သူ၏ အင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်းသည် မကျေမနပ်နှင့် ထိုင်ကာ သက်ပြင်းချလျက်ရှိသည်။ သူသည် လူလိမ်ညမုဆိုးနှင့် ပတ်သက်၍ မည်သို့တွေးရမည်ကို မသိတော့ချေ။ တစ်ဖက်တွင် သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေသည်။ သို့သော်လည်း သူ့နေရာတွင် ဝင်နေလျှင် သူတွေ့မိသမျှ မိန်းကလေးတိုင်းနှင့် ဆက်ဆံရေး တစ်ခုခုရှိနိုင်သည်ကို လက်ခံရလိမ့်မည်။ ထိုမိန်းကလေးများက အချောအလှလေးများဆိုလျှင် သူတို့၏ ချစ်မြတ်နိုးခြင်းကို အသိအမှတ်ပြုရန်အတွက် သူစဥ်းစားရဦးမည်။
သို့သော် ကံဆိုးစွာဖြင့် ညမုဆိုးကို ဆေးလုံးများ စိတ်လိုလက်ရပေးတတ်သော မိန်းကလေးများမှာ တစ်ယောက်မှ ကြည့်ပျော်ရှုပျော်မရှိကြပေ။
“ငါ တကယ်ဘယ်သူလဲဆိုတာကို တစ်ယောက်မှ မသိကြတာ တော်သေးတာပေါ့။ မဟုတ်ရင် ငါ့ရဲ့ စစ်မှန်တဲ့ ဂုဏ်သိက္ခါတွေ ထိခိုက်တော့မလို့။ ” သက်ပြင်းချလိုက်ကာ အနာဂတ်တွင် အခန်းအောင်းနေရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက စတင်လေ့ကျင့်သည်။ ပြောရလျှင် သူသည် ကျင့်ကြံခြင်းကို ကြိုးစားပမ်းစားလုပ်မည် မဟုတ်ပေ။ သို့သော် ထာဝရကောင်းကင်ဘုရင်ကို ဤနေရာတွင် ကျင့်ကြံခြင်းသည် အကျိုးကျေးဇူးများပြားလှရာ မကျင့်ဘဲ မနေနိုင်အောင် ဖြစ်သည်။ သူသည် ဤနေရာတွင် နှိုင်းယှဥ်၍ မရလောက်သော အခွင့်အရေး ရှိနေသည်ကို သိကာ လက်လွှတ်မခံနိုင်ပေ။
အနည်းငယ်တွေးတောပြီးနောက် သူသည် ထာဝရအသက်ရှည်နည်းပညာရပ်ကို သုံးကာ စစ်မှန်သော ထာဝရသွေး ထုတ်ယူရန်ပင် ကြိုးပမ်းခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် ထာဝရသွေးသည် နောက်ဆုံးအဆင့်ရောက်မှသာ ထွက်ပေါ်လာမည်ဖြစ်ရာ ယခုအချိန်တွင် ဤနေရာမှ သွေးချီများကို စုပ်ယူရန်သာ တတ်နိုင်သည်။ ယခုအချိန်တွင်မူ ထာဝရသွေးအဖြစ် ပြောင်းလဲရန် မဖြစ်နိုင်သေးပေ။
သို့တိုင်အောင် သူ့ရှေ့တွင် မြင်နေရသော မျှော်လင့်ချက်များကြောင့် စိတ်လှုပ်ရှားလျက်ရှိသည်။ သူသည် ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကိုလည်း လျှို့ဝှက်စွာ ကျင့်ကြံလျက်ရှိပြီး သူ၏ စိတ်စွမ်းအင်ပင်လယ်ထဲတွင်ကောင်းကင်တံတားမြစ်ရေကို ဆက်လက် ပျော်ဝင်စေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက အဆက်မပြတ် တိုးတက်လျက်ရှိသည်။ ထို့အပြင် မျက်နှာဖုံး၏ စွမ်းအားကြောင့် ဖုံးကွယ်နေသော သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးသည်လည်း ပို၍ အင်အားကြီးလာသည်။
သူ အမျှော်လင့်ဆုံးအရာမှာ တောင်ဖြိုသိုင်း ဖြစ်သည်။
” ဆင်၁၀ကောင် စွမ်းအားအထိ ရရှိပြီးသွားရင် ဝိညာဥ်ခန္ဓာကိုယ် ဖော်ဆောင်နိုင်မယ်။ အဲ့တာဆို ထာဝရကောင်းကင်ဘုရင်ရဲ့ ပထမအဆင့်ကို ပြီးဆုံးမယ်။” ထာဝရကောင်းကင်ဘုရင်ကျမ်းကို ဆက်လက်ကျင့်ကြံကာ သွေးချီကို စုပ်ယူသည်တွင် သူ၏ စွမ်းအားများ တိုးတက်လာသည်ကို ခံစားနေရသည်။
“ရက်နည်းနည်းလောက်ကြာရင် ငါ့မှာ ဆင်နှစ်ကောင် စွမ်းအားထိ ရလာတော့မှာ။ ငါက ဆင်ဆယ်ကောင်ရဲ့ စွမ်းအားထိ ရဖို့နီးစပ်နေပြီ။ ဒါတောင် လက်ဖမိုးပေါ်မှာပဲ ရှိနေသေးတာ။ ငါ လက်ချောင်း၁ခုခုပေါ် ရောက်တာနဲ့ ပိုပြီး မြန်မြန် တိုးတက်လာဦးမှာ။” သူသည် စိတ်လှုပ်ရှားကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ထိပ်ငါးခုလုံးတွင် သွေးရေတံခွန်များရှိသည်ကို တွေးမိသွားသည်။ သူသည် သွေးရေတံခွန်တစ်ခု၏ အနီးတွင် ကျင့်ကြံခြင်းကို လုပ်ဆောင်နိုင်ပါက တိုးတက်မှုမှာ အံ့မခန်းဖြစ်ပေမည်။
သက်ပြင်းချလိုက်ကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် အမှန်တကယ်ပင် သူ့အတွက် အောင်မြေဖြစ်နေသည်ကို တွေးနေမိသည်။
သူသည် သံလိုက်စွမ်းအင်နှင့် လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ်ကိုလည်း မစွန့်လွှတ်နိုင်သေးပေ။ လတ်တလောတွင် စမ်းသပ်ချက်များ မလုပ်ဆောင်ရသေးသော်လည်း ထိုအကြောင်းအရာကို စဥ်းစားသုံးသပ်ကာ အချိန်အတော်များများ ကုန်ဆုံးခဲ့သည်။
တစ်လခန့် ကြာမြင့်သွားခဲ့လေသည်။
ထိုအချိန်အတွင်းတွင် သူ၏ အင်မော်တယ်ဂူထဲမှ လုံးဝမထွက်ခဲ့ပေ။ သို့သော်လည်း အပြင်ဘက်ကို ကြည့်ရှု လေ့လာနိုင်ရာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ၁ယောက်နှင့် ၁ယောက် မကြာခဏတိုက်ခိုက်ကြသည်ကို တွေ့ရသည်။ တစ်ခါတတရံမှာ သူသည် ဂိုဏ်းသားတစ်ယောက်က သူ၏ အင်မော်တယ်ဂူနှင့် ခပ်လှမ်းလှမ်းတွင် အသတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအချင်းအရာသည် စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့ပါက ကိစ္စကြီးတစ်ရပ် ဖြစ်သွားပေမည်။ သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်မူ အကြီးအကျယ်မဖြစ်လိုက်ချေ။ သို့သော် ဖြတ်သွားဖြတ်လာတစ်ယောက်ဆီမှ ကြားရသည်မှာ အခြားဂိုဏ်းသားကို သတ်ခဲ့သော ထိုလူမှာလည်း နောက်ဆုံးတွင် အသတ်ခံလိုက်ရသည်ဟု သိရသည်။ မည်သို့ပင် ဖြစ်စေ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် တိုက်ခိုက်ခြင်းကို ခွင့်ပြုထားသော်လည်း သတ်ဖြတ်ခြင်းကို တားမြစ်ကာ သူတို့၏ စည်းကမ်းများကို တင်းကြပ်ထားသည်။ စည်းကို ကျော်မိသည့် မည်သူမဆို လူမဆန်သော အဆုံးသတ်ကို တွေ့ကြုံရမည် ဖြစ်သည်။
“ကင်းမြီးကောက်မွေးတာ ကျနေတာပဲ…။ ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ပရမ်းပတာနှင့် စည်းမျဥ်းများ မရှိဟု ထင်ရသော်လည်း အမှန်တကယ်မှာ အစီအစဥ်တကျရှိပေသည်။
ရက်အနည်းငယ် ကုန်ဆုံးသွားပြန်ကာ အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေများတွင် ကျရှုံးခဲ့သူများအတွက် အစီအစဥ်တစ်ခု ပြုလုပ်ပေးထားသည်ဟူသော သတင်းစကားများ ပျံ့လွင့်လာသည်။
စည်းဝေးပွဲမှ ဂိုဏ်းသား ပြောခဲ့သည့်အတိုင်းပင် သူတို့သည် အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိရန် နတ် မီးလျှံစမ်းသပ်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
နတ်မီးလျှံစမ်းသပ်ပွဲကို ဝင်ရောက်နိုင်ရန်မှာ ဂိုဏ်းမှ စေခိုင်းသော တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ တစ်ယောက်ချင်းစီသည် မတူညီသော တာဝန်များကို လက်ခံရရှိခဲ့ရာ ပိုင်ရှောင်ချန်းသည် ရုပ်အလောင်းတောင်ထိပ်သို့ သွားရောက်၍ ရုပ်အလောင်းသန့်စင်ရမည် ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် တာဝန်မှာ အနည်းငယ် အော်ဂလီဆန်စရာကောင်းသည်ဟု တွေးနေမိသည်။ သို့သော်လည်း အလောင်းများနှင့် လုပ်ကိုင်ရမည်မှာ မနှစ်မြို့သော်လည်း သူသည် တာဝန်ကို ပြောင်းလဲရန်မူ မတတ်နိုင်ပေ။ နောက်ဆုံးတွင် ထာဝရတည်မြဲခြင်းအမွေကို ဆက်ခံလိုပါက အံကို ကြိတ်ကာ တာဝန်ကို လက်ခံရမည်ဖြစ်သည်။
ဤနည်းမှာ နတ်မီးလျှံစမ်းသပ်ပွဲသို့ ဝင်ရောက်ခွင့်ရကာ အခြေခိုင်မာခြင်းဆေးလုံးကို ရရှိပြီး အခြေခိုင်မာခြင်းအဆင့်ကို ရောက်ရှိ နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ထို့နောက် သူသည် အလယ်တောင်ထိပ်တွင် ဓမ္မအစောင့်အရှောက်ဖြစ်လာရန် ရွေးချယ်နိုင်ပေမည်။
သူသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ အလာတွင် မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အဖြစ် ဖော်ပြရန် မကြာခဏတွေးခဲ့ဖူးသည်။ မြေခဓါးချောက်ထဲမှ လွတ်ထွက်လာနိုင်ခဲ့သော ဂိုဏ်းသားအချို့သည် ညမုဆိုး အသတ်ခံလိုက်ရသည်ကို မြင်တွေ့ပြီး ဖြစ်နိုင်သော်လည်း ယခု အသက်ရှင်လျက်ရှိသည်ကို ရှင်းပြရန် နည်းလမ်းများရှိပေသည်။ မည်သို့ပင် ဖြစ်စေ လူတိုင်းတွင် အသက်ကယ်မှော်ပညာရပ်များ ရှိကြပေသည်။ သို့သော်လည်း မြေစီးကြောင်းအခြေခိုင်မာခြင်း ကျင့်ကြံခြင်းအခြေခံနှင့် ပြန်ပေါ် လာခြင်းမှာမူ မတူညီသော ကိစ္စရပ်တစ်ရပ် ဖြစ်သည်။ မြေခဓါးချောက်ထဲတွင် အဆုံးတိုင်အောင် ဖရိုဖရဲဖြစ်ခဲ့သော်လည်း လူတိုင်းသည် မြေစီးကြောင်းစွမ်းအင်နှင့် မည်သူ စုပ်ယူနေသည်များကို အပြည့်အဝ အာရုံစိုက်ထားကြသည်။
ဂိုဏ်းဆီသို့ မြေစီးကြောင်း အခြေခိုင်မာခြင်းကျင့်ကြံသူအဖြစ် ပြန်လာခြင်းသည် သံသယဝင်စရာကောင်းလှသောကြောင့် နောက်ဆုံးတွင် ထိုအကြံကို စွန့်လွှတ်လိုက်ရသည်။
နောက်နေ့ အရုဏ်တက်တွင် ပိုင်ရှောင်ချန်းသည် သူ၏ အင်မော်တယ်ဂူထဲမှ စိတ်အားထက်သန်စွာ ထွက်လာလေသည်။ တာဝန်ကျောက်စိမ်းပေလွှာကို သူနှင့်အတူ ယူဆောင်လာကာ ရုပ်အလောင်းတောင်ထိပ်သို့ ဦးတည်သွားလေသည်။ ထိုကျောက်စိမ်းပေလွှာရှိမှသာလျှင် ရုပ်အလောင်းတောင်ထိပ်ကို အမှန်တကယ် ဝင်ရောက်နိုင်မည် ဖြစ်သည်။
ရုပ်အလောင်းတောင်ပေါ်တွင် ရုပ်အလောင်းသန့်စင်ရာ နေရာများစွာရှိလေသည်။ တောင်ခြေတွင်ပင် အနည်းငယ်ရှိလေသည်။
ထိုနေရာသို့ သွားကာ ပိုင်ရှောင်ချန်းသည် သူ၏ တာဝန်ကို လက်ခံရမည်ဖြစ်သည်။ အဝေးမှပင် သူ၏ ဦးတည်ရာဖြစ်သော ရုပ်အလောင်းသန့်စင်ရာ နေရာကို တွေ့မြင်နိုင်ပေသည်။ ၎င်းသည် ကြီးမားကာ မြင့်မားသော အဆောက်အဦးဖြစ်ကာ နက်စွေးသော အရောင်ရှိသည်။ ဘေးဥပါဒ်ဖြစ်နိုင်သော အနက်ရောင် မီးခိုးများသည် အဆောက်အဦး၏ ထိပ်မှနေ၍ ကောင်းကင်ဆီသို့ လွင့်တက်လျက်ရှိသည်။
အဆောက်အဦးတွင် ဝင်ပေါက်၊ ထွက်ပေါက်များ များပြားလှကာ ၎င်းတို့မှ အတွင်းစည်းဂိုဏ်းသားများသည် ဥဒဟို ဝင်ထွက်သွားလာနေကြသည်။ အဆောက်အဦးထဲမှ ထွက်လာသော ဂိုဏ်းသားများ၏ မျက်နှာမှာ လေးနက်သော အမူအရာများဖြင့် ရှိနေကာ အသားအရေများမှာလည်း နေ့အလင်းရောင်ကို နှစ်ချီ မတွေ့ရသည့်အလား ဖြူေရာ်လျက်ရှိသည်။ ထိုသူများသည် ပိုင်ရှောင်ချန်းကဲ့သို့ ကျင့်ကြံရန်နှင့် လေ့လာရန်အတွက် ဂိုဏ်းမှ ပေးအပ်ထားသော ရုပ်မအလောင်းသန့်စင်ခြင်း တာဝန်များကို လက်ခံကာ စတင်လုပ်ကိုင်မည့်သူများ မဟုတ်ကြပေ။
ရုပ်အလောင်းသန့်စင်ရာနေရာသို့ ဆက်လျှောက်သွားရာ ရင်းနှီးသော မျက်နှာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရလေသည်။ ထိုသူမှာ လက်များကို နောက်ကျောဘက်တွင် ဆုပ်ထားကာ သန့်စင်ရာနေရာသို့ ဦးတည်သော ပင်မတံခါးပေါက် အနီးတွင် ရပ်နေသော ရွှီရှောင်ရှန်းပင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့် အငွေ့အသက်များ ထွက်ပေါ်လျက်ရှိပြီး သူ့နောက်တွင် ရက်စက်ကြမ်းကြုတ်သည့်အသွင်နှင့် သက်တော်စောင့်သုံး ယောက်ရပ်လျက်ရှိကာတွင်းစည်းဂိုဏ်းသားအတော်များများကို ဆူပူကြိမ်းမောင်းလျက် ရှိလေသည်။ [ ပိုင်ရှောင်ချန်းသည် ရွှီရှောင်ရှန်းနှင့် အခန်း ၁၅၂တွင် ရင်းနှီးခဲ့သည်။]
“ ငါ ဒီရုပ်အလောင်းသန့်စင်တဲ့နေရာ ဝယ်ဖို့ ဂိုဏ်းကို ပိုက်ဆံဘယ်လောက်ပေးထားရလဲ သိလား။ အရူးကောင်တွေ”
“ဒီနေရာက ငါ့ဟာပဲ။ ငါ ဒါကို ဝယ်ဖို့ တခြားပစ္စည်း၊ ပိုင်ဆိုင်မှုတွေ အားလုံးနဲ့ ရင်းထားရတာ။ စက္ကူလက်ဖွဲ့အဆောင်တွေဝယ်ဖို့ အမြတ် အလုံအလောက်မရရင် မင်းတို့တွေ သေဖို့သာ ပြင်ထားကြတော့ ”
“ငါ့ရဲ့ ရုပ်အလောင်းတွေထဲက တစ်ခုကို မင်းတို့ ဖျက်ဆီးပစ်လိုက်တယ်ဆိုတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး။ အဲဒါက သာမန်အလောင်း၁ခုထက် ဘာမှမပိုဘူး ဆိုရင်တောင် သူ့မှာ တန်ဖိုးတစ်ခုတော့ ရှိနေတာပဲ။ ငါမင်းတို့ကို သတိပေးလိုက်မယ်။ မင်းတို့တွေ ငါ့ကို တန်ရာတန်ကြေး ပြန်ပေးရင်ပေး။ မပေးလို့ကတော့ မင်းတို့ကို သန့်စင်ဖို့ အလောင်းတွေ ဖြစ်အောင် လုပ်ပစ်မယ်!” အတွင်းစည်းဂိုဏ်းသားများသည် တုန်လှုပ်နေကြကာ မျက်နှာများ ဖြူေရာ်နေပြီး သူတို့၏ ပျက်စီးမှုများကို ချက်ချင်းပင် ဝန်ခံလိုက်လေသည်။ နောက်ဆုံးတွင် ရွှီရှောင်ရှန်းသည် လက်ကို ဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်လေသည်။
မကြည်လင်သော မျက်နှာထားဖြင့် အနီးအနားကို ဝေ့ကြည့်လိုက်ရာ ပိုင်ရှောင်ချန်းကို တွေ့သွားလေသည်။
“မင်းက ဒီမှာ ဘာလုပ်နေတာလဲ။ ဒီနားကို မင်းစိတ်တိုင်းကျ လာချင်းတိုင်းလာ၊ သွားချင်လို့သွားလို့ မရဘူးကွ။”
ပိုင်ရှောင်ချန်းသည် စိတ်ကိုထိန်းရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ မြေခဓါးချောက်ထဲတွင် ရွှီရှောင်ရှန်းက ယခုကဲ့သို့ ပုံစံဖြင့် စကားလာပြောပါက ပိုင်ရှောင်ချန်းသည် သူ့ကို အဆုံးသတ်လိုက်မည်ဖြစ်သည်။ သို့သော် ယခုမူ သူလုပ်နိုင်သည်မှာ ညာဘက်လက်ကို ဝှေ့ယမ်း၍ တာဝန်ကျောက်စိမ်းပေလွှာကို ပို့ပေးရုံသာ ရှိလေသည်။
ရွှီရှောင်ရှန်းသည် ကျောက်စိမ်းပေလွှာကို ကြည့်နေရင်း မျက်မှောင်ကြုတ် လိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းကို ပြန်ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို မှတ်မိတယ်။ ငါတို့အားလုံး ပိုင်ရှောင်ချန်းကို ဝိုင်းတိုက်ကြတုန်းက မင်းလည်း ပါတယ်။ အဲဒါဆို မင်းက နောက်ဆုံးမှာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တာပေါ့။” သူ၏ မျက်နှာမှာ အနည်းငယ်ပြေလျော့သွားသည်။ သူသည် မြေခဓါးချောက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှနှင့် ပတ်သက်၍ ခံစားချက်များမှာ ရှုပ်ထွေးလျက်ရှိသည်။ သူသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ပိုင်ရှောင်ချန်းကို လေးစားနေဆဲဖြစ်သည်။ ထို့အပြင် သူတို့ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခဲ့ကြသည်များ၊ ကလိန်ကျခဲ့သည်များကို ပြန်တွေးမိသွားကာ သက်ပြင်းချလိုက်မိပေသည်။
“ဒီကောင်က ခုဆို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရတနာဖြစ်နေမှာ အသေအချာပဲ။” ဟုတွေးကာ ခေါင်းကို ခါယမ်းလိုက်သည်။
“ဟုတ်ပြီ။ အထဲကို ဝင်လာခဲ့။ ငါတို့၂ယောက်လုံးက မြေခဓါးချောက်ထဲကို သွားဖူးထားတဲ့ သူတွေဆိုတော့ မင်းကို ရုပ်အလောင်းသန့်စင်ခြင်းနဲ့ ပတ်သက်တဲ့ အချက်နည်းနည်း ပြောပြမယ်။” ရွှီရှောင်ရှန်းက ရှေ့မှ ဦးဆောင်သွားနေပြီး ပိုင်ရှောင်ချန်းမှာမူ ရက်စက်ကြမ်းကြုတ်သည့်အသွင်နှင့် နောက်မှ လိုက်သွားလေသည်။
မကြာမီမှာပင် ရုပ်အလောင်းသန့်စင်ရာ အဆောက်အဦးတွင်းမှ အလောင်းဂူဟု ခေါ်ဆိုကြသော သီးသန့်ခန်းတစ်ခုထဲသို့ ရောက်ရှိသွားလေသည်။
ရှည်မျောမျောအသွင်ရှိသော အနှီ အခန်းမှာ မကြီးလှပေ။ မီးအိမ်ကိုးခုမှ ထွက်ပေါ်နေသော ထူးဆန်းသည့် အလင်းရောင်တစ်မျိုးသည် အမှောင်ထုကို ကွယ်ပျောက်စေခြင်းငှာ မစွမ်းနိုင်ပေ။ အခန်း၏ အလယ်တွင် နက်ရှိုင်းသော ရေလှောင်ကန်၁ခု ရှိသည်။
ရေမှာ အံ့ဩဖွယ်ကောင်းစွာ သွေးရောင်ဖြစ်သည်။ ရေထဲတွင် မျောနေသည်မှာ အလောင်းကောင်တစ်ကောင်ပင် ဖြစ်သည်။
အလောင်းမှာ ရက်စက်ကြမ်းကြုတ်သည့် မျက်နှာအမူအရာရှိသော လူထွားကြီး၁ဦး၏ ရုပ်အလောင်းဖြစ်သည်။ မည်သို့ပင် ကြည့်ပါစေ ကြင်နာတတ်သူ ၁ဦး ဖြစ်ပုံမပေါ်ချေ။ ထို့ပြင် နဖူးတွင် သေစေလောက်သော ဒဏ်ရာကြီး ၁ခုလည်း ရှိနေသည်။ ဒဏ်ရာဘေးမှ အရေပြားသည် သိသာစွာ ရှုံ့တွနေကာ ဆီးပန်းပွင့်သဏ္ဌာန်ကဲ့သို့ ဖြစ်နေသည်။
ရွှီရှောင်ရှန်းသည် အလောင်းဂူများထဲတွင်ရှိသော ရုပ်အလောင်းအားလုံးကို မသိသော်လည်း ယခုအလောင်းကို မြင်လိုက်ရသောအခါ တိုးညင်းစွာ ရေရွတ်လိုက်သည်။
” ဒီကောင်က ဟိုအပေါက်ဆိုးဆိုးရွှယ်မေ့ သတ်တာကို ခံလိုက်ရတာပဲ။ သူမကို တိုက်ရင်းနဲ့ သူသေသွားရတယ် ဆိုတဲ့အချက်က သက်ရှိထင်ရှားရှိစဥ် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံဟာ အံ့မခန်းပဲဆိုတာ ဖော်ပြနေတာပဲ။”
ပိုင်ရှောင်ချန်းသည် ရုပ်အလောင်းနှင့် နဖူးပေါ်မှ အမှတ်ကို သေချာစွာကြည့်ရှုလိုက်သည်။ ချက်ချင်းပင် တစ်ကိုယ်လုံးအေးခဲလုမတတ်ဖြစ်သွားသည်။
“ရုပ်အလောင်းတောင်ထိပ်မှာဆိုတော့ ရုပ်အလောင်းတွေကို အဓိကထားတယ်ဆိုတာ အသိသာကြီး။” ရွှီရှောင်ရှန်းက ဆက်ပြောလိုက်သည်။
“ယေဘုံယျပြောရမယ်ဆိုရင် ရုပ်အလောင်းတွေက သာမန်ကနေ အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အထိ ဖြည်းဖြည်းချင်း ၁ဆင့်ပြီး၁ဆင့် တိုးတက်သွားတာ။ အဆင့်တွေက ဘာတွေလဲဆိုတော့ ဖုတ်ကောင် ဖြူ၊ ဖုတ်ကောင် နက်၊ ဖုတ်ကောင် ပျံ နဲ့ မဟာဖုတ်ကောင် ”
“မင်းရဲ့ တာဝန်က ဒီအလောင်းကို ဆံပင်ဖြူပေါက်လာအောင် လုပ်ဖို့ပဲ။ ဒါဆိုရင် သာမန်အလောင်းကနေ ဖုတ်ကောင် ဖြူဖြစ်သွားလိမ့်မယ်။”
“အဲဒီလို လုပ်ဖို့နည်းလမ်းကို ဒီကျောက်စိမ်းပေလွှာထဲမှာ ရှင်းပြထားတယ်။ မင်းက ချီစုစည်းမှုအဆင့်၁၀ရောက်နေပြီဆိုတော့ နောက်ပြီး ဒီမှာနေတာလည်း နည်းနည်းကြာပြီမလား။ ဘယ်လိုအလုပ်လုပ်လဲဆိုတာ အနည်းအကျဥ်းတော့ ကြားဖူးမှာပါ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို သုံးပြီး သွေးလှောင်ကန်ကို အရှိန်အဟုန်မြင့်တင်ပေးရမယ်။ နောက်ပြီးရင် အလောင်းကို အောက်ထိ နစ်အောင် လုပ်ရမယ်။ မင်းသေချာလုပ်တတ်ရမယ့် အခြားအသေးစိတ်အချက်တွေလည်း အများကြီးရှိသေးတယ်။”
“မင်း မြန်မြန်လုပ်ရင် ဒီအလုပ်ကို နှစ်ဝက်အတွင်း ပြီးနိုင်တယ်။ ” ထို့နောက် သူသည် ပိုင်ရှောင်ချန်းကို ကျောက်စိမ်းပေလွှာ၂ချပ် ပေးလိုက်သည်။ တစ်ချပ်မှာ ရုပ်အလောင်းသန့်စင် နည်းများ ပါဝင်ပြီး နောက်တစ်ချပ်မှာ အလောင်းကို ထိန်းချုပ်ရန် အတွက်ဖြစ်သည်။ ထို့နောက် သူသည် လှည့်ထွက်သွားလေသည်။
ပိုင်ရှောင်ချန်းသည် ထိုမျှထိ အချိန်မဖြုန်းလိုသဖြင့် အလောင်းကို ကြည့်ရှုနေရင်းမှ မေးလိုက်သည်။
” ဒီထက်မြန်မြန်ပြီးအောင်လုပ်တဲ့ နည်းလမ်းများ မရှိဘူးလား။ ”
ရွှီရှောင်ရှန်းသည် အေးစက်စွာ ရယ်သွမ်းသွေးလိုက်သည်။ ” မြန်မြန်လား၊ မင်း အလောင်းကို စိတ်စွမ်းအင်ဆေး လုံလောက်အောင် ပေးနိုင်တယ်ဆိုရင်တော့ လုပ်ငန်းစဥ်က ပိုမြန်မှာ သဘာဝပဲ။ တကယ်ဆို မင်းတော်ရင် သောကကင်းသွေးဆေး ၉လုံး ဖော်စပ်နိုင်မယ်။ အဲ့ထဲက ၁လုံးနဲ့ဆိုရင် မင်း ၁၀ရက်အတွင်း ပြီးနိုင်တယ်။ အဲ့ဒါအပြင် အလောင်းဟာ မဟာ ဖုတ်ကောင် ဆိုတဲ့ ခေါင်းဆောင်ကြီးအဆင့်လောက် စွမ်းအားကြီးတဲ့ အလောင်းဖြစ်သွားနိုင်တယ်။”
“မင်းက ဆေးဖော်စပ်တာကို နည်းနည်းလုပ်နိုင်တယ်ဆိုတာ ငါမေ့သွားလို့။ မင်း ၁ခါလောက် ကြိုးစားကြည့်ပေါ့ကွာ။ ” သူသည် နောက်၁ကြိမ် ရယ်မောလိုက်ပြန်သည်။ သွေးစွမ်းအင်နတ်ရေစက်ဂိုဏ်းသားများသည် သူတို့၏ အချိန်အများစုကို တိုက်ခိုက်ခြင်းဖြင့် ကုန်ဆုံးကြရာ အများစုသည် ဆေးဖော်စပ်ခြင်းကို အချိန်ဖြုန်းသည့် အလုပ်တစ်ခုဟုသာ မြင်ကြသည်။ ရွှီရှောင်ရှန်းသည် အင်္ကျီလက်ကို ခါရမ်းကာ ပိုင်ရှောင်ချန်းကို အလောင်းဂူထဲတွင် ၁ယောက်တည်း ချန်ထားခဲ့လေသည်။
ပိုင်ရှောင်ချန်းသည် လှောင်ကန်ထဲတွင် ပေါလောပေါ်နေသော အလောင်းကို ငုံ့ကြည့်ရင်း တွေးနေလေသည်။ မကြာမီ သူ၏ မျက်လုံးများ တောက်ပလာလေသည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ငါ ဆေးဖော်စပ်တာကို မကြိုက်ကြဘူး။ ဒါပေမဲ့ ခု ငါက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရောက်နေပြီ။ နောက်ဆုံးတော့ ငါ ဆေးဖော်စပ်တာကို ပြန်လုပ်ရတော့မှာပဲ…။”
သူက ထိပ်သီးသမားတော်တစ်ယောက် ဖြစ်နေခဲ့ရာ ခေါင်းကိုက်စရာ ကောင်းလှချေသည်။ သူ သက်ပြင်းကိုသာ ချလိုက်မိတော့သည်။