ရီဖူရှင်းကား သူ၏တူရိယာအား ဆက်လက်၍ တီးခတ်နေသည်။ သူ၏ဘေးတွင်ကား အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ထားသော ချောမောခန့်ညားသော လူကြီးတစ်ယောက်က သူ့အား တိတ်ဆိတ်စွာပင် ကြည့်နေသည်။
ရီဖူရှင်းကား ကု့ချင်းအား အချိန်အတန်ကြာ တီးခတ်ပြီးမှ ရပ်တန့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး စိတ်အား ဖြေလျော့လိုက်သည်။ သူ၏မြေခွေးမ ထွက်သွားပြီးနောက် သူ၏ ရင်ဘတ်ထဲတွင်ကား ဘာမှမရှိတော့သလို ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားရသည်။
“ဟန်ဆောင်နေတာတွေ ရပ်တော့… ချင်းကျူမြို့က အရှေ့ပင်လယ်ဒေသထဲမှာ ပါတယ်… ပြီးတော့ ဒွန်ဟိုင်မြို့က မြို့တော်ပဲ… မင်းက အရှေ့ပင်လယ်ကနေ သင်္ဘောစီးလိုက်ရုံနဲ့ ဒွန်ဟိုင်မြို့ကို ရောက်တယ်… မင်းဒါကို မသိဘူးလို့ ငါမယုံဘူး… “ဟွာဖန်းလူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်…” မင်းက ကောင်းကင်အဆင့်ကို ရောက်တာနဲ့ ဒီက ထွက်သွားတော့မယ် ဆိုတာ သိတယ်… မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီနဲ့ဆိုရင် လေးငါးလ အများဆုံးပဲ… မင်းက ဒါကို စိတ်မဝင်စားဘူးလို့ ငါ့ကို မပြောနဲ့…”
“အာ…” ရီဖူရှင်းက ဟွာဖန်းလူအား မျက်လုံးပြူးလျက် ကြည့်လိုက်သည်… “ဆရာက သိပြီးသားဆိုလည်း တပည့်အတွက် သိက္ခာကလေး နည်းနည်းကျန်အောင် မပြောဘဲ ထားပါလား… ကျွန်တော့်ရဲ့ အစီအစဉ်ကို အခုလို ထုတ်ပြောလိုက်တော့ ကျွန်တော်က ဆိုးရွားတဲ့ လူဖြစ်သွားတာပေါ့…”
“မနေ့ညက ဘယ်လောက်အထိ ရောက်ခဲ့လဲ…” ဟွာဖန်းလူက မဲ့ပြုံးပြုံးလျက် မေးလိုက်သည်။
ရီဖူရှင်းက အမှန်တကယ် ရှက်ရွံ့ကာ စိတ်ကျဉ်းကျပ်သလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဆရာနှင့် ယောက္ခမတို့၏ ကြားတွင် အမှန်တကယ်ပင် ကွာဟချက် ကြီးမားကြောင်း ရီဖူရှင်း နားလည်လိုက်သည်။ သိသိသာသာပင် သူ၏ဆရာကား နေရာနှစ်ခုကို ချောမွေ့စွာ ကူးပြောင်းရန် ကြိုးစားနေပုံရသည်။
သူ၏ရှက်ရွံ့မှုက ဟွာဖန်းလူအား ရယ်မောစေ၏။ သူက ရီဖူရှင်းအား ပြောလိုက်သည်… “ကောင်းကင်အဆင့် မရောက်ခင်အထိ ဒီမှာပဲနေ… မကြာခင် ရောက်လိမ့်မယ်…”
“သေချာတာပေါ့… ဆရာ… ယောက္ခမ …” ရီဖူရှင်းကား ဟွာဖန်းလူ၏ အစီအစဉ်ကို နားလည်သည်။ သူ၏ဆရာကား သူ့သမီးအတွက် သူ့အား ကြီးကြပ်တော့မည် ဖြစ်သည်။ လွတ်လပ်ခွင့် ရရန် တစ်ခုတည်းသော နည်းမှာ နိုးထခြင်းအဆင့် ကိုးသို့ ရောက်ရန်ဖြစ်သည်။
“လျှာစောင်းထက်တဲ့ ကောင်စုတ်လေး…” ဟွာဖန်းလူက ပြုံးလျက် ဆက်ပြောလိုက်သည်… “ဒီမတိုင်ခင်က ပေးထားတဲ့ သီချင်းကို သင်ပေးမယ်…”
“ဟုတ်ကဲ့… ဆရာ…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သည်လူကြီးမှာ သူ၏ယောက္ခမ ဖြစ်လာမည့်သူ ဖြစ်ရာ သူ့မှာ ပို၍ပင် နာခံရန် လိုပေသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ကျောင်းသားများမှာ အားလပ်ရက်အပြီး ချင်းကျူ ကျောင်းတော်သို့ ပြန်လာကြပြီ ဖြစ်သည်။ ယူချင်းကလည်း ရီဖူရှင်းရှိရာ ဟွာဖန်းလူ၏ နေအိမ်တွင်ပင် နေထိုင်သည်။ တစ်ခါတစ်ရံ သူတို့က တီအန်ယွာတောင်ကို သွား၍ သိုင်းကျင့်သလို တစ်ခါတစ်ရံ အိမ်ရှေ့ကွက်လပ်တွင် သီချင်းများ တီးခတ်ကြ၏။
တစ်နေ့တွင် ရီဖူရှင်းကား အဆောင်ငယ်လေးတွင် မျက်လုံးများမှိတ်လျက် တိတ်ဆိတ်စွာ ထိုင်နေသည်။ ရုတ်တရက် သူ၏ဝိညာဉ်တွင် တစ်ခုခုဖြစ်ပျက်နေသည်ကို ခံစားလိုက်ရသည်။ သူက အာရုံစိုက်လိုက်ပြီး စကြဝဠာအတွင်းမှ သဘာဝစွမ်းအင်များအား သူ၏ခန္ဓာကိုယ်တွင် စုစည်းကာ နီရဲတောက်ပသော ပုံစံတစ်ခု ဖြစ်ပေါ်လာနေ၏။
အချိန်ကား ညနေစောင်းဖြစ်ပြီး လိမ္မော်ရောင် နေရောင်ခြည်များ သူ၏ကိုယ်သို့ ကျရောက်နေ၏။ သူက စကြဝဠာအတွင်းရှိ ကျယ်ပြန့်လှသော သဘာဝစွမ်းအင်များအား လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် လက်ခံရန် ကြိုးစားလိုက်သည်။ မကြာခင် မီးတောက်များ သူ၏ကိုယ်မှ အဆက်မပြတ် တောက်လောင် လာနေကြသည်။ ထိုအရာများကား သဘာဝစွမ်းအင်များ မဟုတ်တော့ပေ။ အမှန်တကယ်ကား ထိုစွမ်းအင်များက ထုထည်များအဖြစ် ပြောင်းလဲနေကြပြီ ဖြစ်သည်။ ရီဖူရှင်း၏ပတ်ဝန်းကျင်ကား မီးလျှံများ ပြည့်နှက်နေသော မီးလျှံနယ်မြေ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
“အခု သူ့သဘာဝ စွမ်းအင်တွေက ထုထည်အဖြစ် ပြောင်းလဲနိုင်ပြီ…” ဟွာဖန်းလူကား ထိုအနားမှ ဖြတ်သွားရင်းပင် ရီဖူရှင်း၏ တိုးတက်မှုအား သတိထားမိလိုက်သည်။ သူက ပြုံးလိုက်သည်လျက်ပင် ကြည့်နေလိုက်သည်။
ရီဖူရှင်းက သူ၏မျက်လုံးများအား ဖွင့်လိုက်သည်။ သူက ရယ်မောလျက် ရေရွတ်လိုက်သည်… “ဒါက ငါ့ရဲ့ ကောင်းကင် အဆင့်ပေါ့…”
“ဆရာ… ” သူက ဟွာဖန်းလူအား မြင်သည်နှင့် နှုတ်ဆက်လိုက်သည်။
“မင်းက မှော်ပညာမှာ အဆင့်အသစ်ရောက်ပြီ ဆိုတော့… နောက်တစ်ဆင့်က သိုင်းပညာမှာ အဆင့်တိုးအောင်လုပ်ဖို့ပဲ…” ဟွာဖန်းလူက ပြုံးလျက် သူ့အား ပြောလိုက်သည်။ ထို့နောက် သူက စာတစ်စောင် ပေးလိုက်သည်… “ဟွာဂျီယူ ပို့လိုက်တာ…”
“မြေခွေးမက ကျွန်တော့်အတွက် စာပို့တယ်…” ရီဖူရှင်းက မျက်ခုံးအား ပင့်လိုက်သည်။ သူက စာအား ယူလိုက်ပြီး လျင်မြန်စွာ ဖွင့်ဖတ်လိုက်သည်။
စာထဲတွင် ရေးထားသည်ကား… “လူယုတ်မာကလေး… ငါမရှိတဲ့အချိန် တခြား မိန်းကလေးတွေနဲ့ နောက်ပြောင်တာ… စကားပြောတာတွေ လုပ်ရဲရင် လုပ်ကြည့်… ငါထွက်သွားရတာ နင့်အတွက် အရမ်း မမျှတဘူးဆိုတာ သိတယ်… ဒါပေမဲ့… နင် ဒွန်ဟိုင်မြို့ကို ရောက်တဲ့အခါ အရာအားလုံးအတွက် အကြွေးတွေကို အကုန်ဆပ်ပေးမယ်… ငါကတိပေးတယ်…”
“အရာအားလုံးအတွက် အကြွေးဆပ်မယ်…” ရီဖူရှင်းကား စိတ်လှုပ်ရှားလွန်း၍ မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူကား ဟွာဂျီယူ၏ လှပသော မျက်နှာကလေး…။ သူမ၏ အချိုးကျပြေပြစ်သော ခန္ဓာကိုယ်… သူကား အတွေးထဲမှ ဖယ်ထုတ်ရန်ပင် မတတ်နိုင်တော့ပေ။ အမှန်တကယ်ဆို သူကား ယခုပင် ဒွန်ဟိုင်မြို့ကို လိုက်သွားချင်နေလေပြီ။
မိန်းကလေးကား သူ့အကြောင်းကို ကောင်းကောင်း သိပုံရကာ သူ့အား စိတ်တက်ကြွအောင် တမင်ပင် ထိုသို့ရေးလိုက်ဟန် ရှိသော်လည်း သူကား စိတ်ကူးယဉ်၍ မဆုံးတော့ပေ။
“မင်း ဘယ်လို ပြန်ရေးလိုက်မလဲ…” ဟွာဖန်းလူက ရီဖူရှင်းအား ပြုံးလျက် မေးလိုက်သည်။
“ဆရာ… စာကို ခိုးကြည့်ထားတယ်မလား… မဟုတ်ဘူးလား…” ရီဖူရှင်းက သံသယမျက်လုံးများဖြင့် ဟွာဖန်းလူအား မေးလိုက်သည်။ စာအိတ်အပေါ်တွင် ရေးထားသည်ကား… “ရီဖူရှင်း၏မျက်လုံးများသာ…”
“ဟ … ငါ ဒီလိုလုပ်မယ်လို့ ဘာကြောင့် ထင်တာလဲ…” ဟွာဖန်းလူက အသံအား အနည်းငယ် တင်းမာလျက် ပြောရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအရာက အလုပ်မဖြစ်ပေ။ ရီဖူရှင်း ကြည့်နေသည့်ပုံစံက သူက ဟွာဖန်းလူအား မယုံကြည်သည်ကို ဖော်ပြနေသည်။
“စာပို့ငှက်က ရှိနေတုန်းပဲ… ဘာပြန်ပြောလိုက်မလဲ… မဟုတ်ရင် ငါလွှတ်လိုက်တော့မယ်…” ဟွာဖန်းလူက အကြောင်းအရာအား ပြောင်းလဲလိုက်သည်…။ ရီဖူရှင်း စိတ်ပျက်သွားသည်။ သူ၏ဆရာလည်း အရှက်မဲ့သည်ပင်။
“ပြန်ပြောပေးပါဆရာ… စောင့်နေပါလို့…” ရီဖူရှင်းက ထိုမျှလောက်သာ ပြောနိုင်သည်။ သူကား ထိုထက်ပို၍ မပြောရဲပေ။ သူ၏ ယောက္ခမလောင်းကား အားလုံးကို စောင့်ကြည့်နေသည်မှာ သိသာသည် မဟုတ်ပါလား။
“ကောင်းပြီ…” ဟွာဖန်းလူက ပြုံးလျက် ထွက်သွားရန် ပြင်လိုက်သည်။ ထိုစာတစ်စောင်ကား ရီဖူရှင်း၏စိတ်ထဲမှ သူ၏ ကြီးကျယ်ခမ်းနားမှုများအား အတော်များများ ဖျက်ဆီးလိုက်ပြီ ဖြစ်သော်လည်း သူဂရုမစိုက်ပေ။ ထို အရှက်မရှိသော ကောင်လေးအား လူကြီးလူကောင်း ဆန်နေပါက သူခံရနိုင်သည် မဟုတ်ပါလား…။
ဘန်း… ဘန်း… တစ်စုံတစ်ယောက်က ခြံဝင်း၏အပြင်ဘက်မှ မြေကြီးအား တက်နင်းနေသံအား ကြားလိုက်ရသည်။ ထိုအရာကား ငလျင်လှုပ်သည်နှင့်ပင် တူသည်ဟု ရီဖူရှင်း ခံစားရသည်။ မကြာမီ ထိုမြေကြီးအား တုန်ခါအောင် ပြေးလာနေသူမှာ ယူချင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူကား အလွန်အရေးတကြီး ကိစ္စတစ်ခုခုကြောင့် ထိုသို့ လျင်မြန်စွာ ပြေးလာခြင်း ဖြစ်ရမည်ဟု ရီဖူရှင်း တွေးလိုက်ကာ သူက ဆီးကြိုလျက် မေးလိုက်သည်… “ယူချင်း… ဘာဖြစ်လာတာလဲ…”
“သားရဲအုပ်ကြီး လာနေတယ်…” ယူချင်းက အရေးတကြီး ပြောလိုက်သည်။
ထိုသတင်းကြောင့် ရီဖူရှင်း ထိတ်လန့်သွားသည်။ သမိုင်းစာအုပ်များအရ ချင်းကျူ မြို့သမိုင်းတွင် သားရဲအုပ်များ မကြာခဏ လာရောက် တိုက်ခိုက်သည်ဟု ရေးထားသည်။ တစ်ကြိမ် လာတိုက်ခိုက်တိုင်း ချင်းကျူမြို့မှာ ထိခိုက်ပျက်စီးမှုများလှသည်။ ထိုဘေးရန်ကြောင့် လူပေါင်း မြောက်မြားစွာ သေဆုံးကြရသည်။ လွန်ခဲ့သော နှစ်သုံးရာခန့်က နိုင်ငံစုစည်းပြီးနောက် သားရဲအုပ်ကြီးမှာ လာရောက်ခြင်း မရှိတော့ပေ။ အမှန်တကယ်လည်း ချင်းကျူ ကျောင်းတော်အား တီအန်ယွာတောင် အနီးတွင် တည်ဆောက်ထားခြင်းမှာ သားရဲအုပ်ကြီးများအား တားဆီးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ ကံကောင်းစွာပင် လွန်ခဲ့သော နှစ်သုံးရာအတွင်း သားရဲအုပ်ကား တစ်ကြိမ်တစ်ခါမှ လာရောက်ခြင်း မရှိခဲ့ပေ။ လူတိုင်းက ထိုသားရဲအုပ်မှာ မည်မျှကြောက်စရာ ကောင်းသည်ကိုပင် မေ့လျော့သွားရလောက်အောင် နောက်ဆုံးလာရောက်ခဲ့သော အချိန်မှာကား အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဟွာဖန်းလူကလည်း ယူချင်းပြောသည်ကို ကြား၏။ သူက ရုတ်တရက် ယူချင်၏ဘေးနားမှ ပေါ်လာကာ မေးလိုက်သည်… “ယူချင်း… သားရဲအုပ်ဆိုတာ သေချာလား…”
“သေချာတယ်…” ယူချင်းက ခေါင်းညိတ်လိုက်သည်… “ပြီးတော့ ဒါက လူတွေလုပ်တာ ဖြစ်နိုင်တယ်… ကျွန်တော်က သားရဲတွေကို စွမ်းအားပြင်းတဲ့ မှော်ဆရာတချို့ မောင်းနေတာကိုလည်း တွေ့ခဲ့တယ်…”
“လူတွေလုပ်တာ…” ရီဖူရှင်းနှင့် ဟွာဖန်းလူကား ထိုအရာကို ကြားပြီး ထိတ်လန့်သွားသည်။ ထိုသားရဲများအား မောင်းသွင်းသော ထိုလူများမှာ ထိုသို့ ဆိုးရွားသော အလုပ်အား လုပ်ကြသည်။ အကယ်၍ သားရဲအုပ်သာ တားမြစ်နယ်မြေမှ မြို့ထဲသို့ ဝင်ရောက်သွားပါက ထောင်ပေါင်း မြောက်မြားစွာသော လူများ သေကျေကြမည် ဖြစ်သည်။
“ငါက ကျောင်းတော်ကို သွားအကြောင်း ကြားလိုက်မယ် … ရီဖူရှင်း … ဗိုလ်ချုပ်ချင်နဲ့ သူ့သမီးကို သွားရှာ…” ဟွာဖန်းလူက ညွှန်ကြားလိုက်သည်။
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်… ဗိုလ်ချုပ်ချင်၏လက်အောက်မှ မဟူရာ မြင်းစစ်တပ်မှာ ချင်းကျူမြို့အား ကာကွယ်ရန် စိတ်အချရဆုံးသောသူများ ဖြစ်ကြောင်း သူသိသည်။ အကယ်၍ သားရဲအုပ်များ အမှန်တကယ် ဝင်ရောက်လာပါက မဟူရာမြင်းစစ်တပ်အား စေလွှတ်ရမည်ဖြစ်သည်။
သူတို့က မြို့တော်ဝန်အား အကူအညီတောင်းရန် စိတ်ကူးလုံးဝ မရှိပေ။ သူကား နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့မှ ရွေးချယ် တင်မြှောက်ထားသောသူ ဖြစ်ပြီး ချင်းကျူမြို့ခံ ဇာတိမဟုတ်ပေ။ အကယ်၍ အရေးပေါ် အခြေအနေကြုံခဲ့လျှင် ပထမဆုံး ထွက်ပြေးသောသူမှာ မြို့တော်ဝန် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဟွာဖန်းလူက ညွှန်ကြားပြီးသည်နှင့် ကျောင်းတော် ပင်မဆောင်ရှိရာသို့ လျင်မြန်စွာ ထွက်ခွာသွားသည်။
“သွားမယ်…” ရီဖူရှင်းက ယူချင်းအား ပြောကာ အိမ်မှ ထွက်လာကြသည်။ သူတို့က မဟူရာမြင်းစစ်တပ် ရှိရာဘက်သို့ ပြေးသွားကြသည်။
တရားဝင်ကျောင်းသားများနှင့် ပြင်ပကျောင်းသားများမှာ ကျောင်းဝင်းအတွင်း မတူခြားနားသော နေရာတွင် တည်ရှိကြသည်။ သိုင်းပညာ ကျောင်းဆောင်နှင့် မှော်ပညာ ကျောင်းဆောင်များမှာလည်း ခွဲခြားထားသည်။
သိုင်းပညာ ကျောင်းဆောင်ကား တောင်ကြောပေါ်တွင် တည်ရှိသည်။ ရီဖူရှင်းနှင့်ယူချင်းတို့ ရောက်ရှိလာခြင်းက ကျောင်းသား အများစု၏ အာရုံစိုက်မှုအား ရစေသည်။ သူတို့ကား ကျောင်းသားများအကြား အတော် ကျော်ကြားသောသူများ ဖြစ်နေပြီ ဖြစ်သည်။ အမှန်တကယ်လည်း ကျောင်းသားအများစုမှာ ဟိုင်ရန်ကျောင်းတော်က လာရန်စသော အချိန်တွင် ရီဖူရှင်းနှင့် ယူချင်းတို့၏ တိုက်ပွဲများကို မြင်ပြီး ဖြစ်သည်။
“မင်းဘာလို့ ဒီမှာ ရှိနေတာလဲ…” တစ်ယောက်က မေးလိုက်သည်။
“ငါဒီကို လာတာ မိန်းကလေးချင်ကို ရှာမလို့ … သူမ ဘယ်မှာလဲ…” ရီဖူရှင်းက မေးလိုက်သည်။
“ကြည့်ရတာ… အရေးပေါ်ထင်တယ်…” ထိုကျောင်းသားက ရီဖူရှင်းအား ကြည့်လိုက်သည်… “ဒါပေမဲ့… မင်းက ကျောင်းက ထွက်သွားပြီးမှတော့ စည်းကမ်းအရ ဝင်ခွင့်မပေးနိုင်ဘူး…”
“ငါ အရမ်း အရေးကြီးနေတယ်…” ရီဖူရှင်းက စိတ်မရှည်စွာ ပြောလိုက်သည်။
ထိုကျောင်းသားက ရီဖူရှင်းမှာ အရေးကြီးသော အကြောင်းအရာ တစ်ခုအား သတိပေးရန် လာသည်ကို သတိထားမိလိုက်သည်။ သူက ပြောလိုက်သည်… “ငါ မိန်းကလေးချင်ကို မဟူရာ မြင်းတွေရှိတဲ့ဘက်ကို သွားတာ တွေ့လိုက်တယ်… ငါထင်တာကတော့ သူမက မြင်းစီးပြီးတော့ မြားပစ်လေ့ကျင့်မလို့ ထင်တယ်…”
“ကျေးဇူးပဲ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်… ထို့နောက် သူတို့က မဟူရာမြင်းစစ်သည်များ လေ့ကျင့်ရာနေရာသို့ ပြေးသွားလိုက်ကြသည်။ သို့သော်လည်း လမ်းတွင် လူအချို့က သူတို့အား ပိတ်ထားကြသည်။ မိုလန်ရှန်က ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်… “ဒါက သိုင်းပညာ ကျောင်းဆောင်ပဲ… မင်းက ဒီနေရာကို ဝင်လာလို့မရဘူး… ထွက်သွား…”
“မိန်းကလေးချင်ကို အရေးကြီး ပြောစရာရှိတယ်… သားရဲအုပ်စုတွေ မြို့ကို ဦးတည်ပြီး လာနေတယ်…” ရီဖူရှင်းက ထိုလူငယ်အား မှတ်မိသည်။ သူ၏ပထမဆုံး မူလဝိညာဉ် နိုးထသောအချိန်တွင် မိုလန်ရှန်က ယူချင်းအား မဟူရာ မြင်းစစ်တပ်သို့ ဖိတ်ခေါ်ကာ ရီဖူရှင်းအား အရှက်ခွဲရန် ကြိုးပမ်းခဲ့သည်။ မှော်ပညာ ကျောင်းဆောင်မှ ကျောင်းသား တစ်ယောက်က ရီဖူရှင်းအား ပြောခဲ့သည်မှာ မိုလန်ရှန်မှာ မိန်ကလေးချင်အား တိတ်တခိုး ကြိုက်နေသည်ဟုပင်… ကြည့်ရသည်မှာ သူကား မနာလို ဖြစ်နေပုံရသည်။
“သားရဲအုပ်တွေက မြို့ကို လာမတိုက်တာ နှစ်ပေါင်း သုံးရာကျော်ရှိပြီ… ဘာမျက်မြင်သက်သေမှ မရှိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… မှန်တယ် ဆိုရင်တောင်မှ မင်းက ဘာလို့ ပထမဆုံးမြင်တဲ့လူ ဖြစ်ရမှာလဲ… ဒီလို အောက်တန်းကျတဲ့ အကြောင်းပြချက်နဲ့ ချင်ယီနဲ့တွေ့ဖို့ မကြိုးစားနဲ့…” မိုလန်ရှန်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။ သူကား ချင်ယီအနီးတွင် ရှိလျှင် ရီဖူရှင်းနှင့် ပတ်သက်၍ မကောင်းသည့် အကြာင်းများကို သာလျှင် ပြောလေ့ရှိသည် သို့သော် ရီဖူရှင်းက သူ့အား လုံးဝအရူးဖြစ်အောင် လုပ်ခဲ့လေသည်။ သူ၏ရီဖူရှင်းနှင့်ပတ်သက်သော မှတ်ချက်များကြောင့် ချင်ယီက သူ့အား ရှောင်ဖယ်ခဲ့လေသည်။
ပို၍ သည်းမခံနိုင်စရာကား ရီဖူရှင်းက ချင်ယီနှင့် မကြာမကြာ စနောက်နေခြင်း ဖြစ်သည်။ သူတို့က ပွေ့ဖက်လိုက်သေးသည်။
“ကျုပ်က ခင်ဗျားနဲ့ ကစားနေဖို့ အချိန်မရှိဘူး… နောက်ဆုတ်နေ…” ရီဖူရှင်းက အလျင်စလို ပြောလိုက်သည်။ ယူချင်းက မှားယွင်းသော အချက်ပြမှုမျိုး မလုပ်သည်ကို သူသိသည်။ အကယ်၍ ချင်းကျူမြို့ကသာလျှင် သားရဲအုပ်စုများအတွက် ကြိုတင်ပြင်ဆင်မှု မရှိလျှင် အိမ်အဆောက်အဦများ ပျက်စီးကာ လူပေါင်းမြောက်မြားစွာ သေကျေကြမည်ဖြစ်သည်။
မိုလန်ရှန်ကား ရီဖူရှင်း၏ အပြုအမူများကြောင့် ပို၍ အရှက်ခွဲခံရသလို ခံစားရ၏။ သူက ရီဖူရှင်းမှာ သူ၏အတိတ်မှ မှတ်ချက်များကြောင့် တမင် အရှက်ရအောင် လုပ်နေသည်ဟု တွေးလိုက်သည်။
“ဟွာဂျီယူက ချင်းကျူက ထွက်သွားပြီလို့ လူတွေက ပြောတယ်… မင်းက သွေးရူးတန်းရူး ဖြစ်နေတာ မထူးဆန်းပါဘူး… မင်းလို ပါရမီရှင်ကတောင် သူမလို ပြည့်စုံတဲ့ မိန်းကလေးနဲ့ မထိုက်တန်ဘူး… ငါပြောတာ ဟုတ်တယ်မလား… မင်းက အခု ပစ်မှတ် ပြောင်းချင်နေပြီပေါ့…” မိုလန်ရှန်က ရီဖူရှင်းအား အရှက်ခွဲရန် ကြိုးစားလိုက်သည်။ ရီဖူရှင်းကား ချင်ယီအား လိုက်နေသည် အဘယ်ကြောင့်ဆိုသော် သူက ဟွာဂျီယူအား မရသောကြောင့်ပင်… သူက ထိုသို့တွေးလျက် မဲ့ပြုံးပြုံးလိုက်သည်။
ဘန်း… ယူချင်းက မြေကြီးအား ဘန်းခနဲ ဆောင့်နင်းလိုက်သည်။ သူ၏ကိုယ်တွင် ကြေက်မက်ဖွယ် စွမ်းအင်များ ရစ်ပတ်နေပြီ ဖြစ်သည်။ မိုလန်ရှန်တို့အုပ်စု အနည်းငယ် ထိတ်လန့်သွားသည်။ သူတို့ကလည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ တစ်ယောက်က ပြောလိုက်သည်… “ဒါငါတို့နေရာပဲ… မင်းတို့ဒီမှာ တိုက်ခိုက်ဖို့ မကြိုးစားရင် ကောင်းမယ်…”
ရီဖူရှင်းက မိုလန်ရှန်အား စိုက်ကြည့်လိုက်သည်။ သူ ဆုံးဖြတ်လိုက်သည်… ထိုအဓိပ္ပာယ်မရှိသော စကားများမှုအား ဖြေရှင်းရန် တစ်နည်းသာ ကျန်တော့သည်။
“ယူချင်း မင်း အဆင်သင့်လား…” ရီဖူရှင်း မေးလိုက်သည်။
“သေချာတာပေါ့…” ယူချင်း ခေါင်းညိတ်လိုက်သည်။
ရီဖူရှင်းက ပြောလိုက်သည်… “သွားတော့…”
ရီဖူရှင်းက ထိုသို့ ပြောလိုက်သည်နှင့် ယူချင်းက ထိုအုပ်စုဆီလို့ တိုက်ခိုက်ရန် ခုန်ဝင်လိုက်လေသည်။
***