မျက်စိတစ်မှိတ်အတွင်းတွင် ကျိန်းယွမ်သုန်ကလက်ကိုဝှေ့ယမ်းလိုက်သောအခါ ဝတ်ရုံအသစ်တစ်စုံ ထပ်ထွက်လာသည်။ သို့သော်လည်း ထိုဝတ်ရုံကို ဝတ်လိုက်ချင်းမှာပင် အပိုင်းပိုင်းပြတ်သွားပြန်တော့သည်။
ပိုင်ရှောင်ချန်းကမူ သနားစဖွယ်အော်ဟစ်ကာ လေပေါ်သို့ပျံတက်၍ ထွက်ပြေးနေတော့သည်။ သူပြုလုပ်ခဲ့သည့် ကပ်ဘေးကြီးအကြောင်းကိုတွေးရင်း အေးစက်နေသော ချွေးများဖြင့် စိုရွှဲနေတော့သည်။ သူ၏ဂိုဏ်းတူအစ်ကို ဂိုဏ်းခေါင်ဆောင်၏ အဝတ်တစ်စုံထဲကိုသာ ဖျက်စီးခဲ့မိမည်ဆိုလျှင် ပြဿနာမှာ ထိုမျှလောက်ကြီးမည်မဟုတ်ပေ။ သူက ဂိုဏ်းတူညီလေးမဟုတ်ပါလော။ သို့သော်လည်း ဂိုဏ်းစောင့်အကြီးအကဲများကပါ သူ့ဒဏ်ကို ခံလိုက်ရပြီဖြစ်သည်။
ဂိုဏ်းစောင့်အကြီးအကဲများ၏ အသက်မဲ့နေသောအကြည့်များကြောင့် ပိုင်ရှောင်ချန်း၏ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ထုံကျဥ်လာတော့သည်။
” ပိုင်ရှောင်ချန်းးးးး”
ကျိန်းယွမ်သုန်ကမူ နောက်ထပ် အင်္ကျီတစ်စုံကိုထပ်ဝတ်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။ သူ၏အသံမှာ မိုးခြိမ်းသံအလား ကျယ်လောင်လှပြီး ဂိုဏ်းစောင့်အကြီးအကဲများမှာ ဒေါသတဟုန်းဟုန်းတောက်နေသည့် မျက်လုံးများဖြင့် သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ မီးတောင်ကြီးများအလား ထွက်ပေါ်နေသည်။
သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားကြတော့သည်။
ပိုင်ရှောင်ချန်းကမူ ငယ်သံပါအောင် အော်ဟစ်ရင်း အမြန်ဆုံးထွက်ပြေးရန်ပြင်လိုက်တော့သည်။
” ကျွန်တော် တမင်လုပ်တာမဟုတ်ရပါဘူးဗျာ…..”
” ပါးစပ်ပိတ်စမ်း။” ဂိုဏ်းစောင့်အကြီးအကဲများမှာ ဒေါသတကြီး ကျယ်လောင်စွာအော်ပြောလိုက်လေသည်။
” ငါ့ကို သတ်တော့မှာဟေ့။ ငါ့ကို သတ်တော့မှာဟ။” ဤအကြိမ်တွင်မူ ပိုင်ရှောင်ချန်းမှာ တကယ်ကြောက်ရွံ့နေပြီဖြစ်သည်။ သူ၏ သံလိုက်အတောင်ပံများနှင့် ရွှေကျီးကန်းဓားကိုထုတ်လိုက်ပြီး ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်၏ စွမ်းအင်အကုန်လုံးကို ထုတ်ကာ ထွက်ပြေးတော့သည်။
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအားလုံးမှာ ဒေါသထွက်နေကြတော့သည်။ ပိုင်ရှောင်ချန်း၏ နှိပ်စက်မှုများကြောင့် သူတို့၏ ဒေါသများမှာ တစ်ပူပေါ်တစ်ပူဆင့်ဆိုသလိုဖြစ်နေကြသဖြင့် ဂိုဏ်းစောင့်အကြီးအကဲများက ပိုင်ရှောင်ချန်းကို လိုက်ဖမ်းနေသည့်မြင်ကွင်းကြောင့် သူတို့မှာ ကျယ်လောင်စွာရယ်မောနေကြတော့သည်။
ရှန်ကွမ်းထျန်ယုံကမူ အလွန်စိတ်လှုပ်ရှားနေသည့်ပုံပေါ်နေသည်။
” အခုတော့ ပိုင်ရှောင်ချန်းက ဘာကောင်လဲဆိုတာကို ဂိုဏ်းကသိသွားပြီပေါ့။ ဒီလို ဒုက္ခပေါင်းစုံလိုက်ပေးနေတဲ့ကောင်ကို ဂိုဏ်းမှာနေခွင့်ပေးထားရင် ငါတို့အားလုံး ပျက်စီးကုန်မှာပေါ့။”
ဟိုယွင်ဖေးကမူ လူအုပ်ထဲမှ ကြည့်နေပြီး သက်ပြင်းချကာ ခါးသီးစွာပြုံးနေတော့သည်။
ပိုင်ရှောင်ချန်းမှာလည်း ရူးသွပ်လုမတတ် ကြောက်လန့်နေပြီး မျက်ရည်များပင်ဝဲနေတော့သည်။ ဤအကြိမ်တွင်မူ သူက မတရားခံနေရသည်ဟု မတွေးတော့ပေ။ ဤကဲ့သို့ကြီးမားလှသည့် ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့တွင်တာဝန်ရှိမှန်း သူက သိလေသည်။ ယခုတွင်မူ ရွေးချယ်စရာမရှိတော့၍ အသက်လုထွက်ပြေးနေရခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူကခပ်လှမ်းလှမ်းသို့ရောက်ရှိသွားပြီး မြောက်ခြမ်းဘက်သို့ ဦးတည်ထွက်ပြေးသွားတော့သည်။ သူ၏နောက်တွင် ဂိုဏ်းစောင့်အကြီးအကဲများကလည်း ထပ်ကြပ်မကွာ လိုက်လာတော့သည်။ သူက မြောက်ခြမ်းသို့ရောက်သွားသောအခါ မြောက်ခြမ်းဂိုဏ်းသားများက သူ၏ သနားကမားအော်ဟစ်သံကို ကြားလိုက်ရလေသည်။ သူတို့က ကျေနပ်စွာပြုံးလိုက်ကြပြီး ဖြစ်ပျက်နေသည်များကိုကြည့်ရှုရန် လေပေါ်သို့ ပျံတက်လိုက်ကြသည်။
သို့သော်လည်း သူတို့ပျံတက်လိုက်သည့်အချိန်တွင်ပင် ပိုင်ရှောင်ချန်းက ဝှစ်ခနဲဖြတ်ကာ ပျံသန်းသွားသဖြင့် သူတို့၏ အဝတ်များမှာလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်တော့သည်။ သူတို့မှာ အံ့အားသင့်သွားကြပြီးနောက် စူးစူးရှရှအော်သံများ ပေါ်ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းကမူ ငိုမဲ့မဲ့ဖြစ်နေတော့သည်။
” ဂိုဏ်းစောင့်အကြီးအကဲများ။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ကို မသတ်ပါနဲ့… ကျွန်တော်က ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်၊ ကျွန်တော့်မှာ ကောင်းကင်တာအို အခြေခိုင်မာခြင်းကျင့်ကြံခြင်းအခြေခံရှိတယ်လေဗျာ။ ပြီးတော့ ကျွန်တော်ကို အမွေဆက်ခံသူအဆင့်အတွက် လျာထားခြင်းခံထားတာ မဟုတ်လား ”
ဂိုဏ်းစောင့်အကြီးအကဲများကမူ ဒေါသထွက်လွန်းလှ၍ ထုံကျဥ်လာပြီး တချိန်ထဲမှာ ပိုင်ရှောင်ချန်း၏ အမြန်နှုံးကြောင့် အံ့အားသင့်နေကြတော့သည်။
မြောက်ခြမ်းကမူ ချက်ချင်းပင် အုပ်အော်သောင်းနင်းဖြစ်သွားကြသည်။ ပိုင်ရှောင်ချန်းသွားသည့်နေရာတိုင်း သူ၏ပတ်ပတ်လည် မီတာသုံးဆယ်အတွင်းရှိလူတိုင်း၏အဝတ်အစားများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပျက်စီးသွားကြလေသည်။
ထိုအချိန်တွင် ဘရူဆာမှာ မြူးထူးပျော်ပါးနေပြီး မော့ကြည့်လိုက်သောအခါ သူ၏အမူအရာမှာ ရုတ်တရက်ဆိုသလို စိုးရိမ်သည့် အမူအရာပြောင်းသွားတော့သည်။ သူက ခေါင်းကိုနောက်ပစ်၍ပင် အော်ဟစ်မြည်တမ်းလိုက်လေသည်။ ထိုအော်သံတွင် ချီစုစည်းမှု အဆင့်ကိုး သို့မဟုတ် တစ်ဆယ်ခန့်ရှိမည့် စွမ်းအားများ ပါဝင်သည်။ မြောက်ခြမ်းရှိ မရေမတွက်နိုင်သော သားရဲများစွာကလည်း တုံ့ပြန်သည့်အလား ခေါင်းကိုနောက်ပစ်၍ အော်ဟစ်မြည်တမ်းလိုက်ကြပြန်သည်။
သူတို့၏သခင်များက တားရန်ကြိုးစားကြပါသော်လည်း သားရဲများမှာ ဘရူဆာ၏ ညှို့ယူခြင်းကို ခံထားရသည့်အလားပင်။ သူတို့တစ်အုပ်စုလုံးမှာ လေပေါ်သို့ခုန်တက်ပြီး ပိုင်ရှောင်ချန်းကို ဂိုဏ်းစောင့်အကြီးအကဲများထံမှ ကယ်တင်နေလိုကြလေသည်။
ဘရူဆာက သားရဲများကို မစုရုံးနိုင်ခင်တွင် လေထဲမှ ခရမ်းရောင်ကြိုးတစ်ချောင်းထွက်လာပြီး အော်ဟစ်နေသည့် ပိုင်ရှောင်ချန်းကို ရစ်ပတ်လိုက်လေသည်။ သူက ချက်ချင်းပင် အချည်နှောင်ခံလိုက်ရပြီး ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။
အခြား ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်မှာ သူ၏အဝတ်အစားများကို မပျက်စီးအောင် ထိန်းသိမ်းရင်း ပုလဲလုံးကို သိမ်းဆည်းနိုင်လိုက်သည်။ ထို့နောက်သူက ပိုင်ရှောင်ချန်း၏ တင်ပါးကို ဆောင့်ကန်လိုက်တော့သည်။
” ကျွန်တော်က ဂိုဏ်းအတွက် သွေးမြေကျတဲ့အထိ ဆောင်ရွက်ပေးထားတာလေဗျာ။ စွမ်းစွမ်းတမံဆောင်ရွက်ပေးထားတာဗျ။…” ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။
” မင်းကများ ပြန်တိုက်ရဲသေးတယ်ပေါ့။ ပေါက်လို့ပဲစားကောင်လေး။” ထိုဂိုဏ်းစောင့်အကြီးအကဲကြီးမှာ အော်ပြောလိုက်သည်။ သူ၏ အမူအရာမှာ ဒေါသထွက်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ သေမလောက်ကြောက်ရွံ့နေသောအမူအရာကြောင့် သူက ရယ်ရမလိုဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းကမူ အော်ငိုတော့မည့်အလားပင်ဖြစ်နေတော့သည်။ သို့သော်လည်း သူက သနားစဖွယ်အော်ဟစ်နေတုံး အောက်ဖက်ရှိဒေါသထွက်နေသည့် ဘရူဆာကို သူဝင်ပါစရာမလိုဘူးဟူသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ဘရူဆာကမူ အံ့သြသွားသော်လည်း ပိုင်ရှောင်ချန်း၏ အကြည့်ကိုသူကနားလည်သဖြင့် ခေါင်းငုံ့လိုက်လေတော့သည်။
ဂိုဏ်းစောင့်အကြီးအကဲများက ထိုအရာကို သတိထားမိသွားပြီး အံ့အားသင့်သွားကြတော့သည်။ ထို့နောက် ခေါင်းဆောင်ကြီးများပင်လျှင် ထိုသားရဲလေးကို အလွန်နှစ်ခြိုက်သဘောကျကြောင်းကို သူတို့က ပြန်အမှတ်ရသွားပြီး ယခု ထိုသားရဲလေးမှာ သူ၏သခင်ကို ကာကွယ်ရန်ကြိုးပမ်းနေပုံကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
” ဒီလိုမှပေါ့ကွ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သားရဲတွေဆိုတာ။” ဂိုဏ်းစောင့်အကြီးအကဲများမှာ ပိုင်ရှောင်ချန်းကို အကြိမ်အနည်းငယ် ထပ်ကန်ကျောက်လိုက်ပြီး တာအိုသစ်စေ့တောင်ပေါ်သို့ ပစ်တင်လိုက်လေသည်။
သူတို့ထွက်ခွာသွားပြီးနောက် မြောက်ခြမ်းတွင် ခေတ္တမျှ ငြိမ်သက်သွားပြီး အားပေးသံများထွက်ပေါ်လာတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ ဂိုဏ်းထဲရှိအဆင့်အတန်းကို ပြန်အမှတ်ရသွားသောအခါ ထိုအားပေးသံများမှာ လျင်မြန်စွာပြန်လည်ပျောက်ကွယ်သွားတော့သည်။ သူအပြစ်ပေးခံရလျှင်တောင်မှ ပြင်းပြင်းထန်ထန်တော့ ဖြစ်မည်မဟုတ်ကြောင်း သူတို့က သိလေသည်။ ထို့နောက် အနာဂတ်တွင် ဆက်ဖြစ်မည့်အရာများကို သူတို့က သိချင်နေကြတော့သည်။ ပိုင်ရှောင်ချန်းမှာ ပို၍ အရေးကြီးသည့်လူတစ်ယောက်ဖြစ်လာမည်ဖြစ်ရာ မည်ကဲ့သို့ကြောက်စရာကောင်းသည့်ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်လာမည်ကို စိတ်ကူးနှင့်ပင် မတွေးရဲအောင် ဖြစ်နေကြတော့သည်။
” ပိုင်ရှောင်ချန်းက ဘယ်တော့မှများ ရင့်ကျက်မှာလဲကွာ…”
” အိမ်း။ တော်တော်ဆိုးသွမ်းတဲ့ ကောင်ပဲကွ။”
မကြာမီတွင် ပိုင်ရှောင်ချန်း၏ ပြစ်ဒဏ်မှာ တာအိုသစ်စေ့တောင်ပေါ်ရှိလမ်းများကို သုံးလတိတိ နေ့စဥ်နေ့တိုင်း တံမြက်စည်းလှည်းရန်ဖြစ်သည် ဟူသောသတင်းမှာ ပျံ့နှံ့သွားတော့သည်။ ထိုအချိန်အတွင်းတွင် သူက တံမြက်စည်းတစ်ချောင်း တကိုင်ကိုင်နှင့် တာအိုသစ်စေ့တောင်ကို အမှိုက်သရိုက်ကင်းရှင်းအောင် လုပ်နေတော့သည်။
သူ့အတွက်မူ ထိုပြစ်ဒဏ်မှာ ညှင်းပန်းနှိက်စပ်မှုတစ်ခုအလားပင်။
” ဟင်းး။ ဒါကတောင်တစ်လုံးလေကွား။ အမှိုက်တွေရှိမှာ သဘာဝပဲကို။ ငါကဘယ်လိုနည်းနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးရမှာတုံးဟ။” သူက ငိုယိုတော့မည်အလား ဆူပုတ်နေပြီး သုံးလတိတိတောင့်ခံကာ အင်မော်တယ်ဂူသို့ပြန်ပြီး ရေကန်ဘေးနားတွင်ထိုင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်သို့မော့ကြည့်နေတော့သည်။
” ငါ တမင်လုပ်တာမဟုတ်ပါဘူးကွာ။ ငါက ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်။ အမွေဆက်ခံသူအဆင့်အတွက် လျာထားခံထားရတဲ့ တစ်ယောက်။ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ြကံသူတစ်ယောက်။ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေး ပါကွ။ ဂိုဏ်းအတွက် စွမ်းစွမ်းတမံ သွေးမြေကျတဲ့အထိ ကြိုးပမ်းပေးထားတဲ့ကောင်ပါ။ မဖြစ်သင့်ဘူးကွာ။ သူတို့က ငါ့ရဲ့ပုလဲလုံးကိုပါ ယူသွားပြီး ပြန်လည်းမပေးဘူး။” သူက သက်ပြင်းချပြီး အံကြိတ်ကာ ထည့်စရာအိတ်ကိုပုတ်လိုက်လေသည်။
” အာ.. ဘာပဲဖြစ်ဖြစ်။ အခုလောလောဆယ်တော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ နေလို့ အဆင်မပြေတော့ဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို သွားပြီး ထာဝရတည်မြဲခြင်းရတနာ ကိုယူဖို့ ကြိုးစားတာကမှ ကောင်းအုံးမယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ရန်သူဆိုေတာ့ အဲ့မှာပဲ ဆေးဖော်စပ်ပြီး လူသားထိန်းချုပ်နည်းမဟာမှော်အတတ်ကို သွားကျင့်တာကောင်းတယ်။” သူက စိတ်ပိုင်းဖြတ်လိုက်ပြီး နောက်နေ့မနက်တွင် ကျိန်းယွမ်သုန်ကို စကားသွားပြောလိုက်တော့သည်။
ပိုင်ရှောင်ချန်း လာနေသည်ကို ကျိန်းယွမ်သုန်က မြင်သောအခါ သူ၏အမူအရာမှာ တင်းမာသွားသည်။ သို့သော်လည်း သူကဂိုဏ်းအပြင်ထွက်ကာ အတွေ့အကြုံအသစ်များရှာဖွေလိုကြောင်းပြောသည့် စကားများကို နားထောင်ပြီးသွားသောအခါ သူ၏မျက်လုံးများမှာ မယုံကြည်နိုင်သည့်အလား ပြူးသွားတော့သည်။
” ဂိုဏ်းအပြင်ထွက်ပြီး အတွေ့အကြုံအသစ်ရှာချင်တယ်လို့ မင်းပြောလိုက်တာလား။” ကျိန်းယွမ်သုန်က တအံ့တသြမေးလိုက်သည်။
” ဟုတ်တယ်။ ဂိုဏ်းတူအစ်ကို ဂိုဏ်းခေါင်းဆောင်ရေ။ အစ်ကိုပြောတာ မှန်တယ်ဗျ။ ကျွန်တော်က အင်မော်တယ် သံမဏိရိုင်းတုံးတစ်တုံးလိုပဲ။ အချိုးကျကျရောစပ်မှုတွေ မရှိဘူးဆိုရင် ဘယ်တော့မှ အင်မော်တယ်ဓားတစ်ချောင်းဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော် အချိန်ပေးစဥ်းစားပြီးတော့မှ အပြင်ထွက်ပြီး အတွေ့အကြုံအသစ်ရှာဖို့ ဆုံးဖြတ်လိုက်တာပါ။” ပိုင်ရှောင်ချန်းမှာ ရင်ဘတ်ကိုပင် ဝင့်ကြွားစွာထုကာ အလေးအနက်ပြောနေတော့သည်။
” ဂိုဏ်းတူအစ်ကို။ အစ်ကိုကျွန်တော့်ကို မသွားစေချင်တာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ နားလာမချပါနဲ့တော့။ ပိုင်ရှောင်ချန်းဆိုတဲ့ ကျွန်တော်က ဆုံးဖြတ်ပြီးသွား….” သူ၏ စကားပင်မဆုံးလိုက် ကျိန်းယွမ်သုန်က ရှေ့သို့ရောက်လာပြီး သူ၏ပုခုံးကို ကိုင်ကာ ပြောလိုက်လေသည်။
” အကောင်းဆုံး အကြံပဲဟေ့။ ငါမင်းအတွက် ဂုဏ်ယူတယ်ကွာ ဂိုဏ်းတူညီလေးရာ။ မင်းအပြင်ထွက်ပြီး အတွေ့အကြုံအသစ်ရှာချင်ရင် အစ်ကိုက ခွင့်ပြုပြီးသားပါ။ အခုပဲ သွားတော့မှာမလား။”
” ဟင်။” ပိုင်ရှောင်ချန်းက အနည်းငယ်စွံ့အသွားလေသည်။
” အမ်.. ကျွန်တော်.. အခုတော့ အဆင်သင့်မဖြစ်သေးဘူး။ လိုတာလေးတွေရှိသေး…သေး….”
သူစကားပင်မဆုံးလိုက် ကျိန်းယွမ်သုန်က တည်ကြည်သောအမူအရာဖြင့် စကားဖြတ်ပြောလိုက်ပြန်သည်။
” ရှောင်ချန်းလေး…. မင်းဘာလိုတာလဲပြော။ ပြောသာပြောကွာ။ စိတ်စွမ်းအင်ကျောက်တုံးလား။ ဆေးလုံးတွေလား။ အသက်ကယ်မှော်ပစ္စည်းတွေလား။ မင်းက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ၊ အမွေဆက်ခံသူအဆင့်အတွက် လျာထားခံရသူတစ်ယောက်ပဲ။ ငါမင်းကို အထူးအခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့ ရတနာသိုလှောင်အိမ်ကို ဖွင့်ပေးပြီး မင်းလိုချင်တာ ပေးမယ်ကွာ။ ”
” ဒါပေမဲ့မှတ်ထားနော်။ အရှေ့ဘက်သစ်တောဒေသကနေတော့ မထွက်နဲ့။ အရှေ့ဘက်သစ်တောဒေသက အကြီးကြီးပါ။ မင်းသွားနိုင်တဲ့နေရာမှ အများကြီးပဲ။”
သူက ဆုံးဖြတ်ပြီးဖြစ်သဖြင့် ပိုင်ရှောင်ချန်းကို ရတနာ သိုလှောင်အိမ်သို့ခေါ်သွားပြီး အသက်ကယ် မှော်ပစ္စည်းအချို့ကို ရွေးချယ်ခွင့်ပေးလိုက်လေသည်။
ထို့အပြင် သူ့ကို စိတ်စွမ်းအင်ကျောက်တုံးနှင့် ဆေးလုံးအများအပြားကိုလည်း ပေးလိုက်လေသည်။ တချိန်ထဲမှာပင် သူက ထိုအကြောင်းအရာကို စိတ်အားထက်သန်စွာနှင့် ဂိုဏ်းတစ်ခုလုံးကို ကြေငြာလိုက်တော့သည်။ ထို့နောက် နေ့လယ်ခင်းသို့ရောက်သောအခါ ပိုင်ရှောင်ချန်းက ပင်မတံခါး၏ အပြင်ဘက်တွင် အူကြောင်ကြောင်နှင့် ရပ်နေတော့သည်။ ဤမနက်ခင်းကမှသာ သူက ကျိန်းယွမ်သုန်ကို ဂိုဏ်းမှထွက်ကာ အတွေ့အကြုံရှာဖွေလိုကြောင်း ပြောရသေးသည်ဖြစ်သည်။ လိုအပ်သော ပြင်ဆင်ပြုပြင်မှုများကို ကျိန်းယွမ်သုန်နှင့် အခြားအကြီးအကဲများက အလျင်အမြန် တာဝန်ယူကာ ဆောင်ရွက်ပေးလေသည်။
ယခုတွင် သူက ဂိုဏ်းခေါင်းဆောင်၊ တောင်ထိပ်သခင်ခြောက်ယောက်၊ အကြီးအကဲများစွာနှင့် အတွင်းစည်းဂိုဏ်းသားများကြားတွင် မတ်တတ်ရပ်လျက်သား ဖြစ်နေတော့သည်။ ထိုကိစ္စကြီးမှာ အတော်အတန် ကြီးမားလှပေသည်။ တောင်ခြမ်းနှင့် မြောက်ခြမ်းမှ လူတိုင်းက ပိုင်ရှောင်ချန်းတကယ်ထွက်ခွာသွားသည်ကို စိုးရိမ်တကြီးနှင့် လာရောက်ကြည့်ရှုနေကြသည့် အလားပင်။
ပိုင်ရှောင်ချန်းကမူ မျက်တောင် ပေကလပ် ပေကလပ်နှင့်ဖြစ်နေသည်။ ဤ အခြေအနေမှာ ယခင်က ဖြစ်ခဲ့ဖူးသည့် အခြေအနေတစ်ခုနှင့် တစ်မျိုးတစ်ဖုံ တူနေကြောင်း သူကခံစားမိလေသည်။ ထို့နောက် သူကဘာမှဆက်မတွေးတော့ပဲ ပြောလိုက်လေသည်။
” ဂုဏ်သရေရှိ ဂိုဏ်းခေါင်းဆောင်နဲ့ ဂိုဏ်းအကြီးအကဲများ၊ ဂိုဏ်းတူ ညီလေးညီမလေးများ၊ ဂိုဏ်းတူ တူလေးများတူမလေးများတို့…. ကျုပ် အားလုံးကို အမြဲတမ်း သတိရနေမှာပါ။”
လူအုပ်ထဲရှိ လူများမှာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခဏအကြာတွင် သူတို့၏မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များပေါ်လာကြတော့သည်။ သူတို့မှာ ပိုင်ရှောင်ချန်းနှင့် မခွဲချင်သည်မှာတော့ အမှန်ပင်။
ကျိန်းယွမ်သုန်က ကြင်နာမှုအပြည့်မျက်နှာဖြင့် ရှေ့သို့တိုးကာ ဆိုလိုက်လေသည်။
” ရှောင်ချန်းရေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ မင်းက အတော်ဆုံး ဂိုဏ်းသားပါ။ မင်းလျှောက်ရမဲ့လမ်းက မင်းရှေ့တည့်တည့်မှာပဲ။ ရှေ့သာဆက်လျှောက်ကွာ။ အနာဂတ်ထဲကို ခြေစုံပစ်ဝင်လိုက်။ ငါမင်းကိုပြောထားတဲ့ ကောင်းကင်တံတားပင်လယ်အကြောင်း မေ့သွားပြီလို့ မပြောနဲ့နော်။ မင်းရဲ့ ထာဝရအသက်ရှင်ချင်တဲ့ဆန္ဒကိုရော မင်းမမေ့သေးဘူးမလား ”
” ငါတို့လို ကျင့်ကြံသူတွေက ပျော့ညံ့နေလို့မရဘူ။ မင်းက အပြင်ထွက်ပြီး အတွေ့အကြုံရှာမယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ အခုမှ စိတ်ပြောင်းလို့မရတော့ဘူးနော်။ ရှောင်ချန်း….မင်းရဲ့ အစ်ကိုကြီးက မင်းကို အမြဲတမ်း အားပေးနေမှာပါ။” ထိုသို့ပြောကာ သူက ပိုင်ရှောင်ချန်း၏ ပခုံးကို ညှစ်ကာ အားပေးလိုက်လေသည်။
မကြာမီတွင် အခြားအသံများလည်း ထွက်လာတော့သည်။
” ဟုတ်တယ်။ ဂိုဏ်းတူညီလေးပိုင်ရေ။ အတွေ့အကြုံအသစ်ရှာတယ်ဆိုတာ ဘဝကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ရှေ့သာဆက်လျှောက်ကွာ။ နောက်ကို လုံးဝပြန်လှည့်မကြည့်နဲ့။”
” အစ်ကိုကြီးပိုင်ရေ။ ကျင့်ကြံသူတွေက ကောင်းကင်ကြီးကို အပြစ်တင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေက သူတို့ဆီမှာရှိတဲ့ နယ်မြေတွေကို ထိန်းသိမ်းထားနိုင်လောက်အောင် ကြီးမားလို့ပဲ။ အစ်ကိုအပြင်ထွက်လိုက်တာနဲ့ အစ်ကို ကိုယ်တိုင် ကမ္ဘာကြီးကို မျက်ဝါးထင်ထင်မြင်ရတော့မယ်။ နယ်မြေအကုန်လုံးကို ထည့်သွင်းဖို့ရာ ကြီးမားတဲ့နှလုံးသားကြီးကို အစ်ကို မတည်ဆောက်နိုင်ဘူးလား။ အစ်ကိုရဲ့ နှလုံးသားက တစ်ကမ္ဘာလုံးကို သိမ်းသွင်းနိုင်မှာကို ကျွန်တော် ယုံတယ်ဗျာ။”
” ငါတကယ် ထာဝရ အသက်ရှင်တော့မှာပါလား။” ပိုင်ရှောင်ချန်းက တုန်တုန်ရီရီနှင့် တွေးတောနေတော့သည်။ ပြတ်သားမှုများပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူက သူနှင့်ရင်းနှီးသူများကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက်သူက နောက်လှည့်ကာ အဝေးသို့ ထွက်သွားတော့သည်။
မိုးကုပ်စက်ဝိုင်းအတွင်းသို့ သူက ဝင်ရောက်ပျောက်ကွယ်သွားသောအခါ လူအုပ်ထဲရှိ မျက်လုံးတွေထဲရှိ ဝမ်းနည်းမှုများနေရာတွင် ပျော်ရွှင်မှုများက အစားထိုးဝင်ရောက်လာတော့သည်။ ကျိန်းယွမ်သုန်ကမူ စိတ်လှုပ်ရှားလွန်းသဖြင့် အသားများပင် တဆတ်ဆတ် တုန်နေတော့သည်။
” ဒီတစ်ခါတော့ သူတကယ်ထွက်သွားပြီဟေ့။ တောင်ခြမ်းကနေ မြောက်ခြမ်းကိုပြောင်းတာမျိုးမဟုတ်ပဲ တကယ်ကို ဂိုဏ်းထဲက ထွက်သွားတာပဲ။ ကောင်းကင်ကြီးက အမြင်ရှိသားပဲ။ သူတကယ် အတွေ့အကြုံရှာဖို့ ထွက်သွားပြီဟေ့။”
” အဲ့ မိစ္ဆာကောင် တကယ်သွားပြီလား။ ငါ့ဖြင့် မယုံနိုင်ဘူးဟေ့။ တကယ်ကြီးတဲ့လား။”
“ဟားဟားဟား။ ဒီလို ကံကောင်းဖို့ကို ငါနေ့တိုင်းဆုတောင်းနေရတာကွ။ အခုတော့ တကယ်ဖြစ်ခဲ့ပြီလေ။ မြောက်ခြမ်းက နောက်ဆုံးတော့ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်းနေရပြီဟေ့။”
” တောင်ခြမ်းက ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေစရာမလိုတော့ဘူးဟေ့။”
“ခေတ်သစ်တစ်ခု စပြီဟေ့။”
သူတို့၏ ပျော်ရွှင်နေသော အမူအရာများက တဖြည်းဖြည်းများလာပြီး တောင်ခြမ်းမှ လူအချို့က မောင်းနှင့်ဗုံများကိုထုတ်ကာ ကျယ်လောင်စွာ တီးခတ်နေကြတော့သည်။
မြောက်ခြမ်းကလူများကလည်း အကျောမခံချင်သည့်အလား ထိုနည်းတူပင် တီးခတ်နေကြတော့သည်။ ထိုနေ့ရက်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးအတွက် ပျော်စရာအပေါင်းနှင့် ခညောင်းသောရက်တစ်ရက်ဖြစ်နေတော့သည်။
ခပ်လှမ်းလှမ်းတွင်မူ ထိုမောင်းသံ၊ဗုံသံများကို ကြားသောအခါ ပိုင်ရှောင်ချန်းက ခြောက်ကပ်ကပ်နှင့် ချောင်းဟန့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ဝမ်းနည်းနေသည့် အမူအရာတစ်ခုပေါ်လာပြီး သူက မေးငေါ့ကာ အင်္ကျီလက်ကို ခါယမ်းလိုက်လေသည်။ ပူဆွေးနေသည့်အမူအရာဖြင့် သူက ရေရွတ်လိုက်လေသည်။
” မင်းတို့က ကျုပ်ကို လွမ်းနေကြတယ်ပေါ့ဟုတ်လား။ စိတ်မကောင်းမဖြစ်ပါနဲ့ တာအိုရောင်းရင်းတို့ရေ။ ကျုပ် မကြာခင်ပြန်လာမှာပါ။”
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်ဝန်းများထဲမှ အကြည့်မှာ ပို၍ပင် ပြတ်သားလာတော့သည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရေ။ ပိုင်ရှောင်ချန်းလာနေပြီလို့ပြောရတာ စိတ်တော့မကောင်းဘူး။ ပြီးတော့ သူက သူလျှိုတစ်ယောက်အနေနဲ့ လာတာနော်။” သူကထိုသို့ရေရွတ်လိုက်ပြီး အဝေးသို့ ပြေးသွားတော့သည်။