Switch Mode

အခန်း ( ၁၈၁ )

စိတ်မဝင်စားဟန်ရှိသော

ထိုအကြောင်းကို ခဏမျှစဥ်းစားပြီးနောက် သူက သက်ပြင်းချကာ ရေရွတ်လိုက်တော့သည်။
“တော်ပါကွာ။ ခေါင်းထဲထည့်ဖို့တောင် မတန်ဘူး။ ဒီ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အရာအရာတိုင်းက အဆင်ချောနေတာပဲကို….” သူ၏နှလုံးသားထဲတွင် ခံစားနေရသည့် နာကျင်မှုကို မျိုသိပ်ရင်း ဆေးလုံးကို ထည့်စရာအိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။

အကယ်၍ သူသာ ထွက်ခွာသွားပါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို လွမ်းနေရမည်ဖြစ်သည်။ ယခု သူက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ ခေါင်းဆောင်ကြီးများမှ အစေခံများအထိ လူတိုင်းအားလုံးက သူ့ကို မိသားစုဝင်တစ်ယောက်အလား နွေးထွေးစွာ ဆက်ဆံနေကြပြီဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ သူ့ကိုကောင်းကောင်းမသိသေးသည့် အပြင်စည်းဂိုဏ်းသားများ များစွာကျန်နေသေးသည့် အချက်ပင်ဖြစ်သည်။ ထို့အပြင် သူက မြောက်ခြမ်းတွင်လည်း ထင်ထင်ပေါ်ပေါ် သိပ်မနေရသေးပေ။ ယခုသာ ဂိုဏ်းမှထွက်ခွာသွားပါက အရာတော်တော်များများကို သူက လွဲချော်သွားမည်ဖြစ်သည်။

နောက်ရက်များတွင်မူ ပိုင်ရှောင်ချန်းက လေ့ကျင့်ရင်းနှင့်သာ နေ့စဥ်အချိန်ကို ကုန်ဆုံးစေခဲ့လေသည်။ သို့သော်လည်း သူကျင့်ကြံမနေသည့်အချိန်များတွင်မူ သူက လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အလား ပြုံးလျှက် တောင်ခြမ်းနှင့်မြောက်ခြမ်း နှစ်ဘက်စလုံးတွင် လှည့်လည်သွားလာနေတော့သည်။

သူက အပြင်စည်းဂိုဏ်းသားများ စုဝေးနေသည့်နေရာများတွင် မကြာခဏဆိုသလို လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ထွက်လာလေသည်။ ပထမဆုံးအကြိမ်တွင်မူ စိတ်လှုပ်ရှားစွာအော်ဟစ်သံများဖြင့် ဆူညံနေသော်လည်း မကြာမီတွင်မူ အပြင်စည်းဂိုဏ်းသားများ၏ မျက်နှာများပေါ်တွင် ထူးဆန်းသည့်အမူအရာများ ပေါ်လာကြတော့သည်။ အဆုံးတွင် သူတို့က ပိုင်ရှောင်ချန်းကို နေ့စဥ်နေ့တိုင်း အကြိမ်ပေါင်းတစ်ဒါဇင်မက မြင်တွေ့ နေရကြောင်း သတိထားလာမိကြတော့သည်။

သူတို့ ဘာလုပ်နေနေ မော့ကြည့်လိုက်လျှင် ချီးကျူးသည့်အပြုံးများ ဝေဆာနေသည့် ပိုင်ရှောင်ချန်းနှင့် အမြဲလိုလို တည့်တည့်တိုးရစမြဲပင်။ အဆုံးတွင် မည်သို့ဖြစ်နေလဲမသိကာ ထူးဆန်းသောအမူအရာများနှင့်လူများ ပို၍ပင်များများလာတော့သည်။

အပြင်စည်းဂိုဏ်းသားများသာ ထိုကဲ့သို့ကြုံတွေ့ရသည်မဟုတ်ပေ။ အတွင်းစည်းဂိုဏ်းသားများနှင့် အကြီးအကဲများပင်လျှင် အရေးကြီးသည့်ကိစ္စများမလုပ်ဘဲ လှည့်လည်ပတ်သွားကာ ဂိုဏ်းတူဦးလေးပိုင်ဟု အခေါ်ခံရအောင် လုပ်နေသည့် ပိုင်ရှောင်ချန်းကြောင့် စိတ်ရှုပ်လာကြတော့သည်။ ထိုဖြစ်ရပ်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်နှင့် တစ်ပုံစံထဲပင်။

သို့သော်လည်း ကံကောင်းသည့်အချက်မှာ အရင်ကလောက် ပိုင်ရှောင်ချန်းက လွန်လွန်ကျူးကျုး မလုပ်တော့ပေ။ လူတိုင်း၏အာရုံစိုက်မှုကို ရရှိပြီးသွားသောအခါ သူက တာအိုသစ်စေ့တောင်ပေါ်ရှိ သူ၏အင်မော်တယ်ဂူသို့ပြန်ကာ ဆေးဖော်စပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

” ထာဝရကောင်းကင်ဘုရင်သိုင်းကို ကျင့်ဖို့ဆိုရင် သက်စောင့်စွမ်းအင်လိုတယ်ကွ။ အဲ့တာမလို့ အဆင့်လေးဆေးလုံးကို ဖော်စပ်မှရမယ်။” ပိုင်ရှောင်ချန်း၏ အဆင့်မြင့်သမားတော်ဖြစ်ချင်နေသည့် ကြီးမြတ်သောဆန္ဒကြောင့် သူကဆေးဖော်စပ်ရာတွင် အာရုံအပြည့်အဝ စိုက်နေတော့သည်။

ထို့အပြင် လီချင်းဟောက် သူ့ကိုပြောခဲ့သည့် အခြေခိုင်မာခြင်းအဆင့်သို့ရောက်လျှင် လျှပ်စီးအဆိပ်ဖြေမှော်ပညာရပ်အား ပြီးပြည့်စုံအောင်ကြိုးစားရမည်ဟူသောစကားကို သူက မမေ့သေးပေ။ နောက်ရက်များတွင်မူ တာအိုသစ်စေ့တောင်ပေါ်တွင် လျှပ်စီးနှင့်မိုးကြိုးများမှာ အမြဲလိုလိုပေါ်ပေါ်လာ၍ ထိုတောင်ရှိ အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများကပါ အံ့အားသင့်နေတော့သည်။

ထိုတောင်ပေါ်သို့ မရေမတွက်နိုင်သည့် လျှက်စီးတန်းများ ပစ်ခတ်နေသည်ကို အခြားတောင်မှဂိုဏ်းသားများမြင်သည့်အခါ သူတို့မှာလည်း အံ့သြနေကြတော့သည်။ လူအများစုမှာ ထိုအကြောင်းကို လိုက်၍မေးမြန်းနေသဖြင့် မကြာခင်တွင် ပိုင်ရှောင်ချန်း ယခင်တုံးက လက်ဆော့ခဲ့သည့် ပုံပြင်များမှာ ပြန်လည် ပျံ့နှံ့လာတော့သည်။ မကြာမီတွင် လူတိုင်းက ထိုအကြောင်းများကိုပြောဆိုနေကြပြီး မှင်တက်ကာ အံ့အားသင့်နေသည့် အမူအရာများစွာ ပေါ်ထွက်လာကြတော့သည်။

” ဂိုဏ်းတူဦးလေးပိုင်က အဲ့လိုမျိုးတွေ လုပ်ခဲ့ဖူးတယ်ပေါ့။ မယုံဘူးဟေ့။”

” ဘုရားရေ။ တကယ်ကြီး အဲ့လိုတွေဖြစ်ခဲ့တာလား။”

ပိုင်ရှောင်ချန်းအကြောင်း သိပ်မသိကြသော ဂိုဏ်းသားအများစုမှာ ထိုဇာတ်လမ်းများကို လွယ်လွယ်နှင့် မယုံကြပေ။ သို့သော်လည်း မိုးကြိုးပစ်နှုန်းများကမူ အနည်းငယ်လေးတောင် လျော့ကျမသွားချေ။ ထို့အပြင် ပို၍ပင် များလာလေသည်။ တချိန်ထဲမှာပင် အနက်ရောင်မီးခိုးများက ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူထဲမှ ထွက်လာကြပြီး မကြာမီတွင် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့သော အက်စစ်မိုးများ ကျဆင်းလာတော့သည်။

အက်စီးမိုးများမှာ မြစ်အသေးလေးများအလား တာအိုသစ်စေ့တောင်၏တစ်ဝက်လောက်တွင် စီးဆင်းနေတော့သည်။ ပိုင်ရှောင်ချန်းမှာ အဆင့်သုံးဆေးများပင်မယှဥ်နိုင်သည့် အဆင့်လေးဆေးလုံးများ ထုတ်ဖော်နေခြင်းဖြစ်လေသည်။ ခဏအတွင်း အက်စစ်မိုးဒဏ်ခံရသည့် ဒေသများမှာ များပြားလာပြီး တောင်ခြမ်းနှင့်မြောက်ခြမ်းအထိပါ ရောက်ကုန်တော့သည်။ အဆုံးတွင် တောင်ခုနစ်လုံးမှာ အက်စစ်မိုးဒဏ်ခံလိုက်ရတော့သည်။

အိပ်မက်ဆိုးကြီးမှာ တစ်ဖန်ပြန်လည် ဆင်းသက်လာပြီဖြစ်သည်။ များစွာသော ဂိုဏ်းသားများမှာ သူတို့၏အဝတ်အစားများ တဖြည်းဖြည်းချင်း အရည်ပျော် ပျောက်ကွယ်သွားသဖြင့် ဘေးဘီဝဲယာကို တုန်လှုပ်စွာကြည့်နေကြတော့သည်။

” ပိုင်ရှောင်ချန်းက ဆေးတွေ ထပ်ပြီးဖော်စပ်နေပြန်ပြီဟေ့။”

” လူတွေကို အေးအေးလူလူနေခွင့်လေး မပေးနိုင်ဘူးလားကွာ။”

တောင်ခြမ်းက ထိုအရာကိုကြုံခဲ့ဖူးသည်ဖြစ်လေရာ အက်စစ်မိုးရွာရွာချင်းတွင် အနည်းငယ်သာ အုပ်အော်သောင်းနင်းဖြစ်ကုန်ကြသော်လည်း အလွန်အမင်း အံ့အားသင့်သွားခြင်းမျိုး မဖြစ်ကြပေ။

သို့သော်လည်း မြောက်ခြမ်းကလူများကမူ ယခုလိုမျိုးဖြစ်ရပ်ကို မည်သည့်အခါကမှ ကြုံဖူးကြသည်မဟုတ်။ မကြာမီတွင် ဒေါသတကြီးအော်ဟစ်သံများပေါ်ထွက်လာကြပြီး မြောက်ခြမ်းဂိုဏ်းသားများမှာ ရူးသွပ်ကုန်ကြတော့သည်။

” ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ပျက်နေကြတာလဲဟ။”

” ဘုရားရေ။ ဒီအက်စစ်မိုးတွေရွာနေတာ ငါ့ဖြင့်မယုံနိုင်ဘူး။ နေစမ်းပါအုံး။ အက်စစ်မိုးနဲ့ပတ်သတ်နဲ့အကြောင်းကို အရင်က ငါကြားဖူးသလားလို့….”

မြောက်ခြမ်းရှိဂိုဏ်းသားများမှာ တဖြည်းဖြည်းရူးသွပ်လာကြသဖြင့် အော်ဟစ်မြည်ကြွေးသံများ ပေါ်ထွက်လာကြတော့သည်။ တောင်ထိပ်သခင် လေးယောက်နှင့် အကြီးအကဲများမှာလည်း ဒေါသထွက်နေကြပြီး မကြာမီတွင် တရားခံမှာ ပိုင်ရှောင်ချန်းဖြစ်ကြောင်း သိသွားကြတော့သည်။

ပိုင်ရှောင်ချန်း အခြေခိုင်မာခြင်းအဆင့်သို့ မရောက်ခင်တုံးကမူ တောင်ခြမ်းနှင့်မြောက်ခြမ်းနှစ်ခြမ်းလုံးမှဂိုဏ်းသားများမှာ အုပ်စုများဖွဲ့၍ သူ့ကိုခဲနှင့်ဝိုင်းပေါက်ကြမည်မှာ အမှန်ပင်။

သို့သော်လည်း ယခုတွင်မူ သူတို့က မကျေချမ်းသောအကြည့်များဖြင့်သာ အချင်းချင်းကြည့်နေနိုင်တော့သည်။ သူတို့မည်မျှပင်ဒေါသထွက်နေပါစေ ယခုပိုင်ရှောင်ချန်းသည် ယခင်က ပိုင်ရှောင်ချန်းမဟုတ်တော့ပေ။ ယခုဆိုလျှင် သူက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၊ အမွေဆက်ခံသူအဆင့်အတွက် လျာထားခံရသူတစ်ယောက်၊ အခြေခိုင်မာခြင်းအဆင့် အကြီးအကဲတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ထိုသို့သော သူမျိုးကို ရိုးရိုးဂိုဏ်းသားများက လွယ်လွယ်ကူကူ ရန်စ၍မရနိုင်ပေ။ အကြီးအကဲများပင်လျှင် စိတ်တိုတိုနှင့် ကြည့်နေရသည်မဟုတ်ပါလော။ ေတာင်ထိပ်သခင်များကမူ ဂိုဏ်းစောင့်အကြီးအကဲများ ပိုင်ရှောင်ချန်းကို အလွန်တန်ဖိုးထားကြောင်းသိသဖြင့် ဂိုဏ်းခေါင်းဆောင်ဆီသို့သွားကာ ဖြေရှင်းပေးရန်တောင်းဆိုရုံမှလွဲ၍ အခြားမည်သည့်အရာမှ မတတ်နိုင်ပေ။

ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က ထိုတိုင်စာများကိုရသောအခါ ခြောက်ကပ်ကပ်ပြုံးလိုက်လေသည်။ အမွေဆက်ခံသူအဆင့်အတွက် လျာထားခြင်းခံရသူမှာ အလွန်အရေးကြီးသည်မဟုတ်ပါလော။ သို့သော်လည်း လီချင်းဟောက်မှာ တံခါးပိတ်ကျင့်ကြံခြင်း ပြုလုပ်နေပြီဖြစ်လေသည်။ အကယ်၍ သူသာရှိပါက ပိုင်ရှောင်ချန်းကို ဆုံးမပေးနိုင်မည်ဖြစ်သည်။

ကျိန်းယွမ်သုန်က ဘဝတွင် ကျင့်ကြံခြင်းထက်ပိုသော အရာများစွာရှိကြောင်းနှင့် ဂိုဏ်းအပြင်ဘက်သို့ထွက်ကာ ဘဝအတွေ့အကြုံရှာသင့်ကြောင်း ပိုင်ရှောင်ချန်းကို နားချတော့သည်။ အင်မော်တယ်သံမဏိပင် အထုအထောင်းမခံရပါက အင်မော်တယ်ဓားအဖြစ် သွန်းလုပ်၍ရမည် မဟုတ်ချေ။

အရှေ့ဘက်သစ်တောေဒသထဲတွင် သူ ရှိနေသ၍ အန္တရာယ်အများကြီးကြုံတွေ့မည်မဟုတ်ဘဲ အတွေ့အကြုံများစွာ ရရှိနိုင်ကြောင်းကိုလည်း ရှင်းပြလိုက်လေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းကမူ ခေါင်းခါကာ ဂိုဏ်းမှာနေရသည်ကိုပျော်ကြောင်း ပြန်ဖြေလိုက်သည်။

ထို့နောက် သူက သူ၏စမ်းသပ်မှုများထဲတွင် စိတ်နှစ်လိုက်သဖြင့် ယခင်က တောင်ခြမ်းကိုဝါးမျိုခဲ့သည့် သူ၏ရူးသွပ်မှုမှာ မကြာမီတွင် ဂိုဏ်းတစ်ဂိုဏ်းလုံးဆီသို့ ပျံ့နှံ့သွားတော့သည်။ သို့သော်လည်း လူတိုင်းစိတ်မထိန်းနိုင်တော့သည့် အချိန်ရောက်ခါမှ ပိုင်ရှောင်ချန်းက ရုတ်တရက် ဆေးဖော်စပ်ခြင်းကို ရပ်တန့်လိုက်တော့သည်။

သူ၏ အင်မော်တယ်ဂူထဲတွင်ထိုင်ကာ သူက သက်ပြင်းချနေတော့သည်။ အဆင့်လေးဆေးလုံးဖော်စပ်ရန် သူ၏ကြိုးပမ်းမှုများမှာ အကုန်ကျရှုံးခဲ့လေသည်။ သူမည်မျှပင် ဇွဲနပဲကြီးကြီးကြိုးစားပါသော်လည်း ပြဿနာများမှာ အမြဲတမ်းတက်လာစမြဲပင်။
” ကြည့်ရတာ တာအိုဆေးပညာနဲ့ပတ်သတ်တဲ့ ငါ့ရဲ့အသိက နည်းနေသေးတာပဲနေမှာ။ အခုလောလောဆယ် အတင်းကြီးလုပ်နေလည်း ဘာမှမထူးလောက်ဘူး။ အဆင့်လေးဆေးလုံးတွေကိုဖော်စပ်ချင်ရင် အရင်ဆုံး ငါ့ရဲ့တာအိုဆေးပညာကို တိုးတက်အောင်လုပ်မှရမယ်။”

သူက အဖြေကိုသိသွားသဖြင့် လီချင်းဟောက်ဆီ သွားလိုက်သော်လည်း လီချင်းဟောက်က ရွှေအမြုတေအဆင့်သို့ရောက်အောင် ကြိုးပမ်းနေဆဲဖြစ်၍ တံခါးပိတ်ကျင့်စဥ်မှ ထွက်မလာနိုင်ချေ။

ပိုင်ရှောင်ချန်းက ဟန်ဇောင်ဂိုဏ်း၏ ဆေးပညာလက်စွဲကျမ်းကိုထုတ်ယူလိုက်ပြီး ကြိမ်ဖန်များစွာ စစ်ဆေးကြည့်ပါသော်လည်း အဓိပ္ပါယ်မဖော်နိုင်ပေ။ သူက အက္ခရာများကိုနားလည်ပါသော်လည်း စကားလုံးနှင့် ဝါကျများကို နားမလည်နိုင်ပေ။
” ငါ့တာအိုဆေးပညာ ကျွမ်းကျင်မှုကို အဆင့်နိမ့်တယ်လို့ခေါ်လို့ရရင် ဒီဟန်ဇောင်ဂိုဏ်းရဲ့ ဆေးကျမ်းက အဆင့်မြင့်လောက်တယ်။ တာအိုဆေးပညာနဲ့ပတ်သတ်တဲ့ အခြေခံနားလည်မှုအချို့ကို ငါလိုအပ်နေသေးတာပဲ။”

ပိုင်ရှောင်ချန်းကမူ ထိုအတွေးများဖြင့် ဆူပုတ်နေပါသော်လည်း တောင်ခြမ်းနှင့်မြောက်ခြမ်းရှိဂိုဏ်းသားများ၊ အကြီးအကဲများ၊ ဂိုဏ်းချုပ်သခင်များနှင့် တာအိုသစ်စေ့တောင်မှ အခြေခိုင်မာခြင်းအဆင့်အကြီးအကဲများမှာ စိတ်သက်သာရာရသွား၍ သက်ပြင်းချနေကြတော့သည်။

သို့သော်လည်း အရင်တုံးကလိုပင် သူတို့က ပိုင်ရှောင်ချန်းကို လျှော့တွက်မိပြန်ပြီဖြစ်သည်…. ယခုအချိန်တွင် သူက အဆင့်လေးဆေးစွမ်းအင်ဆေးကို မဖော်စပ်နိုင်သေးသော်လည်း ခရမ်းရောင်ချီ ကောင်းကင်တံတားမန္တန်ကို ကျင့်နိုင်သေးသည်။ ထို့အပြင် ခရမ်းရောင်ချီ ကောင်းကင်တံတားမန္တန်မှာ သံလိုက်စွမ်းအားများနှင့် ပေါင်းစပ်သွားသောအခါ သူစိတ်ကူးယဥ်နေသည့် သိုင်းကွက်ဖြစ်သော လူသားထိန်းချုပ်နည်းမဟာမှော်ပညာရပ်အတွက် အကြံအစည်အသစ်များ ပေးစွမ်းလေသည်။

” ငါက တကယ့်အရူးပဲ။ လူသားထိန်းချုပ်နည်းမဟာမှော်အတတ်ဆိုတာ ရန်သူကို တိုက်ရိုက်ကြီးထိန်းချုပ်စရာမှမလိုတာပဲ။ သူတို့ရဲ့ အဝတ်အစားတွေကို ငါထိန်းချုပ်ဖို့နည်းလမ်းတွေ့ရင် သူတို့ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို ငါထိန်းချုပ်လို့ရပြီလေ။ ပြီးတော့ တကယ့်ထိန်းချုပ်စွမ်းအင်အစစ်ရဲ့ကိုယ်စား ဆွဲငင်ခြင်းနဲ့တွန်းကန်ခြင်းရဲ့ သံလိုက်စွမ်းအင်ကိုသုံးလို့ရတာပဲ။”

သူက ထိုအကြောင်းကို ပိုစဥ်းစားလေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်နေတော့သည်။ တောက်ပနေသောမျက်လုံးများဖြင့် သူက အင်မော်တယ်ဂူအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

လမ်းတစ်လျှောက်တွင် သူကလူများစွာနှင့် ဆုံခဲ့ပါသော်လည်း သူတို့ထဲမှ မည်သူကမျှ သူ၏ယူဆချက်ကို မှန်မမှန်ဆုံးဖြတ်ရာတွင် အကူအညီပေးနိုင်ရန် မသင့်တော်ကြပေ။အဆုံးတွင် သူက တာအိုသစ်စေ့တောင်မှ ထွက်ကာ မြစိမ်းတောင်သို့ သွားလိုက်လေသည်။

ရုတ်တရက်သူက ရင်းနှီးသောသူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
“အဲ့တာ ချန်ဖေးလားဟ။” တောက်ပနေသောမျက်လုံးများဖြင့် သူကရေရွတ်လိုက်သည်။

ချန်ဖေးကမူ သူ့ကိုနောက်မှလိုက်ကာ ဖားယားနေသည့် ဗလကြီးနှစ်ယောက်နှင့်အတူ မြစိမ်းတောင်ပေါ်ရှိ လမ်းတစ်လမ်းပေါ်တွင် ဝင့်ကြွားစွာ လမ်းလျှောက်နေသည်။

” အတွင်းစည်းဂိုဏ်းဝင်ရောက်ဖို့ နတ်မီးလျှံစမ်းသပ်ပွဲမှာ အောင်မြင်တာဂုဏ်ပြုပါတယ် ဂိုဏ်းတူအစ်ကိုချန်း။ အစ်ကိုကနောက်ဆုံးတော့ အတွင်းစည်းဂိုဏ်းသားဖြစ်သွားပြီပေါ့။”

” ဟားဟားဟား။ အခုကစပြီး ဂိုဏ်းတူအစ်ကိုချန်းက မြစိမ်းတောင်ရဲ့ အတွင်းစည်းဂိုဏ်းထဲက ရောက်သွားပြီဟေ့။ ကမ္ဘာကြီးတစ်ခုလုံးက အစ်ကို့ လက်ချောင်းထိပ်မှာပဲ။ နောက်တစ်ဆင့်တက်ရင် ကောင်းကင်ကြီးပေါ့ဗျာ။”

ချန်ဖေးကမူ မေးငေါ့ကာ ဝင့်ကြွားစွာ လမ်းဆက်လျှောက်လာလေသည်။ နှစ်ပေါင်းများစွာပြီးနောက် သူက အပြင်စည်းဂိုဏ်းမှ အတွင်းစည်းဂိုဏ်းသို့ ရောက်လာပြီဖြစ်သည်။

သူက ဟိန်ဟန်အ ပြည့်နှင့် လမ်းလျှောက်နေပြီး ထိုလူနှစ်ယောက်ကို စကားပြန်ပြောရန်ပြင်လိုက်စဥ် အခြားလူတစ်ယောက်က သူ၏နာမည်အား အော်ခေါ်နေသည်ကို ကြားလိုက်ရသည်။ထိုအခါ သူ၏ စိတ်နှလုံး ညှိုးလျော်သွားသည်။ အေးစက်စက်နှာမှုတ်လိုက်ပြီး သူက ဘေးဘီဝဲယာသို့ကြည့်ကာ အော်ပြောလိုက်လေသည်။
” မြစိမ်းတောင်ပေါ်ကလူတိုင်း ငါ့ကို ဂိုဏ်းတူအစ်ကိုချန်းလို့ခေါ်ကြတာကွ။ ဘယ်လိုသောက်ရူးနားကန်းက ငါ့ကိုနာမည်ကြီးသက်သက်ခေါ်ပြီး မလေးမစားဆက်ဆံတာလဲကွ။”

အနီးအနားတွင် မည်သူ့ကိုမှမတွေ့သည့်အတွက် သူက လေပေါ်သ်ို့မော့ကြည့်မိလိုက်သောအခါ သူ့ဆီပျံသန်းလာနေသော ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။

” ပိုင်ရှောင်ချန်းပါလား။ ဂိုဏ်းတူဦးလေးပိုင်ဟေ့။”

ထိုအခါ ချန်ဖေး၏ ဦးရေပြားများမှာ ထုံကျဥ်သွားပြီး ပေါက်ကွဲလုမတတ်ဖြစ်သွားတော့သည်။ သူ၏နှုတ်ဖျားမှ စူးရှရှအော်သံတစ်ခု ထွက်လာပြီး သူ၏ထီမထင်ဟန်တို့မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့သည်။ သူ၏ဘေးနားရှိ ဗလကြီးနှစ်ယောက်မှာလည်း ကြောက်ရွံ့စိုးရိမ်စိတ်များနှင့်အတူ တုန်ရီနေကြတော့သည်။

ထိုလူနှစ်ယောက်မှာ လွန်ခဲ့သောနှစ်များစွာက ချန်ဖေးနှင့်အတူပေါင်း၍ ပိုင်ရှောင်ချန်းကို ချုံခိုတိုက်ခိုက်ခဲ့သဖြင့် သင်ခန်းစာပြန်အပေးခံခဲ့ရသူများဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ဂိုဏ်းထဲမှအဆင့်အတန်းမှာ မြင့်မားလာသဖြင့် သူတို့က ပို၍ပင်ကြောက်လန့်နေကြတော့သည်။

ချန်သကျင်းမှာ အန္တရာယ်ကြီးမားသည့် တာဝန်တစ်ခုထမ်းဆောင်ရန် စေလွှတ်ခံခဲ့ရသည့်အချက်ကြောင့်လည်း သူတို့မှာ ပို၍ ထိတ်လန့်နေကြတော့သည်။ သူက လုံးဝပြန်မလာတော့ဘဲ ကောလာဟလများအရ သူက ဂိုဏ်းအပြင်ဘက်တွင် သေဆုံးသွားကြောင်းသိရလေသည်။ ပိုင်ရှောင်ချန်းမှာ ထိုကိစ္စ၏နောက်ကွယ်တွင်ရှိရမည်ဟု သူတို့က ယူဆထားသဖြင့် သူတို့မှာ ယခင်ကထက်ပင် ထိတ်လန့်နေကြတော့သည်။

အဆုံးတွင်မူ ပိုင်ရှောင်ချန်းမှာ သူတို့ကို မေ့လောက်ပြီဟု ထင်လိုက်ကြလေသညိ။ သူတို့က စိတ်အေးလက်အေးနေကာ ပြဿနာများထပ်တက်တော့မည်မဟုတ်ဟု ထင်လိုက်ကြသည်။ သို့သော်လည်း ယခုတွင် ပိုင်ရှောင်ချန်းက သူတို့ကိုလာရှာသဖြင့် သူတို့မှာ အထိတ်တလန့်ဖြစ်ကာ ရင်ခုန်သံများမြန်လာတော့သည်။

ချန်ဖေးကမူ တုန်တုန်ရီရီနှင့် လျင်မြန်စွာလက်ယှက်လိုက်ပြီး ရိုသေစွာဦးညွတ်လိုက်လေသည်။
” ဂိုဏ်းသားချန်ဖေး…ဂိုဏ်းတူဦးလေးပိုင်ကို နှုတ်ဆက်ပါတယ်။ ဂိုဏ်းတူဦးလေးပိုင်… ဦးလေးက ဂိုဏ်းထဲမှာ စွမ်းအားအကြီးဆုံးလူ၊ နှစ်အဆက်ဆက် သမိုင်းတွင်မဲ့ ကျင့်ကြံသူ၊ ကောင်းကင်ကြီးလောက်အသက်ရှည်မဲ့လူ၊ တစ်ကမ္ဘာလုံးမှာ အနှိုင်းမဲ့တဲ့ လူပါ။” ချန်ဖေးအတိုင်း ဗလကြီးနှစ်ယောက်ကလည်း အသံများအက်ကွဲလာသည်အထိ မြှောက်ပင့်စကားများပြောနေကြတော့သည်။

ချန်ဖေးမှာ စကားတတ်လွန်းလှသဖြင့် ပိုင်ရှောင်ချန်းပင် အံ့အားသင့်နေတော့သည်။ ထို့နောက် တည်ကြည်သောအမူအရာဖြင့် သူက ပြောလိုက်လေသည်။
” တော်စမ်းပါကွာ။ ပိုင်ရှောင်ချန်းက ဖားခံရတာ ကြိုက်တဲ့ကောင်လို့ မင်းတို့ကထင်နေတာလား။”
သူကသာ ထိုသို့ပြောနေပါသော်လည်း ကျေနပ်မှုအရိပ်အယောင်နှင့် ထိုသို့ဆက်ဖားရန်တောင်းဆိုနေသည့် အရိပ်အယောင်များမှာ သူ၏ မျက်လုံးထဲတွင်ပေါ်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset