Switch Mode

အခန်း ( ၁၈၂ )

ငါ့အဖိုးတန်ပုလဲလေး

ချန်ဖေးသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း
ပိုင်ရှောင်ချန်းက ဆက်ပြောစေလိုဟန် ရှိနေသဖြင့် သူက ဆက်လက်ပြောဆိုလိုက်၏။ “ဂိုဏ်းတူဦးလေးပိုင်၊ ကျုပ် မြှောက်ပြောနေတာ မဟုတ်ပါဘူး။တကယ့် ခံစားချက်အစစ်ပါ။ ဂိုဏ်းတူဦးလေးပိုင်၊ခင်ဗျားက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ။ ပြီးတော့ ကံကြမ္မာအရ သတ်မှတ်ထားတဲ့ အမွေဆက်ခံသူ လိုပါပဲ။ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းရဲ့ အနာဂတ်ခေါင်းေဆာင်ကြီးပါ။ ခင်ဗျားဟာ နတ်ဘုရားတွေလိုမျိုး အသက်ရှည်ရှည်နေရ ပြီးတော့ နောင်တချိန် အတုမဲ့ဖြစ်လာမှာ အသေအချာပါ။”

“မင်းပြောနေတာတွေ ရပ်လိုက်တော့” ပိုင်ရှောင်ချန်း က လက်ကိုဝှေ့ရမ်းပြီး ပြောလိုက်သည်။ သူကအလွန်အမင်း ဒေါသထွက်နေဟန်ရှိသည်။
ချန်ဖေး သည် အော်ဂလီဆန်နေသော်လည်း ဆက်လက် မြှောက်ပင့်ပြောဆိုလေ၏။ “ဂိုဏ်းတူ ဦးလေးပိုင်။ ဒီလိုတွေးတာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ဂိုဏ်းသားတွေ အကုန်လုံး ကလည်း ဒီလိုပဲပြောနေကြတာ။ ဂိုဏ်းတူ ဦးလေးပိုင်က နတ်ဘုရားတွေလိုပဲ ကိုယ်ကျင့်သိက္ခါ မှန်ကန်တယ်လို့ လူတိုင်းကပြောနေကြတယ်။ လက်ရွေးစင်တွေထဲမှာ အဆင့်တူ တခြားလက်ရွေးစင်တွေအကုန်လုံးကို နင်းခြေပစ် နိုင်တဲ့ လူတော်တစ်ယောက်ပဲတဲ့။ သူက ချီလင်ကနေ ဝင်စားထားပြီး ချောမောခန့်ညားတဲလူငယ်တစ်ယောက်တဲ့ ”

ပိုင်ရှောင်ချန်းက နားထောင်ပြီး သဘောကျသွား သည်။ ခဏကြာပြီးနောက် ချန်ဖေးကို အသုံးချကာ သူ၏ လူသားထိန်းချုပ်နည်း မဟာမှော်ပညာကို စမ်းသပ်ရန် အားနာလာသလို ခံစားမိသဖြင့် လေထဲတွင် ဟိတ်ကြီးဟန် ကြီးနှင့် မေးစေ့ကိုမော့ချီကာ အင်္ကျီလက်ကိုခါလျက် ပျံသန်းသွားလေသည်။

ချန်ဖေးနှင့် သူ့သူငယ်ချင်း ၂ယောက်သည် စိတ် သက်သာသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။ မြှောက် ပင့်သူများ အနေဖြင့် ချန်ဖေးကို အရင်ကထက် လေးစားသမှုဖြင့် ကြည့်ရှုလိုက်ကြသည်။

“အကိုကြီး ချန်၊ ခင်ဗျားဟာတောက်ပတဲ့ ဘုရားသခင်လိုပဲ လေးစားထိုက်ပါပေတယ်။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ်တို့တော့ ဒီနေ့ ကပ်ဘေးဆိုက်မှာပဲဗျာ။”

သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကာ ချန်ဖေးသည် အမှန်တကယ်တွင် မီးစင်ကြည့်ကလိုက်ခြင်းဖြစ်သည်ကို ဝန်ခံရပေမည်။
“ဟွန်း…ဂိုဏ်းတူဦးလေးပိုင်ကို ငါ့ထက်ပိုပြီး နားလည်နိုင်တဲ့သူကို ဒီဂိုဏ်းထဲမှာ ရှာဖို့ မလွယ်ပါဘူးကွာ။ ”

သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် သူ၏သူငယ်ချင်း၂ ယောက်ရှေ့မှ ခပ်ခွာခွာ ဦးဆောင်သွားလေသည်။
ပိုင်ရှောင်ချန်းသည် တောင်ဘက်ခြမ်းကို ပိုက်စိတ် တိုက် ရှာဖွေသော်လည်း လူသားထိန်းချုပ်နည်းမဟာ မှော်ပညာရပ်ကို လေ့ကျင့်ရန် နောက်ထပ် တစ်ဦး တစ်ယောက်ကိုမျှ မတွေ့ရချေ။ သူက မြောက်ဘက်ခြမ်း သို့ နောက်တစ်ကြိမ် ပြန်သွားလေသည်။ ထိုအချိန်တွင် အတော်လေး ညဥ့်နက်နေပေ၏။

ကံမကောင်းလှစွာ ဖြင့် သင့်တော်သူကို ရှာမတွေ့ရသေးချေ။ စိတ်ထားကောင်းလှသော သူ့အကြောင်းသူ တွေးမိပြီး သက်ပြင်းချလိုက် ကာ တာအိုသစ်စေ့တောင်သို့ ပြန်ခဲ့လေ၏။ ထို့နောက် သူသည် တောင်ပေါ်လမ်းတစ်ခုတွင် လျှောက်နေခိုက် မော့ကြည့်လိုက်ရာ အကြီးအကဲတစ်ယောက်၏ တာအိုဝတ်စုံကို ဝတ်ဆင်ပြီး လေပေါ်တွင် ပျံဝဲနေသော ရှန်ကွမ်းထျန်ယုံကို တွေ့လိုက်လေသည်။ သူသည် ပျံသန်းနေစဥ်တွင် ပိုင်ရှောင်ချန်းကို သတိပြုမိသော်လည်း ကြိတ်၍ နှာခေါင်းရှုံ့ကာ မမြင်ချင်ယောင်ဆောင်သွားလေသည်။ သူ့လမ်းသူဆက်သွားရန် ပြင်နေဆဲတွင် နှစ်ယောက်ကြား အဆင်မပြေသော ခံစားချက်များကြောင့် သူ့မျက်လုံးတွင် အေးစက်ကာ အထက်စီးဆန်သော အရောင်များ လင်းလက်သွားလေသည်။

ပိုင်ရှောင်ချန်းသည် စိတ်ကြီးဝင်နေသော ရှန်ကွမ်းထျန်ယုံကို တွေ့လိုက်ရသောအခါ ရင်ထဲမှ မကျေနပ်ချက်အဟောင်းများ ထကြွလာလေသည်။ ရယ်မောလိုက်ကာ ညာဘက်လက်ကို ဆန့်ထုတ်၍ ရှန်ကွမ်းထျန်ယုံကို လက်ညှိုးညွှန်ကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။

ရှန်ကွမ်းထျန်ယုံသည် သူ၏ တာအိုအကြီးအကဲဝတ်ရုံက ရုတ်တရက် ဆွဲညှစ်ခံလိုက်ရသောကြောင့် တုန်ခနဲဖြစ်သွားလေသည်။

သူမျက်နှာပျက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်ကာ သူ့အဝတ်အစားများ လှုပ်ရှားနေသည်ကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ ပိုင်ရှောင်ချန်းသည်လည်း အားအနည်းငယ် စိုက်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ရှန်ကွမ်းထျန်ယုံ၏ အဝတ်များက ပိုင်ရှောင်ချန်း၏လေ့ကျင့်ေရးကွင်းဖြစ်သွားသည်။

ထို့နောက်တွင် ဘုန်းခနဲ ပေါက်ကွဲသံထွက်ပေါ်လာပြီး ရှန်ကွမ်းထျန်ယုံသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။ ထိုစဥ်တွင် သူ၏ ဝတ်ရုံမှာ အပိုင်းပိုင်း စုတ်ပြတ်သွားကာ လေအဝေ့တွင် လွင့်ပါသွားပြီး ကိုယ်လုံးတီးဖြစ်သွားလေသည်။

သူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

ပိုင်ရှောင်ချန်းသည်လည်း အလားတူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

အနီးအနားရှိ အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

ရှန်ကွမ်းထျန်ယုံသည် စူးခနဲ အော်ဟစ်ကာ နောက်ထပ် ဝတ်ရုံကို ဝတ်ဆင်လိုက်လေသည်။ မျက်လုံးများနီရဲကာ ဆံပင်များ ဖရိုဖရဲဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
” ပိုင်ရှောင်ချန်း ”

ထို့နောက်တွင် သူသည် ပိုင်ရှောင်ချန်းဆီသို့ တရှိန်ထိုး ပြေးသွားလေသည်။ သူ့စိတ်ထဲတွင် မည်သို့ပင် ဖြစ်ပါစေ ပိုင်ရှောင်ချန်းကို သတ်ရန် စိတ်ကူးသာ ရှိနေသည်။ ထိုသို့သတ်ရန် သူတွင် လုံလောက်သော အစွမ်းသတ္တိရှိမရှိကိုပင် မတွေးနိုင်တော့ချေ။

သူ့စိတ်ထဲတွင် ပိုင်ရှောင်ချန်းသည် လမ်းလျှောက်နေသော အန္တရာယ်ဆိုးကြီးသာ ဖြစ်သည်။ သူ့ကို အရှင်ထားပါက စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းတစ်ခုလုံးပင် သေချာပေါက် ပျက်စီးသွားနိုင်ပေသည်။

ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် ပျံပြေးကာ ပြောနေမိသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ အဲ့တာက အလုပ်မဖြစ်တာလဲ။”

ရှန်ကွမ်းထျန်ယုံ ဒေါသတကြီး ဖြစ်နေသည်ကို တွေ့သောအခါ အမှန်ပင် စိတ်မကောင်းဖြစ်သွားရသည်။ သို့သော် သူမရှင်းပြနိုင်မီမှာပင် ရှန်ကွမ်းထျန်ယုံသည် လူသတ်တော့မည့် ပုံစံနှင့် သူ့ဆီသို့ တည့်တည့်ကြီး ဝင်လာနေသည်။

” ဂိုဏ်းတူ တူလေး ရှန်ကွမ်း၊ ဒါကလေ အထင်လွဲနေတာပါ။ ”
သူသည် ပြေးလျက်မှ အော်ပြောလိုက်သည်။
“အထင်လွဲနေတာပါ။ ငါပြောမယ်..”

ထိုအချိန်တွင် သူသည် သူ၏ အင်မော်တယ်ဂူထဲသို့ ရောက်သွားပြီ ဖြစ်သည်။ သို့သော်လည်း ရှန်ကွမ်းထျန်ယုံသည် “ဂိုဏ်းတူ တူလေး”ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသောအခါ ဒေါသ တထောင်းထောင်း ထလာပြန်သည်။ သူသည် အင်မော်တယ်ဂူ၏ အပြင်ဘက်တွင် ရပ်ကာ လုံးဝ ဒေါသတကြီးဖြင့် အော်ဟစ်နေသည်။ နောက်ဆုံးတွင်မူ မည်သို့မျှ မတတ်နိုင်သောကြောင့် အံကို ကြိတ်ကာ ထွက်သွားရလေသည်။

ပိုင်ရှောင်ချန်းသည် သူ၏ အင်မော်တယ်ဂူထဲတွင် ထိုင်ကာ ဦးနှောက်ကို အလုပ်ပေးလျက်ရှိသည်။ ရက်အနည်းငယ်အကြာတွင် သူသည် ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။

“ငါ နည်းလမ်းမှားပြီး တွေးခဲ့မိတာပဲ။”

” အဝတ်ကို ထိန်းချုပ်တာက သေချာပေါက် အကြံကောင်းတစ်ခု ဘယ်ဟုတ်မလဲ။ အဝတ်ဆိုတာ အားပျော့ပြီး ခံနိုင်ရည်နည်းတာကိုး။ ရတနာတွေ၊ ဘာတွေနဲ့ လုပ်ထားတာလည်း မဟုတ်။ စစ်မှန်တဲ့ လူသားထိန်းချုပ်နည်း မဟာမှော်ပညာဆိုတာ လူ့ခန္ဓါကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်တာမျိုးပဲ။ ဥပမာပြောရရင် သူတို့ရဲ့ အရေပြား၊ အသွေးအသားနဲ့ အရိုးတွေပေါ့။ အဲ့ဒါတွေအားလုံး ပြီးမြောက်အောင်မြင်သွားရင် ငါက တစ်ဖက်လူကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိသွားမှာပဲ။ ”

” ကံဆိုးတာက ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အဲ့လိုလုပ်လို့ ရလောက်တဲ့ထိ မမြင့်သေးတာပဲ။ ငါ့ထိန်းချုပ်စွမ်းအားမှာ အစွမ်းထက်တဲ့ အခြေခံ လိုအပ်တယ်။ အခုကစပြီး ထိန်းချုပ်စွမ်းအား သိုလှောင်ထားနိုင်တဲ့ ပစ္စည်းတမျိုး ငါလုပ်ရမယ်ထင်တယ် ” သူ၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။ ထိုအကြံမှာ တွေးလေ၊ အဓိပ္ပါယ်ရှိလေဖြစ်သည်။ နောက်တစ်နေ့တွင် ထိုသို့သော ပစ္စည်းမျိုးကို ဂိုဏ်းတစ်ခုလုံးတွင် ပိုက်စိပ်တိုက်ရှာဖွေသော်လည်း ကံမကောင်းစွာဖြင့် ရှာမတွေ့ခဲ့ပေ။ စိတ်ပျက်စပြုလာချိန်တွင် သူ၏ သံလိုက်စွမ်းအင်တောင်ပံများကို ရုတ်တရက် ဆွဲထုတ်မိလိုက်သည်။ ခဏမျှ လေ့လာပြီးနောက်တွင် မျက်လုံးများ တောက်ပလာခဲ့သည်။

“လျှို့ဝှက်နယ်မြေထဲမှာ ငါ သံလိုက်စွမ်းအားနဲ့ပတ်သက်ပြီး နည်းနည်းဥာဏ်အလင်းပွင့်ထားခဲ့တာပဲ။ ငါ ခုဆို တွန်းကန်ခြင်းစွမ်းအင်လည်း နည်းနည်းသုံးလို့ ရနေပြီ။ ပြီးတော့ ပုလဲပုံရိပ်ယောင်ဖြစ်စေမဲ့ ဆွဲငင်အားလည်း နည်းနည်းသုံးလို့ရတာပဲ…။” အနည်းငယ်တွေးနေပြီးနောက် သူ၏ ညာဘက်လက်သည် လက်ကွက်ဖော်ကာ လက်ညှို့းညွှန်လိုက်သည်။ တမုဟုတ်ချင်းပင် တောင်ပံများဆီမှ ချီစီးကြောင်းများ ထွက်ပေါ်လာကာ ပိုင်ရှောင်ချန်း၏ လက်ဝါးထဲသို့ စီးဆင်းသွားကာ ပုလဲသဏ္ဌာန် ပြောင်းသွားသည်။

အသေးစိတ်ထပ်ကြည့်သောအခါ ပုလဲထဲတွင် ရှိနေသော အငွေ့အသက်၂မျိုးကို တွေ့နိုင်သည်။ တစ်ခုသည် တွန်းကန်နေပြီး ကျန်တစ်ခုမှာဆွဲငင်နေကာ သူတို့ ၂ခု၏ ဟန်ချက်ညီနေမှုကြောင့် စက်ဝိုင်းပုံအဖြစ် ပုလဲကို ငုံထားလေသည်။

တခဏမျှ တွေးတောနေပြီးနောက် ပိုင်ရှောင်ချန်းသည် စိတ်ပိုင်းဖြတ်လိုက်ပုံ ပေါ်သည်။

“စိတ်စွမ်းအင်ဆိုတာ ကျင့်ကြံသူ အားလုံးအတွက် အခြေခံပဲ။ ခရမ်းရောင်ချီကောင်းကင်တံတား မန္တန်က စိတ်စွမ်းအင်နဲ့ ငါ့ကိုယ်ပိုင်စိတ်စွမ်းအင်ကို ပေါင်းစပ်လိုက်တဲ့အခါ ထိန်းချုပ်စွမ်းအင် ဖြစ်လာတာ။ ” ပိုင်ရှောင်ချန်းသည် တွေးလိုက်မိသည်ကို လုပ်ရန် ကြိုးစားတော့သည်။ သူ၏ စိတ်စွမ်းအင်ကို ခရမ်းရောင်ချီကောင်းကင်တံတား မန္တာန်ထဲသို့ ထည့်သွင်းလိုက်ရာ အငွေ့အသက်များ ပြောင်းလဲသွားလေသည်။ ထိုအငွေ့အသက်များသည် သူ၏စိတ်စွမ်းအင်နှင့်ပေါင်းစပ်ကာ ထိန်းချုပ်စွမ်းအင် ဖြစ်သွားပြီးနောက် ပုလဲထဲသို့ ထည့်သွင်းပေါင်းစပ်လိုက်တော့သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလျက် ရှိနေသည်။ တစ်ရက်ကြာပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း စိတ်လှုပ်ရှားနေဟန်ရှိသည်။ လက်ကို နောက်ဆုတ်လိုက်ပြီး အသက်ရှူလေ့ကျင့်ခန်း အချို့ လုပ်ဆောင်ရန် ထိုင်ချလိုက်သည်။

တစ်လခန့်ကြာပြီးနောက် ပိုင်ရှောင်ချန်း အသည်းအသန်လုပ်ဆောင်နေမှုများ၏ ရလဒ်အဖြစ် ပုလဲထဲတွင် ဖြစ်တည်နေသော ထိန်းချုပ်စွမ်းအင် ပမာဏသည် ကြောက်မက်ဖွယ် များပြားလာခဲ့သည်။ ထိုအချိန်ရောက်မှသာ စွမ်းအင်ထည့်သွင်းခြင်းကို ရပ်တန့်လိုက်သည်။

ပုလဲကို စိတ်လှုပ်ရှားစွာ ကြည့်နေရင်းမှ ပြောလိုက်သည်။ “ဒါကတော့ သေချာပေါက် အလုပ်ဖြစ်မှာပါ။ ပုလဲထဲမှာ ဖြစ်တည်နေတဲ့ ထိန်းချုပ်စွမ်းအင်ပမာဏက မနည်းမနောပဲကို။ စွမ်းအားတွေ ပေါက်ကွဲထွက်သွားရင် အဲ့ဒီစွမ်းအားနဲ့ ငါ့ရဲ့ “လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ်”ကို သေချာပေါက် သုံးလို့ ရမှာပါ။

အပြင်သို့ထွက်ကာ စမ်းသပ်တော့မည့်ဆဲဆဲတွင် ခြေလှမ်းများကို ရပ်ကာ ခဏတာ တွေးတောပြီးနောက် ယုံကြည်ချက်မရှိတော့သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

“မဟုတ်သေးဘူး။ ခုထိ အဆင်သင့်မဖြစ်သေးဘူး။ ငါ ထိန်းချုပ်စွမ်းအားကို နည်းနည်း ထပ်ထည့်ဖို့ လိုသေးတယ်။ ” အံကြိတ်ကာ တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။ နောက်ထပ် ၃လကြာသည့်အထိ ထိန်းချုပ်စွမ်းအားများကို ထပ်မံထည့်သွင်းပြီးနောက် ပုလဲထဲတွင် ရှိသော ထိန်းချုပ်စွမ်းအား ပမာဏသည် ကြက်သီးမွေးညှင်းထလောက်သည်အထိ ကြောက်မက်ဖွယ် ဖြစ်လာသည်။ များပြားလွန်းလှသဖြင့် ပုလဲအပြင်ဘက်သို့ လျှံကျနေရာ လေထုမှာ အံ့ဩဖွယ် ပုံပျက်တွန့်ကွေးသွားသည်။

ပိုင်ရှောင်ချန်း၏ ဘေးပတ်လည် မီတာ၃၀ အတွင်းမှ ပစ္စည်းအားလုံးသည် လေထဲတွင် လွင့်မျောနေကာ အက်ကွဲသံများ ထွက်ပေါ်နေလေသည်။ ထိုပစ္စည်းများထဲတွင် အင်မော်တယ်ဂူနံရံမှ ကျောက်စရစ်ခဲများပင် ပါဝင်နေသည်။

မျက်လုံးများ နီရဲလျက် ပိုင်ရှောင်ချန်းသည် စူးစူးဝါးဝါး အော်ရယ်ကာ အင်မော်တယ်ဂူထဲမှ ထွက်လာလေသည်။

” ပိုင်ရှောင်ချန်းရဲ့ လူသားထိန်းချုပ်နည်းမှော်ပညာရပ်က နောက်ဆုံးတော့ ကမ္ဘာပေါ်မှာ ထွက်ပေါ်နိုင်ခဲ့ပြီလေ။ ”
ခွက်ထိုးခွက်လန် ရယ်မောနေရင်း သူ၏ အင်မော်တယ်ဂူတစ်ဝိုက်ကို ရှာဖွေကြည့်ရှုသော်လည်း တစ်ယောက်မှ မတွေ့ရပေ။ ဇဝေဇဝါဖြစ်သွားကာ လှည့်ပတ်ကြည့်လိုက်လျှင် တာအိုသစ်စေ့တောင်ထိပ်ဆီသို့ ဦးတည်နေသော အလင်းတန်းမြောက်မြားစွာကို သတိပြုမိသွားသည်။ အကြောင်းတစ်ခုခုကြောင့် ဂိုဏ်းခေါင်းဆောင်က အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများကို အစည်းအဝေးခေါ်ထားခြင်း ဖြစ်ပေမည်။

စဥ်းစားရကျပ်သွားကာ ပိုင်ရှောင်ချန်းသည် လေထဲသို့ ပျံတက်ကြည့်လိုက်သည်။

မကြာမီပင် ဂိုဏ်းခေါင်းဆောင်၏ ခန်းမ အပြင်ဘက်မြေကွက်လပ်တွင် အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများ စုဝေးကာ လေသံတိုးတိုးဖြင့် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ လေးနက်သော အမူအရာများဖြင့် ရှိနေသည်ကို ကြည့်လျှင် ကိစ္စကြီးတစ်ခု ဖြစ်နေပြီမှာ သေချာသလောက်ရှိသည်။

“ဘာတွေ ဖြစ်နေတာလဲဟ။ ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ သူ၏ “လူသားထိန်းချုပ်နည်းပညာရပ်”အပေါ်တွင် အသည်းအသန် အာရုံစိုက်နေခဲ့သောကြောင့် ကျောက်စိမ်းပေလွှာများကို ဂရုမစိုက်မိပေ။ လူအုပ်ဆီသို့ ပျံသန်းသွားကာ အကျိုးအကြောင်းမေးရန်ပြင်နေစဥ်မှာပင် သူနှင့် မီတာ၃၀အကွာမှ လုထျန်းလဲ့ အပါအဝင် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ၃ယောက်သည် သူ့ကို ရုတ်တရက် အလန့်တကြားလှည့်ကြည့်လိုက်ကြသည်။

သူတို့သည် ပိုင်ရှောင်ချန်း၏ ရှုပ်ပွနေသော ဆံပင်နှင့် ထူးဆန်းသည့် အသွင်အပြင်ကို စောစောကပင် သတိပြုမိပြီးဖြစ်သည်။ သူတို့အနားသို့ ပိုင်ရှောင်ချန်း နီးကပ်လာသည်နှင့်အမျှ ခန္ဓါကိုယ်တစ်ခုလုံး တုန်ဆင်းသွားကာ ကျင့်ကြံခြင်း အခြေခံစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး ဖိအားများနိမ့်ဆင်းလာကာ တချိန်တည်းမှာပင် သူတို့၏ ဝတ်ရုံများ တစ်စစီ စုတ်ပြဲသွားလေ၏။

တုန်လှုပ်ကာ ဝတ်ရုံသစ်များအလျင်အမြန် ထုတ်ဝတ်သော်လည်း လဲကျသွားလေသည်။ ဒေါသတကြီးဖြစ်သွားကာ ပိုင်ရှောင်ချန်းကို ကြည့်ရင်း ဗရုတ်ကျသည့် အဆင့်ထက် လွန်သွားပြီဟု တွေးလိုက်ကြသည်။

“ဘာတွေ လုပ်နေတာလဲ ပိုင်ရှောင်ချန်း ”

သို့သော်လည်း သူတို့၏ ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့် ပိုင်ရှောင်ချန်းသည် ရှေ့သို့ တိုးလာလေသည်။ တချိန်တည်းမှာပင် သူ့အနီး မီတာ၃၀အတွင်းမှ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူအားလုံး၏ အဝတ်များလည်း စုတ်ပြဲသွားရာ သူ့ကို မျက်လုံးပြူးများနှင့် ကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်း မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် ရှန်ကွန်းထျန်ယုံအပါအဝင် ဒါဇင်နှင့်ချီသည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၏ ဝတ်ရုံများ ပျက်စီးသွားကြသည်။

“ပိုင်ရှောင်ချန်း ”

“သေစမ်း၊ သူဘာတွေ လုပ်နေတာလဲ” အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် ဒေါသတခြောင်းခြောင်းထွက်ကုန်ကြသည်။ ဝတ်ရုံသစ်များဝတ်ဆင်၍ ပိုင်ရှောင်ချန်းကို သင်ခန်းစာပေးရန် တဟုန်ထိုးပြေးသွားကြစဥ် သူ့ဘေး မီတာ၃၀ပတ်လည်အတွင်းရှိ မည်သူမဆို ဝတ်ရုံများ ပျက်စီးသွားမည်ကို သဘောပေါက်သွားကြသည်။
သူတို့သည် အထိတ်ထိတ်အလန့်လန့်နှင့် နောက်ဆုတ်သွားကြသည်။

ပိုင်ရှောင်ချန်းသည်လည်း ခေါင်းများကျဥ်းကာ၊ နှလုံးများခုန်နှုန်းမြန်လာပြီး ခန်းမဆောင်၏ ပင်မတံခါးပေါက်ဆီသို့ ဆုတ်ခွာသွားလေသည်။ သူသည် ပြဿနာအကြီးကြီးတစ်ခုကို မီးထွန်းရှာလိုက်ပြန်ပြီဖြစ်ကြောင်း သိလိုက်သည်။

“ငါ့ကို အပြစ်မတင်ပါနဲ့ ” ဟု သူက ပြောလိုက်သည်။
“အဲဒါ ဒီပုလဲကြောင့်… ” သူသည် တုန်လှုပ်စွာဖြင့် ပုလဲကို လေထဲသို့ မြှောက်ပြလိုက်ရာ လှိုင်းလုံးများက မီတာ၃၀ခန့်ထိ အဘက်ဘက်သို့ ပျံနှံ့သွားလေသည်။ ပိုင်ရှောင်ချန်းသည် သက်ရောက်မှုကို မခံစားရသော တစ်ဦးတည်းသောသူ ဖြစ်သည်။

ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်သည် အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသံများကို ကြားကာ ဂိုဏ်းစောင့် အကြီးအကဲအချို့နှင့်အတူ တံခါးမှ ထွက်လာသည်။ မြေကွက်လပ်သို့ ထွက်လာလာချင်းမှာပင် ပိုင်ရှောင်ချန်း၏ ဘေးပတ်လည်မှ အန္တရာယ်ဇုန်ထဲသို့ ဝင်ရောက်မိသွားလေသည်။

” မလာနဲ့ ” ပိုင်ရှောင်ချန်းသည် ငယ်သံပါအောင် အော်ပြောလိုက်သည်။ “ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီး၊ ဂိုဏ်းစောင့်အကြီးအကဲတွေရော နောက်ကို ဆုတ်ကြပါ ” မျက်လုံးပြူးကာ ပုလဲကို ဆန့်ကျင်ဘက်သို့ ပစ်လွှတ်ရန် ကြိုးပမ်းသော်လည်း နောက်ကျသွားချေပြီ။

ကျိန်းယွမ်သုန်၏ အဝတ်များသည် ချက်ချင်းပင် အပိုင်းပိုင်းဖြစ်သွားပြီး လေနှင့် လွင့်ပါသွားရာ နေရာတွင် ကြက်သေသေကာ ရပ်နေတော့သည်။

ဂိုဏ်းစောင့်အကြီးအကဲများ၏ တချိန်က တည်ကြည်ခဲ့သော မျက်နှာထားများသည် သူတို့၏ အဝတ်များ ဖျက်ဆီးခံလိုက်ရသောအခါ လုံးဝပြောင်းလဲသွားကြလေသည်။ စွမ်းအားများ ထုတ်သုံးကာ ရပ်တန့်စေသော်လည်း အကျိုးမရှိဘဲ မကြာမီပင် သူတို့အားလုံး ကိုယ်လုံးတီး ရပ်နေရသည်။

ထိုသို့ဖြစ်ရသည်မှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံနှင့် မသက်ဆိုင်ဘဲ ပုလဲ၏ ထူးဆန်းသော အစွမ်းသတ္တိကြောင့်သာ ဖြစ်လေသည်။ အဝတ်များသည် ပိုင်ရှောင်ချန်းကြောင့် ပျက်စီးသွားခြင်း မဟုတ်ဘဲ ပုလဲကြောင့်သာ ဖြစ်လေသည်။ သူ၏ အမှား လုံးဝမဟုတ်ပေ။

ဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းစောင့် အကြီးအကဲများ၏ အဝတ်မပါသောခန္ဓာကိုယ်များ ပေါ်ထွက်လာသည်နှင့်တ ပြိုင်နက် အရာအားလုံးက အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset