ကျောက်စိမ်းပုလင်းကို သူ၏အင်မော်တယ်ဂူသို့ပြန်ယူသွားမည့်အစား လက်ရွေးစင်တိုက်ပွဲများတွင်ရရှိခဲ့သောလျှို့ဝှက်နယ်မြေသို့ဝင်ခွင့်ကို အကျိုးရှိရှိအသုံးချရန် အချိန်ခဏပေး၍စဥ်းစားနေလိုက်၏။
လျှို့ဝှက်နယ်မြေထဲတွင် လျှို့ဝှက်မှော်ပညာများအပြင် သူ၏ကိုယ်ပိုင်ပညာရပ်များကိုလည်း ဥာဏ်အလင်းပွင့်ရန် ကျင့်ကြံနိုင်လေသည်။ ပိုင်ရှောင်ချန်းနားမလည်နိုင်သော်လည်း ထူးဆန်းပြီးပဟေဠိဆန်သောတစ်စုံတစ်ခုကြောင့် လျှို့ဝှက်နယ်မြေထဲတွင်ကျင့်ကြံအားထုတ်ရသည်မှာ ပို၍လွယ်ကူစေလေသည်။
ချီစုစည်းမှုအဆင့်တွင် ပညာရပ်များသည်အကန့်အသတ်ရှိသည်ဖြစ်ရာ အခြေခိုင်မာခြင်းအဆင့်သို့ရောက်မှသာလျှို့ဝှက်နယ်မြေထဲသို့ဝင်ကြည့်သင့်ပေသည်။ ထို့အပြင် ရွှေအမြုတေအဆင့်သို့သေချာပေါက်ရောက်လိမ့်မည်ဟု ဘယ်သူမှတထစ်ချမယုံကြည်ကြပေ။ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိနေသောပိုင်ရှောင်ချန်းပင်လျှင် ထိုအဆင့်ကိုရောက်ရန်တထစ်ချမယုံကြည်ရဲသေးပေ။
သို့ဖြစ်ရာ ရွှေအမြုတေအဆင့်ကိုရောက်မှ ဝင်ရောက်မည်ဆိုလျှင် သိပ်၍အဆင်မပြေလှ။
လျှို့ဝှက်နယ်မြေသို့ဝင်ရောက်ရာတံခါးပေါက်သည် တာအိုသစ်စေ့တောင်ပေါ်ရှိလျှို့ဝှက်သောနေရာတစ်ခုတွင်ရှိပေသည်။ ပိုင်ရှောင်ချန်းသည် ဝင်ပေါက်ကိုစောင့်ကြပ်ကြည့်ရှုနေသော ဂိုဏ်းစောင့်အကြီးအကဲထံသို့ ကျောက်စိမ်းပေလွှာကိုကမ်းပေးလိုက်ရာ တစ်ခေါင်းလုံးဖွေးဖွေးစွတ်နေသောအဖိုးအိုသည် ထူးဆန်းသောအကြည့်ဖြင့်သူ့ကိုကြည့်နေလေ၏။
ပိုင်ရှောင်ချန်းသည် ထိုသို့အကြည့်ခံလိုက်ရသောအခါ မယုံနိုင်ဖွယ်ရာဖိအားများကိုခံစားလိုက်ရသည်။ ထိုဖိအားများသည် ပိုင်ရှောင်ချန်းချီစုစည်းမှုအဆင့်ဂိုဏ်းသားဘဝက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်က သူ့ကိုကြည့်လိုက်သောအခါခံစားလိုက်ရသည့်ဖိအားနှင့်အတူတူပင်ဖြစ်သည်။ သူသည် ခေါင်းမော့ရင်ကော့၍နေလိုက်လေသည်။
“လက်ရွေးစင်တိုက်ပွဲတွေမှာ မင်းပထမရခဲ့တာပဲ…” အဘိုးအိုကဆိုသည်။
“အဲဒီအတွက် မင်းမှာဉာဏ်အလင်းရဖို့တစ်ရက်အချိန်ရမယ်…။ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ရောက်ခဲ့လို့ သုံးရက်အချိန်ရမယ်…။ မွှေးရနံ့တိမ်တောင်ရဲ့ဂိုဏ်းချုပ်သခင်လီချင်းဟောက်က သူ့ရဲ့အရင်ကလက်ကျန်အချိန်နှစ်ရက်ကို မင်းကိုပေးခဲ့တယ်…။ ဂိုဏ်းခေါင်းဆောင်က မင်းကိုအချိန်နှစ်ရက် ဆုအဖြစ်ပေးလိုက်တယ်…။” ထိုစကားများကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးသွားလေသည်။
လီချင်းဟောက်နှင့် ကျိန်းယွမ်သုန်တို့က လျှို့ဝှက်နယ်မြေအတွက်အချိန်များပေးလိုက်ခြင်းကို ယခုမှသိလိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့အချိန်ကန့်သတ်ချက်များရှိနေမှန်း သူမသိခဲ့ပေ။ ရက်အနည်းငယ်မျှနှင့် ဉာဏ်အလင်းရရန်အချိန်မလုံလောက်နိုင်ပေ။
“စုစုပေါင်းအချိန်ရှစ်ရက်ရမယ်…။” အဘိုးအို၏ညာလက်သည် မန္တန်လက်ကွက်ဖော်လိုက်ပြီး သူ၏လက်ချောင်းများကို အနီးရှိကျောက်တုံးကြီးဆီသို့ဝှေ့ယမ်းလိုက်လေ၏။ ကျောက်တုံးကြီးတရွေ့ရွေ့ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံကဲ့သို့တဝုန်းဝုန်းအသံများပေါ်ထွက်လာရာ ပိုင်ရှောင်ချန်းထိတ်လန့်တုန်လှုပ်သွားလေ၏။ ကျောက်တုံးကြီးသည် အံ့သြထိတ်လန့်ဖွယ်ရာမီတာသုံးဆယ်ခန့်မြင့်သော ဂိုလမ် ( ကျောက်ဘီလူးကြီး ) အဖြစ်သို့ပြောင်းလဲသွားလေ၏။ ထိုသတ္တဝါသည်ခေါင်းကိုနောက်ပစ်၍အူလိုက်ပြီး လက်နှစ်ဘက်ကိုဆန့်တန်းကာလေကိုနှစ်ခြမ်းခွဲလိုက်လေ၏။
ခဏကြာသောအခါ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာလေသည်။
“မင်းဘာကိုစောင့်နေတာလဲ…။” ဂိုဏ်းစောင့်အကြီးအကဲကဆိုသည်။ အဘိုးအိုသည် အေးအေးဆေးဆေးပြောလိုက်သော်လည်း သူ့အသံသည်မိုးခြိမ်းသကဲ့သို့ ပဲ့တင်ထပ်သွားလေ၏။ ပိုင်ရှောင်ချန်းသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဘက်ကိုယှက်၍အရိုအသေပေးကား အက်ကွဲကြောင်းထဲသို့ပျံသန်းပျောက်ကွယ်သွားလေ၏။
ခဏအကြာတွင် အက်ကွဲကြောင်းပျောက်ကွယ်သွားကာ ဂိုလမ်ကြီး ( ကျောက်ဘီလူးကြီး ) သည် ကျောက်တုံးကြီးပြန်ဖြစ်သွားလေ၏။ ထို့နောက် ဂိုဏ်းစောင့်အကြီးအကဲသည် မျက်လုံးများမှိတ်၍တရားကျင့်နေလေ၏။
ပိုင်ရှောင်ချန်းသည် မီးခိုးရောင်အတိဖြစ်နေပြီးထူးထူးဆန်းဆန်းကမ္ဘာတစ်ခုထဲတွင် ပြန်ပေါ်လာလေ၏။ ဘေးဘီကိုလှည့်ပတ်ကြည့်ရှုလိုက်သောအခါ ယခင်ကသူရပ်နေခဲ့သောနေရာတွင်ပင်ရှိနေသေးကြောင်း သူသိလိုက်ရလေ၏။
ကျောက်တုံးကြီးကိုသူမြင်တွေ့နေရသော်လည်း ဂိုဏ်းစောင့်အကြီးအကဲတော့မရှိတော့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုသူမြင်တွေ့နေရသော်လည်း သက်ရှိသတ္တဝါတစ်ကောင်တစ်လေမှမရှိတော့ပေ။ ခဏအကြာတွင် သူသည် လေပေါ်သို့ပျံတက်လိုက်ပြီးဝေ့ဝဲကြည့်ရှုလိုက်လေ၏။
“ဒါဟာ…” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် သူသိခဲ့သောစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းပင်ဖြစ်သည်။ သို့ရာတွင် အဆောက်အဦများထဲ၌ လူတစ်ယောက်တစ်လေမှ မမြင်တွေ့ရပေ။
လူသူကင်းမဲ့နေသည်ဟူသောခံစားချက်သည် ပိုင်ရှောင်ချန်းကိုထိတ်လန့်တုန်လှုပ်သွားစေ၏။ ကောင်းကင်တံတားမြစ်တစ်ခုလုံးခမ်းခြောက်နေသည်ကိုတွေ့လိုက်ရသောအခါတွင်မူ သူ၏ဦးခေါင်းတစ်ခုလုံးကျဥ်တက်လာလေ၏။
“လျှို့ဝှက်နယ်မြေဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်…။” သူ့စိတ်ထဲတွင် မသက်မသာဖြစ်နေသော်လည်း အကြောင်းရင်းတော့မရှိပေ။ ထို့နောက် သူသည် တာအိုသစ်စေ့တောင်၏ထိပ်ဆုံးသို့ရောက်အောင်သွားလိုက်လေ၏။ သာမန်အချိန်ဆိုလျှင်ထိုနေရာသို့ သူသွားခွင့်ရှိမည်မဟုတ်ပေ။
ထိုထိပ်ဖျားနေရာမှနေ၍ သူ့ပတ်ဝန်းကျင်ရှိကမ္ဘာကြီးတစ်ခုလုံးကိုလှမ်းမြင်နေရလေသည်။ သို့သော်လည်း နေရာတိုင်းတွင်မီးခိုးရောင်အခိုးအငွေ့များပြည့်နှက်နေရာ အဝေးရှိအရာများကိုကောင်းစွာမမြင်ရပေ။
“ဒါကဘာကိုဆိုလိုတာလဲဆိုတာ ငါတွေးတောင်မတွေးချင်ဘူး…။ ဒီနေရာမှာကျင့်ကြံရင် ပညာရပ်တွေကိုပိုပြီးလွယ်လွယ်ကူကူအောင်မြင်စေတယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့…။” စိတ်မသက်မသာဖြစ်နေသည်များကိုမေ့ဖျောက်ထားလျက် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်ကာ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကို မြင်ယောင်ကြည့်နေလိုက်လေ၏။
ခဏအကြာတွင် သူ၏မျက်လုံးများသည် သာယာကြည်နူးမှုအပြည့်ဖြင့် ဖြတ်ကနဲပွင့်လာသည်။ အကြောင်းတစ်ခုကြောင့် ပြင်ပလောကတွင်ကျင့်ကြံစဥ်တုန်းက သူနားမလည်ခဲ့သည်များကို ယခုအချိန်တွင်သဘောပေါက်နားလည်လာလေ၏။ အကြောင်းတစ်ခုကြောင့် သူ၏စိတ်သည်ကြီးမားကျယ်ပြန့်လာသလိုဖြစ်နေပြီး သူ၏ခေါင်းထဲဝင်ရောက်လာသောအတွေးမှန်သမျှသည် အမှန်တရားအဖြစ်သို့ရုတ်ချည်းပြောင်းသွားလေသည်။
ထိုဖြစ်ရပ်သည်အလွန်ထူးဆန်းလှသည်။ သူ၏စိတ်ထဲတွင် ကမ္ဘာအသစ်တစ်ခုကိုစိတ်ကူးကြည့်လိုက်လျှင် ထိုကမ္ဘာကြီးသည် သူ၏ရှေ့တွင်မျက်ဝါးထင်ထင်ပေါ်လာနေသကဲ့သို့ဖြစ်သည်။ သူကိုယ်တိုင်ပင်မယုံနိုင်ပေ။
စိတ်လှုပ်ရှားနေလျက်က သူ၏မျက်လုံးများကိုထပ်မှိတ်လိုက်ကာ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ပညာရပ်ထဲတွင် သူ၏စိတ်ကိုအလုံးစုံနှစ်မြှုပ်လိုက်ပြန်သည်။
အချိန်များတရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး မကြာမီပင်ညအချိန်သို့ရောက်ရှိလာခဲ့လေပြီ။ ပိုင်ရှောင်ချန်းမသိလိုက်ခင်မှာပင် ဒုတိယမြောက်နေ့တစ်နေ့ထပ်မံကုန်ဆုံးသွားပြန်သည်။ ထို့နောက် တတိယမြောက်နေ့…။
တတိယမြောက်နေ့၏ ညသန်းခေါင်ယံအချိန်တွင် ဉာဏ်အလင်းတောက်ပမှုများနှင့် ပိုင်ရှောင်ချန်း၏မျက်လုံးများပွင့်လာသည်။ အကယ်၍ အနီးကပ် သေချာကြည့်လိုက်မည်ဆိုပါက သူ၏မျက်လုံးသူငယ်အိမ်ထဲတွင် မှော်သင်္ကေတတစ်ခု တလက်လက်တောက်ပနေသည်ကိုမြင်တွေ့နိုင်ပေသည်။
“ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ရဲ့ အခက်ခဲဆုံးအပိုင်းကိုပြောရမယ်ဆိုရင် ပထမဆုံးခြေလှမ်းပဲကွ…။” သူကရေရွတ်လိုက်သည်။ “စိတ်စွမ်းအင်မြစ်ထဲကရေဟာ သာမန်လူသားကမ္ဘာထဲကို ဥက္ကာပျံတစ်ခုသက်ဆင်းလာသလိုပဲ..။ အသွေးနဲ့အသားတွေဟာ ကြယ်တွေကိုချိတ်ဆွဲထားတဲ့ အပ်ချည်မျင်လေးတွေလိုပဲ…။ ခန္ဓာကိုယ်ဟာ မိုးကောင်းကင်ဖြစ်လာပြီးတော့ ကြယ်လေးတွေဟာ ကောင်းကင်ယံမှာ ထာဝရတည်မြဲနေပြီး ဘယ်တော့မှကြွေကျမသွားဘူး ” သူ၏ညာလက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ထည့်စရာအိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးပျံသန်းထွက်လာလေသည်။
ပုလင်းသည် ပွင့်သွားပြီး ကောင်းကင်တံတားမြစ်ထဲမှ ရွှေရောင်ရေတစက်ထွက်ကျလာသည်။ သူ၏ပတ်ပတ်လည်ရှိမီးခိုးရောင်ကမ္ဘာကြီးတွင် တစ်ခုတည်းသောရွှေရောင်ဖြစ်လေသည်။
သူသည် ရေစက်ပြုတ်ကျလာသည်ကိုစက္ကန့်ပိုင်းမျှ ငေးကြည့်နေပြီး အံကိုတင်းတင်းကြိတ်လိုက်သည်။
“ထာဝရအသက်ရှည်ဖို့အတွက်ဘာမဆိုလုပ်မယ်…။ ကောင်းကင်တံတားပင်လယ်ဆီကိုရောက်ဖို့အတွက် ဘာမဆိုလုပ်မယ်…။” သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ရွှေရောင်ရေစက်သည် သူ၏နဖူးထဲသို့ပျံသန်းဝင်ရောက်သွားသည်။
ရေစက်နှင့်သူ၏အရေပြားတို့ထိမိသောအခါ ပြင်းထန်သောနာကျင်မှုသည် ပေါက်ကွဲထွက်လာလေ၏။ သူ၏အသားနှင့်ခန္ဓာကိုယ်တို့အရည်ပျော်ကျလာသကဲ့သို့ခံစားလိုက်ရပြီး တဆတ်ဆတ်တုန်လှုပ်လာလေ၏။ အံကိုတင်းတင်းကြိတ်လျက် သူ၏ကျင့်ကြံခြင်းအခြေခံကိုလှည့်လည်လိုက်ကာ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကိုအသုံးပြု၍ သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များကိုလှုံ့ဆော်လျက် ရေစက်၏စွမ်းအားကိုစုပ်ယူရန်ကြိုးစားလိုက်လေ၏။
သူ၏နားထဲတွင် တဝုန်းဝုန်းမြည်သံများပြည့်နှက်သွားပြီး ရွှေရောင်အရည်သည် သူ၏နဖူးထဲသို့တဖြည်းဖြည်းစိမ့်ဝင်သွားလေသည်။ အချိန်ခဏခန့်ကြာသောအခါ သူသည် ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်လေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ရွှေရောင်အရည်သည် သူ၏ချီလမ်းကြောင်းများ၊ အသွေးနှင့်အသားများကိုဖြတ်သန်းကာ ခန္ဓာကိုယ်အတွင်းထဲသို့ စီးဝင်နေလေ၏။
ထိုအရာသည် စိတ်စွမ်းအင်မြစ်ထဲကရေသည် သာမန်လူသားကမ္ဘာထဲကို ဥက္ကာပျံတစ်ခုကိုသက်ဆင်းလာခဲ့ခြင်းပင်ဖြစ်သည်။
ထိုရေစက်ဖြတ်သန်းသွားသည်နှင့် သူ၏ချီလမ်းကြောင်းများအကုန်လုံးရော သူ၏အသွေးနှင့်အသားများပါအရည်ပျော်ကျသွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်ဒဏ်ရာရသွားစေသည်။ သူသည်အရိုးထိခိုက်အောင် နာကျင်စွာခံစားနေရပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လာကာ ပါးစပ်မှသွေးများပင်အန်ထွက်လာလေ၏။
သို့သော်လည်း သူသည်အံကိုကြိတ်လျက် သူ၏အရည်ပျော်ပြီးပျက်စီးသွားသော ချီလမ်းကြောင်းများ၊ အသွေးနှင့်အသားများကို လျစ်လျူရှုထားလေသည်။ ထိုအစား ထိုနေရာများသို့ ကိုယ်တွင်းစိတ်စွမ်းအင်များကိုပို့လွှတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖြန့်ကျက်သွားစေကာ ရွှေရောင်မြစ်ရေစက်ကိုဝန်းရံထားသောအပ်ချည်မျှင်များသဖွယ်ဖြစ်သွားစေလေ၏။ အသွေးနှင့်အသားတွေက ကြယ်တွေကိုချိတ်ဆွဲထားသည့် အပ်ချည်မျှင်များပမာဆိုသည့်အပိုင်းပင်ဖြစ်သည်။
အပ်ချည်မျှင်အများစုသည်ပျက်စီးသွားသော်လည်း ထပ်မံထွက်ပေါ်လာပြီးဖြန့်ကျက်ထားကြလေရာ ရွှေရောင်မြစ်ရေစက်ကို အရူးအမူးလွှမ်းခြုံထားကြလေသည်။
ရွှေရောင်မြစ်ရေစက်သည် သူ၏ ဒန်တျန် သို့ရောက်လာသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများချက်ချင်းပင်အရောင်လက်သွားလေ၏။
“ခန္ဓာကိုယ်ဟာ မိုးကောင်းကင်ဖြစ်လာပြီးတော့ ကြယ်လေးတွေဟာ ကောင်းကင်ယံမှာ ထာဝရတည်မြဲနေပြီး ဘယ်တော့မှကြွေမကျသွားတော့ဘူး ”
ဒီရေစီးကြောင်းကိုးခု၏စွမ်းအားနှင့်အတူ သူ၏စိတ်စွမ်းအင်ပင်လယ်ကိုးခုသည်တဝုန်းဝုန်းမြည်သံပေးလျက်ထွက်ပေါ်လာကာ ရွှေရောင်အရည်ကိုဖျက်စီးတော့မည့်ဟန်ဖြင့် ရိုက်ခတ်လိုက်လေသည်။ သို့ရာတွင် အရည်သည် ကိုးခုမြောက်ပင်လယ်ပြင်ကိုဖောက်ထွင်းသွားပြီး ရှစ်ခုမြောက်၊ ခုနှစ်ခုမြောက်ပင်လယ်ပြင်များကိုပါ ဖောက်ထွက်လာလေ၏။
ထိုသို့ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စိတ်စွမ်းအင်ပင်လယ်ပြင်များသည် မရေမတွက်နိုင်သောစိတ်စွမ်းအင်အပ်ချည်မျှင်များဖြစ်လာပြီး ရွှေရောင်မြစ်ရေစက်ကိုဝိုင်းပတ်ထားကြလေတော့သည်။
စိတ်စွမ်းအင်ပင်လယ်ပြင်ရှစ်ခုကိုထိုးဖောက်ပြီးသောအခါ ရွှေရောင်အရည်သည်စိတ်စွမ်းအင်အပ်ချည်မျှင်များ၏ရစ်ပတ်နှောင်ဖွဲ့ထားမှုကိုခံလိုက်ရလေသည်။ ထို့နောက်ရေစက်သည်တဖြည်းဖြည်းရပ်တန့်သွားပြီး ပထမစိတ်စွမ်းအင်ပင်လယ်ပြင်၏အထက်တွင် တွဲလောင်းဖြစ်နေလေ၏။
ထိုအချိန်တွင် ရေစက်မှ ရွှေရောင်အလင်းရောင်များထွက်ပေါ်လာကာ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပေါက်ကွဲပျံနှံ့သွားလေ၏။ ထိုအလင်းရောင်သည်ဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိအရာအားလုံးကို ပြန်လည်ကုသသွားရာ သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များ၊ ချီလမ်းကြောင်းများ၊ အသွေးနှင့်အသားတို့အပြင် အရိုးများပါမကျန် ပြန်လည်ကုသပေးသွားလေ၏။တချိန်တည်းမှာပင် အရာအားလုံးပြောင်းလဲစပြုလာလေပြီ။
ပိုင်ရှောင်ချန်းထံမှ အရောင်အဝါများ ထွက်ပေါ်လာကာ အစောပိုင်းအခြေခိုင်မာခြင်းအဆင့်တွင်သာရှိနေသေးသော်လည်း ယခင်ကနှင့်လုံးဝမတူကွဲပြားသွားခဲ့ပြီဖြစ်သည်။ ယခင်က သူ၏အခြေအနေသည် အပြင်ပန်းကြည့်ရှုလျှင် အထင်ကြီးစရာဖြစ်သော်လည်း အမှန်မှာမူ သူ၏အခြေခိုင်မာခြင်းအဆင့်စွမ်းအားသည် ပုံမှန်မဟုတ်ဘဲ အုပ်ချုပ်သူမရှိသည့်စစ်တပ်တစ်တပ်ကဲ့သို့ပရမ်းပတာဖြစ်နေလေသည်။ ယခုအခါတွင်မူ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကို ဉာဏ်အလင်းရသွားပြီဖြစ်သောကြောင့် စစ်တပ်ကိုအုပ်ချုပ်မည့်စစ်သူကြီးပေါ်ပေါက်လာပြီဖြစ်ကာ သူ၏စိတ်တန်ခိုးစွမ်းအင်များသည် တပေါင်းတစည်းတည်းဖြစ်ကုန်ကြပြီဖြစ်သည်။ ထို့ကြောင့်ပင် သူ၏တိုက်ပွဲစွမ်းရည်သည် ယခင်ကနှင့်မတူကွဲပြားသွားပြီဖြစ်သည်။
သူ၏မျက်လုံးများပွင့်လာပြီး မျက်လုံးအိမ်ထဲရှိမှော်သင်္ကေတများသည် ယခင်ကထက်ပို၍ထင်ရှားလာပြီဖြစ်သည်။ ထိုမှော်သင်္ကေတများတဖြည်းဖြည်းပျောက်ကွယ်သွားပြီး တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲရှိရွှေရောင်အရည်သည် ပထမစိတ်စွမ်းအင်ပင်လယ်ပြင်ထဲသို့ပေါင်းစည်းဝင်ရောက်နေပြီဖြစ်သည်။
အနာဂတ်ကာလတွင် ရွှေရောင်အရည်သည် လုံးဝအပြီးသတ်စုပ်ယူခံလိုက်ရပြီဆိုလျှင် သူသည် ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်၏ ပထမအဆင့်ကို အောင်မြင်စွာကျင့်ကြံနိုင်လိုက်ပြီပဲဖြစ်လေသည်။
ထိုအချိန်မှာပင် ပိုင်ရှောင်ချန်း၏နဖူးဆီမှ နာကျင်မှုဒဏ်ကိုစူးစူးရှရှခံစားလိုက်ရသည်။ ယားကျိကျိဖြစ်နေသလိုလည်းခံစားနေရပြီး နဖူးပေါ်တွင် ပွင့်လုပွင့်ခင်ဖြစ်နေသောမျက်လုံးတစ်လုံးပေါ်ပေါက်လာလေ၏။
ထိုမျက်လုံးသည် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးပင်ဖြစ်သည်။
“အလုပ်ဖြစ်တယ်ကွ…။” သူသည် ဝမ်းမြောက်ဝမ်းသာဟစ်ကြွေးလိုက်လေ၏။ သူ၏နဖူးကိုပွတ်သပ်ကြည့်လိုက်ပြီး ယားယံခြင်းသည်ပို၍ပင်သိသာထင်ရှားလာလေပြီ။ သို့ရာတွင် သူသည် ကြောက်ရွံ့ထိတ်လန့်မနေပဲ အလွန်တရာမှပျော်ရွှင်ဝမ်းမြောက်နေလေတော့၏။
“ဟားဟားဟား…” သူသည်ထခုန်လုမတတ် တဟားဟားရယ်မောနေလေ၏။ “အခုအချိန်ကစပြီး ငါ့မှာမျက်လုံးသုံးလုံးရှိသွားပြီကွ…။ အာ့လိုပြောရတာကိုက စိတ်လှုပ်ရှားစရာကောင်းလိုက်တာ…။” ထို့နောက်သူသည် အဝေးတစ်နေရာသို့ငေးကြည့်လိုက်ရာ အသက်ကိုပြင်းပြင်းရှူလိုက်လေ၏။
“ဒီမျက်လုံးက ကြီးထွားနေဆဲပဲရှိသေးတယ်…။ ဒါပေမယ့် ငါနည်းနည်းတော့ စမ်းသပ်ကြည့်လို့ရနိုင်ပါတယ်…။” ခဏများရပ်တန့်နေပြီးနောက် သူ၏မျက်လုံးများကိုပိတ်လိုက်လေ၏။ သူ၏ပထမစိတ်စွမ်းအင်ပင်လယ်ပြင်သည် စတင်လှုပ်ခတ်လာပြီး ရွှေရောင်မြစ်ရေစက်သည် ရွှေရောင်အလင်းတန်းများကိုထုတ်လွှတ်နေလေရာ သူ၏ချီလမ်းကြောင်းတစ်လျှောက်ဖြတ်၍ နဖူးပေါ်သို့စီးဆင်းလာလေ၏။
ထိုအချိန်တွင် လျင်မြန်စွာတည်ငြိမ်သွားသောအက်ကွဲကြောင်းသည် ရုတ်တရက်ပွင့်ထွက်သွားကာ ခရမ်းရောင်မျက်လုံးတစ်လုံးပေါ်ထွက်လာလေ၏။ ချက်ချင်းပင် သူသည် မြူများနောက်ကွယ်မှာရှိနေသောအရာများကိုပါ ဖောက်ထွင်းမြင်နိုင်လာလေ၏။
မြူများ၏အလွန်တွင် ကုန်းမြေများမရှိနေပဲ ခြောက်ခမ်းစပြုနေပြီဖြစ်သောပင်လယ်ပြင်တစ်ခုသာရှိနေသည်ကိုသိလိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားလေ၏။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် လေပေါ်တွင်လွင့်မျောနေသောကျွန်းကြီးတစ်ကျွန်းဖြစ်နေပြီး အဝေးတစ်နေရာတွင် မရေမတွက်နိုင်သောအခြားကျွန်းပေါင်းများစွာရှိနေလေသည်။
လျှပ်စီးများသည် ပင်လယ်ပြင်နှင့်ကျွန်းများအကြားလူးလာသွားလာနေကြသည်။
သူသည် ထိုမြင်ကွင်းကို သေသေချာချာလေ့လာကြည့်ရှုချင်သော်လည်း နဖူးမှနာကျင်မှုသည်အလွန်ပြင်းထန်လာလေသည်။ သွေးများယိုစီးကျလာပြီး သူ၏နဖူးရှိအက်ကွဲကြောင်းသည် ပိတ်သွားလေ၏။ ထို့နောက် သူ၏မျက်လုံးနှစ်လုံးဖြတ်ကနဲပွင့်လာကာ ကျောချမ်းသောခံစားမှုကိုခံစားလိုက်ရ၏။ သူ၏စိတ်စွမ်းအင်တစ်ဝက်ခန့် စုပ်ယူခြင်းခံလိုက်ရလေပြီ။
“ဒါဟာ ဘယ်လိုလျှို့ဝှက်နယ်မြေမျိုးပါလိမ့်…။” အံ့သြမှင်သက်မှုအပြည့်ဖြင့် သူတွေးလိုက်မိလေ၏။