Switch Mode

အပိုင်း(၃၅)

ဧကရာဇ်ရီချင်

ယူချင်းက ရွှေချပ်ဝတ်တန်ဆာကဲ့သို့ ရွှေရောင်စက်ကွင်း အားလှိုင်းတစ်ခုက သူ့အား ဝန်းရံထားလျက် ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

မိုလန်ရှန်နှင့် သူ၏လူများက အသင့်ပြင်လိုက်ကြသည်။ သူတို့က လှံတံရှည်များအား တင်းကျပ်စွာ ဆုပ်ကိုင်လျက် ယူချင်းထံသို့ တိုးဝင်လိုက်ကြ၏။

ယူချင်းက လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်လျှင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ထိုတိုက်ခိုက် လာနေကြသော လှံတံအဖျားများအား ဖယ်ရှားလိုက်သော သူ၏လက်ဝါးများပင်လျှင် ရွှေရောင်များ ဝင်းဝါနေသည်။ ယူချင်း၏ လက်ဝါးစာ မိသွားသော လှံတံအဖျားကား ယူချင်း၏ အားပြင်းလှသော လက်ဝါးရိုက်ချက်ကြောင့် အက်ကွဲသံတစ်ချက် မြည်ကာ ကျိုးသွားလေသည်။

ရီဖူရှင်းက ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။ သည်လူများနှင့် အချိန်ဖြုန်းရန် သူ မလိုလားပေ။

သို့သော်လည်း… မိုလန်ရှန်ကား ရီဖူရှင်းကို ဖြတ်ကျော်ခွင့်ပေးရန် စိတ်ကူးလုံးဝ မရှိပေ။ ယူချင်းအား ရှောင်ဖယ်လျက် မိုလန်ရှန်က သူ၏ ရေခဲလှံအား ရီဖူရှင်းထံသို့ ဦးတည်လိုက်သည်။

ရီဖူရှင်းကလည်း သူ၏ခြေလှမ်းများအား အရှိန်လျှော့ရန် စိတ်ကူး မရှိပေ။ လျှပ်တစ်ပြက် အတွင်း သူ၏လက်နှစ်ဖက်လုံးအား ဆန့်တန်းလိုက်လျှင် သူ၏ခန္ဓာကိုယ်မှ လျှပ်စီးများ စက္ကန့်ပိုင်းအတွင်း စီးဆင်းသွား၏။

သူ၏လက်များအား ဝှေ့ယမ်းလိုက်လျှင် လျှပ်စစ်မုန်တိုင်းတစ်ခုက မိုလန်ရှန်ထံသို့ တိုးဝင်သွားသည်။

“ပင်မမှော်… မင်းက ကောင်းကင်အဆင့်လား…” စောင့်ကြည့်နေသည့် မြင်းစစ်သည်များ အားလုံး ထိတ်လန့်သွားကြသည်။ ရီဖူရှင်း၏ တန်ခိုးကျင့်သည့် အမြန်နှုန်းမှာကား မယုံကြည်စရာ ကောင်းလွန်းလှအောင် လျင်မြန်လွန်းလှသည်။

မှော်ပညာရှင်များမှာ မြင်းစစ်သည်များနှင့် တိုက်ခိုက်ပါက သဘာဝအရ အသာစီးများ ရနိုင်သည်။ မိုလန်ရှန်ကား ကြယ်သုံးပွင့် ကောင်းကင်အဆင့် မြင်းစစ်သည် ဖြစ်သော်လည်း သူ၏ရန်သူအား အထင်မသေးရဲပေ။ အထူးသဖြင့် ရီဖူရှင်းအား ပို၍ အထင်မသေးရဲပေ။

တိုက်ပွဲ အရှိန်အဝါကား လှံတံမှတစ်ဆင့် စီးဆင်းနေကာ လှံတံ၏ကိုယ်ထည်တွင် ငွေရောင်များ သန်းနေသည်။ မိုလန်ရှန်က သူ၏လှံအား ဝှေ့ယမ်းလိုက်လျှင် ငွေရောင် အရှိန်အဝါများက သူ၏ကိုယ်အား လှည့်ပတ်လာနေ၏။ သို့သော် ထိုအရာကား ရီဖူရှင်း၏ မိုးကြိုး မုန်တိုင်း တိုက်ခတ်မှုတွင် မည်သို့မှ အသုံးမဝင်ပေ။ သို့သော်လည်း မိုလန်ရှန်၏ လှံတံခံစစ် သိုင်းကွက်မှ ဖန်တီးလိုက်သော အားလှိုင်းကလည်း မည်သည့်အရာကမှ ထိုးဖောက်နိုင်စွမ်း ရှိပုံမရပေ။

ရီဖူရှင်းကလည်း ရှေ့သို့ အတင်း တိုးသွားလိုက်သည်။ သူကား မိုလန်ရှန်၏ အနီးသို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။ မှော်ဆရာတစ်ယောက် အနေဖြင့် မြင်းစစ်သည်နှင့် တိုက်ခိုက်ပါက သူကား အနီးကပ်တိုက်ပွဲ မဖြစ်အောင် ရှောင်ကြဉ်ရမည် ဖြစ်သော်လည်း ထိုစည်းမျဉ်းအား လျစ်လျူ ရှုထားလိုက်၏။ ရီဖူရှင်းမည်မျှ ယုံကြည်မှုရှိသည်ကို အလွယ်တကူ မြင်နိုင်ပေသည်။

“ဘယ်လောက် ရဲတင်းလိုက်သလဲ…” မိုလန်ရှန် အနည်းငယ် ဒေါသတကြီး အော်လိုက်သည်။ ထိုစဉ် ရီဖူရှင်းက အောက်ခြေအား ဦးတည်၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်ကို တွေ့လိုက်သည်။ ဆက်တိုက်ပင်… မိုးကြိုးအားလှိုင်းများက လျှပ်တစ်ပြက် ဖြစ်ပေါ်လာပြီး မိုလန်ရှန်၏ အားလှိုင်းအား ကျော်ဖြတ်လျက် ဝင်လာ၏။

မှော်သိုင်းကွက်…။ လျှပ်စီးဖြင့် ဖြတ်တောက်ခြင်း…။ ထိုသိုင်းကွက်ကား နိုးထခြင်းအဆင့် မှော်သိုင်းကွက် ဖြစ်သော်လည်း ရီဖူရှင်း သုံးလိုက်သောအခါ ကွဲပြား ခြားနားသွား၏။ ထိုသိုင်းကွက်က အလွန်များပြားသော လျှပ်စီးအားများ စုဆောင်းပြီး ကောင်းကင်အဆင့် သိုင်းအားများ ပါဝင်သည်။ ထပ်ပေါင်းထည့်ရလျှင် ရီဖူရှင်းကား မှော်ထိန်းချုပ်သူ ဖြစ်သည်။ မှော်သိုင်းကွက်အား အသုံးပြုရာတွင် ထိရောက်မှုမှာ သိုင်းအဆင့်တူနေလျှင်ပင် သဘာဝအားဖြင့် အခြားလူများထက် ပိုမြင့်မားသည်။

လျှပ်စီးကြောင်းက ဆက်လက်၍ပင် အားလှိုင်းအား ဖြတ်တောက်ပြီး တိုးဝင်လာနေသည်။ မိုလန်ရှန်၏ လှံတံကလည်း လှုပ်ခါနေပြီး ထိုလျှပ်စီးကြောင်းအား ရင်ဆိုင်ရန် အဆင်သင့်ပင်။

သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်မှ မီးလျှံများ တစ်ကိုယ်လုံးအနှံ့ လွှမ်းခြုံသွားကာ သူက မိုလန်ရှန်ထံသို့ လျင်မြန်စွာ တိုးဝင်သွားသည်။ တိတ်ဆိတ်စွာ လောင်ကျွမ်းခြင်း… မှော်သိုင်းကွက်… ထိုသိုင်းကွက်က မီးဓာတ်သဘာဝစွမ်းအင် အများအပြားအား ကုန်ဆုံးစေနိုင်သော်လည်း သူ၏ ဖျက်ဆီးနိုင်စွမ်းမှာကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုသိုင်းကွက်မှာ အနီးကပ် မှော်သိုင်းကွက် တစ်ကွက်ဖြစ်သည်။

မိုလန်ရှန် ရင်ထိတ်သွားသည်။ သူက သူ၏ကိုယ်မှ သိုင်းပညာ စွမ်းအင်များအား ချက်ချင်း ဖြန့်ကြက်လိုက်ကာ အားလှိုင်းတစ်ခု ဖန်တီးလိုက်သည်။ ထိုအားလှိုင်းက ရီဖူရှင်း၏ တိတ်ဆိတ်စွာ လောင်ကျွမ်းခြင်းမှ သူ့အား အကာအကွယ် ပေးရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုကား လျင်မြန်လွန်းရကား ပြန်လည်တိုက်ခိုက်ရန်ပင် ခက်ခဲလှသည်။ တိတ်ဆိတ်စွာ လောင်ကျွမ်းခြင်းကား ဓာတ်စွမ်းအင်မျိုးစုံ အသုံးပြုသူတို့၏ လက်ထက်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းမှာ အချိန်အနည်းငယ်အတွင်း ဓာတ်စွမ်းအင် အမျိုးမျိုးအား အသုံးပြုလျက် ဆက်တိုက် တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။

ဘုန်း… မိုလန်ရှန်၏ ခန္ဓာကိုယ်အား ရီဖူရှင်း၏လက်ဝါး ကျရောက်လာသည်။ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များက မိုလန်ရှန်၏ အားလှိုင်းအား လုံးဝဖျက်ဆီးလိုက်ကာ မိုလန်ရှန်မှာ မြေပေါ်သို့ လွင့်စဉ်သွားလေသည်။ ရီဖူရှင်း၏လက်ဝါးထိမိရာ နေရာတွင် မည်းနက်သွားပြီး သွေးမည်းများ စီးကျလာနေကာ မိုလန်ရှာအား ပြန်းထန်စွာ ဒဏ်ရာ ရသွားပုံပေါ်သည်။

ရီဖူရှင်းက မိုလန်ရှန်အား တစ်ချက်မျှပင် သေချာမကြည့်ပေ… သူ၏ခန္ဓာကိုယ်အား ကျော်နင်းလျက်ပင် လျင်မြန်စွာ ပြေးသွားလိုက်သည်။ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ အားလုံးက မိုလန်ရှန်အတွက် ဆိုးရွားစွာ ခံစားလိုက်ရသည်။ ရီဖူရှင်းက မိုလန်ရှန်အား စော်ကားသည့်စကား တစ်ခွန်းမျှပင် မပြောခဲ့ခြင်းက သူ့အား ပို၍ စော်ကားရာ ရောက်ပေသည်။

မှော်ဆရာများကား အမှန်တကယ်ပင် သိုင်းပညာရှင်များထက် ပို၍ အားကောင်းသည် သို့သော်လည်း ရီဖူရှင်းကား သာမန် မှော်ဆရာ မဟုတ်ပေ။

တိုက်ပွဲအား စောင့်ကြည့်နေသူများက တခြားတိုက်ပွဲတစ်ခုအား ကြည့်လိုက်လျှင် ယူချင်းက သူ့ထက် အဆင့်မြင့်သော သိုင်းပညာရှင် အများအပြားအား အနိုင်ယူထားသည်ကို တွေ့ရသည်။ သူတို့အားလုံး နားမလည်ကြပေ။ ယူချင်းကား မှော်ပညာကို လုံးဝမသုံးဘဲ သူ၏ သိုင်းပညာ သီးသန့်ကို သာလျှင် သုံးသည်ကို တွေ့ကြရ၏။

သည်လူငယ် နှစ်ယောက်မှာကား တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရီဖူရှင်းက လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ ချင်ယီမှာ ချွီလင် မြင်းနက်တစ်ကောင်ပေါ်တွင် ထိုင်ကာ မြားပစ်လေ့ကျင့်နေသည်ကို တွေ့ရ၏။ သူမ၏သပ်ရပ်စွာ စည်းထားသော ဆံပင်များကြောင့် ချင်ယီ၏ပုံဟန်မှာ မြင်နေကျပုံစံမဟုတ်ဘဲ ဆွဲဆောင်မှုတစ်မျိုး ရှိနေ၏။ ပုံစံတကျဝတ်ထားသော သူမ၏အဝတ်အစားများက လှပသော သူမ၏ ကောက်ကြောင်းများအား အတိုင်းသား မြင်နေရကာ ကြည့်သူတိုင်းအား အသက်ရှူမှားလောက် စေသော်လည်း ရီဖူရှင်းကား သူမ၏အလှအပများအား ခံစားရန် အချိန်မရှိပေ။ သူက သူမအား လှမ်းခေါ်လိုက်သည်… “စီနီယာ အစ်မချင်…”

ခေါ်သံလာရာအား လှမ်းကြည့်လိုက်လျှင် ရီဖူရှင်းအား မြင်သောကြောင့် သူမ အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ချွီလင် မြင်းပေါ်မှ ဆင်းလိုက်ကာ ရီဖူရှင်းထံသို့ လှမ်းလာနေသည်။ အဝေးမှပင် ဖြစ်နေသော်လည်း ရီဖူရှင်း၏ အလျင်စလိုပုံစံအား သတိထားမိကာ သူမက လှမ်းမေးလိုက်သည်… “နင် ဒီမှာ ဘာလုပ်နေတာလဲ…”

“တီအန်ယွာတောင်က သားရဲအုပ်တွေ ကျွံဝင်လာတယ်လို့ ထင်ရတယ်… စီနီယာက ဗိုလ်ချုပ်ချင်ကို အလျင်အမြန် အသိပေးသင့်တယ်…” ရီဖူရှင်းက ပြောလိုက်သည်။

သူမ၏မျက်နှာက ထိတ်လန့် လွန်းသောကြောင့် ပြာနှမ်းသွားသည်။ သူမက ချက်ချင်းပင် မဟူရာ ချွီလင် မြင်းနက်ထံသို့ ပြေးသွားပြီး တက်စီးလိုက်သည်။ ထို့နောက် သူမ ရီဖူရှင်းအနီးမှ ဖြတ်သွားကာ မြင်းအား ရပ်တန့်လိုက်ပြီး ပြောလိုက်သည်… “သွားမယ်… ငါတို့ လမ်းမှာ ဆက်ပြောကြမယ်…”

ရီဖူရှင်း၏မျက်လုံးတွင် တစ်စုံတစ်ခု ရိပ်ခနဲပေါ်သွားပြီး သူက ချင်ယီ၏နောက်မှ မဆိုင်းမတွပင် တက်စီးလိုက်သည် (မြင်းတက်စီးတာနော်)။

“ဘာဖြစ်နေတာလဲ…” ချင်ယီက စိုးရိမ်တကြီး မေးလိုက်သည်။ သားရဲအုပ်၏ အန္တရာယ်အား သူမ နားလည်သည်။

“ယူချင်းက တီအန်ယွာတောင်မှာ သိုင်းလေ့ကျင့်နေတုန်း သတိထားမိတာ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

ချင်ယီက မျက်နှာ တည်လိုက်ပြီး ပြောလိုက်သည်… “ငါ့ကို တင်းတင်းကိုင်ထား…”

“အာ…” ရီဖူရှင်းက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ချွီလင်မြင်းက လေထဲသို့ ပျံဝဲလိုက်လျှင် ဟန်ချက်ပျက်သွားပြီး သူမ၏ ပခုံးအား ကိုင်လိုက်သည်။ သူက မချိပြုံး ပြုံးလိုက်လျက် မိမိဘာသာ ပြောလိုက်သည်… “မြေခွေးမ… ငါတမင်လုပ်တာ မဟုတ်ဘူး…”

မြေကြီးပေါ်တွင်ကား သိုင်းပညာ ကျောင်းဆောင်မှ ကျောင်းသားများအားလုံး ထိုမြင်ကွင်းအား ကြည့်ကာ မည်သို့ ပြောရမည်မှန်း မသိတော့ပေ။ သည်ကောင် မျက်နှာပြောင် တိုက်လွန်းမနေဘူးလား…။ ပထမ သူကား ဟွာဂျီယူနှင့်တွဲသည်… ယခု ချင်ယီနှင့်အတူ မြင်းတစ်စီးတည်း ထိုင်စီးနေသည်…။ သူတို့အားလုံး ရီဖူရှင်းအား လေးစား အထင်ကြီးမိကြသလို မနာလိုလည်း ဖြစ်မိကြ၏။

“ခွေးကောင်…” မိုလန်ရှန်ကား ရီဖူရှင်း၏ရိုက်ချက်ကြောင့် သတိမေ့နေရာမှ ယခုမှပင် အသိစိတ်တချို့ ရလာကာ ကောင်းကင်မှ ထိုမြင်ကွင်းအား ကြည့်လျက် ဆဲလိုက်သည်။

ဘုန်း… ထိုစဉ် ယူချင်း သူ၏အနားသို့ ရောက်လာသည်ကို သတိမထားမိလိုက်ပေ။ လက်ဝါးတစ်ချက် သူ၏ပါးပေါ်သို့ ကြမ်းတမ်းစွာ ရောက်ရှိလာကာ မြေပေါ်သို့ နောက်တစ်ကြိမ် လွင့်စဉ်သွားပြန်သည်။

မိုလန်ရှန်အား ရိုက်ပြီးသည်နှင့် ယူချင်းက ချင်ယီနှင့် ရီဖူရှင်းတို့ ကောင်းကင်မှ ထွက်သွားသည်ကို ကြည့်ကာ တစ်ယောက်တည်း အိမ်သို့ ပြန်သွားလေသည်။ သူကလည်း ရီဖူရှင်းအား စိတ်ထဲမှ ဆဲလိုက်သည်။ အမှန်တကယ်ပင် သည်ကောင်မှာ ခွေးကောင်ဖြစ်သည်ဟု သူတွေးလိုက်သည်။

ချင်းကျူ မြို့အပေါ်မှ ကောင်းကင်တွင် ချွီလင်မြင်းကား နေရာတစ်နေရာသို့ ဦးတည်ကာ သွားနေသည်။ သူကား လျင်မြန်လွန်းရကား ရီဖူရှင်းတို့၏မျက်နှာအား လေများက ပြင်းထန်စွာ တိုက်နေသကဲ့သို့ပင် ခံစားရ၏။ ရီဖူရှင်းနှင့် ချင်ယီတို့၏လက်ရှိပုံစံမှာ လူတိုင်းအား သံသယဝင်စေနိုင်သော်လည်း သူ့တွင် ထိုအရာများအား တွေးရန် အချိန်မရှိပေ။ သူ၏အတွေးထဲတွင်ကား ဗိုလ်ချုပ်ချင် ရှိရာနေရာသို့ လျင်မြန်စွာ ရောက်ရှိရန်ပင် ဖြစ်သည်။

သို့သော်လည်း သူတို့ ထိုနေရာသို့ မရောက်မီလမ်းခုလတ်တွင် မဟူရာမြင်းစစ်သည်များ အများအပြား ကောင်းကင်မှ ပျံသန်းသွားသည်ကို တွေ့ရသည်။ သူတို့အား ကြည့်လျက် သူတို့က ဗိုလ်ချုပ်ချင်မှာ အခြေအနေအား သိပြီး ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

သူတို့က ထိုမြင်းစစ်သည်အုပ်စုအား လျင်မြန်စွာပင် မီလာသည်။ ထိုအုပ်စု၏ ခေါင်းဆောင်က ချင်ယီအား မြင်ကာ အံ့အားသင့်သွားသည်… “သခင်မလေး…”

“နင်တို့တွေ ဒီမှာ ဘာလုပ်နေတာလဲ…” ချင်ယီကလည်း အံ့အားသင့်သွားသည်။

“သားရဲအုပ်တွေ ချင်းကျူမြို့ကို ဝင်စီးတော့မယ်…” ခေါင်းဆောင်က ဖြေလိုက်သည်။

“ငါလည်း ဒါကြောင့်ပဲလာတာ… ကြည့်ရတာ အဖေသိပြီးပြီ ထင်တယ်… သူဘယ်မှာလဲ…” ချင်ယီက မေးလိုက်သည်။

“သူက ချင်းကျူ ရေကန်မှာ ကိစ္စနည်းနည်းရှိလို့… ကျွန်တော်တို့က ဒီကို အရင်လာကြတာ…” ခေါင်းဆောင်က ရှင်းပြလိုက်သည်။

“ဒါဆိုကောင်းပြီ… နင်တို့က အဲဒီနေရာကို အရင်သွားလိုက်… ငါက အဖေ့ဆီသွားလိုက်မယ်…” ချင်ယီက ပြောလိုက်သည်။ ထို့နောက် သူတို့က လမ်းခွဲကာ ရီဖူရှင်းတို့က ချင်းကျူ ရေကန်ဘက်သို့ ပျံသန်းသွားကြသည်။

ထိုအချိန်တွင် ရေကန် ကမ်းခြေမှ စားသောက်ဆိုင် တစ်ဆိုင်၏ အပြင်ဘက်တွင် မြင်းစစ်သည်အုပ်စု တစ်စု ရပ်နေသည်။ ထိုမြင်းစစ်သည်အုပ်စု ရှိနေခြင်းက ထိုပတ်ဝန်းကျင်ရှိ လူတိုင်းအား စိတ်ဝင်စားစေသည်။ ဗိုလ်ချုပ်ချင်ကား သူ၏လူများနှင့် စားသောက်ဆိုင်နားတွင် ရှိနေသည်။ တစ်ခုခု ဖြစ်နေသည်မှာ သေချာသည်။

ပုံမှန်အားဖြင့် ရီဖူရှင်းနှင့် ချင်ယီတို့ ရောက်ရှိသော အခါလည်း ထိုမြင်ကွင်းအား မြင်ရ၏။ သူတို့က ဗိုလ်ချုပ်ချင်၏ နောက်တွင် တိတ်တဆိတ် ရပ်နေကြသည်။ ဗိုလ်ချုပ်ချင်ကား အလုပ်များနေသည် ထင်ရသည်။

စားသောက်ဆိုင် အတွင်းတွင် လူအုပ်စု တစ်စု ပေါ်လာသည်။ သူတို့၏ ခေါင်းဆောင်ကား လူငယ် တစ်ယောက် ဖြစ်သည်။ ထိုအုပ်စုအား ကြည့်လျက် ရီဖူရှင်း မျက်ခုံးပင့်လိုက်သည်။ ထိုလူများအား သူမြင်ဖူးသည်။ ထိုလူငယ်မှာ နှစ်သစ်ကူးညတွင် တွေ့ဆုံခဲ့သည့် လူငယ်ဖြစ်သည်။

“ဗိုလ်ချုပ်ချင်က အပေါ်ထပ်မှာ ကျုပ်တို့နဲ့အတူ သောက်ဖို့များ စိတ်ဝင်စားလား…” ရှာဖန်က လေးစားစွာပင် ပြောလိုက်သည်။

“ဒါတွေကို မင်းတို့လူတွေ လုပ်တာလား…” ချင်ရွှီက အေးစက်စွာ ပြောလိုက်သည်။

“ဗိုလ်ချုပ်ချင် ဘာပြောချင်တယ်ဆိုတာ ကျုပ်နားမလည်ဘူး…” ရှာဖန်က သူ၏လက်ထဲမှ သေရည်ခွက်နှင့် ဆော့ကစားကာ ချင်ရွှီအားပင် မကြည့်ဘဲ ပြောလိုက်သည်။

“တီအန်ယွာတောင်ပေါ်က သားရဲအုပ်တွေ… မင်းတို့ရဲ့ လောဘတစ်ခုတည်းနဲ့ ချင်းကျူ တစ်မြို့လုံးကို အန္တရာယ်တောထဲ ထည့်တော့မလို့လား…” ချင်ရွှီက မေးလိုက်သည်။

“ခင်ဗျား ဘာပြောနေတယ် ဆိုတာကို နားမလည်ဘူးလို့ ကျုပ်ပြောပြီးပြီ… ကျုပ်နဲ့ စကားပြောတဲ့အခါ ခင်ဗျားရဲ့ လေသံကို သတိထားသင့်တယ်…” ရှာဖန်က ပြုံးလျက် ပြောလိုက်သည်။ သူ၏အမူအရာကား အမြဲတမ်းလိုပင် မောက်မာ ဝင့်ကြွားနေဆဲဖြစ်သည်။ သူကား ချင်းကျူမြို့၏ ကာကွယ်သူအား မျက်နှာသာပေးရန် စိတ်ကူးမရှိချေ။

သူက ထိုသို့ ပြောနေစဉ် သူ၏ဘေးမှလူများက ရှေ့သို့လှမ်းတက်လာရာ အခြေအနေမှာ ပို၍ တင်းမာလာသည်။

“မြို့တော်ဝန်ရုံးနဲ့ မူရွန်မိသားစုရဲ့ ကုန်သွယ်အဖွဲ့ကလည်း ဒီကိစ္စနဲ့ ပတ်သက် နေလိမ့်မယ်လို့ ကျုပ်လုံးဝ မထင်ထားဘူး…” ဗိုလ်ချုပ်ချင်က ဝေဖန်းနှင့် မူရွန်ချူတို့အား စိုက်ကြည့်လျက် ပြောလိုက်သည်။ သူ၏စူးရှသော အကြည့်က သူတို့အား ခေါင်းငုံ့သွားစေကာ သူတို့က ပြန်၍ပင် မကြည့်ဝံ့ကြတော့ပေ။

နောက်ဆုံးတွင် သူ၏အကြည့်က ရှာဖန်ထံ ပြန်ရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်… “မင်းက ချင်းကျူမြို့ကို သုံးပြီး မင်းရည်မှန်းချက် ပြည့်အောင် လုပ်ချင်တယ်… ဟုတ်လား… အရှေ့ပင်လယ်ဒေသ တစ်ခုလုံးကို ဒီသတင်းနဲ့ ပတ်သက်ပြီး ဖြန့်ဖို့ ငါ့လူတွေကို လွှတ်ထားပြီးပြီ… သူနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ဒီမှာ တွေ့တယ် ဆိုတာကို…”

သူက ပြောပြီးသည်နှင့် သူ၏လူများအား ဦးဆောင်သွားသည်။ ရှာဖန်၏မျက်နှာ မည်းမှောင်သွားသည်။ သူက ချင်ရွှီ၏နောက်ကျောအား စိုက်ကြည့်နေခြင်းက လူသတ်ချင်သော အရိပ်အယောင်များ သူ၏မျက်လုံးထဲတွင် အထင်းသား တွေ့နေရသည်။

ချင်ရွှီက သူ၏အစီအစဉ်အား အဘယ်ကဲ့သို့ သတ္တိမျိုးနှင့် ဖျက်ဆီးရဲရသနည်း။ သူက သတင်းများအား ပို့ဆောင်ရန် အရှေ့ပင်လယ်သို့ သူ၏လူများအား လျှို့ဝှက်စွာ စေလွှတ်ခဲ့ရသည် ထို့နောက် သူ၏အဖေက ပညာရှင်တချို့အား စေလွှတ်ပေးခဲ့သည်။ ရည်ရွယ်ချက်ကား သည်ကိစ္စများ အားလုံးကို သူတို့က ထိန်းချုပ်ကာ ဆောင်ရွက်လိုသောကြောင့် ဖြစ်သည်။ ယခုကား လူအများ၏စိတ်ဝင်စားမှုကို ခံရတော့မည် ဖြစ်သည်။

ချင်ရွှီကများ သည်လျှို့ဝှက်ချက်များကို သိနေပြီးသားလား… ရှာဖန် မတွေးတတ်တော့ပေ။ မည်သို့ပင်ဆိုစေ သူတို့၏လှုပ်ရှားမှုများအား ချင်ရွှီ ရိပ်မိသွားသည်မှာ သေချာသည်။

ချင်ရွှီက သူ၏လူများအား ဦးဆောင်လျက် ကောင်းကင်တွင် ပျံသန်းနေသည်။ ရီဖူရှင်းနှင့် အတူစီးနေသာ ချင်ယီက သူမအဖေ၏ဘေးသို့ ချဉ်းကပ်ကာ မေးလိုက်သည်… “အဖေ… ဘာတွေဖြစ်နေတာလဲ… ဒီလူတွေက ဘယ်သူတွေလဲ…”

“ကလေး… ချင်းကျူမြို့က အန္တရာယ်ကြားထဲ ရောက်နေတယ်… ဘာဆက်ဖြစ်မယ်ဆိုတာ အဖေတို့ မသိဘူး… ချင်းကျူမြို့က အရှေ့ပင်လယ်ဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်… ခုနက လူငယ်က ဒေသအုပ်ချုပ်ရေးမှူးရဲ့ သားပဲ… သူရောက်ကတည်းက အဖေက သူ့ကို စောင့်ကြည့်နေတာ… ဒါကြောင့် သူ့လူတွေ တီအန်ယွာတောင်ပေါ်မှာ လှုပ်ရှားနေတာလည်း သိတယ်… သူတို့က လျှို့ဝှက်ချက်တစ်ခုကို ရှာနေကြတာ… သူတို့ တကယ် ရှာတွေ့သွားလိမ့်မယ်လို့ အဖေလုံးဝ မထင်မိဘူး…”

“တီအန်ယွာတောင်… လျှို့ဝှက်ချက်…” ချင်ယီကား ပို၍ပင် နားမလည်တော့ပေ။

“သမီးကို မမွေးခင် အချိန်တုန်းက အဖေ့ရဲ့ဆရာက အနာဂတ်မှာ ကျရောက်မည့် အန္တရာယ်ကို ဖယ်ရှားချင်တဲ့အတွက် တီအန်ယွာတောင်ပေါ်က သားရဲကောင်ကြီးတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်… သူက တောင်ပေါ်ကို လူတွေလွှတ်ပြီး ကြိုးစားခဲ့ပေမဲ့… လူတွေ အတော်များများ သေပြီးမှ ဒါက မဖြစ်နိုင်ဘူးဆိုတာ သိခဲ့ရတယ်… ဒါပေမဲ့… တီအန်ယွာတောင်ပေါ်မှာ သူက အရေးကြီးတာ တစ်ခု တွေ့ခဲ့တယ်…” ချင်ရွှီကား အတိတ်အား ပြန်သတိရသွားသည်။ ထိုနေ့ရက်တွင် ကြုံခဲ့ရသော ထိုမျှထိတ်လန့်စရာ မြင်ကွင်းအား သူ လုံးဝမေ့နိုင်မည် မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီး ဖြစ်သော်လည်း ပြန်တွေးတိုင်း သူ ထိတ်လန့်ရသည်။

“အဖေတို့က တောင်ပေါ်မှာ ဘာတွေတွေ့ခဲ့တာလဲ…” ချင်ယီက မေးလိုက်သည်။

ချင်ရွှီက သူ၏သမီးအား ကြည့်လိုက်သည်… ထို့နောက် တားမြစ်ထားသော နာမည်တစ်လုံးအား ပြောလိုက်သည်… “ဧကရဇ် ရီချင်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset