Switch Mode

အခန်း (၁၈၀)

သူ့ကိုဘယ်မှာမှရှာမတွေ့နိုင်တော့

ချင်းရှောင်း နတ်သမီး၏ ဓားဝိညာဉ် ပျောက်ကွယ် သွားပြီးနောက် အဝါရောင် ဝတ်ဆင်ထားသည့် ထားသည့် တာအိုဆရာ တစ်ပါး ပေါ်လာလေသည်။ ထိုသူ၏ ရင်ပတ်ပေါ်ရှိ ဝတ်ရုံစတွင် ပါးကွပုံသဏ္ဌာန် ရေးထိုး ထားလေသည်။ သူက ချင်းရှောင်းနတ်သမီး ပျောက်ကွယ် သွားသည့် နေရာသို့ ကြည့်နေရင်း ပြုံးလိုက်လေသည်။

ချင်းရှောင်း နတ်သမီးက ကွမ်းချင်းနတ်ဘုရား တစ်ဂိုဏ်းလုံးကို သုတ်သင် ပစ်မယ်ဟု ပြောသွားသည့်တိုင် သူက ဂရုမစိုက်ပါ။ အဘယ်ကြောင့် ဆိုသော် ရှန်ဆန်းကျန်းရန် လုကျိုးယွမ်ကဲ့သို့ အဆင့် ရောက်မှာသာ တစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်ရန် ဖြစ်နိုင်မည် ဖြစ်သောကြောင့်ပင်။

ချင်းရှောင်း နတ်သမီးသည် အမှန်ပင် တန်ခိုးစွမ်းအား ကြီးမားလွန်းပါသည်။ သူနှစ်ပေါင်း ငါးဆယ် မရပ်မနား လေ့ကျင့်ထားသည့် ပညာဖြင့် ချင်းရှောင်း နတ်သမီးကို အငိုက်ဖမ်းကာ တိုက်ခိုက် ခဲ့သည့်တိုင် လွယ်လွယ်နှင့်ပင် ထိုးဖောက် ထွက်သွား ခဲ့လေသည်။

အသက် နှစ်ချောင်းဖြင့် နှစ်ကြိမ်တိုင်တိုင် နတ်ဘုရား တစ်ပါးဖြစ်အောင် ကျင့်ကြံနိုင်ခဲ့သည့် ချင်းရှောင်း နတ်သမီးမှာ လေးစား လောက်ပေသည်။

နတ်ဘုရား အများစုမှာ လူပြန်ဝင်စားပြီးနောက် များစွာ ရုန်းကန် ကြရလေသည်။ အရင်ဘဝက ရရှိခဲ့သည့် အဆင့်သို့ ရောက်ရန် ခက်ခဲစွာ ပြန်လည် ကြိုးစား ကြရသည်။ သံသရာ လည်မိပြီး လူပြန်ဝင်စားသည့် ပထမဘဝတွင်သာ ကျင့်စဉ်လမ်းက လွယ်ကူခြင်း ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ယခင်ဘဝက နတ်ဘုရား ပါရမီက ကြွင်းကျန်နေသေးသောကြောင့် ဖြစ်သည်။

သို့သော် ထိုသို့ လူပြန်ဝင်စားသည့်သူ အများစုမှာ အတိတ်ဘဝကို မှတ်မိ နေတတ်ကြသည်က များလေသည်။ ထို့ကြောင့် ဖော့ဝမ့်အဆင့် တက်ရောက်သည့် အခါတွင် အရင်ဘဝမှ အတိတ် အကြောင်းအရာများက များစွာ အနှောင့်အယှက် ဖြစ်ရသည်။ များသော အားဖြင့် ဖော့ဝမ့်အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိကြတော့ပေ။ ထို့ကြောင့် ဟိုင်သန်းအဆင့်နှင့်ပင် ရပ်တန့်ပြီး အသက် သေဆုံး ကြရလေသည်။ နောက်တစ်ဘဝ လူပြန်ဝင်စားသည့် အခါတွင်တော့ ကျင့်စဉ်လမ်းသည် ပိုပြီး အချိန်ကြာကာ ခက်ခဲရလေသည်။ တစ်ဘဝပြီး တစ်ဘ၀ ကျင့်စဉ်လမ်းနှင့် ပိုပြီး အလှမ်း ဝေးသွား ရလေသည်။

နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ လူတိုင်းအတွက် ခက်ခဲလွန်းခြင်း မရှိပါ။ သို့သော် လူပြန်ဝင်စားသည့် သူများမှာတော့ လောကနတ်ဘုရား၊ ဝိညာဉ်နတ်ဘုရား၊ အဆင့်မြင့်နတ်ဘုရား၊ မိုးကောင်းကင် နတ်ဘုရား အဆင့်ဆင့် တက်ရောက်ရန် အတွက် ခက်ခဲရလေသည်။

မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဖြစ် နှစ်ပေါင်းထောင်ချီ နေထိုင်ပြီးမှ လူပြန်ဝင်စားမည် ဆိုလျှင်တော့ ထိုသို့ ခက်ခဲမှုများကို ကြုံတွေ့ရမည် မဟုတ်ပေ။ ထိုသူများ အတွက်တော့ ကျင့်စဉ်လမ်းက လွယ်ကူ ချောမွေ့နေပြီး ဖော့ဝမ့် အဆင့်မှာလည်း ခက်ခဲခြင်း ရှိနိုင်မည် မဟုတ်ပေ။

မိုးကောင်းကင် နတ်ဘုရား အများစု လူပြန်ဝင်စားသည် ဆိုသည်မှာ ကျင့်စဉ်လမ်းကြောင့် မဟုတ်ပေ။ အကြောင်းအကျိုးနှင့် ဆိုင်သည့် ကံတရားကြောင့်သာ ဖြစ်လေသည်။ လူအဖြစ် ပြန်လည် မွေးဖွားလာပြီး အရင်ဘဝကို မှတ်မိလေ့ မရှိကြပေ။ အသစ်သော လူတစ်ယောက် အဖြစ် ပြန်လည် မွေးဖွားလာခြင်း ဖြစ်လေသည်။

ဤသည်မှာ လောက နတ်ဘုရားနှင့် မိုးကောင်းကင် နတ်ဘုရားတို့၏ ခြားနားချက် ဖြစ်လေသည်။

လောကနတ်ဘုရား တစ်ပါးကို အနိုင်ယူရန်မှာ လွယ်ကူလေသည်။ သို့သော် သတ်ဖြတ်ရန်တော့ ခက်ခဲ လွန်းလေသည်။ သူတို့က သူတို့၏ အသက် အန္တရာယ်ကို နည်းလမ်းပေါင်း များစွာဖြင့် ကာကွယ် ထားတတ်ကြသည်။

ယနေ့ ချင်းရှောင်းကို အနည်းငယ် ဒဏ်ရာရအောင် တိုက်ခိုက် လိုက်ခြင်းက သိပ်မကြာမီ အချိန်တွင် ပြဿနာ ဖြစ်လာရန် မီးမွှေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် ချင်းရှောင်းကဲ့သို့ နတ်မိမယ် တစ်ပါးကို အလစ်ချောင်း တိုက်ခိုက်နိုင်ရန် အတွက် နောက်တစ်ကြိမ် အခွင့်အရေး ရရှိရန်မှာလည်း သိပ်ပြီး မလွယ်လှပေ။ ယခု အကြိမ်တွင်လည်း တာအိုဆရာ တုန်းဖုန်းက အသေးစိတ် စီစဉ်ပြီးမှ တိုက်ခိုက်ခြင်း ဖြစ်လေသည်။ သို့သော် ချင်းရှောင်း နတ်သမီးမှာ လွတ်မြောက် သွားခဲ့လေပြီ။

တာအိုဆရာတုန်းဖုန်းက လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ပေတစ်ထောင် မြင့်သည့် တောင်ကြီးမှာ အလင်းတန်း တစ်ခု အသွင်ပြောင်းပြီး သူ၏ အင်္ကျီလက်ထဲသို့ ဝင်သွားလေသည်။ သဲကန္တာရထဲတွင် အပေါက်ကြီး တစ်ပေါက် ထင်ကျန်ခဲ့လေသည်။

တာအိုဆရာတုန်းဖုန်းက ထိုအပေါက်ကြီးကို ဂရုမစိုက်ပါ။ သူ၏ခြေဖဝါးအောက်တွင် တိမ်တိုက်တစ်ခုပေါ်လာပြီး လေထဲသို့ပျံတက်ကာ ထိုက်ချန်းတောင်သို့ ပြန်သွားလေတော့သည်။

သဲကန္တာရထဲတွင် ခြေထောက်တစ်ချောင်း ရှိသည့် ရေမြွေလေး တစ်ကောင် ရှိနေလေသည်။ ထိုရေမြွေလေး၏ မျက်ဝန်းများက သွေးရောင် လွှမ်းနေသည်။ ထိုရေမြွေလေးမှာ တံလျှပ်မှော်မိစ္ဆာ ဖြစ်လေသည်။ အခြားသော တံလျှပ် မှော်မိစ္ဆာများနှင့် သူ့ပုံသဏ္ဌာန်က သိပ်ပြီး ကွဲပြားခြင်း မရှိပါ။

ရုတ်တရက် …

နတ်ဘုရား ဝိညာဉ် စွမ်းအားများသည် ထိုသတ္တဝါလေးထံတွင် စုစည်း သွားလေသည်။ ထိုဝိညာဉ် စွမ်းအားများက တံလျှပ်မှော်မိစ္ဆာ၏ စွမ်းအားများကို စုပ်ယူလိုက်သည်။

ထို့နောက် တံလျှပ်မှော်မိစ္ဆာမှာ တစ်ချက် တွန့်သွားပြီး လူတစ်ယောက်အသွင် ပေါ်ထွက် လာလေသည်။ ထိုလူမှာ ယန်ရွှီးပင် ဖြစ်လေသည်။ ယန်ရွှီးမှာ သူ၏ ခန္ဓာကိုယ် အသစ်ကို သဘောကျပုံ မပေါ်ပေ။ သို့သော် မတတ်သာဘဲ သဲကန္တာရထဲမှ တိတ်တဆိတ် ထွက်ခွာ သွားလေတော့သည်။ အရုဏ် တက်ပြီ ဖြစ်လေသည်။

နေရောင်က ယန်ရွှီး၏ မျက်နှာထက်သို့ ဖြာကျနေသည်။ ယန်ရွှီး၏ နှုတ်ခမ်းများက ကွေးညွှတ် နေလေသည်။ သူက ပြုံးနေခြင်း ဖြစ်လေသည်။ သူ၏ စွမ်းအားများ ကျဆင်းနေသည့်တိုင် မျက်ဝန်းများကာ ကြည်လင် နေလေသည်။ တံလျှပ် မှော်မိစ္ဆာငယ်လေး တစ်ကောင်ကို သူ့လက်ထဲတွင် လှည့်ရင်း ကစား နေလေသည်။ ထို့နောက် ယန်ရွှီးက လျှာထုတ်လိုက်ပြီး ထို မှော်မိစ္ဆာလေးကို စားတော့မည့် ဟန်ပြင်လိုက်တော့ ထိုတံလျှပ် မှော်မိစ္ဆာလေးက ကြောက်လန့်တကြား ကာကွယ် လိုက်လေသည်။

ယန်ရွှီးက ရယ်မောလိုက်ရင်း ပြောလိုက်သည်။

“ခုချိန်ကစပြီး ဆရာဒေါ်လေး လိုက်သတ်မှာကို မပူရတော့ဘူး၊ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက တပည့်သစ် ခေါ်တော့မယ်၊ ငါဝင်ရွေးခြယ် ခံပြီးရင် ဆရာတစ်ဆူ ဖြစ်လာအောင် ကျင့်ကြံရမယ်”

ထို့နောက် သူက တံလျှပ် မှော်မိစ္ဆာလေးကို တစ်ချက် ပွတ်သပ်လိုက်ရင်း …

“ထိုက်ယွဲ့ သဏ္ဌာန်မှန် ပညာက အစွမ်းထက်ပေမဲ့ ငါတော့ သိပ်မကြိုက်လှပါဘူး၊ မင်းဘယ်လို ထင်လဲ၊ ကျုပ် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ ပညာသင် သင့်သလား”

ဟု မေးလိုက် လေသည်။ မိစ္ဆာငယ်လေးမှာ မည်သို့ အဖြေပေးရမှန်း မသိပေ။ သူက ယန်ရွှီး၏ ကြည်လင်သည့် မျက်ဝန်းများကိုသာ ငေးမော ကြည့်နေလေသည်။ ထိုမျက်ဝန်းများမှာ မွေးကာစ ကလေးငယ် တစ်ယောက်၏ မျက်ဝန်းများနှင့် တူညီ လေသည်။

ယန်ရွှီးက ဆက်လက် လမ်းလျှောက် နေလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အဝတ်မပါ ဗလာ ဖြစ်နေလေသည်။ သို့သော် သူက ရှက်ကြောက်နေခြင်း မရှိပါ။ မိုးနှင့်မြေကို သူ၏ ဝတ်ရုံပမာ သဘော ထားလိုက်လေသည်။

ချင်းရွှမ် နတ်တံခါးသို့ ပြန်လည် ခြေချမိသည်နှင့် ဆန်းလျန်၏ ရင်ထဲတွင် အထီးကျန်ဆန်သည့် ခံစားချက်များ ပေါ်ထွက် လာလေသည်။

ချင်းရွှမ်နတ်တံခါး တိတ်ဆိတ် ငြိမ်သက်နေလေသည်။ ဆန်းလျန် ရင်ထဲတွင်လည်း ဘာကြောင့်မှန်း မသိ ဝမ်းနည်း လာမိသည်။

ချင်းရွှမ်တောင်တွင် နှင်းများကျသည်ကို ဆန်းလျန် တစ်ခါမှ မမြင်ဖူးပေ။ သို့သော် ယခုတော့ တောင်တစ်ခွင်မှာ နှင်းများဖြင့် ဖုံးလွှမ်း နေလေသည်။ အဓိက တောင်ထိပ်ဖြစ်သည့် ထိုက်ယီတောင် တစ်ခုလုံးမှာ နှင်းများ ဖုံးလွှမ်းပြီး ဖွေးဖွေး လှုပ်နေလေသည်။

ကျင်းချင်းနှင့် ကူးချိုင်ဝေ့တို့က ချင်းရွှမ် ခန်းမဆောင်ရှေ့တွင် ရပ်နေလေသည်။

သူ၏ ဂိုဏ်းတူအစ်မသည် အရင်ကအတိုင်း မပြောင်းမလဲ သိမ်မွေ့စွာပင် ရှိနေလေသည်။ သို့သော် သူမမျက်နှာတွင် စိတ်ပျက် အားငယ်သည့် ပုံများ ပေါ်နေလေသည်။ အခြေအနေ သိပ်မကောင်းဟု ဆန်းလျ န်တွေးလိုက်မိသည်။

“ဂိုဏ်းတူအစ်မ၊ ဘာများ ဖြစ်လို့လဲ”

ကူးချိုင်ဝေ့က ဆန်းလျန်ကို ကြည့်လိုက်သည်။ ဆန်းလျန်မှာ တန်ခိုးစွမ်းအားများလည်း ပြည့်ဝလာသလို ရင့်ကျက် လာခဲ့ပြီ။ ဆန်းလျန်ကို ကြည့်ရင်း သူမမျက်ဝန်းတွင် မျက်ရည်များ ဝဲလာလေသည်။

သူမကို ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဖုံးကွယ် ထားပုံရလေသည်။ ဆန်းလျန်နှင့် မျက်လုံးများလည်း ဆင်တူသလို စိတ်ထားလည်း ဆင်တူသည့် လူတစ်ယောက်ကို သူမ သတိ ရနေမိသည်။

ဆရာသခင် ပိယွင်ကို စပြီး တွေ့ရသည့်နေ့က ခံစားချက်မျိုး ဖြစ်လေသည်။ အမှတ်တရ များသည် မနေ့က ကဲ့သို့ပင် ခံစားရလေသည်။ သို့သော် သူမ၏ မျက်ဝန်းများက ဆန်းလျန်၏ မျက်ဝန်းများကဲ့သို့ အသက်ဝင်ခြင်း မရှိလှပေ။

ဆရာသခင် ကျန်းရော့ရွှီး ပြောသည့် စကားမှာ မှန်လေသည်။ ဆန်းလျန်မှာ ဟိုင်သန်း အဆင့်ကို အလွန် လျင်မြန်စွာ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်လေသည်။

“အထဲကို ဝင်သွားနော်၊ ဆရာသခင်က မင်းကို စောင့်နေတယ်”

ကူးချိုင်ဝေ့က နူးညံ့စွာဖြင့် ပြောလိုက် လေသည်။ ကျင်းချင်း၏ ပါးစပ်ထဲတွင် မြက်လေး တစ်ပင်ကို ကိုက်ထားလေသည်။ သူက ဆန်းလျန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး အကြည့် လွှဲလိုက်ကာ အဝေးတစ်နေရာမှ နှင်းများကို ကြည့်နေလေသည်။ ထိုသို့နှင်းများ ကျဆင်း နေရခြင်းမှာ ဆရာသခင် ကျန်းရော့ရွှီးက ပြီးခဲ့သည့် မျိုးဆက်မှ ဆရာသခင်များ အသုံးပြုကြသည့် “ရေခဲအလင်း” ပညာကို အသုံးပြုကာ သူ့ကိုယ်သူ အေးခဲအောင် လုပ်ထားသောကြောင့် ဖြစ်လေသည်။ ထိုသို့ အေးခဲအောင် လုပ်ထားခြင်းဖြင့် သူ၏ အသက်ကို အနည်းငယ် ဆွဲဆန့် ထားနိုင်ပြီး ဆန်းလျန် ပြန်အလာကို စောင့်နေခဲ့ခြင်း ဖြစ်လေသည်။

ထိုရေခဲ အလင်း စွမ်းအားကြောင့် ချင်းရွှမ်တောင် တစ်ခုလုံးတွင် နှင်းများ ကျဆင်းနေရခြင်း ဖြစ်သည်။ မြွေများမှာ သွေးအေး သတ္တဝါ ဖြစ်သည့်တိုင် ထိုကဲ့သို့ နှင်းများ ကျဆင်းနေခြင်းကို ကျင်းချင်း အလွန် မုန်းတီးလေသည်။ ရာသီဥတု အေးသည့် အချိန်မျိုးတွင် သူက လုံးဝ မလှုပ်ချင်ပေ။ ဆောင်းခိုရမည့် ရာသီဥတုမျိုး ဖြစ်လေသည်။

ကျန်းရော့ရွှီးက ကျင်းချင်း မအီမလည် ဖြစ်နေသည်ကို သိသည့် အတွက် ဆန်းလျန် ပြန်လာသည်ကို ကြိုဆိုရန် ကူးချိုင်ဝေ့ကို အကူအညီ တောင်းထားခြင်း ဖြစ်လေသည်။

သို့သော် ကျင်းချင်းက ယခုအချိန်တွင် ဆောင်းခိုချင်စိတ် မရှိပါ။ သူက ကူးချိုင်ဝေ့နှင့်အတူ ဆန်းလျန်ကို စောင့်နေခဲ့လေသည်။ ထို့ပြင် သူက ယခုကဲ့သို့ ဆရာသခင် ကျန်းရော့ရွှီးက သူ့ကိုယ်သူ အေးခဲထားပြီး လောကမှ ထွက်ခွာရန် အသင့်ဖြစ်နေသည့် အချိန်တွင် ဆန်းလျန်ကိုလည်း ပြန်မလာ စေချင်မိပေ။

ကျင်းချင်းမှာ လူပေါင်းများစွာ သူ့ရှေ့တွင် သေဆုံး သွားကြသည်ကို မြင်တွေ့ နေရမြဲ ဖြစ်လေသည်။ သို့သော် ဆရာသခင် ကျန်းရော့ရွှီး သေဆုံးရမည် ကိုတော့ သူမခံစားနိုင်ပေ။

ကျင်းချင်းမှာ သွေးအေးသည့် မြွေသတ္တဝါ တစ်ကောင် ဖြစ်သည့်တိုင် လူအများကြားတွင် ကြီးပြင်းခဲ့ရသူ ဖြစ်လေသည်။ ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးမှာလည်း သူ့ကို မည်သည့်အခါမှ တိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဆက်ဆံခဲ့ပေ။ သူငယ်ချင်း တစ်ယောက်လို အမြဲတမ်း ခင်မင်ခဲ့လေသည်။ ထို့ကြောင့် ကျင်းချင်းမှာ ခံစားနေရခြင်း ဖြစ်လေသည်။

ကျင်းချင်းဘာတွေ စဉ်းစားနေသလဲ ဆန်းလျန် မသိပါ။ သို့သော် ကျင်းချင်း၏ ပုံစံကြောင့် သူ့ရင်ထဲ လေးလံ သွားရသည်။

သူရင်မဆိုင်ချင်သည့် ကိစ္စတစ်ခုကို ရင်ဆိုင် ရတော့မည်လား။

သူ့အပေါ်တွင် အလွန်မှ ကောင်းခဲ့သည့် ဆရာသခင် ကျန်းရော့ရွှီးသည် ကြွေလွင့်ရတော့မည့် အချိန်သို့ ရောက်နေပြီလား ဟု ဆန်းလျန် ကြေကွဲစွာဖြင့် တွေးလိုက်မိလေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset