Switch Mode

အခန်း ( ၁၇၈ )

မျက်နှာဖုံးစုတ်လေး...ကိုယ်တော်ပိုင်နဲ့ တူတူပုန်းတမ်း ကစားချင်နေတာလား

ပိုင်ရှောင်ချန်းသည် ကို့ရို့ကားယားနိုင်သည်ဟုထင်နေပြီး သူဘယ်လိုနေရာကိုဝင်ရောက်နေမိမှန်းစဥ်းစားမရဖြစ်နေသည်။

ခဏကြာပြီးနောက် မြူခိုးများနှင့်နောက်ကွယ်တွင်ရှိနေသောအရာများအကြောင်းကို ဆက်မတွေးရန်ဆုံးဖြတ်လိုက်သည်။ အသက်ကိုပြင်းပြင်းရှူလျက် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်လေသည်။

“ဒါကအရေးမကြီးဘူးလို့ငါထင်တယ်။ သေချာတာတစ်ခုက ဒီနေရာမှာငါ့ဉာဏ်အလင်းပွင့်တဲ့နှုန်းက မယုံနိုင်ဖွယ်ရာပဲ။ ငါ့အတွက်အကျိုးအမြတ်အများကြီးရနိုင်တယ်။” ခေါင်းကိုခါရမ်းလျက် သူ့ရင်ထဲမှထိတ်လန့်တုန်လှုပ်မှုများကိုငြိမ်သက်အောင်ကြိုးစားလိုက်သည်။

“ဒီနေရာမှာ အချိန်ကိုနေ့အလိုက်ခွဲဝေပေးထားတာဘာမှမထူးဆန်းဘူးပဲ။ နာရီအလိုက်ခွဲဝေပေးမယ်ဆိုရင်တောင်လက်ခံလို့ရသေးတယ်။ ဒီမှာရှိနေရတဲ့နေ့ရက်တိုင်းဟာ ကျင့်ကြံသူတိုင်းအတွက် ကြီးမားတဲ့အကျိုးအမြတ်တွေရဖို့အခွင့်အလမ်းတစ်ခုပဲ။” ရုတ်တရက် သူ့ကိုအရေးတကြီးခံစားမှုတစ်ခုက လွှမ်းမိုးသွားလေသည်။ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကိုကျင့်ကြံနေခဲ့သည်မှာသုံးရက်ကုန်လွန်သွားပြီဖြစ်ရာ သူ့အတွက်အချိန်ငါးရက်သာကျန်တော့ပေသည်။

“အချိန်ဖြုန်းနေလို့မဖြစ်ဘူး…” သူ၏ထည့်စရာအိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ချပ်ကိုထုတ်ယူလိုက်ပြီး စိတ်စွမ်းအင်အနည်းငယ်ကို ထည့်လိုက်သည်။ မကြာမီတွင် သူ၏စိတ်ထဲ၌စကားလုံးများပေါ်ထွက်လာပေသည်။

“ထာဝရကောင်းကင်ဘုရင်…” စိတ်လှုပ်ရှားမှုအပြည့်မျက်ဝန်းများဖြင့် သူကဆိုသည်။ ထိုကျောက်စိမ်းပေလွှာကို လွန်ခဲ့သောနှစ်ပေါင်းများစွာက သခင်္ျိင်းစောင့်အဘိုးအိုတစ်ယောက်ဆီမှရရှိခဲ့ခြင်းဖြစ်သည်။ ထိုပေလွှာသည် ထာဝရအပိုင်း၏ဒုတိယတွဲဖြစ်သော ထာဝရကောင်းကင်ဘုရင်ပင်ဖြစ်သည်။

ထာဝရအပိုင်း၏ပထမတွဲတွင် အရေပြား၏အစွမ်းကိုကျင့်ကြံနည်းများပါပြီး ထာဝရအရေပြားဟုခေါ်သည်။ ဒုတိယတွဲတွင် ခန္ဓာကိုယ်အစွမ်းကိုအဓိကထားဖော်ပြထားပြီး ထာဝရကောင်းကင်ဘုရင်ဟုခေါ်သည်။

ထာဝရအရေပြားကဲ့သို့ပင် ထာဝရကောင်းကင်ဘုရင်ကိုအဆင့်လေးဆင့်ခွဲခြားထားသည်။ သို့သော်လည်း ထိုအဆင့်များကို သံမဏိ၊ ကြေး၊ ငွေနှင့် ရွှေဟူ၍ ခွဲခြားမထားပေ။ ထိုအစား ထိုအဆင့်လေးဆင့်ကို ခန္ဓာကိုယ်အမျိုးအစားများအဖြစ်ခွဲခြားထားသည်။ ပထမအဆင့်သည် ဆင်ဆယ်ကောင်ဝိညာဥ် ခန္ဓာကိုယ်ဖြစ်သည်။ ဒုတိယအဆင့်သည် ဝိညာဥ်ဆယ်ကောင်ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်ဖြစ်သည်။ တတိယအဆင့်သည် နတ်ဆိုးဆယ်ကောင်အဇူရာ ခန္ဓာကိုယ်ဖြစ်သည်။ နောက်ဆုံးအဆင့်သည် ထာဝရကောင်းကင်ဘုရင်ခန္ဓာကိုယ်ဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုချင်းစီသည် အဆင့်အလိုက်ပိုမိုအစွမ်းထက်လာပြီး ထာဝရကောင်းကင်ဘုရင်ခန္ဓာကိုယ်သည်အစွမ်းအထက်ဆုံးဖြစ်သည်။ ၎င်းသည် ပထမအဆင့်ဖြစ်သော ဆင်ဆယ်ကောင် ဝိညာဥ် ခန္ဓာကိုယ်ထက် အဆတစ်ထောင်မျှပိုပြီးအစွမ်းထက်လေသည်။

ပိုင်ရှောင်ချန်းသည် ထိုအကြောင်းအရာများကိုသိရှိထားသည်မှာကြာပြီဖြစ်သော်လည်း ထာဝရအရေပြားကိုမကျွမ်းကျင်သေးသောကြောင့် ပိုမြင့်သောကျင့်ကြံခြင်းများကိုဆက်လုပ်၍မရပဲဖြစ်နေလေသည်။ ယခုမှပြန်၍ကြည့်ရှုလေ့လာမိသောအခါတွင်မူ ထာဝရကောင်းကင်ဘုရင်သည် ထိတ်လန့်ချောက်ချားဖွယ်ကောင်းလှပေသည်။

” ဆင်ဝိညာဥ် ခန္ဓာကိုယ်တွင်ရည်ညွှန်းထားသော ဆင်ဆိုသည်မှာ သာမန်သတ္တဝါမျိုးမဟုတ်ပေ။ ထိုဆင်များသည် ကမ္ဘာဦးကာလခန့်ကဧရာမဆင်ကြီးများဖြစ်ကာ သူတို့၏ပတ်ပတ်လည်တွင်မယုံကြည်နိုင်စရာဖိအားများထုတ်လွှတ်နေသည်။ သူတို့၏ခွန်အားသက်သက်ကပင် အစောပိုင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့်ကောင်းကောင်းယှဥ်နိုင်လေသည်။

“နဂါးလိုဆင်လိုအဏ္ဏဝါကျမ်းက ဆင်စွမ်းအားဆိုတာလည်း ဒီအတိုင်းပဲဖြစ်တယ်။ အခြေခိုင်မာခြင်းအဆင့်ကိုရောက်ပြီဆိုရင် ငါ့အပြင်အားက အဲ့ဒီဆင်ကြီးတွေရဲ့အားလိုမျိုးဖြစ်လာမှာပဲ။”

” ဝိညာဥ်ခန္ဓာကိုယ် ဆိုတာကကျတော့ ထာဝရကောင်းကင်ဘုရင်ရဲ့သတင်းအချက်အလက်တွေထဲမှာဖော်ပြထားတာက… ဆင်ကြီးတွေကိုတစစီဆုတ်ဖြဲပစ်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အကောင်တစ်ကောင် ဒဏ္ဍာရီထဲမှာရှိခဲ့ဖူးတယ်။ အဲဒီအကောင်က တစ်ကယ်တမ်းတော့ ကြောက်မက်ဖွယ်ရာခန္ဓာကိုယ်ရှိတဲ့ဝိညာဥ်သားရဲတစ်ကောင်ပဲဖြစ်တယ်။” သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်နှင့်ပက်သတ်၍ ထာဝရကောင်းကင်ဘုရင်မှသတင်းအချက်အလက်များသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြစ်နေပေသည်။

“အခြေခံအားဖြင့်ဆိုရင် ငါသာထာဝရကောင်းကင်ဘုရင်ရဲ့ပထမအဆင့်ကိုကျင့်ကြံမယ်ဆိုရင် အဆုံးမှာငါ့အပြင်အားက လက်ရှိထက်ဆယ်ဆသန်မာလာလိမ့်မယ်။ အဲဒီစွမ်းအားဟာ ဒုတိယအဆင့်မှာရှိတဲ့ ဝိညာဥ်တစ်ကောင်ရဲ့စွမ်းအားနဲ့ညီမျှတယ်။အဲ့လို ဝိညာဥ် ဆယ်ကောင်ရဲ့စွမ်းအားနဲ့သာဆိုရင် ငါက ကောင်းကင်နတ်ဆိုးအဆင့်ထိတက်သွားလိမ့်မယ်။”

“သတင်းအချက်အလက်တွေအရတော့ ကောင်းကင်နတ်ဆိုးတွေဟာလည်း ကြောက်မက်ဖွယ်ခန္ဓာကိုယ်တွေရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေပဲ။ သူတို့က ဝိညာဥ်သားရဲ တွေကိုအမဲလိုက်ပြီးစားသုံးလေ့ရှိတယ်။”

” အဇူရာ တွေက ကောင်းကင်နတ်ဆိုးတွေထက်ဆယ်ဆလောက်စွမ်းအားကြီးတယ်။ ပြီးတော့ ဒဏ္ဍာရီတွေအရဆိုရင် သူတို့ဟာကောင်းကင်နတ်ဆိုးတွေကိုအသာအယာပဲချေမွပစ်နိုင်တယ်။ ဒီအတိုင်းသာဆိုရင် ထာဝရကောင်းကင်ဘုရင်ဟာ အဇူရာ ထက်ဆယ်ဆလောက် စွမ်းအားကြီးတဲ့ပုံပဲ။”

ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝင်းလက်တောက်ပနေသည်။ သူသည် ထာဝရအရေပြား၏အကျိုးကျေးဇူးများကိုကိုယ်တွေ့ကြုံဖူးပြီးဖြစ်ရာ ထာဝရကောင်းကင်ဘုရင်နှင့်ပက်သတ်၍ အတော်လေးစိတ်လှုပ်ရှားနေသည်။ ထာဝရကောင်းကင်ဘုရင်နှင့် ထာဝရရွှေအရေပြားတို့ကိုပေါင်းစပ်လိုက်ပါက မည်သို့မည်ပုံဖြစ်ပေါ်လာမည်ကိုပါ စိတ်ကူးယဥ်ကြည့်ပြီးဖြစ်သည်။ သူသည်ထာဝရမသေပဲရှိနေမည်မဟုတ်သော်လည်း သတ်ဖို့ရန်တော့အတော်ခက်ခဲသွားမည်ဖြစ်သည်။

“ထာဝရကောင်းကင်ဘုရင်စာအုပ်တွဲက ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကြီးထွားသန်မာလာစေတယ်။ ငါသာ အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့ရင် ကောင်းကင်ရဲ့အောက်မှာ ငါ့ကိုသတ်နိုင်မယ့်အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူကိုရှာတွေ့နိုင်ဖို့ရာလုံးဝခဲယဥ်းသွားပြီ။” ထို့နောက် သူသည်မျက်လုံးကိုလျင်မြန်စွာမှိတ်လိုက်ပြီး ထာဝရကောင်းကင်ဘုရင်၏ပထမအဆင့်ကို စတင်ကျင့်ကြံလိုက်လေတော့သည်။

ထိုအရာသည် လွယ်တော့မလွယ်ကူလှပေ။ သက်စောင့်စွမ်းအင်အများအပြားကိုလိုအပ်ခြင်းမှာ အခက်အခဲတစ်ခုဖြစ်လေသည်။ ထာဝရအပိုင်း၏ပထမတွဲကိုကျင့်ကြံစဥ်ကလိုအပ်ချက်များသည် ယခုဟာနှင့်ယှဥ်လျှင်ဘာမှမပြောပလောက်ပေ။ အနည်းငယ်မျှကျင့်ကြံပြီးနောက်တွင် ပိုင်ရှောင်ချန်းသည်ပင်ပန်းအားလျော့လာသောကြောင့် အလျင်အမြန်ရပ်တန့်လိုက်ရလေသည်။

“သက်စောင့်စွမ်းအင်တွေတော်တော်များများအသုံးချလိုက်ရပါလား။ သတိမထားလိုက်မိလို့ကတော့ အခုလောက်ဆိုဘဝပျက်နေလောက်ပြီ…။” သက်စောင့်စွမ်းအင်များခမ်းခြောက်သွားမည့်အဖြစ်ကိုတွေးမိပြီး ကြောက်ရွံ့မှုကြောင့်တုန်လှုပ်နေလေသည်။ သို့သော်လည်း သူသည် လွယ်လွယ်လေးအရှုံးမပေးလိုပေ။ ပထမအဆင့်ကိုအောင်မြင်အောင်ကျင့်ကြံနိုင်ပါက ရရှိလာမည့်နတ်ဘုရားစွမ်းရည်များကိုသူလုံးဝလက်မလွှတ်လိုပေ။

” တောင်ဖြိုသိုင်း…” အသက်ပြင်းပြင်းရှူလျက်သူတွေးနေလိုက်သည်။ လျှို့ဝှက်နယ်မြေမှထွက်ခွာပြီးလျှင် သူသည်ဆေးလုံးများဖော်စပ်ကာ သက်စောင့်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းပေးနိုင်သောအဖိုးတန်ပစ္စည်းများကိုသိုလှောင်ထားမည်ဟု ရုတ်တရက်တွေးလိုက်မိသည်။ မည်မျှပင်ခက်ခဲနေသည်ဖြစ်စေ ထာဝရကောင်းကင်ဘုရင်ကိုသူကျင့်ကြံရမည်။

အတိုချုံးတွက်ချက်ကြည့်ပြီးနောက် သူ့တွင်အချိန်သုံးရက်ခန့်ကျန်နေသေးသည်။ သူသည်ထပ်မံတုံ့ဆိုင်းမနေပဲ သံလိုက်အတောင်ပံ များကို သူ၏ကျောမှဖြုတ်ယူလိုက်ပြီး အသေအချာလေ့လာကြည့်ရှုလိုက်လေသည်။ အတောင်ပံများ၏အလယ်တည့်တည့်တွင် ပုလဲလုံးတစ်လုံးရှိနေသည်။ ထိုပုလဲလုံးကို မြောက်ပိုင်းဂိုဏ်းမှနေ၍ ကာမအားတိုးဆေးလုံးနှင့်အလဲအလှယ်လုပ်ခဲ့ခြင်းဖြစ်သည်။ သံလိုက် ပုလဲဟုခေါ်သည်။

ယန်ဝေ့တောင်မှ တောင်ထိပ်သခင်၏ပြောစကားအရဆိုလျှင် အကယ်၍ ပုလဲလုံးက သူ့ကံကြမ္မာနှင့်သက်ဆိုင်နေခဲ့လျှင် မြေတွန်းအားနှင့်ပတ်သက်သည့် နတ်ဘုရားစွမ်းအင်ကို ဉာဏ်အလင်းပွင့်သွားလိမ့်မည်။

ထိုကိစ္စကိုယခင်ကလည်း သူစဥ်းစားကြည့်ခဲ့ဖူးသော်လည်း ယခုမျှလောက်ခရီးမရောက်ခဲ့ပေ။ ဤနေရာတွင်ဆက်နေရန်လည်းသုံးရက်သာကျန်တော့သည်ဖြစ်ရာ သူသည်ထပ်မံလေ့လာကြည့်လိုက်လျှင်ကောင်းမည်ဟုတွေးလိုက်မိသည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားကာ လျှို့ဝှက်နယ်မြေထဲတွင်နေထိုင်ရန်အချိန် ရှစ်နာရီသာကျန်တော့ပေသည်။ သို့သော် သူသည်လက်မလျှော့သေးပေ။မြေဆွဲအားနှင့် တွန်းကန်အားများအကြောင်း ဉာဏ်အလင်းအပြည့်မရသေးသော်လည်း ပုလဲ၏သံလိုက်စွမ်းအားများအကြောင်း ပို၍သဘောပေါက်နားလည်နေပြီဖြစ်သည်။

ယခုအခါသူသည် ဆွဲအားရောတွန်းအားပါ ပါဝင်သည့်ထူးဆန်းသောစွမ်းအားတစ်ရပ်ကိုထုတ်လွှတ်နိုင်နေပြီဖြစ်ပြီး ထိုအားများပေါင်းစည်းသွားသောအခါ လေထဲတွင်ပုလဲလုံးပုံစက်ဝန်းတစ်ရပ်ဖြစ်ပေါ်လာစေသည်။

ပုလဲပုံသည် ပုံရိပ်မျှသာဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိလေထုအပေါ်သက်ရောက်မှုရှိပြီး လေထုကိုတွန့်လိမ်ပုံပျက်သွားစေသည်။ ထိုပုလဲထဲသို့ ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်များထည့်လိုက်သောအခါတွင်မူ ပင်လယ်နက်ထဲကျသွားသောကျောက်ခဲကဲ့သို့ စိတ်စွမ်းအင်များပျောက်ကွယ်ကုန်လေသည်။ သို့ရာတွင် စိတ်တန်ခိုးစွမ်းအင်များလောင်းထည့်ခြင်းကိုရပ်တန့်လိုက်သောအခါတွင်မူ ပုလဲထဲသို့လောင်းထည့်ထားသောစွမ်းအင်များတဝုန်းဝုန်းနှင့်ပြန်လည်ထွက်ပေါ်လာလေသည်။ ထိတ်လန့်တုန်လှုပ်သွားပြီး ပုလဲလုံးသည် စက်ဝန်းအသွင်ဟန်ချက်ညီအောင်ထိန်းသိမ်းထားကြောင်းသိလိုက်ရသည်။ ပုလဲသည် မျိုးတူရာစုနေသည့် လှိုဏ်ခေါင်းသဖွယ်ဖြစ်နေပေသည်။

ထို့တိုင်အောင် သူသည်ဆွဲငင်ခြင်းနှင့်တွန်းကန်ခြင်းစွမ်းအားများကို မထုတ်လွှတ်နိုင်သေးပေ။ အကယ်၍ နောင်တစ်ချိန်တွင်သာ ထိုကိစ္စအောင်မြင်ခဲ့ပါမူ သူသည် သံလိုက် စွမ်းအားအစစ်အမှန်နှင့် ထိတွေ့နိုင်မည်ဖြစ်သည်။

“စိတ်မကောင်းစရာပဲ…။ ငါသာဒီနေရာမှာထပ်နေလို့ရဦးမယ်ဆိုရင် လျှို့ဝှက်ချက်ကိုသေချာပေါက်ဖော်ထုတ်နိုင်မှာပဲ။” သက်ပြင်းချလျက် အတောင်ပံများကိုပြန်သိမ်းလိုက်ပြီး ကျန်သောရှစ်နာရီကိုရွှယ်ကျဲကော်တုကျင့်ကြံနေလိုက်သည်။

ရှစ်နာရီပြည့်သောအခါတွင် သူ့ပတ်ပတ်လည်ရှိလေသည်လှုိင်းများထလာပြီး သူဘာမှမလုပ်နိုင်သေးခင်မှာပင် ဘေးပတ်လည်ရှိအရာအားလုံးပြိုကျကုန်လေသည်။ တဝုန်းဝုန်းအသံများနှင့်အတူ ရေဝဲတစ်ခုပေါ်လာပြီး ပိုင်ရှောင်ချန်းကိုစုပ်ယူသွားလေတော့သည်။

ပျောက်ကွယ်သွားပြီးနောက် တာအိုသစ်စေ့တောင်ပေါ်ရှိ လျှို့ဝှက်နယ်မြေသို့အဝင်ဝသို့ပြန်ရောက်လာခဲ့သည်။ သူသည်ရုတ်တရက်စိတ်ရှုပ်ထွေးလာသည်။ လျှို့ဝှက်နယ်မြေထဲတွင်ရှိနေစဥ်က သူ၏စိတ်သည်မကြုံစဖူးကြည်လင်နေသည်။ သူ၏အတွေးများသည် အကန့်အသတ်မရှိခြေဦးတည့်ရာသွားနေနိုင်သည်။ ယခုအခါတွင်မူ သူသည်ပုံမှန်ပြန်ဖြစ်နေပြီး ရေထဲအနှစ်ခံလိုက်ရသလိုခံစားနေရသည်။ သူသည် လုံးဝစိတ်ရှုပ်ထွေးနေသည်။

ဂိုဏ်းစောင့်အကြီးအကဲသည် မျက်လုံးဖွင့်ပြီးပိုင်ရှောင်ချန်းကိုကြည့်လိုက်ရာ ချက်ချင်းပင်တုန်လှုပ်သွားလေသည်။ ပိုင်ရှောင်ချန်းသည် လွန်ခဲ့သောရှစ်ရက်ကနှင့်လုံးဝမတူခြားနားနေသည်။ သူ၏စွမ်းအားများသည် အဘက်ဘက်မှအားကောင်းလာသည်ဟုထင်ရပေသည်။

အဘိုးအိုသည်အသိအမှတ်ပြုသည့်အနေဖြင့်ခေါင်းငြိမ့်လိုက်ပြီး “လူတွေဟာ လျှို့ဝှက်နယ်မြေထဲကိုပထမဆုံးရောက်ဖူးပြီးနောက် နေသားကျအောင်ပြန်ညှိဖို့ခက်ခက်ခဲခဲကြိုးစားကြရတယ်။ ရက်အနည်းငယ်လောက်တရားကျင့်လိုက်ရင် အဆင်ပြေသွားမှာပါ။”

ထိုသို့ပြောပြီး သူ၏မျက်လုံးများကိုပြန်မှိတ်လိုက်လေသည်။

ပိုင်ရှောင်ချန်းသည် ခြေလက်များကိုပြန်၍လှုပ်ရှားနိုင်ရန်ပင်အချိန်အတော်ယူလိုက်ရသည်။ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် သူသည်ဂိုဏ်းစောင့်အကြီးအကဲကိုလက်နှစ်ဘက်ယှက်၍အရိုအသေပေးလိုက်ပြီး ထွက်ခွာခဲ့လေသည်။

သူ၏အင်မော်တယ်ဂူသို့ပြန်ရောက်သောအခါ သူသည်ရေကန်ဘေးတွင်ထိုင်လျက် သူ့ကိုယ်သူနေသားကျအောင်လေ့ကျင့်နေလေသည်။ တစ်ချိန်ထဲမှာပင် လျှို့ဝှက်နယ်မြေထဲတွင် တွေ့ကြုံခဲ့ရသည်များကိုပြန်လည်မြင်ယောင်မိနေသည်။ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

“ငါသာ အဲ့နေရာမှာဉာဏ်အလင်းကိုရက်အနည်းငယ်လောက်ထပ်ရှာနိုင်ခဲ့ရင်…။ အဲ့မှာကျင့်ကြံရတာက ပျော်ရွှင်ဖွယ်ရာကောင်းလှပတယ်။ ဘယ်လိုနေရာမျိုးပါလိမ့်…။ အတော်ကိုဆန်းကြယ်တဲ့နေရာပဲ။” သူသည်ခေါင်းကိုခါယမ်းလိုက်သည်။ လျှို့ဝှက်နယ်မြေထဲသို့ဝင်ရောက်နိုင်ရန်စွမ်းဆောင်မှုရမှတ်များကို အသုံးပြု၍ရသော်လည်း ပိုင်ရှောင်ချန်း၏လက်ရှိစွမ်းဆောင်မှုရမှတ်များနှင့်ဆိုလျှင် နာရီအနည်းငယ်သာဝင်ခွင့်ရပေမည်။

သူသည် စိတ်မသက်မသာဖြစ်နေရာ ကျင့်ကြံရန်အတွက်စိတ်ကိုကြည်လင်အောင်လုပ်၍မရဖြစ်နေလေသည်။ ခေတ္တတွေးတောလိုက်ပြီးနောက်တွင် သူ၏ထည့်စရာအိတ်ကိုကြိုးဖြည်လိုက်လေသည်။

ထည့်စရာအိတ်သည် အမျိုးမျိုးသောပစ္စည်းများဖြင့်ပြည့်နှက်နေသည်။ မြေခဓားကမ္ဘာထဲတုန်းက ရရှိခဲ့သောပစ္စည်းများလည်း အများအပြားပါဝင်ပေသည်။ ယခုအချိန်အထိ ထိုပစ္စည်းများကိုစနစ်တကျမသိမ်းဆည်းရသေးပေ။ အိတ်ကိုဖွင့်လိုက်သောအခါ မရေမတွက်နိုင်သောဝိညာဥ်ကျောက်တုံးများနှင့်မှော်ပစ္စည်းများတွေ့လိုက်ရလေသည်။

အားလုံးကိုစနစ်တကျထုတ်လိုက်သောအခါ ပုလင်းများနှင့်သေတ္တာဒါဇင်ပေါင်းများစွာတွေ့လိုက်ရသည်။ တချို့ထဲတွင် ဆေးလုံးများပါရှိပြီး တချို့ထဲတွင် သူမမြင်တွေ့ဖူးသောပစ္စည်းများပါဝင်လေသည်။ အခြားဂိုဏ်းများတွင်လည်းအထူးပြုနယ်ပယ်အများအပြားရှိကြလေရာ သူတို့ထံမှရသောပစ္စည်းများကို အကုန်သိဖို့ရန်မှာအကန့်အသတ်ရှိပေသည်။

“ဒါက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စိတ်စွမ်းအင်ဆေးဝါးလား…။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ဆေးဝါးဖော်စပ်နည်းတွေဟာလည်း စိတ်ဝင်စားစရာပဲ။”

“ဒါက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကထင်တယ်…။ လက်သည်းလိုလိုဘာလိုလိုနဲ့…”

“ဒါကဘာလေးလဲ…။ စေးကပ်ကပ်နဲ့…။” ခေါင်းကိုခါရမ်းလိုက်ကာ သွေးရောင်ကျောက်စိမ်းသေတ္တာဆီသို့လျှောက်သွားလိုက်လေ၏။ သေတ္တာကိုဖွင့်လိုက်သောအခါ မီးစွမ်းအားတစ်ခုပေါက်ကွဲထွက်လာလေသည်။

အစက သူသည်သိပ်အထင်မကြီးသော်လည်း အနီးကပ်လေ့လာကြည့်လိုက်သောအခါ မျက်လုံးများပြူးသွားလေသည်။ မှင်တက်လျက် ကျောက်စိမ်းသေတ္တာအတွင်းရှိ မီး၏လျှာကိုအနီးကပ်ကြည့်ရှုလိုက်မိလေ၏။

ထိုမီးသည် သာမန်မီးတောက်တစ်ခုမဟုတ်ပေ။ မီးသည် သေတ္တာအောက်ခြေရှိပစ္စည်းတစ်ခုမှထွက်ပေါ်လာနေသည်ဖြစ်ပြီး ထိုပစ္စည်းသည် အရွက်များတွင်အရောင်လေးရောင်ပါသောအင်မော်တယ်မြက်ဖြစ်သည်။ အရွက်များပေါ်ရှိအရောင်လေးရောင်ကြောင့်ပင် မြက်ပင်မှထွက်လာသောမီးတောက်သည်အရောင်လေးရောင်ရှိနေပေရာ လွန်စွာထူးဆန်းသည့်ပုံပေါ်နေပေသည်။

ပိုင်ရှောင်ချန်းသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး နှလုံးခုန်ပင်မြန်လာလေသည်။ ထပ်မံ၍အနီးကပ်လေ့လာလိုက်ပြီးနောက် သူ၏မူလထင်မြင်ချက်ကိုအတည်ပြုလိုက်နိုင်သည်။ “အရွက်လေးရွက်နဲ့အင်မော်တယ်မြက်ပဲ။ လေးေရာင်ခြယ်မီးတောက်ကိုထုတ်ပေးနိုင်တဲ့ ရှားပါးပစ္စည်းတစ်ခုပဲ။”

“အရွက်သုံးရွက်အင်မော်တယ်မြက်ပင်ပေါင်းတစ်သိန်းလောက်မှာမှတစ်ခုပါတဲ့ ရှားပါးမျိုးကွဲတစ်ခုပဲ။ အရွက်လေးရွက်ပါတဲ့အင်မော်တယ်မြက်ဟာ လေးရောင်ခြယ်မီးတောက်ကိုထုတ်နိုင်တယ်…။” ပိုင်ရှောင်ချန်း၏မျက်လုံးများ အရောင်တောက်လာလေသည်။ သူ၏ထည့်စရာအိတ်ထဲတွင် ထိုကဲ့သို့သောပစ္စည်းမျိုးရောက်နေလိမ့်မည်ဟု စိတ်တောင်မကူးဖူးပေ။

အခြားဂိုဏ်းများမှဂိုဏ်းသားများအတွက်မူ ထိုပစ္စည်းသည်ဆေးဝါးဖော်စပ်ရန် သို့မဟုတ် ကျင့်ကြံခြင်းပြုလုပ်ရန်အထောက်အကူဖြစ်စေသော ပစ္စည်းတစ်ခုဖြစ်ပေလိမ့်မည်။ သို့သော် ပိုင်ရှောင်ချန်းအတွက်တော့ ထိုပစ္စည်းသည် အဖိုးတန်ရတနာတစ်ပါးပင်ဖြစ်သည်။

သူသည် လိပ်ဒယ်အိုးကိုအချိန်အတော်ကြာအသုံးမပြုဖြစ်ခဲ့ပေ။ လေးရောင်ခြယ်မီးတောက်အတွက်လောင်စာသည်အလွန်ရှားပါးပြီး ဂိုဏ်းထဲတွင်ရှာဖွေရန်ခက်ခဲသောကြောင့်ဖြစ်သည်။

အရွက်လေးရွက်ရှိသောအင်မော်တယ်မြက်ကိုကြည့်နေစဥ်မှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ဆီမှရခဲ့သော ပစ္စည်းတစ်ခုကိုအမှတ်ရလိုက်မိသည်။ မြေခဓားကမ္ဘာတုန်းက ကောင်းကင်စီးကြောင်းစွမ်းအင်အတွက်သူ့ကိုဝိုင်းဝန်းတိုက်ခိုက်ကြရာ ဂိုဏ်းသားအားလုံးကိုတော့မမှတ်မိလိုက်ပေ။ သို့ရာတွင် အထင်ကြီးစရာဂိုဏ်းသားတစ်ယောက်ရှိပေသည်။ အသတ်ခံလိုက်ရပြီးနောက် မျက်နှာဖုံးအသွင်ပြောင်းပြီးထွက်ပြေးသွားသောဂိုဏ်းသားဖြစ်သည်။

“ဟုတ်သား… သူ့ကိုမှတ်မိပြီ။” ပိုင်ရှောင်ချန်းမျက်လုံးများအရောင်လက်လျက် စဥ်းစားနေသည်။ သူသည် ထိုမျက်နှာဖုံးကိုဖမ်းဆုပ်ပြီးနင်းချေပစ်ဖို့ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမျက်နှာဖုံးကိုအလျင်အမြန်ပိတ်လှောင်လိုက်ပြီး သူ၏ထည့်စရာအိတ်ထဲသို့ပစ်ထည့်ခဲ့လေသည်။

သို့ရာတွင် အချိန်အတော်ကြာရှာဖွေပြီးသောအခါ မျက်နှာဖုံးကိုရှာဖွေ၍မရဖြစ်နေပေသည်။

“မဖြစ်နိုင်တာ…” လျှို့ဝှက်နယ်မြေမှပြန်လာခဲ့ပြီးနောက် စိတ်မသက်မသာဖြစ်နေခြင်းကိုလျစ်လျူရှုကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုသုံးလျက် နောက်တကြိမ်နှံ့နှံ့စပ်စပ်ရှာဖွေလိုက်သည်။

“ငါအမှတ်မှားနေတာတော့မဟုတ်လောက်ပါဘူး။ ထည့်စရာအိတ်ထဲကို သေသေချာချာပစ်ထည့်လိုက်တာပါ။ အဲဒီမျက်နှာဖုံးက မှော်ရတနာပစ္စည်းတစ်ခုဖြစ်ပြီးတော့ သူ့ကိုရှာမတွေ့အောင်ပုန်းနေတာဖြစ်ရမယ်။” သူ၏မျက်လုံးများသည်စိတ်ဝင်စားမှုကြောင့်တောက်ပနေသည်။

ခေါင်းကိုမော့လျက်သူက ” ကိုယ်တော်ပိုင်နဲ့ တူတူပုန်းတမ်းလာကစားနေရအောင် မင်းကိုယ်မင်းဘာမှတ်နေသလဲ မျက်နှာဖုံးစုတ်။ ကိုယ်တော်ပိုင်က မင်းလိုမျက်နှာဖုံးလေးကို လက်ဖျောက်တချက်တီးရုံနဲ့အမှုန့်ကြိတ်ပစ်လို့ရတယ်ကွ…။” ဟုအော်ဟစ်ကြိမ်းဝါးနေလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset