ညမုဆိုး ပြောသည့်အတိုင်း နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးသည်။ ထိုလျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အလွန်ဝေးကွာနေသည့်အတွက် စီမံကိန်းတစ်ခုကိုအောင်မြင်ရန် အလွန်ခက်ခဲနေခြင်းလည်းဖြစ်နိုင်လေသည်။ ထို့ကြောင့် သူတို့မှာ ရွေးချယ်စရာသိပ်မကျန်တော့သည့်အတွက် ပြီးပြည့်စုံသော အစီအစဥ်မဟုတ်သော်ငြားလည်း ရွေးချယ်လိုက်ရခြင်းဖြစ်မည်။
ပိုင်ရှောင်ချန်းကမူ သံသယမကင်းသေးသဖြင့် ညမုဆိုး ကိုမေးခွန်းများဆက်တိုက်ထပ်ထုတ်နေ၍ ညမုဆိုး မှာ ရူးကြောင်ကြောင်ပင်ဖြစ်လာတော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ကောင်းကင်တံတားမြစ်ထဲတွင် နှစ်လိုက်မည်ဟု မတတ်သာ၍အဆုံး ထပ်မံခြိမ်းခြောက်လိုက်ပြန်သည်။ ထို့နောက်သူက တံခါးဖွင့်ရန်လိုအပ်သည့် ဆေးလုံးဖော်စပ်နည်း၏အသေးစိတ်များကို ဆက်မေးလိုက်လေသည်။ တဖြည်းဖြည်းချင်းနှင့် ညမုဆိုး မှာ အမှန်ပြောနေကြောင်း သူက ယုံစပြုလာတော့သည်။ သူ၏ပြောစကားများမှာ တစ်ခါတစ်လေတွင် ရှေ့နောက်မညီသော်လည်း ဖြစ်ရပ်ကြီးတစ်ခုလုံးကမူ အတူတူပင်ဖြစ်သည်။
ညမုဆိုး ကိုယ်တိုင်ပင် နားမလည်သည့် အချို့အရာများလည်း ကျန်သေးသည်ဟု ထင်ရလေသည်။ သူသိသည်မှာ သူက သူလျှိုတစ်ယောက်ဖြစ်ကြောင်းနှင့် သူ၏ဝိညာဥ်ကို ထိန်းချုပ်မန္တန်တစ်ခုဖြင့် ချည်နှောင်ထားကြောင်းတို့သာဖြစ်သည်။ သူသာ အမိန့်အတိုင်း မဆောင်ရွက်ပါက သေရမည်ဖြစ်လေသည်။ ထာဝရတည်မြဲခြင်း၏ ဓာတ်တော်မွေတော်များကို သူရရှိခဲ့လျှင်ပင် ဘာဆက်လုပ်ရမည်မှန်းကို သူမသိပေ။
ပိုင်ရှောင်ချန်းကမူ ဤလျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက သူစိမ်းတစ်ယောက်ကို ဆေးလုံးဖော်စပ်နည်းအား အလွယ်တကူပေးအပ်လိုက်သည်မှာ အဓိပ္ပါယ်မရှိဟု တွေးနေသည်။ အဖြစ်နိုင်ဆုံးအရာမှာ ညမုဆိုး ကိုကယ်တင်ခဲ့သည့် ဆန်းကြယ်သောလူက သူ၏ဝိညာဥ်ကို လက်ခံခဲ့ခြင်းဖြစ်မည်ဟူသော အရာပင်။ အခြားဖြစ်နိုင်ခြေတစ်ခုကမူ ထိုဂိုဏ်းက တကယ်အလွန်းဝေးကွာနေသည်ဖြစ်၍ အခွင့်အရေးရတုံး ပါဝင်ပစ္စည်းများကို မတတ်သာသည့်အဆုံး လွှဲပေးလိုက်ရခြင်းပင်ဖြစ်မည်။
သို့သော်လည်း ထိုနှစ်ချက်လုံးမှာ သဘာဝမကျပေ။ ညမုဆိုးက ထာဝရတည်မြဲခြင်း ရတနာကို ရရှိပြီးလျှင် ဘာဆက်လုပ်ရမည်ကို ထိုလျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက မစဥ်းစားရသေးသည့်ပုံပင်။ သူတို့က ထိုရတနာကို လုံးဝဂရုမစိုက်ဘဲ သူ့ကို တံခါးပေါက်သာဖွင့်ခိုင်းစေလိုခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ညမုဆိုး က အပေါက်ဖွင့်နိုင်ခဲ့ပါသော်လည်း ထိုရတနာများကို ယူနိုင်မည်မဟုတ်ဟု သူတို့က တွေးထားခြင်းလည်းဖြစ်နိုင်သည်။
သို့သော်လည်း သူထိုသို့ယူနိုင်မည်မဟုတ်ဟု တွေးထားပါက အဘယ့်ကြောင့် အခြား သူလျှိုတစ်ယောက်ကို မရွေးသနည်း။
” တော်တော် အူကြောင်ကြောင်နိုင်တဲ့ ဂိုဏ်းပဲ။ သူတို့က ဒီကိစ္စကို သိပ်အလေးမထားဘူးလို့ ဘာလို့ငါထင်နေရတာတုံး။ ကြည့်ရတာ သူတို့က ပန်းတိုင်တစ်ခုကိုရောက်ဖို့ အသေအကြေကြိုးစားနေတယ်လို့ လူတစ်ချို့ကို မြင်စေချင်နေတဲ့ပုံပဲ။ ဒါပေမဲ့ တကယ့်အမှန်မှာတော့ သူတို့က ဘာမှကို ဂရုမစိုက်ဘူးကွ။” ထိုအကြောင်းကို ပိုတွေးလေလေပိုင်ရှောင်ချန်းမှာ ပို၍ ထူးဆန်းသည်ဟု မြင်လာလေလေပင်ဖြစ်သည်။
အခြားထူးဆန်းသည့်အရာတစ်ခုမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ညမုဆိုး ကို လုံးဝသံသယမဝင်သည့် အချက်ပင်။ ညမုဆိုး ၏ ရှင်းလင်းချက်များအရ အဖြေမပေါ်သော မေးခွန်းတစ်ခုရှိလေသည်။
” အဲ့တာက ဒီမျက်နှာဖုံးကြောင့်တဲ့…. ဟင်….” သူက ထိုမျက်နှာဖုံး အသေးစိတ်လေ့လာကြည့်ပါသော်လည်း မည်သည့်အရာနှင့်ပြုလုပ်ထားသည်ကို မဆုံးဖြတ်နိုင်သဖြင့် အံ့အားသင့်နေတော့သည်။ သို့သော်လည်း ၎င်းမှထွက်ပေါ်နေသည့် အငွေ့အသက်မှာ အံ့သြဖွယ်ကောင်းလှပြီး မည်သို့ပင်ကြည့်ကြည့် ထိုမျက်နှာဖုံးမှာ တန်ဖိုးကြီးရတနာတစ်ခုပုံစံပင် ပေါက်နေတော့သည်။
ညမုဆိုး ပြောစကားများအရဆိုလျှင် ထိုမျက်နှာဖုံးကိုတပ်လိုက်ပါက မိမိ၏ အပြင်ပန်းအသွင်အပြင်တစ်ခုထဲသာ ပြောင်းလဲသွားသည်မဟုတ်ပေ။ မိမိ၏ အသွေးနှင့်အသားကိုပါ ပြောင်းလဲပေးနိုင်သည်။ ထိုပြောင်းလဲမှုမှာ မျက်နှာဖုံးချွတ်လိုက်လျှင် ပြန်လည်ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း မျက်နှာဖုံးတပ်ထားသည့်ကာလတစ်လျှောက်လုံး မိမိမှာ တခြားလူတစ်ယောက်ဖြစ်ကြောင်းကို မည်သူမျှ သိရှိနိုင်မည်မဟုတ်ပေ။ မိမိ၏ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကိုလည်း ဖံုးကွယ်ထားနိုင်မည်ဖြစ်သည်။ ထို့အပြင် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ ဖော်ပြချက်အရ မဟာယနအဆင့် အောက်ရှိမည်သူမျှ ထိုအငွေ့အသက်များကို ခံစားနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ညမုဆိုး မှာ မဟာယနအဆင့်ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်းမသိပေ။
ထို့အပြင် ပိုင်ရှောင်ချန်းလည်း ထိုမဟာယနအဆင့်ဆိုသည့်အရာကိုမသိပေ။ သို့သော်လည်း နာမည်အရဆိုလျှင် အံ့အားသင့်စရာကောင်းမည်တော့ အမှန်ပင်။ မျက်နှာဖုံးထဲရှိ လူလိမ်ညမုဆိုးအား ငုံ့ကြည့်လိုက်ပြီး သူက ရုတ်တရက်ပြောလိုက်ကလေသည် ” ဆောင်းဝိညာဥ်မြက်ပင်၊ မှင်ရည် နှင်းပန်း ၊ တိမ်နဂါးသစ်ရွက်၊ ကောင်းကင်ဇကာပေါက် အမြစ်။ ဒီဆေးပင်လေးပင်ရဲ့ ဆေးဂုဏ်သတ္တိတွေက ဘာတွေလဲ။”
လူလိမ်ညမုဆိုးမှာ တစ်ခဏမျှ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် ဆေးပင်များ၏ ဂုဏ်သတ္တိများကို တတွတ်တွတ်ရွတ်ပြလိုက်တော့သည်။ ပိုင်ရှောင်ချန်းကမူ နားထောင်ရင်း မျက်မှောင်ပိုပိုကြုတ်လာတော့သည်။
သူ၏အဖြေမှာ မပြည့်စုံပါသော်လည်း မမှန်ကန်သည်တော့မဟုတ်ပေ။ သူ၏ဖော်ပြချက်မှာ တိကျသေချာသည်ဟု ပြောနိုင်ပေသည်။ ပိုင်ရှောင်ချန်းမေးလိုက်သည့် ဆေးပင်လေးပင်မှာ ကြုံရာကျပန်း မေးလိုက်ခြင်းမဟုတ်ပေ။ လူလိမ်ညမုဆိုး ပေးသည့်အဖြေများအရ သူတကယ်ဆေးဖော်စပ်နိုင်ကြောင်း ပိုင်ရှောင်ချန်းကသိလိုက်လေသည်။
” ဒါဆို သူက တကယ်ဆေးဖော်စပ်နိုင်တာပဲ။ တာအိုဆေးပညာမှာ သူ့အခြေခံက အကောင်းကြီးတော့မဟုတ်ပေမဲ့ တံခါးဖွင့်ရမဲ့ ဆေးလုံးကိုတော့ ဖော်စပ်နိုင်တယ်ကွ။”
ပိုင်ရှောင်ချန်းမှာ ဘာကိုဆက်၍စဥ်းစားရမည်မှန်းမသိဖြစ်နေတော့သည်။ သို့သော်လည်း ထာဝရတည်မြဲခြင်းရတနာကို ပိုင်ဆိုင်လိုသည့် သူ၏ဆန္ဒများမှာ ပို၍ပင်ကြီးထွားလာတော့သည်။
” တခြားနာမည်သာရှိရင် ငါက ဒီတိုင်းထားလိုက်မှာ။ ဘာလို့များ ထာဝရတည်မြဲခြင်းဆိုပြီး နာမည်ရှိနေရပါလိမ့်ကွာ။” သူက မျက်နှာဖုံးထဲရှိ လူလိမ်ညမုဆိုး၏ ဝိညာဥ်ကို ငုံ့ကြည့်လိုက်သောအခါ ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အသက်ချမ်းသာပေးရန် တောင်းဆိုနေတော့သည်။
” ကျုပ်ပြောနေတာတွေက အမှန်တွေပါဗျ။ ကျိန်ရဲပါတယ်ဗျာ။ ဘယ်အကြောင်းကိုမှ ထိမ်ချန် မထားရပါဘူး။” သူက အမှန်ပြောနေသည့် လူတစ်ယောက်အလားပင်။
” ကောင်းပြီ။ အဲ့မျက်နှာဖုံးထဲက မြန်မြန်ထွက်ခဲ့။ ငါ နည်းနည်းလေ့လာချင်လို့။” ပိုင်ရှောင်ချန်းက ယုံကြည်သွားသော ပုံစံဖြင့်ဆိုလိုက်သည်။
လူလိမ်ညမုဆိုးကမူ မျက်နှာဖုံးထဲမှထွက်ခွာရမည့် ကိစ္စကို မနှစ်သက်သည့်အလား တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတော့သည်။ သို့သော်လည်း မြေခဓားကမ္ဘာတွင်ရှိခဲ့စဥ်တုံးက ပိုင်ရှောင်ချန်း၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မျက်နှာဖုံးကို ကောင်းကင်တံတားမြစ်ထဲသို့ လွှင့်ပစ်လုဆဲဆဲလုပ်ခဲ့သည့်အချိန်များကို ပြန်တွေးမိလိုက်သောအခါ သူ့ အသားများတဆတ်ဆတ်တုန်ရီလာပြီး အံကြိတ်ကာ အပြင်သို့ထွက်လိုက်လေသည်။ ပိုင်ရှောင်ချန်းသာ သူ့ကိုတကယ်သတ်ချင်ပါက မျက်နှာဖုံးထဲက ထွက်ခွာသည်ကိုပင် စောင့်စရာမလိုသည် မဟုတ်ပါလော။
သူအပြင်ရောက်လာသောအခါ ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါယမ်းလိုက်လေသည်။ လူလိမ်ညမုဆိုးမှာ ကျောက်စိမ်းသေတ္တာတစ်ခုထဲသို့ ပစ်ထည့်ခံလိုက်ရသဖြင့် လန့်ဖြန့်ကာအော်ဟစ်လိုက်လေသသည်။ ထို့နောက် ထိုသေတ္တာမှာ ပိုင်ရှောင်ချန်း၏ ထည့်စရာအိတ်ထဲသို့ရောက်သွားတော့သည်။ ထိုအခါမှ ပိုင်ရှောင်ချန်းက သူ၏အင်မော်တယ်ဂူသို့ပြန်ကာ မျက်နှာဖုံးကို ထပ်မံလေ့လာလိုက်လေတော့သည်။
ထိုလေ့လာချိန်မှာ တစ်လတိတိကြာမြင့်သည်။
ထိုတစ်လအတွင်း ပိုင်ရှောင်ချန်းမှာ လုံးဝနီးပါး အစာလည်းမစားသလို အိပ်လည်းမအိပ်ပေ။ သူက မျက်နှာဖုံးကို အာရုံအပြည့်စိုက်ကာ လေ့လောနေတော့သည်။ မတူညီသော စစ်ဆေးမှု အနည်းကိုပင် သူက ပြုလုပ်ခဲ့လေသည်။ သူမည်သို့ပင် လုပ်လုပ် မျက်နှာဖုံးကို ထိခိုက်အောင် လုပ်၍မရခဲ့ပေ။ တချိန်ကဆိုလျှင် သူက ထိုမျက်နှာဖုံးကို ဂရုတစိုက်ကိုင်ကာ ကောင်းကင်တံတားမြစ်ထဲရှိ ရေထဲသို့ နှစ်ကြည့်ခဲ့လေသည်။ မျက်နှာဖုံးထဲတွင် ဝိညာဥ်များရှိပါက ထိုဝိညာဥ်မှာ ဖျက်စီးခံလိုက်ရမည်ဖြစ်ကြောင်း သူ ပြောနိုင်ပါသော်လည်း မျက်နှာဖုံးမှာမူ ထိခိုက်မှုအနည်းငယ်မျှမရှိပေ။ ချီစုစည်းမှုအဆင့်သာရှိသော လူလိမ်ညမုဆိုး၏ ခန္ဓာမရှိသည့် ဝိညာဥ်က မြေခဓားကမ္ဘာထဲတွင် မည်သည့်နည်းလမ်းဖြင့် ရှင်သန်ကျန်ရစ်ခဲ့ကြောင်းကို ပိုင်ရှောင်ချန်းက သိချင်နေတော့သည်။ ထိုအဖြေမှာ သူ၏ဝိညာဥ်ကို မလွင့်ပျယ်အောင် ထိန်းသိမ်းပေးထားသည့် မျက်နှာဖုံးကြောင့်ပင် ဖြစ်ရမည်။
သူက တိရိစ္ဆာန်အချို့ကိုပင် စျေးမှဝယ်ကာ သူတို့ကို မျက်နှာဖုံးတပ်ကြည့်ခဲ့သေးသည်။ သူတပ်လိုက်ပြီးပြီးချင်းတွင် မျက်နှာဖုံးကပျောက်ကွယ်သွားပြိး တိရိစ္ဆာန်များ၏ မျက်နှာများမှာ ညမုဆိုး ၏ မျက်နှာအဖြစ်ပြောင်းလဲသွားသည်။
ရလဒ်မှာ ကြည့်ရဆိုးသော်လည်း အနီးကပ်လေ့လာကြည့်လိုက်သောအခါ ထိုတိရိစ္ဆာန်များတွင် ထိခိုက်မှုမရှိကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရသည်။ သူတို့ကိုယ်တိုင်ပင်လျှင် ပြောင်းလဲသွားသည်များကို သတိထားမိသည့်ပုံ မပေါ်ပေ။ မသိလျှင် သူတို့မှာ နဂိုထဲက ထိုကဲ့သို့ မျက်နှာရှိခဲ့သည့်အတိုင်းပင်။
မျက်နှာဖုံးကိုချွတ်လိုက်သောအခါ သူတို့မှာ နဂိုအတိုင်းပြန်ဖြစ်သွားကြသည်။ ပိုင်ရှောင်ချန်းမှာ ထိုတိရိစ္ဆာန်များကို ခဏမျှ ထိန်းသိမ်းထားပြီး စမ်းသပ်မှုများ ထပ်လုပ်ခဲ့သေးသည်။ အဆုံးတွင် ထိုမျက်နှာဖုံးမှာ ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်ရှိစေနိုင်သည့် လျှို့ဝှက်ချက်များမရှိကြောင်း သူက အတည်ပြုလိုက်တော့သည်။ သို့သော်လည်း သူက အပြည့်အဝမယုံကြည်သေးသဖြင့် ထိုတိရိစ္ဆာန်များကို အနီးကပ် ကြည့်ရှုထိန်းသိမ်းထားပြန်သည်။
ထိုမျက်နှာဖုံးမှာ တန်ဖိုးကြီးရတနာ အစစ်အမှန်တစ်ခုဖြစ်သဖြင့် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှာ အဘယ့်ကြောင့် ထိုမျက်နှာဖုံးကို တွေ့ကရာ သူလျှိုတစ်ယောက်အား ပေးအပ်ခဲ့သည်ကို ပိုင်ရှောင်ချန်းက နားမလည်နိုင်ဖြစ်နေတော့သည်။
အဆုံးတွင် သူက သူ၏ ကောင်းကင်တံတားဓမ္မ မျက်လုံးကိုသုံးကာ မျက်နှာဖုံးကို လေ့လာလိုက်တော့သည်။ သူ၏ ကောင်းကင်တာအို အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သောအခါ ထိုမျက်နှာဖုံး၏ အငွေ့အသက်မှာ ထာဝရဖြစ်တည်နေကြောင်းကို သူက သိလိုက်လေသည်။
ထိုမျက်နှာဖုံးမှာ ထာဝရတည်မြဲနေမည့်ဟန်ရှိသည်။
ပိုင်ရှောင်ချန်းမှာ နီမြန်းနေသောမျက်လုံးများ၊ ရှုပ်ပွနေသည့်ဆံပင်များနှင့်အတူ ရူးသွပ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ တချိန်ထဲမှာပင် ရဲတင်းသောအတွေးတစ်ခုက သူ၏ခေါင်းထဲသို့ ဝင်လာတော့သည်။
” ဒီမျက်နှာဖုံးရဲ့ အဓိကရည်ရွယ်ချက်က လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်နဲ့ ကျင့်ကြံခြင်းအခြေခံကို ပြောင်းဖို့ပဲ မဟုတ်ဘူးဆိုရင်ရော။ အထောက်အထားပစ္စည်းတစ်ခုရယ်၊ ဆေးလုံးရယ်၊ ဒီမျက်နှာဖုံးရယ် အကုန်ပေါင်းစပ်မှ တံခါးကို ဖွင့်လို့ရမှာ ဆိုရင်ရော။”
” ဒါမဟုတ် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက တံခါးကိုဖွင့်ပြီး ထာဝရတည်မြဲခြင်း ရတနာကို ထုတ်ယူနိုင်ကြောင်းပြပြီး ကြွားချင်ရုံသက်သက်လည်းဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် သူတို့က အဲ့လိုမလုပ်ချင်တာလည်း ဖြစ်ရင်ဖြစ်နိုင်တာပဲ။”
” အဲ့တာမလို့ သူတို့က သူလျှိုတစ်ယောက်ခန့်ပြီး မျက်နှာဖုံးပေးပြီးတော့မှ ဆေးဖော်စပ်ဖို့လိုတဲ့ ပါဝင်ပစ္စည်းတစ်ခုကို ထိမ်ချန်ထားတာပေါ့။ မသိရင်တော့ သူတို့က အစွမ်းကုန်ကြိုးစားနေတဲ့ပုံပေါ်ပေမဲ့ တကယ်က သူတို့က ဘာမှဂရုစိုက်တာမဟုတ်ဘူး။ သူတို့က ဟန်ပြသက်သက် လုပ်နေတာမလို့ စစချင်းတုံးက လူလိမ်ညမုဆိုးက ရုတ်ရုတ်သည်းသည်းတွေလုပ်နေတာကို သူတို့က သိပ်မကြိုက်တာနေမှာ။ အဲ့တာမလို့လည်း လူလိမ်ညမုဆိုးက ကျင့်ကြံခြင်းအခြေခံကို တိုးတက်အောင်လုပ်တဲ့နေရာမှာ အခက်တွေ့နေတာလည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။”
ပိုင်ရှောင်ချန်းစိတ်အလွန်ရှုပ်နေသည့် နောက်တစ်ချက်မှာ ဆေးလုံးဖော်စပ်ရန် လိုနေသည့် ပါဝင်ပစ္စည်းတစ်ခုမှာ သားရဲသန္ဓေတည်ကောင်၏သွေးဖြစ်နေခြင်းဖြစ်သည်။ သားရဲသန္ဓေတည်သွေးဆိုသည်မှာ သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ မွေးဖွားလာသည့် သတ္တဝါတစ်ကောင်ထံမှ ရရှိသည့်သွေးဖြစ်သည်။ လူအများစုက သားရဲသန္ဓေတည်သွေးမှာ တကယ့်လောကတွင်ရှိနိုင်မည်မဟုတ်ကြောင်းနှင့် ရှိခဲ့ပါကလည်း ရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း တွေးထားကြသော်လည်း ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်သားရဲဖြစ်သည့် ဘရူဆာလေးမှာ သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ မကြာသေးမီက မွေးဖွားလာခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် သူ့တွင် ဆေးဖော်စပ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်းအားလုံးရှိနေပြီဖြစ်သဖြင့် တံခါးဖွင့်ရန်လိုသည့် အရာအားလုံးလည်း ရှိနေပြီဖြစ်သည်။
အချိန်အနည်းငယ်အကြာတွေးတောပြီးနောက် သူကအဆုံးတွင် သက်ပြင်းချလိုက်ပြီး မျက်နှာဖုံးကို သိမ်းဆည်းလိုက်တော့သည်။
” ထားလိုက်တော့။ အခုလောလောဆယ် တခြားအရာတွေက အရေးမကြီးသေးဘူး။ ပထမဆုံး ငါ အဲဒီတံခါးဖွင့်ဆေးလုံး ဖော်စပ်လို့ရမရ အရင်စမ်းကြည့်ရမယ်။ ဖော်စပ်နိုင်ပြီဟေ့ဆိုရင်တော့ ကောင်းကင်ရဲ့ အလိုအတိုင်းပေါ့ကွာ။ မဖော်စပ်နိုင်ဘူးဆိုရင်လည်း ဒီမှာတင် ကိစ္စတွေပြီးတာပေါ့။”
သူက အံကြိတ်ကာ မြောက်ဘက်သို့သွား၍ ဘရူဆာကို သွားရှာလိုက်လေသည်။ သူနှင့် အနည်းငယ်ဆော့ကစားပြီးနောက် သွေးတချို့ရယူပြီးသောအခါ ပိုင်ရှောင်ချန်းက သူ့ကို အရသာရှိသော ဆေးလုံးများစွာကို ပေးခဲ့လိုက်လေသည်။
ထို့နောက်သူ၏ အင်မော်တယ်ဂူသို့ပြန်ပြီး ဆေးဖော်စပ်ရန် ပြင်လိုက်တော့သည်။
သူက အဆင့်သုံးစိတ်စွမ်းအင်ဆေးများကို ဖော်စပ်နိုင်နေပြီဖြစ်ရာ ရိုးရှင်းလှသည့် တံခါးဖွင့်ဆေးလုံးကို ဖော်စပ်ရသည်မှာ သူ့အတွက် လွယ်ကူလှပေသည်။ သို့သော်လည်း သူက ဆေးဖော်စပ်နည်းကို အချိန်အများကြီးပေးခါလေ့လာခဲ့ပြီး မည်သူဖော်စပ်သည်ဖြစ်စေ အောင်မြင်မှုရာခိုင်နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းသာရှိကြောင်း သိလိုက်ရသည်။
ဤထူးဆန်းသော ဆေးဖော်စပ်နည်းမှာလည်း ပိုင်ရှောင်ချန်းက ထာဝရတည်မြဲခြင်းရတနာကို စိတ်ဝင်စားနေရသည့် အကြောင်းအရင်း နောက်တစ်ချက်ဖြစ်သည်။
သူက သူ၏ချီကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး စိတ်ကိုကြည်ကြည်ထားကာ လူလိမ် ညမုဆိုး ၏ ထည့်စရာအိတ်ထဲရှိ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်လေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအများစုမှာ လုံခြုံစိတ်ချရရန်အတွက် သူတို့၏ပစ္စည်းများကို ကိုယ်နှင့်မကွာဆောင်းထားကြခြင်းဖြစ်သည်။
ထို့နောက် သူက ဆေးဖော်စပ်နည်းအတိုင်းလိုက်နာကာ သုံးရက်တိတိ ဆေးဖော်စပ်နေတော့သည်။ ပြီးစီးသွားသောအခါ ဆေးပေါင်းဖိုကြီးမှာ တုန်ရီလာပြီး အဖြူရောင်မီးခိုးများထွက်လာတော့သည်။ ထိုအဖြူရောင်မီးခိုးထဲတွင် မှော်သင်္ကေတကိုးလုံးကို မြင်ရပေသည်။ ထိုမီးခိုးများ ပျံ့လွင့်သွားသောအခါ ဆေးပေါင်းဖိုထဲမှ မျက်နှာဖုံး၏အငွေ့အသက်နှင့် တူညီသော အငွေ့အသက်တစ်ခုမှာ ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးပေါင်းဖိုကိုဖွင့်လိုက်သောအခါ ကောင်းကင်တာအိုအခိုးအငွေ့နှင့် စိတ်စွမ်းအင်ပင်လယ်ကိုးစင်းရှိမှသာ အပြည့်အဝ တွေ့ရှိနိုင်သည့် ဆေးလုံးတစ်လုံးမှာ ပေါ်ထွက်လာသည်။
” ဒီဆေးလုံးက မျက်နှာဖုံးနဲ့ တော်တော် ဆင်တာပဲကွ….” ပိုင်ရှောင်ချန်းက ဆေးလုံးကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ တွေးတောနေတော့သည်။
” ဒါဟာ တကယ်ပဲ ကောင်းကင်ရဲ့အလိုတော်များလား။ မဟုတ်သေးဘူး။ မဖြစ်ပါဘူးကွာ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အန္တရာယ်အရမ်းများလွန်းတယ်ကွ။”
” အဲ့မှာရှိသမျှ ကျင့်ကြံသူတိုင်းက မိစ္ဆာတွေချည်းပဲ။ သူတို့က မျက်တောင်မခတ်ပဲနဲ့တောင် လူသတ်တဲ့ကောင်တွေ။ ရက်စက်ကြမ်းကြုတ်ပါပေ့….”
” စုန့်ချွဲဆိုတဲ့ကောင်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကပဲ။ အဲ့ကောင်က ငါ့ကို အူထဲအသည်းထဲကနေကို မုန်းတီးနေတာ။”
” ပြီးတော့အဲ့နေရာမှာ ကြီးနိုင်ငယ်ညှင်းဝါဒက ကြီးစိုးနေတာ…” ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကြောက်မက်ဖွယ်များကိုပြန်တွေးမိရင်း ကျောချမ်းလာတော့သည်။ သို့သော်လည်း ထာဝရတည်မြဲခြင်းရတနာကို တက်မက်နေသည့် သူ၏စိတ်များကမူ ပျောက်ကွယ်မသွားပေ။ သူ၏ပခုံးတစ်ဖက်စီပေါ်တွင် လူနှစ်ယောက်က မည်သို့မည်ဖုံဆက်လုပ်ရမည်ကို ငြင်းခုံနေသည့်အတိုင်းပင်။
လူတစ်ယောက်ကမူ သူ့ကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ သွားရန်ပြောနေသော်လည်း ကျန်တစ်ယောက်ကမူ ထိုကိစ္စထဲဝင်မပါရန် တားဆီးနေသည်။
သူက မျက်နှာဖုံးတပ်လိုက်ရုံဖြင့် ညမုဆိုး ဖြစ်သွားမည်ဖြစ်သည်။ မျက်နှာဖုံး၏ အစွမ်းကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများပင်လျှင် လွဲမှားနေသည့်အရာများကို သတိပြုမိမည်မဟုတ်။ ညမုဆိုး အနေဖြင့်ဆိုလျှင် သူက လုံခြုံမှုအပြည့်ရမည်မှာ ဧကန်ပင်။
ထို့အပြင် သူ့တွင် တံခါးဖွင့်ဆေးလုံးရှိပြီးဖြစ်လေသည်။ သူလုပ်ရန်ကျန်သည့်အရာမှာ ထာဝရတည်မြဲခြင်းရတနာရှိသောနေရာသို့သွားရန်ဖြစ်ပြီး ထိုသို့ရောက်သွားပါက ထိုရတနာမှာ သူ၏အပိုင်ဖြစ်သွားမည်ဖြစ်သည်။ ထိုအခါ သူ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ခြေလှမ်းတစ်လှမ်းပိုနီးသွားမည် ဖြစ်သည်။
သို့သော်လည်း ထိုအရာအားလုံးကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် လုံးဝကွဲပြားနေသော ရက်စက်ကြမ်းကြုတ်သည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် လုပ်ရမည်ဖြစ်သည်။
” ငါဘာလုပ်သင့်သလဲ….” သူက ဆေးလုံးကိုငေးကြည့်ရင်း မှုတ်ကုတ်ကုတ်မျက်နှာဖြင့် တွေးတောနေတော့သည်။