အခန်း ( ၁၈၄ )

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ကုံမြစ်ဂိုဏ်းခွဲကနေ ထိန်းချုပ်ထားသော မြစ်လက်တက်လေးခုထဲမှ ပထမဆုံးမြစ်လက်တက်ကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သိမ်းပိုက်ထားသည်။ ထိုနေရာသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဘေးကပ်လျက်တွင်တည်ရှိပြီး နယ်နိမိတ်အဖြစ် လောချိန်မျိုးနွယ်စုမှ သိမ်းပိုက်ထားသော လောချိန်တောင်တန်းဟုလူသိများသည့် တောင်တန်းများသာတည်ရှိလေသည်။

လောချိန်တောင်တန်းများကိုကျော်ဖြတ်ပြီးလျှင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှထိန်းချုပ်ထားသော နယ်မြေထဲသို့ရောက်ရှိမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ကပျာကယာပြေးလွှားနေပြီး လမ်းတစ်လျှောက်လုံးလည်း သက်ပြင်းများဆက်တိုက်ချလာသည်။ ထိုနေရာကိုကျော်ဖြတ်နေစဥ်တွင် သူ၏စိတ်ထဲ၌ဇဝေဇဝါဖြစ်နေလေသည်။ တစ်ဖက်တွင်သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း တွေ့ကြုံခဲ့ရသောအန္တရာယ်အခက်အခဲများအကြောင်းကိုစဥ်းစားနေမိပြီး တချိန်တည်းမှာပင် တုလင်ဖေးအကြောင်းကိုလည်း စဥ်းစားနေမိလေသည်။

လောချိန်မျိုးနွယ်စုနှင့် ပြဿနာများမတက်ခဲ့ပါလျှင် သူနှင့်တုလင်ဖေးတို့ နီးစပ်လာရန်အကြောင်းမရှိ။ တုလင်ဖေးသည် ကျိုးရှင်းချီကဲ့သို့ သူ့ကို မျက်မုန်းကျိုးနေနိုင်ပေသည်။

ထို့ပြင် ပိုင်ရှောင်ချန်းကိုယ်တိုင်ကလည်း သူမကိုပွင့်ပွင့်လင်းလင်း ဆက်ဆံဖြစ်လိမ့်မည်မဟုတ်ပေ။ လောချိန်မျိုးနွယ်စု၏သစ္စာဖောက်မှုသည် အရာအားလုံးကိုပြောင်းလဲသွားစေသည်။

သက်ပြင်းများချလျက် သူသည် တချိန်က လောချိန်မျိုးနွယ်စုတို့ တည်ရှိခဲ့ရာနေရာကို ကျော်ဖြတ်လာခဲ့သည်။ ယခုအခါတွင် ထိုနေရာတစ်ခုလုံး ချုံနွယ်ပိတ်ပေါင်းများဖုံးအုပ်နေကာ တချိန်က ထိုနေရာတွင်မျိုးနွယ်စုတစ်စုတည်ရှိနေခဲ့ကြောင်း ပြစရာအထောက်အထားပင်မရှိတော့ပေ။

ထိုနေရာနှင့်မနီးမဝေးတွင် လောချိန်မျိုးနွယ်စုအစား တောင်များကိုစောင့်ကြပ်ရန် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ထူထောင်ပေးထားသော မျိုးနွယ်စုတစ်စုရှိပေသည်။ ပိုင်ရှောင်ချန်းထိုနေရာသို့ရောက်ရှိနေကြောင်း ထိုမျိုးနွယ်စုမှလူများမသိကြပေ။

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလင့်ကစား ပိုင်ရှောင်ချန်းရန်စမရဲသော သားရဲကောင်များ ထိုနေရာတစ်ဝိုက်တွင်ရှိနေပေသည်။

သူဆက်လက်ထွက်ခွာလာရာလမ်းတစ်လျှောက်တွင် သူသည် ကျယ်ပြောလှသောကမ္ဘာကြီးနှင့် ထိုကမ္ဘာကြီးထဲတွင်မှီတင်းနေထိုင်လျက်ရှိသော ထူးဆန်းပြီးရှေးကျသည့် သားရဲကောင်အချို့ကိုလည်း မြင်တွေ့ခဲ့ရလေသည်။

ဒေသခံကျင့်ကြံသူမျိုးနွယ်စုများကိုလည်းမြင်တွေ့ခဲ့ရပြီး သူ၏ဂိုဏ်းခေါင်းဆောင် ဂိုဏ်းတူအစ်ကိုကြီးသည် လွန်ခဲ့သောလအနည်းငယ်က အဘယ့်ကြောင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအစည်းအဝေးကိုခေါ်ခဲ့သလဲဆိုတာကို နားလည်လာသည်။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကြားကတိုက်ပွဲတွေဟာ ကြာမြင့်ခဲ့ပြီ…။” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့တိုက်ခိုက်နေကြရာအဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရင်း သူကပြောသည်။ ကျိန်းယွမ်သုန်ပြောပြခဲ့ဖူးသော ကုံမြစ်ဂိုဏ်းခွဲ ကြောင့်ဖြစ်ပေါ်လာခဲ့ရသော တိုက်ပွဲများအကြောင်းကိုပြန်လည်စဥ်းစားနေမိသည်။

စစ်ပွဲကြောင့် ကောင်းကင်ရောမြေကြီးပါလုံးဝတုန်လှုပ်သွားစေသည်မှာ အသေအချာပင်ဖြစ်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကြားတွင်လည်း စစ်ပွဲများပေါ်ပေါက်လာမည်လားဟု တွေးတောနေမိသည်။

လဝက်ခန့်ကြာသောအခါ သူသည် လောချိန်တောင်တန်းများကိုကျော်လွန်လာခဲ့ပြီး သွေးနယ်မြေ၏အစွန်အဖျားသို့ ရောက်ရှိလာခဲ့လေသည်။ အသက်ကိုပြင်းပြင်းရှူလျက် သူ၏ထည့်စရာအိတ်အတွင်းမှမျက်နှာဖုံးကိုဖြည်းညင်းစွာထုတ်ယူလိုက်ကာ မျက်နှာပေါ်သို့တပ်ဆင်လိုက်သည်။

မျက်နှာဖုံးသည် သူ၏အရေပြားနှင့်ထိလျှင်ထိချင်း အရည်ပျော်ဝင်သွားပြီး သူ၏မျက်နှာသည် တွန့်လိမ်ကောက်ကွေ့ကာ သူစိမ်းတစ်ယောက်၏မျက်နှာမျိုးအဖြစ် ပုံစံပြောင်းသွားလေသည်။

သူသည်ရုပ်ရည်ချောမောခန့်ညားဟန်ရှိသော်လည်း အေးစက်ပြီးမာနကြီးသည့်အရိပ်အယောင်များထင်ဟပ်နေသည်။ မျက်နှာဖုံးတပ်ထားလျှင် သူ့မျက်နှာသည် နွေးထွေးပြီးခင်မင်စရာမကောင်းဘဲ ရက်စက်ကြမ်းကြုတ်ပြီးယုတ်မာကောက်ကျစ်ပုံပေါ်လေသည်။

သူ၏မျက်နှာကိုဟိုဟိုသည်သည်စမ်းကြည့်ပြီး သူ၏မျက်နှာပုံစံလုံးဝပြောင်းလဲသွားသည်ဖြစ်ကြောင်းသေချာသည်နှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဝတ်ရုံများကိုချွတ်ပစ်လိုက်ပြီး ထည့်စရာအိတ်ထဲမှ ညမုဆိုး ၏အဝတ်အစားများကိုထုတ်ယူလိုက်သည်။ ထိုအဝတ်များကိုဝတ်ဆင်ပြီးနောက်တွင် သူသည် ညမုဆိုး တစ်ယောက်ဖြစ်သွားလေပြီ။

သူကျင့်ကြံခဲ့သောပညာရပ်များနှင့် သူ၏ကျင့်ကြံခြင်းအခြေခံတို့ကိုပါ မျက်နှာဖုံးကဖုံးကွယ်ပေးထားသည်။ သူသည် အစောပိုင်းအခြေခိုင်မာခြင်းအဆင့်ရှိနေပြီဖြစ်သော်လည်း သူ့ကိုအကဲဖြတ်ကြည့်သူများအတွက်မူ သူသည်ချီစုစည်းမှုအဆင့်တစ်ဆယ်၏မဟာစက်ဝန်းတွင်သာရှိနေပေလိမ့်မည်။

သူသည် နဂို ညမုဆိုး ၏ပုံပန်းသဏ္ဍာန်ကို အပြည့်အဝတုပထားနိုင်လေသည်။ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏နယ်မြေထဲသို့ လမ်းလျှောက်ဝင်ရောက်လာခဲ့လေသည်။ သူသည် အလျင်အမြန်မလျှောက်လှမ်းဘဲ သွေးနယ်မြေကိုဖြတ်၍ဖြည်းညင်းစွာ သတိကြီးကြီးထားလျက်လျှောက်လှမ်းလာခဲ့လေသည်။

ထိုသို့လျှောက်လှမ်းလာစဥ်တွင် သူသည် လူလိမ် ညမုဆိုး ၏ဝိညာဥ်နှင့် စကားစမြည်ပြောလာခဲ့ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်းများကို ပို၍သိလာခဲ့သည်။ တစ်ခုမှာ ကြီးနိုင်ငယ်ညှင်းဥပဒေမှါ အမှန်တစ်ကယ်အသက်ဝင်ပြီး ဂိုဏ်းသားများသည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြလေသည်။

ဂိုဏ်းပြင်ပတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ သွေးစွမ်းအင်ဂိုဏ်း နယ်မြေတစ်ခုလုံးတွင် ကြမ်းကြုတ်စွာသတ်ဖြတ်မှုများဖြင့်ပြည့်နှက်နေသည်။

ပိုင်ရှောင်ချန်းအတွက်မူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ညမုဆိုး အဖြစ်ပြန်လာရခြင်းမှာရိုးစင်းလွန်းလှပေသည်။ လူလိမ် ညမုဆိုး ကသူ့ကိုပြောပြသည်များအရ မြေခဓားကမ္ဘာမှနေ၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း နယ်မြေထဲသို့တည်နေရာပြောင်းရွေ့ခံလိုက်ရသောဂိုဏ်းသားများတွင် အချို့သည် ဂိုဏ်းသို့တိုက်ရိုက်ပြန်ရောက်လာကြသော်လည်း အခြားသူများမှာမူ ဂိုဏ်းသို့ပြန်မရောက်မီ သူတို့၏ဒဏ်ရာများပျောက်ကင်းသည်အထိ ေနရကြောင်းသိရသည်။

ထို့အပြင် ဂိုဏ်းအတွင်းသို့ဒဏ်ရာများနှင့်ပြန်လာရခြင်းထက် ဂိုဏ်းပြင်ပတွင်နေရခြင်းကပို၍လုံခြုံပေလိမ့်မည်။

ထိုအကြောင်းကိုပိုင်ရှောင်ချန်းကြားသိလိုက်ရသောအခါတွင်မူ ကြောက်ရွံ့ထိတ်လန့်မှုများရင်ဝသို့ဆောင့်တက်လာသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ကျောချမ်းစရာကောင်းသောနေရာတစ်ခုဖြစ်နေပေသည်။ သို့သော်လည်း ထာဝရတည်မြဲခြင်းရတနာ၏ သွေးဆောင်ဖြားယောင်းနေမှုများအရ၊ မျက်နှာဖုံးကပေးထားသောလုံခြုံမှုများအရ၊ သူသည် အံကိုကြိတ်လျက် သူ၏အစီအစဥ်ကိုဆက်လက်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

သူသည်ဆက်လက်လျှောက်လှမ်းလာပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနယ်မြေပေါ်ရှိမြင်ကွင်းများကိုမှတ်သားနေသည်။ အရာအားလုံးသည် သွေးများစွန်းပေနေသကဲ့သို့နီညိုရောင်ပေါက်နေသည်။ ဘာကြောင့်ထိုကဲ့သို့ဖြစ်နေရသည်ကို လူလိမ် ညမုဆိုး ပင် သေချာမသိပေ။ ထိုကဲ့သို့အမြဲတမ်းဖြစ်နေသည်မှာအသေအချာပင်ဖြစ်သည်။

အပင်များသည်ပင်လျှင် သဘာဝအလျောက်ရက်စက်ကြမ်းကြုတ်နေပုံပေါ်လေသည်။ ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်သောအပင်တော်တော်များများကို လမ်းတစ်လျှောက်ပိုင်ရှောင်ချန်းတွေ့ခဲ့ရသည်။ အချို့အပင်များကို သူဖျက်ဆီးပစ်ခဲ့ပြီးအချို့ကိုတော့သူဝေးဝေးကရှောင်ခဲ့လေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဆီသို့ရောက်ရှိရန်နှစ်လခန့်အချိန်ယူခဲ့ရသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကဲ့သို့ပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ကောင်းကင်တံတားမြစ်ပေါ်တွင်တည်ရှိနေသည်။

ဂိုဏ်း၏ပုံပန်းသဏ္ဍာန်အကြောင်း လူလိမ် ညမုဆိုး ကရှင်းပြခဲ့ဖူးသော်လည်း ပိုင်ရှောင်ချန်းသည် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောအခါတွင်မူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အသားများပင်တဆတ်ဆတ်တုန်လာလေသည်။

သူသည် လုံးလုံးလျားလျားတုန်လှုပ်နေပြီဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တာအိုသစ်စေ့တောင်သည် မြစ်တစ်ခုလုံးအပေါ်တွင်တံတားတစ်စင်းကဲ့သို့ဖြန့်ကျက်ထားပြီး တောင်ပိုင်းနှင့်မြောက်ပိုင်း၏တောင်ထိပ်ခုနှစ်ခုကိုဆက်သွယ်ထားသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာမူအတော်လေးကွာခြားလှပေသည်။

ဂိုဏ်း၏ပုံစံသည် ကြီးမားသောသွေးရောင်လက်တစ်ခုနှင့်ပင်တူနေလေသည်။

အဆမတန်ကြီးမားလှသောသွေးလက်ကြီးသည် ကောင်းကင်တံတားမြစ်ဆီမှဖြန့်ကျက်ထွက်လာပြီး ကောင်းကင်ဆီသို့ကုတ်ခြစ်တက်နေပုံပေါ်ပေသည်။ ထိုလက်ကြီး၏အရွယ်အစားကိုဖော်ပြရန်စကားလုံးပင်ရှာမရပေ။ လက်၏လက်ချောင်းငါးချောင်းသည် ကြီးမားသောတောင်ထိပ်ငါးခုနှင့်တူနေပြီး တောင်ထိပ်တစ်ခုချင်းစီ၏အရွယ်အစားသည် တာအိုသစ်စေ့တောင်၏အရွယ်အစားခန့်ရှိသည်။

ကြမ်းတမ်းသောလက်မကိုမူ သွေးအခိုးအငွေ့များကဖုံးလွှမ်းထားလေရာ ရှင်းလင်းပြတ်သားစွာမမြင်ရပဲရှိနေသည်။

ဖုန်ထူပြီး အုတ်အကျိုးအပဲ့များစုပုံနေသောမျက်နှာပြင်ကို လေကတိုက်စားထားရာ ထိုလက်တည်ရှိနေသည်မှာမည်မျှရှိပြီဖြစ်ကြောင်း အတိအကျပြောနိုင်ရန်မဖြစ်နိုင်ပေ။ အနီးကပ်ကြည့်ရှုလျှင် အပေါ်သို့ထိုးထွက်နေသောဧရာမတောင်ထိပ်ငါးခုကိုသာမြင်ရပေသည်။

သို့ရာတွင် အဝေးမှကြည့်ရှုလျှင် လက်၏အောက်ခြေတွင် ကြောက်စရာကောင်းသောလက်မောင်းတစ်ခုရှိနေသည်ကိုမြင်တွေ့ရပေမည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားတစ်ချပ်ကဲ့သို့ ပြူးကျယ်နေပေပြီ။ ထိုမြင်ကွင်းကိုမြင်တွေ့လိုက်ရသောမည်သူမဆို တွေးမိကြမည်မှာ ကောင်းကင်တံတားမြစ်ထဲတွင်ရှိခဲ့သောဧရာမလူ့ဘီလူးကြီးတစ်ကောင်သည် ၎င်းမသေဆုံးမီအချိန်ကလေးတွင် ကောင်းကင်ကိုဆုတ်ဖြဲပစ်ရန်ကြိုးစားနေခဲ့သည်ဟူ၍ တွေးမိကြမည်ဖြစ်သည်။

သို့ရာတွင် ထိုသို့ပြုလုပ်ရန်ကြိူးစားနေစဥ်အတွင်း ၎င်း၏လက်မောင်းသည် အေးခဲသွားကာ လှုပ်ရှားခြင်းမရှိတော့ပေ။ ကောင်းကင်သို့ထိုးထွက်နေသောလက်တစ်ခုလုံးကျန်ရှိနေသရွေ့ လူ့ဘီလူးကြီး၏ဆန္ဒသည်လည်းကျန်ရှိနေမည်ဖြစ်သည်။

တောင်ထိပ်များကိုသွေးရောင်သဘာဝပေါက်ပင်များနှင့် များပြားလှသောအဆောက်အဦများက ဖုံးလွှမ်းထားသည်။ တောင်ထိပ်မှလူးလာပျံသန်းနေသောအလင်းတန်းများကိုလည်းမြင်တွေ့နေရသည်။ တောင်ထိပ်ပေါ်တွင်နေထိုင်သောလူပုဂ္ဂိုလ်များ၏ သတ်ဖြတ်လိုသောအငွေ့အသက်များကြောင့် မိုးကောင်းကင်တစ်ခုလုံးမှောင်မည်းနေပေတော့သည်။

ဤနေရာတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ရှိပေသည်။

“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပါလား…။” အသက်ပြင်းပြင်းရှူလျက် ပိုင်ရှောင်ချန်းကပြောသည်။ “သိပ်ကိုစွမ်းအားကြီးတယ်…။” အရာအားလုံးကိုမျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏စွမ်းအားနှင့်အရင်းအမြစ်များအပေါ်တွင် ပို၍အထင်ကြီးသွားလေသည်။

“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေ လူမဆန်တာလည်းမဆန်းပါဘူးလေ။ သူတို့ဂိုဏ်းဟာ အလောင်းကောင်ရဲ့လက်မောင်းပေါ်မှာတည်ဆောက်ထားတာပဲ။ လူလိမ် ညမုဆိုး ပြောတာကတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ပညာရပ်တွေဟာ လက်မောင်ကြီးဆီကနေရရှိထားကြတာဆိုပဲ။” ပိုင်ရှောင်ချန်းသည် စိတ်ဇဝေဇဝါဖြစ်လျက် ဧရာမလက်မောင်းကြီးနားသို့ ချည်းကပ်သွားလေ၏။ အနီးသို့ရောက်သောအခါ တောင်ထိပ်များမှ သွေးများစီးကျလျက်ရှိသောရေတံခွန်များကို တွေ့လိုက်ရလေသည်။

အနီးကပ်လေ့လာကြည့်ရှုလိုက်သောအခါ လက်သည် ကောင်းကင်တံတားမြစ်ဆီမှနေ၍ရေများစုပ်ယူလျက်ရှိသည်ကို ထင်ထင်ရှားရှားတွေ့လိုက်ရပေသည်။ ထိုရေများသည် လက်မောင်းပေါ်ရှိအက်ကွဲကြောင်းများမှနေ၍ ယိုစိမ့်လျက်ရှိသည်။ ထိုအချိန်တွင် ရွှေရောင်ရေစက်သည် တောက်ပသောအနီရောင်ရေစက်အဖြစ်သို့ပြောင်းလဲသွားလေသည်။

ထိုအနီရောင်အရည်သည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံအားထုတ်ခြင်းတွင် အခြေခံကျသောပစ္စည်းပင်ဖြစ်ပေသည်။

“စိတ်စွမ်းအင်သွေးပဲ…။” ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်လျက်တွေးလိုက်မိသည်။ လူလိမ် ပထမဆုံးပြောပြခဲ့သော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်းများကိုပြန်တွေးနေမိသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနည်းတူ တည်ဆောက်ထားသည်။ သို့ရာတွင် အခြေခံကွာခြားချက်အနည်းငယ်တော့ရှိပေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်လည်း အစေခံများ၊ အပြင်စည်းဂိုဏ်းသားများနှင့် အတွင်းစည်းဂိုဏ်းသားများရှိပေသည်။ သို့ရာတွင် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများဟူ၍မရှိပဲ သွေးသခင်များသာရှိပေသည်။

ယေဘူယျအားဖြင့်ပြောရမည်ဆိုလျှင် ဂိုဏ်းအတွင်းရာထူးအဆင့်အတန်းသတ်မှတ်ချက်များသည် တင်းကြပ်လွန်းလှပေသည်။ အစေခံများသည် လက်မောင်းအထက်ပိုင်းနေရာသို့ သွားလာခွင့်မရှိပေ။ အစေခံများသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အပြင်ဘက်ဟုဆိုနိုင်သော လက်အောက်ပိုင်းတွင်သာနေထိုင်ရလေသည်။

လက်မောင်းအောက်ပိုင်းသည် လူဦးရေအထူထပ်ဆုံးဖြစ်ပြီး ထိုနေရာကိုဗဟိုပြု၍ အဆောက်အဦများစွာ ကြပ်ကြပ်တည်းတည်းတည်ဆောက်ထားလေသည်။

အတွင်းစည်းဂိုဏ်းသားများသည် ထိုနေရာတွင်မနေရဘဲ လက်၏အထက်ပိုင်းတွင်နေထိုင်ခွင့်ရကြသည်။ လက်၏အနောက်ပိုင်းတွင်မူ အတွင်းစည်းဂိုဏ်းသားများသာနေထိုင်ခွင့်ရပေသည်။

လက်မနေရာမှလွဲ၍ လက်၏အခြားလက်ချောင်းများဖြစ်သောတောင်ထိပ်များကို အပေါ်ပိုင်းနှင့်အောက်ပိုင်းဟူ၍ခွဲခြားထားပေသည်။ အောက်ပိုင်းလက်ချောင်းများကို အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက သိမ်းပိုက်ထားသည်။ လူသားတာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိနေသူများကို ဓမ္မအစောင့်အရှောက် များဟုခေါ်ကြပြီး မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိနေသူများကို အကြီးအကဲများဟုခေါ်ကြသည်။

အပေါ်ပိုင်းလက်ချောင်းတွင်နေထိုင်ရန်အရည်အချင်းပြည့်မီသူတစ်ယောက်သာရှိပြီး ထိုသူသည် ထိုတောင်ထိပ်၏မဟာအကြီးအကဲပင်ဖြစ်သည်။ မဟာအကြီးအကဲများသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ထိပ်သခင်များနှင့်အဆင့်တူပင်ဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်ယှဥ်လျှင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တောင်ထိပ်များပိုမိုနည်းပါးလေရာ မဟာအကြီးအကဲရာထူးသည် လူပေါင်းများစွာထဲမှ အထူးခြားအပြောင်မြောက်ဆုံးလူအတွက်သာဖြစ်နေပေသည်။

အပေါ်ပိုင်းလက်ချောင်း၏အထက်တွင် လက်ချောင်းထိပ်ဖျားရှိပေသည်။ ရှေးအချိန်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်ခဲ့စဥ်ကတည်းကစ၍ တောင်ထိပ်တစ်ခုစီတွင် သွေးသခင်တစ်ယောက်စီရှိခဲ့ပေသည်။ သွေးသခင်သည် လက်ချောင်းထိပ်ဖျားတွင်နေထိုင်ခွင့်ရသော တစ်ဦးတည်းသောလူဖြစ်ပေသည်။

သွေးသခင်များသည် ဂိုဏ်းတစ်ခုလုံး၏အချက်အချာပုဂ္ဂိုလ်ဖြစ်ပြီး ဂိုဏ်း၏စွမ်းအားအကြီးဆုံးလူများထဲတွင်ပါဝင်ပေသည်။ ထိုလူများထဲတွင် လက်မဘက်ခြမ်းတွင်နေထိုင်သောလူများတော့မပါဝင်ပေ။ သူတို့သည် ဂိုဏ်းခေါင်းဆောင်နှင့်ထပ်တူ တန်ခိုးကြီးကြပြီး တောင်ထိပ်များ၏အကြီးအကဲများအပေါ်တွင် အမိန့်အာဏာများပေးနိုင်ကြလေသည်။

တောင်ထိပ်တစ်ခု၏သွေးသခင်ဖြစ်လာရေးသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတိုင်း၏အိပ်မက်ဖြစ်သည်။ မျိုးဆက်တစ်ဆက်စီတွင် တောင်ထိပ်တစ်ခုစီအတွက် သွေးသခင်တစ်ယောက်စီသာရှိကြပေသည်။

လက်မသည် သွေးသခင်တစ်ယောက်မှမရှိသည့် တစ်ခုတည်းသောနေရာဖြစ်သည်။ ထိုနေရာသည် ကန့်သတ်ထားသောနေရာဖြစ်ပြီး သွေးအခိုးအငွေ့များဝန်းရံလျက်ရှိသည်။ ထိုနေရာတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများနှင့် ဂိုဏ်းစောင့်အကြီးအကဲများနေထိုင်ကြသည်။ ရွှေအမြုတေအဆင့်သို့ရောက်ရှိထားသူများသာ ထိုနေရာသို့သွားခွင့်ရှိလေသည်။

သွေးသခင်တစ်ဦးသည် ရွှေအမြုတေအဆင့်သို့ရောက်ရှိသွားလျှင် သူသည် သွေးအေးလူသတ်သမား ဖြစ်သွားပြီး ဧရာမလက်မကြီးဆီသို့ပြောင်းရွှေ့နေရပေသည်။ သွေးအေးလူသတ်သမား များသည် ဂိုဏ်းစောင့်အကြီးအကဲများထက်ရာထူးကြီးပြီး သူတို့ထက်ရာထူးကြီးသည်မှာ ခေါင်းဆောင်ကြီးများသာရှိတော့သည်။

လက်မ၏အနိမ့်ဆုံးနေရာသည် ဂိုဏ်းကိုအစစအရာရာစီမံအုပ်ချုပ်ရသော ဂိုဏ်းချုပ်၏နေရာဖြစ်ပေသည်။

ပိုင်ရှောင်ချန်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနားသို့နီးကပ်လာသည်နှင့်အမျှ သူကြားသိခဲ့ရသောသတင်းအချက်အလက်များကို ပြန်လည်သုံးသပ်နေသည်။

“တောင်ထိပ်ငါးခု…။ လက်မကို ဘိုးဘေးတောင်ထိပ်လို့ခေါ်တယ်။ လက်ညှိုးကို ရုပ်အလောင်းတောင်ထိပ်လို့ခေါ်တယ်။ လက်ခလယ်ကို အလယ်တောင်ထိပ်လို့ခေါ်တယ်။ လက်သူကြွယ်ကို အမည်မဲ့တောင်ထိပ်လို့ခေါ်တယ်။ အသေးဆုံးဖြစ်တဲ့လက်သန်းကိုကျတော့ နွံအိုင်တောင်ထိပ် လို့ခေါ်တယ်။”

” ရုပ်အလောင်းတောင်ထိပ်ဟာ အလောင်းတွေကိုသန့်စင်ပေးတဲ့အတွက်နာမည်ကြီးတယ်။ အလယ်တောင်ထိပ်ဟာ သွေးဓားတွေကိုအဓိကထားပြုလုပ်တယ်။ အမည်မဲ့တောင်ထိပ်က ဂါဂိုလီ ( သွေးအေးမွန်းစတား ) ဟာလူသိများတယ်။ နွံအိုင်တောင်ထိပ် ကတော့ သွေးမိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းတွေကိုအဓိကထားပြုလုပ်ကြတယ်။”

ပိုင်ရှောင်ချန်းသည် မြေခဓားကမ္ဘာထဲတွင်ကြုံတွေ့ခဲ့ရသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအကြောင်းတွေးနေမိသည်။ ကြောက်စရာကောင်းသော ဂါဂိုလီ များကို ထိုဂိုဏ်းသားများထိန်းချုပ်နေသည်ကို မြင်တွေ့ခဲ့ရဖူးသည်။ ရွှီရှောင်ရှန်းသည် အလောင်းကောင်များကိုထိန်းချုပ်နိုင်ပြီး စုန့်ချွဲသည်သွေးဓားကိုအသုံးပြုကာ သူ့အားတိုက်ခိုက်ခဲ့ဖူးသည်။ သူသည် နွံအိုင်တောင်ထိပ် မှ သွေးမိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းကိုအသုံးပြုသော ဂိုဏ်းသားအချို့ကိုလည်းတွေ့ဖူးပေသည်။

ထိုအချိန်ကတည်းကပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအပေါ်အထင်ကြီးစိတ်များ ပိုင်ရှောင်ချန်း၏စိတ်ထဲတွင်စွဲဝင်နေခဲ့သည်။

သို့ရာတွင် ရှေ့ဆက်ကြုံတွေ့လိုက်ရသောဖြစ်ရပ်တစ်ခုကြောင့် သူသည်လုံးလုံးလျားလျားတုန်လှုပ်သွားပေသည်။ နေရာတစ်ခုကို ကျော်ဖြတ်လာပြီးနောက် ဧရာမလက်ကြီးအနီးသို့ရောက်လာသောအခါ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်သည် ကြီးမားသောလိုအင်ဆန္ဒတစ်ခုပေါ်ထွက်လာသလိုမျိုး သူ၏မျက်နှာသည်ဝင်းလက်သွားပေသည်။

တချိန်တည်းမှာပင် ဧရာမလက်ကြီးသည် သူ့အားလှမ်း၍ခေါ်နေသည်ကို ခံစားလိုက်မိသည်။

ထိုသို့ဆင့်ခေါ်ခြင်းခံလိုက်ရသောခံစားချက်သည် မကြုံစဖူးရင်းနီးနေပေသည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” သူ၏စိတ်ထဲတွင်ဇဝေဇဝါဖြစ်လျက်တွေးနေမိသည်။ ထိုအချိန်ခဏတွင် သူ၏တုံ့ဆိုင်းနေခြင်းများ၊ စိုးရိမ်ပူပန်နေမှုများပျောက်ကွယ်သွားပြီး အလွန်အမင်းရင်းနီးကျွမ်းဝင်သောခံစားချက်တစ်ခု သူ၏စိတ်ထဲနှလုံးထဲတွင်ပေါ်ပေါက်လာလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset