အခန်း (၁၈၁)

ဆန်းလျန်သည် ဆန်းလျန်သာဖြစ်သည်

ဆရာသခင် ကျန်းရော့ရွှီး အတွက် အချိန် သိပ်မကျန်တော့ပေ။ ဆရာသခင် ကျန်းရော့ရွှီးသည် နောက်ဆုံး စကား ပြောကြားရန် အတွက် သူ့ကို စောင့်နေခြင်း ဖြစ်မည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

ယခုတော့ “ဟိုင်သန်းအဆင့် မအောင်မြင်မချင်း ပြန်မလာခဲ့နဲ့” ဆိုသည့် ဆရာသခင်၏ စကားကို ဆန်းလျန် နားလည်ခဲ့ပြီ။

ဆရာသခင်သည် သူ၏ ကျန်းမာရေး အခြေအနေကြောင့် ဆန်းလျန် စိတ်အနှောင့်အယှက် ဖြစ်ကာ ကျင့်စဉ်လမ်းတွင် နှောင့်နှေးရမည်ကို မလိုလားသောကြောင့် ထိုသို့ ပြောကြားခြင်း ဖြစ်လေသည်။

ချင်းရွှမ် ခန်းမဆောင်တံခါးကို ဖွင့်လိုက်သည်နှင့် လေအေးများက သူ့ကို ရိုက်ခတ်လာသည်။ ထိုအအေးဓာတ်ကြောင့် ဆန်းလျန် တုန်ပင် တုန်သွားရသည်။

သူ၏ မြင့်မားသည့် ကျင့်စဉ်အဆင့်နှင့်ပင် အအေးဒဏ်ကို အံတုနိုင်ခြင်း မရှိလျှင် ထိုလေအေးများသည် မည်မျှ အေးကြောင်းကို ပြသနေခြင်းပင် ဖြစ်လေသည်။

သူ ခန်းမထဲသို့ ဝင်သွားသည်နှင့် ဆရာသခင် ကျန်းရော့ရွှီး ထိုင်သည့် ကျောက်ပလ္လင်မှာ ရေခဲထုကြီး ဖြစ်နေလေသည်။ ဆရာသခင် ကျန်းရော့ရွှီးမှာ ထိုရေခဲပလ္လင် ထက်တွင် ထိုင်ပြီး မျက်လုံးများကို မှိတ်ထား လေသည်။

ဆန်းလျန်က ကျောက်ပလ္လင် အနားသို့ ကပ်သွားလိုက်ပြီး ဒူးထောက် လိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာဖြင့်ပင် ဆရာသခင်ကို ရှိခိုး ကန်တော့ လိုက်လေသည်။

ထိုခဏ အတွင်းမှာပင် ဆရာသခင် ကျန်းရော့ရွှီး၏ မျက်လုံးများ ပွင့်လာလေသည်။ ကျောက်ပလ္လင်မှ ရေခဲထုကြီးမှာ တဖြည်းဖြည်း အရည် ပျော်သွားလေသည်။ ကျန်းရော့ရွှီး၏ အသက်အရွယ်မှာ သုံးဆယ်ခန့်ဟုသာ ထင်ရသည်။ သူ၏ ဆံပင်များနှင့် မုတ်ဆိတ်မွေး များမှာ အနက်ရောင် ဖြစ်နေပြီး ကျန်းကျန်းမာမာ ရှိနေသည့် လူတစ်ယောက်နှင့် မခြားပေ။

သူဝတ်ဆင်ထားသည့် ရွှေရောင်နှင့် ခရမ်းရောင် စပ်ထားသည့် တာအိုဝတ်ရုံမှာ အနည်းငယ် ပွယောင်း နေသယောင် ထင်ရသည်။ ထိုသို့ဖြစ်ရသည်မှာ ဆရာသခင် ပိန်သွားသောကြောင့် ဖြစ်လေသည်။

“ဒီကောင်စုတ်လေး ကတော့လေ … ”

ကျန်းရော့ရွှီး သက်ပြင်းချရင်း ပြောလိုက်သည်။

“တပည့် အသုံးမကျပါဘူး၊ ဆရာ့ကို စိတ်ပူစေခဲ့တယ်”

ဆန်းလျန် ပြောလိုက်လေသည်။

ကျန်းရော့ရွှီးက ခေါင်းခါယမ်း လိုက်ရင်း ခပ်ပါးပါး တစ်ချက် ပြုံးလိုက်သည်။

“မင်းက နောက်မျိုးဆက်မှာ အတော်ဆုံး တပည့်တွေထဲက တစ်ယောက်ပဲ၊ ကျုပ်လည်း မင်းအတွက် လုပ်ပေးလိုက်ရတာ ဘာမှ မရှိပါဘူးကွယ်၊ ကျုပ်လုပ်ပေးတာ ဆိုလို့ ဆရာတစ်ယောက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်လောက်ပါပဲ”

ဆရာသခင်က ပြောလိုက်လေသည်။

ကျန်းရော့ရွှီး၏ စကားများမှ ရင်ထဲက စကားများ ဖြစ်လေသည်။ သူက ဆန်းလျန်ကို ထူးခြားစွာ ဘာမှ သင်ပြ မပေးလိုက်ရပေ။ ထို့ပြင် တာအို ကျင့်စဉ်လမ်းမှာ စိုးရိမ်ဖွယ်ရာ ရှိသည့်တိုင် ဆန်းလျန်က သူ့လမ်းသူ လျှောက်ခဲ့ရသူ ဖြစ်လေသည်။ ဆန်းလျန်ရရှိခဲ့သည့် အောင်မြင်မှု များမှာ သူ၏ကံတရား၊ စိတ်နေစိတ်ထားနှင့် ဆုံးဖြတ်ချက် ခိုင်မာမှုများကြောင့်သာ ဖြစ်လေသည်။ ကျန်းရော့ရွှီးက သူ့ကို လမ်းညွှန်ပေးမှု အနည်းငယ် လုပ်ပေးရုံမျှဖြင့် ဆန်းလျန်က အများကြီး လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

“တကယ်တော့ မင်းကိုရော ကျန့်မေကိုရော ကျုပ်စောင့်နေခဲ့တာပါ၊ ကျန့်မေက ရောက်မလာတော့ဘူး ဆိုတော့ သူက ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ်ရာထူးကို မလိုချင်ဘူး ထင်ပါရဲ့၊ ဆန်းလျန်၊ မင်းကျုပ်နေရာကို ယူမလား၊ အရမ်းတော့ မတိုက်တွန်းချင်ပါဘူးကွယ်”

ဆရာသခင် ကျန်းရော့ရွှီးက ခန်းမဆောင် အပြင်ဘက်သို့ တစ်ချက် လှမ်းငေးရင်း ပြောလိုက်လေသည်။

ဆန်းလျန် ရင်ထဲတွင် တစ်ချက် လှုပ်ရှား သွားလေသည်။ ချန်ကျန့်မေ ပြန်မလာသည့် အကြောင်းအရင်းကို သူနားလည် သွားရသည်။ ချန်ကျန့်မေသည် ဆရာသခင် ကျန်းရော့ရွှီးအတွက် ဆရာဦးလေး ယန်ရွှီးကို ထက်ထက်သန်သန်ဖြင့်ပင် တိုက်ခိုက်ခဲ့သူ ဖြစ်လေသည်။ သို့သော် သူက ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ရာထူးကို လိုချင်ခဲ့ပုံ မပေါ်ပေ။ ချန်ကျန့်မေသာ ဆန္ဒရှိမည် ဆိုလျှင် ဂိုဏ်းချုပ် ရာထူးသည် သူနှင့် အသင့်တော်ဆုံး ဖြစ်လေသည်။

ချန်ကျန့်မေက အခွင့်အရေး အရှိဆုံး ဆက်ခံသူ တစ်ယောက် ဖြစ်သည့်တိုင် သူက သူ့အခွင့်အရေးကို လက်လွှတ် ခဲ့လေပြီ။

“ဆန်းလျန် လက်ခံပါ့မယ် ဆရာ”

တစ်ချက်မျှ တုံ့ဆိုင်း နေပြီးမှ ဆန်းလျန် အဖြေ ပေးလိုက်သည်။

သူသဘောတူလိုက်ရသည့် အဓိက အကြောင်းအရင်းမှာ ဆရာသခင် ကျန်းရော့ရွှီး၏ တောင်းဆိုမှုကို မငြင်းပယ် ရက်သောကြောင့် ဖြစ်လေသည်။

ဂိုဏ်းချုပ် ရာထူးအတွက် ဆန်းလျန် ငြင်းမည် ဆိုလျှင် အကြောင်းပြချက်များစွာ ရှိလေသည်။ ထို့ပြင် သူကလည်း ဂိုဏ်းချုပ်ရာထူးနှင့် သင့်တော်သည့် သူတစ်ယောက် မဟုတ်ပေ။

သို့သော် အကြောင်းပြချက် မျိုးစုံပေးပြီး ဆရာသခင်၏ တောင်းဆိုမှုကို မငြင်းပယ် ရက်နိုင်ပေ။ ထိုအချက် တစ်ချက်တည်းဖြင့်ပင် ဆန်းလျန် ခေါင်းညိတ်ခဲ့ခြင်း ဖြစ်လေသည်။ ဂိုဏ်းချုပ်အဖြစ် တာဝန် ယူရမှုသည် မည်မျှပင် ခက်ခဲပါစေ သူအကောင်းဆုံး ကြိုးစားမည်ဟု ဆုံးဖြတ် လိုက်လေသည်။

ဆရာသခင် ကျန်းရော့ရွှီး၏ မျက်ဝန်းများ တစ်ချက် တောက်ပသွားသလို ထိုမျက်ဝန်းထဲတွင် အဓိပ္ပာယ် များစွာ ဖြတ်ပြေး သွားလေသည်။

“မင်းဟာ တခြားသူတွေနဲ့ မတူဘူးပဲ”

ဆရာသခင် ကျန်းရော့ရွှီးက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်လေသည်။

အစပိုင်း အချိန်တုန်းက ဆန်းလျန်ကို ယန်ရွှီးနှင့် ဆင်တူသည်ဟု ဆရာသခင်က မှတ်ချက် ချခဲ့မိလေသည်။ သူတို့ နှစ်ယောက်လုံးမှာ အရည်အချင်း ရှိပြီး ကျင့်စဉ် လမ်းတစ်လမ်းတည်းကိုသာ စိတ်ဝင်စားသည့် တစ်လမ်း သွားများလည်း မဟုတ်ကြပေ။ ထာဝရ ရှင်သန်ခြင်းနှင့် တန်ခိုးစွမ်းအားကို ရယူလိုခြင်းများကို သူတို့ နှစ်ယောက်လုံး၏ မျက်ဝန်းထဲတွင် မြင်တွေ့ ရလေသည်။

ဆန်းလျန်က ဇွဲကြီးသူ တစ်ယောက် ဖြစ်သော်လည်း တစ်သမတ်တည်း သွားသူတစ်ယောက် မဟုတ်ပေ။ ထိုအချက်က ဆန်းလျန်ကို ချန်ကျန့်မေနှင့် မတူဘဲ ကွဲပြား သွားစေလေသည်။ ထိုအချက်ကိုပင် ဆရာသခင် ကျန်းရော့ရွှီးကလည်း စိတ်ပူခဲ့ခြင်း ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် ကျင့်စဉ်လမ်းတွင် စိတ်ထား ရှင်းလင်းခြင်း မရှိလျှင် ထိပ်ဆုံးသို့ ရောက်ရန် ခက်ခဲနိုင်လေသည်။ ယန်ရွှီးမှာ ဆန်းလျန်နှင့် တူလေသည်။ သို့သော် သူတို့နှစ်ယောက်၏ အခြေခံသဘော သဘာဝကတော့ တူညီခြင်း မရှိပါ။ ဆန်းလျန်က ဘဝနှင့်ပတ်သက်ပြီး စိတ်ခံစားချက် များလွန်းပြီး ယန်ရွှီးကတော့ ဘဝကို ကစားပွဲ တစ်ခုပမာ သဘောထားသူ ဖြစ်လေသည်။

“တကယ်တော့ လူတိုင်းက တစ်ယောက် တစ်မျိုးစီပါပဲ၊ ကျွန်တော် မစွန့်လွှတ်နိုင်တဲ့ ကိစ္စတွေ အများကြီးပါပဲ၊ ဒါပေမဲ့ ကျွန်တော် စွန့်လွှတ်မယ်လို့လည်း တစ်ခါမှ မတွေးခဲ့မိပါဘူး၊ ကျွန်တော်က ကျွန်တော်ပဲ မဟုတ်လား”

ဆန်းလျန် ပြန်ပြော လိုက်လေသည်။

သူက ဆရာသခင် ကျန်းရော့ရွှီးကို ပြောလိုက်သလို သူ့ကိုယ်သူလည်း ပြောလိုက်ခြင်း ဖြစ်လေသည်။ သူက ကျင့်စဉ်လမ်းတွင် တစ်သမတ်တည်း လျှောက်လှမ်းလိုခြင်း မရှိလျှင်လည်း ဒီအတိုင်း စီးမျောသွားရုံသာ ရှိလေသည်။

“ချင်းရွှမ်က ကျင့်စဉ်လမ်းမှာ ရုပ်ခန္ဓာထက် စိတ်ဝိညာဉ်ကို ပိုပြီး ဦးစားပေးတယ်၊ မင်းကို ကျုပ်အတင်း မပြောင်းလဲ စေချင်ပါဘူး၊ ဂိုဏ်းချုပ် တစ်ယောက် ဘာလုပ်ရမယ် ဆိုတာကိုတော့ မင်းကို သင်ပေးဖို့ မလိုဘူးလို့ ကျုပ်ထင်တယ်၊ ဘာလို့လဲ ဆိုတော့ မင်းတဖြည်းဖြည်းနဲ့ အတွေ့အကြုံ ရသွားလိမ့်မယ်၊ ခုတော့ ဂိုဏ်းချုပ်ရဲ့ တံဆိပ်တော်ကို မင်းကို လွှဲပေး လိုက်တော့မယ်”

ဆရာသခင် ကျန်းရော့ရွှီးက တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေသည်။

သူပြောစရာ စကားများကို ပြောခဲ့ပြီးပြီ ဖြစ်လေသည်။ သာမန် လူသားများလို အလွမ်းသယ်နေ၍ မသင့်တော်လှပေ။ ချန်ကျန့်မေကို လုပ်ပေးသကဲ့သို့ပင် ဆရာသခင်က ဆန်းလျန်၏ ဆံပင်များကို ဘေးသို့ အသာ သပ်တင် ပေးလိုက်ပြီး မျက်ခုံးနှစ်ခု ကြားသို့ လက်နှစ်ချောင်းဖြင့် ညွှန်လိုက်လေသည်။

ထျန်းတိကျန်း ကြေးမုံမှန် ပေါ်ထွက်လာပြီး ငွေရောင် အလင်းတန်းလေးက ဆန်းလျန်ကို လှည့်ပတ် သွားလေသည်။ လောက တစ်ခုလုံး၏ သတင်း အချက်အလက်များနှင့် လျှို့ဝှက်ချက် များသည် ဆန်းလျန်၏ နှလုံးသားထဲသို့ စီးဝင် သွားလေသည်။ ရောရှီလေးကို ခေါ်ဆောင်သွားသည့် သူများမှာ ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်များ ဖြစ်သည်ကိုပါ သိရှိ လိုက်ရလေသည်။

ထျန်းတိကျန်းထံမှ ဆန်းလျန် မသိသည့် များစွာသော အချက်အလက်များသည် ဆန်းလျန်၏ နှလုံးသားထဲသို့ စီးဝင် လာလေသည်။ အကြောင်းအရာများမှာ များလွန်းသည့် အတွက် ဆန်းလျန်မှာ ကိုယ်နှင့် ဆိုင်သည် များကိုသာ စစ်ထုတ်ပြီး ခေါင်းထဲ ထည့်နေရလေသည်။

ဤသည်မှာ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူမည့်သူနှင့် ထျန်းတိကျန်းတို့ တစ်သားတည်း ကျအောင် ပေါင်းစပ်သွားသည့် ဖြစ်စဉ်ပင် ဖြစ်လေသည်။ ထို့ပြင် ထို ရတနာပစ္စည်း ထျန်းတိကျန်းကို အခြားသူများ အသုံးပြုမည် ဆိုပါက ဂိုဏ်းချုပ်၏ ခွင့်ပြုချက် ပေးမှသာ ရမည် ဖြစ်လေသည်။

“မိုးကောင်းကင်မှာ ပိုင်ယွီကျင်း ဆိုတာ ရှိတယ် … ခွင်လွင်တောင်မှာ မြို့တော်ငါးခုနဲ့ နေရာ ဆယ့်နှစ်ခု ရှိတယ် နတ်ဘုရားတွေက ကျုပ်ခေါင်းကို ထိတွေ့ပြီး ထာဝရ အသက်ရှင်ခြင်း လျှို့ဝှက်ချက်ကို လက်ဆင့် ကမ်းပေးပါတယ်”

ဆရာသခင် ကျန်းရော့ရွှီးမှာ နတ်ဘုရား တစ်ပါး မဟုတ်သည့်တိုင် ထာဝရ အသက်ရှင်ခြင်း တရားအလင်းကို ဆန်းလျန်ကို လက်ဆင့်ကမ်း ပေးနိုင်လေသည်။ ဆန်းလျန် စိတ်မကောင်း ဖြစ်မိသည်မှာ ဆရာသခင် ဒဏ်ရာ သက်သာ ပျောက်ကင်းအောင် သူလုပ်မပေးနိုင်သည့် အတွက် ဖြစ်လေသည်။ သူက ဂိုဏ်းချုပ် နေရာကို ယူခဲ့သည့်တိုင်အောင် သူ့အတွက် အရေးမပါလှပေ။

ထို့ပြင် ဂိုဏ်းချုပ်ရာထူး ဆိုသည်က ကောင်းသည့် အလုပ် မဟုတ်ပေ။ မကောင်းသည့်အပြင် ဆိုးပင် ဆိုးသေးသည်။ ဆရာသခင် ကျန်းရော့ရွှီးအတွက် နောက်ဆုံးအနေဖြင့် တပည့်ကောင်း တစ်ယောက် ပီသချင်သည့် ဆန္ဒဖြင့်သာ ဆန်းလျန်က လက်ခံပေးခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ မျက်ခုံးနှစ်ခု ကြားတွင် အနီရောင် သင်္ကေတတစ်ခု ပေါ်လာလေသည်။ ဆန်းလျန်ကို ဂိုဏ်းချုပ် အဖြစ် အသိအမှတ်ပြုသည့် သင်္ကေတပင် ဖြစ်လေသည်။

ဆန်းလျန်က ထိုသင်္ကေတကို ဖျက်မပစ်ပါ။ ထိုအတိုင်းပင် ထားလိုက် လေသည်။

ထျန်းတိကျန်းသည် ဆန်းလျန်၏ ရင်ခွင်ထဲသို့ သက်ဆင်း လာလေသည်။

ဆရာသခင်ကျန်းရော့ရွှီးမှာ ဖြူဖပ်ဖြူရော်ဖြင့် အားနည်းနေပုံ ရသည်။ သို့သော် သူ့ကို ကြည့်ရသည်မှာ စိတ်ကျေနပ် နေပုံလည်း ရလေသည်။

ဆန်းလျန်၏ ဝိညာဉ်စွမ်းအားမှာ ကြီးမား လွန်းလေသည်။ ထို့ပြင် ဟိုင်သန်း အဆင့်လည်း အောင်မြင်ခဲ့ပြီ ဖြစ်သဖြင့် တာဝန် လွှဲပြောင်းခြင်း ဖြစ်စဉ်မှာ ဆန်းလျန်ကို များစွာ သက်ရောက်ခြင်း မရှိပါ။

ယခုတော့ ဆန်းလျန်သည် မိုးနှင့်မြေတွင် လှည့်လည် သွားလာနိုင်ပြီ ဖြစ်သလို ချင်းရွှမ် နတ်တံခါး၏ တာဝန်များဖြင့်လည်း ခြေချုပ်မိပြီလည်း ဖြစ်လေသည်။ သို့သော် ဆရာသခင် ကျန်းရော့ရွှီးတွင်လည်း ရွေးခြယ်စရာ မရှိပါ။ ထို့ပြင် ဆန်းလျန်မှာလည်း ချင်းရွှမ် နတ်တံခါးအတွက် တတ်နိုင်သမျှ ပေးဆပ် သင့်သည်ဟု ခံစား နေရလေသည်။

ကျင်းချင်းနှင့် ကူးချိုင်ဝေ့တို့ ခန်းမထဲသို့ ဝင်လာ ကြသည်။

“ချိုင်ဝေ့၊ ခေါင်းလောင်း တီးလိုက်”

ဆရာသခင် ကျန်းရော့ရွှီးက ကူးချိုင်ဝေ့ကို ပြောလိုက်သည်။

“ဘယ်နှစ်ကြိမ် တီးရမှာလဲ ဆရာ”

ကူးချိုင်ဝေ့က မေးလိုက်သည်။

“ကိုးချက် … ”

အလွန် အားနည်း နေသည့်တိုင် ဆရာသခင် ကျန်းရော့ရွှီးက ပြတ်သားစွာဖြင့် ပြောလိုက်သည်။

ကူးချိုင်ဝေ့ တစ်ချက် တုံ့ဆိုင်းသွားပြီးမှ ထွက်ခွာ သွားလေသည်။

ချန်ကျန့်မေ ဟိုင်သန်းအဆင့် တက်ရောက်ပွဲတုန်းက ကဲ့သို့ ခေါင်းလောင်းသံများ ထွက်ပေါ် လာလေသည်။

သို့သော် ဟိုင်သန်းအဆင့် တက်ရောက်သူ တပည့်အတွက် ခေါင်းလောင်း ခုနစ်ချက် တီးခတ်ရပြီး ဂိုဏ်းချုပ်နေရာ ဆက်ခံခြင်း အတွက် ခေါင်းလောင်းရှစ်ချက် တီးခတ်ရလေသည်။ သို့သော် ခေါင်းလောင်း ကိုးချက် တီးခတ်ခြင်းမှာ လောကနတ်ဘုရား တစ်ပါးဖြစ်မှပင် တီးခတ်ရခြင်း ဖြစ်လေသည်။ ဂိုဏ်း၏ ဆရာ ဘိုးဘိုးကိုယ်တိုင် လူ့လောကသို့ ကြွချီလာပါက ခေါင်းလောင်း လေးဆယ့်ကိုးချက် တီးရလေသည်။ ထိုသို့ တီးခတ်ခြင်းမှာ အမြင့်ဆုံး ဂုဏ်ပြုခြင်း ဖြစ်လေသည်။

ဆရာသခင် ကျန်းရော့ရွှီးက ခေါင်းလောင်းကိုးချက် တီးခတ် ခိုင်းသည်ကို ဆန်းလျန်လည်း နားမလည်နိုင် ဖြစ်သွားရလေသည်။

“မင်း တရားအလင်း သိမြင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်သွားတဲ့အထိ ကျုပ်က မစောင့် နိုင်တော့ဘူးလေ၊ ဒါကြောင့် မင်းကို ကြိုပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ခေါင်းလောင်းကိုးချက် တီးခတ် ခိုင်းလိုက်တာ၊ ဒီလောက် နှစ်ပေါင်းများစွာ ဂိုဏ်းချုပ် လုပ်လာတာ တစ်ခါလောက်တော့ မဟုတ်တာလေး လုပ်လိုက်ဦးမှပေါ့”

ကျန်းရော့ရွှီးက ရယ်မောရင်း ပြောလိုက်လေသည်။

ဆန်းလျန်မှာ စိတ်သက်သာရာ ရသွားသည့်တိုင် ဘာပြောရမှန်း မသိပင် ဖြစ်သွားရလေသည်။ ခေါင်းလောင်းသံ ကိုးချက်ကြားသည်နှင့် ထိုက်ယီတောင်ထိပ်သို့ အခြားသော တောင်ထိပ်များမှ အလင်းတန်းများ တစ်ဖွဲဖွဲ ကျရောက်လာကာ တပည့်များနှင့် ဆရာသခင်များ ရောက်ရှိ လာကြ လေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset