” ဒီလို သောက်ရေးမပါတဲ့ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူကိုကျ သခင်မလေးလို့ခေါ်တယ်။ ငါက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူဖြစ်တာတောင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ကိုယ်တော်လေး လို့မခေါ်ကြဘူး ” စိတ်ဆိုးခြင်း၊ မနာလိုဝန်တိုခြင်းများဖြင့် ပိုင်ရှောင်ချန်းမှာ ထိုအချိန်ကိုအခွင့်အရေးယူပြီး လူလိမ်ညမုဆိုး အား ရွှယ်မေ့အကြောင်းသိသမျှ ပြောပြစေလေသည်။
လူလိမ်ညမုဆိုး က ရွှယ်မေ့ကြောင့် ကြောက်ရွံ့တုန်လှုပ်နေခဲ့သော်လည်း ပိုင်ရှောင်ချန်း၏မေးခွန်းကို ကြားလိုက်ရသောအခါ ချက်ချင်းပင်ရှင်းပြလေတော့သည်။
” သခင်မလေး ရွှယ်မေ့ဆီမှာ အရှိန်အဝါကြီးမားတဲ့ နောက်ခံရှိတယ်။ သူမက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ခေါင်းဆောင်ကြီး ရှစ်ယောက်အဖြစ် အဆင့်တက်သွားတဲ့ ခေါင်းဆောင်ကြီး အတုမဲ့ရဲ့ တစ်ဦးတည်းသောသမီးလေ။ သူမမှာ အံ့မခန်းပင်ကိုယ်ပါရမီရှိတဲ့အပြင် စုန့်ချွဲထက်တောင် နာမည်ကြီးသေးတယ်”
“သူမက ချီစုစည်းမှုအဆင့်မှာတုန်းက အချိန်အများစုကို ဘိုးဘေးတောင်မှာပဲ ကျင့်ကြံရင်းနဲ့ ကုန်ဆုံးခဲ့ပြီး အပြင်ကိုလည်း ထွက်ခဲတယ်။ သူမကအခု အခြေခိုင်မာခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ဂိုဏ်းအပြင်ကိုထွက်တာနေမှာပေါ့”
” အစက ခေါင်းဆောင်ကြီး အတုမဲ့က အလယ်တောင်တောင်ကဆင်းသက်လာသူဖြစ်တယ်။ ဒါကြောင့်မို့ သခင်မလေးရွှယ်မေ့ကလည်း အဲဒီမှာ အကြီးအကဲဖြစ်လိမ့်မယ်ဆိုတဲ့ စကားတွေလည်းရှိတယ်။ ဖြစ်နိုင်တာက သူမကလည်း အလယ်တောင်ရဲ့သွေးသခင်နေရာအတွက် ကြိုးစားတိုက်ခိုက်လိမ့်မယ် ”
ပိုင်ရှောင်ချန်းမှာ သူပြောနေသည့်အရာများကြောင့် တော်တော်လေးနှုတ်ဆိတ်သွားလေသည်။
“မျိုးဆက်တိုင်း…” လူလိမ်ညမုဆိုး က ဆက်ပြောလေသည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တောင်တစ်လုံးအတွက် သွေးသခင်တစ်ယောက်နှုန်းနဲ့ သွေးသခင်လေးယောက်ရှိတယ်။ အခြားတောင်သုံးတောင်လုံးက အဲဒီနေရာအတွက် တိုက်ခိုက်လို့မရတော့ဘူး။ ဒါပေမဲ့ အလယ်တောင်ထိပ်မှာတော့ အဲ့ဒီနေရာဟာ လစ်လပ်နေသေးတယ်။ အခု သခင်မလေးရွှယ်မေ့က အခြေခိုင်မာခြင်းအဆင့်ကိုရောက်ပြီဆိုတော့ နောက်ခြေလှမ်းအနေနဲ့ သူမဟာ အလယ်တောင်ထိပ်ရဲ့ မဟာအကြီးအကဲတွေနဲ့ သွေးသခင်နေရာကို ပြိုင်ဆိုင်ဖို့ပဲလိုတော့တာ”
“တကယ်လို့စုန့်ချွဲသာ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကိုရောက်ခဲ့လို့ရှိရင် အဲဒီနေရာအတွက် အရည်အချင်းပြည့်မီလိမ့်မယ်။ ဒါပေမဲ့ သူကအခု မြေစီးကြောင်းအဆင့်ပဲရှိသေးတော့ စုန့်မျိုးနွယ်စုကသူ့အဒေါ်ကိုကျော်ပြီး ယှဥ်ပြိုင်ခွင့်ပေးမှာမဟုတ်ဘူး”
“သူ့မှာ အဒေါ်ရှိတယ်လား” ပိုင်ရှောင်ချန်းက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“ရှိတယ်” လူလိမ်ညမုဆိုး ကပြန်ဖြေလေသည်။
” အလယ်တောင်ထိပ်ရဲ့ မဟာအကြီးအကဲ စုန့်ကျင်းဝမ်က စုန့်ချွဲရဲ့ အဒေါ်ပဲလေ” ရုတ်တရက်သူ၏လေသံမှာ ယခင်ကထက် ပို၍ ထူးဆန်းသွားလေသည်။ “အစ်ကိုကြီးပိုင်…ကျွန်တော်တို့သွေးသခင်တွေအကြောင်းပြောနေတာနဲ့ပဲ ကျွန်တော် လျှို့ဝှက်ချက်တစ်ခုကို ပြောဖို့ကျန်သွားတယ်။ သွေးသခင်ထက် အဆင့်မြင့်တဲ့နေရာတစ်ခုရှိသေးတယ်ဆိုတာ အစ်ကိုကြီးသိလား။ ဟုတ်တယ်… သွေးလက်ဝါးအဆင့် ဆိုတာရှိသေးတယ်။ ဒါပေမဲ့သူ့ထက်မြင့်တဲ့ဟာတောင်ရှိသေးတယ်။ အဲဒီအဆင့်က ခေါင်းဆောင်တွေရဲ့အဆင့်ထက်တောင်မြင့်တယ်ဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲတယ်။ အစ်ကိုကြီး နားထောင်နေရဲ့လားဗျ”
ပိုင်ရှောင်ချန်းမှာ မတတ်သာပဲ လူလိမ်ညမုဆိုး ၏ နားလည်ရခက်ပြီးလျှို့ဝှက်ဆန်းကြယ်နေသည့်အသံကိုသာ စိတ်ဝင်တစားနားထောင်လိုက်ရသည်။ “အဲ့အဆင့်က ဘာမို့လို့လဲ” သူကမေးမြန်းလိုက်သည်။
လူလိမ်ညမုဆိုး မှာ ချောင်းဟန့်ကာ ဂုဏ်ယူစွာပြောလေသည်။ “ဒဏ္ဍာရီအရဆိုရင် ခေါင်းဆောင်ကြီးတွေထက်မြင့်တာက သွေးနတ်ဆိုးအဆင့်ပဲ”
“သွေးနတ်ဆိုး…” ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ တဒုန်းဒုန်းခုန်သွားသည်။ ထိုနာမည်ကပင် အလွန်အထက်စီးဆန်ကာ လွှမ်းမိုးမှုရှိလေသည်။ ထိုအမည်ကိုကြားရုံဖြင့်ပင် နတ်ဆိုးတစ်ကောင်အားမြင်ရသည့်အလား သူ၏အရေပြားအားတွန့်သွားစေသည်။
“ဟမ်…သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ အစ်ကိုကြီးတွေ့ပြီမလား။ ကျုပ် ဆက်ပြောပြမယ်…တောင်ထိပ်တစ်ခုဆီက သွေးသလင်းကျောက်ကိုရတဲ့ ဘယ်သူမဆို သွေးသခင်ဖြစ်နိုင်တယ်။ ဘိုးေဘးတောင်ကတော့ ချွင်းချက် ရှိတယ်။ သွေးသလင်းကျောက်ဆိုတာက ဂိုဏ်းတစ်ခုလုံးရဲ့အခြေခံအဖြစ် ထမ်းဆောင်နေတဲ့ မြင့်မြတ်သောလက်ပိုင်ရှင် ဘိုးဘေးကြီးရဲ့ ခန္ဓာကိုယ်ကနေ ရတာပဲ ”
“ဒဏ္ဍာရီအရ သွေးဘိုးေဘးရဲ့ခန္ဓာကိုယ်ထဲကနေ သွေးသလင်းကျောက်တွေအပြင် လျှို့ဝှက်အမွေရှိသေးတယ်တဲ့”
“လျှို့ဝှက်အမွေကို ဆက်ခံနိုင်တဲ့ဘယ်သူမဆ်ို သွေးနတ်ဆိုးဖြစ်လာနိုင်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဒဏ္ဍာရီအသစ်ကို ဆောင်ကြဥ်းပေးလိမ့်မယ် ”
” တကယ်တော့…ဒါက ဒဏ္ဍာရီတစ်ခုပဲ။ အရမ်းကြီး တွေးမနေနဲ့။ ဒီဂိုဏ်းမှာရှိတဲ့သူတိုင်း အဲဒါကို ပုံပြင်တစ်ပုဒ်လို့ပဲထင်ကြတယ်ဗျ” လူလိမ်ညမုဆိုး မှာ သက်ပြင်းချလိုက်လေသည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ၏နှလုံးသားမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တဒုန်းဒုန်းခုန်နေသည်။ တခြားလူအများစုအတွက် ထိုအရာမှာ ပုံပြင်တစ်ပုဒ်ထက်ပိုမည်မဟုတ်ပေ။ သို့သော်သူက ထိုကဲ့သို့မတွေးပေ။ သူစဥ်းစားကြည့်၍ရသမျှ ကောင်းကင်တံတားမြစ်အောင်ခြေရှိ ကြီးမားသောသွေးဘိုးေဘးကြီးမှာ သူ၏အမွေကို ဆက်ခံမည့်လူအားစောင့်ဆိုင်းနေဟန်ရှိသည်။
ထိုစဥ် သွေးဝေါယာဥ်မှာ ဘိုးေဘးတောင်သို့ ဦးတည်နေသည်။ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာတဖြည်းဖြည်းပျံသန်းသွားပြီး မြေပြင်ပေါ်မှလူများမှာ စိတ်သက်သာရာရကာ သက်ပြင်းများ ချလိုက်ကြသည်။
ကျောက်ဝူချန်း၏ မျက်လုံးများတွင် မနာလိုမှုအရောင်များတောက်ပလျက် ရှိသည်။
“မင်းတကယ် နှိပ်စက်ခံရတော့မလို့ ”
သူကပြောလေသည်။
” သခင်မလေးရွှယ်မေ့က မင်းကြည့်နေတာကို မသိသွားတာကောင်းတယ်။ တကယ်လို့ သူမသာသိရင် မင်းမျက်လုံးတွေကိုဖောက်ထုတ်သွားမှာ။ ဒါမှမဟုတ်ရင်လည်း သေတဲ့အထိရိုက်ချင်ရိုက်သွားမှာပဲ”
” လွန်လွန်းလိုက်တာ…” ပိုင်ရှောင်ချန်းက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။ စိတ်ထဲတွင်စက်ဆုပ်ရွံ့ရှာနေသော်လည်း မတတ်သာပဲ မျက်နှာထက်တွင်မည်သည့်အမူအယာမျှ မပြလိုက်ပေ။ ထို့နောက် ကျောက်ဝူချန်းမှာ စုစည်းရာနေရာသို့ ဦးဆောင်ခေါ်သွားလေသည်။
လက်၏အနောက်ဘက်နယ်နမိတ်အနီးတွင် အထီးကျန်ငရဲနယ်မြေကိုသွားခဲ့သော်လည်း ဒီရေစီးကြောင်းတစ်ခုလုပ်ရန်ပင် မြေစီးကြောင်းစွမ်းအင်အလုံအလောက်မစုဆောင်းနိုင်ခဲ့သော ဂိုဏ်းသားတစ်ယောက်၏ အင်မော်တယ်ဂူရှိသည်။
သူက မအောင်မြင်ခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ တိုးတက်လာခဲ့ပြီး မအောင်မြင်ခဲ့သူများကြား ထိပ်တန်းဂိုဏ်းသားတစ် ဦး အဖြစ်လူသိများလာသည်။
ပိုင်ရှောင်ချန်းက အင်မော်တယ်ဂူထဲသို့ ဝင်လာချင်း ချီစုစည်းမှု၏ မဟာစက်ဝန်းတွင်ရှိသည့် တစ်ဒါဇင်ကျော်လူစုမှာ တစ်ဦးနှင့်တစ်ဦးဒေါသထွက်ကာ ညည်းညူပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။
“တကယ်လို့ငါသာ အခွင့်အရေးရခဲ့ရင် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လင်းမူကို သတ်ပစ်မှာ။ သူက မြေစီးကြောင်းစွမ်းအင်တွေအများကြီးစုပ်ယူသွားလို့ ငါကျရှုံးခဲ့ရတာကွ”
“လင်းမူက တကယ်ကိုဆိုးဆိုးဝါးဝါးကွ။ ငါကြားတာတော့ သူ့ကျင့်ကြံခြင်းမှာ အကျိုးဖြစ်ထွန်းအောင် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေရဲ့ကိုယ်ထဲမှာ တာအိုသစ်စေ့တွေစိုက်ထားတာတဲ့..။ သူ့အကျိုးအတွက်နဲ့ သူ့မျိုးဆက်က ဂိုဏ်းသားတွေကိုဖျက်ဆီးလိုက်တာပဲကွ”
“လင်းမူက ဆိုးပါတယ်။ ပြီးတော့ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ရွှယ်ဖန်က တော်တော်လေးကို ဆိုးတယ်။ ဒါပေမဲ့သူတို့အားလုံးက ဟိုဒေါသထွက်စရာအကောင်းဆုံးလူနဲ့စာရင် ပုရွက်ဆိတ်လောက်ပဲရှိတာ။ မြေခဓားချောက်တုန်းက ပိုင်ရှောင်ချန်းဆိုတဲ့လူလေကွာ”
“အဲဒီ ပိုင်ရှောင်ချန်းက တကယ့်မိစ္ဆာကောင်ကွ။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေထက်တောင် ရက်စက်သေးတယ်။ မြေခဓားချောက်ကဆို လူနည်းနည်းလေးပဲ အသက်ရှင်ပြီးပြန်လာရတာ။ တခြား မြင့်မြတ်သောနယ်မြေနှစ်ခုနဲ့ ယှဥ်ကြည့်ပေါ့ကွာ…”
“ငါကြားတာတော့ ပိုင်ရှောင်ချန်းက လူတွေကို ငှက်ပျောသီးအခွံနွှာသလို လွယ်လွယ်နဲ့သတ်ပစ်တာတဲ့။ သူက သိပ်ကိုလွန်လွန်းတယ်။ သူသတ်ထားတဲ့သူတွေရဲ့ သွေးကိုတောင်သောက်တယ်ဆိုပဲ။ သူက မင်းကို ရိုက်နှက်လိုက်တာနဲ့ မင်း ပေါက်ကွဲသွားတော့တာပဲတဲ့..”
ပိုင်ရှောင်ချန်းက လျှောက်လာရင်းထိုစကားများကိုကြားလိုက်ရသောအခါ သူ၏နှလုံးခုန်နှုန်းမြန်သွားသည်။ သို့သော် သူ့ကိုယ်သူထိုနေရာ၌ ညမုဆိုး ဖြစ်နေကြောင်းသတိပေးလိုက်သောအခါ စိတ်အေးသွားပြီး ထိုအုပ်စုထဲရောဝင်လိုက်လေသည်။
အခြားဂိုဏ်းသားများမှာ နှုတ်ဆက်သည့်အနေဖြင့်ခေါင်းညိတ်ပြလိုက်ကြကာ ပိုင်ရှောင်ချန်းအကြောင်းဆက်၍ပြောနေကြသည်။
“ပိုင်ရှောင်ချန်းက ငါ့အတွက် ကမ္ဘာမကြေတဲ့ရန်သူပဲ ” ကျောက်ဝူချန်းက သွေးကြောများထောင်လာသည်အထိ လက်သီးကိုဆုပ်ကာ ပြောလေသည်။ သူကဒေါသထွက်ကာ အံကြိတ်ထားသည့်တိုင် သူ၏မျက်လုံးများတွင် ကြောက်ရွံ့ခြင်းများကိုလည်းတွေ့နေရသည်။
” မစိုးရိမ်နဲ့.. အစ်ကိုကြီးကျောက်ရယ်…” ဂိုဏ်းသားတစ်ယောက်မှ နှစ်သိမ့်စကားဆိုလေသည်။
“ ဂိုဏ်းခေါင်းဆောင်က ပိုင်ရှောင်ချန်းအတွက် တရားဝင်ဆုကြေးငွေထုတ်ထားပြီးပြီလို့ ကြားတယ်။ သူ့ခေါင်းကိုဖြတ်ယူလာနိုင်တဲ့ဘယ်သူမဆို အဖိုးတန်ရတနာနဲ့ ရွှေအမြုတေအသီးကို ဆုချီးမြှင့်မှာတဲ့လေ” ဂိုဏ်းသားတစ်ယောက်မှာ မျှော်လင့်ချက်ဖြင့် ပြောနေရင်း စိတ်လှုပ်ရှားရာ ပိုင်ရှောင်ချန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာသည်။
” ရွှေအမြုတေအသီး..တဲ့လား” သူကတွေးတောလိုက်သည်။ “အဲ့အသီးက အမြုတေအဆင့်ရောက်ဖို့အခွင့်အလမ်းတိုးလာစေနိုင်တယ်။ ဒီသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက တော်တော်ဆိုးတာပဲကွာ…”
သူကစိတ်ထဲတွင် သက်ပြင်းရှိုက်နေပါစဥ် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများထဲမှ တစ်ဦးက အေးစက်စက်ရယ်မောကာပြောလေသည်။
“ဒါက ဘာမှမဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ရက်တွေတုန်းက ပိုင်ရှောင်ချန်းကိုလိုက်ဖမ်းဖို့ သွေးသခင်သုံးယောက်ကို စေလွှတ်လိုက်တယ်လို့ ငါကြားလိုက်တယ်။ တကယ်လို့သူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကခြေတစ်လှမ်းထွက်ရဲရင်တောင် ဘာမှန်းမသိလိုက်ပဲနဲ့ေတာင် အသတ်ခံလိုက်ရမှာကွ”
အင်မော်တယ်ဂူထဲရှိလူတိုင်းက အံတွေကြိတ်ကာကျိန်ဆဲနေကြသော်လည်း လူများက ပိုင်ရှောင်ချန်းနှုတ်ဆိတ်နေကြောင်း သဘောပေါက်လာသည်။ ကျောက်ဝူချန်းမှာ အံ့အားသင့်စွာကြည့်လာလေသည်။
“ဂိုဏ်းတူညီလေး ညမုဆိုး …မင်းဘာလို့ နှုတ်ဆိတ်နေတာလဲ။ မင်းက ပိုင်ရှောင်ချန်းရဲ့အသတ်ခံရလုနီးပါးဖြစ်ခဲ့တာမလား။ မင်းကကော သူ့ကိုဘယ်လိုသဘောရလဲ ” လူအားလုံးမှာ သူ့အားလှည့်ကြည့်လာကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ရင်ထဲတွင်ကြောက်ရွံ့တုန်လှုပ်နေသော်လည်း ကျောက်ဝူချန်း၏စကားကို ကြားလိုက်ချင်း ရင်ကိုကော့လိုက်ပြီး သူ၏လက်ဝါးဖြင့် ရင်ဘတ်ကို ရိုက်လိုက်သည်။ သူ့မျက်နှာသည်လည်း အလွန်အမင်း ခက်ထန်တင်းမာနေဟန်ရှိကာ နီရဲနေသော မျက်လုံးတွေနှင့် ပြောလိုက်သည်။
” ကျုပ်နဲ့ပိုင်ရှောင်ချန်းကြား ဘယ်လိုရှိလဲ ခင်ဗျားတို့ကို ပြောပြမယ်။ နောက်ဆုံးမှာ သူ ဒါမှမဟုတ် ကျုပ် တစ်ယောက်ယောက်သေမှပဲ ကိစ္စပြတ်မယ်။ ကျုပ်အရှေ့မှာ ပိုင်ရှောင်ချန်းအကြောင်းတောင် လာမပြောကြနဲ့။ ကျုပ်အသက်ရှင်နေတာရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့ကို သတ်ပစ်ဖို့ပဲ…”
ထို့နောက်သူက ပိုင်ရှောင်ချန်းအားသတ်ရန် မည်မျှအထိ ဆုံးဖြတ်ချက်ခိုင်မာစွာ ချမှတ်ထားကြောင်း ဆက်လက်ပြောကြားလိုက်ပြီး သူ့ စကားလုံးများက တဖြည်းဖြည်းပြင်းထန်လာသည်။ အခြားဂိုဏ်းသားများမှာ ခေါင်းညိတ်ကာထောက်ခံလာကြပြီး ကျောက်ဝူချန်းအပါအဝင်တချို့သောသူများမှာ ညမုဆိုး၏ပြင်းထန်သော အမျက်ဒေါသကို ခံစားမိလိုက်ရသည်။
စကားဝိုင်းမှာဆက်ပြောနေကြပြီး မကြာမီတွင် ခေါင်းစဥ်ပြောင်းသွားသောအခါမှ ပိုင်ရှောင်ချန်းမှာ သက်ပြင်းမောချနိုင်တော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အန္တရာယ်ရှိသောနေရာဖြစ်ကြောင်း သူ သိလိုက်ရပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအား လွမ်းလာတော့သည်။
စကားစမြည်ပြောနေကြဆဲတွင် လက်ရှိဂိုဏ်းသားများကြားစွမ်းအားအကြီးဆုံးဖြစ်သော အင်မော်တယ်ဂူပိုင်ရှင်မှာ ပတ်ပတ်လည်ကိုကြည့်ကာ ပြောလာသည်။
“မင်းတို့အားလုံးကို ငါပြောစရာတစ်ခုရှိတယ်။ ငါစုံစမ်းမေးမြန်းကြည့်လိုက်တော့ ဂိုဏ်းက အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်တဲ့နယ်မြေတွေမှာ ကျရှုံးခဲ့တဲ့သူတွေအတွက် ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီးပြီတဲ့။ ကြည့်ရတာ ငါတို့ကိုနောက်တစ်ခါအခွင့်အရေးပေးမယ့်ပုံပဲ”
ချက်ချင်းပင် ဂိုဏ်းသားများမှာ ထိုသူအားလေးနက်စွာကြည့်လိုက်ကြတော့သည်။
“ဒါ လူသားတာအိုအခြေခိုင်မာခြင်းအဆင့် ရောက်ဖို့အခွင့်အရေးလို့ယူဆလို့ရတယ်” သူကဆက်ပြောလေသည်။ “ဒါကြောင့်ငါတို့ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးလိုမှာ။ ဖြစ်နိုင်ချေအရှိဆုံးက အဲဆေးလုံးကိုရဖို့ ငါတို့ နတ်မီးလျှံစမ်းသပ်ပွဲကို ယှဥ်ပြိုင်ရလိမ့်မယ်”
” နတ်မီးလျှံစမ်းသပ်ပွဲမှာ လူတိုင်းပါဝင်ခွင့်မရဘူး။ အဲ့ပြိုင်ပွဲမစခင်မှာ ဂိုဏ်းကငါတို့ကို တာဝန်တွေပေးလိမ့်မယ်။ အဲဒီတာဝန်တွေကို ပြီးမြောက်တဲ့သူတွေကသာ ပြိုင်ပွဲဝင်ဖို့အရည်အချင်းမှီတယ်လို့သတ်မှတ်ပြီး ပြိုင်ပွဲဝင်ခွင့်ရမယ်”
ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ကာ တချိန်တည်းမှာပင် အလေးအနက်တွေးတောနေသည့်အသွင် ဟန်ဆောင်လိုက်သည်။
အင်မော်တယ်ဂူ၏ပိုင်ရှင်မှာ မျက်လုံးများအရောင်တောက်လျက် လူတိုင်းအားကြည့်ကာ ဆက်ပြောလေသည်။
” မိတ်ဆွေတို့….ငါတို့က မြင့်မြတ်သောနယ်မြေမှာ ကျရှုံးခဲ့ရတဲ့သူတွေဆိုတာမမေ့လိုက်ကြနဲ့။ ငါတို့အဖွဲ့ထဲကို မပူးပေါင်းတဲ့ တချို့လူတွေလည်းရှိသေးတယ်။ သူတို့ကို နတ်မီးလျှံပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ငါတို့ပူးပေါင်းရမယ်။ ပြီးတော့ငါတို့ထဲက တစ်ယောက် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးကိုရမှဖြစ်မယ်”
လူများက မည်သို့တွေးနေသည်ကို ပြော၍မရပေ။ သို့သော် လူတိုင်း၏ မျက်နှာပြင်ပေါ်တွင် ထိုစိတ်ကူးကိုထောက်ခံကြောင်းပြသနေသည်။ သူတို့၏ သဘောတူညီချက်ကိုထုတ်ဖော်ပြောဆိုပြီးနောက် ဂိုဏ်း၏သတင်းအသစ်များအကြောင်း ထပ်မံပြောဆိုခဲ့ကြကာ လူစုခွဲလိုက်သည်။
ပိုင်ရှောင်ချန်းက ဂိုဏ်းကို ဖြတ်၍ လျှောက်လာခဲ့သည်။ အထက်ကောင်းကင်ယံမှာ အမှောင်ထုကြီးစိုးလာခဲ့၏။
သူသည် နတ်မီးလျှံစမ်းသပ်ပွဲ အားစဉ်းစားသောအခါ အခြားသူများ၏ အခြေခိုင်မာခြင်းအဆင့်သို့ အောင်မြင်စွာရောက်ရှိခြင်းကို တားဆီးရန်နည်းလမ်းတစ်ခုရှာဖွေသင့်ကြောင်း သဘောပေါက်ခဲ့သည်။ ထိုသို့ သူရည်ရွယ်ချက်ထားရသည်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ရန်သူဖြစ်နေသောကြောင့်ပင်။
သူကစဥ်းစားရင်းလမ်းလျှောက်နေစဥ် သူ့မျက်လုံးများ တစ်ချက်လက်သွားပြီး ဘေးပတ်လည်ကိုကြည့်ကာ သူ၏အနောက်ဘက်မှ လာနေသော လူကိုညာဘက်လက်ဖြင့်ဆတ်ခနဲ ဖမ်းဆီးလိုက်သည်။ သူက လျင်မြန်စွာ လှုပ်ရှားလာလိမ့်မည်ဟု ထိုလူမျှော်လင့်မထားရာ သူ့လက်ကို မရှောင်ရှားနိုင်ခဲ့ချေ။ သို့သော် ပိုင်ရှောင်ချန်းက ဆုပ်ကိုင်မိလိုက်သည်မှာ ထိုလူ၏နူးညံ့သောရင်သားပင် ဖြစ်သည်။
” လက်သရမ်းလိုက်တဲ့ကောင်…. ဒီနေရာမှာဒီလိုလုပ်ချင်နေတာလား” ထိုလူမှာ သက်လတ်ပိုင်းအရွယ်ရှိပြီး မျက်နှာတွင်ကန့်လန့်ဖြတ်အမာရွတ်များရှိသော အမျိုးသမီးတစ်ဦးဖြစ်နေသည်။ အမာရွတ်တစ်ခုဆိုလျှင် သူမ၏နဖူးထိပ်မှ နှုတ်ခမ်းသားနှစ်ခုလုံးကို ဖြတ်ထားသည်။ သူမရပ်နေသည့် အနားသို့လရောင်ကျလာသောအခါ သူမက ပုဏ္ဏကတိုက်သည့်အလား ခြောက်လှန့်တတ်သောတစ္ဆေတစ်ကောင်ပမာ ဖြစ်နေသည်။
သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ ချီစုစည်းမှုအဆင့်တစ်ဆယ်ရှိပြီး သူမ၏မျက်လုံးများတွင် ညှို့မြူနေသော အရိပ်အယောင်များကို မြင်နေရသည်။
ပိုင်ရှောင်ချန်းမှာ ထိတ်လန့်စွာငေးကြည့်ပြီးနောက်တွင် သူ၏လက်အားလျင်မြန်စွာ ပြန်ရုတ်လိုက်လေသည်။
“ကောင်းပါပြီ…။အဆင်ပြေပါတယ်” ထိုမိန်းမက ပြောလေသည်။ “ရှင်ကဒီလိုဖြစ်ချင်နေမှတော့..ကျွန်မက ရှင့်သဘောကျ လုပ်ပေးရမှာပေါ့.” သူမက မျက်ခုံးကို ဟန်ပါပါပင့်ကာ ရမ္မက်ရောင်လွှမ်းသည့်မျက်လုံးတွေနှင့် ကြည့်လိုက်ရင်း သူမ၏ဝတ်စုံအားချွတ်ခါနီးတွင် ပိုင်ရှောင်ချန်းမှာဆန့်ကျင်ဘက်အရပ်သို့ တန်းနေအောင်ပြေးတော့သည်။
“သေစမ်း…ညမုဆိုး ”
သူကပြောလိုက်သည်။
“မင်း…. ဒီဂိုဏ်းမှာတင်ရည်းစားဘယ်နှစ်ယောက်ထားထားတာလဲ” ထိုမိန်းမမှာ သူ့အားပြန်လာရန်ခေါ်နေပါသော်လည်း ပိုင်ရှောင်ချန်းက အပြေးမရပ်ပေ။
” ကျုပ် သေချာမမှတ်မိတော့ဘူး” လူလိမ်ညမုဆိုး မှာ ကြောက်ရွံ့နေသောအသံဖြင့်ပြန်ဖြေလေသည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရှင်သန်ဖို့က တကယ်မလွယ်လို့ပါဗျာ…။ ဟိုးနှစ်တွေတုန်းက ကျုပ်ကိုဆေးလုံးပေးနိုင်တဲ့သူတိုင်းကို တွဲလိုက်မိလို့ပါဗျာ….”
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်သွားတော့သည်။