ချင်းကျူ ကျောင်းတော်၏မြေပြင်ကား ငလျင်လှုပ်သည့်အလား ပြင်းထန်စွာ လှုပ်ရှားနေသည်။
ကျောင်းတော်က ကျောင်းသားများ အားလုံးကို ခေါ်သည့် ခေါင်းလောင်းသံများ အဆက်မပြတ် မြည်နေသည်။ တစ်ချိန်တည်းမှာပင် တီအန်ယွာတောင် အနီးတစ်ဝိုက်တွင် မဟူရာမြင်းစစ်တပ်က ဖြန့်ကြက်လျက် ချဉ်းကပ်လာနေကြသည်။
ထိုအချိန်တွင် “သားရဲအုပ်”ဟူသော စကားလုံးမှာ ချင်းကျူ ကျောင်းတော်တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ထိုမဟူရာ မြင်းစစ်သည်များက ရီဖူရှင်းမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ယခု သိလိုက်ကြပြီ။ သားရဲအုပ်များကား ဤနေရာကို အမှန်တကယ်ပင် ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။
တီအန်ယွာတောင်ကား ကျယ်ပြောလှရာ ထိုနေရာတွင် သားရဲများ မည်မျှများသည်ကို သူတို့ မခန့်မှန်းနိုင်ပေ။ အကယ်၍ အနည်းငယ်သော အရေအတွက် ဖြစ်ပါက သူတို့ ထိန်းနိုင်မည် ဖြစ်သော်လည်း များပြားသော အရေအတွက် ဖြစ်နေပါက တစ်မြို့လုံး ပျက်စီးနိုင်ခြေ ရှိပေသည်။
ရီဖူရှင်းနှင့် အခြားသောသူများက ရောက်ရှိလာသောအခါ သားရဲကောင်များနှင့် တိုက်ပွဲ စတင်နေပြီဖြစ်သည်။ သားရဲကောင်ပေါင်း များစွာက တောင်ပေါ်မှ ဆင်းသက်လာနေကြ၏။ သိုင်းပညာ ကျောင်းဆောင်မှ လူများက ရှေ့မှ ရင်ဆိုင်တိုက်ခိုက်ကြပြီး မှော်ပညာ ကျောင်းဆောင်များမှ မှော်ဆရာများက သိုင်းပညာရှင်များအား အကာအကွယ်ယူကာ မှော်သိုင်းများဖြင့် တိုက်ခိုက်ကြသည်။ တီအန်ယွာတောင်ကြော တစ်ခုလုံး မှော်ဆရာများ၏ ဓာတ်စွမ်းအင်များကြောင့် လေထုများမှာ ပေါက်ကွဲသံများ။ သစ်ပင်များ၏ မီးလောင်ကျွမ်းမှုများ..။ သားရဲများ လှုပ်ရှားမှုကြောင့် မြေကြီးများ တုန်ခါမှုများ… ထိုနေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပေသည်။ သို့သော်လည်း သူတို့အားလုံးမှာ ဤသားရဲများအား တီအန်ယွာတောင်ခြေအား ကျော်ကာ မြို့ထဲသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ချက် တစ်ခုသာလျှင် ရှိကြကာ အစွမ်းကုန် တိုက်ထုတ်နေကြ၏။
သို့သော်လည်း ထိုနေရာတွင် သားရဲကောင်ကြီးများ သာမက မိစ္ဆာကောင်အုပ်စု တစ်စု ကောင်းကင်မှ တိုက်ပွဲနေရာသို့ တိုက်ခိုက်ရန် ပျံသန်း လာနေသည်ကို တွေ့ရသည်။
ကျောင်းတော်မှ ကျောင်းအုပ်များက ထိုမိစ္ဆာများအား အဝေးမှပင် မြင်ကာ အလွန်အမင်း စိုးရိမ်တုန်လှုပ်နေကြသည်။ အကယ်၍ သားရဲကောင်များက တောင်ခြေကို လွန်၍ မြို့အား တိုက်ခိုက်ခဲ့ပါက သူတို့အား တားဆီးရန် အလွန် ခက်ခဲသွားမည် ဖြစ်သည်။
“တစ်မြို့လုံးက အခုအချိန် အဝိုင်းခံနေရတဲ့ အခြေအနေပဲ… ချင်းကျူမြို့ရဲ့ အဓိက မိသားစုတွေကို သတင်းသွားပေးစမ်း… အကူအညီလိုတယ်လို့… မဟူရာ မြင်းစစ်သည်တွေ… မင်းတို့အကုန်လုံး တောင်ခြေကို ဖြန့်ကြက်ပြီး ခံစစ်မကျိုးအောင် ဂရုစိုက်…” ချင်ရွှီက အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏လက်အောက်မှ မဟူရာမြင်းစစ်သည်များက သူတို့ထံ ဦးတည်လာနေသည့် မိစ္ဆာအုပ်ထံသို့ ပျံသန်းသွားကြ၏။
“အဖေ…” ချင်ယီကား သူမ၏အဖေကို စိုးရိမ်စွာ ခေါ်လိုက်သည်။
“ကလေး… တီအန်ယွာတောင်နဲ့ ဝေးဝေးနေ…” ချင်ရွှီက သူ၏သမီးအား ပြောလိုက်သည်။ ချင်ယီကား သူမ၏အဖေအား စိုးရိမ်နေဆဲဖြစ်ကာ သူမ၏ အဖေနောက်သို့ လိုက်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက် သူမ၏နောက်မှ ရီဖူရှင်းက အော်ဟစ်လိုက်သည်…” ဒီမှာပဲနေ… စီနီယာက ဗိုလ်ချုပ်နဲ့အတူသွားရင်… သူတို့ကို အနှောင့်အယှက်ပဲ ဖြစ်မယ်…”
ချင်ယီက ရီဖူရှင်း ပြောသည်မှာ မှန်သည်ကို သိ၏။ သူမကား နိုးထခြင်း အဆင့်ရှစ်မျှသာ ရှိသေးပြီး သားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် မလုံလောက်ပေ။
“ရီဖူရှင်း… ငါတို့ အခု ဘာလုပ်သင့်လဲ…” ချင်ယီက ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ သို့သော် သူတို့မှာ ရှေ့ဆင့်နောက်ဆင့် ရပ်နေသောကြောင့် သူမက နောက်သို့ လှည့်လိုက်လျှင် နဂိုက မသိသာသော ပူးကပ်မှုမှာ သိသာသော အခြေအနေသို့ ရောက်သွား၏။ သူမ၏မျက်နှာကား ရီဖူရှင်း၏မျက်နှာနှင့် ထိလုထိခင်ပင်။
ရီဖူရှင်းလည်း ချင်ယီ၏ စိုးရိမ်ပူပန်မှုအား ခံစားနေရသည်။ သူက မျက်လုံးများဝိုင်းလျက် မေးလိုက်သည်… “စီနီယာ… ငါ ဘာကူညီရမလဲ…”
“…” သူတို့မှာ အလွန် နီးကပ်နေသည်ကို ချင်ယီက သိလိုက်ကာ ရှက်သွေးကြောင့် မျက်နှာက နီမြန်းသွားသည်။ သူမက ရီဖူရှင်း၏ ရင်ဘတ်အား သူမ၏လက်ဖြင့် တွန်းလိုက်ကာ ဆဲလိုက်သည်… “အရှက်မဲ့တဲ့အကောင်…”
သူမက ခန္ဓာကိုယ်ချင်း ထိကပ်ခြင်းမှ ရှောင်ဖယ်ရန် ရှေ့ကို ပြန်လှည့်လိုက်သည်။ ရီဖူရှင်းက ပြုံးလျက် သူမအား နှစ်သိမ့်ရန် ကြိုးစားလိုက်သည်…” စီနီယာ… မစိုးရိမ်ပါနဲ့… အဆင်ပြေပါလိမ့်မယ်… ဗိုလ်ချုပ်လည်း အဆင်ပြေလိမ့်မယ်…”
“ငါသိတယ်…” ချင်ယီက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက သူမ၏ ခံစားချက်များအား သက်သာရာရစေရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူမ နားလည်သည်။ သူမက မျက်နှာနီရဲလျက်ပင် ပြောလိုက်သည်… “ငါ့ဘေးနားကပဲဖယ်…”
သည်တစ်ကြိမ်ကား ရီဖူရှင်းက သူမ၏စကားအား အမှန်တကယ် နားထောင်လိုက်သည်။ သူက ချင်ယီနှင့် အနည်းငယ်ခွာကာ အဝေးအား မျှော်ကြည့်လိုက်သည်… အမှန်တကယ်ကား သူလည်း စိတ်အေးလှသည် မဟုတ်ပေ။ သည်ကောင်များမှာ သားရဲကောင်ကြီးများ ဖြစ်သည်။ သူလုပ်နိုင်သည်မှာ မိန်းကလေးချင်အား နှစ်သိမ့်ရုံသာ။ သည်ထက် သူပို၍ မတတ်နိုင်ပေ။
ချင်းကျူမြို့မှ လူတိုင်းအား သားရဲကောင်များ ကျူးကျော်လာသည့် သတင်းအား ကြေညာပြီး ဖြစ်သည်။ မြို့၏ အရေးပါသော မိသားစုများ အားလုံးက သူတို့၏ အင်အားစုများအား စစ်တပ်ကို ကူညီရန် စေလွှတ်နေကြသည်။ သည်တိုက်ပွဲကား ချင်းကျူမြို့၏ ရှန်သန်ရေးနှင့် သက်ဆိုင်နေသည်။ အကယ်၍ မြို့ထဲသို့ သားရဲများ ဝင်ရောက်လာပါက မည်သူမျှ အသက်ရှင်မည် မဟုတ်သလို သူတို့၏ အိုးအိမ်များလည်း ပျက်စီးရမည် ဖြစ်သည်။
မြို့တွင်းတွင်ကား ထူးခြားသော စစ်သားအများအပြား ချင်းကျူ ကျောင်းတော်သို့ ချီတက်နေကြသည်။ စစ်သားများမှာ ခြေလျင်စစ်သားများနှင့် မြင်းစစ်သည်များ ပါဝင်သည်။ သူတို့၏ ချီတက်မှုကြောင့် မြေပြင်မှာ တုန်လှုပ်နေကာ သည်မြင်ကွင်းကို မြင်သောသူများ အားလုံးအား ထိတ်လန့် အံ့သြစေသည်။
ထိုအထဲမှ စစ်သားအချို့မှာ မြို့စောင့်စစ်သားများဖြစ်ပြီး တချို့မှာ မူရွန်မိသားစု၏ စစ်သားများ ဖြစ်သည်။ သို့သော် အခြားစစ်သည်များမှာ မည်သည့်နေရာက လာသနည်း။ လူတိုင်းက ထိုထူးခြားသော စစ်သားများအား ကြည့်ကာ တွေးတော နေကြသည်။
အချို့သော သူများက သူတို့၏ဝတ်ရုံများမှ သင်္ကေတအား မှတ်မိကြသည်။ ရုတ်တရက် သူတို့က အန္တရာယ် အငွေ့အသက်များအား ခံစားလာကြရ၏။
“သူတို့က ဟိုင်ရန်ကျောင်းတော်က စွမ်းအားမြင့် တိုက်ခိုက်ရေး သမားတွေနဲ့ မှော်ဆရာတွေပဲ ”
“ဒါ ဘယ်လိုဖြစ်တာလဲ … ဟိုင်ရန်မြို့က ငါတို့ရဲ့ မဟာရန်သူပဲ… ငါတို့ မြို့စောင့်စစ်သည်တွေက ဟိုင်ရန်ကျောင်းက စစ်တပ်နဲ့ ဘာလို့ ပူးပေါင်းရတာလဲ…”
“နားမလည်တော့ဘူး…” လူတိုင်းက သည်စစ်တပ်နှင့် ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်စိတ် ဝင်လာကြသည်။ သားရဲအုပ်မှာ မြို့တော်အား မကြာမီ ဝင်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ သို့သော် မြို့စောင့်စစ်သည်များမှာ မဟူရာ မြင်းစစ်တပ်နှင့် အတူ မြို့အား မကာကွယ်ဘဲ ဟိုင်ရန်စစ်တပ်နှင့်အတူ ချီတက်နေကြ၏။ ချင်းကျူမြို့ကား အမှန်တကယ်ပင် အန္တရာယ်ကြားထဲ ကျရောက်နေလေပြီ။
ထိုစစ်တပ်ကြီးကား ချင်းကျူ ကျောင်းတော်အား တိုက်ရိုက်ပင် ချီတက်လာနေကြ၏။ သူတို့က ကျောင်းတော်အနီးသို့ ရောက်သောအခါ ချင်းကျူ ကျောင်းတော်ကား မဟူရာ မြင်းစစ်သည်များနှင့်အတူ သားရဲအုပ်များနှင့် တိုက်ခိုက်နေကြဆဲပင်။
သည်ကဲ့သို့ စစ်တပ်ကြီးမှာ ပုံမှန်အားဖြင့် တိုက်ခိုက်နေသူများ အားလုံးအား သတိထားမိစေသည်။ တိုက်ပွဲနေရာသို့ အသစ်ရောက်လာသော သူများအား ကြည့်ပြီး ကျောင်းသား အများစုမှာ ထိတ်လန့် သွားကြသည်။
“ဝေမင်…” ချင်ရွှီက ရှေ့သို့လှမ်းထွက်လိုက်ကာ ချင်းကျူ မြို့တော်ဝန် ဝေမင်အား စိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာကား ဒေါသကြောင့် နီမြန်းနေသည်… “မင်းက တီအန်ယွာတောင်က သားရဲအုပ်တွေကို မောင်းသွင်းခဲ့တယ်… အခု ဟိုင်ရန်ကျောင်းက လူတွေနဲ့ ပူးပေါင်းလိုက်တာလား… ဒါက မင်းရဲ့နယ်မြေဆိုတာ မမေ့နဲ့…”
“ကျုပ် ခင်ဗျားပြောတာ နားမလည်ဘူး… ကျုပ်အခု လုပ်နေတာတွေ အကုန်လုံးက အမိန့်အရ လုပ်နေတာ…” ဝေမင်က အေးစက်စွာ ပြောလိုက်သည်။
“ရှာဖန်… မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ…” ချင်ရွှီက ရှာဖန်မှာ ထိုလူအုပ်ထဲတွင် ရှိသည်ကို သတိထားမိလိုက်သည်။ ရှာဖန်၏မျက်လုံးများကား ကောက်ကျစ်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူက ချင်ရွှီအား မထီသလို ကြည့်လိုက်သည်။ ဗိုလ်ချုပ်ချင်ကား သာမန်စစ်တပ်ငယ်၏ ဗိုလ်ချုပ်အဆင့်သာလျှင် ရှိသည်။ သူ့အား ထိုသို့ ရိုင်းစိုင်းစွာ မပြောသင့်ဟု သူထင်သည်။
“ချင်းကျူ ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဘယ်မှာလဲ…”ရှာဖန်က ချင်ရွှီ၏မေးခွန်းအား လျစ်လျူရှုထားလိုက်သည်။ သူက ချင်းကျူ ကျောင်းမှအုပ်စုအား ကြည့်ကာ ကျောင်းအုပ်ကြီးအား ရှာလိုက်သည်။ ကျောင်းအုပ်ကြီးက ရှေ့သို့ထွက်လာသည်။ သူ၏ခေါင်းမှ ဆံပင်များကား အဖြူ တစ်ဝက် အညိုတစ်ဝက် ဖြစ်သည်။ သူကား အသက်ခုနစ်ဆယ်ခန့် ရှိမည်ဖြစ်ပြီး တည်ငြိမ် အေးဆေးသောပုံဟန်က သူ့အား ခန့်ညားစေသည်။ ထိုအဘိုးအိုမှာ ချင်းကျူ ကျောင်းတော်၏ ကျောင်းအုပ်ကြီး ဂူမူ ဖြစ်သည်။ သူက ကျောင်းအရေးကိစ္စများတွင် မပါဝင်တော့ပဲ သူ၏တန်ခိုးကျင့်စဉ်များတွင် သာလျှင် အာရုံစိုက်နေခဲ့သည်မှာ ကြာလှပြီ။ အမှန်တကယ်တွင် သားရဲအုပ်သာ မရောက်လာခဲ့လျှင် သူ ဤနေရာတွင် ပေါ်လာစရာ အကြောင်းမရှိပေ။
“သခင်လေးရှာ… အရှေ့ပင်လယ်ဒေသ အုပ်ချုပ်ရေးမှူးရဲ့သား… သခင်လေးက ဒီကို ဘာလာလုပ်တာလဲ…” ဂူမူက မေးလိုက်သည်။
“တီအန်ယွာတောင်က ချင်းကျူ မြို့အတွက် အနာဂတ်မှာ အန္တရာယ် ရှိတဲ့ နေရာဖြစ်တယ်… ဒွန်ဟိုင်စီရင်စုရဲ့ အုပ်ချုပ်သူအနေနဲ့ မြို့တော်ဝန်နဲ့ ပူးပေါင်းပြီး အန္တရာယ်ကို ရှင်းလင်းဖို့ တာဝန်ရှိတယ်… ဒါကြောင့် ကျုပ်က မြို့စောင့်စစ်တပ်… မူရွန်မိသားစု… နဲ့ ဟိုင်ရန်ကျောင်းတော်ကို ဆင့်ခေါ်ခဲ့တာ… ပြီးတော့ ခင်ဗျားရဲ့ ပူးပေါင်းမှုကို လိုအပ်တယ်…” ရှာဖန်က ရယ်မောလျက် ပြောသည်။
ဂူမူက သူ၏ရှင်းပြမှုအား အယုံအကြည်မရှိပေ။ သို့သော်လည်း မြို့၏ ဘေးရန်မှာ ယခုအချိန် အလွန်ရေးကြီးသော အခြေအနေကို ရောက်နေသည်။ သူတို့မှာ တောကောင်ရိုင်းများနှင့် စစ်တပ်၏ ဝန်းရံခြင်း ခံထားရသည်။ အကယ်၍ သူက ရှာဖန်အား ငြင်းလိုက်ပါက သူတို့အားလုံး အသတ်ခံရနိုင်သည်။
“ကောင်းပြီ… ငါတို့ ပူးပေါင်းမယ်…” ဂူမူက ဖြေလိုက်သည်။
“ကျောင်းအုပ်ကြီးက မြို့အတွက် ဆုံးဖြတ်ချက်ကောင်း တစ်ခု ချခဲ့တယ်လို့ ကျုပ်ယုံတယ်… ဗိုလ်ချုပ်ချင်က မြို့ရဲ့အဓိက ကာကွယ်သူဖြစ်တယ်… ခင်ဗျားက ကျောင်းအုပ်ကြီးနဲ့ သဘောထားချင်းတူတယ်… ဟုတ်တယ်မလား…” ရှာဖန်က ချင်ရွှီအား ထပ်မံ၍ မေးလိုက်သည်။
“တကယ် အရှက်မရှိတဲ့အကောင်…”ချင်းကျူ ကျောင်းတော်မှ လူများအားလုံးက ရှာဖန်အား စိတ်ထဲမှ ဆဲနေကြသည်။
“မင်းက ဟိုင်ရန်မြို့က စွမ်းအားကောင်းတဲ့ လူတွေ အတော်များများကို ဆင့်ခေါ်ခဲ့တယ် ဆိုတော့ သူတို့နဲ့ ဘယ်လို အပေးအယူမျိုး လုပ်ထားတာလဲ…” ချင်ရွှီက ရှာဖန်အား မေးလိုက်သည်။
“ဗိုလ်ချုပ်… သူတို့က ကူညီဖို့လာတာ သတ်သတ်ပဲ… ဘာအပေးအယူမှ မရှိဘူး… ခင်ဗျားက ရွေးစရာမရှိဘူးဆိုတာ သိတယ်… ဒါကြောင့် ခင်ဗျားရဲ့ အမူအရာတွေကို ပြင်ဖို့ မျှော်လင့်တယ်…” ရှာဖန်က မောက်မာစွာ ပြောလိုက်သည်။ သူကား အရှေ့ပင်လယ်ဒေသနှင့် ဟိုင်ရန်မြို့မှ စွမ်းအားကောင်းသော သူများ အများအပြားကို ခေါ်ထားသည်။ ထို့ကြောင့် ယခုအချိန် သူ အသာစီးရနေ၏။
“ကောင်းပြီ…” ချင်ရွှီက မလိုလားသော်လည်း ခေါင်းညိတ်လိုက်ရသည်။ သူကား ဤအဖြစ်အပျက်၏ နောက်ကွယ်တွင် အကျိုးအမြတ်များ ရှိနေသည်ကို သိသည်။ သို့သော်လည်း စစ်ကူများရလျှင် သူတို့က ရှေ့တန်းအား အလျင်အမြန် ကူညီနိုင်ပြီး ချင်းကျူမြို့၏ ထိခိုက်မှုအား အနည်းဆုံးသို့ လျှော့ချနိုင်သည်။ အမှန်တကယ်လည်း သူက ငြင်းပယ်ခဲ့ပါက သားရဲအုပ်များနှင့် ရန်သူများအကြား သူတို့၏အခြေအနေမှာ အလွန် ဆိုးရွားသွားနိုင်သည်။
“ဒါဆို အခုသွားမယ်…” ရှာဖန်က ပြုံးလိုက်သည်။
“ရှာသခင်လေး… ကျုပ်က ချင်းကျူ ကျောင်းတော်က လူတစ်ယောက်ကို လိုချင်တယ်…” ဟိုင်ရန်ကျောင်းတော်မှ လူတစ်ယောက် ရှာဖန်အား ပြောလိုက်သည်။
“ဘယ်သူလဲ…” ရှာဖန်က ပြုံးလျက် မေးလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် လူကြီးက ချင်းကျူ ကျောင်းတော်ဘက်မှ လူများအား ကြည့်လိုက်လျှင် သူ၏မျက်လုံးက ရီဖူရှင်းထံသို့ ရောက်သွား၏။
ရီဖူရှင်းက ရုတ်တရက် မကောင်းသည့် ခံစားချက်များ ရလာသည်။ သည်လူကြီးမှာ ချင်းကျူ ကျောင်းတော်အား လာရောက်ရန်စခဲ့သည့် ဟိုင်ရန်ကျောင်းတော်ဘက်မှ သိမ်းငှက်မျက်လုံးနှင့် လူပင်ဖြစ်သည်။
“ရီဖူရှင်း… မင်းက ကျောင်းတော်က မထွက်သေးဘူးလား…” သိမ်းငှက်မျက်လုံးနှင့်လူက မေးလိုက်သည်။
“ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
“နောက်ဆုံးအကြိမ်က ငါမင်းကို ဟိုင်ရန်ကျောင်းတော်ကို ဖိတ်ခေါ်ခဲ့တယ်… မင်းက ငြင်းခဲ့တယ်… အခု ဒီမေးခွန်းကို ထပ်မေးတာ ငါဘာကို ဆိုလိုလဲ မင်း နားလည်မှာပါ…”
“ကျုပ်တကယ် ကျောင်းတော်က နုတ်ထွက်ခဲ့တယ်… ဒါပေမဲ့ ကျုပ်မှာ ဆရာရှိနေပြီးသားပဲ… ဒါကြောင့် ဒီတစ်ခါလည်း ငြင်းပယ်ရမှာပဲ…” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“ဘယ်သူက ဒီလောက် ကံကောင်းပြီး မင်းဆရာ ဖြစ်သွားတာလဲ…” ထိုလူက ဆက်မေးလိုက်သည်။
“ကျုပ်ပဲ…” ဟွာဖန်းလူက လူအုပ်ထဲမှ ဖြေလိုက်သည်။
“ဒီလိုလည်းရတယ်… ငါတို့ ဟိုင်ရန်ကျောင်းတော်က မင်းမှာ ဆရာရှိနေရင်တောင် ကျောင်းသားအနေနဲ့ လက်ခံဖို့ ဆန္ဒရှိတယ်…” သိမ်းငှက်မျက်လုံးနှင့်လူက ပြောလိုက်သည်။ သူက ရီဖူရှင်းအား အလွယ်တကူ လက်မလွှတ်လိုပေ။
“ဟိုင်ရန် ကျောင်းတော်က တကယ် သဘောထားကြီး ပေးထားတာပဲ… ကု့ချင်းမိစ္ဆာက ဒီကိစ္စကို ငြင်းဆန်မှာ မဟုတ်ဘူးလို့ ယုံတယ်… ဟုတ်တယ်မလား…” ရှာဖန်က ဟွာဖန်းလူအားလည်း ဆွဲဆောင်ရန် ကြိုးပမ်းလိုက်သည်။ သူက ဟိုင်ရန်ကျောင်းတော်က ရီဖူရှင်းအား အလိုရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ ကူညီရန် ဆုံးဖြတ်လိုက်သည်။
“သူက မင်းတို့ ကျောင်းတော်အတွက် ကောင်းလွန်းနေတယ်…” ဟွာဖန်းလူက အေးဆေးစွာပင် ပြောလိုက်သည်။
ဟိုင်ရန်ကျောင်းတော် အုပ်စုတွင် အချိန်အတန်ကြာ မျက်လုံးမှိတ်ထားသော အဘိုးအိုက ရုတ်တရက် မျက်လုံးအား ဖွင့်ကာ ပြောလိုက်သည်… “ဟွာဖန်းလူ… မင်းက တိုက်ခိုက်ချင်တာလား…”
“ဟွာဆရာ… ခင်ဗျားက ကျုပ် အခက်အခဲဖြစ်အောင် လုပ်နေတာပဲ…” သူက ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဘေးနားမှ လူများက ရှေ့သို့ တက်လာသည်။ သူတို့က ဟွာဖန်းလူ ငယ်ရွယ်စဉ်က သူနှင့် ပြဿနာ ဖြစ်ရဲမည် မဟုတ်သော်လည်း ယခု ဟွာဖန်းလူမှာ မူလဝိညာဉ် ဖျက်ဆီးခံထားရပြီး ဖြစ်သည်။ သူတို့က ဟွာဖန်းလူအား ကြောက်ရွံ့သော စိတ်မရှိတော့ပေ။
ဟွာဖန်းလူက စွမ်အင်များအား စုစည်းကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန် ရီဖူရှင်းက ရုတ်တရက် ရယ်မောလိုက်သည်။ သူက… “ခင်ဗျာသိလား… ခင်ဗျားရဲ့ကျောင်းတော်ကို အဆက်မပြတ် ဖိတ်ခေါ်ခံရတာ တကယ် ဂုဏ်ယူစရာပဲ… ကျုပ် စိတ်ပြောင်းသွားပြီ… ဆရာကလည်း ကျွန်တော့်ကို မတားဘူးမလား…”
ဟွာဖန်းလူက သူ့အား ကြည့်လိုက်သည်။ သည်ကောင်လေးမှာ ညဏ်ကောင်းပြီး အကွက်မြင်သည်ကို သူသိသည်။ သူ့စိတ်အား ရုတ်တရက် ပြောင်းလဲလိုက်ခြင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိမည်ကို သိသည်။ သူက သဘောတူလိုက်သည်…” ကောင်းပြီ… ကျုပ်သဘောတူတယ်… ဒါပေမဲ့… ခင်ဗျားတို့ ဟိုင်ရန်ကျောင်းတော်က သူ့ကို အန္တရာယ် မရှိအောင် ဂရုစိုက်ပါ… မဟုတ်ရင် ကျုပ်ဒေါသနဲ့ တွေ့သွားမယ်…”
“စိတ်မပူပါနဲ့ ဟွာဆရာ…” သိမ်းငှက်မျက်လုံးနှင့်လူက ပျော်ရွှင်စွာ ပြောလိုက်သည်။ ရီဖူရှင်းက သူတို့ကျောင်းတော်၏ ယွန်ရှင်းဟွာကဲ့သို့ ပါရမီပါသောသူကိုပင် အနိုင်ယူခဲ့သည်။ သူတို့တွင် ရွေးချယ်စရာနှစ်ခုသာ ရှိသည်။ ထိုအရာကား သူ့အား သတ်ရန်နှင့် ဟိုင်ရန်ကျောင်းတော်သို့ ဖိတ်ခေါ်ရန်ဖြစ်သည်။
ယူချင်းက ရှေ့သို့ လှမ်းတက်လိုက်သည်။ ယူချင်းက သူ၏ဆုံးဖြတ်ချက်အား တားတော့မည်ကို သူသိသည်။ သူက ခေါင်းခါပြလိုက်လျှင် ယူချင်း ရပ်သွား၏။ သို့သော်လည်း ယူချင်းကား ဒေါသထွက်နေပုံရကာ သူ၏မျက်လုံးတွင် နားမလည်သော အရိပ်အယောင်များအား တွေ့ရသည်။
မိန်းကလေးငယ် တစ်ယောက်နှင့် လူငယ်တစ်ယောက် ဟိုင်ရန်အုပ်စုမှ ထွက်လာကြသည်။ သူတို့က ရီဖူရှင်းအား ပြုံးလျက် နှုတ်ဆက်လိုက်ကြသည်… “အခု နင့်ကို ငါတို့ကျောင်းတော်က လက်ခံလိုက်ပြီ… ဒီကိုလာခဲ့…”
ရီဖူရှင်းက ခေါင်းညိတ်လျက် ဟိုင်ရန်အုပ်စုထံသို့ လျှောက်သွားလိုက်သည်။ သူက ထိုမိန်းကလေး၏ ခန္ဓာကိုယ်အား အပေါ်အောက် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်…” တကယ်လို့ ဟိုင်ရန်ကျောင်းတော်မှာ ဒီလိုလှတဲ့ မိန်းကလေးရှိတာ သိခဲ့ရင် အစောကြီး ကတည်းက လက်ခံပြီးပြီ…”
“နင်က စကား အရမ်း ပြောတတ်တာပဲ…” ဆွဲဆောင်မှုရှိသော ထိုမိန်းကလေးက ရယ်မောလျက် ပြောလိုက်သည်။
“နောက်ဆို ကျွန်တော့်ကို သေချာ ဂရုစိုက်ပေးပါ…” ရီဖူရှင်းက သူမ အနီးသို့ ကပ်လျက် ပြောလိုက်သည်။ ထိုမိန်းကလေးက ရီဖူရှင်း၏စကားများအား ကြားကာ သက်သောင့်သက်သာ ရှိသလို ခံစားရကာ ပို၍ပင် ရယ်မောလိုက်သည်…” ဒါပေါ့… ချစ်စရာကောင်းတဲ့… ကောင်ကလေး…”
“မျက်နှာရူးကောင်…” ချင်းကျူ ကျောင်းတော်မှလူများက ရီဖူရှင်းအား ကြည့်ကာ မှတ်ချက် ချလိုက်ကြသည်။ သူတို့ကား ရီဖူရှင်းက ချင်းကျူ ကျောင်းတော်ကို ယခုပင် သစ္စာဖောက်ပြီး သူတို့၏ရှေ့တွင် ထိုသို့ ပြုမူနေသည့် ရီဖူရှင်းအား ကြည့်ကာ ဒေါသထွက်ကြရ၏။
“သစ္စာဖောက်…”
“ငါတို့ကျောင်းတော်က ကျောင်းသားတစ်ယောက်က ဒီလောက် ခံစားချက်မဲ့ရသလား…” လူတိုင်းက သူ့အား အပြစ်တင်ကြသည်။ ချင်ယီကလည်း ထိုအဖြစ်အပျက်များအား ကြည့်ကာ အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းလာသည်။
ရှာဖန်က ထိုအဖြစ်အပျက်များအား ကြည့်နေသည်။ သူက ဟွာဖန်းလူကား ကြည့်လိုက်၏။ သူ့သမီး၏ ရည်းစားကောင်လေးမှာ တခြား မိန်းကလေးတစ်ယောက်နှင့် သူ၏ရှေ့တွင် စနောက်နေသည်ကို မြင်ကာ ဟွာဖန်းလူမှာ အလွန်ရှက်နေလိမ့်မည်ဟု သူတွေးလိုက်သည်။
သို့သော်လည်း အံ့အားသင့်စွာပင် ဟွာဖန်းလူမှာ တည်ငြိမ်စွာပင် ရပ်နေသည်ကို တွေ့ရ၏။ သူ၏ပုံစံမှာ သူ့သမီးနှင့် ရီဖူရှင်းတို့၏ဆက်ဆံရေးအား လုံးဝမသိသလိုမျိုး ဖြစ်သည်။ ရှာဖန်က ထိုအရာမှာ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ မဟုတ်ပါက ဟွာဖန်းလူမှာ ဒေါသထွက်ကာ ပေါက်ကွဲမည် ဖြစ်သည်။
ထို့အတူ သည်လို လိမ်လည် လှည့်စားတတ်သည့် ကောင်နှင့် ဟွာဂျီယူမှာ မည်ကဲ့သို့ ချစ်ကြိုက် သွားကြသည်ကို သူတွေးမရပေ။
ရှာဖန်မသိသော အချက်မှာကား ဟွာဖန်းလူ တည်ငြိမ်နေသည်မှာ ရီဖူရှင်းအား နားလည်လွန်း၍ ဖြစ်သည်။
“ကောင်းပြီ… ကျုပ်တို့ သွားရအောင်…” ရှာဖန်က ညွှန်ကြားလိုက်သည်။ သူ့ပုံစံက လက်ရှိအခြေအနေအား အလွန် ကျေနပ်နေပုံရ၏။
***