Switch Mode

အခန်း ( ၁၇၆ )

တစ်ခုတည်းသော တိမ်မြုပ်နေခဲ့သည့် အမွေပညာရပ်

ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်တချို့ကို အထောက်အထားပစ္စည်း အတွင်းသို့လွှတ်လိုက်သည်နှင့် တပြိုင်နက် တစ်ခုချင်းစီနှင့် အခုတစ်ရာကျော်ရှိသောအပေါက် အားလုံးမှာ အလင်းရောင်များ တောက်ပလာသည်။

မျက်စိကျိန်းလုမတတ် စူးရှသည့်အလင်းတန်းများထွက်လာသည်နှင့်အတူ တဝုန်းဝုန်း မြည်ဟည်းသံများကိုကြားနိုင်သည်။ ထိုအလင်းတန်းများမှာ ဂူထဲတွင် နတ်ပြည်ရောက်နေသကဲ့သို့ ထင်ရလုနီးပါး လင်းထိန်နေသည်။

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ကျိုးရှင်းချီမှာလည်း မယုံကြည်နိုင်မှု၊ အလွန်အမင်းအံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားလေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ” ကျိုးရှင်းချီမှာ အံ့အားသင့်စွာပြောလေသည်။

အပေါက်တစ်ရာကျော်တွင် တစ်ခုချင်းစီမှာ အမွေပစ္စည်းကို ကိုယ်စားပြုထားပြီး သူတို့အားလုံးကို ပိုင်ရှောင်ချန်းက ရရှိနိုင်ကြောင်း ထင်ရှားနေလေသည်။ အခြေခံအားဖြင့် ပိုင်ရှောင်ချန်းမှာ သူလိုချင်သော မည်သည့်အမွေရတနာကိုမဆို ရွေးချယ်နိုင်ပေသည်။

ထိတ်လန့်အံ့သြဖွယ်ရာမြင်ကွင်းမှာ ကျိုးရှင်းချီအား အံ့သြဆွံ့အသွားစေသည်။ အစောပိုင်းတွင် သူမအတွက် အပေါက်တစ်ခုတည်းသာ မီးလင်းခဲ့ပြီး ဝိညာဥ်စွယ်အတွက် အပေါက်ပေါင်းနှစ်ဆယ်ကျော်လင်းသောအခါ ဂိုဏ်းတစ်ခုလုံးတုန်လှုပ်ခဲ့၏။

သို့သော် ပိုင်ရှောင်ချန်း ရောက်လာသောအခါ အပေါက်တစ်ရာကျော် မီးလင်းခဲ့လေသည်။

ကျိုးရှင်းချီမှာ ထိတ်လန့်အံ့သြမှုကြောင့် စိတ်ရှုပ်ထွေးနေပြီး အလင်းတန်းများတောက်ပလာခြင်းအပြင် သူတို့က ပိုင်ရှောင်ချန်း၏ အာရုံစိုက်မှုကို ရရှိရန် ယှဥ်ပြိုင်နေသည့်အလား အပေါက်တစ်ခုချင်းစီမှာ မြေ ဆွဲအားကြောင့် စတင်၍ အသက်ဝင်လာသည်ကို နားလည်သဘောပေါက်သွားလေသည်။

ကျိုးရှင်းချီ၏စိတ်မှာ အခုတစ်ရာကျော်သော အမွေပညာရပ်များ၏အပေါက်များလင်းလက်သည့် မြင်ကွင်းကိုကြည့်ကာ အလွန်အံ့အားသင့်လျက် ရှုပ်ထွေးသွားပြီး ပိုင်ရှောင်ချန်းအား အထင်ကြီးအားကျလာသည်။

ပိုင်ရှောင်ချန်းမှာလည်း မူးမေ့သတိလစ်လုနီးနီးဖြစ်သွားသည်။ တချိန်တည်းမှာပင် တာအိုစေ့တောင်မှ ဂိုဏ်းစောင့်အကြီးအကဲများအားလုံးမှာ ဖြစ်ပျက်နေသည်ကိုအာရုံခံမိသွားကြကာ ထိတ်လန့်အံ့သြသွားကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် လက်တဆုပ်စာသာရှိသော ခေါင်းဆောင်များမှာမျက်လုံးပြူးများဖြင့် ကြည့်လာကြသည်။

” နောက်ဆုံး ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတောင်မှ ဒါမျိုးမလုပ်နိုင်ခဲ့ဘူး….”

“ဒီဟာက တစ်ခုကို ရည်ညွှန်းတာပဲ။ ပိုင်ရှောင်ချန်းဟာ ချီစုစည်းမှုအဆင့်မှာ မတွေးတတ်အောင်ခက်ခဲနက်နဲတဲ့အဆင့်ကို ရောက်ခဲ့ပြီးလို့ပဲ ဖြစ်ရမယ်”

တာအိုသစ်စေ့တောင်အပြင်ဘက်တွင် အလင်းကျောက်တိုင်တစ်ရာကျော်မှာ မိုးတိမ်ပေါ်သို့ မီးရှူးမီးပန်းများ ပစ်လွှတ်နေရာ ဂိုဏ်းသားများအကြား ကြီးမားသော လှုံ့ဆော်မှုကြီးဖြစ်သွားလေသည်။ သူတို့မှာ လွန်ခဲ့သည့်လက ဝိညာဥ်စွယ်အတွက် အလင်းကျောက်တိုင်နှစ်ဆယ်က အလင်းတန်းများပစ်လွှတ်ခဲ့သည်နှင့် အလားတူအဖြစ်အပျက်ကို တွေ့မြင်လိုက်ရသည်။

မှန်ပါသည်။ အလင်းကျောက်တိုင်တစ်ရာကျော်က အလင်းတန်းများပစ်လွှတ်ခဲ့သည်ဟူသောအချက်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ အားလုံး၏နှုတ်ကိုဆွံ့အသွားစေခဲ့သည်။

ဝိညာဥ်စွယ်မှာ လောလောလတ်လတ် တရားထိုင်နေလေသည်။ သူက သည်းထိပ်ရင်ဖိုဖြစ်သွားကာ ကောင်းကင်ကိုမော့ကြည့်လိုက်လေသည်။ သူက တခဏတောင်စဥ်းစားရန်မလိုအပ်လိုက်ပေ။

“ပိုင်ရှောင်ချန်း…”

ရှန်ကွမ်းထျန်ယုံ၊ ပေဟန်လဲ့၊ လုထျန်းလဲ့နှင့် တခြားလက်ရွေးစင်အားလုံးမှာ တူညီစွာ တုန်လှုပ်နေကြသည်။

ဘိုးေဘးအမှောင်ဥမှင်တွင် ပိုင်ရှောင်ချန်းမှာ တံတွေးကိုအနိုင်နိုင်မျိုချကာ မျက်တောင်တဖျတ်ဖျတ်ခပ်ေနသည်။ သူ၏နှလုံးသားမှာလည်း ပြင်းထန်စွာခုန်နေလေသည်။ ကျိုးရှင်းချီမှာ သစ်သားကြက်ရုပ်ကလေးကဲ့သို့ အသံတိတ်လျက် သူ့ဘေးနားတွင်ရပ်နေလေသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ မေးကိုမော့လိုက်ကာ သူ၏အင်္ကျီလက်ကို ဝှစ်ခနဲမြည်အောင်လွှဲယမ်းလိုက်သည်။

“အီယား…” သူက ရေရွတ်လိုက်သည်။
” ငါ ပိုင်ရှောင်ချန်း…လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ အမွေပညာရပ်တစ်ရာကျော်က အလိုအလျောက် ဖွင့်ဟပေးရတော့တာပဲ။ တကယ်ကိုထူးချွန်လွန်းတဲ့ေကာင်ပဲ။ ဟူး ခေါင်းတောင်ကိုက်သွားတယ်။ ငါဒီဟာတွေထဲက ဘယ်လိုရွေးရပါ့…..”

အမှန်တကယ်တော့
သူက ကျိုးရှင်းချီကြားလောက်သည့်အသံဖြင့်ပြောကြားလေသည်။ သူမ၏မျက်နှာမှာ မည်းမှောင်လာကာ သူမ၏နှလုံးသားတွင် များစွာသော ခံစားချက်များ ရောပြွမ်းလျက် ဖြစ်ပေါ်လာသည်။

စောစောက နံရံပေါ်၌ ဗလာသက်သက်ဖြစ်နေသော နေရာတစ်ခုတွင် ရုတ်တရက် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး မျက်စိကန်းစေလောက်အောင်စူးရှသည့်အလင်းတန်းက နေရောင်အလား ဂူထဲသို့ ဖြာကျလာသည်။

မယုံကြည်နိုင်လောက်သော ဖိအားမှာ အတူတကွလိုက်ပါလာပြီး အခြားရာနှင့်ချီသောအမွေပညာရပ်များထက် သာလွန်နေလေသည်။ ရှင်းလင်းစွာပင် ထိုအပေါက်ရှိ အမွေပညာရပ်မှာမှာ အခြားသောအမွေပညာရပ်များထက် ပိုမို၍အစွမ်းထက်ကာ အရှိန်အဝါကြီးမားသည်။

ပိုင်ရှောင်ချန်း၏ပတ်လည်တွင် အလွန်ပြင်းထန်သော မြေဆွဲအားတစ်ခုရစ်ပတ်လာကာ မျက်စိတမှိတ်အတွင်း သူ့အား ထိုအပေါက်ဆီသို့ဆွဲငင်ခေါ်ဆောင်သွားလေသည်။ သူကအံ့သြနေစဥ်မှာပင် ချက်ချင်းအတွင်းထဲသို့ဆွဲခေါ်ခံရလုနီးနီးဖြစ်သွားလေသည်။

အခြား အမွေပညာရပ်များကလည်း အရှုံးပေးလိုသည့်ပုံမပေါ်ကြပေ။ သူတို့၏ကိုယ်ပိုင် စူးရှသည့်အလင်းများကို ထုတ်လွှတ်လိုက်ကြသည့်တိုင် အခြေအနေအားပြောင်းလဲအောင် မလုပ်နိုင်သောကြောင့် မကြာမီတွင် စိတ်လျော့သွားကြလေသည်။

ထွက်ခွာရန်ပင်သတိမရပဲ မတ်တပ်မေ့နေသော ကျိုးရှင်းချီမှာ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်လေသည်။ သူမ မှတ်မိသမျှအားလုံးမှာ အမွေပညာရပ်တစ်ရာကျော်က မည်မျှ လိုလားပြီးစိတ်အားထက်သန်နေကြောင်းနှင့် နောက်ဆုံးပွင့်သော အပေါက်မှာ မူလအုပ်စုနှင့်တစ်ခုတည်းဖြစ်ဟန် မတူေကြာင်း တွေ့ရသည်။

ပိုင်ရှောင်ချန်းမှာ အစွမ်းထက်ကာ အရှိန်အဝါကြီးမားသော အမွေပညာရပ်နှင့်အတူ အပေါက်ထဲသို့ ချက်ချင်းဝင်ရောက်သွားလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကိုးခုမြောက်တောင်ထိပ်မှ ခေါင်းဆောင်ငါးယောက်မှာ တုန်လှုပ်နေကြသည်။

စောစောက အံ့အားသင့်စရာကောင်းသော ဖြစ်ရပ်များ မဖြစ်ခင်ကပင် သူတို့သည် ပိုင်ရှောင်ချန်းအား အထူးအာရုံစိုက်ထားခဲ့ကြသည်။စင်စစ် သူ့အား အကောင်းဆုံးပညာရပ် ကိုရွေးချယ်ရာတွင် ကူညီပေးရန် နတ်ဘုရားစိတ်စွမ်းအား ဖြင့် တိုက်တွန်းဖို့အတွက်ပင် သူတို့ ပြင်ဆင်ထားခဲ့၏။

ထို့ပြင် သူကကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူဖြစ်ကာ ဂိုဏ်းမှ လွန်စွာတန်ဖိုးထားသည့်လူလည်း ဖြစ်သည်။

သို့သော် သူတို့၏နတ်ဘုရားအာရုံကို မထုတ်ဖော်ရသေးခင်မှာပင် မူလအုပ်စုတွင်မပါဝင်သော အပေါက်တစ်ခုပေါ်လာကာ ပိုင်ရှောင်ချန်းအား ရုတ်တရက်ယူငင်သွားလေသည်။

“အဲ့တာက….”

“ဒီ ပိုင်ရှောင်ချန်းမှာ ဘယ်လိုကံကြမ္မာမျိုးရှိတာပါလိမ့်”

“အဲ့ဒီ အမွေပညာရပ်က မပေါ်လာခဲ့တာ နှစ်တွေမရေမတွက်နိုင်အောင်ပဲ။ အဲ့တာ တစ်ခုတည်းသော တိမ်မြုပ်နေတဲ့ အမွေပညာရပ်ပဲ”

သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် စိတ်ရှုပ်ထွေးနေကြသည်။ ပိုင်ရှောင်ချန်းမှာ ဆွဲအားတစ်ခု၏ခေါ်ဆောင်ခြင်းကို ခံရကာ နောက်ဆုံးတွင် သူက ကျောက်တုံးအခန်းအတွင်းရောက်နေကြောင်းတွေ့လိုက်ရသည်။

စောစောက အမှောင်ဆုံးညထက်ပင် ပို၍မည်းမှောင်နေခဲ့သော်လည်း သူရောက်ရှိလာပြီးသည်နှင့် တပြိုင်နက် တောက်ပသောအလင်းရောင်များဖြင့် ပြည့်နှက်သွားလေသည်။

သူက ရုတ်ချည်းေပြာင်းလဲသွားသော အဖြစ်အပျက်များကြောင့် တဒင်္ဂကြာ တွေဝေနေခဲ့သည်။ ထို့ပြင် သူကမည်သည့်အမွေပညာရပ်ကိုမျှ မရွေးချယ်လိုက်ရပါဘဲ ထိုအမွေပညာရပ်ကသာ သူ့အားရွေးချယ်သွားခြင်းဖြစ်လေသည်။ သို့သော် ခဏကြာသောအခါ ပုံမှန်ပြန်ဖြစ်သွားပြီး သူက ပတ်ပတ်လည်အားကြည့်ရှုစစ်ဆေးလိုက်သည်။

ကျောက်တုံးအခန်းမှာ အလွန်တရာ ကြီးမားခြင်းမရှိဘဲ အခန်း၏အလယ်တွင် ကျောက်စာအုပ်တစ်အုပ်ရှိလေသည်။

“အဲဒါ ဘာပါလိမ့်” သူက ရှေ့သို့ဆက်လျှောက်ရင်း ရေရွတ်လိုက်သည်။ သူက ရုတ်တရက် စာအုပ်တွင်ရေးဆွဲထားသော စာလုံးငါးလုံးကို သတိထားမိလိုက်သွားကာ သူ၏အမြင်အာရုံကို ဆွဲဆောင်သွားသည်။

“ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်” ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားလေသည်။ နာမည်ကပင် အလွန်အထင်ကြီးဖွယ်ကောင်းပြီး မည်မျှထူးကဲကြောင်းကို သူ တွေးဆကြည့်နိုင်သည်။

“တောင်ဘက်ခြမ်းမှာ ခရမ်းရောင်ချီဒယ်စောင်အိုးထိန်းချုပ်နည်း ပညာရပ် ရှိတယ်။ ပြီးတော့ မြောက်ဘက်ခြမ်းမှာ ကောင်းကင်တံတား ရှမန်းဝိညာဥ် ထိန်းချုပ်နည်းမန္တန်ရှိတယ်။ ဒီ ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်က အဲဒီနှစ်ခုပေါင်းစပ်ထားတာ ဖြစ်နိုင်လား”

ပိုင်ရှောင်ချန်းမှာ ကျောက်စာအုပ်ကိုဆက်လင် လေ့လာလိုက်ပြီး မကြာမီတွင် ထိုပညာရပ်၏မိတ်ဆက်ကြောင့် ပင့်သက်ရှိုက်သွားလေသည်။ ထိုမိတ်ဆက်မှာ ယေဘုယျအားဖြင့် ခြုံငုံရေးပြထားသော်လည်း ကြည့်ရုံဖြင့်ပင် ထိတ်လန့်အံ့သြဖွယ်ကောင်းနေလေသည်။ “ဒီဟာက ကောင်းကင်တံတားမြစ်ကရေကိုသုံးပြီး တကယ်ကျင့်ကြံရတာလား ”

ဖော်ပြချက်အရ ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန် တွင်
ကျင့်ကြံသူ၏ကိုယ်ထဲသို့ ကောင်းကင်တံတားမြစ်မှရေကိုစုပ်ယူရကြောင်းပါဝင်လေသည်။ ထိုရေကိုသုံးကာ မိမိကိုယ်ကိုယ်အာဟာရဖြည့်တင်းလျက် ပိုမိုကြံ့ခိုင်လာအောင်လုပ်ရမည်ဖြစ်သည်။ ထိုပညာရပ်တွင် အဆင့်လေးဆင့်ပိုင်းခြားထားလေသည်။ သုံးဆင့်မှာ အစောပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့် အတွက်ဖြစ်ပြီး နောက်တစ်ဆင့်မှာ ရှေးဦး အမြုတေအဆင့်အတွက်ဖြစ်လေသည်။

ထို့အပြင် ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်ကို ကျင့်ကြံခြင်းဖြင့် ကောင်းကင်တံတား ဓမ္မမျက်လုံး ဟုခေါ်သော တာအိုအစွမ်းကို ရနိုင်သည်။

ထိုပညာရပ်မှာ ထိန်းချုပ်နိုင်စွမ်းအားကို ထုတ်ဖော်နိုင်သော်လည်း ချီစုစည်းမှုအဆင့်ရှိ ပညာရပ်များနှင့် လုံးဝကွဲပြားခြားနားသော အဆင့်တွင်ရှိသည်။ ချီစုစည်းမှုအဆင့်တွင် ချီကိုအသုံးပြု၍ထိန်းချုပ်မှုကို ပြုလုပ်နိုင်သည်။ သို့သော် အခြေခိုင်မာခြင်းအဆင့်တွင် မျက်လုံးဖြင့်တစ်ချက်မျှကြည့်လိုက်ရုံနှင့် အရာအားလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက အချက်အလက်များကို ဆက်လက်၍လေ့လာနေသည်။ နောက်ဆုံးတွင် ကျောက်စာအုပ်မှာ မှုန်ဝါးလာကာ မှော်သင်္ကေတလေးခုပေါ်လာသည်။ ထိုမှော်သင်္ကေတတစ်ခုစီတွင် အချက်အလက်အတွဲပေါင်း မြောက်မြားစွာ ပါဝင်လေသည်။ ပိုင်ရှောင်ချန်းမှာ အချက်အလက်များအားကြည့်လေလေ တုန်လှုပ်လာလေလေဖြစ်သည်။

“ကောင်းကင်တံတားမြစ်ရေနဲ့ ကျင့်ကြံရမယ်။ ပထမအဆင့်မှာ ရေတစ်စက်ကို စုစည်းရမယ်။ ဒုတိယအဆင့်မှာ မြေထည်ခွက်။ တတိယအဆင့်မှာ ကျောက်တုံး၊ စတုတ္ထအဆင့်မှာ…..ဒယ်စောက်အိုး” ပိုင်ရှောင်ချန်းမှာ အလွန်အမင်းအံ့အားသင့်လျက် ပါးစပ်ပိတ်သွားလေသည်။ ကျိန်းယွမ်သုန်ပြောပြခဲ့သည့် ကောင်းကင်တံတားမြစ်ရေမှာ ကမ္ဘာပေါ်ရှိ စိတ်စွမ်းအင်တို့၏ အရင်းအမြစ်ဖြစ်ကြောင်းကို သူမထိန်းချုပ်နိုင်ဘဲ တွေးမိသွားသည်။

ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်မှာ အလွန်အရှိန်အဝါြကီးမားလေရာ သင့်အနေဖြင့် ကောင်းကင်တံတားမြစ်ရေကို အမှန်တကယ်စုပ်ယူထားရလိမ့်မည်။

ထိုပညာရပ်မှာ အခြေခိုင်မာခြင်းအဆင့်တွင် အသုံးပြု၍ရသဖြင့် အလွန်ကောင်းမွန်လေသည်။ အကယ်၍ထိုအဆင့်မှကျော်လွန်သွားပါက မည်မျှစွမ်းအားကြီးသွားနိုင်ကြောင်း ပိုင်ရှောင်ချန်းက မြင်ယောင်ကြည့်နိုင်လေသည်။

သူက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်လျှင် ကောင်းကင်တံတားမြစ်၏ ကြီးမားသော မြစ်လက်တက်လေးခုကိုခြောက်သွေ့သွားအောင်စုပ်ယူလိုက်မည်ကို မြင်ယောင်ကြည့်နေမိသည်။

ထို့နောက် သူက လေထဲပျံဝဲနေလျက် ကောင်းကင်တံတားပင်လယ်ကို သူ၏စိတ်စွမ်းအင်ပင်လယ်အဖြစ်သို့ကူးပြောင်းသွားသည်ကို မြင်နေမိသည်။

“အင်မတန်.. အစွမ်းထက်တာပဲ ” သူက တုန်ရီနေလျက် ပင့်သက်ရှိုက်လိုက်လေသည်။ သူက ကောင်းကင်တံတား ဓမ္မမျက်လုံး အစွမ်းထက် တာအိုပညာရပ်ကြောင့် ပို၍ပင်တုန်လှုပ်သွားခဲ့ရသည်။ အကြည့်တချက်ဖြင့် အရာအားလုံးကို သူ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

“အဲ့ဒါက ငါလုပ်ခဲ့ဖူးတဲ့ လူသားထိန်းချုပ်နည်း မဟာမှော်ပညာနဲ့ ခပ်ဆင်ဆင်ပဲ” ထိုပညာရပ်မှာ အရင်က အခြေခိုင်မာခြင်းအဆင့်တွင် အသုံးမဝင်ခဲ့သော်လည်း သူကချက်ချင်းပင် ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်မှာ သူ့အတွက်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။ ပိုင်ရှောင်ချန်းက စားလဲမစား၊ အိပ်လည်းမအိပ်ပေ။ သူက ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်၏ ဉာဏ်အလင်းပွင့်ခြင်းကိုရှာဖွေရန် ကျောက်တုံးအခန်းအတွင်း၌သာရှိနေသေးလေသည်။ တစ်လကုန်ဆုံးသွားသော်လည်း သူကမအောင်မြင်သေးပေ။ သို့သော် သူ၏စိတ်ထဲတွင် ထိုပညာရပ်မှာ စွဲမြဲနေပြီဖြစ်သည်။ တွန့်ဆုတ်စွာဖြင့် သူကထွက်ခွာရန်ဆုံးဖြတ်ချက်ချလိုက်သည်။

“တကယ်လို့ငါက ကောင်းကောင်းကျင့်ကြံချင်ရင် ကောင်းကင်တံတားမြစ်ရေတစ်စက်လိုတယ်” အံကိုကြိတ်လျက် အထောက်အထားပစ္စည်းကိုထုတ်ကာ ကျောက်တုံးအခန်းအတွင်းမှပျောက်ကွယ်သွားလေသည်။ သူပြန်ပေါ်လာသောအခါ ဘိုးေဘးအမှောင်ဥမှင်၏ဝင်ပေါက်ဂူထဲသို့ပြန်ရောက်နေလေသည်။ တုံ့ဆိုင်းမှုမရှိပဲ သူကထွက်ခွာသွားလိုက်တော့သည်။

သူကသတိမထားမိလိုက်သော်လည်း သူထွက်သွားသည့်အချိန်တွင် နတ်ဘုရားအာရုံစီးကြောင်းများ ရှိနေဆဲ ဖြစ်ကာ အံ့သြတုန်လှုပ်နေကြသည်။

နောက်ရက်များတွင် ပိုင်ရှောင်ချန်းက တာအိုသစ်စေ့တောင်အောက်ရှိ ကောင်းကင်တံတားမြစ်ကမ်းပါးတွင်ရှိနေသည်။ သူက ထိုနေရာတွင် တင်ပျဥ်ခွေထိုင်ကာ ရွှေရောင်ရေများ တသွင်သွင် စီးသွားသည်ကို ကြည့်ရှုနေသည်။ သူက ရေထဲရှိ စိတ်စွမ်းအင်များကိုအာရုံခံမိလိုက်သည်။ ထိုစွမ်းအင်မှာ တသွင်သွင်စီးဆင်းတိုင်း ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ တစ်ခါတရံ သူကလက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်ကာ ရေတစ်စက်ကိုယူနိုင်ရန် ကြိုးစားလေသည်။

သူ တစ်ခါမျှမအောင်မြင်ပေ။ သူမည်သို့လုပ်လုပ် ရေကိုမရခဲ့ပေ။ ရေမှာကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားကာ ထိမိလိုက်လျှင်ပင် ခန္ဓာကိုယ်မှာ အရည်ပျော်သွားလောက်သည်။

နောက်ထပ်ရက်အနည်းငယ်ကုန်ဆုံးသွားသော်လည်း သူမအောင်မြင်ခဲ့ပေ။ ခဏကြာပြီးနောက်သူက ဂိုဏ်းခေါင်းဆောင် ဂိုဏ်းတူအစ်ကိုကြီးနှင့် တိုင်ပင်ရန်ဆုံးဖြတ်လိုက်သည်။ သူက ကောင်းကင်တံတားမြစ်မှ ရေတစ်စက်ထည့်ထားသော ကျောက်စိမ်းပုလင်းလေးနှင့်အတူ ထွက်ခွာသွားလေသည်။ ရံဖန်ရံခါတွင် ဂိုဏ်း၏ခေါင်းဆောင်ကြီးများက ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရေများကိုစုဆောင်းကြသည်။ ထိုရေများကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုနိုင်ရန် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများအတွက် ဆုချီးမြှင့်ရာတွင်သုံးလေသည်။

ပိုင်ရှောင်ချန်းက ဂိုဏ်းတူအစ်ကိုကြီးနှင့်စကားပြောပြီးသောအခါမှ ကောင်းကင်တံတားမြစ်ရေမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံခြင်းတွင် အဓိကကျသော ပါဝင်ပစ္စည်းဖြစ်ကြောင်း သဘောပေါက်လာလေသည်။ သူတစ်ယောက်တည်းသာ ထိုမြစ်ရေကိုလိုအပ်သည်မဟုတ်ပေ။ အမွေပညာရပ်အားလုံးတိုင်းတွင်လည်း ကောင်းကင်တံတားမြစ်ရေလိုအပ်လေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အမွေပညာရပ်များမှာ အတော်အသင့်ရောထွေးနေလေသည်။ သားရဲများ၊ ဓားများနှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့်စပ်လျဥ်းသော အမွေပညာရပ်များစွာရှိလေသည်။ အမှန်တကယ်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း နှင့်ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းများမှာလည်း မတူညီသောနည်းလမ်းများဖြင့် ကောင်းကင်တံတားမြစ်ရေကိုအသုံးပြုကြလေသည်။ ဥပမာအနေဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကမူ မြစ်ရေကို စိတ်စွမ်းအင်သွေး ပြုလုပ်ရာတွင်သုံးလေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ကျင့်ကြံသူများက မြစ်ရေကို သူတို့၏ ဒုတိယစိတ်စွမ်းအင်ခန္ဓာကိုယ်များ သို့မဟုတ် လက်နက်များပုံသွင်းရန်အတွက် သုံးကြလေသည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာမူ မြစ်ရေကို ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုလေသည်။

နောက်ဆုံး ခွဲခြမ်းစိတ်ဖြာအပြီးတွင် အမွေပညာရပ်အားလုံးမှာ ရေအနည်းငယ်ကိုခေတ္တသာအသုံးပြုရန်လိုသည်။ ပိုင်ရှောင်ချန်း၏ ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန် ပညာရပ်မှာ ပို၍မြင့်မားကာ ထိုမြစ်ရေအား ယာယီအသုံးပြုခြင်းမဟုတ်ဘဲ အမြဲတမ်းသုံးနေရမည်ဖြစ်သည်။

ယာယီအသုံးပြုခြင်းနှင့် အမြဲတမ်းအသုံးပြုခြင်း၏ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေပြင် ကွာခြားသည့်အလားဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset