သူ၏ကိုင်နေကျအိတ်အတွင်း၌ အလွန်တိတ်ဆိတ်ငြိမ်သက်နေကာ အပ်တစ်ချောင်းကျသွားလျှင်ပင် အသံကြားရနိုင်သည်။ အတွင်းထဲမှ တုံ့ပြန်ဖြေကြားမှုတစ်ခုမှ မရှိပေ။ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး ခြိမ်းခြောက်ဟန် ပြုလိုက်သည်။ သို့သော်လည်း အိတ်အတွင်းမှ ရွေ့လျားမှုတစ်စုံတစ်ရာမရှိချေ။
အမျက်ခြောင်းခြောင်းထွက်ကာ သူက အိတ်ကိုပိတ်လိုက်သည်။ သူကအေးစက်စက် မခိုးမခန့်ရယ်မောလိုက်ပြီး တရားထိုင်ရန် မျက်လုံးကိုမှိတ်လိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူကအပြည့်အဝပြန်ကောင်းလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံကိုလှည့်ပတ်စေကာ သူ၏နှဖူးပေါ်ရှိ ကောင်းကင်တံတား ဓမ္မမျက်လုံး ဆီသို့ ရွှေရောင်အလင်းစီးကြောင်းတချို့ ထုတ်လွှတ်လိုက်သည်။
“ကောင်းပြီ…မျက်နှာဖုံးလေး။ မင်းငါ့ဆီက ဒီတစ်ခါပုန်းနိုင်ဦးမလား ကြည့်ကြသေးတာပေါ့” အေးစက်စွာသရော်လိုက်ကာ သူက ကောင်းကင်တံတား ဓမ္မမျက်လုံး ကို ထပ်မံအသုံးပြုနိုင်ကြောင်း သိလိုက်သည်။ ထိုသို့လုပ်ပြီးနောက် သူ၏ကိုင်ဆောင်နေကျအိတ်ကို ဖွင့်လိုက်ပြီးနောက် သူ၏တတိယမျက်လုံးကိုဖွင့်လိုက်ကာ ကြည့်လိုက်သည်။
ရုတ်တရက် သူ၏စိတ်မှာတုန်ခါသွားပြီး အရာအားလုံးမှာပျောက်ကွယ်သွားလေသည်။ သူ၏ကိုင်ဆောင်နေကျအိတ်နှင့် ထိုအိတ်ထဲရှိအရာအားလုံးကို ဖောက်ထွင်းမြင်နေရပြီး ထောင့်နေရာတွင် ပုံပျက်နေသောမျက်နှာဖုံးလေး ထွက်ပေါ်လာသည်။
မျက်နှာဖုံးလေးမှာ အိတ်၏ ဘေးဘက်ဆီသို့ တဖြည်းဖြည်းရွေ့သွားကာ သူ့ကိုယ်သူဖုံးကွယ်လိုက်လေသည်။ အကယ်၍ သူ့အားအချိန်အလုံအလောက်သာပေးခဲ့ပါလျှင် သူက အိတ်ထဲရှိပစ္စည်းများဆီသို့ရွေ့သွားကာ အခြားတစ်ဖက်မှ တိတ်တဆိတ် ထွက်ပြေးသွားနိုင်လေသည်။
ပိုင်ရှောင်ချန်းက သူ၏တတိယမျက်လုံးဖြင့် သူ့အားမြင်လိုက်သည်နှင့်တပြိုင်နက် မျက်နှာဖုံးလေးမှာ တုန်ခါသွားကာ အိတ်ထဲမှထွက်ပြေးနိုင်ရန် စူးရှတောက်ပသောအလင်းများကိုထုတ်လွှတ်လိုက်လေသည်။ သူကထိုသို့လုပ်နေသည့်တိုင် ပိုင်ရှောင်ချန်းက အေးစက်စက်သရော်လိုက်ကာ စိတ်စွမ်းအင်တချို့ကိုအိတ်ထဲသို့ စီးဆင်းစေကာ မျက်နှာဖုံးလေးအား ဖျတ်ခနဲ ဖမ်းယူလိုက်သည်။
အိတ်အတွင်းမှ မျက်နှာဖုံးလေးအား ဆွဲထုတ်လိုက်ပြီးနောက် သူ၏လက်တွင်ကိုင်ကာ တတိယမျက်လုံးဖြင့် စူးစမ်းနေလေသည်။ ထူးဆန်းစွာပင် မျက်နှာဖုံးလေးအား သူ၏တတိယမျက်လုံးဖြင့်သာမြင်ရလေသည်။ သူ၏မျက်လုံးများအပါအဝင် အခြားအာရုံများမှာ မျက်နှာဖုံးလေး၏တည်ရှိနေမှုကို လုံးဝမသိနိုင်ပေ။
“ဆန်းကြယ်လိုက်တာ…” သူကတွေးတောမိလိုက်သည်။
“ငါက ဒါလေးကို မြေခဓားကမ္ဘာမှာလို ပြန်မြင်နေရတာလား” သူကတတိယမျက်လုံးအား ကြာရှည်စွာအသုံးမပြုနိုင်သေးပေ။ ထို့ကြောင့် ပိတ်လိုက်ပြီးနောက် သူ၏စိတ်စွမ်းအင်ပင်လယ်ကိုးခုကို ထုတ်ဖော်ကာ ကောင်းကင်တာအို အရှိန်အဝါတချို့ကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် သူ၏လက်ဖဝါးအထက်ရှိ လေထုမှာ စတင်ပုံပျက်လာကာ မကြာမီတွင် မျက်နှာဖုံးလေးကို သူ့ရှေ့တွင် မြင်ရလာလေသည်။
၎င်းမှာ ယခုတွင် အသားအရောင်ရှိသော မျက်နှာဖုံးလေးဖြစ်သွားသည်။
ထိုမျက်နှာဖုံးလေးမှာ မြေခဓားကမ္ဘာတွင် သူကဖိကြိတ်ရန်ကြိုးစားခဲ့သော မျက်နှာဖုံးဖြစ်လေသည်။ ထိုအရာလေးမှာ ပုစဥ်းရင်ကွဲကောင်၏ အတောင်ပံများကဲ့သို့ နူးညံ့ပုံပေါ်ကာ ပိုင်ရှောင်ချန်းပင် ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာ၍မရသော ထူးဆန်းသည့်အရှိန်အဝါတချို့ပါရှိလေသည်။
“ဒါကို ကောင်းကင်တံတားမြစ်ရေသုံးပြီး ကျင့်ကြံခဲ့လို့လား”
မျက်နှာဖုံးကိုဖန်တီးထားသည့် ပစ္စည်း၏အရှိန်အဝါကို ပိုင်ရှောင်ချန်းက တွေ့ရှိသွားသောအခါ အလွန်အမင်း အံ့သြထိတ်လန့်သွားသည်။ ထို့နောက် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသား၏ ဝိညာဥ်မှာ မျက်နှာဖုံးအတွင်းဝင်ရောက်သွားပြီးနောက် ထွက်ပြေးရန်ကြိုးစားခဲ့သည်ကို ပြန်လည်တွေးတောမိလိုက်သည်။
” မင်းဒီမှာရှိနေမှန်းငါသိတယ်” သူကပြောလိုက်သည်။
“ ကိုယ်တော် ပိုင်ကို မင်းမျက်နှာြပစမ်း” သို့သော် မျက်နှာဖုံးလေးဆီမှ တုံ့ပြန်မှုမရှိပေ။ မျက်လုံးများတွင်ရက်စက်မှုများဖြင့် တောက်ပလာကာ မျက်နှာဖုံးအားဖိချေရန်ကြိုးစားလိုက်သည်။ မည်မျှစွမ်းအားသုံး၍အားထုတ်ပါသော်လည်း ဘာမှမဖြစ်ပျက်ခဲ့ပေ။
“ထွက်မလာဘူးလား။ ငါမင်းကိုအပြင်ထွက်ခိုင်းဖို့နည်းလမ်းမရှိဘူးများ ထင်နေတာလား” ထိုသို့ပြောကာ တောင်ပေါ်မှဆင်းကာ ကောင်းကင်တံတားမြစ်ဆီသို့ တဟုန်ထိုးပြေးသွားလိုက်ပြီး သူ၏လက်ကိုအနောက်သို့ငဲ့စောင်းကာ ရေထဲသို့မျက်နှာဖုံးအား ပစ်ချဟန်လုပ်လိုက်လေသည်။
ထိုမြစ်ရေကသာ မည်သည့်အရာကိုမဆိုအရည်ပျော်နိုင်သည်ဟု ပိုင်ရှောင်ချန်းကစဥ်းစားမိသောကြောင့်ဖြစ်လေသည်။ သို့သော် သူကမျက်နှာဖုံးအားအမှန်တကယ်မလွှင့်ပစ်သေးမီ မျက်နှာဖုံးမှာ တုန်ရီလာကာ ရုတ်တရက် အော်လေသည်။
“အစ်ကိုကြီး…ကျုပ်ကိုပြောခွင့်ပြုပါဦး”
“အာ…အခုကျတော့ မင်းက စကားပြောနိုင်ပြီပေါ့…ဟမ်” ပိုင်ရှောင်ချန်း၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်ဟန်များ တောက်ပလျက် ပြောလေသည်။
” ဒီမျက်နှာဖုံးထဲက ထွက်ပြီး မင်း ဘယ်သူလဲဆိုတာငါ့ကိုပြောစမ်း”
မျက်နှာဖုံးမှာ အနည်းငယ်ရှုံ့တွသွားပြီး အခိုးအငွေ့များ ထွက်ပေါ်လာကာ အလွန်သေးငယ်သောလူတစ်ဦးအသွင် အလျင်အမြန်ပြောင်းလဲသွားလေသည်။ သူက မြေခဓားကမ္ဘာတွင် အသတ်ခံခဲ့ရသည့်လူနှင့် လွန်စွာ မတူညီသော်လည်း အနည်းငယ်ဆင်တူနေသည်။ ထိုသူမှာ လုံးလုံးကြောက်ရွံ့လျက် တစ်ကိုယ်လုံးတုန်ခါနေကာ လက်သီးကိုဆုပ်လျက် ပိုင်ရှောင်ချန်းအား ဦးညွှတ်လိုက်လေသည်။
“အစ်ကိုကြီး..ကျုပ်ကို ခွင့်လွှတ်ပေးပါ ” သူက ငိုသံကြီးနှင့် ကျယ်လောင်စွာအော်ပြောလိုက်ရင်း
” ကျုပ် အမှားလုပ်ခဲ့မိတယ်ဆိုတာ သိပါတယ်။ ကျုပ်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အတွင်းစည်းဂိုဏ်းသားတစ်ယောက်ပါ။ နာမည်ကတော့ ညမုဆိုး ပါ” မြေခဓားကမ္ဘာ၌ ဘေးဒုက္ခနှင့်ကြုံတွေ့ရပြီးနောက် သူမှာ ပိုင်ရှောင်ချန်း၏အိတ်အတွင်းတွင် ကျန်ရှိနေခဲ့သည်။ သူ၏အစီအစဥ်မှာ တဖြည်းဖြည်းထွက်ပြေးရန်ဖြစ်သော်လည်း သူထွက်မသွားနိုင်မီ ပိုင်ရှောင်ချန်းက သူ့အားတွေ့သွားလေသည်။
အစက သူသည် ပိုင်ရှောင်ချန်းမှာ သူ့အားနာကျင်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ဟု ယူဆခဲ့ကာ သိပ်၍စိတ်မပူခဲ့ပေ။ သူ့အား ကောင်းကင်တံတားမြစ်ထဲသို့ အရည်ပျော်အောင်လုပ်မည်ဆိုကာ ခြိမ်းခြောက်လိမ့်မည်ဟု သူ တခါမှ မတွေးမိခဲ့ချေ။
ကောင်းကင်တံတားမြစ်မှ ရေထဲတွင်ပါဝင်သော စိတ်စွမ်းအင်များမှာ စကားလုံးဖြင့်ဖော်ပြရန်ခက်ခဲကာ အစွမ်းထက်လှသော အကာအကွယ် ရတနာတချို့ကိုပင် မြစ်ရေက ဖျက်စီးပစ်နိုင်လေသည်။
ပိုင်ရှောင်ချန်းက ညမုဆိုး ဟူသောအမည်ကိုကြားလိုက်ရသောအခါ သူကအနည်းငယ်အံ့သြသွားပြီး အနည်းငယ်စိတ်လှုပ်ရှားသွားလေသည်။ နာမည်မှာ အမှန်တကယ် ခြောက်ခြားဖွယ်ကောင်းသည်။ နာမည်၏အဓိပ္ပါယ်မှာ ညအခါ လူများအား မြေမြှုပ်သင်္ဂြိုဟ်ခြင်းနှင့် ကိုယ်တိုင်ဂူသွင်းမြှုပ်နှံခြင်းဖြစ်သည်ဟု ဆိုလိုကာ လေးနက်သည့် လူသတ်ငွေ့ကိုလည်း ခံစားရနိုင်လေသည်။
တုန်လှုပ်နေသော ဝိညာဥ်လေးကို စွေစောင်း၍ကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်သည်။ “ကောင်းပြီ မင်းရဲ့နာမည်က အနည်းငယ်အလုပ်တော့ဖြစ်တယ်။ ငါ့နာမည်လောက်တော့ နားဝင်မချိုတာတော့ သေချာတယ် ”
ညမုဆိုး မှာခဏတာ ပင့်သက်ရှိုက်သွားပြီး သဘောတူညီစွာဖြင့် ခခယယ ပြောလိုက်သည်။ သို့သော်သူကတခြားမည်သည့်အရာကိုမှမပြောဝံ့ချေ။ အမှန်တကယ်တွင် သူ့ကိုယ်သူ အလွန်သနားနေလျက်ရှိသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သူ့အပေါ်အာရုံသိပ်မထားပေ။ ထို့ကြောင့်သူက ချီစုစည်းမှုအဆင့်၏မဟာစက်ဝန်းသို့ ရောက်ရှိအောင်အလွန်ကြိုးစားခဲ့ရသည်။
အစက သူသည် မြေခဓားချောက်အတွင်းဝင်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။ အမှန်တကယ်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ထူးဆန်းသောရောစပ်မှုကို လေ့လာမိသောကြောင့်ဖြစ်လေသည်။ သူ၏ဆေးဖော်စပ်ခြင်း အသိပညာနည်းနည်းနှင့် ထပ်ပေါင်း၍ သူကဂိုဏ်း၏ ဝေဒပညာရပ် ကိုလည်း လေ့လာခဲ့သည်။ ရလာဒ်မှာအမြဲတမ်း မတိကျတတ်သော်လည်း သူ၏ကိုယ်ပိုင်အနာဂတ်ကို မကြာခဏတွက်ချက်ကြည့်လေသည်။ ထိုအရာများက သူ၏ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူးတချို့ပေးလေသည်။
မြေခဓားချောက်မပွင့်သေးမီ ဝေဒပညာဖြင့်တွက်ချက်ကြည့်သောအခါ အကယ်၍သူသွားခဲ့ပါက သူ၏ကံကြမ္မာမှာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်လိမ့်မည်ဟု ဖော်ပြခဲ့လေသည်။
သူကအစပိုင်းတွင် မယုံကြည်သော်လည်း ဝေဒပညာဖြင့်တွက်ချက်ခြင်းကို အကြိမ်အဖန်များစွာလုပ်ပြီးနောက်တူညီသောရလာဒ်များသာ ရရှိခဲ့၏။ နောက်ဆုံးတွင် သူကအံကိုကြိတ်လျက် အရှက်တကွဲဖြစ်လျှင်တောင်မျှ နေရာတစ်ခုရရှိရန် တန်ဖိုးအကြီးကြီးပေးဆပ်ခဲ့ရသည်။ သူက ကောင်းမွန်သောကံကြမ္မာကိုမရရှိရုံသာမက လူမဆန်အောင်ရက်စက်ကြမ်းကြုတ်သော ပိုင်ရှောင်ချန်း၏ အကျဥ်းသားသုံ့ပန်းအဖြစ်ရောက်ရှိသွားလိမ့်မည်ဟု မည်သူကတွေးမိပါမည် မဟုတ်ပေ။
“ ကိုယ်တော်ပိုင်..” ခေါင်းကိုငုံ့လျက် သူကဆက်ပြောလေသည်။
” ကိုယ်တော်ပိုင်ရဲ့ မယုံကြည်နိုင်လောက်တဲ့ ခွန်အားကိုစဥ်းစားကြည့်ပါဦး။ ဘာကြောင့်မို့ ကျုပ်ကိုသွားခွင့်မပေးရတာလဲဗျာ။ ကျုပ်က ဆရာ့အတွက် သူလျှိုလုပ်ပေးနိုင်ပါတယ်ဗျာ။ ကျုပ် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုပြန်သွားပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာရှိတဲ့ ဆရာ့ကို ပြန်ပြီးအစီရင်ခံတင်ပြပါ့မယ်။ ကျ..ကျ.ကျုပ် ကျိန်တောင်ကျိန်ရဲပါတယ်ဗျာ…”
ပိုင်ရှောင်ချန်းက သူ့အားကြည့်ကာ အေးစက်စွာလှောင်ပြောင်လိုက်လေသည်။
“သူလျှိုတဲ့လား။ ဒါက မင်းရဲ့ပုံစံအစစ်အမှန်ဖြစ်မှာပဲ…ဟုတ်တယ်မလား။ ငါသတ်ခဲ့တဲ့ ညမုဆိုး ကမင်းနဲ့မတူတဲ့သူပဲ။ မင်းက ငါ့ကိုလှည့်စားဖို့လုပ်နေတယ်ဆိုတာ ငါယုံကိုမယုံနိုင်ဘူး။ ပိုင်ရှောင်ချန်းဆိုတဲ့ငါက လူတွေငါ့ကိုလှည့်စားရင်မုန်းတယ်ကွ။ မင်းသေဖို့သာပြင်ထား” တတ်နိုင်သမျှ တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး သူကဒူးထောက်ကာ မျက်နှာဖုံးအားပစ်ချရန် ပြင်ဆင်လိုက်သည်။
ညမုဆိုး မှာ လှိုင်းတစ်ခုလိမ့်တက်လာသည်ကို ခံစားမိသောအခါ ကြောက်လန့်တကြားအော်ဟစ်လေသည်။ သူကြုံတွေ့နေရသောသေလုဆဲဆဲခံစားချက်က သူ့ဘဝတွင် ကြုံတွေ့ခံစားခဲ့ရသောအရာအားလုံးထက်သာလွန်သည်။ ထို့နောက်သူကဂိုဏ်းတွင် သူခံခဲ့ရသောအရှက်တကွဲအကျိုးနည်းမှုများကို စဉ်းစားပြီး ငိုတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။
“ကျုပ်ကို မသတ်ပါနဲ့ဗျာ။ ကျုပ် ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုပြောပြပါ့မယ်”
ပိုင်ရှောင်ချန်းက သရော်လိုက်ကာ ယခင်ကထက်ပင် မယုံသင်္ကာဖြစ်သွားခဲ့သည်။ ထိုသို့စဥ်းစားမိပြီး သူကချုပ်ကိုင်မှုကိုဖြေလျော့လိုက်ကာ မျက်နှာဖုံးမှာ အောက်သို့အနည်းငယ် ကျလာသည်။
ညမုဆိုး မှာ မြစ်ရေထဲသို့ ကျရောက်သွားရမည်ကို တွေးကာ စိတ်ထဲ၌ကြောက်လန့်သွားလေသည်။ “မလုပ်ပါနဲ့…။ ကျုပ်က ဒီလျှိုဝှက်ချက်နဲ့ပတ်သတ်ပြီး တကယ်အလေးအနက်ထားတာပါ။ ဒါက ထာဝရတည်မြဲခြင်းနဲ့ သက်ဆိုင်မှုရှိတယ်”
ပိုင်ရှောင်ချန်းမှာ တုန်ခါသွားသည်။ သူစဥ်းစားကြည့်မည်ဆိုလျှင် ‘ထာဝရ’ နှင့် ‘ တည်မြဲခြင်း ‘ ဆိုသော စကားလုံးများက ‘ မသေဆုံးခြင်း ‘ ၊ ‘ ထာဝရ အသက်ရှင်ခြင်း ‘ တို့နှင့် အဓိပ္ပါယ်တူညီနေသည်။ ခဏမျှတုံ့ဆိုင်းမှုမရှိပါပဲ လက်ကိုထုတ်ကာ လျှပ်စီးကဲ့သို့လျင်မြန်သောအရှိန်ဖြင့် မျက်နှာဖုံးအား ဖမ်းယူလိုက်သည်။
“မင်းငါ့ကိုလှည့်စားဖို့ မကြိုးစားရင်ကောင်းမယ်” သူက လေးနက်စွာပြောလေသည်။ “လူတွေငါ့ကိုလှည့်စားတဲ့အခါ ငါဘယ်လောက်မုန်းလဲ မင်းသိပါတယ်”
“ကျုပ်အမှန်ကို ပြောနေတာပါ” သူက ပြောလေသည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ပက်သတ်ပြီး ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ သူတို့မှာ ထာဝရရတနာရှိတယ်။ ဒီကိစ္စကို ကျုပ်က လွဲပြီး ဘယ်သူမှမသိကြဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အကြီးအကဲခေါင်းဆောင်တွေတောင်မှ ဂိုဏ်းဆီမှာ ကောင်းကင်ဘုံကိုဖီဆန်နိုင်တဲ့ ဒီလိုရှေးဟောင်းရတနာတွေ တိမ်မြုပ်နေတာကို မသိကြဘူး”
” ဒဏ္ဍာရီအရဆိုရင် ရှေးဟောင်းရတနာကိုရှာဖွေယူနိုင်တဲ့ ဘယ်သူမဆို ထာဝရတည်မြဲခြင်းရဲ့ လျှို့ဝှက်ချက်တွေကိုနားလည်နိုင်မှာဖြစ်တယ်”
“ကျုပ်က မလှည့်စားပါဘူးဗျာ။ ဒီအကြောင်းက တကယ်ကိုလေးနက်လွန်းလို့ပါဗျာ” ညမုဆိုး ယခုအချိန်တွင်ပြောနိုင်သည်မှာ ပိုင်ရှောင်ချန်းသည် ကြောက်စရာအကောင်းဆုံးသော အလွန်စိတ်ပြောင်းလွယ်သူ ဖြစ်သောကြောင့်သာ ဖြစ်သည်။
ပိုင်ရှောင်ချန်းက ဒေါသတကြီးစိုက်ကြည့်လိုက်ကာ မျက်နှာဖုံးအား မြစ်ရေထဲသို့ ပြန်ပစ်လိုက်ရန်ပြင်ဆင်နေပြန်သည်။
” ဘယ်လိုတောင်အသုံးမကျတာတုံး။ ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကတောင် ဒါကိုမသိတာ မင်းကသိနေတာလား”
ညမုဆိုးမှာ မျက်ရည်ကျလုလုဖြစ်လျက် နောက်ဆုံးတွင် အရာအားလုံးကိုလွှတ်ခနဲပြောပစ်လိုက်တော့သည်။ “ကျ…ကျ..ကျုပ်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဂိုဏ်းသားမဟုတ်ပါဘူးဗျာ….။ ကျုပ်က လူလိမ် ပါ”
လူလိမ် ညမုဆိုး မှာ အသေးစိတ်အချက်အလက်ကိုဆက်လက်ရှင်းပြနေစဥ် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားလေသည်။ ထို လူလိမ် မှာ တကယ့်အစစ်အမှန် ညမုဆိုး ပင်သတိမထားမိခဲ့သော လူတစ်ဦးဖြစ်ကြောင်းထွက်ပေါ်လာလေသည်။
သူက ချီစုစည်းမှုအဆင့်သုံးရှိသည့် အတန်အသင့် ပါရမီရှိေသာ လူဆိုးတစ်ယောက်ဖြစ်ခဲ့သည်။ ရန်သူတစ်ဦး၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက် သူအသတ်ခံရလုဆဲဆဲတွင် ထူးဆန်းသောဂိုဏ်းတစ်ခုမှ နားလည်ရခက်ခဲသော ကယ်တင်ရှင်ပေါ်လာခဲ့သည်။ ကယ်တင်ရှင်မှာ အလျင်စလိုဖြစ်နေပြီး ခဏကြာတွေးတောပြီးနောက်တွင် သူ့အားမျက်နှာဖုံးတစ်ခုပေးကာ ညမုဆိုး အမည်ရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏အပြင်စည်းဂိုဏ်းသားကိုရှာရန် ပြောလေသည်။ သူ၏တာဝန်မှာ ထိုသူ၏နေရာကိုဝင်ယူလျက် တာဝန်တစ်ခုကိုပြီးမြောက်အောင် ထမ်းဆောင်ပေးရမည်ဖြစ်သည်။ ကယ်တင်ရှင်မှာ လူလိမ်၏ဝိညာဥ်ကိုပင် ပြုစားထားခဲ့သည်။
တကယ့်အစစ်အမှန် ညမုဆိုး မှာယခုတွင် သေဆုံးနေပြီဖြစ်သည်။ သို့သော် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အတော်လေးကို တည်ငြိမ်သည့်နေရာတစ်ခုကို ရရှိထားသည်။ သူ၏ဘိုးဘေးများထဲမှတစ်ယောက်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကောင်းမွန်စွာပေးဆပ်ခဲ့သည်။ ထို့အတွက်ကြောင့် ညမုဆိုး မှာ အတွင်းစည်းဂိုဏ်းသားထဲတွင် နေရာတစ်ခုရရှိရန် အာမခံချက်ရရှိခဲ့သည်။
လူလိမ် ၏ထူးဆန်းသော ကယ်တင်ရှင်မှာ သူ၏တာဝန်ဖြစ်သော ထာဝရတည်မြဲခြင်း၏ ရှေးဟောင်းရတနာအကြောင်း အသေးစိတ်အချက်အလက်များကိုရှင်းပြရန် သူ့ထံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သည်။ ထိုကယ်တင်ရှင်မှာ ရတနာ၏ပုံပန်းသဏ္ဍာန်ကိုဖော်ပြခဲ့ပြီး မည်သည့်နေရာမှာရှိသည်ကိုပင်ပြောပြခဲ့သည်။ ကြည့်ရသည်မှာ လမ်းတစ်လျှောက်တွင် တံခါးကြီးတစ်ခုရှိပြီး သော့မှာ ထူးြခါးသောဆေးလုံးဖြစ်သည်။
ဆေးလုံးမှာ ဖော်စပ်ရန်မခက်ခဲပေ။ သာမာန်ဆေးဖော်စပ်သူကပင် လုပ်နိုင်လေသည်။ ကံမကောင်းစွာပင် ထိုဆေးလုံးကို မည်သူပင်ဖော်စပ်ပါစေ အောင်မြင်သည့်ရာခိုင်နှုန်းမှာ ငါးဆယ်- ငါးဆယ်သာရှိသည်။ ထို့အပြင် ဆေး၏ပါဝင်ပစ္စည်းများမှာ အလွန်ပင်ရှားပါးလေသည်။ ၎င်းတို့ကို လိုက်၍စုဆောင်းရှာဖွေခြင်းကပင် အလွန်ခက်ခဲသောအလုပ်တစ်ခုဖြစ်လေသည်။
ကံကောင်းသည်မှာ သူ၏ထူးဆန်းသောကယ်တင်ရှင်က အလွန်ကြွယ်ဝချမ်းသာပြီး ပါဝင်ပစ္စည်းအများစုကိုစုဆောင်းထားပြီးဖြစ်သည်။ တစ်ခုတည်းသောလိုအပ်နေသည့်အရာမှာ သားရဲသန္ဓေတည်ကောင် ၏သွေးဖြစ်လေသည်။
ညမုဆိုး ၏နေရာကိုအစားထိုးဝင်ရောက်ခဲ့ပြီးနောက် အစပိုင်းတွင်အရာအားလုံးအဆင်ပြေချောမွေ့ခဲ့သည်။ သူကမကြာမီပင် အတွင်းစည်းဂိုဏ်းသားဖြစ်လာသည်။ သို့သော် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ကျင့်ကြံခြင်းနည်းလမ်းများကို လေ့ကျင့်ရာတွင် အခက်အခဲရှိကြောင်းရှာဖွေတွေ့ရှိခဲ့သည်။ သူ့တွင် ပါရမီရှိသော်လည်း သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်မသင့်တော် မလိုက်ဖက်ပေ။ သူကချီစုစည်းမှုအဆင့်ရှစ်ကိုမရောက်ရှိမီအထိ ထိုပြဿနာမှာ ပို၍ဆိုးရွားလာသည်။
တဖြည်းဖြည်းနှင့် ဂိုဏ်းကသူ့အား စိတ်ဝင်စားမှုလျော့နည်းလာပြီး သူ၏ထူးဆန်းသောကယ်တင်ရှင်ကပင် မည်သည့်အကူအညီမှမပေးတော့ပေ။ အလွန်ဆိုးဝါးကာ စိတ်ဆင်းရဲဖွယ်ကောင်းစွာ နှစ်များစွာကြာသည်အထိ သူက တစ်ကိုယ်တည်းအပတ်တကုတ် ဆက်လက်ကျင့်ကြံခဲ့ရသည်။
သူ၏ထူးဆန်းသောကယ်တင်ရှင်၏ဂိုဏ်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အလွန်ဝေးလံခေါင်ဖျားသောနေရာတွင်ဖြစ်ပြီး ထိုနေရာနှစ်ခုစလုံးအကြား အပြန်အလှန်သွားလာရန်အခက်တွေ့စေသောအခြားအရာများလည်းရှိသည်။ ထို့အပြင် သူကထာဝရတည်မြဲခြင်း ရှေးဟောင်းရတနာကိုတိုက်ရိုက်လုယူ၍ မရသေးပေ။ ထို့အတွက်ကြောင့် သူကသုံးကြိမ်သာပေါ်လာခဲ့ပြီး ထိုသုံးကြိမ်လုံးမှာ စိတ်အာရုံပြု၍ ရောက်လာခဲ့ခြင်းဖြစ်ကာ ထို့အတွက် တန်ဖိုးကြီးမားစွာ ပေးခဲ့ရသည်။
ပထမဆုံးအကြိမ်မှာ သူက ညမုဆိုး ၏ဝိညာဥ်နေရာအစားထိုးဖို့ စီစဥ်ပေးရန်အတွက် ရောက်လာခြင်းဖြစ်သည်။ ဒုတိယအကြိမ်မှာ လူလိမ် ညမုဆိုး အတွင်းစည်းဂိုဏ်းသား ဖြစ်လာချိန်မှာ ဖြစ်သည်။ ဂိုဏ်းမှာတိုးတက်လာမှုအခြေအနေနှင့်ပတ်သက်ပြီး ထူးဆန်းသောကယ်တင်ရှင်က နှစ်သက်ပုံမပေါ်ပေ။ သို့သော်လည်း ထာဝရတည်မြဲခြင်း ရှေးဟောင်းရတနာများအကြောင်း အသေးစိတ်ရှင်းပြမှုကို မရပ်တန့်ခဲ့ပေ။ သူက လူလိမ် ညမုဆိုး အားဆေးဖော်စပ်ရန်ပါဝင်ပစ္စည်းများပေးသောအခါ သူ၏လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှာ နောက်ဆုံးပါဝင်ပစ္စည်းကိုဆက်လက်ရှာဖွေမည့်အကြောင်းကိုပါ ရှင်းပြခဲ့သည်။
တတိယအကြိမ်ပေါ်လာသည့်အခါ လူလိမ် ညမုဆိုး မှာ မြေခဓားကမ္ဘာ သို့ မဝင်မီဖြစ်လေသည်။ သူက အကယ်၍အခြေခိုင်မာခြင်းအဆင့်သို့ မရောက်ခဲ့လျှင် မျက်နှာဖုံးကိုပြန်ပေးကာ သူလျှိုအလုပ်ကိုပါ စွန့်လွှတ်ရမည်ဖြစ်ကြောင်း ရှင်းပြလေသည်။
ထို့ကြောင့် လူလိမ် ညမုဆိုး မှာ သူ၏ရှေ့ဆက်လမ်းကြောင်းကို နက္ခတ်ပညာဖြင့်တွက်ချက်ခြင်းမှ လွဲ၍တခြားအားကိုးစရာမရှိတော့ပေ။ ထိုနောက်ပိုင်းအရာများက သမိုင်းအ ဖြစ်ကျန်ရစ်ခဲ့လိမ့်မည်…
“အဲဒီဂိုဏ်းက အရူးတွေနဲ့ ပြည့်နေတာလား ” ပိုင်ရှောင်ချန်းက လွှတ်ခနဲပြောလိုက်သည်။ “သူတို့ကမင်းကို ဘာကြောင့်မို့သူတို့ရဲ့သူလျှိုအဖြစ်ရွေးလိုက်ကြတာလဲ။ ဒါပြီးတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလည်း မင်းကိုဘယ်လိုကြောင့် သံသယမဝင်ရတာလဲ” သူ၏ထင်မြင်ချက်အရ ညမုဆိုး မှာ လိမ်ညာနေခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ထူးဆန်းသောဂိုဏ်းမှာ အရူးများနှင့်သာ ပြည့်နေခြင်းဖြစ်ပေမည်။ အမှန်တွင် ပိုင်ရှောင်ချန်းသတိမထားမိသောအခြားအချက်လဲ ရှိပါသေးသည်။ ထို ထူးဆန်းသောဂိုဏ်းမှာ ညမုဆိုး ၏ ဝိညာဥ်ကိုအစားထိုးရမည့်အစီအစဥ်ကိုအားကိုးရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိတော့သောကြောင့်ဖြစ်လေသည်။