူးတဆန်းဖြစ်သွား၏။ ထို့နောက် သူသည် လီရှို့နှင့် တွေ့ရန် သဘောတူလိုက်၏။ ထိုအကြောင်းကို ကြားသိလိုက်ရသော လီရှို့မှာလည်း စိတ်လှုပ်ရှားသွားပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ဝမ်ပေါင်လဲ့၏ အိမ်ရာဆီသို့ ချက်ချင်းပင်ရောက်ရှိလာတော့သည်။

လီရှို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ခြေလှမ်းများ မြန်ဆန်လာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးကာ အသံအကျယ်ကြီး နှုတ်ဆက်လိုက်၏။

” ကျနော် ရှို့အာ ကျနော့်ရဲ့ ယောက်ဖ မြို့တော်သခင်ကို ဂါဝရပြုပါတယ် ”

ထိုစကားကြောင့် လင်းတျန်ဟောက်မှာ ဆွံ့အမှင်တက်သွားရ၏။ ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးပင့်ကာ မချိုမချဉ်အပြုံးဖြင့် လီရှို့အား အကဲခတ်လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်၏။

” စကားကို ကောင်းကောင်းပြောစမ်းပါ။ မင်းရဲ့ ယောက်ဖက မြို့တော်သခင်မဟုတ်ဘူးလေ။ သူက မြို့တော်ဝန်တစ်ယောက်ပါကွ ”

လီရှို့မှာမူ အနည်းငယ်လေးပင် အရှက်ရသွားသည့်ပုံ မပေါ်ဘဲ ခေါင်းမော့လာပြီး သူ၏ရင်ဘတ်ကို ထုလိုက်၏။ ထို့နောက် သူသည် မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် ဆက်ပြောလိုက်၏။

” လီရှို့ရဲ့ ရင်ထဲမှာ ယောက်ဖတစ်ယောက်ပဲ ရှိတာပါ။ အဲ့တာ မြို့တော်သခင်ပါပဲ။ ချန်းမုဆိုတဲ့ ကောင်ကို ကျနော် လုံးဝအသိအမှတ်မပြုနိုင်ဘူး။ သူက ဘာကောင်မလို့လဲ။ သူက ကျနော့်ရဲ့ ယောက်ဖ‌လောက် ရုပ်မချောသလို၊ လုပ်ရည်ကိုင်ရည်လည်း မရှိတဲ့အပြင် ခန္ဓာကိုယ်ကလည်း ကျစ်လျစ်သွယ်လျမနေဘူးလေ။ ပြီးတော့ သူ့အသက်နဲ့မှမလိုက် ပဏာမအဆင့်လေးရာထူးမှာပဲ ရှိသေးတယ်။ သူက အမှိုက်ထက်ကို ပိုပြီးတော့ တန်ဖိုးမရှိတဲ့လူတစ်ယောက်ပဲ ”

” စိတ်မပူပါနဲ့ ယောက်ဖ။ ကျနော်က သူ့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲမှာ အခြေချနေထိုင်ဖို့ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်လာတာပါ။ အဲဒီ မျိုးမစစ်ကောင်ကို ကျနော် သေသေချာချာ စောင့်ကြည့်ပေးထားမယ်။ မြို့တော်သခင်ဘက်က ဘာမှလုပ်စရာမလိုဘူး။ သူ့ကို ရှင်ထုတ်ပစ်နိုင်မယ့် အခွင့်ရေးတစ်ခုခုကို ကျနော် မရရအောင် ရှာပြမယ်။ သူ့လို ရွံစရာကောင်ကများ ယောက်ဖဆီကနေ ကျနော့်ရဲ့ အစ်မကို လုယူရဲရတယ်လို့ ”

လင်းတျန်ဟောက်မှာ လီရှို့၏ စကားများကို ဂရုစိုက်သည့်ပုံ မပေါ်ပါတော့လည်း မျက်လုံးများ မှေးသွား၏။ သူသည် လျှိုတောက်ပင်း ရောက်ရှိလာပြီးနောက် နောက်ထပ် အန္တရာယ်တစ်ခု ထပ်၍ရောက်ရှိလာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏….

ဝမ်ပေါင်လဲ့ကမူ လီရှို့အား အကဲခတ်ရင်း အလွန်အင်မတန်မှ ကျေနပ်နေရတော့သည်။ လီရှို့မှာ လိုအပ်ချက်များစွာ ရှိနေသေးပါသော်လည်း စွဲမက်ဖွယ်ရာ အရည်အချင်းအချို့ကို ပိုင်ဆိုင်ထားသည် ဖြစ်သည်။ ‌ဥပမာပြရင်လျှင် သူ ယခုကဲ့သို့ အမှန်တရားကို တည့်တိုးပြောရဲသည့် အချက်မှာ အထူးကောင်းမွန်သော အရည်အချင်းတစ်ခုပင်ဖြစ်သည်။

” မြို့တော်ဝန်ချန်းကလည်း ပြည်ထောင်စုအရာရှိတစ်ယောက်ပါပဲ။ မင်း သူ့ကို မျိုးမစစ်လို့ခေါ်တာ မသင့်တော်ဘူး။ လူအများရှေ့မှာ နောက်ထပ် အဲလိုမပြောနဲ့ ” ဝမ်ပေါင်လဲ့၏ စကားလုံးများမှာ ခက်ထန်တင်းမာနေသည့်တိုင်အောင် သူသည် စိတ်ထဲ၌ကျိတ်၍ ကျေနပ်နေသည်ကို အထင်အရှားမြင်နိုင်ပေသည်။

ထိုအခါ လီရှို့မှာ မျက်လုံးများ အရောင်လက်သွားရပြီး သူ၏ မြှောက်ပင့်စကားများမှာ အလုပ်ဖြစ်သွားပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် သဘောတူလိုက်၏။

” မင်းက မြို့တော်ဝန်ချန်းအပေါ် ဒီလောက်အငြိုးကြီးနေမှတော့ မြို့တော်သခင်တစ်ယောက်နေနဲ့ ငါ့ဘက်က ဝင်ရောက်စွက်ဖက်လို့ ဘယ်ဖြစ်ပါ့မလဲ။ တစ်ခုခုဖြစ်သွားရင်တောင် မိသားစုဝင်အချင်းချင်း သဘောထားကွဲလွဲကြတယ်လို့ပဲ လူတွေက ထင်ကြမှာ။ အဲ့အချိန်ကျရင် ငါကလည်း နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနိုင်းပေးရုံကလွဲလို့ တခြား ဘာမှလုပ်နိုင်မှာမဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ လီရှို့အား အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်၏။

လီရှို့မှာလည်း လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက သူက အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့ဆီသို့ ရောက်လာခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ကောင်းကောင်းကြီးနားလည်ထား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ရပ်တည်ချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း သူက သဘောပေါက်သွားတော့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ စကားများအား သေသေချာချာ စဉ်းစားသုံးသပ်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ့အား အလုပ်နှင့် သက်သေပြရန် အရိပ်အမြွက် ပြနေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်၏ ”

” မြို့တော်သခင် ယောက်ဖ၊ စိတ်မပူပါနဲ့။ ကျနော် အခုချက်ချင်း သွားလုပ်လိုက်ပါမယ် ” လီရှို့မှာ စိတ်အားထက်သန်စွာဖြင့် ရင်ဘတ်ကိုပုတ်ပြလိုက်၏။ သူသည် အင်္ဂါဂြိုဟ်‌ပေါ်သို့ မရောက်လာခင်ကတည်းက သေသေချာချာ စဉ်းစားတွေးတောခဲ့ပြီးနောက် ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သူသည် ချန်းမုထက် အဘက်ဘက်မှ သာလွန်နေသည်မဟုတ်ပါလော။

သူ့ဆီတွင် အစ်မတစ်ယောက်သာ ရှိသည်ဖြစ်ရာ သူမအား တစ်ကြိမ်ခန့်သာ အသုံးချခွင့် ရှိမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ချန်းမုအစား ဝမ်ပေါင်လဲ့အား ရွေးချယ်လိုက်ရခြင်းဖြစ်၏။ သူနှင့် သူ၏ဖခင်ဖြစ်သူတို့မှာ ဤကိစ္စနှင့် ပတ်သတ်၍ သဘောထားများ ကွဲလွဲခဲ့ကြ၏။ လီရှို့မှာ လပေါ်၌ ကြုံခဲ့ရသည့် ဖြစ်ရပ်ကြီးကြောင့် ဝမ်ပေါင်လဲ့အား လေးစားကြောက်ရွံ့နေခဲ့ရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ရာထူးများ တိုးသွားခဲ့သောကြောင့် သူ့အပေါ် ထားရှိသော လီရှို့၏ ရိုသေလေးစားမှုများမှာ ပို၍ပင်ကြီးထွားလာရပြီး နောက်ဆုံးတွင် သူ့အား ကြည်ညိုကိုးကွယ်လိုသည့် အဆင့်အထိ ရောက်ရှိလာရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset